အပိုင်း(၁၈၆၈)

ကောင်းကင်ပြက္ခဒိန် ၁၀၀၄၅ ခုနှစ်

ကောင်းကင်ပြက္ခဒိန် ၁၀၀၄၅ ခုနှစ်။ ရီဖူရှင်းက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ဆင့်လောအိမ်တော် သုတ်သင်ခံလိုက်ရသည့် သတင်းက ​ပျံ့နှံ့သွားသည်။ လူအများက ဤနေရာသို့ လာရောက်စူးစမ်းကြသော်လည်း ဆင့်လောအိမ်တော်အနီး ဓားစွမ်းအင်များက စီးဆင်း​နေပြီး သိမ်းငှက်နက်လေးက တောင်ကို လှည့်ပတ်စောင့်ကြပ်နေရာ မည်သူကမှ မကျူးကျော်လာနိုင်ပေ။

ဆင့်လောအိမ်တော်မှ လူအားလုံးကို အမြစ်ဖြတ်သုတ်သင်ခဲ့သူမှာ ဖော်ရွေရင်းနှီးတတ်သူ မဖြစ်နိုင်ပေ။ သို့သော်လည်း ဤအရပ်ဒေသတွင် နေထိုင်ကြသူများက ဆင့်လောအိမ်တော်ကို ဖျက်​ဆီးခဲ့သူအား တွေ့ဆုံလိုကြပြီး အရိုအသေပင် ပေးချင်​နေကြ၏။

သူတို့အားလုံးသည် ဆင့်လောအိမ်တော်မှ ပြုလုပ်ခဲ့သော အရာအားလုံးကို သိရှိကြပြီး တစ်စုံတစ်ယောက်က ထိုအဖြစ်များကို အဆုံးသတ်ပေးလိုက်သည်ဟု ကြားသောအခါ ကျေနပ်အားရကြပေသည်။

ထိုအချိန်၌ ရီဖူရှင်းသည် ဆင့်လောအိမ်တော်အတွင်း အမြင့်ဆုံး တောင်ထိပ်တွင် ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေပြီး မဟာလမ်းစဥ်စွမ်းအားများက သူ့အနီးတွင် စီးဆင်းနေသည်။ သူ၏ နတ်ဝင်ရိုးက တောက်ပနေပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် မဟာလမ်းစဥ်နတ်အလင်းများကို ထုတ်လွှတ်နေ၏။

ရှားရှင်းယွန်နှင့် သိမ်းငှက်လေးက အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ရီဖူရှင်းရှိရာဘက်သို့ ကြည့်နေကြသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် အလင်းတန်းတို့က ကောင်းကင်သို့ ထိုးတက်သွားသည်။ မဟာလမ်းစဥ်စွမ်းအင်လှိုင်းများက ဆင့်လောအိမ်တော်ကို လှည့်ပတ်နေပြီး အိမ်တော်ဝန်းကျင်တွင် လှည့်ပတ်နေသော ဓားစွမ်းအားများကို လျော့ပါးစေသည်။

“အရမ်း အစွမ်းထက်တာပဲ။”

မဟာလမ်းစဥ် စွမ်းအားများ ရိုက်ခတ်မှုကြောင့် ယင်ချင်း၏ အဝတ်များက တဖျတ်ဖျတ် လွင့်ကာ အသံများပင် မြည်နေခဲ့သည်။ ယခင်က သူမ၏ ဆရာနှင့် ဆရာတူအစ်ကိုများက သူမကို ထိုသို့သော ခံစားချက်မျိုး ပေးသည်။ ရီဖူရှင်း၏ ကျင့်ကြံဆင့်က သူမဆရာလောက် မမြင့်သော်လည်း သူ၏ မဟာလမ်းစဥ်စွမ်းအားက အလွန် သန့်စင်ပြီး ပြင်ထန်လှသည့် စွမ်းအင်တို့ကို သယ်ဆောင်ထားသည်။

ယင်ချင်းက တအံ့တသြပင် အသံထွက်သွားမိ၏။ ရီဖူရှင်းက မည်သည့် လျှို့ဝှက်နယ်​မြေက လာခဲ့သနည်း။ သူက အလွန် အစွမ်းထက်လှသည်။

သူက ဒုတိယအဆင့် နတ်ဝင်ရိုး၌ ရှိနေစဥ်ကပင် ဆင့်လောအိမ်တော် ခေါင်းဆောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခု သူက အဆင့်တက်သွားပြီဖြစ်ရာ သူ့စွမ်းရည်က ပို၍ တိုးတက်လာနိုင်ပေသည်။ သူက အဋ္ဌမဆင့်မှ ကျင့်ကြံသူဆရာသခင်များကို ရင်ဆိုင်ရန် စွမ်းရည် လိုအပ်နေသေးသော်လည်း ပြီးပြည့်စုံသော နတ်ဝင်ရိုးမဟုတ်သည့် သတ္တမဆင့်မှ တန်ခိုးရှင်များကို အလွယ်တကူ သုတ်သင်ပစ်နိုင်ပေသည်။

ယခုတွင် ရီဖူရှင်းသည် တုံ့ယွမ်အိမ်တော်သခင်ကို အနိုင်ယူရန် ပို၍ ယုံကြည်ချက် ရှိလာနိုင်သည်။

ယင်ချင်းက ယခု နှစ်များစွာ စောင့်ဆိုင်းခဲ့ရသည်ကို ဂရုမစိုက်ပေ။ သွေးကြွေးရန်ငြိုးကို ပြန်ဆပ်နိုင်သရွေ့ ဤအချိန်ကာလက မြင့်မားသော တန်ဖိုးမဟုတ်ပါချေ။ သူမက ကိုယ်တိုင် လက်စားချေရန် အခွင့်အရေး မရှိနိုင်သည်မှာ သေချာလုနီးပါး ရှိလေသည်။

အချိန်အတော်ကြာပြီးနောက် မဟာလမ်းစဥ်စွမ်းအားများက ပျောက်ကွယ်လာသည်။ ငွေဖြူရောင်ဆံပင်နှင့် အမျိုးသားက ချောက်ကမ်းပါးထက်တွင် မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ ယင်ချင်းသည် ရီဖူရှင်းအား စိုက်ကြည့်နေပြီး ဤလူငယ်က မည်သို့ဖြစ်၍ ထိုမျှ မြင့်မားသောအဆင့်သို့ ရောက်ရှိသနည်းဟု သိချင်မိပေသည်။

ထို့ပြင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ သူ့အတွက် ရန်ဟောင်အဆင့်အတွင်း အဆင့်ချိုးဖြတ်ရန် ထိုမျှလွယ်ကူနေပုံရလေသည်။

ယင်ချင်းက ရှားရှင်းယွန်နှင့် သိမ်းငှက်လေးတို့ ရီဖူရှင်းထံ လျှောက်သွားသည်ကို မြင်သည်။ ထို့ကြောင့် သူမလည်း သူတို့နှင့် အနီးသို့ လိုက်သွားခဲ့၏။

ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်လိုက်ပြီး နူးညံ့သော အပြုံးတစ်ပွင့် လှစ်ဟလာသည်။ သူ၏ ချောမောသော မျက်နှာနှင့် သန့်စင်သော အပြုအမူက အလွန် သြချရလောက်စေသည်။

ရှားရှင်းယွန်က သူ၏ မျက်နှာမှာ လွန်ခဲ့သော နှစ်များစွာက ပြည်နယ်ကိုးခု၌ စတင်တွေ့ဆုံစဥ်ကထက် ပိုဆွဲဆောင်မှု ရှိလာသည်ဟု တွေးမိလိုက်သည်။ သူက ပို၍ ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိလာပေသည်။

“အကြာကြီး စောင့်နေပေးခဲ့တာ ကျေးဇူး။” ရီဖူရှင်းက ပြောလိုက်သည်။ နောက်ဆုံးတွင် သူက အချိန်အချို့ကို ကျင့်ကြံရန်အသုံးချပြီးနောက် ပိုမြင့်သော အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။

သို့သော် သူသည် ဤမျှနှစ်အနည်းငယ်အတွင်း ကောင်းကင်ဒေသမှ မူလဘုံသို့ ပြန်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်ပေသည်။ သူက ယခုထက် ပို၍ သန်မာလာမှသာ ပြန်ရောက်ရောက်ချင်း အသတ်ခံရခြင်းမှ ကာကွယ်နိုင်ပေလိမ့်မည်။

သူသည် ကောင်းကင်ဒေသအတွင်း သွားလာရန် လုံလောက်သော ခွန်အားရှိရန် လိုပေသည်။

သူ ကောင်းကင်ဒေသို့ ရောက်လာသည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီဖြစ်၏။ ထို့​ကြောင့် သူသည် မူလဘုံအကြောင်း သိချင်နေပေသည်။

မင်းသမီးဒွန်ဟောင်က သူမကိုယ်တိုင် အမိန့်ထုတ်ပြန်ထားသည့်အတွက် သူ ‘သေဆုံးပြီး’ နောက်တွင် မူလဘုံ၌ ငြိမ်းချမ်းနေသင့်သည်။

“အခု ဘယ်ကို သွားကြမလဲ။” ရှားရှင်းယွန်က မေးလိုက်သည်။

ယင်ချင်းကလည်း မျှော်လင့်နေသော မျက်ဝန်းတစ်စုံနှင့် ရီဖူရှင်းအား ကြည့်နေသည်။

ရီဖူရှင်းက သူမ၏ အမူအရာကို သတိပြုမိသောအခါ ပြောလိုက်သည်။ “တုံ့ယွမ်မြို့ကို သွားကြရအောင်။”

ယင်ချင်း၏ ပြဿနာကို ကူညီမည်ဟု ကတိပေးထားသည့်အပြင် သူ တုံ့ယွမ်မြို့သို့ သွားရန်ဆုံးဖြတ်လိုက်ခြင်းမှာ ၎င်းသည် ဤကုန်းမြေ၌ အကြီးဆုံးမြို့တစ်ခု ဖြစ်သည့်အတွက် သူ ကောင်းကင်ဒေသအကြောင်း သတင်းအချက်အလက် စုစည်းရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။

ယင်ချင်းသည် ရှန့်ထိုအဆင့်သာဖြစ်သောကြောင့် သူမသည် ဤကုန်းမြေအပြင်ဘက်သို့ သူမတစ်ယောက်တည်း မည်သည့်အခါမှ ခရီးမသွားဖူးခဲ့ပေ။ ကောင်းကင်ဒေသအကြောင်း သူမ သိသမျှ အရာအားလုံးမှာ ကြားဖူးနားဝများသာ ဖြစ်လေသည်။ သူမသည် ကောင်းကင်ဒေသ၏ အင်အားစုများအကြောင်း ရှင်းလင်းစွာ မသိရှိပေ။

ကောင်းကင်ဒေသမှာ ရှန့်ထိုအဆင့်မှ တစ်စုံတစ်ယောက်အတွက် ကျယ်ပြောလွန်းလှသည်။

ရန်ဟောင်တစ်ပါးအတွက်ပင် အားလုံးသော ကုန်းမြေများသို့ သွားနိုင်ရန် ခက်ခဲလှပေသည်။

“သိမ်းငှက်လေး” ရီဖူရှင်းက ခေါ်လိုက်သည်။ သိမ်းငှက်နက်လေးက သူ၏ တောင်ပံများကို ရုတ်တရက် ဖြန့်ကားလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ကြီးမားသောသိမ်းငှက်ကြီးတစ်ကောင် ​ဖြစ်လာလေသည်။

ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် ယင်ချင်းတို့က သိမ်းငှက်နက်လေးပေါ် တက်လိုက်ကြသည်။ သူက တောင်ပံများကို ခတ်ကာ တိမ်များထဲသို့ ပြေးဝင်သွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားလေသည်။

တုံ့ယွမ်မြို့သည် ဤကုန်းမြေ၏ အကြီးဆုံးမြို့တစ်ခု ဖြစ်သည့်အလျောက် အစွမ်းထက် တန်ခိုးရှင်အမြောက်အမြား နေထိုင်ပေသည်။

တောင်ဘက်တောင်ကုန်းက တုံ့ယွမ်မြို့တွင် အလွန်ကျော်ကြားသည်။ အကြောင်းမှာ ထိုနေရာ၌ ထူးခြားလှသော ပုဂ္ဂိုလ်တစ်ဦး ကျင့်ကြံနေသောကြောင့် ဖြစ်သည်။ အချို့သောသူများက သူ့ကို လေးစားသမှုနှင့် တောင်ဘက်တောင်ကုန်း၏ သူတောင်စင်ဟု ခေါ်ကြသလို အချို့က တောင်ဘက်တောင်ကုန်း၏ ဆရာသခင်ဟု ခါ်ကြပေသည်။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော လူအိုကြီးဖြစ်၍ သူ့တွင် တပည့်ပေါင်းများစွာ ရှိသည်။ သူ၏ တပည့်များက အသက်ကြီးလာသည်နှင့်အမျှ ပို၍သန်မာအားကောင်းလာကာ တုံ့ယွမ်မြို့တွင် လွှမ်းမိုးနိုင်သောသူများ ဖြစ်လာသည်။

ယခင်နေ့ရက်များတွင် တောင်ဘက်တောင်ကုန်းသည် ဒုတိယမြောက် တုံ့ယွမ်အိမ်တော်ဟု ချီးကျူးခံရပေသည်။ တောင်ဘက်တောင်ကုန်း သူတော်စင်နှင့် တုံ့ယွမ်အိမ်တော်သခင်တို့က မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ သို့သော် တောင်ဘက်တောင်ကုန်းသည် တစ်ညအတွင်း အလုံးစုံ ဖျက်ဆီးခံခဲ့ရလေသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက တောင်ဘက်တောင်ကုန်း၏ သူတော်စင်က တုံ့ယွမ်အိမ်တော်သခင်၏ ရာထူးအဆင့်အတန်းကို မက်မောပြီး တပည့်များကို ဦးဆောင်ကာ တုံ့ယွမ်အိမ်တော်သို့ ကျူးကျော်ခဲ့ကာ သူ့မိတ်ဆွေအား တုံ့ယွမ်အိမ်တော်သခင် ရာထူးမှ ဖယ်ပေးရန် ခြိမ်းခြောက်ခဲ့သည်။ သို့သော်လည်း သူ၏ ကြိုးစားမှုက ကျရှုံးခဲ့ပြီး တောင်ဘက်တောင်ကုန်းမှ တန်ခိုးရှင်များသာ သုတ်သင်ခံခဲ့ရ၏။

ထိုအဖြစ်အပျက်က အဓိကအင်အားစုများကို တုန်လှုပ်သွားစေပြီး အတော်လေး မုန်တိုင်းထန်သွားကြပေသည်။ ထိုအချိန်က တောင်ဘက်တောင်ကုန်း ဆရာသခင်သည် တုံ့ယွမ်အိမ်တော်သခင်နှင့် ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသည်။

လူအများသည် ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင် အခြားသော အကြောင်းအရာတစ်ခုခု ရှိရမည်ဟုသာ ခန့်မှန်းနိုင်ပေသည်။ တုံ့ယွမ်အိမ်တော်သခင်သည် တုံ့ယွမ်အိမ်တော်အား ထိန်းချုပ်ထားနိုင်ပြီး ကြောက်မက်ဖွယ် အင်အားရှိသည်။ မည်သူကမှ သူ့အား ဆန့်ကျင်၍ ပြဿနာအား အစဆွဲမထုတ်နိုင်ပေ။

လူတိုင်းက တုံ့ယွမ်အိမ်တော်၌ ကျင့်ကြံနိုင်ရန် အိပ်မက်ရှိကြပြီး တုံ့ယွမ်အိမ်တော်သခင်သည်သာ သူတို့အား လက်ခံရန်ခွင့်ပြုနိုင်သောကြောင့် ဖြစ်သည်။

ယခုတွင် တောင်ဘက်တောင်ကုန်း၌ လူတစ်စု မတ်တပ်ရပ်နေသည်။ ထိုသည်မှာ ရီဖူရှင်းနှင့် အခြားသူများ ဖြစ်လေသည်။

ယင်ချင်းက သူမ၏ မျက်နှာကို အနက်ရောင်မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည်။ သူမသည် လွန်ခဲ့သည့်နှစ်များက ပေါ်လွင်ထင်ရှားသောသူတစ်ယောက် မဟုတ်ခဲ့သော်လည်း သူမအား မှတ်မိသည့်သူ ရှိနိုင်မရှိနိုင်ကို အာမမခံရဲပေ။

အိမ်သို့ ပြန်ရောက်လာပြီးနောက် မျက်နှာဖုံးအောက်မှ ယင်ချင်း၏ မျက်လုံးများက မျက်ရည်တို့နှင့် နီရဲလာသည်။ သူမသည် တောင်ဘက်တောင်ကုန်းကို စိုက်ကြည့်နေရင်း ယခင်အချိန်များကို ပြန်မြင်ယောင်လာသည်။

သူမသည် တောင်ဘက်တောင်ကုန်းတွင် အခြားသောတပည့်များနှင့်အတူတူ ပညာသင်ယူခဲ့သည်။

သူမတို့၏ ဆရာက ဗဟုသုတကြွယ်ဝပြီး လူတိုင်းကို မျှတစွာ ဆက်ဆံတတ်သည်။ တပည့်များအားလုံးက သူ့ကို လေးစားကြည်ညိုကြပြီး သူ့နောက်မှ အမြဲလိုက်ပါရန် ဆန္ဒရှိကြပေသည်။

ယခု တောင်ဘက်တောင်ကုန်းက ဤနေရာတွင် ရှိနေသေးသော်လည်း လူများက မရှိတော့လေပြီ။

ပြင်းထန်သည့်စွမ်းအားတစ်ခုက လျှပ်စီးတန်းကဲ့သို့ တောင်ဘက်တောင်ကုန်းဆီသို့ ကျဆင်းလာကာ ရီဖူရှင်းနှင့် အခြားသူများထံ တိုက်ရိုက်ဆင်းသက်လာသည်။ ရီဖူရှင်းက သူ့မျက်နှာကို မော့လိုက်သည့်အခါ သက်လတ်ပိုင်းလူကြီးတစ်ယောက်က သူတို့ထံ လျှောက်လာသည်ကို မြင်လိုက်ရ၏။ သူ၏ အေးစက်သော မျက်လုံးများက ရီဖူရှင်းနှင့် အခြားသူများကို ကြည့်နေခဲ့သည်။

“မင်းတို့က ဘယ်သူလဲ။” တောင်ဘက်တောင်ကုန်းသို့ ဆင်းသက်လာသည့် တန်ခိုးရှင်က သူတို့ကို မေးလိုက်သည်။

“ရှင်ကရော ဘယ်သူလဲ။” ယင်ချင်းက ပြန်မေးလိုက်သည်။ ဤနေရာက သူမ ဆရာ၏ နေရာ​ဖြစ်သည်။

ထိုသူက ယင်ချင်းကို တစ်ချက်ကြည့်လိုက်ပေမယ့် ပြန်မဖြေပေ။ သူက ရီဖူရှင်းကို ဆက်၍ စိုက်ကြည့်နေသည်။ သူ့အတွက်တော့ ရီဖူရှင်းက ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်မှာ သိသာနေသည်။ ထို့ပြင် သူက ရီဖူရှင်းထံမှ ပြင်းထန်စွာ ခြိမ်း​ခြောက်နိုင်သော အရှိန်အဝါတို့ကို သတိပြုမိလိုက်၏။

“ကျုပ်တို့က တောင်ဘက်တောင်ကုန်းရဲ့ မိတ်ဆွေဟောင်းတွေပါ။” ရီဖူရှင်းက ပြောလိုက်သည်။ “ဒါက တောင်ဘက်တောင်ကုန်းဆရာသခင်ရဲ့ နယ်မြေပဲ။ ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ။”

“သူက သေသွားတာကြာလှပြီ။ ဒီနေရာက ဘယ်သူနဲ့မှ မသက်ဆိုင်တော့ဘူး။ မင်းနဲ့ သူ့ရဲ့ ပတ်သတ်မှုက ဘာလဲ။” ထိုလူက ဆက်မေးလိုက်သည်။

“သူ ဘာလို့​သေသွားတာလဲ။” ရီဖူရှင်းက မေးခွန်းနှင့် တုံ့ပြန်လိုက်သည်။

“ငါက မင်းကို မေးနေတာ” ထိုလူ၏ အသံက အေးစက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည်။

ရီဖူရှင်းက တစ်ချက်မျှ ကြည့်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်၏။

သူက ယင်ချင်းကို ကတိပြုထားသော်လည်း တုံ့ယွမ်အိမ်တော်ကို ချက်ချင်းသွား၍ အိမ်တော်သခင်ကို သတ်ပစ်လိမ့်မည် မဟုတ်ပေ။ ပထမဆုံးအနေနှင့် သူက ယင်ချင်းပြောသည့်စကားများက အမှန်ဟုတ်မဟုတ် စုံစမ်းရန် လိုသည်။ ထို့ပြင် သူသည် တုံ့ယွမ်အိမ်တော်သခင်ကို ဆင့်လောအိမ်တော်နှင့် ရင်ဆိုင်စဥ်ကနှင့် တူညီသောနည်းလမ်းကို သုံး၍မရပေ။ ဆင့်လောအိမ်တော်က မိစ္ဆာနည်းလမ်းများကို ကျင့်ကြံပြီး ထိုလူများအား အမြစ်ဖြတ်သုတ်သင်ခြင်းက မှန်ကန်သော လုပ်ရပ်ဖြစ်သည်။ သို့သော် တုံ့ယွမ်အိမ်တော်သခင်ကို သတ်ရန်မှာ ကောင်းမွန်သော အကြောင်းပြချက်မရှိပါက သူ့ကိုယ်သူ အန္တရာယ်တောထဲ တွန်းချသလို ဖြစ်ပေလိမ့်မည်။

တုံ့ယွမ်အိမ်တော်သခင်သည် အနည်းဆုံးတော့ မဟာအင်ပါယာကို ကူညီပြီး အိမ်တော်အား စောင့်ကြပ်နေသည်ဟု ယူဆ၍ ရပေသည်။

“ခဏနေဦး” ရီဖူရှင်း ထွက်သွားတော့မည်ကို မြင်လျှင် ထိုတန်ခိုးရှင်က တားဆီးလိုက်သည်။ သူက မဟာလမ်းစဥ်စွမ်းအားကိုပင် အသုံးပြုကာ ရီဖူရှင်းအား ဖိအားပေးရန် ကြိုးစားလိုက်သည်။

ရီဖူရှင်းက မမြင်တွေ့နိုင်သော စွမ်းအားသဏ္ဌာန်ကို ထုတ်လွှတ်ကာ ထိုလူအား လျစ်လျူရှူ၍ ဆက်လက်လျှောက်သွားပေသည်။

ဘန်း…

ကျယ်လောင်သော အသံနှင့်အတူ တောင်ဘက်တောင်ကုန်းအောက်ခြေမှ တန်ခိုးရှင်များသည် သူတို့၏ ခန္ဓာကိုယ်ထက်မှ ကြီးမားသော ဖိအားကို ခံစားလိုက်ရကာ လှုပ်ရှားမှုများ ရပ်တန့်သွားအောင် ဖိအားပေးခံလိုက်ရသည်။ ရီဖူရှင်းသည် ပို၍ပင် များပြားသော ဖိအားများကို ရင်ဆိုင်နေရသည်။ ကြီးမားလှသော လိပ်နက်သားရဲကြီး၏ အရိပ်က ကောင်းကင်ထက်တွင် ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖိအားပေးလိုက်သည်။

ရီဖူရှင်းက ဆက်လက်လျှောက်နေဆဲပင် ဖြစ်၏။ သူ့ထံမှ ဓားစွမ်းအားများက ပေါက်ကွဲထွက်လာပြီး ကြီးမားသော လိပ်နက်သားရဲကြီးကို ထိုးဖောက်သွားသည်။ တောင်ဘက်တောင်ကုန်းသို့​ ရောက်လာသော တန်ခိုးရှင်သည် ခပ်တိုးတိုး ညည်းညူလိုက်ပြီး နောက်ဆုတ်သွားခဲ့ရကာ မဟာလမ်းစဥ်စွမ်းအားများလည်း ပျက်ပြယ်သွားသည်။

“မင်း ဆက်ပြီး ဖိအားပေးနေရင် ရိုင်းစိုင်းမိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။” ရီဖူရှင်း၏ အသံက လေထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ အနီးမှလူများသည် ရီဖူရှင်း၏ ယုံကြည်ချက်ရှိစွာ ပြောဆိုမှုကြောင့် ထိတ်လန့်သွားပေသည်။

တောင်ဘက်တောင်ကုန်းသို့ လာရောက်သော သူများမှာ တုံ့ယွင်အိမ်တော်မှ တပည့်များ ဖြစ်ကြသည်။ တုံ့ယွင်အိမ်တော်သည် တောင်ဘက်တောင်ကုန်းအင်အားစုကို သုတ်သင်ရှင်းလင်းပြီးစဥ်ကပင် တောင်ဘက်တောင်ကုန်းအား ထိန်းချုပ်ထားလေသည်။ ယနေ့တွင် တုံ့ယွမ်အိမ်တော်မှ တပည့်များက ကျင့်ကြံရန် မကြာခဏလာကြပေသည်။

ရီဖူရှင်းသည် တောင်ဘက်တောင်ကုန်း သူတော်စင်ဟု လေးစားမှုရှိစွာ ပြောဆိုပြီး သူ့ကိုယ်သူ မိတ်ဆွေဟောင်းဟုလည်း ပြောလေရာ ထိုတပည့်သည် သူတို့၏ ပတ်သတ်မှုအမှန်ကို သိချင်သွားတော့သည်။

သို့သော်လည်း သူက ရီဖူရှင်းအား မယှဥ်နိုင်ခဲ့ပေ။

သူ၏ ပြိုင်ဘက်က နတ်ဝင်ရိုးတတိယဆင့်ထက်ပင် မြင့်မားနေပုံရလေသည်။

သူ၏ အဆင့်သည် ရီဖူရှင်းထက် နိမ့်နေပုံရလေသည်။

မကြာခင်၌ ရီဖူရှင်းနှင့် လူများ ပျောက်ကွယ်သွားတော့သည်။ လူအုပ်ကြီးသည်လည်း အတင်းအဖျင်းများ ပြောဆိုကြတော့၏။

“ဒီလူက အတော်လေး အစွမ်းထက်တာပဲ။ သူက တောင်ဘက်တောင်ကုန်း သူတော်စင်ရဲ့ တပည့်တစ်ယောက်​ယောက်များ ဖြစ်နေမလား။” တစ်စုံတစ်ယောက်က မေးလိုက်သည်။

“မသိဘူး။ ဒါပေမယ့် သူတို့က တစ်ယောက်နဲ့တစ်ယောက် သိနေတဲ့ပုံပဲ။ အခုဆို အစွမ်းထက်တဲ့ တန်ခိုးရှင်အများကြီးကလည်း တုံ့ယွမ်မြို့ကို ရောက်နေပြီ။ ကြည့်ရတာ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယ့်ပုံပဲ။”

“ငါ ကြားတာတော့ ဆင့်လောအိမ်တော်က ဖျက်ဆီးခံလိုက်ရပြီး ရန်ဟောင်အဆင့်တစ်ယောက်မကျန် အသတ်ခံလိုက်ရတယ်တဲ့။ ပြီးတော့ လူသတ်သမားက ဆင့်လောအိမ်တော်ထဲမှာပဲနေပြီး ကျင့်ကြံခဲ့တယ်။ တစ်ယောက်က ပြောလိုက်သည်။ “တုံ့ယွမ်မြို့က လူတွေ ပြောကြတာတော့ အဲဒီလူက ဆင့်လောအိမ်တော်ကနေ ထွက်ပြီး ငါတို့ဆီလာနေပြီတဲ့။ သူက ငါတို့ဆီကိုများ ဦးတည်လာနေတာလား မသိဘူး။ ဒီလူက ဆင့်လောအိမ်တော်တစ်ခုလုံးကို သတ်ဖြတ်ပစ်နိုင်မှတော့ တုံ့ယွမ်အိမ်တော်ကို ခြိမ်းခြောက်နိုင်စွမ်းရှိမလား မသိဘူး။”

ရီဖူရှင်းက ထိုလူများ၏ စကားကို ကြားခဲ့သည်။ ထို့နောက် သူသည် တုံ့ယွမ်အိမ်တော်သို့ သွားရောက်လည်ပတ်ရန် အစီအစဥ်ဆွဲတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset