Switch Mode

အပိုင်း(၁၈၇၆)

အိမ်တော်အတွက် တိုက်ခိုက်ခြင်း

ရီဖူရှင်းက ရှေ့ကို ဆက်သွားရာ ဟယ်လျန်ယိုက သူ့နောက်မှ လိုက်ပါသွားသည်။ သူမသည်လည်း များစွာ ထိတ်လန့်နေ၏။ ရီဖူရှင်းအား တားဆီးရန်ကြိုးစားသူများမှာ သူမထက် နိမ့်ကျသူများမဟုတ်သော်လည်း ထိုလူများအားလုံးမှာ ရီဖူရှင်း၏ဓားတစ်ချက်ကိုပင် ခံနိုင်ရည် မရှိကြချေ။

မည်သူက သူ့အား တားရဲမည်နည်း။

သူ့နောက်တွင် လူသူပရိသတ်များအားလုံး မှင်တက်ငေးမောနေကြသည်။ လျိုတုံ့ကောကား ရီဖူရှင်းကိုကြည့်ကာ မျက်နှာများ မဲမှောင်နေသည်။ သူက ရီဖူရှင်းအား ထိန်းချုပ်လိုခဲ့သော်လည်း ယခုအခြေအနေတွင် ဖြစ်နိုင်ဦးမည်လော။

ရီဖူရှင်းအား တစ်စုံတစ်ခုပြုလုပ်ရန် မည်သူက စေခိုင်းနိုင်မည်နည်း။

ထိုအခိုက်တွင် ရီဖူရှင်းက လျိုတုံ့ကောအား ကြည့်ကာ မေးသည် “မင်း မသွားဘူးလား။ ဘာလို့ ထိုင်နေသေးတာလဲ”

လျိုတုံ့ကော၏မျက်လုံးများက ထက်ရှသွား၏။ တချိန်တည်းမှာပင် ကောင်းကင်နှင့်မြေပြင်မှ ဓားအားလှိုင်းများသည် သူ့အား လာရောက်ရစ်ပတ်သည်။ ထိုအခိုက်တွင် လျိုတုံ့ကောကား သိပ်အခြေအနေမဟန်ပေ။ မည်သူက မည်သူ့ကို ထိန်းချုပ်နေသနည်း။

“ကောင်းပြီ” လျိုတုံ့ကောက သုန်မှုန်စွာဖြင့် ထရပ်ကာ ရီဖူရှင်းနောက်ကိုလိုက်ပါသည်။ သူတို့က တုံ့ယွင်အိမ်တော်ကို သွားကြပေမည်။ ရီဖူရှင်းနှင့် ဟယ်လျန်ယိုတို့ မည်သည့်လှည့်ကွက်များရှိသည်ကို သူသိလိုသည်။

တခြားတန်ခိုးရှင်များကလည်း ထရပ်ကာ ရီဖူရှင်းနောက်ကို လိုက်ကြသည်။

မြို့ထဲတွင် လူအများတို့၏ဆွေးနွေးပြောဆိုမှုများက ပွတ်လောရိုက်နေပြီဖြစ်သည်။ သူတို့အားလုံးက တုံ့ယွင်အိမ်တော်သို့ ဦးတည်သွားနေကြကာ အခြေအနေကို ကြည့်ကြမည်ဖြစ်သည်။

စားသောက်ဆိုင်ကား တုံ့ယွင်အိမ်တော်နှင့်သိပ်မဝေးရာ သူတို့က မြန်ဆန်စွာ ရောက်ရှိသွားကြသည်။

တုံ့ယွင်အိမ်တော်၏ကောင်းကင်ထက်တွင် များစွာသော တန်ခိုးရှင်များက ရောက်ရှိနေပြီးဖြစ်ကာ အခြေအနေကို ပြောဆိုဆွေးနွေးနေကြ၏။ သူတို့မှာ တုံ့ယွင်အိမ်တော်သခင်၊ ဟယ်လျန်အင်ပါယာနှင့် တခြားလူများဖြစ်ကြသည်။ အင်အားစုခြောက်ခုလုံး ရောက်ရှိနေကြခြင်းဖြစ်သည်။

သူတို့က အဝေးမှ ပျံသန်းလာသော ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ တုံ့ယွင်အိမ်တော်သခင်ကား လေထဲတွင် ရပ်နေသည်။ သူ၏အကြည့်က ရီဖူရှင်းနှင့် လျိုတုံ့ကောထံသို့ ရောက်လာသည်။ သူသည် သူတို့၏ထိန်းချုပ်မှုအောက်သို့ မရောက်သေးသည်လား။

“ကျုပ်တို့ မိတ်ဆွေလေး ရောက်လာပြီ” တုံ့ယွင်အိမ်တော်သခင်က ရီဖူရှင်းနှင့် လွန်စွာရင်းနှီးဟန်ဖြင့် ပြောသည်။

ရီဖူရှင်းက သူ့အား ထူးမခြားနားစွာ ကြည့်ကာ ပြောသည် “ကျုပ်က အိမ်တော်သခင်ကို နေရာဖယ်ခိုင်းဖို့ ရောက်လာတာ”

အိမ်တော်သခင်၏မျက်မှောင်များက ကျုံ့သွား၏။ ရီဖူရှင်းက ဆက်ပြောသည် “အိမ်တော်သခင်လျိုက ကျုပ်တောင်းဆိုချက်ကို မငြင်းဘူးလို့ ထင်တယ်”

သူ မည်သို့မှ မပြောရသေးမှီတွင် ဘေးမှ ယန်တုံ့ချင်းက ပြောသည် “ကျုပ်တို့မိတ်ဆွေလေးက တုံ့ယွင်အိမ်တော်တည်ထောင်သူရဲ့အသိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်တယ်။ အိမ်တော်သခင်က သူ့တောင်းဆိုချက်ကို ပုံမှန်အားဖြင့် လိုက်လျောရမှာဖြစ်ပြီးတော့ မဟုတ်ရင် ဒါက အိမ်တော်ဘိုးဘေးကို ဆန့်ကျင်တာပဲ”

“အင်း…” အင်ပါယာဟယ်လျန်က ပြောသည် “အိမ်တော်သခင်လျိုက တုံ့ယွင်အိမ်တော်ကို ထိန်းချုပ်လာတာ နှစ်တချို့ကြာပြီ။ အခု အိမ်တော်က ပိုင်ရှင်အစစ်အမှန်တွေ့သွားပြီဆိုတော့ သင့်တင့်တဲ့လွှဲပြောင်းမှုတွေ လုပ်ရတော့မယ်။ ဟယ်လျန်ကလန်က ရီဖူရှင်းကို တုံ့ယွင်အိမ်တော်သခင်အဖြစ် ထောက်ခံတယ်”

“အိမ်တော်သခင်လျိုက တုံ့ယွင်အိမ်တော်ကို အုပ်ချုပ်လာတာ နှစ်အတော်ကြာပြီ။ သူ့ကြိုးစားမှုကြောင့် အိမ်တော်က ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ ကောင်းကောင်းလည်ပတ်နေပြီးသားဖြစ်တယ်။ ဒါကို ချက်ချင်းကြီးပြောင်းလဲဖို့ဆိုတာ မလွယ်ဘူး။ ပြီးတော့ ကျုပ်တို့မိတ်ဆွေလေးရီရဲ့ ကျင့်ကြံဆင့်ကလည်း နည်းနည်းနိမ့်သေးတယ်။ ဘာလို့ ကျုပ်တို့က နှစ်နည်းနည်း မစောင့်နိုင်ရမှာလဲ” အိမ်တော်သခင်လျိုက မပြောမှီတွင်ပင် ဘေးမှ တုံ့လင်းကလန်ခေါင်းဆောင်က ပြောသည်။ သူသည် အိမ်တော်သခင်လျိုနှင့် မဟာမိတ်များဖြစ်ရာ ပုံမှန်အားဖြင့် သူ့ဘက်မှ ရပ်တည်မည်ဖြစ်သည်။

“အစ်ကိုတုံ့လင်း…” တုံ့ယွင်အိမ်တော်သခင်က ပြောသည် “ကျုပ်က အိမ်တော်သခင်နေရာကို လက်မလွှတ်နိုင်တဲ့ လောဘကြီးသူမဟုတ်ပါဘူး။ ကျုပ်တို့မိတ်ဆွေလေးက အိမ်တော်တည်ထောင်သူရဲ့အသိအမှတ်ပြုခံသူဖြစ်ပြီးတော့ အခု အိမ်တော်သခင်နေရာကို အလိုရှိမှတော့ ကျုပ်က နေရာဖယ်ပေးမှာပါ”

“အစ်ကိုလျိုက တကယ်ပဲ အမျော်အမြင်ကြီးမားပါပေတယ်” တုံ့လင်းကလန်ခေါင်းဆောင်က ချီးကျူးသည်။

ဘေးပတ်ဝန်းကျင်မှ တန်ခိုးရှင်များက တအံ့တသြဖြစ်ကြသည်။ တုံ့ယွင်အိမ်တော်သခင်က အမှန်တကယ် သူ၏နေရာကို ဖယ်ပေးမည်လော။

“အိမ်တော်သခင်လျိုရဲ့ သဘောထားက ချီးကျူးစရာပါပဲ” အင်ပါယာဟယ်လျန်က ပြုံးလျှက်ပြောသည် “ဒါဆို ရီဖူရှင်းဟာ အနာဂတ်မှာ တုံ့ယွင်အိမ်တော်သခင်ဖြစ်တယ်။ ကျေးဇူးပြုပြီးတော့ တုံ့ယွင်အင်အားစုကို အိမ်တော်က ဖယ်ပေးပါ”

အင်ပါယာဟယ်လျန်၏စကားကိုကြားသည်တွင် တုံ့ယွင်အိမ်တော်သခင်က မျက်မှောင်ကျုံ့ကာ ပြောသည် “ဟယ်လျန်… ကျုပ်က နေရာဖယ်ပေးမယ်ဆိုပေမဲ့ ကျုပ်ဟာ အိမ်တော်ကို အုပ်ချုပ်လာတာကြာပြီ။ အိမ်တော်နဲ့ပတ်သက်ပြီးတော့ ကျုပ်ထက် ဘယ်သူမှ ပိုမသိဘူး။ တုံ့ယွင်အဖွဲ့ဟာ အိမ်တော်ရဲ့အမြဲတမ်းအားဖြင့် ပင်မအင်အားစုဖြစ်ပြီးတော့ ဒီနေရာရဲ့အစိတ်အပိုင်းတစ်ခုပဲ။ ဘာလို့ သူတို့က အိမ်တော်က ထွက်ခွာပေးရမှာလဲ”

“အင်အားစုတွေက ဆုတ်ခွာပေးသင့်တယ်လို့ ခင်ဗျား မထင်ဘူးလား” အင်ပါယာဟယ်လျန်က မေးသည်။

“ကျုပ်တို့မိတ်ဆွေလေးရဲ့ကျင့်ကြံခြင်းက မမြင့်သေးတော့ အကူအညီလိုသေးတယ်။ တုံ့ယွင်အဖွဲ့က ဒီမှာရှိနေတာ ကြာပြီဖြစ်ပြီးတော့ ဒီက လုပ်ဆောင်မှုအားလုံးနဲ့ရင်းနှီးတယ်။ ကျုပ်တို့က မိတ်ဆွေလေးရီ ဒီမှာ နေသားကျဖို့တတ်နိုင်သမျှ ကူညီပေးမှာပါ” အိမ်တော်သခင်လျိုက ပြောသည်။

သူ့အနေဖြင့် အိမ်တော်သခင်နေရာကို လက်လွှတ်လိုက်ရလျှင်ပင် အာဏာက သူ့လက်ထဲတွင်ရှိနေပါက အရာအားလုံး အဆင်ပြေပေသည်။

ဤတွင် ထိုလူများက သူ့ကို ဖယ်ထုတ်လိုက်လျှင်ပင် အဘယ်အရေးနည်း။

“အင်ပါယာရီက ဘယ်လိုထင်ပါသလဲ” ဟယ်လျန်အင်ပါယာက ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။

“တုံ့ယွင်အိမတော်က သင်ယူလေ့လာစရာနေရာပဲ။ ဘာလို့ အင်အားစုတွေ ထားဖို့လိုမှာလဲ” ရီဖူရှင်းက ပြောသည် “အင်အားစုတွေဖွဲ့ပြီးတော့ စည်းကမ်းတွေနဲ့ ချုပ်နှောင်တာက ကိုယ်ကျိုးအတွက်လုပ်ဆောင်ခြင်းအစပထမဖြစ်တယ်။ ကျုပ် မလိုဘူး”

အိမ်တော်အတွင်းအပြင် အားလုံးက ရီဖူရှင်း၏စကားကိုကြားကြသည်။

အမှန်ပင်၊ ထိုသို့ အင်အားများစုဖွဲ့ခြင်းက အကျိုးအမြတ်အတွက်ဖြစ်ကာ တုံ့ယွင်အိမ်တော်သခင်ကို ဥပမာယူနိုင်သည်။ တုံ့ယွင်အိမ်တော်တွင် ဝင်ရောက်လေ့ကျင့်လိုသူတိုင်းသည် သူ၏အကဲဖြတ်မှုကို ဖြတ်ကျော်ရမည်ဖြစ်ကာ ထူးချွန်သူများသည် သူ၏တပည့်အရင်ဖြစ်ကြရသည်။

“ဒါ မှန်တယ်” အင်ပါယာဟယ်လျန်က ပြောသည် “တုံ့ယွင်အိမ်တော်က မြင့်မြတ်နယ်မြေဖြစ်ပြီးတော့ ပြဿနာအရှုပ်အရှင်းတွေ မရှိသင့်ဘူး။ အကာအကွယ်လိုအပ်ရင် ကျုပ်က အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမယ်”

“ဒါဆို အိမ်တော်သခင်အနေနဲ့ တုံ့ယွင်အိမ်တော်နဲ့ပါတ်သက်ပြီးတော့ သိပ်စိတ်ပူစရာမလိုတော့ဘူးပေါ့” အင်ပါယာဟယ်လျန်က ပြုံးလျှက်ပြောသည်။

တုံ့ယွင်အိမ်တော်သခင်က အင်ပါယာဟယ်လျန်အားကြည့်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်သည်။ သူ၏အမူအရာက တဖြေးဖြေး ပြုံးလာ၏။ သူ့ဘေးမှ တုံ့လင်းကလန်ခေါင်းဆောင်က နှာခေါင်းရှုံ့လျှက်ပြောသည် “အင်ပါယာဟယ်လျန်နဲ့ ဆရာယန်တို့က တခြားတစ်ယောက်လက်နဲ့ အိမ်တော်သခင်လျိုရဲ့နေရာကို လုယက်ချင်တာလား”

“ဒါတွေအကုန်လုံးက အကြောင်းပြချက်သာသာပဲ”

“တုံ့လင်း…” တုံ့ယွင်အိမ်တော်သခင်က နာမည်ခေါ်ကာဆက်ပြောသည် “နှစ်တွေ အများကြီး ကျုပ်က တုံ့ယွင်အိမ်တော်ကို ကာကွယ်ပေးခဲ့တယ်။ တုံ့ယွင်အဖွဲ့ကလူတွေအားလုံးကလည်း အိမ်တော်အပေါ်မှာ ထူးခြားတဲ့ခံစားချက်ရှိကြတယ်။ ကျုပ်တို့အတွက် အိမ်တော်က အရေးကြီးတဲ့နေရာမှာရှိတယ်။ အခု ကျုပ်က အိမ်တော်သခင်နေရာက ဖယ်ပေးပြီ။ ဒါပေမဲ့ အင်ပါယာဟယ်လျန်နဲ့တခြားလူတွေက ပူးပေါင်းပြီး ကျုပ်ကို အိမ်တော်က နှင်ထုတ်တာ သင့်တော်တယ်ထင်သလား”

“ခင်ဗျားက အညာခံရတာလည်း ဖြစ်နိုင်တာပဲ” တုံ့လင်းကလန်ခေါင်းဆောင်က ပြောသည် “ဒီရက်ပိုင်းမှာ မင်းသမီးကြီးက သူနဲ့အရမ်းရင်းနှီးလာတယ်လို့ ကျုပ်ကြားတယ်။ မင်းသမီးကြီးက ရုပ်ရည်ရူပကာချောမောပြီးတော့ ကောင်းမွန်တဲ့ပါရမီရှင်ဖြစ်တယ်။ ဘယ်ယောကျ်ားက သူ့ကို မမက်မောဘဲ နေမှာလဲ”

“မင်းသမီးကြီးက လှပပြီးတော့ ဉာဏ်ပညာမြင့်တယ်။ ခင်ဗျားရဲ့တုံ့လင်းကလန်လက်ထွက်နဲ့တော့ တစ်ခြားစီပဲ” ရီဖူရှင်းက တစ်ဘက်လူကို ကြည့်ကာ ပြောသည် “ဒီမတိုင်ခင် ကျုပ်က တုံ့ယွင်အိမ်တော်ကို ဝင်ခွင့်တောင်းရာမှာ အမျိုးသမီးတစ်ယောက်က ခွေးလိုဟောင်ပြီးတော့ ကျုပ်ကို အိမ်တော်သို့ ဝင်ခွင့်မပြုခဲ့ဘူး။ သူမက တုံ့လင်းကလန်က ဟုတ်တယ်မလား”

ရီဖူရှင်း၏နောက်တွင် လျိုတုံ့ကောနှင့် မနီးမဝေးတွင်ရပ်နေသော အမျိုးသမီးက ရီဖူရှင်းအား ဒေါသတကြီးကြည့်သည်။

သူမကား တုံ့လင်းကလန်မှ တုံ့လင်းချူယဲ့ဖြစ်သည်။

တုံ့လင်းကလန်ခေါင်းဆောင်က ရီဖူရှင်းအား အေးစက်စွာ ပြောသည် “မင်းက ပြိုင်စံရှားပါရမီရှင်ဆိုပေမဲ့လည်း အရမ်းမောက်မာပြီးတော့ ဘယ်သူ့ကိုမှ လေးစားမှုမရှိဘူး။ မင်းက တုံ့ယွင်အိမ်တော်က တန်ခိုးရှင်တွေကို သတ်ဖြတ်ရဲတယ်။ မင်းသာ တုံ့ယွင်အိမ်တော်ကို အုပ်ချုပ်ရင် အိမ်တော်က အနှေးနဲ့အမြန် ပျက်စီးမှာပဲ။ အိမ်တော်သခင်လျိုက သူ့နေရာက ဖယ်ပေးသင့်တယ်လို့ ကျုပ်မထင်ဘူး”

သည်တစ်ကြိမ်ကား တုံ့ယွင်အိမ်တော်သခင်သည် တိတ်ဆိတ်နေကာ ထိုစကားများကို တိတ်ဆိတ်စွာ သဘောတူထောက်ခံသည်။

“ခင်ဗျားအဆိုအရ သူက ဒီအတိုင်းရပ်နေပြီး တုံ့ယွင်အဖွဲ့ကလူတွေ တိုက်ခိုက်တာကို ငြိမ်ခံနေရမယ်ပေါ့။ သူသာ လုံလုံလောက်လောက် မသန်မာရင် မင်းတို့ သခင်လေးကြောင့် သူက တုံ့ယွင်အိမ်တော်ကို ခြေချခွင့်တောင် ရမှာ မဟုတ်ဘူး။ ဒီနှစ်တွေမှာ သူတို့ကြောင့် ပါရမီရှင် ဘယ်နှစ်ယောက်လောက် လွဲချော်ခဲ့ပြီးပြီလဲ”

“ခင်ဗျားတို့ ဘယ်လိုထဲလဲ” အင်ပါယာဟယ်လျန်က စကားမပြောရသေးသော တခြားအင်အားစုနှစ်ခုခေါင်းဆောင်ကို မေးသည်။

သူတို့မှာ ဟန်ကန်းဓားတောင်ထိပ်နှင့် ပေ့ကုန်းမိသားစုတို့ဖြစ်သည်။

သူတို့က သည်မတိုင်ခင် ထိပ်သီးအင်အားစုနှစ်ခုထဲမှ အင်အားစုတစ်ခုကို နားချနိုင်ခဲ့ကြသည်။

ဟန်ကန်းဓားတောင်ထိပ်သခင်သည် ဓားတစ်လက်ကို ကျောတွင်ပိုးထားကာ အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။ သူသည် အသက် ၅၀အရွယ်ခန့် ရုပ်ရည်ရှိကာ ရှည်လျားသောမုတ်ဆိတ်မွှေးတို့ဖြင့် ထည်ဝါသော အရှိန်အဝါရှိသည်။

“တုံ့ယွင်အိမ်တော်သခင်နေရာကို လွှဲပြောင်းတာက သာမန်ကိစ္စမဟုတ်ဘူး။ ဒါကို အချိန်ယူသင့်တယ်လို့ ကျုပ်ထင်တယ်” ဟန်ကန်းဓားတောင်ထိပ်သခင်က အိမ်တော်သခင်လျိုဘက်မှနေ၍ ပြောသည်။

ယခင်က ဟန်ကန်းဓားတောင်ထိပ်သည် အမြဲတမ်းအားဖြင့် ကြားနေဖြစ်သော်လည်း ယခု အိမ်တော်သခင်ဘက်ကို ပါနေသည်။ ကြည့်ရသည်မှာ သူတို့အကြား တစ်ခုခု နားလည်သဘောတူညီမှုရထားဟန်ရှိသည်။

“ဆရာပေ့ကုန်း ဘယ်လိုထင်လဲ” အင်ပါယာဟယ်လျန်က မေးသည်။ ဆရာပေ့ကုန်းက သူ့အား ကတိပြုထားသည်။

ဆရာပေ့ကုန်းကား သတ်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူသည် ထူးခြားစွာ ချောမောပြီး သပ်ရပ်သော အမူအရာရှိသည်။ သူက အင်ပါယာဟယ်လျန်အား ပြုံးလျှက်ပြောသည် “ကျုပ်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှ မှတ်ချက်မပြုလိုဘူး”

အင်ပါယာဟယ်လျန်က ထိုစကားများကိုကြားသည်တွင် တစ်ဘက်လူအား စူးရဲစွာ ကြည့်သည်။ အရေးကြီးသောအချန်တွင် သည်လူက ကတိဖျက်နေ၏။

ယခုအချိန်တွင် တစ်ဘက်လူသည် အင်အားစုသုံးခုဖြစ်နေပြီး သူတို့ဘက်တွင် အင်အားစုနှစ်ခုသာ ရှိနေသည်။ ဤအခြေအနေတွင် အိမ်တော်သခင်နေရာကို လှုပ်ယမ်းရန်မှာ အန်မတန်ခက်ခဲပေသည်။

တုံ့ယွင်အိမ်တော်သခင်ကား အရာအားလုံးကို မျှော်လင့်ထားပြီးသားဖြစ်သည့်အလား မျက်နှာတွင် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရပေ။ သူက ရလဒ်ကိုသိပြီးဖြစ်သည်။ သူက ထိပ်သီးအင်အားစုနှစ်ခုအား ဆွဲခေါ်ရန် ကြီးမားသော တန်ဖိုးအား ပေးဆပ်ခဲ့ရပေသည်။

ဟယ်လျန်အင်ပါယာနှင့် ယန်တုံ့ချင်းတို့နှစ်ယောက်က ရီဖူရှင်းကို မည်သည့်နည်းဖြင့် အိမ်တော်သခင်တင်မြှောက်မည်ကို သူ ကြည့်လိုသည်။

ရီဖူရှင်းက ထိုအရာများအားလုံးကို တိတ်တဆိတ်ကြည့်နေရာမှ လူအုပ်ကိုကြည့်ကာ မေးသည် “ကျုပ်က ဘာလို့ အိမ်တော်သခင်နေရာ လွှဲပြောင်းတာ လိုအပ်တာလဲ”

***

Comment

Leave a Reply

Options

not work with dark mode
Reset