Switch Mode

အပိုင်း(၁၈၆၄)

သတ်ဖြတ်ခြင်းနတ်ဘုရား

ရှားရှင်းယွန်က ခေါင်းကို မော့ကာ အဆောင်အပြင်ဘက်သို့ ကြည့်လိုက်သည်။ မမြင်ရသော စွမ်းအင်စီးကြောင်းများက သူမ ချထားခဲ့သော ချိပ်စည်းကို ဆန့်ကျင်ကာ စီးဆင်းနေ၏။ သူမသည် ဟန်လင်းက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် သူက ထိုမျှထိ ရိုင်းစိုင်းနေလိမ့်မည် မဟုတ်ပေ။

ရှားရှင်းယွန်က ပြန်လှည့်ကာ တင်ပျဥ်ခွေထိုင်နေသော ငွေရောင်ဆံပင်နှင့် လူကို စိုက်ကြည့်လိုက်သည်။ ကျင့်ကြံနေစဥ် တောက်ပသော အလင်းများနှင့် လွှမ်းခြုံထားပြီး ယခုတွင် ရီဖူရှင်းက အပြည့်အဝ ပြန်လည်ကောင်းမွန်လာတော့မည် ဖြစ်၏။ သူ၏ ခန့်ညားချောမောပြီး သိမ်မွေ့သော မျက်နှာတွင် အဖြူရောင်အဝတ်အစားများနှင့် ငွေရောင်ဆံပင်များကို ဖြည့်စွက်လိုက်သောအခါ သူက ပိုမို ရင့်ကျက်ကာ ဆွဲဆောင်မှု ရှိပေသည်။

သူက မျက်လုံးများကို ဖွင့်ကာ ရှားရှင်းယွန်အား ကြည့်လိုက်သည်။ “ချိပ်စည်းကို ဖွင့်လိုက်။”

ရှားရှင်းယွန်နှင့် သိမ်းငှက်နက်လေးတို့ ဆင့်လောအိမ်တော် အပြင်ဘ​က်တွင် စုံစမ်းထားခဲ့သော သတင်းများအရ ဆင့်​လောအိမ်တော်သခင်သည် သတ္တမဆင့် နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသော်လည်း ပြီးပြည့်စုံသော နတ်ဝင်ရိုး မဟုတ်ပေ။ သူက စွမ်းအားကြီးသူတစ်ယောက် ဖြစ်သော်လည်း ရီဖူရှင်းက သူ့ကို အခက်အခဲမရှိ ရင်ဆိုင်နိုင်ပေသည်။

ဟန်လင်းက အဆောင်တည်ရှိကာ ချောက်ကမ်းပါးဘေးတွင် ပျံဝဲနေခဲ့သည်။ သူ၏ နတ်အာရုံက အဆောင်ကို စူးစမ်းထောက်လှမ်းနေခဲ့ပြီး ချိပ်စည်းက ပွင့်ဟသွားခဲ့သောအခါ ချက်ချင်းပင် ထိုအဆောင်အတွင်းတွင် ရှားရှင်းယွန်နှင့် သိမ်းငှက်နက်လေးအပြင် အခြားလူတစ်ယောက်လည်း ရှိနေသည်ကို သတိပြုမိလိုက်သည်။

သူက ရီဖူရှင်းကို လမ်းပေါ်မှ ကောက်လာသော သေခါနီးလူတစ်ယောက်အဖြစ်သာ သဘောထားလေရာ မည်သည့်အာရုံစိုက်မှုမှ မပေးဖြစ်ခဲ့ပေ။ သို့သော်လည်း ရီဖူရှင်းက ထိုကဲ့သို့ စိတ်ကူးယဥ်ဆန်လောက်အောင် ထူးချွန်သော လူတစ်ယောက် ဖြစ်နေပုံရလေသည်။ ယခု သူတို့က အချင်းချင်း ပူးပေါင်းရန် အခွင့်အရေး ရသွားကာ သူ့ ဘေး၌ ရှားရှင်းယွန် ရှိလာခဲ့ပြီး အရာအားလုံးက ပို၍ ပြီးပြည့်စုံသွား ပုံရလေသည်။

ထိုအချိန်၌ ဟန်လင်း၏ မျက်လုံးများက အေးစက်ကာ စူးရှနေသည်။

သူက လှည့်စားခံလိုက်ရသည်ကို သတိပြုမိပေသည်။

သူ အိပ်မက်မက်ခဲ့သမျှ အရာအားလုံးက ကိုယ်ပိုင်စိတ်ကူးယဥ်မှုသာ ဖြစ်လေသည်။

သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။ သို့သော်လည်း သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ မိန်းမငယ်လေးတစ်ယောက်၏ လက်ထဲ၌ လှည့်စားခံလိုက်ရမည်ကို ဖြစ်လေသည်။ သူသည် ရှားရှင်းယွန်က လောကကြီးအကြောင်း သိနားလည်ခြင်းမရှိဘဲ အပြစ်ကင်းစင်သူ တစ်ယောက်ဟု ထင်ထားခဲ့မိသော်လည်း ယခု သူက သူမ လက်တစ်ဖက်တည်းနှင့် ကစားသွားခြင်းကို ခံလိုက်ရပေသည်။ သူက သူမကို သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများနှင့် အလောင်းကောင်များပင် ပို့ပေးခဲ့မိသေးသည်။

ဟန်လင်းသည် ဆင့်လောအိမ်တော်မှ လက်အောက်ခံများ ထိုအကြောင်းကို သိသွားသောအခါ သူ့အား ဝိုင်းဟားကြမည်ကို စိုးရိမ်နေသည်။

အခြားသော တန်ခိုးရှင်များက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဟန်လင်းနောက်၌ ရပ်လိုက်ကြသည်။ သူတို့က ရီဖူရှင်း ကောင်းမွန်စွာရှိနေသည်ကို မြင်လိုက်သည့်အခါ မည်သည်တို့ ဖြစ်နေသည်အား သတိပြုမိသွားကြပေသည်။ ဆင့်လောအိမ်တော်က ရန်သူ့ထောက်ချောက်ထဲ ကျသွားကြောင်း တွေးမိလိုက်ကြသည့်အခါ လူတိုင်း၏ မျက်နှာများက မည်းမှောင်သွားလေသည်။

ရန်ဟောင်များထဲမှ တစ်​ယောက်က ယင်ချင်း၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လိုက်သည်။ သူတို့ ယခု မြင်နေရသော မြင်ကွင်းနှင့် ယို့အိမ်တော်သခင် ပြောသည့်စကားကို ချင့်တွက်လျှင် ယင်ချင်းသည် ဤအရေးကိစ္စ၌ ကျိန်းသေပါဝင် ပတ်သတ်နေပေသည်။ သူမ ပါဝင်ပတ်သတ်ခြင်း မရှိလျှင်ပင် ဒုအိမ်တော်သခင်က သူမအား လွယ်လွယ်နှင့် အလွတ်ပေးလိမ့်မည် မဟုတ်ကြောင်း သိရှိပေသည်။

ရှားရှင်းယွန်နှင့် ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းကာ သိမ်းငှက်နက်လေးနောက်မှ လိုက်လာခဲ့သည်။ သူတို့က ခေါင်းများကို မော့ကာ လေထဲ၌ ရှိနေသော ဟန်လင်းကို ကြည့်လိုက်ကြသည်။ ရှားရှင်းယွန်က ဤတစ်​ကြိမ်တွင် သူမ၏ အကြည့်ထဲ၌ ဟန်လင်းအပေါ် မနှစ်မြို့ခြင်းနှင့် အထင်အမြင်သေး စက်ဆုပ်ခြင်းတို့ကို ဖုံးကွယ်မထားခဲ့ပေ။ သူမ၏ အမူအရာကို မြင်သောအခါ ဟန်လင်း၏ မထီမဲ့မြင်အပြုံးတို့က ပျောက်ရှသွားရလေသည်။ သူက သူမကို လှောင်ပြောင်ရမည်လား သူ့ကိုယ်သူ လှောင်ပြောင်ရမည်လား မသဲကွဲတော့ပေ။

ရီဖူရှင်းက အလွန် တည်ငြိမ်နေပြီး ဟန်လင်းကို လမ်းလျှောက်နေသော သေလူတစ်​ယောက်ကဲ့သို့ ကြည့်နေခဲ့၏။

“မင်းရဲ့ အကြံအစည်က ဘာလဲ အရမ်းသိချင်တာပဲ။ သူ့ကိုသာ ကယ်နိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်နိုင်တာပဲလား။” ဟန်လင်းက ရှားရှင်းယွန်ကို ပြောလိုက်သည်။ သူက သူမ၏ သရုပ်မှန်ကို မမေးခဲ့ပေ။ ထိုသို့မေးသည်က အဓိပ္ပါယ်မဲ့သည်ကို သူ သိပေသည်။

သူသည် ရီဖူရှင်းအား မြင်လိုက်သည့်အခိုက်အတန့်၌ ရှားရှင်းယွန်နှင့် ရီဖူရှင်း နှစ်ယောက်လုံး သေရမည်ဟု ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အခြားသော နည်းလမ်းဟူ၍ မရှိပေ။

သူသည် ယခင်က ရီဖူရှင်းကို အလောင်းကောင်ပြုလုပ်ရန် ကြိုးစားခဲ့သည်။ ယခု သူက ရီဖူရှင်းအား ဆင့်လောအိမ်တော်မှ အသက်ရှင်လျက် ထွက်ခွာသွားခွင့်ပြုနိုင်ပါမည်နည်း။

ပြောရလျှင် သူသည် ရီဖူရှင်းက ကိုယ့်ခြေထောက်ပေါ် ကိုယ် ပြန်ရပ်တည်လာနိုင်သည့်အတွက် ထိတ်လန့်အံ့အားသင့်နေဆဲပင် ဖြစ်သည်။ ထိုသည်မှာ ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့ အတူတကွ မည်သို့ ကျင့်ကြံသည်နှင့် တစ်ခုခု သက်ဆိုင်နိုင်ပေသည်။

ရှားရှင်းယွန်သည် ဟန်လင်း၏ မေးခွန်းအား မတုံ့ပြန်ခဲ့ပေ။ ရီဖူရှင်းက ရှေ့သို့ ခြေလှမ်းလာပြီး သူ၏ အဖြူရောင်ဝတ်ရုံသည် လေမတိုက်ဘဲနှင့် တဖျတ်ဖျတ် လွင့်နေပေသည်။ မဟာလမ်းစဥ်၏ စွမ်းအင်လှိုင်းများက လွတ်လပ်စွာ စီးဆင်းနေ၏။

ဟန်လင်းက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။ “အဲဒီမိန်းမကို ငါနဲ့ ထားခဲ့။ ဟိုကောင်နဲ့ သေသင့်တဲ့ သားရဲကောင်ကို ယို့အိမ်တော်ဆီပို့ပြီး အလောင်းကောင်အဖြစ် သန့်စင်ဖို့ ပြောလိုက်။”

သူက ရှားရှင်းယွန်ကို ‘နတ်မိမယ်’ ဖြစ်စေ နာမည်ကို ဖြစ်စေ မခေါ်ခဲ့ချေ။ အရာအားလုံးက အလိမ်အညာများသာ ဖြစ်သည့်အတွက် သူမ သူ့ကို ပြောထားခဲ့သော ထိုအမည်ကလည်း အစစ်အမှန် မဖြစ်နိုင်ပေ။

သူက ရှားရှင်းယွန်ကို သတ်ရန် အစီအစဥ် မရှိသော်လည်း လိမ်လည်ခဲ့သော တန်ဖိုးကို ပေးဆပ်စေလိုပေသည်။ သူ အခြားအမျိုးသမီးများကို ဆက်ဆံခဲ့သော ပုံစံအတိုင်း သူ စိတ်ကျေနပ်သည်အထိ သူမနှင့် ကစားပြီးနောက် သူပိုင်ဆိုင်သည့် အလှပဆုံး အလောင်းကောင်အဖြစ် ပြောင်းပစ်လိုက်မည် ဖြစ်သည်။

ဟန်လင်း၏ လက်အောက်ခံများက တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်သွားလေသည်။ သူတို့ကြားတွင် အလယ်အလတ် ရန်ဟောင်တစ်ပါး ရှိပြီး ထိုသူ၏ ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့တွင် သေဆုံးခြင်းစွမ်းအားများ လွှမ်းခြုံကာ သေဆုံးခြင်းအရိပ်များကို ဖန်တီးထားသည်။ ထိုအရိပ်များက ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့၏ အထက်တွင် မျောလွင့်နေကာ တစ္ဆေဝင်္ကပါက အဆောင်တစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားပေသည်။

ဝင်္ကပါသည် တစ္ဆေများနှင့် ပြည့်နှက်နေခဲ့ပြီး ကြောက်မက်ဖွယ် သေဆုံးခြင်းစွမ်းအင်များက လူများ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်ပေသည်။

လူအိုကြီး၏ လက်က ရီဖူရှင်းထံသို့ ဆန့်ထုတ်ကာ ဖမ်းဆုပ်သည့် အမူအရာ ပြုလုပ်လိုက်သည်။ ရာပေါင်းများစွာသော တစ္ဆေများက ရီဖူရှင်းကို ရက်ရက်စက်စက် တိုက်ခိုက်လာခဲ့၏။

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ထုတ်လွှတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဓားစွမ်းအားများ ထွက်ပေါ်လာကာ တစ္ဆေများကို ချေမှုန်းလိုက်သည်။

ဝှစ်…

မျက်စိကျိန်းလောက်စရာ ဓားအလင်းတို့ လင်းလက်လာပြီး ဓားစွမ်းအားတို့က ကောင်းကင်ကို ထိုးဖောက်လာ၏။ အရိပ်များ၊ တစ္ဆေများနှင့် အဆောင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ဝင်္ကပါတို့က ချက်ချင်းပင် သိန်းသန်းချီသော အပိုင်းအစများအဖြစ် ကွဲထွက်သွား​လေသည်။

အဖိုးကြီးက ထိတ်လန့်သွားခဲ့သည်။ အဆုံးမဲ့ မီးခိုးရောင် သေဆုံးခြင်း စွမ်းအင်လှိုင်းများက သူ့ခန္ဓာကိုယ်အနီးတွင် ရစ်ပတ်လာပြီး ကြီးမားလှသော တစ္ဆေအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။.

ရီဖူရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ကာ ရှေ့သို့ ခြေလှမ်းလာသည်။ သူ၏ ဓားက လေဟာနယ်ကို ထိုးဖောက်သွား၏။

မဟာလမ်းစဥ် လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သည့် တောက်ပနေသော ဓားစွမ်းအားများက ထိတ်လန့်တုန်လှုပ်ဖွယ် ဓားချီမုန်တိုင်းတစ်ခုအဖြစ် ဖြစ်တည်လာသည်။ ထိုလူကြီးသည် သူ့ခန္ဓာကိုယ်က ထက်ခြမ်းကွဲသွားသလို ခံစားလိုက်ရပေသည်။ အလွန် အစွမ်းထက်လှသော ဓားစွမ်းအားက သူ့အပေါ်တွင် ချိပ်ပိတ်ထားသလို ဖြစ်ကာ သူ့ဝိညာဥ်ကိုပင် တုန်ခါလာစေသည်။

ဘန်း..

မည်းနက်နေသော သေဆုံးခြင်းစွမ်းအားများက ထွက်ပေါ်လာပြီး လူအိုကြီးက လေထဲသို့ တက်သွားကာ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် တိုက်ခိုက်မှုက အလွန် လျင်မြန်လှသည်။ ဓားက အလင်းတောက်ပလာပြီး တစ်ချိန်တည်းမှာပင် သူ့ထံ ရောက်လာလုနီး​ပါး ဖြစ်နေခဲ့၏။

ပေါက်ကွဲထွက်လာသော စူးရှသည့် အသံနှင့်အတူ လူများသည် ထိုအဖိုးအိုက ဒဏ်ရာများစွာနှင့် ပြင်းပြင်းထန်ထန် တုန်ယင်လာသည်ကို မြင်တွေ့လိုက်ကြရသည်။ သူက ဓားစွမ်းအားများနှင့် ရစ်ပတ်ခံထားရပြီး တဖြေးဖြေး အဝေးသို့ ပျောက်ကွယ်သွားလေသည်။

“မဟုတ်ဘူး…”

အဖိုးအိုက အထိတ်တလန့် အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က တစစီပေါက်ကွဲထွက်သွားကာ ဝိညာဥ်ကလည်း ပြန့်ကျဲသွားတော့သည်။ သူ့နောက်မှ တောင်ထိပ်များသည်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းများကြောင့် ကြေမွသွားရလေသည်။

ဆင့်လောအိမ်တော်အတွင်း အားလုံးသော တန်ခိုးရှင်များက ရုန်းရင်းဆန်ခတ်အခြေအနေ၏ အရင်းအမြစ်ကို အာရုံစိုက်နေကြသည်။

အစွမ်းထက် ရန်ဟောင်များက ထိုနေရာသို့ အလျင်အမြန် ရောက်လာကြသည်။ သူတို့၏ နတ်အာရုံများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အခြေအနေအား လွှမ်းမိုး၍ သူတို့လူများကို ကူညီလိုခဲ့သည်။

သိပ်မကြာခင် များပြားလှသော တန်ခိုးရှင်များ ရီဖူရှင်းရှိနေသော အဆောင်အနီးတွင် ထွက်ပေါ်လာကြ၏။ အဆင့်မြင့်ရန်ဟောင်မပါဝင်သော်လည်း အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ရန်ဟောင်များစွာ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

ဆင့်လောအိမ်တော်တွင် အိမ်တော်သခင်တစ်ယောက်သာ အဆင့်မြင့်ရန်ဟောင် ဖြစ်သည်။

သို့ဆိုလျှင်ပင် အချို့သော အလယ်အလတ် အဆင့် ရန်ဟောင်အချို့မှာ ဆဋ္ဌမဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်များ ဖြစ်ကြသည့်အတွက် လုံလောက်ပြီဟု ဆိုနိုင်သည်။ သေဆုံးခြင်းစွမ်းအင်များက ရီဖူရှင်း၏ အဆောင်ကို လွှမ်းခြုံထားပြီး ကြီးမားသော သေဆုံးခြင်းလှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွား​လေသည်။

“ပြီးပြည့်စုံတဲ့ ဒုတိယအဆင့် နတ်ဝင်ရိုး။” လူအုပ်ကြီးက ရီဖူရှင်းကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးက ချက်ချင်း သုတ်သင်ခံလိုက်ရသည်မှာ အံ့သြစရာမရှိပေ။ ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားသည့် ဒုတိယဆင့်ရန်ဟောင် တန်ခိုးရှင် တစ်​ယောက်က ပြီးပြည့်စုံသည့် နတ်ဝင်ရိုးမရှိသော အလယ်အလတ် အဆင့် ရန်ဟောင်တစ်ယောက်ကို အလွယ်တကူ ယှဥ်နိုင်ပေသည်။ အရည်အချင်း ရှိသော တစ်စုံတစ်ယောက်က စတုတ္ထဆင့် နတ်ဝင်ရိုးနှင့် အလယ်အလတ် ရန်ဟောင်တစ်ပါးကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိပေလိမ့်မည်။

မြောက်မြားလှစွာသော အလောင်းကောင်များက အမိန့်ရသည်နှင့် ရီဖူရှင်း၏ ခွန်အားကို စမ်းသပ်ရန် တဟုန်ထိုး ပြေးဝင်လာကြသည်။ ထိုအော်ဂလီဆန်စရာကောင်းသော အလောင်းကောင်များက ရီဖူရှင်း၏ ရှေ့သို့ ချက်ချင်း ရောက်လာကြပေသည်။

ရီဖူရှင်းက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေပြီး အလောင်းကောင်များကို စက်ဆုပ်စွာ ကြည့်နေခဲ့သည်။ မဟာလမ်းစဥ်၏ အေးခဲနေသော စွမ်းအားလှိုင်းတစ်ခုက စီးဆင်းလာကာ လေဟာနယ်တစ်ခုလုံးကို အေးခဲသွားစေသည်။ ထိုအလောင်းကောင်များက လျင်မြန်စွာပင် ရေခဲရိုက်ခံလိုက်ရကာ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက ဓားစွမ်းအားတို့ဖြင့် ဖျက်ဆီးခံလိုက်ရသည်။

ထိုအခြေအနေကြောင့် ဆင့်လောအိမ်တော်မှ တန်ခိုးရှင်အချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ ထိုလူက မည်သို့ဖြစ်၍ ထိုမျှ အစွမ်းထက်နေရသနည်း။

ရီဖူရှင်း သူ့ကို ဝန်းရံထားသော လူများကို ကြည့်ကာ ပြောလိုက်သည်။ “ဒီလိုမိစ္ဆာလမ်းစဥ်မျိုး ကျင့်ကြံတာ။ မင်းတို့က သေသင့်တယ်။”

သူက လေထဲတွင် မျောလွင့်နေသည်။ ကောင်းကင်၌ လတစ်စင်းထွက်ပေါ်လာကာ ယင်နတ်အလင်းတို့ တောက်ပနေပြီး နေရာကျယ်ကြီးတစ်ခုလုံးကို အလင်းပေးနေသည်။ လူတိုင်းက အေးစိမ့်မှုကြောင့် တုန်ယင်လာကြပြီး သူတို့၏ ​ခြေလက်များမှ ဖြတ်သန်းကာ ကျောရိုးထဲထိပင် အေးခဲလာပေသည်။

အလယ်အလတ်အဆင့် ရန်ဟောင်များ၏ မျက်နှာက မည်းမှောင်လာသည်။ လေဟာနယ်ကို ထိုးဖောက်လာသည့် စွမ်းအင်များက အခြားတန်ခိုးရှင်များကို ဖိနှိပ်ထားကာ သူတို့၏ မဟာလမ်းစဥ် စွမ်းအားစီးဆင်းမှု အရှိန်ကို နှေးကွေးသွားစေသည်။

လမင်း၏ နတ်အလင်းက အဆင့်နိမ့်ရန်ဟောင် အဆင့်သာ ရှိသေးသည့် တန်ခိုးရှင်များ၏ ခန္ဓာကိုယ်များက အေးခဲသွားလေသည်။

“ဂရုစိုက်။” ယို့အိမ်တော်သခင်က အခြားသူများကို သတိပေးလိုက်သည်။ လူအများသည် နောက်သို့ ပြန်ဆုတ်ခွာလိုကြသော်လည်း တောက်ပသော နတ်အလင်းက သူတို့ထက်၌ လင်းလက်လာကာ ထိုအလင်းတို့တွင် ကြောက်မက်ဖွယ် ပြင်းထန်သော ယင်စွမ်းအားများကို သယ်ဆောင်ထားပေသည်။

ဘန်း….

ကြောက်လန့်နေသော အကြည့်တို့က အဆင့်နိမ့်ရန်ဟောင်တစ်ယောက်၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသည်။ နောက်တခဏ၌ သူ၏ ခန္ဓာကိုယ်က အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။ ထို့နောက် နေရာအနှံ့မှ အဆင့်နိမ့်ရန်ဟောင်များ အားလုံးတွင် တူညီသော အဖြစ်တို့ ဖြစ်ပွားခဲ့သည်။

ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ တန်ခိုးရှင်များက တစစီပေါက်ကွဲထွက်လျက် ဆိုးဆိုးဝါးဝါး သေဆုံးသွားကြသည်။

အဆင့်နိမ့်ရန်ဟောင်များသာမကဘဲ အလယ်အလတ် အဆင့်မှ အားနည်းသော ရန်ဟောင် အချို့သည်ပင် ယင်နတ်အလင်းတို့ဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

“ဝင်္ကပါဖွဲ့စည်း” အစွမ်းထက် အလယ်အလတ် ရန်ဟောင်များက ကြောက်လန့်တကြား ဖြစ်သွားကြသည်။ သူတို့သည် ယင်နတ်အလင်းတို့၏ သက်ရောက်ခြင်းကို ခံလိုက်ရကာ ၎င်းအား ခုခံကာကွယ်ရန် သူတို့၏ ခွန်အားများကို တိုးမြှင့်လိုက်ကြသည်။ သေဆုံးခြင်းစွမ်းအားများက သူတို့၏ ခန္ဓာကိုယ်အတွင်း လှုပ်ရှားနေပြီး ကြောက်မက်ဖွယ် သေမင်းတမန် အရိပ်များ မရေတွက်နိုင်အောင် ဖြစ်ပေါ်လာသည်။ သေဆုံးခြင်းနတ်အလင်းများ၏ ရက်စက်သော တိုက်ခိုက်မှုတို့က ကြောက်မက်ဖွယ် သေဆုံးခြင်းလေပွေက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ သူရှိနေသည့် တောင်တစ်ခုလုံးကို ယင်းစွမ်းအားများက ချေမွဖျက်ဆီးပစ်ချင်နေသည်။

ဘုန်း…

အသံများနှင့်အတူ တောက်ပသော နတ်ဓားက ရီဖူရှင်း၏ ရှေ့၌ ဖွဲ့တည်လာသည်။

ယင်နတ်အလင်းတို့ဖြင့် ရောစပ်ထားသော ဓားစွမ်းအားများနှင့် နတ်ဓားက လေဟာနယ်ကို ထိုးဖောက်လာ၏။

ရီဖူရှင်းက ကောင်းကင်သို့ လက်ကို ညွှန်လိုက်သည့်အခါ နတ်ဓားက အထက်သို့ ထိုးတက်သွားခဲ့သည်။ ကျယ်လောင်သော အသံများနှင့် နတ်ဓားသည် သေဆုံးခြင်းလေပွေကို စုတ်ဖြဲလိုက်ကာ ကောင်းကင်အား ထိုးဖောက်လာသည်။ နတ်ဓားက လေထဲတွင် ဆိုင်းငံ့ကာ လပြည့်ဝန်း၏ အရှေ့၌ မျောလွင့်နေ၏။

လမင်းမှ ယင်နတ်အလင်းများ ထုတ်လွှတ်ကာ နတ်ဓားသို့ ပေါင်းစပ်ပေးလိုက်သည့်အခါ ယင်ဓားစွမ်းအားများက အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ မည်သူကမှ ထိုစွမ်းအားကို ခံနိုင်ရည်မရှိကြပေ။

“သတ်” ရီဖူရှင်းက ပြောလိုက်သည်။ ထိုနတ်ဓားက လျှပ်စီးတန်းတစ်ခုကဲ့သို့ ထိုးထွက်သွား၏။

ရွှစ်… ရွှစ်…. ရွှစ်….

ဓားအလင်းတို့က ရန်ဟောင်အများအပြား၏ ခန္ဓာကိုယ်တို့အား ထိုးဖောက်ပြီးနောက် နတ်ဓားက ရီဖူရှင်းထံ ပြန်လည်ရောက်ရှိလာသည်။

ကောင်းကင်မှ တန်ခိုးရှင်များသည် အကြောက်တရားတို့နှင့် ပြည့်နေခဲ့သည်။ ထို့နောက် တခဏအတွင်း သူတို့က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခံလိုက်ရပေသည်။

သူ့လူများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသောအခါ ဟန်လင်း၏ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ တန်ခိုးရှင်အများအပြားက တိုက်ခိုက်ခံခဲ့ရကာ မည်သူမှ အသက်မရှင်ခဲ့ကြပေ။

ယို့အိမ်တော်သခင်သည်လည်း သတိလက်လွတ် ကြောက်ရွံ့နေခဲ့သည်။ သူက ရီဖူရှင်း မည်သည့်အတွက်ကြောင့် ထိုမျှ အစွမ်းထက်ရသည်ကို နားမလည်နိုင်ပေ။

ဟန်လင်းက ဆင့်လောအိမ်တော်ထံ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါး ခေါ်ဆောင်လာခဲ့သည်လား။

ယင်ချင်း၏ နှလုံးသားသည်လည်း ပြင်းထန်စွာ ခုန်လှုပ်နေခဲ့သည်။ သူမသည် ဆွံ့အကာ ကြက်သေသေနေပြီး သူမ၏ မျက်ဝန်းနက်များနှင့် ရီဖူရှင်းကို စိုက်ကြည့်နေခဲ့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset