အပိုင်း(၁၈၇၈)

ဆုံးဖြတ်ချက်

ပြင်းထန်သောဓားလှိုင်းသည် လှပသောအလင်းကွေးအသွင်ဖြင့် တုံ့ယွင်အိမ်တော်ရှေ့မှနေ၍ ရီဖူရှင်းရှေ့သို့ ပြန်လည်ပျံသန်းလာသည်။ ချက်ချင်းပင် အကြည့်များစွာက ရီဖူရှင်းထံသို့ ရောက်လာသည်။ သူတို့အားလုံး ထိတ်လန့်နေကြ၏။

တုံ့လင်းကလန်မှတန်ခိုးရှင်များနှင့် တုံ့လင်းချူယဲ့တို့သည် တုံ့လင်းကလန်ခေါင်းဆောင်အသတ်ခံရသည်ကို အထိတ်တလန့် မြင်တွေ့လိုက်ကြရ၏။

ချက်ချင်းပင် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အားလုံးက ထိုမြင်ကွင်းကို မင်တက်ငေးမောကြည့်ရှုနေကြသည်။ လေထဲမှ ရပ်နေသောလူငယ်၏ဆံပင်ကား အမြဲတမ်းအားဖြင့် ဖြူဆွတ်နေချေသည်။

ဤသည်ကား ဒေသ၏ထိပ်သီးအင်အားစုတစ်ခုမှ ခေါင်းဆောင်ဖြစ်သည်။ သူသည် တုံ့ယွင်အိမ်တော်၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးလည်းဖြစ်၏။ ခုနကပင် သူတို့သည် တုံ့ယွင်အိမ်တော် ထိန်းချုပ်ရေးအတွက် အပြိုင်အဆိုင် ပြောဆိုနေကြကာ ရီဖူရှင်းအား ငေါက်ငမ်းပြီး သူ့အား အိမ်တော်သခင်အဖြစ် အသိအမှတ်အပြုဟု ဆိုနေခဲ့သည်။

သို့သော်လည်း တခဏတွင်း၌ တုံ့လင်းကလန်ခေါင်းဆောင်သည် အသတ်ခံလိုက်ရသည်။

သူသည် အင်ပါယာဟယ်လျန်နှင့်ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်ကာ အိပ်မက်ကမ္ဘာသို့ ကျရောက်သွားသော်လည်း သူ၏တန်ခိုးအဆင့်ဖြင့် အိပ်မက်၏လွှမ်းမိုးနိုင်ခြင်းခံရမည် မဟုတ်ပေ။ ထိုအချက်အရ ရီဖူရှင်း မည်မျှ သန်မာသည်ကို တွေ့နိုင်သည်။

သည်မတိုင်ခင်က လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်သခင်တို့သည် အချိန်မှီ မတားလိုက်နိုင်ကြပေ။ သူတို့လှုပ်ရှားလိုလိုသောအခါ ဓားသည် ပစ်မှတ်ထံသို့ ရောက်သွားပြီးဖြစ်သည်။ သူတို့ မည်သို့မှ မတတ်နိုင်။

သည်မတိုင်ခင်အခြေအနေကား လျှိုဟန်၊ ဟန်ကန်းဓားတောင်ကုန်းသခင်နှင့် တုံ့လင်းကလန်ခေါင်းဆောင်တို့က တစ်ဖွဲ့ဖြစ်ကာ အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့က တစ်ဖွဲ့ဖြစ်သည်။ ယခု ရုတ်တရက် တုံ့လင်းကလန်ခေါင်းဆောင်ကျဆုံးသွားရာ နှစ်ဘက် အင်အားညီမျှသွားသည်ဟု ပြောနိုင်သည်။

ထို့အပြင် ရီဖူရှင်း၏စွမ်းအားကိုလည်း ခန့်မှန်း၍ မရပေ။

ဓားတောင်ကုန်းသခင်နှင့် လျှိုဟန်တို့၏မျက်နှာတွင် ယုံကြည်မှုများ ပျောက်ဆုံးနေပြီဖြစ်သည်။ သူတို့နှစ်ဦးလုံးက ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။ ယခု သူတို့ထိန်းသိမ်းထားသော ညီမျှခြင်းကား ပျက်စီးသွားလေပြီ။ ကြားနေဝါဒကိုင်စွဲထားသော ပေ့ကုန်းအော့သည် ယခု အခြေအနေကို စိတ်ဝင်တစား ကြည့်နေပြီဖြစ်သည်။

ထိုနေရာတစ်ခုလုံးတိတ်ဆိတ်နေဟန်ရှိသော်လည်း ရီဖူရှင်းကား ထူးမခြားနားပေ။ ယခု ဖိအားအများအပြား ယုတ်လျော့သွားပြီဖြစ်ရာ သူ၏တကယ့်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်စရာမလိုတော့။

သည်တစ်ကြိမ် သူက တုံ့ယွင်အိမ်တော်သခင်အား သတ်ဖြတ်ရာတွင် သူ၏ဝှက်ဖဲများအားလုံးကို သုံး၍ မဖြစ်ပေ။ သူ့အနေဖြင့် အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့အား အပြည့်အဝ မယုံကြည်ပေ။

“သူ့ကို သတ်စမ်း…” တုံ့လင်ချူယဲ့၏မျက်လုံးများက ဒေါသအငွေ့အသက်များဖြင့် လောင်ကျွမ်းနေ၏။ တုံ့လင်းကလန်မှ တန်ခိုးရှင်များကလည်း စွမ်းအားများကို ထုတ်ဖော်ကာ စတင်တိုက်ခိုက်ကြ၏။

ဝှီး…

ရီဖူရှင်းရှေ့မှ ဓားသည် တဖန် လေထုကို ဖြတ်သန်းသွား၏။ ဓားသည် အလင်းတန်းအသွင်ဖြင့် ပျံသန်းသွားကာ လှပသော အလင်းကွေးတစ်ခုကို ဖြစ်ပေါ်စေသည်။

“သတိထား…” အလယ်အလတ်ရန်ဟောင်တစ်ပါးက တုံ့လင်းချူယဲ့၏ရှေ့တွင်ရပ်လိုက်၏။ သို့သော်လည်း ဓားသည် သူ့အား တိုက်ရိုက်ဖြတ်သန်းသွားကာ တခဏချင်း သူ၏ခေါင်းမှ သွေးစိမ်းများပန်းထွက်လာပြီး မြေပြင်ပေါ်သို့ လဲပြိုကျသည်။

တုံ့လင်းချူယဲ့၏အမူအရာက ဆက်တိုက်ပြောင်းလဲသွားသည်။ သူမက နောက်ဆုတ်လိုသော်လည်း နောက်ကျနေပြီဖြစ်သည်။ သူမ၏နတ်ဝင်ရိုးကား စတုတ္ထအဆင့်တွင်သာရှိသည်။ ရီဖူရှင်းအား ဓားကို မည်သို့ ခုခံနိုင်မည်နည်း။

ဓားရောင်တစ်ချက်ဝင်းလက်သွားကာ တုံ့လင်းချူယဲ့၏ခန္ဓာသည် ဆတ်ခနဲတုန်ခါသွားသည်။ အကြောက်တရားများဖြင့် ဖုံးလွှမ်းနေသော မျက်လုံးအစုံသည် ရီဖူရှင်းထံသို့ ရောက်ရှိလာခဲ့ကာ တုံ့ယွင်အိမ်တော်သို့ သူ့အား ဝင်ရောက်ရန် တားဆီးသည့်ဖြစ်ရပ်ကို ပြန်အမှတ်ရသည်။ ဤသည်က ရီဖူရှင်း၏လက်စားချေခြင်းပုံစံလား။

ယခုကဲ့သို့ အဆုံးသတ်နေ့ရက်မျိုး ရောက်လာမည်ဟု တုံ့လင်းချူယဲ့ မည်သည့်အခါကမှ မတွေးထင်ထား။

တုံ့လင်းချူယဲ့၏ခန္ဓာမှ သွေးစိမ်းများယိုစိမ့်ထွက်လာကာ သူမသည် အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ကျ၏။

ရီဖူရှင်းကို တိုက်ခိုက်ရန်ဟန်ပြင်ကြသော ရန်ဟောင်များအားလုံး ရပ်တန့်သွားသည်။ မည်သူမှ ရီဖူရှင်းကို မတိုက်ခိုက်ရဲကြတော့။

ဓားအလင်း ဖြတ်သန်းသွားသည့်နေရာတိုင်း လူတစ်ယောက်ကတော့ သေဆုံးရပေမည်။ မည်သူက သူ့အား တိုက်ခိုက်ရဲမည်နည်း။

ယခု တုံ့လင်းကလန်ခေါင်းဆောင်နှင့် သူ့သမီးတို့ နှစ်ဦးလုံး သူ၏ဓားအောက်တွင် ကျဆုံးသွားပြီဖြစ်သည်။

“တုံ့လင်းကလန်ကလူတွေ အခု ထွက်သွားပါ။ ခင်ဗျားတို့ နောက်ဆိုရင် တုံ့ယွင်အိမ်တော်မှာ ကျင့်ကြံခွင့်မရှိတော့ဘူး။ မလိုက်နာတဲ့သူတွေ အကုန် အသတ်ခံရမယ်” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။ သူ၏တည်ငြိမ်သောလေသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်းနေသည်။

တုံ့လင်းကလန်မှ တန်ခိုးရှင်များ၏အမူအရာကား အကြီးအကျယ်ပျက်ယွင်းနေကြသည်။ သူတို့၏အသန်မာဆုံးတန်ခိုးရှင် တုံ့လင်းကလန်ခေါင်းဆောင်ကား အသတ်ခံရကာ ကျန်သောလူများအားလုံးမှာ ရီဖူရှင်းကို မယှဉ်နိုင်ကြပေ။ လက်ရှိအခြေအနေတွင် တုံ့လင်းကလန်သည် သည်ဒေသတွင် ထိပ်သီးအင်အားစုတစ်ခုဟုပင် မသတ်မှတ်နိုင်တော့။ သူတို့အနေဖြင့် တုံ့ယွင်အိမ်တော်အရေးကိစ္စ၌ ပါဝင်ပတ်သက်ရန် အရည်အချင်း မရှိတော့ချေ။

“အရမ်းစွမ်းတယ်…”

“ရူးလောက်စရာပဲ”

အားလုံး၏စိတ်နှလုံးများ တုန်ခါသွားသည်။ ရီဖူရှင်းက ထိုမျှစွမ်းအားကြီးကာ သတ်ဖြတ်ခြင်း၌ ဆုံးဖြတ်ချက်ပြတ်သားလွန်းမည်ဟု သူတို့ မထင်ထားကြပေ။

သူသည် ထိုသို့သော ကိစ္စရပ်များ၌ အလွန်ကျွမ်းကျင်လိမ္မာဟန်ရသည့်အလား၊ အထူးသဖြင့် အာဏာစက်ပြင်းသော ဟန်ပင်သည် သူ၏သဘဝစွမ်းရည်အလား ထင်မှတ်ရသည်။

ရီဖူရှင်း၏နောက်နားတွင်ရပ်နေသော ယန်ချင်းကား ရီဖူရှင်း၏အပြုအမူများနှင့်ပတ်သက်၍ နေသားကျနေပြီဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းအပေါ် စိတ်ဝင်စားခြင်းက ပိုမို၍ အားကောင်းလာသည်။ သူ၏နောက်ခံက မည်သို့ဖြစ်သနည်း။

သူကဲ့သို့သောသူက အဘယ်ကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ဆင့်လောခြံဝင်းမှ ဟန်လင်း၏ဖမ်းဆီးခြင်းကို ခံရသနည်း။

ပို၍ အဓိပ္ပာယ်ကင်းမဲ့သည်ကား သူသည် အလောင်းကောင်အဖြစ် ပြောင်းလဲခံရလုနီးပါးဖြစ်သည်။

တုံ့လင်းကလန်မှ တခြားသောတန်ခိုးရှင်များအားလုံး တွန့်ဆုတ်နေကြသည်။ သူတို့အားလုံးက ကလန်ခေါင်းဆောင်နှင့် သူ့သမီးအတွက် လက်စားချေလိုကြ၏။ သို့သော်လည်း သူတို့တွင် အခွင့်အရေးမရှိချေ။

လျှိုဟန်နှင့် ဟန်ကန်းဓားတောင်ထိပ်သခင်တို့လည်း ရှိနေသေးသည်။ အကယ်၍ သူတို့အတူတူပူးပေါင်းပါက ရီဖူရှင်းကို သတ်ဖြတ်နိုင်မည်လော။

ထိုစဉ် အကြီးအကဲတစ်ယောက်က ပြောသည် “တုံ့လင်းကလန်ကလူတွေ နောက်ဆုတ်မယ်” တုံ့လင်းကလန်၌ သူ၏နေရာမှာ အလွန်မြင့်သည်။ သူက ထိုသို့ပြောကာ ဦးဆောင်လျှက် ထွက်သွားရန် ပြင်သည်။ တခြားသော တန်ခိုးရှင်အချို့က တွန့်ဆုတ်နေကြသည်။ သို့သော်လည်း နောက်ဆုံးတွင် သူတို့က အမိန့်နာခံကာ သူ့နောက်မှ လိုက်ကြ၏။

“နေဦး…” လျှိုဟန်က သူတို့အား တားလိုက်သည်။ သူက မေးသည် “မင်းတို့က ဒီလိုပဲ ထွက်သွားတော့မှာလား”

“ဆရာလျို… ကျုပ်တို့ အသုံးမကျတာတွေအတွက် ခွင့်လွှတ်ပေးစေချင်ပါတယ်” အကြီးအကဲက လျှိုဟန်ကို ဦးညွှတ်သည်။ တချို့သောလူများမှာ တွန့်ဆုတ်နေသည်ကိုမြင်လျှင် သူက စိတ်ဖြင့် လှမ်းပြောကာ သူတို့အားလုံးကို ခေါ်ဆောင်လျှက် ထွက်ခွာသွားတော့သည်။

တုံ့လင်းကလန်သည် ယခင်ကဲ့သို့ မဟုတ်တော့သည်ကို ထိုအကြီးအကဲက နားလည်ပေသည်။ သူတို့သည် ကလန်ခေါင်းဆောင်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အကယ်၍ တိုက်ပွဲတွင် ပါဝင်ပတ်သက်ပါက သူတို့အားလုံး သေဆုံးသွားနိုင်ချေရှိသည်။

လူအများအပြားက တုံ့လင်းကလန်မှ တန်ခိုးရှင်များ၏နောက်ကျောကို လှမ်းကြည့်ကြသည်။ ဤသို့ဖြစ်လာမည်ဟု မည်သူက တွေးထင်ခဲ့မည်နည်း။

ရီဖူရှင်း၏ဓားတစ်ချက်က ထိပ်သီးအဖွဲ့တစ်ခုအား ပျက်စီးစေခဲ့သည်။ ယနေ့မှစ၍ တုံ့လင်းကလန်ကား သာမန်အဖွဲ့တစ်ခုသို့ အဆင့်ကျသွားပေတော့မည်။

လျှိုဟန်၏မျက်လုံးများက အေးစက်နေသည်။ သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များအား ဖုံးကွယ်ထားခြင်း မရှိတော့။ သူက ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောသည် “မင်းက အိမ်တော်ကို တည်ထောင်သူရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပေမဲ့လို့ တုံ့ယွင်အိမ်တော်မှာ မင်းနဲ့သဘောမတူတဲ့သူတွေကို သတ်ဖြတ်တာက…။ မင်းလိုလူလက်ထဲမှာ ငါက တုံ့ယွင်အိမ်တော်ကို ဘယ်လိုထားခဲ့ရမှာလဲ။ ဒါက တုံ့ယွင်အိမ်တော်ကို နာမည်ပျက်စေတယ်”

တုံ့လင်းကလန်ခေါင်းဆောင်၏သေဆုံးခြင်းက လျှိုဟန်ကို အကွက်ရွှေ့ရန် အကြောင်းပြချက်ပေးလိုက်သလိုပင်။ သူက သူ၏စကားများကိုရုပ်သိမ်းကာ နောက်ဆုတ်လိုဟန်မရှိတော့။

ရီဖူရှင်းက သူ့အား ကြည့်လိုက်သည်။ လျှိုဟန်က ထိုသို့ပြောလာမည်ကို သူက စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မဟုတ်လျှင် သူက လျှိုဟန်ကို မည်သို့သတ်ဖြတ်၍ ဖြစ်မည်နည်း။

“ဒါဆို…” ရီဖူရှင်းက တည်ငြိမ်စွာ မေးသည်။

“မင်းက သတ်ဖြတ်ရတာကို ဝါသနာထုံနေပြီပဲ။ အိမ်တော်တည်ထောင်သူရဲ့အပြစ်တင်မှုကို ခံရမယ်ဆိုရင်တောင်မှ အိမ်တော်ရဲ့အနာဂတ်အတွက် မင်းကို သတ်ရတော့မှာပဲ” လျှိုဟန်၏အသံကား အလွန်တရာ အေးစက်နေသည်။ သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များက ရီဖူရှင်းကို ဖုံးအုပ်လာနေသည်။

လျှိုဟန်၏စကားကိုကြားလျှင် ရီဖူရှင်းကား အလွန်တည်ငြိမ်နေသည်။ သူက ပြောသည် “ကံမကောင်းတာက ခင်ဗျားက တုံ့ယွင်အိမ်တော်ကို လွှဲပြောင်းပေးမယ်လို့ကျုပ်က ထင်မထားတာပဲ။ ခင်ဗျားက ကျုပ်ကို ရုပ်သေးတစ်ရုပ်လိုပဲ ထိန်းချုပ်ချင်ခဲ့တာ။ လျှိုဟန်… အဲဒီနေ့က ကျုပ် တုံ့ယွင်အိမ်တော်ကို လာတော့ ခင်ဗျားတို့အဖွဲ့က ဘယ်လောက်တောင် မောက်မာပြီးတော့ ရိုင်းစိုင်းလိုက်သလဲ။ ဒီလိုဆိုမှတော့ ကျုပ်က ဒီနေ့ အမှိုက်တွေကို ရှင်းလင်းရတော့မှာပဲ”

နှစ်ဘက်လုံးထံမှ အလွန်တရာ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ လျှိုဟန်၏လက်က ရုတ်တရက်လှုပ်ရှားသွား၏။ လေထုသည် တုန်ခါသွားကာ ဧရာမလက်ဝါးသည် ရီဖူရှင်းထံသို့ ဖမ်းဆုပ်ရန် ပျံသန်းလာနေသည်။

နတ်ဝင်ရိုးသည် အလွန်တရာစူးရှလင်းလက်၏။ ဓားအလင်းသည် ပိုမိုလင်းလက်နေခဲ့ကာ လှပသော အလင်းကွေးသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။

ဘန်းခနဲမြည်သံတစ်ခုကို ကြားရသည်။ ဓားအလင်းသည် လက်ဝါးပုံရိပ်ကို ဖောက်ထွင်းသွားခြင်းမရှိသော်လည်း လက်ဝါးပုံရိပ်အား အက်ကွဲစေသည်။ တစ်ဘက်တွင် ဓားအလင်းသည်လည်း ပျက်စီးသွား၏။ ထိုအခိုက်တွင် အင်ပါယာဟယ်လျန်သည် ရီဖူရှင်း၏ရှေ့တွင်ပေါ်လာကာ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ လက်ဝါးပုံရိပ်သည် လုံးဝ ပျက်စီးသွားတော့သည်။

“လျှိုဟန်… ဘယ်လိုဖြစ်ဖြစ် မင်းက စီနီယာတစ်ယောက်ပဲ။ နည်းနည်းအရှက်ရှိစမ်းပါ” အင်ပါယာဟယ်လျန်က အေးစက်စွာ ပြောသည်။

ထိုအခိုက်တွင် အိမ်တော်၏အထက်ကောင်းကင်၌ ရန်ဟောင်များ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာကြသည်။ လျှိုဟန်ကား တုံ့ယွင်အိမ်တော်ကို နှစ်များစွာ အုပ်ချုပ်လာခဲ့ကာ သူ့လက်အောက်တွင် တန်ခိုးရှင်အများအပြားကို လေ့ကျင့်ထားခဲ့ပေသည်။ တုံ့ယွင်အိမ်တော်ကား သူ၏အိမ်ကွင်းဖြစ်၏။

ရီဖူရှင်းထံမှ အလင်းများဖြာထွက်လာခဲ့သည်။ ဓားအလင်းသည် ကောင်းကင်တစ်ခုလုံးကို ထွန်းလင်း၏။

“အက်ကြောင်းမဲ့ဝင်ရိုး… မထူးဆန်းတော့ပါဘူး”

ပါရမီရှင် ရန်ဟောင်တစ်ပါးဖြစ်သည်။

“ဟန်ကန်းဓားတောင်ထိပ်နဲ့ ပေ့ကုန်းမိသားစုက တုံ့ယွင်အိမ်တော်ကို ထိမ်းကွပ်ပေးတဲ့ အင်အားစုတွေပဲ။ အခု ကျုပ်က တုံ့ယွင်အိမ်တော်သခင်အဖြစ်သတ်မှတ်ခံရတယ်။ ဟန်ကန်းဓားတောင်ထိပ်က ရန်သူကို ဆက်ပြီး ထောက်ခံနေဦးမှာလား။ အမှားကို ပြင်ဆင်ပြီးတော့ ရန်သူကို ရှင်းလင်းပေးမှာလား” ရီဖူရှင်းက မေးသည်။

ရီဖူရှင်းက ကျယ်လောင်စွာ ဆက်ပြောသည် “ပေ့ကုန်းမိသားစုလည်း ဒီအတိုင်းပဲ။ ကျုပ်က ဒီမတိုင်ခင်က ဖြစ်ရပ်တွေကို အရေးမယူတော့ဘူး။ တကယ်လို့ ပေ့ကုန်းမိသားစုက ဒီနေ့ ကြားနေဟန်ဆောင်ပြီးတော့ ရန်သူကို မရှင်းလင်းဘူးဆိုရင် ဒါက တာဝန်ကို လျစ်လျူရှုတာဖြစ်ပြီးတော့ အနာဂတ်မှာ အိမ်တော်ရဲ့အရေးကိစ္စတွေကနေ ချန်လှပ်ခံရမယ်”

ဟန်ကန်းဓားတောင်ထိပ်သည် နဂိုက လျှိုဟန်နှင့် ပူးပေါင်းထားသူဖြစ်ကာ ပေ့ကုန်းမိသားစုသည် ကြားနေဖြစ်သည်။ ယခု အခြေအနေက မြန်ဆန်စွာ ပြောင်းလဲလာခဲ့ကာ အရာအားလုံးမှာ နဂိုအတိုင်း နေ၍ မရတော့။ သူတို့က အဆိုးအကောင်းအားလုံးကို ပြန်သုံ့သရန် လိုလာသည်။

ရီဖူရှင်းသည် ငယ်ရွယ်ကာ သူ၏ကျင့်ကြံဆင့်သည် သိပ်မမြင့်သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားကား ကြောက်မက်ဖွယ်ရာကောင်းကာ အလားအလာသည်လည်း အလွန်မြင့်၏။

ဥပမာ တုံ့လင်းကလန်ခေါင်းဆောင်သည် ရီဖူရှင်း၏ဓားချက်အောက်တွင် သေဆုံးခဲ့သည်။

အကယ်၍ သူတို့သည် နဂိုဆုံးဖြတ်ချက်အတိုင်းသွားပါက လျှိုဟန်အနိုင်ရနိုင်ချေ အလွန်နိမ့်ပေသည်။

ဝုန်း…

ဟန်ကန်းဓားတောင်ထိပ်သခင်ထံမှ ဓားအလင်းများ ဖြာထွက်လာသည်။ သူက ကြောက်မက်ဖွယ်ဓားအလင်းကို ထုတ်ဖော်၏။ ဓားသည် ကောင်းကင်မှ တိုက်ရိုက်ဆင်းသက်လာခဲ့ကာ ဧရာမနတ်ဓားတစ်လက်ဖြစ်လာသည်။

ဓားသည် လေဟာနယ်ကို ခွင်းသွားကာ ရီဖူရှင်းထံသို့ ပျံသန်းလာတော့သည်။ ကြည့်ရသည်မှာ ဟန်ကန်းဓားတောင်ကုန်းသခင်က ဆုံးဖြတ်လိုက်ဟန်ရသည်။ လျှိုဟန်ပေးသော အကျိုးအမြတ်များမှာ ရီဖူရှင်းထံမှ ရရန် မလွယ်ပေ။ ထို့အပြင် သူသည် ရီဖူရှင်းအဖွဲ့ကို ပူးပေါင်းလျှင်ပင် အင်ပါယာဟယ်လျန်နှင့် ယန်တုံ့ချင်းတို့နောက်တွင်သာ ကျန်နေရစ်တော့မည်ဖြစ်သည်။

ထို့ကြောင့် သူ့ဓားကို ရီဖူရှင်းထံသို့ ရွယ်ရန် သူ ဝန်မလေးတော့။

ယန်တုံ့ချင်းသည် ထိုဓားရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ထိုမြင်ကွင်းကို တွေ့သူတိုင်းက တုံ့ယွင်အိမ်တော်၏အတွင်းပိုင်းပဋိပက္ခမှာ အမှန်တကယ် စတင်ပြီဖြစ်ကြောင်း သိကြရသည်။

ပေ့ကုန်းမိသားစုခေါင်းဆောင်က တိုက်ပွဲကို ကြည့်သည်။ အင်ပါယာဟယ်လျန်နှင့် လျှိုဟန်တို့မှာ တိုက်ပွဲစတင်နေပြီဖြစ်သည်။ ရီဖူရှင်း၏ဓားမှာလည်း စတင်လှုပ်ရှားနေပြီဖြစ်သည်။ ရီဖူရှင်းကို တိုက်ခိုက်ကြသော တုံ့ယွင်အိမ်တော်မှ တန်ခိုးရှင်များမှာ ရီဖူရှင်း၏ဓားချက်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်။ မည်သူမှ ရီဖူရှင်းအား ထိခိုက်အောင် မလုပ်နိုင်ပေ။

ထိုအခိုက်တွင် သူက ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset