ရီဖူရှင်းက သူထွက်သွားနိုင်သည့် နည်းလမ်းရှိသည်ဟု ယင်ချင်းကို တစ်ခါက ပြောဖူးသည်။ သူမသည် သူပြောခဲ့သော ထွက်သွားနိုင်သည့် နည်းလမ်းဟူသည်မှာ တိုက်ခိုက်ခြင်းကို ဆိုလိုကြောင်း ထင်မှတ်မထားခဲ့ပေ။
ဒုတိယအဆင့် နတ်၀င်ရိုးနှင့် လူတစ်ယောက်က မည်သို့ဖြစ်၍ ဆင့်လောအိမ်တော်၏ အစွမ်းထက် တန်ခိုးရှင်များအားလုံးကို တိုက်ခိုက်နိုင်ရသနည်း။
သို့သော်လည်း ရီဖူရှင်းသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးသဖွယ် ဆင့်လောအိမ်တော်ရှိ ရန်ဟောင်အများအပြားကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်။
သူက လေထဲတွင် ရပ်နေပြီး သူ၏ အဖြူရောင်၀တ်စုံက လေတိုက်ခတ်မှုကြောင့် တဖျတ်ဖျတ်လွင့်ဝဲနေသည်။ ဓားစွမ်းအားများက ထိုနေရာတစ်ဝိုက်တွင် လွှမ်းခြုံနေကာ ကြောက်မက်ဖွယ် အော်မြည်သံများကို ထုတ်လွှတ်နေသည်။ မကြာခင်၌ ၎င်းစွမ်းအားများက ကောင်းကင်တခွင်ကို ဖြန့်ကျက်ကာ ဆင့်လောအိမ်တော် တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့၏။
ဘုန်း…
ကောင်းကင်ထက်မှ ဓားစွမ်းအားများက မိုးရွာသလို ကျဆင်းလာပြီး ကျယ်လောင်သော အသံများနှင့်အတူ အဆောင်များက ပြိုကျသွားခဲ့သည်။ ဆင့်လောအိမ်တော်တစ်ခုလုံးက မြေပြင်ပေါ်သို့ ပြိုကျကာ ဖုန်မှုန့်များအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံခြင်း နည်းလမ်းဟူသည်မှာ အကြွင်းမဲ့ မှန်သည်မှားသည်ဟူ၍ မရှိသော်လည်း ဆင့်လောအိမ်တော်သည် လူသားများအပေါ် ပြစ်မှုမျိုးစုံ ကျုးလွန်ခဲ့ပြီး လောကအတွက် အဆိပ်အတောက်ဖြစ်စေခဲ့သည်။ ထို့ကြောင့် ၎င်းတို့က မတည်ရှိသင့်သော လူများပင် ဖြစ်သည်။
ရှားရှင်းယွန်၏ အကူအညီသာ မရှိခဲ့လျှင် ရီဖူရှင်း၏ ထူးချွန်ပြောင်မြောက်လှသော စွမ်းရည်များနှင့်ပင် သူသည် သတ်ဖြတ်ခြင်းကို ခံရကာ ဆင့်လောအိမ်တော်၏ အလောင်းကောင်အဖြစ်သို့ ပြောင်းလဲ ခံလိုက်ရမည် ဖြစ်သည်။ ထပ်ပြောရလျှင် သူက ဆင့်လောအိမ်တော်၏ ပထမဆုံး ကျုးလွန်ခံရသူ မဟုတ်ခဲ့ပေ။ သူက ထိုသို့သော ပြစ်မှုမျိုးကို အမြဲတစေ ကျုးလွန်ခဲ့ကြပေသည်။
ဘုန်း…
ထိုစဥ် သေမင်းတမန်၏ ကြီးမားသော လက်ကြီးတစ်ဖက်က တောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရီဖူရှင်းဆီသို့ ဦးတည်လာခဲ့သည်။
ရီဖူရှင်းက သာမန်မျှသာကြည့်လိုက်၏။ နတ်ဓားများ အချင်းချင်း ထိခတ်သံတို့ ထွက်ပေါ်လာကာ အဆုံးမဲ့ ဓားစွမ်းအားများနှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။ ယင်နတ်အလင်းများဖြင့် လွှမ်းခြုံထားသည့် အရာအားလုံးကို ဖျက်စီးနိုင်သော ဓားစွမ်းအားများသည် သေမင်းတမန်၏ ကြီးမားသော လက်ကြီးဆီသို့ တိုးဝင်သွားကာ ခုတ်ဖြတ်လိုက်သည်။
သို့သော်လည်း ဓားတစ်ခုချင်းစီက အနက်ရောင်အဖြစ် ပြောင်းလဲသွားကာ သေမင်းတမန် လက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။ အဆင့်မြင့် ရန်ဟောင်တန်ခိုးရှင်တစ်ပါးတွင် မှန်းဆ၍ မရနိုင်သော ခွန်အားတို့ ရှိသည်။ သေမင်းတမန်၏ နက်မှောင်သော လက်ကြီးက နေမင်းကို ဖုံးကွယ်ကာ ထိုနေရာတဝိုက်ရှိ ရှင်သန်ခြင်းအလင်းတို့ကို ကွယ်ပျောက်သွားစေသည်။
ရှားရှင်းယွန်က သူမ၏ နတ်ဝင်ရိုးကို အသက်သွင်းလိုက်ကာ သူမနှင့် သိမ်းငှက်လေးတို့အား ကြာပွင့်ချပ် အလင်းလွှာအတွင်း ကာကွယ်၍ တိုက်ခိုက်မှုတို့ မသက်ရောက်အောင် လုပ်ဆောင်လိုက်သည်။ ရီဖူရှင်းက သူ၏ လက်များကို ရှေ့သို့ တွန်းပို့လိုက်သည်။ နတ်ဓားက သေဆုံးခြင်းစွမ်းအင်နှင့် ဖွဲ့စည်းထားသော လက်ကြီးထံသို့ ထိုးဖောက်ဝင်ရောက်သွား၏။ မဟာလမ်းစဥ် စွမ်းအားများက ဆန့်ကျင်ဘက် စီးဆင်းကာ လေဟာနယ်ကို ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။
ဘန်း….
နားအူမတတ် ဆူညံသော အသံနှင့်အတူ ရီဖူရှင်းအောက်မှ တောင်က ပြိုကျသွားပြီး ထိုအရှိန်နှင့် သူ၏ နတ်ဓားက နောက်သို့ တွန်းပို့ခံလိုက်ရသည်။ ရီဖူရှင်းနှင့် ရှားရှင်းယွန် နှစ်ယောက်လုံးက သေဆုံးခြင်းစွမ်းအားများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သို့ရာတွင် သေမင်းတမန်၏ လက်ကလည်း အက်ကွဲသွားကာ အဆုံးမဲ့ သေဆုံးခြင်း စွမ်းအင်လှိုင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်သည်လည်း အနည်းငယ် တုန်ယင်သွား၏။ သူက ပြီးပြည့်စုံသော နတ်ဝင်ရိုး ရှိနေလျှင်ပင် သတ္တမဆင့် နတ်ဝင်ရိုးဖြင့် အဆင့်မြင့်ရန်ဟောင်တစ်ယောက်နှင့် သူ့ကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေခဲ့သည်။
ခပ်ပွပွအနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည် ထွားကျိုင်းသန်မာသော လူတစ်ယောက်က ဆင့်လောတောင်၏ အမြင့်ဆုံး တောင်ထွတ်တွင် တည်ရှိသည့် ရှေးဟောင်းအဆောင်တစ်ခုပေါ်တွင် ထွက်ပေါ်လာသည်။ သူ၏ နက်မှောင်သော မျက်လုံးများက အဝေးမှ ရီဖူရှင်းကို ခြိမ်းခြောက်သည့်ဟန်နှင့် ကြည့်နေခဲ့သည်။
ထိုသူမှာ ဒုတိယအဆင့် နတ်ဝင်ရိုးသာ ရှိသော်လည်း ဆင့်လောအိမ်တော်မှ တန်ခိုးရှင်အများကြီးအား သတ်ဖြတ်ခဲ့ကာ အိမ်တော်တစ်ခုလုံးကိုပင် ဖျက်ဆီးချင်ခဲ့သည်။
“အိမ်တော်သခင်” လူအများက ထိုအမျိုးသားကြီးကို အရိုအသေပြုလိုက်ကြသည်။ သူတို့အား ပို၍ အံ့အားသင့်စေသည်မှာ အဆင့်နိမ့်ရန်ဟောင်သာ ဖြစ်သော ရီဖူရှင်းက ဆင့်လောအိမ်တော်သခင်၏ တိုက်ခိုက်မှုကို ဆန့်ကျင်ကာ ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်ခြင်းပင် ဖြစ်လေသည်။
ထိုသည်မှာ အံ့သြဖွယ်ကောင်းသော ခွန်အားတို့ကို ပြသနေသည်။
နောက်ထပ် လွှမ်းမိုးနိုင်စွမ်းရှိသော သေဆုံးခြင်းစွမ်းအားများက မတူညီသော နေရာများမှ ထွက်ပေါ်လာပြီး ဆင့်လောအိမ်တော်ကြီးကို သေဆုံးခြင်းမြေပြင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။ လူတိုင်း၏ စောင့်ကြည့်မှုများအောက်တွင် အလောင်းကောင်တစ်ကောင်က ယို့အိမ်တော်မှ ပျံသန်းထွက်လာပြီး ဟန်လင်းအရှေ့၌ ရပ်တန့်လိုက်သည်။ ၎င်းမှာ သူ ယခင်က မြင်ဖူးခဲ့သော အလောင်းကောင်ဖြစ်သည်။
ဟန်လင်းက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ ရီဖူရှင်း၏ အရည်အချင်းက ထူးချွန်လှသော်လည်း ဟန်လင်းက သူ့ကို ဤနေရာ၌ သတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်သည်။ ဒုတိယအဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်တစ်ယောက်က ဆင့်လောအိမ်တော်၏ အဆင့်မြင့်ရန်ဟောင်ကို တိုက်ခိုက်နိုင်ပါမည်နည်း။
ဟန်လင်းတွင်လည်း တစ်ချိန်က ပြီးပြည့်စုံသော နတ်ဝင်ရိုး ရှိခဲ့ဖူးပြီး ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်သူများက ၎င်းတို့၏ အဆင့်ထက် သာလွန်သော ခွန်အားတို့ ရှိသည်ကို သိရှိပေသည်။ အများစုမှာ သူတို့ထက် အဆင့်နှစ်ဆင့် မြင့်သော သူများနှင့် ရင်ဆိုင်နိုင်စွမ်းရှိကြသည်။ အချို့ ထူးချွန်သော သူများဆိုလျှင် အဆင့်သုံးဆင့်ထိပင် ကျော်ကာ ရင်ဆိုင်နိုင်ကြပေသည်။ သို့သော် ဒုတိယဆင့်နတ်ဝင်ရိုးနှင့် သတ္တမဆင့် နတ်ဝင်ရိုးရှိ ရန်ဟောင်ကြားတွင် အဆင့်ငါးဆင့် ကွာခြားပေသည်။ ကွာခြားချက်က သေးသေးမွှားမွှား မဟုတ်ပေ။
သို့သော် ရီဖူရှင်းက ဆင့်လောအိမ်တော်ကို ဆုံးရှုံးမှုများ အများအပြား ဖြစ်ပေါ်စေခဲ့သည်။
“အဖေ သူက ကျွန်တော့ဟာပဲ။” ဟန်လင်းက အဝေးမှ ဆင့်လောအိမ်တော်သခင်ကို ပြောလိုက်သည်။ ရီဖူရှင်းက သူ၏ အလောင်းကောင်ဖြစ်လာကာ ရှားရှင်းယွန်သည်လည်း အဆုံးသတ်တွင် တူညီသော ကံကြမ္မာကို တွေ့ဆုံရပေလိမ့်မည်။ သို့သော် သူက သူမကို လိမ်ညာသည့် အဖိုးအခအား ပြန်မပေးဆပ်ခင် ‘ဆုလာဘ်’ ပေးလိုပေသည်။
ဟန်လင်းက သူ၏ လက်နှစ်ဖက်လုံးနှင့် ချိပ်စည်းသဏ္ဌာန် ပုံဖော်လိုက်သည်။ ချက်ချင်းပင် အလောင်းကောင်၏ မျက်လုံးများက ခြောက်ခြားဖွယ် အစိမ်းရောင်အလင်းတို့ လင်းလက်လာသည်။ သေဆုံးခြင်းစွမ်းအားတို့၏ ပျက်စီးခြင်းအနံ့အသက်တို့ ၎င်းခန္ဓာမှ ထုတ်လွှတ်နေ၏။ ဆူညံနေသော အသံများနှင့် မရေတွက်နိုင်သည့် သေဆုံးခြင်း နွယ်ပင်များက အလောင်းကောင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၎င်းတို့က ရှေးဟောင်းသစ်ပင်၏ အမြစ်များနှင့် ဆင်တူပေသည်။ သန်းချီသော လက်တံများကဲ့သို့ နွယ်ပင်များက ကောင်းကင်မှ ဖြတ်သန်းကာ ရီဖူရှင်းကို တိုက်ခိုက်လာသည်။
နတ်ဓားက ရှေ့သို့ ပြေးဝင်လာပြီး နွယ်ပင်များကို ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း နွယ်ပင်များက ဆက်လက် ကြီးထွားလာနေကာ ရီဖူရှင်းကို တိုက်ခိုက်ရန် ချဥ်းကပ်လာသည်။ နယ်မြေတစ်ခုလုံးတွင် သေဆုံးခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
တောက်ပသော နတ်ဓားက လေဟာနယ်ကို ထက်ခြမ်းခွဲကာ အလောင်းကောင်ထံ တိုးဝင်လာ၏။ အက်ကွဲသံတစ်ခုနှင့် နတ်ဓားက အလောင်းကောင်ကို ထိုးဖောက်သွားကာ ၎င်းအား ကြောက်မက်ဖွယ် ဓားစွမ်းအားတို့နှင့် ဖျက်ဆီးပစ်ချင်နေသည်။ သို့သော်လည်း အလောင်းကောင်က သန်းချီသော နွယ်ပင်များကို ဆန့်ထုတ်လာကာ နတ်ဓားကို ရစ်ပတ်ကာ နတ်ဓားအား ဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။
အလောင်းကောင်က အသက်မရှိသည့်အတွက် နာကျင်မှုကို မကြောက်ရွံ့ပေ။ ထိုနွယ်များက နတ်ဓားကို အရူးအမူး တိုက်ခိုက်နေပြီး ဓားစွမ်းအားများကလည်း ၎င်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်း တိုက်ခိုက်လာသည်။
အခြားတစ်ဖက်တွင် မရေတွက်နိုင်သော သေဆုံးခြင်းနွယ်ပင်များက ရီဖူရှင်းထံ ဆက်လက် တိုးဝင်လာနေ၏။
နွယ်တစ်ခုချင်းစီ၏ ထိပ်ဖျားတွင် ဖုံးကွယ်ထားသော ပါးစပ်များ ပွင့်ဟလာကာ ရီဖူရှင်းအား ဝါးမြိုရန် ကြိုးစားလိုက်သည်။
ရှားရှင်းယွန်အနီးရှိ ကြာပန်းများ၏ အလင်းလွှာသည်လည်း တိုက်ခိုက်ခံရပြီး တဖြေးဖြေးချင်း စားသောက်ပစ်ခြင်းကို ခံနေရသည်။ နွယ်ပင်များက သူမကို ဆွဲယူရန် ကြိုးစားနေပေသည်။
ရီဖူရှင်းက ထိုမြင်ကွင်းအား မြင်သည့်အခါ သူ၏ မျက်လုံးများက ဒေါသတို့နှင့် တောက်ပလာသည်။ သူ့ ခန္ဓာကိုယ်မှ ပို၍ သန့်စင်မြင့်မြတ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ သာလွန်သော စွမ်းအားတို့က ပတ်ဝန်းကျင်ကို ဖြန့်ကျက်လာသည်။ သူ့ခန္ဓာကို ဗဟိုပြုကာ ပေါ်ထွက်လာသော မြင့်မြတ်သည့် တော်ဝင်အရှိန်အဝါတို့က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူ့ခန္ဓာကိုယ်အနီးမှ နေရာသည် သူ၏ အကြွင်းမဲ့နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျူးကျော်လာသော နွယ်ပင်များက ချက်ချင်းပင် ရှင်းလင်းခံလိုက်ရသည်။ နတ်အလင်းက ရှားရှင်းယွန်ပေါ်တွင် တောက်ပနေကာ ထိုသေဆုံးခြင်းအငွေ့အသက်များကို ရှင်းထုတ်ပစ်နေသည်။
ဖြူဖျော့နေသော မျက်နှာနှင့် ဆင့်လောအိမ်တော် တန်ခိုးရှင်များသည် ရီဖူရှင်း၏ စွမ်းရည်ကြောင့် ထိတ်လန့်တုန်လှုပ်နေကြပေသည်။ ထိုလူက မည်သို့ဖြစ်၍ အစောပိုင်းကထက် ပိုသန်မာလာရသနည်း။
ထို့ပြင် ထိုသို့သော စွမ်းအားမျိုးက…
ဟန်လင်း၏ အမူအရာသည်ပင် မည်းမှောင်လာပေသည်။ ဆင့်လောအိမ်တော်သခင်က ရီဖူရှင်းက စိုက်ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။ “မင်း ဘယ်သူလဲ။”
သူသည် ဧကရာဇ်စွမ်းအား၏ အရင်းအမြစ်ဖြစ်သော ရီဖူရှင်းထံမှ ဧကရာဇ်အသိကို ခံစားမိခဲ့သဖြင့် အံ့သြထိတ်လန့်သွားခဲ့သည်။
ထိုလူ၏ သရုပ်မှန်က မည်သည်နည်း။
ဆင့်လောအိမ်တော်က မည်သို့ဖြစ်၍ ထိုသို့သော ကြီးမြတ်သည့် ပုဂ္ဂိုလ်အား ဆန့်ကျင်မိခဲ့ရသနည်း။
ကောင်းကင်းဒေသတွင်းမှ လူများသည် ပုံမှန်အားဖြင့် အလွန် သတိရှိကြပြီး ထူးခြားသော ပုဂ္ဂိုလ်များနှင့် ရန်သူမဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားကြသည်။ ကောင်းကင်ဒေသအတွင်းရှိ လူအများစုမှာ နက်နဲသောနောက်ခံများ ရှိကြသည်။ ဆင့်လောအိမ်တော်ကို အဆင့်မြင့်ရန်ဟောင်တစ်ပါးက အုပ်ချုပ်ပြီး အနီးဝန်းကျင်တွင် လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း သူတို့က ကောင်းကင်ဒေသရှိ ထိပ်သီးအင်အားစုများနှင့် အနည်းငယ်မျှပင် မယှဥ်နိုင်ပေ။ ဆင့်လောအိမ်တော်က အပြစ်မပြုရန် မဖြစ်လေသော လူပေါင်းများစွာ ရှိပေသည်။
“ကျုပ်က ခင်ဗျားတို့ရဲ့ အလောင်းကောင်အဖြစ် ပြောင်းပစ်ဖို့ ခင်ဗျားတို့ အိမ်တော်ကို ခေါ်ဆောင်လာခံရတဲ့ လူတစ်ယောက်ပဲလေ။” ရီဖူရှင်းက သာမန်လေသံနှင့် ပြန်ဖြေလိုက်သည်။ သူ စကားပြောလိုက်သည့်အခါ အလောင်းကောင်၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဓားက ပို၍ တောက်ပသော အလင်းတို့ ထွက်ပေါ်လာ၏။
“ချိုးဖျက်စမ်း” ရီဖူရှင်းက အေးစက်သော အသံနှင့် ပြောလိုက်သည်။ မရေတွက်နိုင်သော နွယ်များက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ တောက်လောင်နေသော နတ်ဓားက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အလောင်းကောင်က ပေါက်ကွဲထွက်သွားကာ တခဏအတွင်း ပျောက်ကွယ်သွားသည်။
နတ်ဓားက ကောင်းကင်ထက်တွင် ရစ်ဝဲနေကာ ဖော်ပြ၍ မရနိုင်သော အလင်းများနှင့် လောင်ကျွမ်းနေသည်။
လမင်းက ယင်အလင်းများကို ထုတ်လွှတ်ကာ ထိုဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလာ၏။ ဆင့်လောအိမ်တော်မှ တန်ခိုးရှင် တစ်ယောက်ပြီးတစ်ယောက် ရေခဲရုပ်တုများအဖြစ် အေးခဲသွားပြီးနောက် အက်ကြောင်းများစွာ ဖြစ်ပေါ်လာသည်။ အချို့သော အလယ်အလတ် အဆင့် ရန်ဟောင်များက ချက်ချင်းပင် အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ရီဖူရှင်းက ယင်ချင်းအနီးမှ လူများကို ဝေ့ကြည့်လိုက်သည်။ လမင်း၏ နတ်အလင်းများက သူတို့ပေါ်သို့ ကျရောက်လာကာ အသံတစ်စက်ပင် မထွက်လိုက်နိုင်ဘဲ သူတို့ အသက်အား နှုတ်ယူသွားတော့သည်။
“ဆင့်လောအိမ်တော်က သုတ်သင်ခံရဖို့ ထိုက်တန်တယ်။”
ဓားအလင်းများက ထိုနေရာတစ်ခုလုံးကို လင်းထိန်နေစေကာ နေရာအနှံ့တွင် ဓားစွမ်းအားများနှင့် လွှမ်းခြုံခံထားရပေသည်။ အလယ်အလတ်အဆင့် တန်ခိုးရှင်များစွာက ဓားစွမ်းအားတို့ဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရကာ သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့နေသော အကြည့်တို့ ရှိနေခဲ့သည်။
သူတို့သည် ဒုတိယအဆင့် နတ်ဝင်ရိုးသာ ရှိသော တန်ခိုးရှင်တစ်ယောက်က ဆင့်လောအိမ်တော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
နောက်ဆုံးတွင် ဟန်လင်းက အကြောက်တရား၏ အရသာကို စတင်ခံစားလာရပြီ ဖြစ်သည်။ သူက ရီဖူရှင်းအား ပြူးကျယ်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။ မည်သို့ဖြစ်၍ ယခုလို ဖြစ်လာရသနည်း။
ရီဖူရှင်းသည် ဟန်လင်း လမ်းပေါ်မှ ကြုံရာကောက်ယူလာခဲ့သော သေသင့်နေသည့် လူတစ်ယောက် ဖြစ်သည်။ မည်သို့ဖြစ်၍ ထိုသူက စကားဖြင့် ဖော်ပြ၍ပင် မရသော ခွန်အားတို့ကို ပိုင်ဆိုင်ထားသည့် မကောင်းဆိုးဝါးသဖွယ် တန်ခိုးရှင် ဖြစ်နေရသနည်း။
ဝှစ်…
ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် အန္တရာယ်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ ရှေ့တွင် ပုံရိပ်ခပ်ရေးရေးတစ်ခု ပေါ်ပေါက်လာသည်။ သူသည် ထိုခပ်ဝါးဝါးအရိပ်က သူ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်ကြောင်း သိရှိပြီး သူ့အား ခြိမ်းခြောက်နိုင်ကြောင်း ခံစားမိလိုက်သည်။
အဝေးရှိ ဆင့်လောအိမ်တော်သခင်က သူ့အား ဖမ်းဆုပ်သည့် အမူအရာ လုပ်လာသည့်အခါ ရီဖူရှင်းသည် သူ၏ စိတ်ဝိညာဥ်က ထိန်းချုပ်ခံရသလို ခံစားမိလိုက်ပေသည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်က တိုက်ခိုက်မှုအား တုံ့ပြန်ဖို့ရာ ထိန်းချုပ်မှု၌ အခက်အခဲ ရှိနေခဲ့သည်။
စွမ်းအင်လှိုင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ထိုနေရာဝန်းကျင်ကို မဟာလမ်းစဥ် သီးခြားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ရီဖူရှင်းက ဆင့်လောအိမ်တော်သခင်ပေါ်တွင် သူ၏ မျက်လုံးများကို စူးစိုက်ထားလိုက်ကာ ဆင့်လောအိမ်တော်သခင်ကို မျက်ဝန်းမှော်ပညာနှင့် ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာအတွင်း ဆွဲခေါ်လိုက်သည်။ သို့ပါသော်လည်း သူသည် ရီဖူရှင်းထံသို့ ပြင်းထန်စွာ တိုက်ခိုက်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
“နောက်ပြန်ဆုတ်စမ်း” ရီဖူရှင်းက အရိပ်ပေါ်တွင်း စူးစိုက်ကြည့်လိုက်ကာ ယင်နတ်အလင်းလှိုင်းတို့က ၎င်းထံသို့ လှည့်ပတ်တိုးဝင်သွားလေသည်။ အရိပ်က အလျင်အမြန် ပြန်ဆုတ်ခွာသွားပြီး ဆင့်လောအိမ်တော်သခင်၏ နောက်ဘက်တွင် ဖွဲ့စည်းလာသည့် ကြီးမားလှသော သေမင်းတမန်ပုံရိပ်ကြီး ရှိနေရာ၌ ပုန်းကွယ်နေခဲ့သည်။
သေမင်းတမန်က ထိုနေရာနားတဝိုက်ကို လှမ်းကြည့်လိုက်သည်။ နေနှင့်လက ကောင်းကင်တွင် တပြိုင်တည်း တောက်ပနေကာ ကြောက်မက်ဖွယ် နတ်အလင်းတို့က သူ့ထံသို့ တိုက်ရိုက်ကျရောက်နေသည်။ သူသည် အဆင့်နိမ့်ရန်ဟောင်တစ်ပါး၏ နတ်ဝင်ရိုးမှ ဖန်တီးထားသော မဟာလမ်းစဥ် သီးခြားနယ်မြေအတွင်း ပိတ်မိသွားခဲ့သည်။
ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်လျှင် သူ၏ လက်ထဲ၌ လှံတစ်လက် ထွက်ပေါ်လာသည်။ ဧကရာဇ်အသိနှင့် ပေါင်းစပ်လိုက်သည့်အခါ လှံက ပြိုင်ဘက်ကင်း စွမ်းအားတို့ကို ထုတ်လွှတ်လာ၏။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက စစ်နတ်ဘုရားတစ်ပါး ဖြစ်လာပေသည်။
ဆင့်လောအိမ်တော်သခင်က တုန်လှုပ်သွားခဲ့သည်။ သေမင်းတမန်၏ အလွန် များပြားသော အရိပ်များက ရီဖူရှင်းပေါ်သို့ အဆက်မပြတ် ထိုးနှက်လာပြီး သူ့ကို ဆိုးရွားသော ခံစားချက်တို့ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် ရီဖူရှင်းသည် အန္တိမတိုက်ပွဲစွမ်းရည်ကို အသုံးပြုကာ တဟုန်ထိုး တိုက်ခိုက်လိုက်သည်။ အလင်းတန်းက လေဟာနယ်သို့ ထိုးဖောက်ထွက်သွားပြီး ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလိုက်သည်။ ဆင့်လောအိမ်တော်သခင်က နောက်သို့ ဆုတ်ခွာလိုသော်လည်း လှံက သူ့ထံ ရောက်ရှိနေပြီ ဖြစ်သည်။ သန့်စင်လှသည့် ယင်စွမ်းအားများက လေထုကို အေးခဲစေကာ သူ၏ လှုပ်ရှားမှုများကို နှေးကွေးလာစေ၏။
“သေစမ်း” သူက လက်ကို အသည်းအသန်မြှောက်ကာ ထိုထိုးနှက်ချက်အား ကာဆီးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လှံကိုင်ထားသော လူ၏ ပုံရိပ်က လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာနှင့် ကောင်းကင်ကို ဖြတ်သန်း ရောက်ရှိလာသည်။ ဖောင်းခနဲမြည်သံနှင့် ဆင့်လောအိမ်တော်သခင်က ပေါက်ကွဲထွက်သွားလေသည်။
“မလုပ်နဲ့…..” ထိုမြင်ကွင်းက ဟန်လင်းကို ထိတ်လန့်ကြောက်ရွံ့စေကာ သူ့မျက်နှာက သေလောက်အောင် ဖြူဖျော့သွားခဲ့သည်။ ရီဖူရှင်းက ပြန်လှည့်ကာ သူ့ကို ကြည့်လိုက်၏။
ရီဖူရှင်းသည် လှံကို ကိုင်ထားပြီး ဟန်လင်းထံသို့ လျှောက်လာခဲ့သည်။ ဟန်လင်းသည် အလယ်အလတ် အဆင့် ရန်ဟောင်ဖြစ်နေပြီ ဖြစ်သော်လည်း ထိုအခိုက်တွင် သူ အလုပ်ချင်ဆုံးအရာက ထွက်ပြေးခြင်းသာ ဖြစ်လေသည်။
သို့သော် သူက ရီဖူရှင်း၏ မဟာလမ်းစဥ် နယ်မြေအတွင်း ပိတ်မိနေခဲ့လေရာ မည်သည့်နေရာကို ထွက်ပြေးနိုင်ပါမည်နည်း။
နောက်ထပ် လျှပ်စီးတန်းတစ်ခု ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဟန်လင်းနောက်၌ ပြန်ပေါ်လာခဲ့သည်။ ပြင်းထန်စွာ နာကျင်နေသည့် အမူအရာက ဟန်လင်း၏ မျက်နှာထက် ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က တစစီ ကွဲထွက်သွားတော့၏။
အသက်ရှင်ကျန်ရစ်နေသေးသော လူအနည်းငယ်က ကြောက်ရွံ့မှုတို့နှင့် တုန်ယင်နေသည်။ သူတို့အတွက် အရာအားလုံးက အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ဖြစ်သည်။
ဒုတိယဆင့်နတ်ဝင်ရိုးနှင့် တန်ခိုးရှင်တစ်ယောက်ကြောင့် ဆင့်လောအိမ်တော်တစ်ခုလုံး အမြစ်ဖြတ်ချေမှုန်းခံလိုက်ရလေသည်။
***