အခန်း (၄) နွားရိုင်းကိုးကောင်စွမ်းအား
“ငါ… ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်သွားပြီပဲ…”
ကျန်းလန် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ချီစွမ်းအားသန့်စင်ခြင်းအဆင့်တွင် စုစုပေါင်း အဆင့် (၉)ဆင့် ရှိသည်။ ကျင့်စဉ် အဆင့် (၉)ဆင့်လုံးအောင်မြင်ရန် နှစ်ပေါင်းများစွာ ကျင့်ကြံရမည် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်သည် ကျင့်စဉ်လမ်းသို့ ဝင်ရောက်ပြီးသည်နှင့် ချီစွမ်းအားသန့်စင်ခြင်းကို စတင်ကျင့်ကြံရလေသည်။
သာမန်လူတစ်ယောက်ဆိုလျှင် ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၁) အောင်မြင်ရန်အတွက် ရက်ပေါင်း (၁၀၀)ခန့် ကျင့်ကြံရမည် ဖြစ်သည်။ ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၉)ဆင့်လုံး အောင်မြင်ရန် ဆိုလျှင်တော့ နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်။
သို့သော်… ယခုတော့ ကျန်းလန်က မျက်စိတစ်မှိတ်အတွင်းမှာပင် ချီစွမ်းအားသန့်စင်ခြင်းအဆင့် ၊ အဆင့် (၉)ဆင့်လုံးကို အောင်မြင်သွားခဲ့ပြီ ဖြစ်သေည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ တာအိုကျမ်းစာက တန်ခိုးစွမ်းအား မည်မျှမြင့်မားကြောင်း ခန့်မှန်းကြည့်နိုင်သည်။
ကျန်းလန်က သူ၏ စိတ်အာရုံထဲမှ တာအိုကျမ်းစာကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်သည်။
စောစောက စနစ်မှ ထွက်ပေါ်လာသည့် တာအိုကျမ်းစာမိတ်ဆက်အရဆိုလျှင် သူ့အနေဖြင့် တာအိုကျမ်းစာကို (၃)လ လေ့လာခွင့်ရမည် ဖြစ်သည်။
ဤသို့ဆိုလျှင် (၃)လအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားများကူညီပေးသည့်အလား လျှင်မြန်စွာ မြင့်တက်သွားနိုင်လေမည်လား။
ထိုသို့တွေးမိသည့်အခါ… စိတ်လှုပ်ရှားစွာဖြင့် ကျန်းလန် တာအိုကျမ်းစာကို နောက်တစ်ခေါက် ထပ်ဖတ်လိုက်သည်။ သို့သော်… ချက်ချင်းပင် စိတ်ပျက်သွားရသည်။
‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ တာအိုကျမ်းစာက သူ့စိတ်အာရုံထဲတွင် ရှိနေဆဲ ဖြစ်လေသည်။ သို့သော်… ပထမဆုံးအကြိမ် ကျင့်ကြံစဉ်ကကဲ့သို့ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် ကျန်းလန် ကျင့်ကြံခြင်းအဆင့် နောက်တစ်ဆင့်တက်နိုင်ရန် သိပ်ပြီးအထောက်အကူမပြုတော့ပေ။
ကျန်းလန် စိတ်ကိုလျှော့ချလိုက်ပြီး လောဘမကြီးရန် ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။
“ဒီလောက်နဲ့ပဲ လုံလောက်ပါတယ်လေ… ၊ ဒီကျမ်းစာကို (၃)လ လေ့လာပြီးရင် အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ချင်အောင်မြင်နေမှာပေါ့…”
စနစ်မှ ‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ တာအိုကျမ်းစာကို ရရှိခြင်းမှာ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းသွားခြင်း ဖြစ်နိုင်သည်ဟု ကျန်းလန် တွေးလိုက်မိသည်။
နောက်ထပ် စနစ်တွင် ထပ်မံမှတ်ပုံတင်သည့်တိုင် ဤသို့သော ကျမ်းစာမျိုးကို ရရှိရန်မှာ မဖြစ်နိုင်တော့ပေ။
သူသာ ဤတာအိုကျမ်းစာကို မှန်ကန်သည့်နည်းလမ်းဖြင့် အသုံးပြုနိုင်မည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့် ထပ်မံမြင့်တက်လာခြင်း မရှိသည့်တိုင် ကျင့်စဉ်လမ်းတွင် အထောက်အပံ့တော့ ရရှိနိုင်ပေမည်။
လက်ရှိတွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေသေးသည်။ ထို့ကြောင့်… တာအိုကျမ်းစာကို ဆက်လက်လေ့လာပြီး ကျင့်ကြံရပေလိမ့်မည်။ မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းက တိုးတက်မှုမရှိဘဲ ရပ်တန့်သွားနိုင်သည်။
ကျန်းလန်အနေဖြင့်… သူ့ကိုယ်သူကာကွယ်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးစားနေရန် လိုအပ်သည်။
ထို့နောက်… ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ကျန်းလန် မရဏဂူထဲမှ အပြင်သို့ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် ရောင်နီလာနေပြီဖြစ်သည်။
နံနက်အရုဏ်တက်ချိန်ရောက်ခဲ့ပြီ…။
“ငါ… ကျင့်ကြံနေတာ တစ်ညလုံး ကြာသွားတာပဲ ၊ ခဏလေးလို့ ထင်နေတာ…”
ထို့နောက် မရဏဂူမှ သူနေထိုင်ရာ အဆောက်အဦသို့ ကျန်းလန် လမ်းလျှောက်ပြန်လာစဉ်တွင် နေက တဖြည်းဖြည်း ကောင်းကင်ထက်တွင် မြင့်တက်လာလေသည်။
‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ တာအိုကျမ်းစာကို လေ့လာရင်း ကျန်းလန် အချိန်၏ သဘောတရားကို တဖြည်းဖြည်း နားလည်လာသည်။
အချိန်သည် တစ်ခဏမျှဟုထင်ရသော်လည်း ထာဝရ ကြာချင်ကြာသွားနိုင်လေသည်။
ထိုအချိန်မှစပြီး…
ကျန်းလန်တစ်ယောက် နဝမတောင်ထွတ်တွင်နေထိုင်ရင်း အေးအေးဆေးဆေး ကျင့်ကြံလျှက် ရှိလေတော့သည်။
သူ့အတွက် နဝမတောင်ထွတ်က အလွန်အေးချမ်းသည့် နေရာတစ်ခုဖြစ်သည်။ ဝေယျာဝစ္စအလုပ်များကလည်း သိပ်မများလှပေ။
သူလုပ်ရသည့် တစ်ခုတည်းသောအလုပ်မှာ နဝမတောင်ထွတ်၏ ခန်းမဆောင်ကို သန့်ရှင်းရေး ပြုလုပ်ရခြင်း ဖြစ်သည်။
ခွန်လွန်တောင်၏ တောင်ထွတ် (၉)ခုတွင် ခန်းမဆောင်တစ်ခုစီ ရှိကြသည်။ ထို့ကြောင့် နဝမတောင်ထွတ်တွင်လည်း ခန်းမဆောင်တစ်ခု ရှိလေသည်။
သို့သော်… တပည့်များစုဝေးနေထိုင်ခြင်း မရှိသောကြောင့် ခန်းမဆောင်က စွန့်ပစ်ခံထားရသည့် ခန်းမဆောင်တစ်ခုအလား အမှိုက်သရိုက်များဖြင့် ညစ်ပတ်ပေပွလျှက် ရှိသည်။
ယနေ့လည်း ကျန်းလန် ခန်းမဆောင်ကို သန့်ရှင်းရေး လုပ်ပြီးသွားသည်နှင့် ခန်းမဆောင်အဝင်တံခါးတွင် ခေတ္တထိုင်နေရင်း စနစ်တွင် မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။
“စနစ်… နဝမတောင်ထွတ်ပေါ်မှာ မှတ်ပုံတင်မယ်…”
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုက လက်ဆောင်ကိုရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သင်ဟာ ယခုဆိုရင် ‘နွားရိုင်းကိုးကောင်’ စွမ်းအားကို ရရှိပါပြီ ]
[ နွားရိုင်းကိုးကောင်စွမ်းအား : အဆင့်လွန်ကျင့်ကြံခြင်းပြီးဆုံးသည့်အခါ လက်သီးတစ်ချက်တည်းနဲ့ တောင်ကိုပင်ပြိုစေပြီး ပင်လယ်ကို ထိုးခွင်းနိုင်မယ့် အစွမ်းကိုရရှိမယ်… ]
ရိုးရှင်းသည့် မိတ်ဆက်စကားဖြစ်သော်လည်း ကျန်းလန် အလွန်အံ့အားသင့်သွားမိသည်။
ယခုတစ်ခါ စနစ်မှ ပေးအပ်သည်က တိုက်ခိုက်သည့် စွမ်းအားတစ်ခု ဖြစ်၏။ ထိုစွမ်းအားက ကျန်းလန်အတွက် အလွန်အသုံးဝင်သည်။
လက်ရှိအချိန်တွင်… ကျန်းလန်မှာလည်း တိုက်ခိုက်မှုစွမ်းရည် အလွန်အားနည်းနေလေသည်။ ကျန်းလန် ချက်ချင်းပင် နွားရိုင်းကိုးကောင်စွမ်းအားကို လေ့လာသင်ယူလိုက်သည်။
ကျန်းလန်၏ စိတ်အာရုံထဲတွင် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး နွားရိုင်းကိုးကောင်စွမ်းအားက ချက်ချင်းပင် သူ့စိတ်အာရုံထဲ ဝင်ရောက်လာသည်။
ထို့နောက်… ကျန်းလန်၏ခန္ဓာကိုယ်တစ်ခုလုံး ကြီးမားသည့် စွမ်းအားများနှင့် ပြည့်နက်သွားသလို ခံစားလိုက်ရသည်။
ကျန်းလန် လက်သီးဖြင့် အရှေ့တည့်တည့်သို့ ထိုးစိုက်ချလိုက်၏။
ထိုအခါ… လက်သီးချက်တွင် သူထည့်သွင်းထားသည့် စွမ်းအားထက် အဆမတန်များပြားသော စွမ်းအားတစ်ခု ရုတ်ချည်း ထွက်ပေါ်လာလေသည်။
“ဝုန်း…”
ကျယ်လောင်သည့် အသံကြီးနှင့်အတူ သူ့ရှေ့မှ ကျောက်တုံး ကျောက်ဆောင်ကြီးများ အက်ကွဲသွားသည်။
ဤသည်က နွားရိုင်းကိုးကောင်စွမ်းအား မဟုတ်သေးပေ။ နွားရိုင်းတစ်ကောင်စွမ်းအားမျှသာ ရှိသေးသည်။
ကျန်းလန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် နွားရိုင်းတစ်ကောင်စွမ်းအားကိုသာ အသုံးပြုနိုင်သေးသည်။ အဆင့်လွန် ကျင့်ကြံခြင်းပြီးဆုံးမှသာ နွားရိုင်းကိုးကောင်စွမ်းအားကို အပြည့်အ၀ အသုံးပြုနိုင်မည် ဖြစ်လေသည်။
သို့သော်… နွားရိုင်းတစ်ကောင်စွမ်းအားသည်ပင် အတော်လေး ပြင်းထန်လွန်းလေသည်။ နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အသုံးပြုမည်ဆိုလျှင် မယုံကြည်စရာကောင်းအောင် အစွမ်းထက်ပေလိမ့်မည်။
“ဒါ ဘယ်လို နွားရိုင်းစွမ်းအားမျိုးလဲ ၊ အတော် ပြင်းထန်တာပဲ…”
ကျန်းလန် လက်သီးကိုဆုပ်ထားရင်း စဉ်းစားလိုက်မိသည်။
သူ၏ လက်သီးချက်က သာမန်နွားရိုင်းတစ်ကောင်ထက်ပင် စွမ်းအားကြီးမားနေသည် မဟုတ်ပါလား။
………..
ထိုသို့ဖြင့်…
(၆)လဆိုသည့်အချိန် ကုန်ဆုံးသွားခဲ့လေသည်။
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေလေသည်။
အချိန်အတန်ကြာပြီးနောက်… ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ တာအိုကျမ်းစာကို လွန်ခဲ့သည့် (၃)လကပင် ညက်ညက်ကျေအောင် ကျန်းလန် လေ့လာခဲ့ပြီး ဖြစ်သည်။
သို့သော်… ပထမဆုံးနေ့တွင် ခံစားရသကဲ့သို့ တန်ခိုးစွမ်းအားများ မြင့်တက်လာသည့် အခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာခြင်း မရှိတော့ပေ။
သို့ရာတွင်… တာအိုကျမ်းစာကို ညက်ညက်ကျေအောင် လေ့လာပြီးသွားချိန်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင်တော့… စနစ်တွင် မှတ်ပုံတင်ခြင်းမှ ပြဒါးဆေးလုံးအချို့ကို ရရှိခဲ့သည်။ ထိုဆေးလုံးများကို အသုံးပြုလိုက်သည့်အခါ ကျန်းလန် အခြေခံတည်ဆောက်ခြင်းအဆင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားလေတော့၏။
ကျန်းလန်အနေဖြင့်… အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်သွားပါ ရွှေပြဒါးအမြုတေအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
သို့သော် အမြုတေစတင်ဖြစ်တည်ရန်က မလွယ်ကူလှသလို အလွန်လည်း ရှုတ်ထွေးသည်။
ခွန်လွန်စိတ်ကျမ်းကို ဆက်လက်ကျင့်ကြံလျှင် သို့မဟုတ် စနစ်တွင် အဆက်မပြတ်မှတ်ပုံတင်နေလျှင်တောင်မှ အမြုတေဖြစ်တည်နိုင်ရန်က အတော်လေး ခက်ခဲဦးမည် ဖြစ်သည်။
မဟာတာအိုမှရရှိသည့်လက်ဆောင်က အမြုတေကို အလျှင်အမြန် ဖြစ်တည်စေနိုင်ကောင်းသည်။ သို့သော်… သူကိုယ်တိုင် ကြိုးစားကျင့်ကြံခြင်း မရှိလျှင် အရာအားလုံးက အသုံးဝင်မည် မဟုတ်ပေ။
ထို့ကြောင့်… ကျန်းလန် နေ့တိုင်း ကျင့်ကြံခြင်းကို မပျက်မကွက် ပြုလုပ်သည်။ အမြုတေ အမြန်ဆုံး ဖြစ်တည်လာစေရန်လည်း မျှော်လင့်နေမိလေသည်။
ခွန်လွန်တောင်တစ်ခုလုံးမှ အခြားသော အဆင့်မြင့်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ကြည့်လျှင် ရွှေပြဒါးအမြုတေအဆင့်က ဘာမှ မဟုတ်သေးပေ။
သို့သော်… အမြုတေစတင်ဖြစ်တည်ပြီဆိုပါက ကျန်းလန်၏ တန်ခိုးစွမ်းအားများသိပ်သည်းလာပေလိမ့်မည်။ ထိုအခါ ခွန်လွန်တောင်မှ တပည့်များကြားတွင် ထိပ်တန်းတပည့်တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းလန် ရွှေပြဒါးအမြုတေရရှိအောင် ကျင့်ကြံရန် စိတ်ပိုင်းဖြတ်ထားခြင်း ဖြစ်၏။
“ငါ…ရွှေပြဒါးအမြုတေရအောင် ကြိုးစားရမယ် ၊ ငါ့မှာ ဆေးဝါးတွေလည်း အတော်လေး စုမိနေပြီပဲ…”
ကျန်းလန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့နောက်… မှတ်ပုံတင်ခြင်းကြောင့် ရရှိထားသည့် ဆေးဝါးများနှင့် မှော်ဝင်ပစ္စည်းများကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။
(၆)လအတွင်း… ကျန်းလန်တစ်ယောက် နဝမတောင်ထွတ်အနောက်ဘက်ရှိ မရဏဂူထဲတွင် အစဉ်အမြဲ ကျင့်ကြံနေခဲ့လေသည်။ စနစ်တွင်မှတ်ပုံတင်ရန်လည်း တစ်ရက်မှ မပျက်ကွက်ခဲ့ပေ။
ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် စနစ်တွင်မှတ်ပုံတင်ခြင်းမှလွဲပြီး အခြားရွေးခြယ်စရာ မရှိလေရာ ကျန်းလန် မပျက်မကွက် ကြိုးစားမှတ်ပုံတင်နေရသည်။
ထို့ပြင်… နဝမတောင်ထွတ်တစ်ခုလုံးတွင် မဟာတာအိုလမ်းကြောင်း တည်ရှိရာနေရာဆို၍ မရဏဂူတစ်ခုသာ ရှိသည်။
မရဏဂူထဲတွင် မှတ်ပုံမတင်လိုလျှင် အခြားနေရာများသို့သွားရောက်ပြီး မဟာတာအိုလမ်းကြောင်း တည်ရှိရာနေရာကို အပြေးအလွှား ရှာဖွေရမည် ဖြစ်သည်။
ခွန်လွန်တောင်ပေါ်တွင်သာ လတ်ယားလတ်ယား လျှောက်သွားနေပါက သူ့ကို လူအများ အာရုံစိုက်မိလာကြပေလိမ့်မည်။
ထိုအချက်က… သိုသိုသိပ်သိပ်နေလိုသည့် ကျန်းလန်နှင့် သိပ်ပြီး မကိုက်ပေ။
စနစ်တွင် မှတ်ပုံတင်ခြင်း အဆက်မပြတ် ပြုလုပ်ပြီးနောက် ကျန်းလန် ဆေးလုံးများစွာ ရရှိခဲ့သည်။
ရိုးတွင်းချဉ်ဆီသန့်စင်သည့်ဆေးလုံး ၊ အခြေခံတည်ဆောက်ခြင်းဆေးလုံး ၊ ရင်းမြစ်မှန်ဆေးလုံး ၊ ကောင်းကင်ဘုံနှင်းပွင့်ဆေးလုံး… စသည်တို့ ဖြစ်၏။
ထို့ပြင်… ကျင့်ကြံခြင်းအဆင့်မြင့်တက်စေသည့်ဆေးလုံး ၊ စွမ်းအားတိုးတက်ဆေသည့်ဆေးလုံးများနှင့် အဆိပ်ဖြေဆေးများကိုလည်း ရရှိထားသေးသည်။
ထိုဆေးလုံးများထဲတွင် အများစုက သိပ်ပြီး အသုံးမဝင်လှပေ။
ထို့ပြင်… စနစ်တွင် မှတ်ပုံတင်ခြင်းဖြင့် အသုံးမဝင်လှသည့် ကျင့်စဉ်များကိုလည်း ရရှိထားသေးသည်။
အထူးသဖြင့် ဆရာဖြစ်သူ သူ့ကို သင်ပေးထားသည့် ခွန်လွန်ချီစွမ်းအားတည်ဆောက်ခြင်းကျင့်စဉ်နှင့် ချီစွမ်းအားသန့်စင်ခြင်း အဆင့် (၉)ဆင့်ကျင့်စဉ်တို့မှာ လမ်းဘေးမှာပင် ရရှိနိုင်သည့် ကျင့်စဉ်များဖြစ်ကြသည်။
သို့သော်… အသုံးဝင်သည့် ကျင့်စဉ်များလည်း များစွာ ရရှိထားလေသည်။
ဥပမာအားဖြင့် … ဆွဲငင်အားမန္တန် ၊ မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်နှင့် ယင်နှင့်ယန် ဓားသိုင်းတို့ကဲ့သို့သော ကျင့်စဉ်များ ဖြစ်၏။
ထို့ပြင် ရတနာပစ္စည်းများဖြစ်သည့်… ပန်းအိဓား ၊ အင်မော်တယ်နှောင်ကြိုး နှင့် အခြားပစ္စည်းများအပြင် အဖိုးတန်မှော်ဝင်ပစ္စည်းများစွာလည်း ရရှိထားသေးသည်။
မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကတော့ ကျန်းလန်အတွက် ချွင်းချက်မရှိ အရေးပါလွန်းလှသည်။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မယုံနိုင်စရာကောင်းလောက်အောင် မြင့်တက်လာလေရာ သူ၏ ခန္ဓာကိုယ်က ဒဏ်မခံနိုင် ဖြစ်ရသည်။
မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်က စိတ်ကို တည်ငြိမ်စေပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကြား ထိန်းညှိပေးလေသည်။ မဟုတ်ပါက သူ၏ ရုပ်ခန္ဓာ သေချာပေါက် ပျက်စီးသွားနိုင်ဖွယ် ရှိသည်။
ကျင့်ကြံရာတွင် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် ဟန်ချက်ညီရန်က အလွန်အရေးပါသည် မဟုတ်ပါလား။
ကျန်းလန်က သာမန်လူသားတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ဤသို့သော ကိစ္စမျိုးကို ပိုပြီး အာရုံစိုက်သတိထားရန် လိုအပ်သည်။
ယခုတော့…. အချိန် (၆)လ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။
အခြားတပည့်များက ချီစွမ်းအားသန့်စင်ခြင်းအဆင့်မှာပင် တိုင်ပတ်နေဆဲ ဖြစ်သော်လည်း ကျန်းလန်ကတော့ ရွှေပြဒါးအမြုတေ ကနဦးအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် အခြားတပည့်များနှင့်ယှဉ်လျှင် သူ့အဆင့်က မိုင်ပေါင်းအသင်္ချေ မြင့်မားနေပြီဟု ဆိုနိုင်သည်။
သူတို့၏ ကွဟချက်က ကမ္ဘာခြားနေပြီ ဖြစ်လေတော့သည်။
မိုက်တယ်