အပိုင်း(၁၈၆၁)

ယုံစားမိသူ

ရှားရှင်းယွန်သည် ဆင့်လောခြံဝင်း၏အကောင်းသောရှုခင်းများရှိသောနေရာ၌ နေရသည်။ တောင်တန်းထက်တွင်သည်။ လေထဲမြောလွင့်နေသော တိမ်ဖြူဖြူများနှင့် အုပ်ဆိုင်းနေသော မြူများကြောင့် သူမသည် နတ်တို့ပျော်စံရာဘုံသို့ရောက်နေသည့်အလား ထင်မှတ်မှားစေသည်။ လက်ရှိတွင် ရှားရှင်းယွန်သည် မျက်လုံးများမှိတ်ကာ ကျင့်ကြံနေသည်။ မည်သူမှ သူမအား လာရောက်မနှောင့်ယှက်ပေ။

အမှန်တကယ်အားဖြင့် ရှားရှင်းယွန်သည် အလွန်တည်ငြိမ်နေခြင်းတော့ မဟုတ်ပေ။ ရီဖူရှင်းသည် ဆင့်လောခြံဝင်း၌ အန္တရာယ်ရှိနေသည်ကို သူမ သိထားသည်။

ရှားရှင်းယွန်ရှိနေရာသို့ လူတစ်ယောက် တိမ်စီးကာ လာနေသည်။ သူကား ဆင့်လောခြံဝင်း၏လက်ထောက်ခေါင်းဆောင် ဟန်လင်းဖြစ်သည်။ သူက ရှားရှင်းယွန်အား လှမ်းကြည့်သည်။ သူမအား သေခြင်းရှင်ခြင်းစွမ်းအားများ ရစ်ပတ်နေကာ ကြာပန်းတစ်ပွင့်အပေါ်၌ ထိုင်နေ၏။ သူမကား နတ်သမီးတစ်ပါးနှင့် အမှန်တကယ်တူသည်။

ဟန်လင်းကား အမျိုးသမီးများစွာနှင့် အတွေ့အကြုံရှိသော်လည်း ရှားရှင်းယွန်ကဲ့သို့ လှပချောမွေ့သောသူနှင့် တစ်ခါမှ မကြုံဖူးပေ။ သူမသည် အမျိုးသမီးအဝတ်အစားဖြင့် ပိုမိုချောလှပေမည်။ သူမအနေဖြင့် ယောကျ်ားကဲ့သို့ ဝတ်စားခြင်းက အမှန်ပင် သင့်တော်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ယခုမှ လောကသို့ အတွေ့အကြုံရှာရန် ရောက်လာခြင်းဖြစ်သည်။

ဟန်လင်းသည် ရှားရှင်းယွန်၏သိပ်မဝေးသောနေရာ၌ ရပ်လိုက်သည်။ သည်နေရာက သူ၏နေအိမ်ဖြစ်သော်လည်း တစ်ဘက်သားကို မလေးမစားပြုမူရာ ရောက်သွားမည်ကို သူစိုးရိမ်သည်။

“ကျွန်မက လက်ထောက်ခေါင်းဆောင်ကို ဘာကူညီရမလဲ” ရှားရှင်းယွန်က မျက်လုံးဖွင့်ကာ ဟန်လင်းကို ကြည့်သည်။

“ရှားမိန်းကလေး… ခင်ဗျားက ကွဲပြားခြားနားတဲ့ကျင့်ကြံစနစ်တွေကို လေ့လာချင်လို့ ထွက်လာခဲ့တယ်။ ဆင့်လောခြံဝင်းက ထိပ်သီးအင်အားစုမဟုတ်ပေမဲ့လို့ ကျုပ်တို့မှာလည်း ကျမ်းစာတွေ၊ ပညာရပ်တွေ အများကြီးရှိတယ်။ မိန်းကလေး စိတ်ဝင်စားမလား မသိဘူး” ဟန်လင်းက ပြုံးလျှက်ပြောသည်။

“ဒီလိုဆိုရင်လည်း အနီးကိုလာခဲ့ပါ။ လက်ထောက်ခေါင်းဆောင်က အရမ်းယဉ်ကျေးလွန်းနေပါပြီ” ရှားရှင်းယွန်က ပြန်ပြောသည်။

“ကျုပ်က မိန်းကလေးရဲ့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ” ဟန်လင်းက ရှားရှင်းယွန်ထံသို့ လျှောက်လာသည်။ သူက လက်ဝှေ့ယမ်းလိုက်လျှင် များစွာသော စာလိပ်များနှင့် ကျောက်စိမ်းစာအုပ်များ ရှားရှင်းယွန်ထံသို့ ပျံသန်းလာသည်။ ထိုအရာများက သူမ၏ရှေ့တွင် ငြိမ်သက်စွာ ရပ်သွား၏။

“ဒါတွေက ဆင့်လောခြံဝင်းက စုစည်းထားတဲ့ ရှေးဟောင်းစာအုပ်တွေပါပဲ။ လွတ်လွတ်လပ်လပ်ကြည့်ပါ” ဟန်လင်းက ဆိုသည်။

“ကျေးဇူးပါ လက်ထောက်ခေါင်းဆောင်” ရှားရှင်းယွန်က ခေါင်းညိတ်ကာ စာအုပ်များကို ဖတ်သည်။ ဟန်လင်းသည် ဘေးတွင် ငြိမ်သက်စွာထိုင်ကာ စောင့်နေ၏။ သူ၏အဆင့်၌ ကြီးမားသော စိတ်ရှည်မှုရှိပေသည်။

ထိုစာအုပ်များမှာ အမှန်တကယ် အဆင့်မြင့်ကျင့်ကြံနည်းနစ်များဖြစ်ကြောင်း သိလိုက်ရသည်။ ဟန်လင်းကား ရှားရှင်းယွန်အပေါ် အမှန်တကယ် ရက်ရောနေခြင်းဖြစ်သည်။

မည်သို့ဆိုစေ သူမက ထိုစာအုပ်များကို အမှန်တကယ် စိတ်ဝင်တစားဖတ်ရှုလေ့လာလိုက်သည်။ ထို့နောက် သူမက ဟန်လင်းကို ကြည့်ကာ ပြောသည် “ဒါက တော်တော်ကောင်းတဲ့စုစည်းမှုပဲ။ ဒါပေမဲ့ ကျွန်မက ဆရာနဲ့ စာအုပ်တွေ အများကြီးလေ့လာဖူးတယ်။ မဟာလမ်းစဉ်က အခြေခံအားဖြင့် အတူတူပါပဲ။ ကျွန်မက သိပ်အသုံးဝင်တဲ့ ပညာရပ်တွေ မတွေ့ရဘူး”

ဟန်လင်းကား ရှားရှင်းယွန်၏မှတ်ချက်ကြောင့် စိတ်ပျက်အားလျော့သွားရသည်။ သို့သော်လည်း မကြာခင် စိတ်ဖြေသိမ့်လိုက်သည်။ ရှားရှင်းယွန်သည် အလွန်အဆင့်မြင့်သောဆရာရှိရာ သူမသည် ပိုမိုထူးခြားကောင်းမွန်သော စာအုပ်များအား ဖတ်ရှုလေ့လာခဲ့ရပေမည်။

“စိတ်ပျက်စေမိလို့ စိတ်မကောင်းပါဘူး” ဟန်လင်းက ဆိုသည်။

ရှားရှင်းယွန်က ခေါင်းယမ်းသည် “ဆရာက ကျွန်မကို လမ်းစဉ်နဲ့ပတ်သက်ပြီးတော့ အားလုံးသင်ပေးထားပြီးပြီဖြစ်လို့ ပြင်ပစာအုပ်တွေ နည်းစနစ်တွေက ကျွန်မအတွက် သိပ်အသုံးမဝင်တော့ဘူး။ ကျွန်မလိုအပ်တာက အတွေ့အကြုံပဲ။ ဒါပေမဲ့ ရှင့်ရဲ့အကူအညီအတွက် ကျွန်မက တကယ်ကျေးဇူးတင်ပါတယ်”

“ရှင်တို့က သေဆုံးခြင်းစွမ်းအားမှာ ကျွမ်းကျင်တယ်လို့ ကျွန်မကြားလို့ ဒီကို ရောက်လာခဲ့တာ။ ဒီမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာလေးများရှိမလားလို့”

ဟန်လင်းက ခေါင်းညိတ်ကာ ပြန်ပြောသည် “ဆင့်လောခြံဝင်းမှာ တကယ်ပဲ ထူးခြားတဲ့နည်းစနစ်တွေရှိတယ်။ ဒါပေမဲ့ လူနည်းနည်းပဲ လေ့ကျင့်အောင်မြင်ကြတယ်။ သူတို့အားလုံးက တိုက်ရိုက်မျိုးဆက်တွေဖြစ်ပြီးတော့ သူတို့တွေက မိန်းကလေးနဲ့ လက်ရည်မယှဉ်နိင်ဘူး။ ကျုပ်တို့မှာ တခြားထူးဆန်းတဲ့ပညာရပ်တွေလည်းရှိတယ်။ ဒါပေမဲ့ သူ့နည်းနစ်က နည်းနည်းလမ်းလွဲနေပြီးတော့ မကောင်းတဲ့ဂုဏ်သတင်းရှိတယ်”

သူက ထိုစကားများကိုပြောကာ ရှားရှင်းယွန်အား သေချာဂရုစိုက်ကြည့်သည်။ သူမကသာ ဖြောင့်မှန်သော လမ်းစဉ်ကိုသာ လိုက်စားတတ်သူဖြစ်ပါက သူ့အနေဖြင့် သူမနှင့်အတူကျင့်ကြံရန် မဖြစ်နိုင်ပေ။

“ဘယ်လိုနည်းစနစ်မျိုးလဲ” ရှားရှင်းယွန်က မသိသလိုမေးသည်။ သူမက သိပ်စိတ်မဝင်စားဟန်ဖြင့် အဝေးကို ကြည့်နေသည်။

“အလောင်းကောင်တွေနဲ့ကျင့်ကြံတာ။ ကျုပ်တို့ကျင့်ကြံသူတွေအတွက် ရန်သူရှိတာ မထူးဆန်းပါဘူး။ ဆင့်လောခြံဝင်းမှာလည်း သေခါနီးလူတွေရှိတယ်။ ကျုပ်တို့က သူတို့ကို အလောင်းကောင်အဖြစ် သန့်စင်ပြီးတော့ ခြံဝင်းမှာ ဆက်လက်အမှုထမ်းစေတယ်။” ဟန်လင်းက ပြောသည်။ မှန်သည်၊ သူမအား အားလုံးသော အမှန်တရားကို ထုတ်ပြောခြင်းတော့ မရှိချေ။

ရှားရှင်းယွန် ကျောချမ်းသွားသည်။ ရီဖူရှင်းက သူတို့ရန်သူလား၊ သို့မဟုတ် ဆင့်လောခြံဝင်းကလား။

အဘယ်ကြောင့် သူက အလောင်းကောင်အဖြစ် ပြောင်းလဲခံရသနည်း။

သို့သော်လည်း ရှားရှင်းယွန်ကား စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်သူဖြစ်ရာ စိတ်တွင်းမှ လောင်မြိုက်လာသော ဒေါသအား ချုပ်တီးလိုက်သည်။

“ရန်သူကို လက်စားမချေနိုင်ရင် ကျင့်ကြံခြင်းက ဘာအဓိပ္ပာယ်ရှိမှာလဲ” ရှားရှင်းယွန်က ဟန်လင်းကို ကြည့်ကာ ဆက်ပြောသည် “ပြီးတော့ ခြံဝင်းထဲက တန်ခိုးရှင်တွေကသာ သဘောတူတယ်ဆိုရင် သူတို့က ခြံဝင်းမှာ ဆက်ပြီး အမှုထမ်းတာက သူတို့အတွက် ဂုဏ်ယူစရာကိစ္စဖြစ်မှာပဲ”

ဟန်လင်းကား အံ့အားသင့်သွားသည်။ ရှားရှင်းယွန်အား သူက ပို၍ပင် လေးစားလာခဲ့သည်။

“ကျွန်မဆရာပြောတာက ကျင့်ကြံခြင်းက ရက်စက်ပြီးတော့ သနားညှာတာကင်းမဲ့ရတယ်တဲ့။ မဟုတ်ရင် ကျွန်မတို့က ဘယ်လိုလုပ် ဒီလောကမှာ ရှင်သန်နိုင်မှာလဲ။ ကျွန်မတို့က အရာအားလုံးကို အသုံးချပြီးတော့ အသက်ရှင်ဖို့ ကြိုးစားရမယ်။ မဟုတ်ရင် ကျွန်မက ဆင့်လောခြံဝင်းကို ဘာလို့ လာမှာလဲ။” ရှားရှင်းယွန်က ရှေ့ကို ဆက်ကြည့်သည်။ ရီဖူရှင်းက ဟန်လင်းအား မည်သို့သောသူဖြစ်သည်ကို ယင်ချင်းထံမှ သိပြီးဖြစ်သည်။ ရှားရှင်းယွန်က ဟန်လင်းကြားလိုသော စကားများကို ပြောနေခြင်းသာဖြစ်သည်။

“မင်းရဲ့ဆရာက ထူးခြားတဲ့ကျင့်ကြံသူဖြစ်ရမယ်။ အနာဂတ်တွင် အခွင့်အရေးရရင် ကျုပ်က သူ့ရဲ့လမ်းညွှန်မှုကို ခံယူချင်တယ်” ဟန်လင်း အလွန်ဝမ်းသာသွားသည်။ ရှားရှင်းယွန်သည် အလွန်ထူးခြားသော ဆရာရှိရုံမက သူမသည် အလွန်လှပကာ အမြင်ချင်းလည်း တူညီကြပေသည်။ ဤသည်က ကံကြမ္မာဖြစ်သည်။

သူ့ဘဝ၏သက်တမ်းတစ်ဝက်ကို ကျင့်ကြံခြင်း၌သာ နှစ်မြုတ်ထားခဲ့ပြီး မည်သည့်အမျိုးသမီးကိုမှ စိတ်ဝင်စားဖူးခြင်းမရှိပေ။ အမျိုးသမီးများမှာ သူ့အတွက် အသုံးချခံသာဖြစ်သည်။ ယခု သူ့စိတ်ခံစားချက်များ စတင်နိုးကြားလာသည်ဟု ခံစားရသည်။

ဤသို့ လိုက်ဖက်သည့် အမျိုးသမီးကို ရှာတွေ့ရန် မလွယ်ပေ။ ယခု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာချေပြီ။

“ကျွန်မဆရာက သူစိမ်းလာတာ သဘောမကျဘူး” ရှင်းရှင်းယွန်က ပေါ့ပေါ့ပါးပါးဖြေသည်။ ဟန်လင်း တခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောသည် “ဒါက အဆင်ပြေပါတယ်”

ထို့နောက် သူက ထရပ်လိုက်သည်။ ရှားရှင်းယွန်၏အပြုအမူနှင့် သဘောထားကို သူက အလွန်သဘောကျနေပြီးဖြစ်သည်။

“ဒီနေ့ အနှောင့်အယှက်ပြုမိတာ စိတ်မကောင်းပါဘူး။ နောက်နေ့မှ ထပ်ပြီး လာလည်ပါတော့မယ်” ဟန်လင်း ပြောသည် “စာအုပ်တွေကိုတော့ သိမ်းထားပါ။ ခင်ဗျားအတွက် အသုံးမဝင်ရင်တောင် အားတဲ့အချိန်တွေမှာ အပျင်းပြေဖတ်လို့ရတာပေါ့”

“ကောင်းပြီ” ရှားရှင်းယွန်က ခေါင်းညိတ်သည်။ ဟန်လင်းက နှုတ်ဆက်ကာ ထွက်သွားသည်။

ရှားရှင်းယွန်သည် တစ်ဘက်လူသံသယမဝင်စေရန် ငြိမ်သက်စွာ လေ့ကျင့်နေခဲ့သည်။ သူမက ခြံဝင်းထဲသို့ပင် လမ်းလျှောက်မထွက်ပေ။ ရီဖူရှင်းသည် လတ်တလောတွင် အန္တရာယ်မရှိပေ။

ဟန်လင်း၏ယုံကြည်မှုကို ရရှိရန် မလွယ်ကူပေ။ သူမက တခြားရည်ရွယ်ချက်ဖြင့် ဆင့်လောခြံဝင်းကို လာခဲ့ခြင်းအား ထိုလူရိပ်မိသွား၍ မရပေ။

ဟန်လင်းသည် နောက်နေ့များတွင်လည်း ရှားရှင်းယွန်ထံသို့ လာရောက်လည်ပတ်သည်။ နေ့စဉ်နေ့တိုင်း သူတို့က ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ဆွေးနွေးကြကာ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာခဲ့ကြသည်။

တစ်နေ့တွင် ဟန်လင်းသည် အလောင်းကောင်တစ်ဦးအား ခေါ်ဆောင်လာသည်။ ထိုလူတွင် သေဆုံးခြင်းစွမ်းအားများ ပြည့်နှက်နေပြီး အသားရောင်မှာ မဲမှောင်ကာ ကြောက်စရာကောင်းသော သွင်ပြင်ရှိ၏။

“ဒါက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ အားကောင်းတဲ့ သေခြင်းတရားစွမ်းအားတွေရှိနေတယ်” ရှားရှင်းယွန်က မတ်တတ်ပင်ထရပ်ကာ ပြောသည်။

ဟန်လင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာသည်။ ရှားရှင်းယွန်သည် အမှန်တကယ် ကျင့်ကြံခြင်း၌ ရူးသွပ်ကာ ထူးဆန်းသောအရာများကို စိတ်ဝင်စား၏။ အလောင်းကောင်မှာ ဆင့်လောခြံဝင်း၏ထူးခြားသော နည်းစနစ်ဖြင့် သန့်စင်ထားခြင်းဖြစ်ရာ သူမက သေချာပေါက် စိတ်ဝင်စားရပေမည်။

“ဒါဘာလဲ…” စူးစူးရဲရဲ အသံတစ်သံ ထွက်ပေါ်လာ၏။ သိမ်းငှက်နက်က ရှေ့တိုးလာပြီး အလောင်းကောင်ကို စိုက်ကြည့်သည် “သခင်မ…ဒါက ညစ်ပတ်တယ်”

“ဒီအလောင်းကောင်ရဲ့အတွင်းက သေခြင်းစွမ်းအားတွေကတော့ သန့်စင်ပါတယ်” ရှားရှင်းယွန်က ပြောသည်။ ဟန်လင်းက သိမ်းငှက်နက်အား လှောင်ပြောင်ကြည့်ရှုသည်။

သူကား ရှားရှင်းယွန်ကိုသာ လိုချင်သည်။ သူတို့က အတူတူကျင့်ကြံနိုင်လျှင် များစွာ အကျိုးရှိပေမည်။

ရှားရှင်းယွန်ထံမှ သေဆုံးခြင်းစွမ်းအားများသည် အလောင်းကောင်ထံသို့ တိုးဝင်သွား၏။ မကြာခင် တစ်ခန်းလုံး ထူးဆန်းသော ဖိအားအောက်သို့ ရောက်သွားကာ အလောင်းကောင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော် အတန်ကြာတွင် ပြန်လည်ငြိမ်သက်သွား၏။

“အလောင်းကောင်က ငါ့ထိန်းချုပ်မှုအောက်မှာရှိပြီးတော့ သူက သေစေနိုင်တဲ့တိုက်ခိုက်မှုတွေကိုလည်း ခံနိုင်ရည်ရှိတယ်” ဟန်လင်းက ဆိုသည်။

ရှားရှင်းယွန်က ညင်သာစွာ ခေါင်းညိတ်ပြီး ဟန်လင်းကို ကြည့်သည် “ဒီနည်းလမ်း…”

သို့သော်လည်း သူမက စကားကိုရပ်လိုက်၏။ သို့သော်လည်း ဟန်လင်းက ပြုံးလိုက်သည်။ ရှားရှင်းယွန်သာ စိတ်ဝင်စားပါက ထိုနည်းလမ်းကို သူမအားမျှဝေရန် ပြဿနာမရှိပေ။ သို့သော် နည်းစနစ်မှာ ဆင့်လောခြံဝင်း၏လျှို့ဝှက်ပညာရပ်ဖြစ်သည်။ သူမအား အလွယ်တကူ မသင်ပေးနိုင်။

“ဒါက ဆင့်လောခြံဝင်းရဲ့ လျှို့ဝှက်နည်းလမ်းပဲ။ တိုက်ရိုက်မျိုးဆက်တွေပဲ သင်ယူနိုင်တယ်” ဟန်လင်းက ဆိုသည်။

ရှားရှင်းယွန်က မတုံ့ပြန်ခဲ့ပေ။ ဟန်လင်း၏ ဆိုလိုရင်းကို သူမနားလည်သည်။

“ဟန်လင်း…ရှင် ကျွန်မကို သုတေသနလုပ်ဖို့ အလောင်းကောင်နည်းနည်းလောက် ငှားပေးနိုင်မလား”

သူတို့အချင်းချင်း ပိုမိုရင်းနှီးလာပြီးဖြစ်ရာ အခေါ်အဝေါမှာလည်း ပြောင်းလဲသွားပြီးဖြစ်သည်။ ဟန်လင်းမှာ သူ့ကြိုးစားမှု အရာထင်လာသည့်အတွက် အလွန်ဝမ်းသာနေသည်။

“ဒါပေါ့…” ဟန်လင်းက ခေါင်းညိတ်သည်။ သူက သူ့လူများကို အမိန့်ပေးသည် “မင်းတို့ အလောင်းကောင်တွေ သွားပြင်ဆင်ကြ”

“ဟုတ်ကဲ့…” အခန်းထဲမှ လူများက ယင်ချင်းနှင့်အတူ ထွက်သွားကြသည်။

ရီဖူရှင်း၏ညီမက အလွန်စိတ်ရှည်လှသည်ဟု ယင်ချင်းက တွေးနေမိသည်။ သူမက ရီဖူရှင်းအား ကယ်တင်ရန် တစ်လှမ်းချင်း အကွက်ချ ဆောင်ရွက်နေသည်။ သူမထံတွင် စိတ်မရှည်မှု အနည်းငယ်မျှပင် မတွေ့ရပေ။

တစ်ဘက်တွင် ရီဖူရှင်း၏ယုံကြည်မှု မည်သည့်နေရာကလာသည်ကို သူမ မသိပေ။ သို့သော်လည်း ရီဖူရှင်း၏ကြိုးစားမှု မအောင်မြင်လျှင်ပင် သူမနှင့်မဆိုင်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset