“ရှင်က တခြားနယ်မြေတစ်ခုခုကနေ လာခဲ့တာလား။” ယင်ချင်းက ရီဖူရှင်းကို မေးလိုက်သည်။
“နယ်မြေလား။” ရီဖူရှင်းက ယင်ချင်းအား ဇဝေဇဝါနှင့် ကြည့်လိုက်သည်။
ယင်ချင်းက ကြည့်လေကြည့်လေ ဦးနှောက်ခြောက်လာလေပင် ဖြစ်သည်။ ရီဖူရှင်းသည် ပြီးပြည့်စုံသော နတ်ဝင်ရိုးနှင့် ပြောင်မြောက်လှသော စွမ်းအားများ ရှိသည်။ သို့သော် သူက မည်သည့်အရာကိုမှ သိရှိပုံမရပေ။
သို့ဆိုလျှင် သူက မည်သည့်နေရာမှ လာခဲ့သနည်း။
“ငါက ကောင်းကင်ဒေသအတွင်းက ပြင်ပဘုံနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ လျှို့ဝှက်နယ်မြေက လာခဲ့တာ။ ဒါကြောင့် ကောင်းကင်ဒေသအကြောင်းကို များများစားစား မသိဘူး။” ရီဖူရှင်းက ယင်ချင်းကို ပြောလိုက်သည်။
ယင်ချင်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမသည် ရီဖူရှင်းက မူလဘုံကို ရည်ညွှန်းပြောဆိုနေသည်အား မသိပေ။ မူလဘုံသည် ကောင်းကင်ဒေသမှ အဓိကကျသော လူများနှင့် အလှမ်းကွာသော အမြင်တွင် ရှိသည်။ အမြင့်ဆုံးတွင် ရပ်တည်နေသော ထိပ်သီးအင်အားစုများမှလွဲလျှင် လူအများစုမှာ မူလဘုံ၏ တည်ရှိမှုကိုပင် မသိကြပေ။
ယင်ချင်းက ထိပ်သီးအဆင့်အတွင်းမှ မဟုတ်သောကြောင့် သူမသည် ကောင်းကင်ဒေသက အဆုံးမဲ့ပြီး ပြင်ပဘုံနှင့် အဆက်အသွယ်ဖြတ်ချိပ်ပိတ်ထားသည့် လျှို့ဝှက်နယ်မြေများလည်း ပေါများလှရာ ရီဖူရှင်း ထိုနယ်မြေများထဲမှ တစ်ခုကသာ လာခဲ့သည်ဟု ယူဆလိုက်တော့သည်။ ရီဖူရှင်း ထိုမျှ ကြောက်မက်ဖွယ် ခွန်အားရှိနေခြင်းမှာ အံ့သြစရာမရှိတော့ချေ။ သူမသည် ရီဖူရှင်းက ထိုမျှ ဒဏ်ရာတို့ကို မည်သို့ရခဲ့ကြောင်းနှင့် ဤနေရာသို့ ရောက်လာခဲ့သည်ကို သိချင်မိတော့သည်။
“ကောင်းကင်ဒေသမှာ ပိုင်းခြားထားတဲ့ နယ်မြေတွေ ရှိတာကိုရော သိလား။” ယင်ချင်းက မေးလိုက်သည်။
ရီဖူရှင်းက သူ့ခေါင်းကို ယမ်းကာ ပြန်ဖြေလိုက်၏။ “ကောင်းကင်ဒေသက တစ်စုတစ်စည်းတည်း မဟုတ်ဘူးလား။”
“တစ်စုတည်းလို့ ရှင်ပြောလို့ရပေမယ့် ပိုင်းခြားထားတယ်လို့လည်း ပြောနိုင်တယ်။” ယင်ချင်းက ရီဖူရှင်း၏ အဖြေကို ကြားလိုက်သည်နှင့် သူ့တွင် ကောင်းကင်ဒေသနှင့် ပတ်သတ်သော ဗဟုသုတက သုညအနေအထားတွင် ရှိနေကြောင်း သတိပြုမိလိုက်သည်။
“မရေတွက်နိုင်တဲ့ ကုန်းမြေတွေက ကောင်းကင်ဒေသအတွင်းမှာ မျောလွင့်နေတယ်။ အဲဒါတွေက မတူညီတဲ့နေရာမှာ တည်ရှိပြီး မတူညီတဲ့ အတိုင်းအတာ ရှိကြတယ်။ အဲဒါကြောင့် နယ်မြေတစ်စိတ်တစ်ပိုင်းရယ်လို့ မဟုတ်ဘူး။ အစွမ်းထက်တန်ခိုးရှင်တစ်ယောက်က သူ သွားချင်တဲ့ ကုန်းမြေကို သွားနိုင်တယ်။ ကုန်းမြေအချို့ဆိုရင် တစ်ခုနဲ့တစ်ခု ခြေလှမ်းနည်းနည်းနဲ့တောင် ရောက်သွားနိုင်တယ်။ ဒါကြောင့် အဲဒါက တန်ခိုးရှင်တွေအတွက် ပြဿနာမရှိဘူး။”
ရီဖူရှင်းက သဘောပေါက်စွာနှင့် ခေါင်းညိတ်လိုက်သည်။ ယင်ချင်းရည်ညွှန်းသော မရေတွက်နိုင်သည့် ကုန်းမြေများဟူသည်မှာ မဟာလမ်းစဥ်ဘုံသုံးထောင်နှင့် ဆင်တူပေသည်။ ၎င်းတို့အားလုံးက ကောင်းကင်ဒေသ၏ အစိတ်အပိုင်းများဟု သတ်မှတ်နိုင်ပေသည်။ လူများက ထိုကုန်းမြေတစ်ခုချင်းစီကို အမည်ပေါက် ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲမထားခဲ့ပေ။ အကြောင်းမှာ သူတို့အတွက် ထိုကုန်းမြေများက များပြားလွန်းနေသောကြောင့် ဖြစ်သည်။
လေဟာနယ်နှင့် ဝန်းရံခံထားရသည့် မဟာလမ်းစဥ်ဘုံသုံးထောင်နှင့် ကွာခြားသည်မှာ ကောင်းကင်ဒေသကိုယ်တိုင်က ပြီးပြည့်စုံသော လေဟာနယ်ဖြစ်နေ၍ ဖြစ်လေသည်။
“ဟိုးနှစ်တွေတုန်းက အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စုစည်းပြီးတော့ ပိုက်နက် ၁၈ ခု ပိုင်းခြားခဲ့တယ်။ ကျွန်မတို့ရဲ့ ကုန်းမြေက တုန်းဟွာပိုင်နက် ကုန်းမြေတွေထဲက တစ်ခုပဲ။ ပိုင်နက်တစ်ခုစီမှာ နယ်မြေသခင်ရဲ့ အိမ်တော်တွေ ရှိကြတယ်။ ဆင့်လောအိမ်တော်ကို ‘အိမ်တော်’ လို့ ခေါ်ပေမယ့်လည်း မတူညီတဲ့ အယူအဆရှိတယ်။ ကောင်းကင်ဒေသ ပိုင်နက် ၁၈ ခုရဲ့ နယ်မြေသခင်တွေက အဆုံးမဲ့ ကောင်းကင်ဒေသကို အုပ်ချုပ်ဖို့ အရှင်ဒွန်ဟောင်ကို ကူညီနေတဲ့သူတွေပဲ။ ကျွန်မကြားဖူးတာတော့ နယ်မြေသခင်တွေ အားလုံးက ကြောက်ဖို့ကောင်းလောက်အောင် အစွမ်းထက်တယ်ဆိုပဲ။” ယင်ချင်းက ရီဖူရှင်း ကောင်းကင်ဒေသနှင့် ပတ်သတ်၍ တစ်ခုမှ မသိသည်ကို သတိပြုမိသောကြောင့် ကောင်းကင်ဒေသ၏ ပိုင်းခြားသတ်မှတ်ပုံကို အသေးစိတ် ရှင်းပြလိုက်သည်။
“နယ်မြေသခင်ရဲ့ အိမ်တော်က ကောင်းကင်ဒေသကို တိုက်ရိုက်အုပ်ချုပ်တာလား။” ရီဖူရှင်း မေးလိုက်သည်။ သူတို့က အင်ပါယာကဲ့သို့ စီမံကြရသည်လား။
ယင်ချင်းက ခေါင်းယမ်းလိုက်၏။ “ကောင်းကင်ဒေသက ကျယ်ပြန့်ပြီး ကုန်းမြေအရေအတွက်က အကန့်အသတ်မဲ့ ရှိတယ်။ သူတို့က အားလုံးကို ဘယ်လို အုပ်ချုပ်မှုနိုင်မှာလဲ။ နယ်မြေသခင် အိမ်တော်တွေက ပုံမှန်ဆို ဗန်းပြပဲ။ သူတို့က အရမ်းကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်ပွားမှသာ အင်အားညီမျှရေးအတွက် ဝင်စွက်တတ်ကြတယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ၎င်းက လေဟာနယ်ဘုံရှိ နတ္ထိအင်ပါယာအဆောင်နှင့် တူပေသည်။ သူတို့က စူးစမ်းလေ့လာနေပြီး အရှင်ဒွန်ဟောင်ထံ သတင်းပို့ကြသည်။
“အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စုစည်းပြီး လွန်ခဲ့တဲ့ သုံးရာစုလောက်တုန်းက နယ်မြေသခင်အိမ်တော်တွေကို တည်ထောင်ခဲ့တယ်။ သူက လူတွေကို ရှေးဟောင်းကျင့်ကြံရေးကျမ်းတွေ စုစည်းစေခဲ့ပြီး လက်ရေးနဲ့ ကူးရေးဖို့ တန်ခိုးရှင် အမြောက်အမြားကို ဆင့်ခေါ်ခဲ့တယ်။ ပြီးတော့ ကုန်းမြေတစ်ခုချင်းစီမှာရှိတဲ့ အကြီးဆုံးမြို့တော်မှာ ကျင့်ကြံဖို့အတွက် နေရာတစ်ခု ဆောက်လုပ်ဖို့ အကြံပေးခဲ့တယ်။ အဲဒီနေရာမှာ ကူးရေးထားတဲ့ ကျမ်းတွေကို သင်ကြားမျှဝေစေခဲ့တယ်။”
ရီဖူရှင်းက အံ့အားသက့်နေသည်။ ဤသို့ ကြီးမားသော စီမံချက်ကြီး အကောင်အထည်ပေါ်လာရန် လူ့စွမ်းအားနှင့် အချိန် မည်မျှ လိုအပ်ခဲ့လိမ့်မည်နည်း။
“သူတို့က ဒီကုန်းမြေမှာ တုံ့ယွမ်မြို့ကို ရွေးချယ်ခဲ့ပြီး စာအုပ်တွေနဲ့ ကျင့်ကြံရေးကျမ်းတွေကို ဝေမျှဖို့ တုံ့ယွမ်အိမ်တော်ကို တည်ဆောက်စေခဲ့တယ်။” ယင်ချင်းက ပြောလိုက်သည်။ လေဟာနယ်ဘုံ ပြည်နယ်ကိုးခုတွင် ရှိစဥ်က ရီဖူရှင်းသည် မဟာအင်ပါယာနှစ်ဦးက ကောင်းကင်ဒေသကို စုစည်းပြီးနောက် ကမ္ဘာအနှံ့ ကျောင်းတော်များ တည်ထောင်ခဲ့ကြောင်း ကြားဖူးခဲ့ပြီး ဖြစ်သည်။
သူတို့က မူလဘုံတစ်ခုတည်းသာ မဟုတ်ဘဲ ကောင်းကင်ဒေသ တဝိုက်တွင်လည်း လက်ရေးမူကျမ်းစာများကို ဖြန့်ဝေပေးခဲ့သည်။
“တုံ့ယွမ်အိမ်တော်ရဲ့ သခင်လား။” ရီဖူရှင်းသည် ယင်ချင်း သူ့ကို သတ်ပေးစေလိုသည့်လူအား အမှတ်ရလိုက်သည်။ တုံ့ယွမ်အိမ်တော်က ဤကုန်းမြေ၏ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သော်လည်း ရီဖူရှင်း သိရှိထားခြင်းမရှိသည်ကို မအံ့သြတော့ပေ။
“ဟုတ်တယ်။” ယင်ချင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “တုံ့ယွမ်အိမ်တော်ကို တည်ထောင်ပြီးနောက်မှာ ကုန်းမြေမှာရှိတဲ့ အစွမ်းထက်ဆုံး အဖွဲ့တစ်ဖွဲ့က စီမံခဲ့တယ်။ အဲဒီတုန်းက သူတို့တွေက တုံ့ယွမ်အိမ်တော်ရဲ့ သခင်အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ ဆင့်လောအိမ်တော်က အဲဒီအတွင်းပိုင်း အသိုင်းအဝိုင်းထဲကို အမြဲဝင်ရောက်ချင်နေပြီး ဆုံးဖြတ်ချတဲ့ ကိစ္စတွေမှာလည်း ဝင်စွက်ဖက်ချင်တယ်။ ဒါပေမယ့် ဆင့်လောအိမ်တော်က ဒီကုန်းမြေမှာ လွှမ်းမိုးနိုင်စွမ်းရှိရင်တောင်မှ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ကျင့်ကြံရေးနည်းလမ်းတွေကြောင့် ဖယ်ထုတ်ခံခဲ့ရတယ်။ ဒါကြောင့် ဆင့်လောအိမ်တော် အကြီးအကဲက တံခါးပိတ်ကျင့်ကြံနေပြီးတော့ လူတိုင်းထက်သာလွန်တဲ့ အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေခဲ့တာ။ အဲဒီအချိန်ကျရင် သူ တုံ့ယွမ်အိမ်တော်ကို ထိန်းချုပ်တာကနေ ဘယ်သူမှ တားလို့ရမှာ မဟုတ်တော့ဘူး။”
“အဲဒီလူစုက လောဘကြီးလာကြလို့လား။” ရီဖူရှင်းက မေးလိုက်သည်။
“ဒါပေါ့။ သူတို့ ဖြစ်လာတယ်။” ယင်ချင်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ “မဟာအင်ပါယာက လူတိုင်းကို ဗဟုသုတတွေ တိုးလာစေဖို့ ရည်ရွယ်ချက်နဲ့ တစ်လောကလုံးမှာ လက်ရေးနဲ့ ကူးထားတဲ့ ကျမ်းစာတွေ ဖြန့်ဝေပေးခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ဒေသမှာ တန်ခိုးရှင်ဦးရေ အရမ်းများတော့ စာအုပ်တွေက လူတိုင်းအတွက် မလုံလောက်ခဲ့ဘူး။ မဟုတ်ခဲ့ရင် မဟာအင်ပါယာက ဒီကိစ္စတွေကို တစ်ယောက်တည်း ကိုင်တိုင်ဖြေရှင်းရလိမ့်မယ်။ ဒါကြောင့် ထိပ်သီးအင်အားစုတွေနဲ့ အစွမ်းထက်တန်ခိုးရှင်တွေက တုံ့ယွမ်အိမ်တော်ကို သွားရောက်လည်ပတ်ဖို့က သူတို့အတွက် လွယ်ကူတာကြောင့် သူတို့ကသာ စာအုပ်တွေကနေ အရင်ဆုံး အကျိုးအမြတ်ရသူတွေ ဖြစ်လာကြတယ်။ အဲဒီလူတွေက သိသိသာသာ လောဘတက်လာပြီး သူတို့ခွင့်ပြုထားတဲ့ သူတို့လူတွေကိုပဲ ဗဟုသုတတွေ ဖြန့်ဝေပေးချင်ကြတော့တယ်။ ဒါပေမယ့် စာအုပ်တွေကို တုံ့ယွမ်အိမ်တော်ကနေ ယူသွားခွင့်မရှိတာကြောင့် ဘယ်သူကမှ မကြိုးစားရဲကြဘူး။ တခြားအဖွဲ့တွေကလည်း သူတို့ရဲ့ မျိုးဆက်တွေ လွယ်လွယ်ကူကူ ဝင်ထွက်သွားလာနိုင်အောင် တုံ့ယွမ်အိမ်တော်ရဲ့ တွဲဖက်စီမံသူ ဖြစ်လာချင်ကြတယ်။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ စာအုပ်များနှင့် လက်ရေးမူတို့က ဗဟုသုတများ နှံ့စပ်စွာ ပါဝင်ပြီး သူတို့်အား မဟာအင်ပါယာက ပေးထားခြင်း ဖြစ်သည်။ ၎င်းတို့က တန်ခိုးရှင်များ ရနိုင်သော အကောင်းဆုံး အရင်းအမြစ်များ ဖြစ်လေသည်။
ကုန်းမြေတစ်ခုချင်းစီမှ ထိပ်သီးအင်အားစုများသည် သူတို့၏ မျိုးဆက်များကို ဗဟုသုတများ လက်ဆင့်ကမ်းပေးခဲ့ပြီးနောက်မှ မတူညီသော နည်းလမ်းများနှင့် အပြင်လူများကို ဖြန့်ဝေပေလိမ့်မည်။ အချိန်ကြာလာသည့်အခါ ကောင်းကင်ဒေသရှိ အားလုံးသော မျိုးဆက်သစ်တန်ခိုးရှင်များမှာ အချို့သော အခွင့်အရေးများ ရလာပေလိမ့်မည်။
အားနည်းသော တန်ခိုးရှင်များက ဒုတိယတန်းစား ကျင့်ကြံရေးလမ်းစဥ်များကိုသာ ရယူပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
ရီဖူဖရှင်းက အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့၏ ရည်ရွယ်ချက်နှင့် အားထုတ်မှုတို့်အား လေးစားမိသည်။ သူတို့သည် တစ်လောကလုံးအား အုပ်စိုးပြီးနောက်၌ပင် အားလုံးသော တန်ခိုးရှင်များ၏ တိုးတက်မှုကို စိတ်ရင်းနှင့် ဂရုစိုက်ခဲ့ကြသည်။ ရီဖူရှင်းသည် သူတို့ကြား၌ မည်သို့သော ကိစ္စဖြစ်ပွားခဲ့၍ အင်ပါယာရီချင်ပင် သေဆုံးခဲ့ရသနည်းဟု သိချင်မိပေသည်။
“ဒီလောက်ကြီးမားတဲ့ စီမံချက်ကို ပြီးအောင် အကောင်အထည်ဖော်ဖို့ မဟာအင်ပါယာအတွက် ဘယ်လောက်ကြာအောင် အချိန်ယူခဲ့ရလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“နှစ်တစ်ရာ။” ယင်ချင်းက ပြန်ဖြေလိုက်၏။
ရီဖူရှင်းက အလွန် စိတ်လှုပ်ရှားသွားလေသည်။ သူ ကျင့်ကြံနေသည်မှာ နှစ်တစ်ရာအောက် လျော့နည်းသော အချိန်ကာလမျှသာ ရှိသေးသော်လည်း မဟာအင်ပါယာက ဤကိစ္စရပ်အတွက် ရာစုနှစ်တစ်ခုစာ သုံးစွဲခဲ့လေသည်။
“ကောင်းကင်ဒေသက ကြီးလွန်းတယ်။ စာတွေကို လက်ရေးနဲ့ ကူးဖို့ အချိန်ယူရတဲ့အပြင် စိတ်ချရအောင် တုံ့ယွမ်အိမ်တော်လိုမျိုး နေရာတွေ ဆောက်လုပ်ဖို့ လိုတဲ့အပြင် ကာကွယ်ဖို့အတွက် ဝင်္ကပါတွေလည်း တည်ဆောက်ရသေးတယ်။ မဟာအင်ပါယာအပြင် တခြားတန်ခိုးရှင်တွေ အများကြီးကလည်း ဒီအတွက်နဲ့ အများကြီး ပေးအပ်မြှုပ်နှံထားကြတယ်။ ပြောကြတာတော့ မဟာအင်ပါယာအတွက် အလုပ်လုပ်ပေးတဲ့ ဘယ်သူမဆို အဆုံးမှာ ဆုလာဘ်တွေ ရတတ်တယ်တဲ့။” ယင်ချင်းက ပြောလိုက်သည်။ “မဟာအင်ပါယာက ဒီကိစ္စရပ်အပြင် တခြားအရာတွေ အများကြီးလည်း လုပ်ဆောင်ခဲ့သေးတယ်။”
“မင်းက မဟာအင်ပါယာကို အရမ်းလေးစားတာပဲလား။” ရီဖူရှင်းက မေးလိုက်သည်။
“မဟာအင်ပါယာတည်ထောင်ခဲ့တဲ့ နယ်မြေ ၈၁ ခုအပြင် ကောင်းကင်ဒေသမှာ တခြားထိပ်သီးအင်အားစုတွေ ရှိသေးတယ်။ နယ်မြေပိုင်းခြားတဲ့ အဲဒီအချိန်တုန်းက သာမန်လူတွေကို ဘယ်သူကများ ထည့်စဥ်းစားပေးနိုင်မှာလဲ။ လူတိုင်းက သူတို့ကိုယ်သူတို့ ကျင်ကြံဖို့ပဲ တွေးကြတာပေါ့။” ယင်ချင်းက ပြောလိုက်သည်။ “ဒါကြောင့် ကောင်းကင်ဒေသရဲ့ လူအများစုက မဟာအင်ပါယာကို လေးစားကြတယ်။”
ရီဖူရှင်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ လူအများ၏ သဘာဝက တစ်ကိုယ်ကောင်းဆန်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မဟာအင်ပါယာနှစ်ပါးက အမှန်တကယ်ပင် ထူးခြားကာ အသိအမှတ်ပြု လေးစားဖွယ် ဖြစ်ခဲ့သည်။ သူက ကောင်းကင်ဒေသ၌ မဟာအင်ပါယာ အရှင်ဒွန်ဟောင် မည်မျှ ကျော်ဇောသည်ကို သတိမပြုမိခဲ့ပေ။
“ဒါဆို မင်းက ဘာလို့ တုံ့ယွမ်အိမ်တော်သခင်ကို သတ်ချင်ရတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ နောက်ဆုံး၌ လိုရင်းအချက်ကို ရောက်လာပြီ ဖြစ်၏။
ရီဖူရှင်း၏ မေးခွန်းကို ကြားသောအခါ ယင်ချင်း မျက်ဝန်းများထဲတွင် အမုန်းတရားတို့ တောက်လောင်လာသည်။
“ကျွန်မက တုံ့ယွမ်မြို့က တန်ခိုးရှင်တစ်ယောက်ပဲ။ ကျွန်မရဲ့ဆရာက အဆင့်အတန်းမြင့်မားပြီး တုံ့ယွမ်အိမ်တော်သခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်။ သူတို့က မိတ်ဆွေကောင်းတွေ ဖြစ်ပြီး မကြာခဏ စစ်တုရင်ကစားကြတယ်။ တုံ့ယွမ်အိမ်တော်သခင်ရဲ့ သားက ကျွန်မဆရာရဲ့ သမီးကို ချစ်ခင်နှစ်သက်နေတယ်။ သူမက သူ့ရဲ့ မောက်မာပြီး အပျင်းကြီးတာတွေကြောင့် မကြိုက်ပေမယ့် အဖေတွေကြားက ဆက်ဆံရေးကြောင့် သူတို့လည်း သူငယ်ချင်းတွေတော့ ဖြစ်နေကြတာပေါ့။ ဒါပေမယ့်လည်း အဲဒီသားအဖက တိရိစ္ဆာန်ထက်တောင် ဆိုးဝါးမယ်လို့ ဘယ်သူက ထင်မိမှာလဲ။ တုံ့ယွမ်အိမ်တော်သခင်က ကျွန်မ ဆရာရဲ့ ကျင့်ကြံခြင်းက သူ့ထက် ပိုသန်မာအားကောင်းလာတာကိုလည်း သတိပြုမိရော တုံ့ယွမ်အိမ်တော်ခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းကို ခြိမ်းခြောက်ခံရသလို စိတ်ပူလာတယ်လေ။ အဲဒါကြောင့် အဲဒီလူက ကျွန်မ ဆရာရဲ့ သမီး တုံ့ယွမ်အိမ်တော်မှာ ကျင့်ကြံနေတဲ့အချိန် သူ့သားကို မုဒိန်းကျင့်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာ ရုန်းရင်းဆန်ခတ်တွေနဲ့ သူက သူမကို သတ်ပစ်မိသွားတယ်။ နောက်တော့ သူ့အဖေက ဆရာ့ကို အိမ်တော်ဆီ ဖိတ်ခေါ်ပြီး သတိမမူမိတဲ့အချိန်မှာ လျှို့ဝှက်လုပ်ကြံလိုက်တယ်။ အဲဒါလည်းပြီးရော သူက လျှို့ဝှက်ချက်ကို ထိန်းဖို့အတွက် ကျွန်မဆရာရဲ့ တပည့်တွေအားလုံးကို သတ်ဖို့ သူ့လူတွေကို အမိန့်ပေးခဲ့တယ်။ ကျွန်မက ကံကောင်းစွာနဲ့ အသက်ရှင်နေခဲ့ပြီး ဆင့်လောအိမ်တော်မျာ ပုန်းနေခဲ့တာ။ ဆင့်လောအိမ်တော်သခင်က အမြဲတမ်း တုံ့ယွမ်အိမ်တော်သခင်နေရာကို မျက်စောင်းထိုးနေတာမို့ သူတို့ရဲ့ ဆက်ဆံရေးက မကောင်းလှဘူး။ အဲဒါကြောင့် ကျွန်မ ဒီနှစ်တွေထဲ ပုန်းနေနိုင်ခဲ့တာပဲ။”
ယင်ချင်း၏ အသံတွင် စက်ဆုပ်မုန်းတီးခြင်းတို့နှင့် ပြည့်နေသည်။ သူမက ရန်သူများကို လက်စားမချေနိုင်သေးသော်လည်း ဤလျှို့ဝှက်ချက်ကို အချိန်ကာလကြာမြင့်စွာ သိမ်းဆည်းထားခဲ့သည်။
ထို့ပြင် သူမသည် လမ်းစဥ်ကို သက်သေပြကာ ရန်ဟောင်ဖြစ်လာချိန်၌ ဆင့်လောအိမ်တော်မှ ဟန်လင်း၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့၏။ ထို့နောက် သူမကြားခဲ့သည်မှာ ယခင်ကလည်း အခြားသူများ ထိုသို့ ဖြစ်ပျက်ခဲ့သည်ဟု ဖြစ်လေသည်။
ရီဖူရှင်းက တည်ငြိမ်စွာဖြင့် စဥ်းစားတွေးတောနေသည်။ တန်ခိုးရှင်လောက၏ ကြီးကျယ်ခမ်းနားမှုအောက်တွင် အဆုံးမဲ့ ပဋိပက္ခများ သွေးလွှမ်းမှုများနှင့် ပြည့်နေခဲ့၏။
“တုံ့ယွမ်အိမ်တော်သခင်က သူ့ရာထူးကို အရမ်းဂရုစိုက်တာပဲလား။” ရီဖူရှင်းက မေးလိုက်သည်။
“အင်း” ယင်ချင်းက ခေါင်းညိတ်လိုက်၏။ “အဲဒီလူက ကြောင်သူတော်တစ်ယောက်ပဲ။ ဒီကုန်းမြေမှာ တုံ့ယွမ်အိမ်တော် ခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းက သူ့ကို မြင့်မားမှုတွေပေးပြီး တုံ့ယွမ်အိမ်တော်ကိုလည်း အပြည့်အဝ ထိန်းချုပ်ခွင့်ရတယ်။ တုံ့ယွမ်အိမ်တော်ကို ဝင်သွားတဲ့ ဘယ်သူမဆို သူ့တပည့်အဖြစ် သတ်မှတ်နိုင်တယ်။ အနာဂတ်မှာ ခန့်မှန်းမရနိုင်အောင် အစွမ်းထက်တဲ့ တန်ခိုးရှင်အချို့ ထွက်ပေါ်လာနိုင်တယ်။ ဒါပေမယ့် ကျွန်မရဲ့ ဆရာက သူ့နဲ့ ယှဥ်ပြိုင်ဖို့ ရည်ရွယ်ချက် နည်းနည်းလေးတောင် ရှိမနေဘူး။
“လက်ရှိ သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်လဲ။” ရီဖူရှင်းက မေးလိုက်သည်။
“ဆင့်လောအိမ်တော်ခေါင်းဆောင်က သူ့နေရာကို အငမ်းမရ လိုချင်နေတယ်ဆိုကတည်းက သူတို့က အတူတူလောက်ပဲ ရှိမယ်လို့ ထင်တယ်။ သူက ဆင့်လောအိမ်တော် ခေါင်းဆောင်ထက် နည်းနည်းလေးပဲ သာလိမ့်မယ်။” ယင်ချင်းက ပြောလိုက်သည်။ သူမက ရီဖူရှင်းအား သူမအစား လက်စားချေပေးရန် တောင်းဆိုရခြင်းမှာ ရီဖူရှင်းက ဆင့်လောအိမ်တော် ခေါင်းဆောင်ကို သူကိုယ်တိုင် မည်သို့ သတ်ဖြတ်သုတ်သင်လိုက်သည်အား မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
“ပြီးတော့ ရှင် တုံ့ယွမ်မြို့ကို သွားမယ်ဆိုရင် ကောင်းကင်ဒေသအကြောင်းကို ဒီထက်ပိုသိအောင် အရင်လုပ်ထားသင့်တယ်။” ယင်ချင်းက ထပ်ပြောလိုက်သည်။
“မင်း ငါ့ကို ပြောတာအကုန်သာ အမှန်ဖြစ်နေမယ်ဆိုရင် မင်းအစား လက်စားချေပေးမယ်လို့ ကတိပေးတယ်။” ရီဖူရှင်းက ပြောလိုက်သည်။ “ဒါပေမယ့် အဲဒါမလုပ်ခင် ငါ တစ်ယောက်တည်း ကျင့်ကြံဖို့ လိုအပ်နေတယ်။ အဲဒါက အချိန်နည်းနည်းကြာသွားတာမျိုး ဖြစ်နိုင်ပေမယ့် ဘယ်လောက်ကြာမလဲဆိုတာ ငါ မပြောနိုင်ဘူး။”
“ကိစ္စမရှိဘူး။” ယင်ချင်းက ခေါင်းညိတ်လိုက်သည်။ သူမက လက်စားချေရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ပြီးဖြစ်ရာ နှစ်အနည်းငယ် ထပ်စောင့်ရမည်ကို စိတ်ထဲ မထားပေ။
“ဆင့်လောအိမ်တော်ကို အရင်ရှင်းကြရအောင်။” ရီဖူရှင်းက ပြောပြီး ထွက်သွားသည်။ သူ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဤဆင့်လောအိမ်တော်တွင် ပိုင်ဆိုင်သော ရတနာများ ရှိနိုင်ပေသည်။ သူတို့က အိမ်တော်ကို ရှာဖွေခဲ့သော်လည်း တန်ဖိုးကြီးရတနာ များများစားစား ရှာမတွေ့ခဲ့ပေ။ ရီဖူရှင်းက ကောင်းကင်ဒေသကို ရောက်ကာစပင် ရှိသေးသော်လည်း သူက မြင့်မားသောအမြင်ရှိရာ သာမန်ပစ္စည်းများကို စိတ်မဝင်စားချေ။
ရီဖူရှင်းက ဆင့်လောအိမ်တော်တွင် ကျင့်ကြံနေပြီး ကျူးကျော် ဝင်ရောက်လာသူများကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် ဓားစွမ်းအင်များက အိမ်တော်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။
သူက သေခြင်းမှ လွတ်မြောက်ပြီးနောက် ပိုမို မြင့်မားသော ကျင့်ကြံဆင့်သို့ တက်လှမ်းချင်နေပေသည်။
ဒုတိယဆင့်နတ်ဝင်ရိုးမှ တန်ခိုးရှင်တစ်ယောက်က သတ္တမဆင့် နတ်ဝင်ရိုးပိုင်ရှင် ရန်ဟောင်ကို သတ်ဖြတ်ရန်မှာ ခက်ခဲပေသည်။ သူက ဧကရာဇ်အသိပေါ်တွင် မှီခိုအားထား၍ ရသော်လည်း ၎င်းကို မကြာခဏ ထုတ်မသုံးလိုပေ။
ထို့ကြောင့် သူက ကောင်းကင်ဒေသသို့ မသွားခင်၌ အဆင့်တက်အောင် ကျင့်ကြံရန် လိုအပ်ပေသည်။
***