Switch Mode

အပိုင်း(၁၈၆၆)

ယင်ချင်း၏ တောင်းဆိုချက်

ရီဖူရှင်း၊ ရှားရှင်းယွန်နှင့် သိမ်းငှက်လေးအပြင် ယင်ချင်းသည် ဆင့်လောအိမ်တော်ရှိ ရှားရှင်းယွန်၏ အဆောင်တွင် အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသောသူ ဖြစ်သည်။ အားလုံးသော သူများမှာ ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဟန်လင်းဘေးတွင် ရပ်နေသော ရန်ဟောင်များလည်း အပါအဝင်​​ဖြစ်၏။

ရီဖူရှင်းက ဧကရာဇ်အသိကို ပြန်ရုတ်သိမ်းလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်က ရောင်ဝါများ တောက်ပနေ​ဆဲ ဖြစ်သည်။

ဆင့်လောအိမ်တော်ရှိ အခြားသော သူများမှာ ရီဖူရှင်းအား စိုးရိမ်ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

အိမ်တော်အကြီးအကဲနှင့် အားလုံးသော ထိပ်သီးတန်ခိုးရှင်များက သေဆုံးသွားပြီး ဆင့်လောအိမ်တော်တစ်ခုလုံးက ရီဖူရှင်းလက်ချက်နှင့် မျိုးဖြုတ်သုတ်သင်ခံရလုနီးပါး ဖြစ်သွားသည်။ အသက်ရှင်ကျန်ရစ်သော တန်ခိုးရှင်များမှာလည်း ရီဖူရှင်းအား ခြိမ်းခြောက်မှု မဖြစ်စေပေ။

ဓားစွမ်းအားများက ကောင်းကင်တွင် စီးဆင်းနေပြီး ဆင့်လောအိမ်တော် တည်ရှိနေသည့် တောင်ကို လွှမ်းခြုံထားသည်။ နေရာတစ်ခုလုံးက ဓားစွမ်းအားများနှင့် ချိပ်ပိတ်ခံထားရသည်။ ထွက်ပြေးလိုသည့်သူများက ချက်ချင်း သတ်ဖြတ်ခြင်း ခံလိုက်ရပေသည်။

“ဆင့်လောအိမ်တော်မှာ အပြစ်မဲ့တဲ့ ရန်ဟောင်ရှိသေးလား။” ရီဖူရှင်းက ယင်ချင်းကို မေးလိုက်သည်။ သူမ၏ အဖြေက အသက်ရှင်နေသေးသော ရန်ဟောင်အနည်းငယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးပေလိမ့်မည်။

“ဆင့်လောအိမ်တော်က လူတိုင်း ဟန်မိသားစု မျိုးဆက်ဖြစ်ဖြစ် အပြင်လူပဲဖြစ်ဖြစ် အကုန်လုံးက ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူတွေချည်းပဲ။ ဟန်မိသားစုမျိုးဆက်တွေ အားလုံးက အလောင်းကောင် သန့်စင်ရာမှာ ပါဝင်ခဲ့ဖူးကြတယ်။ ပြောစရာမလိုအောင် အပြင်လူတွေကလည်း ပူးပေါင်းခဲ့ကြတာပဲ။ ဘယ်သူမှ အပြစ်မကင်းဘူး။” ယင်ချင်းက ပြန်ဖြေလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူ၏ နတ်အာရုံက လူတိုင်းပေါ် ဖုံးလွှမ်းထားသည်။ သူ့ ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ပေါက်ကွဲထွက်လာပြီး မတူညီသော အရပ်မျက်နှာများသို့ ဖြန့်ကျက်သွားသည်။ လူတစ်ယောက်က လေထဲသို့ ခုန်တက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ဓားစွမ်းအားက လေဟာနယ်ကို ဖောက်ထွက်ကာ သူ့ဆီသို့ တည့်မတ်စွာ ပြေးဝင်သွားသည်။

တူညီသည့်အရာက နေရာအနှံ့တွင် ဖြစ်ပေါ်လာသည်။ အသံများက ဆက်တိုက်ထွက်ပေါ်လာပြီး ဆင့်လောအိမ်တော်မှ ရန်ဟောင်များ မျက်စိတစ်မှိတ်အတွင်း အသတ်ဖြတ်ခံလိုက်ရလေသည်။

ရန်ဟောင်အဆင့်အောက် နိမ့်သော တန်ခိုးရှင်များက အကြောက်တရားများနှင့် ပြည့်နှက်နေလေသည်။ ငွေရောင်ဆံပင်နှင့် လူငယ်သည် သူတို့မျက်လုံးထဲ၌ မကောင်းဆိုးဝါးဆန်သည့် သေမင်းတမန်သာ ဖြစ်လေသည်။

ဟန်လင်းက လူသတ်နတ်ဘုရားအား ဆင့်လောအိမ်တော်သို့ ခေါ်ဆောင်ခဲ့မိလေသည်။

“မင်း ရန်ဟောင်အဆင့်အောက် လူတွေကို သတ်ဖို့ ငါ့ရဲ့ မိစ္ဆာသားရဲကို ခေါ်သွားလိုက်။” ရီဖူရှင်းက ယင်ချင်းအား ပြောလိုက်သည်။

ရီဖူရှင်းက ဤလူများ၏ သေခြင်းရှင်ခြင်းကို သူမ လက်ထဲသို့ ထည့်လိုက်သည်အား ယင်ချင်း နားလည်လိုက်သည်။

ယင်ချင်းက ဆင့်လောအိမ်တော်တွင် ကျင့်ကြံခဲ့သော်လည်း သူမ၏ ဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရပုံ ရသည်။ သူမသည် ဆင့်လောအိမ်တော်မှ လူများနှင့် အလွန်ရင်းနှီးလေရာ မည်သူ့ကို သတ်သင့်သည် မည်သူကတော့ သူမနှင့် အ​ခြေအနေတူသည်ကို သေချာသိရှိပေသည်။ ထို့ပြင် ယင်ချင်းသည် အစက ရီဖူရှင်းကို ကူညီရန် တွေဝေနေသော်လည်း ရီဖူရှင်းအပေါ် စာနာစိတ်အနည်းအများ ရှိ​နေသည့် သူမ၏ ယခင်အပြုအမူများက ရီဖူရှင်းကို သူမအား ယုံကြည်မိစေသည်။ သူမသည် သူ့အား ပထမဆုံး တွေ့သည့် အချိန်တွင် ဆင့်လောအိမ်တော်သို့ ခေါ်ဆောင်ခံရခြင်း မရှိစေလိုပေ။ ထို့ကြောင့် ရီဖူရှင်းသည် သူမမှာ သဘာဝအားဖြင့် ကောင်းမွန်သောသူဟု ကောက်ချက်ချနိုင်ခဲ့သည်။

ထို့​ကြောင့် သူမက အကောင်းဆုံးလူဖြစ်ရန် ဆုံးဖြတ်ချက်ချသင့်ပေသည်။

“ကောင်းပြီ” ယင်ချင်းက ခေါင်းညိတ်လိုက်သည်။ သူမသည် ရီဖူရှင်း၏ တောင်းဆိုချက်ကို ငြင်းပယ်မည် မဟုတ်ပေ။ လူ့အသက်ကို နှုတ်ယူခြင်းက အပြစ်ဖြစ်ပါသော်လည်း သူမက ယခုတစ်ကြိမ်တွင် ထိုလူဆိုးများနှင့် ကစားရန် ဆန္ဒရှိနေသည်။

သူမသည် ဤနှစ်များအတွင်း ဆင့်လောအိမ်တော်အတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများကို မျက်မြင်တွေ့ခဲ့ရကာ သူမ၏ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားရသည်။ ဤသို့သော လူမျိုးများသည် လောကကြီးအတွင်း မတည်ရှိသင့်ပေ။ သူတို့သည် ဟိုးအရင်အချိန်များကတည်းက ဖျက်ဆီးပစ်ခံရသင့်သူများ ဖြစ်လေသည်။

သူမက အရာအားလုံး ရုတ်တရက်ကြီး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။ လမ်းမပေါ်က ကောက်လာခဲ့သော သေလူဟု သတ်မှတ်ပြီးသား လူတစ်ယောက်သည် အလောင်းကောင်အဖြစ် ပြောင်းလဲခံလိုက်ရသင့်ပါသော်လည်း သူက ဆင့်လောအိမ်တော်အတွက် သေမင်းတမန် ဖြစ်လာခဲ့ပေသည်။

ယင်ချင်းသည် ယခု သူမ အိပ်မက်မက်နေသကဲ့သို့ ခံစားမိလေသည်။

“သိမ်းငှက်လေး၊ သူမနဲ့ လိုက်သွားပြီး ဖြေရှင်းလိုက်။” ရီဖူရှင်းက ပြောလိုက်သည်။ သိမ်းငှက်နက်လေးက ခေါင်းညိတ်လိုက်သည်။ သူ၏ အတောင်များကို ဖြန့်ကာ ခြိမ်းခြောက်နိုင်သော အကြည့်တို့ဖြင့် အရှေ့သို့ ကြည့်လိုက်သည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ခံပြင်းဒေါသထွက်မှုတို့နှင့် လောင်ကျွမ်းသေမလို ဖြစ်ခဲ့ရသည်။ သူ့သခင်က အလောင်းကောင်အဖြစ် ပြောင်းလဲခံရလုနီးပါး ဖြစ်ခဲ့လေသည်။ သူသည် ဆင့်လောအိမ်တော်အတွင်းရှိ လူတိုင်းကို သတ်ဖြတ်ပြီးမှသာ သူ့ဒေါသငြိမ်းသက်သွားလိမ့်မည် ဖြစ်သည်။

သို့သော် သူက ရီဖူရှင်း၏ ညွှန်ကြားချက်ကိုသာ လိုက်နာလိမ့်မည် ဖြစ်သည်။

ယင်ချင်းနှင့် သိမ်းငှက်လေး ထွက်သွားပြီးသည့်အခါ ရီဖူရှင်းက မြေပြင်သို့ ဆင်းသက်လိုက်သည်။ သူက ရှားရှင်းယွန်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။”

ရှားရှင်းယွန်က ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်းသည် သူ၏ အင်အားများ ပြန်ရလာစေရန် ရက်အနည်းငယ် အနားယူနေခဲ့ရပြှး သူမနှင့် စကားပြောရန် အခွင့်အရေးပင် မရခဲ့ပေ။ နောက်ဆုံး၌ အခက်အခဲများက ဖြေရှင်းပြီးသွားပြီး သူမသည် ဆင့်လောအိမ်တော် ဖျက်ဆီးခံရသည့်အခါမှပင် စိတ်သက်သာရာ ရတော့သည်။

“ဘာတွေဖြစ်သွားလဲဆိုတာ အင်ပါယာရှား မသိသေးဘူး။ သူ သေချာပေါက် စိတ်ပူနေလိမ့်မယ်။” ရီဖူရှင်းက ခါးသက်သော အပြုံးနှင့် ပြောလိုက်သည်။ သူသည် အင်ပါယာရှားက သူ၏ အရည်အချင်းကို နားလည်သဘောပေါက် အသိအမှတ်ပြုပေးခဲ့အပေါ် ကျေးဇူးကြွေးတင်နေဆဲ ဖြစ်သည်။ အင်ပါယာရှားက ရှားရှင်းယွန်ကို ချစ်မြတ်နိုးသည်ဖြစ်ရာ သူမကို ရီဖူရှင်းအပေါ်၌သာ တွယ်ငြိကာ အချိန်ဖြုန်းမနေစေလိုပေ။ ထို့ကြောင့် သူက သူမအား အင်ပါယာရှားဘုံသို့ ပြန်စေရန် လိမ်ညာခဲ့ခြင်း ဖြစ်သည်။

ရှားရှင်းယွန်က သူမ၏ အဖေကို တွေးမိသည့်အခါ အနည်းငယ် ဝမ်းနည်းမှုအား ခံစားလိုက်ရသည်။

သူမ ကောင်းကင်ဒေသသို့ ရောက်နေခဲ့ပြီး အိမ်ကို အသက်ရှင်လျက် ပြန်သွားနိုင်မလား မသိခဲ့ပေ။

သူမသည် ကောင်းကင်ဒေသ၏ ဒွန်ဟောင်နယ်မြေအတွင်း သင်ခန်းစာရခဲ့ပြီး ဖြစ်သည်။

ရီဖူရှင်းက ချောက်ကမ်းပါးဘက်သို့ လှည့်ကာ လျှောက်သွားခဲ့သည်။ သူက အဝေးသို့ ကြည့်နေရင်း ပြောလိုက်၏။ “ကြားဖူးတာတော့ ပြင်ပဘုံက အဆုံးမရှိ ကျယ်ပြန့်တယ်တဲ့။ မူလဘုံအတွင်း မဟာလမ်းစဥ်ဘုံသုံးထောင်ဆိုတာ ကျင့်ကြံရေးနယ်မြေပဲ။ ဒါပေမယ့် ပြင်ပကမ္ဘာရဲ့ အဆုံးမဲ့ လေဟာနယ် နယ်မြေနဲ့ ယှဥ်ရင် တကယ့်ကို သေးငယ်ပုံရတယ်။ အခြားတစ်ဖက်မှာ တော့ ကောင်းကင်ဒေသဆိုတာက ဒီလေဟာနယ် နယ်မြေမပါဘဲနဲ့တောင် ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခု ဖြစ်နေခဲ့ပြီ။”

သူက ဤနေရာတွင် ရောက်နေသော တိုတောင်းလှသည့် အချိန်အတိုင်းအတာနှင့် ကောင်းကင်ဒေသ၏ အရွယ်အစားကို မတိုင်းတာနိုင်ပေ။ သို့သော် သူသည် မူလဘုံသို့ လက်ရှိအချိန်ကာလတွင် ပြန်သွားနိုင်လိမ့်ဦးမည် မဟုတ်ပေ။

မင်းသမီးဒွန်ဟောင်ပေးခဲ့သည့် နတ်ရတနာက လေဟာနယ်ဘုံကို ထိုးဖောက်ကာ သူ့အား ခေါ်ထုတ်သွားနိုင်သည်။ သို့သော် ၎င်းက သူ့အား ကောင်းကင်ဒေသမှ လေဟာနယ်ဘုံအတွင်းသို့ ​ခေါ်ဆောင်မသွားနိုင်ပေ။

ထို့ကြောင့် ဤသည်မှာ ပြန်လှည့်ရန် လမ်းမရှိသည်နှင့် တူပေသည်။

မင်းသမီးဒွန်ဟောင်က သူ့ကို မသေစေလိုသည့်အတွက် ဤနေရာသို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော် သူက မူလဘုံတွင်လည်း မနေနိုင်ပေ။

ရှားရှင်းယွန်က သူ့ဆီကို လျှောက်သွားပြီး အသံနိမ့်နှင့် ပြောလိုက်သည်။ “အင်ပါယာရှားဘုံဆိုတာ ရှင် ပြည်နယ်ကိုးခုမှာ ရှိနေရင်တော့ အထက်ဘုံပဲ။ မဟာလမ်းစဥ်ဘုံသုံးထောင်ဆိုတာတော့ ကျွန်မတို့နဲ့ အရမ်း ဝေးလွန်းတယ်။”

ရီဖူရှင်းက ရှားရှင်းယွန်ကို နားလည်ပေသည်။ သူက ပြုံးကာ ပြောလိုက်၏။ “မင်းသမီး ဒီအကြောင်းတွေ အရင်က မပြောဖူးပါဘူး။”

သူက အင်ပါယာရှားဘုံနှင့် ပြည်နယ်ကိုးခုမှာကဲ့သို့ ရှားရှင်းယွန်ကို သူမ၏ ဘွဲ့အား တပ်ခေါ်ခဲ့သည်။

“အရင်တုန်းကလိုသာဆို ရှင်နဲ့အတူ ကျွန်မကို ခေါ်သွားဖို့ အမိန့်ပေးမိလိမ့်မယ်။” ရှားရှင်းယွန်က ပြောလိုက်သည်။

ယခင်က မှတ်ဉာဏ်များကို ပြန်တွေးမိရာ ရီဖူရှင်း ရယ်မောလိုက်မိသည်။ သူက ရှားရှင်းယွန်၏ လှပသော မျက်နှာလေးကို ကြည့်ပြီး ရုတ်တရက် အတွေးတို့ ဖြစ်ပေါ်လာသည်။ သူသည် ထိုညက ကြာပန်းအတွင်းမှ နတ်မိမယ်လေးကို မှတ်မိနေသေးသည်။

“မင်းသမီးက အသက်ရှုမှားလောက်အောင် လှပတဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကျွန်တော်ပြောဖူးပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့မှာ အဲဒီအလှကို မြင်တွေ့ဖို့ အခွင့်အရေး မရှိခဲ့ဘူး။” ရီဖူရှင်းက နှုတ်ခမ်းကို တွန့်ရင်း ပြောလိုက်သည်။

ရှားရှင်းယွန်က သူမ မျက်နှာကို မော့ကာ ကြည့်သည့်အခါ ရီဖူရှင်း၏ မျက်လုံးများထဲမှ အပြုံးကို မြင်လိုက်ရသည်။ သူမက ပြန်လှည့်ကာ အဆောင်ကို ပြောင်းလဲမှုပြုလုပ်ရန် သွားခဲ့သည်။

သူမက ခဏအကြာတွင် ပြန်ထွက်လာခဲ့၏။ လောကတစ်ခုလုံးက သူမ၏ အလှတရားအောက်တွင် အရောင်အဆင်းမဲ့သွားသလို ထင်မှတ်ရပေသည်။ ရီဖူရှင်းသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ခပ်တိုးတိုး ညည်းညူလိုက်သည်။ သူမက သူ ခန့်မှန်းထားသည်ထက်ပင် ပို၍ ထူးကဲလှပေသည်။

ရှားရှင်းယွန်က ရီဖူရှင်းဆီ လျှောက်လာခဲ့သည်။ သူက သူမကို စူးစိုက်ကြည့်နေသည်ကို သတိထားမိသည့်အခါ သူမ၏ မျက်တောင်များ တုန်ယင်သွားသည်။ သူမ၏ တောက်ပသော မျက်လုံးများက လင်းလက်နေပြီး သူ့ကို တည်ငြိမ်စွာ မေးလိုက်သည်။ “ကျွန်မက လှလား။”

“မလှဘူး။” ရီဖူရှင်းက ချောင်းဟန့်၍ သူ့မျက်လုံးများကို အဝေးသို့ လွှဲလိုက်သည်။ အံ့သြစရာပဲ။ ရှားရှင်းယွန်က မျက်လုံးများကိုလှည့်ကာ ဆွဲဆောင်မှုရှိစွာနှင့် သူ့ကို ကြည့်လိုက်၏။

“လူလိမ်” သူမက နူးညံ့သောအသံလေးနှင့် ခပ်တိုးတိုး ပြောလိုက်သည်။ ရီဖူရှင်းက မငြင်းပယ်ခဲ့ပေ။

ယင်ချင်းနှင့် သိမ်းငှက်လေးက ဆင့်လောအိမ်တော်တွင် ကျန်ရှိသော တန်ခိုးရှင်များနှင့် ရင်ဆိုင်ပြီးသောအခါ ရီဖူရှင်းနှင့် ရှားရှင်းယွန်ထံ ပြန်လာခဲ့သည်။

“ပြီးသွားပြီလား။” ရီဖူရှင်းက ယင်ချင်းကို မေးလိုက်သည်။

“အင်း” ယင်ချင်းက ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်။” ရီဖူရှင်းက ဆင့်လောအိမ်တော်အတွင်း သူ၏ နတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ “ဒီနေ့ကစပြီး ဆင့်​လောအိမ်တော်ဆိုတာ မတည်ရှိတော့ဘူး။မင်းတို့ ထွက်သွားလို့ရပြီ။”

လူအများက ထွက်မသွားခင် ရီဖူရှင်းဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။ သူတို့က ဟန်မိသားတစ်စိတ်တစ်ပိုင်း မဟုတ်ခဲ့ခြင်းကြောင့် အသတ်မခံခဲ့ရခြင်း ဖြစ်လေသည်။ သူတို့က ရီဖူရှင်း သူတို့အား လွှတ်ပေးသည့်အတွက် ကျေးဇူးတင်နေကြသည်။ သူက သူတို့ကို မထိခိုက်စေဖို့အတွက်နှင့် ကြိုးစားရန် မလိုပေ။ ရီဖူရှင်းကဲ့သို့ အင်အားကြီးသည့် လူတစ်ယောက်အနေနှင့် သူတို့အား အတူတူ သတ်ပစ်လိုက်ခြင်းက ပုံမှန်ပင် ​ဖြစ်သည်။

သို့သော် ရီဖူရှင်းက သူတို့အား ထောက်ထားညှာတာမှု ပြသခဲ့သည်။

“စီနီယာ၊ ကျွန်တော် ခင်ဗျားနဲ့ လိုက်ပြီး ကျင့်ကြံလို့ရနိုင်မလား။” သတ္တိရှိသည့် တစ်စုံတစ်ယောက်က ရီဖူရှင်းကို ​မေးလိုက်သည်။ ထိုမေးခွန်းမေးသံ ထွက်လာသည့်အခါ လူအများက လှည့်ကြည့်လိုက်ကြသည်။

သူတို့က ရီဖူရှင်းကဲ့သို့ တစ်စုံတစ်ယောက်ထံမှသာ သင်ယူနိုင်မည်ဆိုလျှင်…..

သို့သော်လည်း ရီဖူရှင်းက ​ခေါင်းကို ယမ်းလိုက်၏။ မေးခွန်းမေးလိုက်သူက စိတ်ပျက်အားငယ်စွာ ထွက်ခွာသွားပေသည်။ အခြားသူများကလည်း ထိုဆန္ဒကို လက်လျှော့လိုက်ကြရသည်။ ရီဖူရှင်းက သူတို့ကို သွားခွင့်ပြုသည်ကပင် ကံကောင်းခြင်း ဖြစ်နေခဲ့ပြီး ဖြစ်သည်။

လူတိုင်းထွက်သွားပြီးနောက် တောင်တခွင်မှာ တိတ်ဆိတ်သွားခဲ့သည်။

ရီဖူရှင်းက ယင်ချင်းကို ကြည့်ကာ မေးလိုက်သည်။ “ငါ မင်းကို လိမ်ခဲ့လား။”

ယင်ချင်းက သက်ပြင်းချလိုက်၏။ သူမက ရီဖူရှင်းကို မေးလိုက်သည်။ “ရှင် ကျွန်မကို အပြစ်မတင်ဘူးလား။”

သူမသည် ရီဖူရှင်း ဟန်လင်းနှင့် အခြားသူများကို သတ်ဖြတ်နေစဥ် စိုးရိမ်ပူပန်နေမှုမှ မလွတ်မြောက်ခဲ့ပေ။ သူက ခက်ခဲသော အ​ခြေအနေမှ လွတ်မြောက်လာပြီးနောက် သူမနှင့် စာရင်းရန် အချိန်ရှိလာပေလိမ့်မည်။ ရီဖူရှင်းသာ သဘောထားသေးသူ ဖြစ်လျှင် သူမက သူ့ကို အပြည့်အဝမကူညီခဲ့သည့်အတွက် သူ့စကားသူ ဖျက်သိမ်းရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“အဲဒီတုန်းက မင်းမှာလည်း ရွေးစရာမရှိဘူးလေ။ ပြီးတော့ မင်းကလည်း အသက်နဲ့ရင်းပြီး ငါ့ကို ကူညီပေးခဲ့တာပဲ။ ငါက ဘယ်လိုလုပ် မင်းအပေါ် အပြစ်တင်နိုင်ပါ့လဲ။” ရီဖူရှင်းက ယင်ချင်းကို ကြည့်လိုက်သည်။ ယင်ချင်းက အများကြီးမလုပ်ဆောင်ခဲ့သော်လည်း သူမက သူ့အစီအစဥ်တွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သူမက သူ့ကို ယို့အိမ်တော်မှ ရှားရှင်းယွန်ဆီ ခေါ်ထုတ်ဖို့ရာ အတော်လေး ခက်ခဲခဲ့ပေသည်။ မဟုတ်လျှင် သူက အန္တရာယ်ကင်းကင်း ထွက်သွားနိုင်ရန် မသေချာခဲ့ပေ။

အကယ်၍ ယင်ချင်းသာ ဟန်လင်းစိတ်ကျေနပ်စေရန် ရီဖူရှင်းအား ရောင်းစားလိုက်လျှင် သူ့ဘဝ ပြီးဆုံးသွားပေလိမ့်မည်။

ထို့​ကြောင့်ပင် ယင်ချင်းက ရီဖူရှင်း၏ အသက်ကို ကယ်တင်လိုက်သည်ဟု ဆိုနိုင်ပေသည်။

ရီဖူရှင်းက စိတ်သဘောထား သေးသိမ်၍ မုန်းတီးဖွယ် ကောင်းသူတစ်ယောက် မဟုတ်ပေ။

“ငါ အန္တရာယ်ထဲက လွတ်တာနဲ့ တောင်းဆိုမှုတစ်ခု လုပ်နိုင်တယ်လို့ မင်းကို ပြောဖူးတယ်လေ။ ဒီဆင့်လောအိမ်တော်မှာ ရတနာတွေ အများကြီး ရှိနိုင်တယ်။ အခု သူတို့အားလုံး သေသွားပြီဆိုတော့ မင်း နည်းနည်းလောက် လိုချင်သေးလား။” ရီဖူရှင်းက ယင်ချင်းကို မေးလိုက်သည်။

ယင်ချင်းက ခေါင်းကိုမော့ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ “ရှင်က ကျွန်မရဲ့ လုပ်ဆောင်မှုကို အသိအမှတ်ပြုတယ်ဆိုတော့ ကျွန်မ ဒီရတနာတွေကို စွန့်လွှတ်ပြီး တခြားဟာတစ်ခု တောင်းဆိုလို့ရမလား။”

ရီဖူရှင်းက သူ လွတ်မြောက်သွားသည်နှင့် သူမကို တစ်စုံတစ်ခု ပေးပါမည်ဟု ကတိပြုထားခဲ့သည်။

“မင်း ဘာလိုချင်တာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ ဆင့်လောအိမ်တော်ရှိ ရတနာများမှာ ရန်ဟောင်အဆင့် ရတနာများဖြစ်သည်။ ယင်ချင်းက မည်သည့်အတွက်ကြောင့် ၎င်းတို့အား မလိုချင်ရသနည်း။

သူက ယင်ချင်းအား တစ်ခုတည်း မဟုတ်ဘဲ အတော်များများ ယူဆောင်ခွင့်ပြုထားခဲ့သေးသည်။

“ကျွန်မအတွက် တစ်စုံတစ်ယောက်ကို သတ်ပေးပါ။” ယင်ချင်းက ပြောလိုက်သည်။ သူမ၏ မျက်လုံးများက ရုတ်တရက် အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းလာသည်။

“ဘယ်သူလဲ။”

ရီဖူရှင်းက မေးလိုက်သည်။ ယင်ချင်းက ရတနာများကို မရွေးချယ်ခဲ့ဘဲ သူမအ​တွက် လူတစ်ယောက်သတ်ပေးရန် တောင်းဆိုခဲ့သည်။

“တုံ့ယွမ်အိမ်တော်ရဲ့ လက်ရှိ အိမ်တော်သခင်။” ယင်ချင်းက ပြောလိုက်သည်။

“သူက ဘယ်သူလဲ။” ရီဖူရှင်းက ထပ်မေးလိုက်သည်။

အံ့အားသင့်စွာနှင့်ပင် ယင်ချင်းက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တို့ ဖြစ်တည်လာ၏။

ရီဖူရှင်းက ပုံမှန်ကဲ့သို့ ပြုမူနေပြီး သူမကို တည်ငြိမ်စွာ ပြန်ကြည့်နေသည်။ ယင်ချင်းက ရီဖူရှင်း တကယ် မသိရှိသည်ကို သတိပြုမိလိုက်၏။

သူက မည်သို့ဖြစ်၍ သူက တုံ့ယွမ်အိမ်တော်အကြောင်း မသိရသနည်း။

ထိုသည်မှာ ရီဖူရှင်းက အခြားဘုံမှ လာသည့် တိုင်းတစ်ပါးသားဟု ဆိုလိုသည်လား။

ရီဖူရှင်းက ယင်ချင်း၏ အမူအရာအရ သူမ ပြောလိုက်သည့် ထိုလူမှာ အလွန် ကျော်​ကြားလိမ့်မည်ဟု သတိပြုမိလိုက်သည်။ သို့သော် သူသည် ကောင်းကင်ဒေသအကြောင်းကို သိမ်းငှက်လေးစုစည်းထားသည့် သတင်းအချက်အလက် အနည်းငယ်မှလွဲ၍ မည်သည့်အရာကိုမှ မသိရှိထားပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset