အပိုင်း(၁၈၈၄)

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ

ရီဖူရှင်းက အင်ပါယာဟယ်လျန်ကို ကြည့်၍ ပြုံးကာ မေးလိုက်သည်။ “စီနီယာဟယ်လျန်.. ကျုပ်ကို လျှို့ဝှက်မနေပါနဲ့တော့။ သိချင်လွန်းလို့ သေရတော့မှာပဲ။”

အင်ပါယာဟယ်လျန်က ပြုံးလိုက်၏။ ထို့နောက် ပြောလိုက်သည်။ “ဒါဆိုလည်း ကောင်းပြီလေ။ အိမ်တော်သခင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအကြောင်း ကြားဖူးလား။”

ရီဖူရှင်းက ခေါင်းခါလိုက်သည်။ သူက ထိုနေရာအကြောင်းကို ယခင်က မကြားဖူးပေ။

“တုန်းဟွာပိုင်နက်အတွင်းမှာရှိတဲ့ မရေတွက်နိုင်တဲ့ ကုန်းမြေတွေကြားမှာ တချို့ကုန်းမြေတွေက ထိပ်တန်းအဆင့်စွမ်းအားရှိတဲ့ ကုန်းမြေတွေအပြင် အံ့သြစရာတွေနဲ့ ပြည့်နေတဲ့ ကုန်းမြေတွေလည်း ရှိတယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဖန်းလိုင်ကုန်းမြေပေါ်မှာ တည်ရှိပြီး ကျုပ်တို့ ရှိ​နေတဲ့ နေရာထက် ပိုသာတဲ့နေရာတစ်ခုပေါ့။” အင်ပါယာဟယ်လျန်က ရီဖူရှင်းကို ရှင်းပြလိုက်သည်။

သူတို့သည် ပြင်ပလောကကြီးအကြောင်း အနည်းငယ်မျှသာ သိရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ တည်ရှိမှုကိုပင် မသိချေ။

ဤမကောင်းဆိုးဝါးဆန်သော ပါရမီရှင်က မည်သည့်နေရာမှ လာခဲ့သနည်း။

“ဖန်းလိုင်ကုန်းမြေလား” ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ တုံ့ယွမ်အိမ်တော်တည်ရှိရာ ကုန်းမြေက အမည်ပင် မရှိပေ။ အရှေ့ဘက် ကောင်းကင်ဒေသတွင် ကုန်းမြေပေါင်းများစွာ ရှိလေရာ အမည်မရှိသည့် ကုန်းမြေများလည်း တည်ရှိပေသည်။

အရှေ့ဘက်ကောင်းကင်ဒေသတစ်ခုလုံးတွင် သေးငယ်လှသည့် ကုန်းမြေများကို အမည်ပေးနေရန် မလိုအပ်ပေ။

“အင်း” အင်ပါယာဟယ်လျန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဖန်းလိုင်ကုန်းမြေကို ပထဝီဝင်အနေအထားအရ ကုန်းမြေပေါင်းထောင်ချီက ဝန်းရံထားတယ်။ အဲဒါကြောင့် အရမ်း ထင်ရှားကျော်ကြားတယ်။ အဲဒီကုန်းမြေမှာ အရမ်းသန်မာတဲ့ အင်အားစုတွေ နေထိုင်ကြတယ်။ ကျုပ်တို့ ဟယ်လျန်တော်ဝင်မိသားစုလိုမျိုး မဟုတ်ဘဲ နဝမဆင့်ရန်ဟောင်တွေ ဦးဆောင်တဲ့ အင်အားစုကြီးတွေပဲ။”

“ဒါပေမယ့် ဖန်းလိုင်ကုန်းမြေ ကျော်ကြားရတဲ့အကြောင်းရင်းက အဲဒီထိပ်သီးအင်အားစုတွေ တည်ရှိမှုကြောင့် မဟုတ်ဘဲ အရှေနတ်ဘုရားကျွန်းစုနယ်မြေ တည်ရှိမှုကြောင့်ပဲ။ ဒီကျွန်းရဲ့ ပိုင်ရှင်က အရမ်းအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ ကျင့်ကြံဆင့်က ဧကရာဇ်အဆင့်ကို ရောက်နေပြီလို့ ပြောကြတယ်။ လူအများက သူ့ကို တုံ့လိုင်နတ်ဘုရားအကြီးအကဲလို့ ပြောကြတယ်။ သူက ဆေးဖော်စပ်တဲ့ ဆရာသခင်တစ်ယောက်ပဲ။ ဆေးဖော်စပ်တဲ့သူတွေက ကျင့်ကြံခြင်းလောကမှာ ရှားပါးလွန်းတယ်။ သူတို့က ပန်းပဲဆရာသခင်တွေထက်တောင် ရှားသေးတယ်။ အဲဒါက ကျင့်ကြံသူတွေရဲ့ ဒြပ်စင်သဘာဝတွေနဲ့ သက်ဆိုင်လိမ့်မယ်။ ဒါကြောင့်ပဲ အဲဒီအချိန်တုန်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲက အရမ်းကျော်ကြားတယ်။ ဆေးဖော်စပ်ပေးဖို့ သူ့ကို တောင်းဆိုတဲ့သူတွေက ဘယ်လောက်တောင် များလိုက်သလဲ ရေတွက်လို့တောင် မရဘူး။ ဒါပေမယ့်လည်း အဲဒါကြောင့်ပဲ သူ့မှာ အင်အားကြီးတဲ့ ရန်သူတချို့ ရှိပြီး အသတ်ခံခဲ့ရတယ်။”

အင်ပါယာဟယ်လျန်က ဆက်ကာ ပြောလိုက်သည်။ “အဲဒါပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူအများရဲ့ ရှေ့ကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တယ်။ အရှင်ဒွန်ဟောင်က ကောင်းကင်​ဒေသကို စုစည်းပြီးတဲ့အခါမှသာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ပြန်လည်ပေါ်ထွက်လာခဲ့တယ်။ ဆယ်စုနှစ်တစ်ခုကြာတိုင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေရဲ့ ကျင့်ကြံသူတွေက အနီးဝန်းကျင်မှာရှိတဲ့ ကုန်းမြေ မြို့တော်တွေဆီ ဖိတ်ကြားလေ့ရှိတယ်။ အဲဒီအခါကျရင် ကျင့်ကြံသူတွေက သူတို့ရဲ့ လမ်းစဥ်ကို ကျင့်ကြံဖို့အတွက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို သွားကြတယ်။ တိုက်ဆိုင်စွာနဲ့ပဲ သူတို့နောက်ဆုံး ဖိတ်စာပို့ခဲ့တာ ဆယ်နှစ်ရှိသွားပြီ။ အဲဒါကြောင့် ကျုပ်တို့က ဒီကို စောစောလာပြီး သူတို့ ရောက်လာမှာကို စောင့်မလို့။”

ရီဖူရှင်းက ​ခေါင်းညိတ်လိုက်သည်။ သို့ဆိုလျှင် သူတို့ရောက်လာခဲ့သည့်အကြောင်းက ထိုအကြောင်း​ကြောင့် ဖြစ်ပေသည်။ ကောင်းကင်ဒေသက ကျယ်ပြောပြီး အဆုံးမဲ့ကာ အမျိုးမျိုးသော သက်ရှိများနှင့် ပြည့်နေသည်။ သေချာပေါက်ပင် ထိုနေရာ၌ ထူးခြားသော ကျင့်ကြံသူများလည်း ရှိပေလိမ့်မည်။ ကောင်းကင်ဒေသ၏ ရှည်လျားလှသော သမိုင်းကြောင်းများအရ လွှမ်းမိုးနိုင်စွမ်းရှိသော ကျင့်ကြံသူအမြောက်အမြားရှိမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော နေရာမျိုး တည်ရှိမှုမှာ ဖြစ်နိုင်ချေအလွန်မြင့်ပြီး မမျှော်လင့်ထားသော အရာတော့ မဟုတ်ပေ။

“ဒါဆို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ ဘယ်လိုအခွင့်အရေးတွေ ရှိနိုင်လဲ။” ရီဖူရှင်းက မေးလိုက်သည်။ သူတို့က ထောင်ချီသော ကုန်းမြေမှ လူများကို ဖိတ်ကြားနိုင်သည်ဆိုလျှင် မဟာလမ်းစဥ်ကျင့်ကြံခြင်းအတွက် သေချာပေါက် ကောင်းမွနခသော အခွင့်အရေးများ ရှိနေနိုင်သည်။

“အခွင့်အရေးတွေကတော့ အများကြီးပ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အမွေအနှစ်တွေကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ကြတယ်။ ပြီးတော့ ဆေးဖော်စပ်သူ ဖန်းလိုင်နတ်ဘုရားအကြီးအကဲလည်း ရှိသေးတာကြောင့် ကျွန်းစုပေါ်မှာ မဟာလမ်းစဥ်ကို ကျင့်ကြံရင် ဉာဏ်အလင်းရနိုင်တဲ့ ဖြစ်နိုင်ချေ ပိုများတဲ့အပြင် ရတနာတွေ ရနိုင်တဲ့ အခွင့်အရေးလည်း ရှိသေးတယ်။ ဒါကြောင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဆယ်နှစ်နေတိုင်း တစ်ခါ ဖွင့်လှစ်တဲ့အခါ ဖန်းလိုင်ကုန်းမြေက ကြီးမှူးပြီး မဟာလမ်းစဥ်ကျင့်ကြံသူတွေအတွက် ပွဲတော်တွေ ကျင်းပပေးပြီး ကုန်သွယ်ဖလှယ်မှုတွေလည်း လုပ်ဆောင်ကြတယ်။” အင်ပါယာဟယ်လျန်က ဆက်ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဤကုန်းမြေ၏ အင်အားက သူ့အတွက် မကြီးမားသော်လည်း အနည်းဆုံးတော့ အဆင့်မြင့်ရန်ဟောင်များ ဦးဆောင်သော အင်အားစုများ ရှိနေသည့်အတွက်ကြောင့် မူလဘုံရှိ မဟာလမ်းစဥ်ဘုံသုံးထောင်မှ ဘုံအများစုထက် အားကောင်းသည်မှာ သေချာပေသည်။ သူက ဘုံကိုးဘုံတွင် ထိုသို့ မုန်တိုင်းထန်စေခဲ့ပြီး သူ၏ အမြင်များကို ပိုမို မြင့်မားသော အရာများပေါ်တွင်သာ အာရုံစိုက်ထားပြီး ကျင့်ကြံဆင့် မြင့်မားလာစေရန်သာ ဂရုထားသည့်အတွက် သူက ထိုသို့သော အခမ်းအနားမျိုးရှိသည်ကို သတိမပြုမိခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကုန်းမြေထောင်ချီမှ လူများ တက်ရောက်မည့် ထိုအခမ်းအနားက မည်မျှ ကြီးကျယ်မည်ကို သိချင်မိသည်။

ကောင်းကင်ဒေသသည် မူလဘုံထက် ပိုကျယ်ပြောပြီး ပို၍ ကျော်ကြားပေသည်။ ထိုနှစ်ခုက နှိုင်းယှဥ်၍ပင် မရပေ။

ထို့ပြင် သူသည် ထိပ်တန်းစွမ်းအားရှိသော မည်သည့် အင်အားစုနှင့်မှ အဆက်အသွယ်မလုပ်ရသေးပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ထိပ်သီးစာရင်းဝင်ပါသော်လည်း တုံ့လိုင်နတ်ဘုရားအကြီးအကဲ သေဆုံးပြီးနောက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ခွန်အားက မည်မျှ ရှိမည်ကို သိချင်မိပေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေက ဒီနေ့ ရောက်လာမှာလား။” ရီဖူရှင်းက မေးမြန်းလိုက်သည်။

“အင်း၊ သူတို့ မကြာခင်ရောက်မယ်ထင်တယ်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လူတွေက အမြဲတမ်း အချိန်တိကျကြတယ်။” အင်ပါယာဟယ်လျန်က ပြန်​ဖြေလိုက်သည်။

“အင်း။ ဒီနေ့ရဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အရမ်းကို အရင်းအမြစ်ကြွယ်ဝပုံရတယ်။” ရီဖူရှင်းက ညင်သာစွာ ပြောလိုက်သည်။ ထောင်ချီသော ကုန်းမြေများသို့ ကိုယ်စားလှယ်များ တစ်ချိန်တည်းစေလွှတ်နိုင်ခြင်းမှာ ထိုကျွန်းစု မည်မျှ အင်အားကြီးနေသနည်း။.

သူတို့က အာကာသခရီးသွားဝင်္ကပါကို အသုံးပြုသည်ဆိုလျှင်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကျွမ်းကျင်သူများ အများအပြားရှိနေသည်ဟု ယူဆနိုင်ဆဲပင် ​ဖြစ်သည်။

“အရင်နှစ်တွေတုန်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ကျင့်ကြံရေးမှာ အလားအလာမြင့်မားတဲ့သူတွေကို ကျွန်းပေါ်မှာ ကျင့်ကြံဖို့ ခေါ်ဆောင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်သုံးရာအတွင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အကြိမ်သုံးဆယ်ဖွင့်လှစ်ခဲ့ပြီး အင်အားကြီးလူအများကြီးကို ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီမှာက အရင်းအမြစ်တွေလည်း ပေါကြွယ်တယ်လေ။ ပြီးတော့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အပြင်လောကနဲ့ အဆက်အသွယ် လုပ်ခဲတာကြောင့် သူတို့ ဘယ်လောက်သန်မာတယ်ဆိုတာကို သိတဲ့လူ နည်းပါးတယ်။ တချို့လူတွေက တုံ့လိုင်နတ်ဘုရားအကြီးအကဲ မရှိတော့ပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အပြည့်အဝ ပြန်ပြီး နလန်ထူလာပြီလို့ ပြောကြတယ်။” အင်ပါယာဟယ်လျန်က ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက အနည်းငယ်ပို၍ စိတ်လှုပ်ရှားလာသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က တုံ့ယွမ်အိမ်တော်ပြဿနာကို ဖြေရှင်းပြီးနောက် သူ လုပ်ခဲ့သည်မှာ ကျင့်ကြံရန်သာ ဖြစ်သည်။ ယခုက သူ့အတွက် အပြင်လောကကို စူးစမ်းရမည့်အချိန်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုသည်မှာလည်း သူ၏ ကျင့်ကြံခြင်းကို တိုးတက်လာစေမည့် အခွင့်အရေး ဖြစ်နိုင်ပေသည်။

ထိုအချိန်၌ ပေ့ကုံးအော့သည် တုံ့ယွမ်အိမ်တော် ပြင်ပသို့ လှည့်ကာ ကြည့်လိုက်သည်။ ထို့နောက် အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့သည်လည်း ခေါင်းများကို လှည့်ကြည့်လိုက်ကြသည်။

“သူတို့ လာနေပြီ။” ပေ့ကုံးအော့က ကြေညာလိုက်သည်။

ရီဖူရှင်းသည်လည်း အပြင်ဘက်သို့ ကြည့်လိုက်၏။ သူက သူ့ထံသို့ လာနေသော အားကောင်းသန်မာသည့် အရှိန်အဝါကို ခံစားမိပေသည်။ အင်ပါယာဟယ်လျန် ပြောသကဲ့သို့ သူတို့က အလွန် အချိန်မှန်ပေသည်။

အဖြူရောင်ဝတ်ထားသည့် အမျိုးသမီးများက လေထဲတွင် လျှောက်ကာလာနေကြပြီး သူတို့အနီးတွင် မြူများဝန်းရံနေသည်။ သူတို့တွင် နတ်ဘုရားမများကဲ့သို့ သာလွန်သည့် အရှိန်အဝါများ လွှမ်းခြုံထား၏။ သူတို့က အလွန်ပင် ထူးခြားလှသည်။ တုံ့ယွမ်အိမ်တော်တဝိုက်မှ လူများသည်လည်း ခေါင်းများကို မော့ကာ အပေါ်သို့ ကြည့်လိုက်ကြသည်။ ရီဖူရှင်းနှင့် မတူစွာပင် သူတို့က မည်သူရောက်လာသည်ကို ခန့်မှန်းနေကြသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ နတ်မိမယ်များ ရောက်ရှိလာခြင်း ဖြစ်လေသည်။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက လာရောက်နှုတ်ဆက်ပါတယ်။”

ရီဖူရှင်းက အသံလာရာသို့ ကြည့်ကာ ပြောလိုက်သည်။ “ကြိုဆိုပါတယ်.. နတ်မိမယ်တို့။”

သူ ပြောပြီးသည်နှင့် တန်းစီထားသော နတ်မိမယ်များသည် တုံ့ယွမ်အိမ်တော်အထက်သို့ တိုက်ရိုက်လွင့်မျောလာပြီး ရီဖူရှင်းဘေးတွင် ငြင်သာစွာ ဆင်းသက်လိုက်သည်။

ရီဖူရှင်းသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများကို ကြည့်လိုက်သည်။ သူတို့အားလုံးက ကျက်သရေရှိလှသော အမျိုးသမီးများ ဖြစ်ကြပြီး ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူမှာ ကောင်းကင်ဘုံကိုးဆင့်မှ လူ့လောကသို့ ဆင်းသက်လာသည်် နတ်သမီးတစ်ပါးဟုပင် ဆိုရလောက်သည်။ သူမတွင် ထူးခြားသော စိတ်​နေသဘောထား ရှိပုံရသည့်အပြင် သူမတွင် ပေ့ကုံးမိသားစုမှ နံပါတ်တစ်အလှလေး ပေ့ကုံးရွှမ်း နှင့် ယှဥ်နိုင်လောက်သော အလှတရားမျိုး ရှိသည်။ သို့သော်လည်း သူတို့နှစ်ယောက်လုံး၌ မတူညီသော အရှိန်အဝါများ ရှိကြသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် မဟာလမ်းစဥ်ကျင့်ကြံရန် အခွင့်အရေးများသာ ရှိနေသည်မဟုတ်ဘဲ ညှို့အားပြင်းလှသော အမျိုးသမီးများလည်း ရှိနေသည်။

ရီဖူရှင်းသည် ထိုခေါင်းဆောင်လာသော နတ်မိမယ်ထံမှ အလွန် သိမ်မွေ့သော အရှိန်အဝါကို ခံစားမိပြီး တစ်ချိန်တည်းမှာပင် ထိုအရှိန်အဝါက သိမ်မွေ့မနေပြန်ပေ။ ဤအမျိုးသမီးသည် သူနှင့် တူညီသော ကျင့်ကြံဆင့်ရှိသော်လည်း သူမ၏ နတ်ဝင်ရိုးက ပြိုင်ဘက်ကင်းပုံရလေသည်။

ဦးဆောင်လာသော နတ်မိမယ်က တူညီစွာပင် ရီဖူရှင်းအား သတိပြုမိသည်။ ရီဖူရှင်းသည် ဤနေရာ၌ စုစည်းနေသော လူအုပ်၏ ရှေ့တွင် ရှိသောကြောင့် သူက သူမ၏ အာရုံစိုက်မှုကို ဆွဲယူနိုင်ခဲ့သည်။

“မေးပါရစေ။ တုံ့ယွမ်အိမ်တော်သခင်က ဘယ်သူများလဲ။” နတ်မိမယ်က မေးလိုက်သည်။

လူတိုင်းက ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ပြန်ဖြေလိုက်၏။ “ကျုပ်ပါပဲ။”

နတ်မိမယ်များ၏ ခေါင်းဆောင်က ရီဖူရှင်းကို အံ့အားသင့်နေသော အမူအရာနှင့် ကြည့်လိုက်သည်။ နတ်မိမယ်၏ မျက်လုံးများက အနည်းငယ် တုန်ယင်သွား၏။ တုံ့ယွမ်အိမ်တော်သခင်က ​ဤသို့ အဆင့်နိမ့်ရန်ဟောင်တစ်ပါး ဖြစ်နေသည်လား။

“အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက နောက် ဆယ့်ငါးရက်နေရင် ဖွင့်လိမ့်မယ်။ ကျွန်မတို့ အခု လာခဲ့တာက တုံ့ယွမ်အိမ်တော်သခင်ကို လာရောက်ဖို့ ဖိတ်ကြားတာပါ။ ဒါက ဝင်ခွင့်လက်မှတ်ပါ။ လက်မှတ်တစ်စောင်ကို လူဆယ်ယောက် ဝင်ခွင့်ပြုပါတယ်။” ခေါင်းဆောင်နတ်မိမယ်က ရီဖူရှင်းကို ပြောလိုက်သည်။ ထို့နောက်တွင် ဖြတ်သန်းခွင့် ရှေးဟောင်းကတ်တစ်ခုက ရီဖူရှင်းထံသို့ ပျံဝဲလာပြီး သူ့ရှေ့တွင် ရပ်တန့်သွားသည်။

ရီဖူရှင်းက လက်မှတ်ကို လက်ခံကာ ပြောလိုက်၏။ “ကောင်းပါပြီ။ ကျုပ် သေချာပေါက်လာခဲ့ပါ့မယ်။”

“အင်း” ခေါင်းဆောင်နတ်မိမယ်က ခေါင်းညိတ်လိုက်သည်။ “အနှောက်အယှက်ပေးမိလို့ အားနာပါတယ်။ ကျွန်မတို့သွားလိုက်ပါဦးမယ်။”

“နှုတ်ဆက်ပါတယ် နတ်မိမယ်တို့” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် နတ်မိမယ်များက လှည့်ထွက်သွားကြပြီးသူတို့ တည်ရှိခဲ့သော မည်သည့် အရိပ်အယောင်မှ မချန်ရစ်ခဲ့ပေ။.

သူတို့ထွက်သွားပြီးနောက် တုံ့ယွမ်အိမ်တော်အနီးမှ ကျင့်ကြံသူများက မျှော်လင့်ရင်းနှင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ သူတို့က ကျွန်းစုပေါ်သို့ ခြေမချနိုင်လျှင်ပင် အနည်းဆုံး အမြင်ကျယ်စေရန် ဖမ်းလိုက်ကုန်းမြေသို့ သွားရောက်လိုကြပြီး ကုန်းမြေအသီးသီးမှ အရည်အချင်းရှိ တန်ခိုးရှင်တို့ စုဝေးလာရောက်ကြသော အခမ်းအနားကြီးကို မျက်မြင်တွေ့လိုကြပေသည်။

ရီဖူရှင်းက နတ်မိမယ်များ ထွက်သွားရာသို့ ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ ဝင်ခွင့်လက်မှတ်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဆယ်ယောက်တည်းလား။”

သို့ဆိုလျှင် သူနှင့်အတူ လိုက်ပါရန် အင်အားစုတစ်ခုစီမှာ နှစ်ယောက်သုံးယောက်သာ ရွေးချယ် ခေါ်သွားနိုင်ပေလိမ့်မည်။

“အင်း၊ ဒါက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ချမှတ်ထားတဲ့ စည်းကမ်းပဲ။ မဟုတ်ရင် ကျွန်းပေါ်မှာ လူတွေ အများကြီး အုံခဲသွားလိမ့်မယ်။” ပေ့ကုံးအော့က ပြောလိုက်သည်။ “ပြီးတော့လည်း ဖန်းလိုင်ကုန်းမြေကို ရောက်ရင် ဝင်ခွင့်လက်မှတ်ကို သေချာသိမ်းဆည်းထားသင့်တယ်။ ဝင်ခွင့်လက်မှတ်ရှိနေတာကို တခြားလူတွေဆီ အလွယ်တကူ မပြမိစေနဲ့။”

ရီဖူရှင်းက ပေ့ကုံးအော့ကို ကြည့်ကာ ပြောလိုက်သည်။ “လုယက်တာလား။”

“အင်း” ပေ့ကုံးအော့က ခေါင်းညိတ်လိုက်သည်။ “အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ဝင်ခွင့်လက်မှတ်ရှိတဲ့သူတွေကိုပဲ ဝင်ခွင့်ပြုတယ်။ လက်မှတ်မပါတဲ့လူဆို သူတို့ ဘယ်သူပဲ ဖြစ်နေပါစေ ဝင်ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် ဝင်ခွင့်လက်မှတ်ပိုင်ဆိုင်ရေးအတွက် တိုက်ခိုက်မှုတွေ ဖြစ်လာတာ အဆန်းမဟုတ်ဘူးလေ။ ဖန်းလိုင်ကုန်းမြေမှာ ဒီအခမ်းအနားကျင်းပတိုင်း ဒီလိုအဖြစ်အပျက်တွေက ဖြစ်နေကြပဲ။ ပြီးတော့ ဒီဝင်ခွင့်လက်မှတ်နဲ့ ကျွန်းကို ဝင်ဖို့ လူတွေခေါ်သွားနိုင်သလို ဝင်ခွင့်လက်မှတ်ကို မြင့်မားတဲ့ စျေးနှုန်းနဲ့လည်း အလဲအလှယ်လုပ်နိုင်ကြတယ်။”

ရီဖူရှင်းက သဘောပေါက်သွားသည်။ တစ်စုံတစ်ယောက်က ထိုဝင်ခွင့်လက်မှတ်အား အသုံးမလိုလျှင် သူတို့သည် အခြားပစ္စည်းများနှင့် လဲလှယ်နိုင်ပေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ပုံမှန်အားဖြင့် ထိုသို့သော ပြဿနာမျိုး၌ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဝင်ခွင့်လက်မှတ်များကို ကုန်းမြေများက အင်အားစုများအား ညီတူမျှတူ ဖြန့်ဝေပေးခဲ့သော်လည်း အရည်အချင်းမရှိသူများက ကျွန်းသို့ ဝင်ခွင့်ရမည် မဟုတ်ပေ။

“အဲဒီ ဆယ်ယောက်ထဲမှာ ကျုပ်ရော ပါတာလား။” ရီဖူရှင်းက မေးလိုက်သည်။

“မဟုတ်ဘူး။ မင်းနဲ့အတူ လူဆယ်ယောက် ခေါ်သွားလို့ရတယ်။” ပေ့ကုံးအော့က ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက ​ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင် ကျုပ်က နှစ်နေရာစာပဲ လိုတယ်။ ကျန်တဲ့ ရှစ်နေရာကိုတော့ စီနီယာဟယ်လျန်နဲ့ စီနီယာပေ့ကုံးက လူနှစ်ယောက် ခေါ်လာနိုင်တယ်။ စီနီယာယန်အတွက်တော့ အားနာပေမယ့် လူတစ်ယောက်ပဲ ခေါ်လာလို့ရမယ်။ ဒီတစ်ကြိမ်ရဲ့ မမျှတမှုအတွက် ကျုပ် နောက်တစ်ခါကျ ကျိန်းသေ အလျော်ပေးပါမယ်။ ပြီးတော့ စီနီယာတို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဝင်လို့မရပေမယ့် ဖန်းလိုင်ကုန်းမြေမှာ လှည့်ပတ်ကြည့်ရှုချင်တယ်ဆိုရင် လူများများ ခေါ်လာခဲ့လည်း ရပါတယ်။”

“ကောင်းပြီ။” အင်ပါယာဟယ်လျန်နှင့် ပေ့ကုံးအော့တို့က ဤခွဲဝေမှုအပေါ် မည်သည့်အမြင်မှ မရှိပေ။ သူတို့တွင် အတွေးတချို့ ရှိသော်လည်း ထိန်းသိမ်းထားပြီး ဖော်ပြခြင်း မရှိကြပေ။

ယန်တုံ့ချင်းသည် ရီဖူရှင်း၏ စကားကို ကြားသောအခါ ကြက်သေသေသွားခဲ့ပြီးနောက် ချက်ချင်း ထိန်းလိုက်သည်။ သို့သော်လည်း သူက မပျော်ရွှင်တော့ပေ။ သူ၏ ယန်မိသားစုက လူတစ်ယောက်ကိုသာ ခေါ်ဆောင်ခွင့်ရနိုင်သည်လား။

သူတို့က ပေ့ကုံးမိသားစုထက်ပင် နည်းနေသေး၏။

သိပ်ကောင်းတယ်….

“အိမ်တော်သခင် အဆင်ပြေသလိုသာ လုပ်ပါ။” ယန်တုံ့ချင်းက ခေါင်းညိတ်လိုက်ပြီး သူခံစားနေရသော ဒေါသကို အနည်းငယ်မှပင် ထုတ်ဖော်မပြခဲ့ပေ။

“လူတိုင်းသဘောတူပြီဆိုတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြရအောင်။ ကျုပ်တို့ အဲဒီကို တိုက်ရိုက်သွားကြမယ်။” ရီဖူရှင်းက ကြေညာလိုက်သည်။ သူက ထွက်မသွားခင် ယန်တုံ့ချင်းအား ဖျတ်ခနဲကြည့်လိုက်သည်။ သူက ၎င်းအား ရည်ရွယ်ချက်ရှိရှိ​ဖြင့် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ယန်တုံ့ချင်းက သူ့အပေါ် မကောင်းသည့် စိတ်များရှိနေပါလျှင် ဤဖန်းလိုင်ခရီးက ယန်တုံ့ချင်း လှုပ်ရှားရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset