Switch Mode

အပိုင်း(၁၈၇၅)

ဓားစွမ်းအား

လျိုတုံ့ကောက သေရည်ခွက်ကိုချလိုက်ကာ ရီဖူရှင်းနှင့် ဟယ်လျန်ယိုအား ကြည့်လိုက်၏။ ထိုအခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ပြင်းထန်သောဖိအားအောက်သို့ ရောက်လာ၏။ အနီးတဝိုက်မှလူများသည် နောက်ကို စတင်ဆုတ်ခွာကြ၏။

မကြာခင် စားသောက်ဆိုင်ကို ဗဟိုပြု၍ နေရာကျယ်ကြီးတစ်ခုဖြစ်လာသည်။ ရီဖူရှင်းနှင့် တခြားလူများအပြင် တုံ့ယွင်အိမ်တော်မှ တန်ခိုးရှင်များသာ ကျန်ရစ်တော့သည်။ ရန်ဟောင်တစ်ဒါဇင်ခန့်သည် ထိုနေရာအား အရပ်မျက်နှာအသီးသီးမှ စောင့်ကြပ်ကြ၏။

အဝေးမှလူများ၏အမူအရာက ပြောင်းလဲသွားသည်။ လူတိုင်းက တုံ့ယွင်မြို့၌ ဖြစ်ပေါ်လာသော မုန်တိုင်းအား သိရှိကြသည်။ ယခု မုန်တိုင်းသည် စတင်တိုက်ခိုက်တော့မည်လော။

တုံ့ယွင်အဖွဲ့မှ တန်ခိုးရှင်များက ရီဖူရှင်းကို အမှန်တကယ် တိုက်ခိုက်ကြတော့မည်လော။

သို့ဆိုလျှင် လူတိုင်းက သူတို့အား မကောင်းပြောကြပေတော့မည်။

မည်သို့ဆိုစေ ရီဖူရှင်းကား တုံ့ယွင်အိမ်တော်တည်ထောင်သူကိုယ်တိုင်က အသိအမှတ်ပြုခံရသူဖြစ်၏။

“ဒါက ဘာမှ မဟုတ်ပါဘူး။ အရင်နေ့က အင်ပါယာရီရဲ့ ထုတ်ဖော်မှုဟာ ကျုပ်တို့အားလုံးရဲ့မှတ်ဉာဏ်ထဲမှာ ထင်ရှားနေတုန်းပဲ။ ကျုပ်တို့ တုံ့ယွင်အဖွဲ့ကလူတွေအားလုံးက ခင်ဗျားဆီက သင်ယူလိုနေကြပါတယ်” လျိုတုံ့ကောက အေးအေးလူလူပြောသည်။

“ကျုပ် စိတ်မဝင်စားဘူး” ရီဖူရှင်းက ပြန်ပြောသည်။

“တုံ့ယွင်အိမ်တော်မှာ ရှင်က ဒီလို လေသံမဟုတ်ပါဘူး” တုံ့လင်းကလန်မှ အမျိုးသမီးက အူမြူးစွာ ဆိုသည်။

ယနေ့ သူတို့က ရီဖူရှင်းအား မသတ်ဖြတ်သော်လည်း သူ့အား ထိန်းချုပ်ရပေမည်။

ဟယ်လျန်တော်ဝင်မိသားစုနှင့် ယန်ကလန်တို့က ရီဖူရှင်းကို အသုံးပြုကာ တုံ့ယွင်အိမ်တော်အား ထိန်းချုပ်လိုကြသည်။ သူတို့က ထိုသို့ဖြစ်လာရန် ခွင့်မပြုနိုင်ပေ။

ရီဖူရှင်းကို သူတို့ထိန်းချုပ်ခွင့်ရရန် လိုပေသည်။

“အင်ပါယာရီစိတ်မဝင်စားမှတော့ ကျွန်မတို့ သွားတော့မယ်။ ဒါပေမဲ့ အိမ်တော်သခင်လေးက ဘာလုပ်ချင်တာလဲ” ဟယ်လျန်ယိုက အေးစက်စွာ ပြောသည်။

“ဒါက မင်းသမီးနဲ့ ဘာမှ မဆိုင်ပါဘူး” လျိုတုံ့ကောက ဟယ်လျန်ယိုကို ကြည့်ကာ ဆက်ပြောသည်။

“သေချာပေါက် သက်ဆိုင်တာပေါ့။ ရှင့်အဖေက တုံ့ယွင်အိမ်တော်ကို ထိန်းချုပ်လာတာ ဆယ်စုနှစ်ကြာနေပြီ။ ကျွန်မအဖေနဲ့ စီနီယာယန်က ရှင့်အဖေအနေနဲ့ ဆက်လက်ပြီး တာဝန်ယူဖို့ သင့်မသင့် တုံ့ယွင်အိမ်တော်ကို သွားပြီးတော့ ဆွေးနွေးနေကြပြီ” ဟယ်လျန်ယိုက ပြဿနာ၏အရင်းအမြစ်အား တိုက်ရိုက်ပြောသည်။

သူမက သည်နေရာကို ရောက်လာမှတော့ သေချာပေါက် ပြင်ဆင်ထားပြီးဖြစ်သည်။

လျိုတုံ့ကောက ဟယ်လျန်ယိုအား ကြည့်ကာ နှာခေါင်းရှုံ့သည်။ တစ်ဘက်အဖွဲ့က ပြင်ဆင်ထားသလို သူတို့ကလည်း ထိုနည်းတူပင်။

တစ်ဘက်အဖွဲ့က တုံ့ယွင်အိမ်တော်ကို သွားရောက်သည်ဆိုမှတော့ သူတို့က ကိုယ်စီ မိမိ၏ပြဿနာများကို ဖြေရှင်းရပေမည်။

သူက သည်နေရာမှ ကိစ္စကို ဖြေရှင်းမည်ဖြစ်ကာ သူ၏အဖေက တစ်ခြားလူများကို ဖြေရှင်းပေလိမ့်မည်။

“ကျုပ်အဖေက တုံ့ယွင်အိမ်တော်ကို အုပ်ချုပ်လာတာ ကြာလှပြီ။ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေပြီးသား။ ကျင့်ကြံခြင်းကို စိတ်ဝင်စားသူတိုင်း တုံ့ယွင်အိမ်တော်ကိုလာရောက်လေ့ကျင့်နိုင်တယ်။ ကျုပ်တို့က ထူးချွန်တဲ့တန်ခိုးရှင်အများအပြားကိုလည်း မွေးထုတ်ပြီးပြီ။ အင်ပါယာဟယ်လျန်က တချို့စိုးရိမ်ပူပန်စရာရှိတယ်ဆိုရင် ကျုပ်တို့က ဆွေးနွေးနိုင်တယ်” လျိုတုံ့ကောက ပြောသည် “ဒီကိစ္စအတွက် သိပ်ပြီးတော့ စိတ်ပူစရာမရှိတော့ဘူးထင်တယ်”

အနီးတဝိုက်မှလူများ ဝမ်းသာနေကြသည်။ သူတို့က တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံရမည်ဟု မထင်ထားကြပေ။

တုံ့ယွင်အိမ်တော်တိုက်ပွဲက စတင်ဖြစ်ပေါ်တော့မည်လော။

လူအများအပြားက စတင်တွေးတောကြသည်။ သူတို့က အဝေးကို လှမ်းကြည့်ကြသည်။ သည်နေရာကား တုံ့ယွင်သခင်လေးရွေးချယ်ထားသော စားသောက်ဆိုင်ဖြစ်ကာ ရန်ဟောင်များ၏စိတ်အာရုံများက သည်နေရာသို့ ရောက်လာနိုင်သည်။ တစ်ခြားတစ်ဘက်တွင် တုံ့ယွင်အိမ်တော်မှ အဆင့်မြင့်တန်ခိုးရှင်များသည် ဤနေရာမှ အဖြစ်အပျက်များကို နတ်အာရုံဖြင့် ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

“ကျွန်မက စိတ်မပူဘူး။ အင်ပါယာရီက စိတ်မဝင်စားမှတော့ သူ့ကို မနှောင့်ယှက်သင့်ဘူး” ဟယ်လျန်ယိုက ပြောသည်။ လူအုပ်ကြီး၏အဝေးတွင် ကြောက်မက်ဖွယ်အရှိန်အဝါနှင့်လူတစ်စု ထွက်ပေါ်လာသည်။ သူတို့အားလုံး စွမ်းအားမြင့်ရန်ဟောင်များဖြစ်ကြသည်။

သိသာစွာပင် ဟယ်လျန်တော်ဝင်မိသားစုသည်လည်း သေချာပြင်ဆင်လာခဲ့သည်။

ထို့အပြင် လူအုပ်ထဲတွင်လည်း ယခုထိ လူလုံးထွက်မပြသေးသော ရန်ဟောင်များလည်း ရှိကြသေးသည်။

ထိပ်သီးအင်အားစုခြောက်ခုသည် တုံ့ယွင်အိမ်တော်ကို ထိန်းချုပ်ခွင့်အတွက် အားပြိုင်ကြသည်။ ဤသည်ကား အင်အားစုခြောက်ခု၏အားပြိုင်မှုဖြစ်ကာ အင်အားစုနှစ်ခုတည်းနှင့် ပြီးမည့်ကိစ္စမဟုတ်ချေ။

လျိုတုံ့ကောက ရီဖူရှင်းအား ပြုံးလျှက်ကြည့်သည်။ “အားလုံးက ပြင်ဆင်လာကြတာပဲ။ ရုပ်တုပေါ်လာတဲ့နေ့ကတည်းက ကျုပ်အဖေက ပြောပြီးသားပဲ။ အစ်ကိုရီသာ ဆန္ဒရှိရင် သူက အိမ်တော်သခင်နေရာက ဆင်းပေးဖို့ အမြဲအဆင်သင့်ပဲ။ အစ်ကိုရီက ဟယ်လျန်ကလန်နဲ့ပူးပေါင်းပြီး ကျုပ်တို့ကို တိုက်ခိုက်စရာမလိုဘူး”

ရီဖူရှင်း မျက်မှောင်ကြုတ်သည်။ လျိုတုံ့ကောက သူ့အား ခေါ်သောပုံစံအား သူ သဘောမကျပေ။

“မင်းက ငါ့သခင်ကို အဲလိုခေါ်ဖို့ မထိုက်တန်ဘူး” သိမ်းငှက်နက်က ဘေးမှ ဆဲရဲလိုက်သည်။ သူ့အသံကား စူးရှ၏။ သူ့မျက်လုံးများက လျိုတုံ့ကောကို အထင်သေးစွာ ကြည့်သည်။

“သားရဲတစ်ကောင်က ဒီနေရာမှာ ဝင်ပြောခွင့်မရှိဘူး” လျိုတုံ့ကောက သိမ်းငှက်နက်ကို ကြည့်ကာ ပြောသည်။ “အစ်ကိုရီက တုံ့ယွင်အိမ်တော်သခင်ဖြစ်ချင်မှတော့ ကျုပ်အဖေက ပြောပြီးသားပဲ။ အစ်ကိုရီက တုံ့ယွင်အိမ်တော်ကို သွားတာနဲ့ သူက နေရာက ဆင်းပေးလိမ့်မယ်”

“အကြံကောင်းပဲ”

ရီဖူရှင်းက ခေါင်းညိတ်၏။ သူ၏အသံက တည်ငြိမ်နေကာ သူ့အတွက် တစ်စုံတစ်ခုထူးခြားသည့်ကိစ္စကို ပြောဆိုဆွေးနွေးနေသည်နှင့်လည်း မတူပေ။

ယခု အရာအားလုံးက ရှင်းလင်းသွားပြီဖြစ်ရာ တုံ့ယွင်အိမ်တော်သခင်၏သဘောကိုလည်း နားလည်ပြီဖြစ်သည်။

ဤတွင် ယန်ချင်းကို ကတိပေးထားသည့်ကိစ္စကိုလည်း ပြီးမြောက်အောင် လုပ်ရပေမည်။

သူက သေရည်ခွက်ကိုချကာ လျိုတုံ့ချင်းအား ပထမဆုံးအကြိမ် ကြည့်သည်။ ထိုထူးမခြားနားသော မျက်လုံးများကို တွေ့သည်တွင် လျိုတုံ့ချင်းတွင် ခံစားချက်တစ်ခုဖြစ်လာသည်။ ထိုမျက်လုံးအစုံက သူ့အား မည်သည့်အခါကမှ အလေးမထားဖူးသည့်ခံစားချက်ကို သူရသည်။

အလွန်ငယ်ရွယ်ဟန်ရသော ရီဖူရှင်းသည် အလွန်နက်ရှိုင်းသောမျက်လုံးအစုံကို ပိုင်ဆိုင်ထားကာ ၄င်းက သူသည် ဘဝ၌ များစွာသော အနိမ့်အမြင့်အတက်အကျကို ကြုံဆုံဖူးသော ပုံစံဖြစ်သည်။

အဆင့်နိမ့်လောကမှသည် ပြည်နယ်ကိုးခုအထိ၊ ၄င်းမှသည် ကောင်းကင်ဒေသအထိ သူသည် များစွာသော သေခြင်းရှင်ခြင်းအခိုက်အတန့်များ၊ အခက်အခဲများကို ဖြတ်ကျော်လာခဲ့ပြီးဖြစ်သည်။ ထိုသို့သော အတွေ့အကြုံများတွင် လူအနည်းငယ်ကသာ ရီဖူရှင်းနှင့် ယှဉ်နိုင်သည်။ သူသည် နယ်မြေဒေသများစွာသို့ ရောက်ဖူးကာ မုန်တိုင်းများစွာကို ဖြတ်သန်းဖူးသည်။

“ဒါဆို တုံ့ယွင်အိမ်တော်သခင်က နေရာဖယ်ပေးလိုက်တော့” ရီဖူရှင်းက ပြောလျှင် လူအများ၏စိတ်နှလုံးကို တင်းကြပ်သွားစေသည်။

တုံ့ယွင်အိမ်တော်သခင်ကား နေရာဖယ်ပေးရန် အချိန်ကျလေပြီ။

ရီဖူရှင်းက တုံ့ယွင်အိမ်တော်သခင်အား နေရာအတင်းဖယ်ခိုင်းနေလေပြီ။

ဆိုလိုသည်က တုံ့ယွင်အိမ်တော်တည်ထောင်သူဘိုးဘေးမှ အိမ်တော်သခင်အဖြစ် သတ်မှတ်ခံရသော လူငယ်သည် တုံ့ယွင်အိမ်တော်ကို တာဝန်ယူရန် အဆင်သင့်ဖြစ်နေချေပြီ။

“ဒါလည်း ဖြစ်တာပဲ” လျိုတုံ့ကောက ပြုံးလျှက် ရီဖူရှင်းကို ကြည့်သည်။ သူက မျက်မှောင်ကုတ်ကာ ပြောသည် “အင်ပါယာရီက တောင်းဆိုမှတော့ ကျုပ်အဖေကလည်း နေရာဖယ်ပေးမှာပေါ့။ ကျုပ်နဲ့အတူ တုံ့ယွင်အိမ်တော်သို့ လိုက်ခဲ့ပါ”

သူတို့က တုံ့ယွင်အိမ်တော်တွင် ဆက်ရှိနေသရွေ့ ရီဖူရှင်းက တုံ့ယွင်အိမ်တော်သခင်ဖြစ်လာလျှင်ကော အဘယ်အရေးနည်း။

သူကား ရုပ်သေးတစ်ရုပ်မျှသာဖြစ်သည်။ အနာဂတ်တွင် သူတို့က ရီဖူရှင်းကို အေးဆေးစွာ ရှင်းလင်းပစ်နိုင်၏။

“အဲဒီကို ကျုပ်ကိုယ်တိုင်သွားမယ်” ရီဖူရှင်းက ထရပ်ကာ ခြေတစ်လှမ်းဖြင့် စားသောက်ဆိုင်အပြင်ဘက်ကို ရောက်သွားသည်။ ကြည့်နေသူများသည် သူ၏လှုပ်ရှားမှုများကို နားလည်ရန် ခက်ခဲနေကြသည်။

ရီဖူရှင်းက သည်ကိစ္စတစ်ခုလုံးကို ကလေးကစားသည့်ကိစ္စအလား သဘောထားနေသည်ဟု သူတို့အားလုံး ခံစားနေကြရသည်။ ယခု သူက လျိုတုံ့ကောနှင့် တခြားရန်ဟောင်များကို လျစ်လျူရှုကာ  သူ့စိတ်သဘောအတိုင်း ထွက်ခွာသွားရန် ဟန်ပြင်သည်။

ဟယ်လျန်ယိုသည်ပင် အနည်းငယ် အံ့အားသင့်သွားပြီး ရီဖူရှင်းနောက်ကို လိုက်ပါသည်။

သို့သော်လည်း သူတို့အပြင်ထွက်လိုက်သည်နှင့် လူအုပ်ထဲမှ ကြီးမားသောဖိအားတစ်ခုသည် ရီဖူရှင်းထံသို့ ကျရောက်လာ၏။

လျိုတုံ့ကောက ထရပ်လိုက်သည်။ သူက ခေါင်းမော့ကာ ရီဖူရှင်းအား လှမ်းကြည့်၏။

ရီဖူရှင်းကား မောက်မာကာ စိတ်ရှည်သည်းခံမှု ကင်းမဲ့သည်။

ရီဖူရှင်းက လေထဲတွင် ဆက်လက်ပျံသန်းသွားလျှင် ရန်ဟောင်တစ်ပါးသည် သူ့ရှေ့မှ လမ်းကို လာပိတ်သည်။ ထိုရန်ဟောင်ထံမှ ကြီးမားသောအရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။

လျိုတုံ့ကောက လေထဲကို အေးစက်စွာ လှမ်းကြည့်နေသည်။

“ဒီနယ်မြေက မငြိမ်းချမ်းဘူး။ အင်ပါယာရီကို ကြံစည်မယ့်လူတွေကို ရှောင်ရှားဖို့အတွက် ကျုပ်တို့နဲ့အတူ လိုက်ခဲ့စေချင်တယ်” လျိုတုံ့ကောက ပြောသည်။ ပြဿနာများကင်းစေရန် သူတို့က ရီဖူရှင်းအား ထိန်းချုပ်ထားလိုသည်။

ရီဖူရှင်းက မျက်ခုံးပင့်ကာ တစ်ဘက်လူအား လှမ်းကြည့်သည်။ အကြည်တစ်ချက်က ထိုလူအား ကျောစိမ့်သွားစေသည်။ သူသည် အေးစက်စက် အနက်ရောင်ကမ္ဘာထဲတွင် ‘လ’တစ်စင်းကို မြင်သည်။

လရောင်သည် သူ၏စိတ်ဝိညာဉ်ထံသို့ ကျူးကျော်လာခဲ့ကာ တင်းကြပ်သော ခံစားချက်အား ပေးသည်။

တချိန်တည်းမှာပင် ပြင်းထန်သောဓားလှိုင်းတစ်ခု ရီဖူရှင်းထံမှ ပေါက်ကွဲထွက်လာခဲ့၏။ အဆုံးမဲ့သောအာကာပြင်သည် ဓားတို့၏နယ်မြေဖြစ်လာသည်။

ရွှစ်…ရွှစ်…

ဓားစက်ကွင်းနယ်မြေထဲတွင် မရေမတွက်နိုင်သောဓားလှိုင်းများရစ်ပတ်လျှက် ဓားတစ်လက်ဖြစ်လာသည်။ ဓားသည် မဟာလမ်းစဉ်၏ဓားစွမ်းအားဖြစ်ပြီး အဆုံးမဲ့သောအလင်းများကို ထုတ်လွှတ်ထားသည်။ ထိုဓားသည် ကြောက်မက်ဖွယ်ကောင်းအောင် ထက်ရှကာ စွမ်းအားကြီးသည်။

အဝေးမှ တိုက်ပွဲကို ကြည့်နေသူများမှာ ပိုမိုဝေးရာသို့ ဆုတ်ခွာကြ၏။ ပြင်းထန်သောဖိအားအောက်တွင် သူတို့မှာ အသက်ရှုရန်ပင် ခက်ခဲလာတော့သည်။

ရီဖူရှင်းကို တားဆီးရန် ကြိုးစားသော ရန်ဟောင်၏အမူအရာ ပြောင်းလဲသွားသည်။ ဓားအလင်းသည် သူ့ခန္ဓာကိုယ်တွင် လာရောက်ရိုက်ခတ်၏။ ထိုအခိုက်တွင် ရီဖူရှင်းသည် သူ၏လက်ညိုးကို ရှေ့ကို ထိုးချိန်လိုက်သည်။

မဟာလမ်းစဉ်၏ဓားအားလှိုင်းသည် အလင်းတန်းအသွင်ဖြင့် လေထုကို ဖြတ်သန်းသွားကာ ကောင်းကင်နှင့်မြေပြင်အကြား ဓားအမှတ်အသားတစ်ခု ဖြစ်လာစေသည်။

ရွှစ်…

အသံတစ်သံနှင့်အတူ အလယ်အလတ်အဆင့်ရန်ဟောင်၏ခန္ဓာကိုယ်သည် ဓားအလင်းဖြတ်သန်းခံရကာ သူ၏ဝိညာဉ်နှင့်ခန္ဓာမှာ အမှုန်အမွှားများသို့အဖြစ် ပြောင်းလဲသွားတော့သည်။

သူကား မည်သည့်အခါကမှ တည်ရှိခြင်းမရှိခဲ့သလို…။

လျိုတုံ့ကောသည် ထိုမြင်ကွင်းကိုကြည့်ကာ ပါးစပ်ဟနေသည်။ အလယ်အလတ်အဆင့်ရန်ဟောင်တစ်ပါးသည် ဓားတစ်ချက်တည်းဖြင့် အသတ်ခံရ၏။

ရီဖူရှင်းကား ယမန်နေ့ကထက်ပင် ရန်လိုနေသေးသည်။

“ကျုပ်က ခြိမ်းခြောက်တာမျိုးတွေကို မကြိုက်ဘူး” ရီဖူရှင်းက ရှေ့ကိုဆက်သွားသည်။

လျိုတုံ့ကော၏မျက်နှာကား သုန်မှုန်နေ၏။ ရန်ဟောင်အများအပြားသည် လေထဲကိုတက်လာကာ တချို့ကား စွမ်းအားမြင့်ဝိညာဉ်လက်နက်များကိုပင် ကိုင်ဆောင်ထားကြသည်။ သူတို့ထံမှ စွမ်းအားများပေါက်ကွဲထွက်လာကာ ရီဖူရှင်းအား စတင်တိုက်ခိုက်ကြ၏။

“သတ်…”

ရီဖူရှင်းက လက်ဝှေ့ယမ်းလိုက်လျှင် ဓားသည် အလင်းတန်းအသွင်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေပြင်အကြား ဖြတ်ပြေးသွားသည်။

ရွှစ်… ရွှစ်… ရွှစ်…

မကြာခင် ထိုရန်ဟောင်များ၏ခန္ဓာကိုယ်များမှာ အစအနမကျန်အောင် လောကကြီးမှ ဖယ်ရှားခံလိုက်ရတော့သည်။

မည်သူမှ ထိုဓားကို မခုခံနိုင်။

ထိုအရှိန်အဝါကြီးသော မြင်ကွင်းက ပတ်ဝန်းကျင်မှ တန်ခိုးရှင်များအားလုံးကို အံ့အားသင့်စေသည်။ ရီဖူရှင်းသည် တုံ့ယွင်အိမ်တော်ရုပ်တုဖြစ်ပေါ်လာစေနိုင်စွမ်းရှိရာ သူသည် ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သံသယဖြစ်စရာမလို။ သို့တိုင်အောင် သူ့အား သည်မျှစွမ်းအားကြီးမည်ဟု မည်သူမှ မတွေးထင်ထားကြပေ။

သူက အမှန်တကယ် တတိယအဆင့်ရန်ဟောင်တစ်ပါးပေလော။

ရန်ဟောင်များအား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းက ကျင့်ကြံခြင်းလောက၏ကျိုးကြောင်းဆီလျော်မှုကို ကပြောင်းကပြန်ဖြစ်စေနိုင်သော ပြသမှုဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset