ယင်ချင်းသည် ရီဖူရှင်းအား ထိုနေရာတွင်ထားကာ ဂူထဲမှ ထွက်ခွာသွားခဲ့သည်။ သူမက ထိုနေရာတွင်နေရသည်ကို သဘောမကျပေ။ ပို၍ တိတိကျကျဆိုရလျှင် သူမသည် ထိုနေရာကား မုန်းတီးပေသည်။
ရီဖူရှင်းသည် အစီအရင်ထဲတွင် တစ်ဦးတည်းကျန်ရစ်သည်။ သူ့ခန္ဓာကိုယ်ထဲကို ဝင်လာနေသည်များမှာ သေဆုံးခြင်းစွမ်းအားများသာမက သူ့ခန္ဓာကိုယ်အား လှုပ်ရှားရန်ခက်ခဲစေသော အဆိပ်အတောက်များလည်း ပါဝင်သည်။ ရီဖူရှင်း၏သက်စောင့်ဟော်နန်းမှ လေငွေ့များ ထွက်ပေါ်လာကာ တစ်ဘက်မှ ကျူးကျော်လာသော စွမ်းအားများကို တားဆီးသည်။ သို့သော်လည်း သူသည် အဆိပ်အတောက်များကို တားဆီးနိုင်ရုံမျှသာဖြစ်ကာ လုံးဝတားဆီးနိုင်ခြင်းတော့ မရှိချေ။
ထိုအခိုက်တွင် ရီဖူရှင်းကား ခွန်အားစုစည်းရန် အလွန်ခက်ခဲနေသည်။
“ပြဿနာပဲ” ရီဖူရှင်းက မျက်လုံးကိုမှိတ်ကာ ဆက်လက်မရုန်းကန်တော့ပေ။ သူ့ခွန်အားများကို အလဟသ အကုန်မခံနိုင်တော့။
ဆင့်လောခြံဝင်းအတွင်းမှ အရာအားလုံးသည် မူလအတိုင်းဖြစ်သည်။ ရီဖူရှင်းရောက်လာခြင်းက မည်သို့မှ မပြောင်းလဲ။ သူကား ဆင့်လောခြံဝင်းအတွင်းသို့ အလောင်းကောင်အဖြစ် သန့်စင်ရန် ခေါ်လာသည့်သူတစ်ဦးသာဖြစ်သည်။ ဤသည်က ဆင့်လောခြံဝင်းအတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။
မျက်လုံးတစ်မှိတ်အတွင်း ၇ ရက် ကုန်ဆုံးသွားခဲ့သည်။ ရီဖူရှင်းသည် အစီအရင်ထဲတွင် ခုနစ်ရက် နေပြီးပြီဖြစ်သည်။
ထိုရက်များတွင် လူတချို့သည် သန့်စင်ပြီးအလောင်းကောင်များကို လာယူကြ၏။ သို့သော်လည်း မည်သူမှ ရီဖူရှင်းကို မထိပေ။ သည်နေရာသို့ ရောက်လာသော အလောင်းကောင်များမှာ ခေါ်ဆောင်လာသူနှင့်သာ သက်ဆိုင်ပေသည်။
ယနေ့တွင် ယင်ချင်းသည် ဂူအတွင်းသို့ တဖန်ရောက်လာ၏။ သူမက ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်း၏အသားအရောင်ကိုမြင်သည်တွင် သူမ၏မျက်နှာတွင် အံ့အားသင့်ဟန်များပေါ်လာသည်။ သူမ၏စိတ်အာရုံက ရီဖူရှင်း၏ခန္ဓာကိုယ်ထံသို့ ရောက်လာကာ အံ့အားတသင့်ပြောသည် “ရှင် နိုးနေသေးတာလား”
ရီဖူရှင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခိုက်တွင် ယင်ချင်းသည် သူမအား ပုံရိပ်ယောင်ကမ္ဘာထဲသို့ ဆွဲခေါ်သွားသော ကြောက်မက်ဖွယ် မျက်လုံးအစုံကို မြင်လိုက်ရတော့သည်။
“စကားမပြောနဲ့” သူမ၏ခေါင်းထဲကို ရောက်လာသော အသံတစ်သံကို ကြားလျှင် ယင်ချင်း၏အမူအရာ ပြောင်းလဲသွားသည်။ မှော်မျက်လုံးပညာနှင့် ဖန်တီးလိုက်သော ပုံရိပ်ယောင်များလည်း ပျောက်ကွယ်သွားသည်။ ယင်ချင်းသည် ကျောများပင် ချမ်းသွား၏။
ရန်ဟောင်တန်ခိုးရှင်များကား အမှန်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။ သည်လူကား အလွန်အန္တရာယ်များ၏။
သူမက သက်ပြင်းရှိုက်ကာ ရီဖူရှင်း၏ခန္ဓာကိုယ်ကို ကြည့်သည်။ ခုနစ်ရက်အတွင်း မည်သည့်အရာမှ ပြောင်းလဲဟန်မတူ။
“ရှင်က အလောင်းကောင်အဆိပ်ကို ဘယ်လိုခံနိုင်ရည်ရှိတာလဲ” ယင်ချင်းက ရီဖူရှင်းအား စိတ်ဖြင့် ပြောသည်။ ထိုအလောင်းကောင်အဆိပ်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမ သိပေသည်။ ရီဖူရှင်းကဲ့သို့ သေခါနီးလူကိုထား၊ စွမ်းအားပြည့်အဆင့်နိမ့်ရန်ဟောင်တစ်ပါးသည် ထိုအစီအရင်ထဲတွင် အသက်ရှင်ရန် မျှော်လင့်ချက်မရှိပေ။
မည်သို့ဆိုစေ၊ ရီဖူရှင်းကား အနည်းငယ်မျှပင် ထိခိုက်ဟန်မရှိပေ။
“မင်းက ငါ့ကို စစ်ဆေးတုန်းက မင်းသခင်လေးကို ပြောခဲ့တာမှာ ငါ့ကို ဂရုစိုက်စရာမလိုဘူးလို့ ပါတယ်။ မင်းက ငါ့ကို ဒီကို ခေါ်လာမှာ မလိုလားဘူးမလား” ရီဖူရှင်းက ယင်ချင်းကို မေးသည်။ သူကား ကောင်းမွန်သော အခြေအနေတွင် ရှိမနေပေ။ အစီအရင်ထဲတွင် သူသည် အားပြန်ပြည့်ရန် ခက်ခဲ၏။
ယင်ချင်း၏မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အငွေ့များဖြစ်ပေါ်လာသည်။ သူမက ရီဖူရှင်းအား ပြောသည် “ရှင် ကျွန်မကို အသုံးချဖို့ မကြိုးစားနဲ့။ ရှင်က ဒီနေရာကို ရောက်လာပြီးမှတော့ ဆင့်လောခြံဝင်းကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး”
သူမက သူ့အား သနားဂရုဏာသက်သော်လည်း သူနှင့်အတူ အသေမခံနိုင်ပေ။
“မင်းက ငါ့ရဲ့မှော်မျက်လုံးပညာကို မြင်တွေ့ပြီးပြီပဲ။ ငါက သာမန်ရန်ဟောင်တစ်ဦးမဟုတ်ဘူး။ ငါ ဒဏ်ရာက ကောင်းသွားရင် ဆင့်လောခြံဝင်းက ငါ့ကို မခေါ်ထားနိုင်ဘူး။ မင်းသာ ငါ့ကိုကူညီပေးမယ်ဆိုရင် ငါမင်းကို တစ်ခုကတိပေးနိုင်တယ်” ရီဖူရှင်းက ဆက်ပြောသည်။
ယင်ချင်းသည် တခဏမျှ တွန့်ဆုတ်မှုကို တွေ့ကြုံနေရ၏။ သူမ၏တွန့်ဆုတ်မှုကိုမြင်လျှင် ရီဖူရှင်းက ဆက်ပြောသည် “ငါ မင်းကို ဒီနေရာက ခေါ်ထုတ်သွားနိုင်တယ်။ မင်းအနေနဲ့ ဒီနေရာမှာ ပိတ်မိနေစရာမလိုတော့ဘူး”
“ကျွန်မ သခင်လေးကို ပြောလိုက်တော့မယ်” ယင်ချင်းက နောက်လှည့်ကာ ထွက်သွားရန်ပြင်သည်။ သူမက ရီဖူရှင်း၏ကမ်းလှမ်းမှုကို သဘောကျသော်လည်း တစ်ဘက်တွင် ရီဖူရှင်းကဲ့သို့ အစီအရင်ထဲသို့ မကျရောက်လိုပေ။
“ခဏနေပါဦး” ရီဖူရှင်းက သူမအား လှမ်းပြောသည်။
“ငါ့ကို အချိန်နည်းနည်းပေးဦး။ ငါ့အဖော်တစ်ယောက် ဒီကို ရောက်လာတော့မယ်။ သူမကို မြင်ပြီးမှ မင်းဆုံးဖြတ်လည်း နောက်မကျဘူး”
“သူမက ဘယ်သူလဲ။ သူမအဆင့်က ဘယ်လောက်ရှိလဲ” ယင်ချင်းက မေးသည် “ရှင် ဆင့်လောခြံဝင်းမှာရှိတာ သူမ ဘယ်လိုသိလဲ”
“သူမမှာ ငါ့ကို ခြေရာကောက်ဖို့ နည်းလမ်းရှိတယ်။ သူမက ငါရဲ့ ဆရာတူညီမပဲ။ ကျင့်ကြံဆင့်က ငါနဲ့အတူတူလောက်ရှိတယ်။ သူမ ကျင့်ကြံဆင့်က သိပ်မမြင့်ပေမဲ့ မင်းသူ့ကိုတွေ့ရင် စိတ်ပြောင်းသွားမှာ သေချာတယ်” ရီဖူရှင်းက ဆက်ပြောသည်။ ယင်ချင်းက သူပြောသည်ကိုကြားပြီးနောက်တွင် ဂူတွင်းမှ ထွက်ခွာသွားတော့သည်။
ယင်ချင်းထွက်ခွာသွားသည်တွင် ရီဖူရှင်းက မျက်လုံးများကို မှိတ်လိုက်သည်။ မိမိ၏ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ပိုင်ခွင့်မရှိသည်ကား ကြောက်မက်ဖွယ်ခံစားချက်ဖြစ်သည်။
ယင်ချင်းက အမှားမလုပ်သည်ကို သူသိသည်။ သူမက အသက်ရှင်ရန် ထိုသို့လုပ်ဆောင်ရပေမည်။
ဆင့်လောနန်းတော်ထဲ၌ ဧရာမအနက်ရောင်သစ်ပင်ကြီးတစ်ခုရှိသည်။ ထို့အတူ အဆောက်အဦးများနှင့် တောင်တန်းများ၏ရှုခင်းများကို မြင်တွေ့နိုင်သောဂူပေါက်တစ်ခုနှင့် ရေတံခွန်တစ်ခုလည်း ရှိသည်။
ဆင့်လောအိမ်တော်၏လက်ထောက်ခေါင်းဆောင် ဟန်လင်းသည် ရေတံခွန်ထိပ်တွင် မျက်လုံးများမှိတ်လျှက် ကျင့်ကြံနေသည်။ သေဆုံးခြင်းစွမ်းအားများသည် သူ့ခန္ဓာကိုယ်အား လှည့်ပတ်နေ၏။ ယင်ချင်း၏ခြေလှမ်းများကို သူကြားသည်။ သို့သော်လည်း သူမက ဟန်လင်းအား အနှောင့်အယှက်မပေးဘဲ ဘေးတွင် ငြိမ်သက်စွာ ရပ်နေသည်။
“အခြေအနေ ဘယ်လိုရှိလဲ” ဟန်လင်းက သူမအား မေးသည်။
“သူ့မှာ ခန္ဓာကိုယ်မှာ အကာအကွယ်စွမ်းအားရှိတယ်။ သူက လုံးဝ ပြောင်းလဲမသွားသေးဘူး။ ကျွန်မတို့က နည်းနည်းထပ်စောင့်ရဦးမယ်” ယင်ချင်းက ဦးညွှတ်ကာ ဖြေသည်။
ဟန်လင်းက မျက်လုံးများကို ဖွင့်လိုက်သည်။ သေဆုံးခြင်းစွမ်းအားများရစ်ပတ်လျှက် သူက နောက်လှည့်ကာ ယင်ချင်းကို ကြည့်သည်။ သူ၏နက်မှောင်သောမျက်လုံးများက ယင်ချင်းအား ပိုမို၍ စိုးရိမ်စိတ်များဖြစ်စေ၏။
“မင်းက ဆင့်လောခြံဝင်းကို ရောက်တာကြာပြီ။ အခုထိ ခုခံနေတုန်းပဲလား” ဟန်လင်းက ယင်ချင်းကို မေးသည်။
ရင်ဘတ်ထဲအလုံးကြီးဖိအားသကဲ့သို့ ခံစားနေရသော ယင်ချင်းက ခေါင်းယမ်းကာ ပြောသည် “ယင်ချင်း မရဲပါဘူး”
“ဆိုလိုတာက မင်းဟာ တွန့်ဆုတ်နေတယ်။ ဒါပေမဲ့ ထုတ်ပြောဖို့ ကြောက်နေတုန်းပဲ” ဟန်လင်းက အေးစက်စွာ ပြောသည်။ သို့သော်လည်း သူက သူမ၏အဖြေကို ဂရုမစိုက်ပေ။ သူက ပြုံးလျှက်ပြောသည် “ဆင့်လောခြံဝင်းက ရန်သူတွေနဲ့ သေတော့မယ့်လူတွေကိုပဲ အလောင်းကောင်အဖြစ် သန့်စင်တာ။ ဒါက သူတို့အတွက် ဘဝအသစ်ကို ကမ်းလှမ်းပေးတာပဲ။ မင်းမှာ ဘယ်လိုမျိုး ဆန့်ကျင်တဲ့အမြင်ရှိလဲ”
“သခင်လေး… ကျွန်မမှာ ဘယ်လိုဆန့်ကျင်တဲ့အမြင်မှ မရှိပါဘူး” ယင်ချင်းက ဦးညွှတ်ကာ ဆိုသည်။ သူမက ခေါင်းကိုပဲ မမော့ရဲပေ။
“ကောင်းပြီ” ဟန်လင်းက အနည်းငယ်ခေါင်းညိတ်ကာ ပြောသည် “ကြိုးစားလေ့ကျင့်ပြီး ရန်ဟောင်အဆင့်ကို အမြန်တက်နိုင်အောင် ကြိုးစား။ သွားတော့…”
“ဟုတ်ကဲ့…” ယင်ချင်းက ခေါင်းညိတ်ကာ ထွက်ခွာလာသည်။ သူမ၏ခြေလှမ်းများက တည်ငြိမ်နေသော်လည်း စိတ်နှလုံးထဲတွင်ကား ဗြောင်းဆန်နေသည်။ ဟန်လင်း၏လေသံများက တည်ငြိမ်သော်လည်း သူမတွင် အလွန်မကောင်းသော ခံစားချက်များ ရနေသည်။ အကယ်၍ သူမသာ ရန်ဟောင်အဆင့်သို့ တက်ပါက သူမ၏ဘဝ မည်သို့ဖြစ်လာမည်နည်း။
သူမက ဆင့်လောခြံဝင်းတွင်နေရင်းက တချို့သော ကောလာဟလများကို ကြားဖူးသည်။ တချို့သော ရန်ဟောင်များသည် အမိန့်မလိုက်နာသောကြောင့် အလောင်းကောင်များအဖြစ် ပြောင်းလဲခံရ၏။
ယင်ချင်းသည် ယို့အိမ်တော်သို့ ရံဖန်ရံဖန်သွားရောက်ကာ ရီဖူရှင်း၏ဟန်ဆောင်မှုအား ပိုမိုကောင်းမွန်အောင်လုပ်ရန် သတိပေးသည်။ သူမက သူ့အား မည်သည့်စကားမှ မပြောဘဲ ကူညီရန် သဘောတူခဲ့သည်ကို ရီဖူရှင်း သိ၏။
တစ်နေ့တွင် ဧရာမသားရဲတစ်ကောင်သည် အတောင်ပံကိုဖြန့်ကာ ဆင့်လောခြံဝင်းအပြင်သို့ ရောက်လာခဲ့သည်။ သားရဲကား အင်ပါယာအဆင့်ဖြစ်ကာ အေးစက်ကာ စူးရှသော မျက်လုံးအစုံရှိပြီး အတောင်ပံများမှာ သံမဏိအလား ထက်မြက်မာကြောသည်။ သူ၏အတောင်ပံများမှာ အနက်ရောင်ဖြစ်ပြီး ဓားသွားများအလား ထင်မှတ်ရ၏။
ယောကျ်ားကဲ့သို့ ဝတ်စားထားသော၊ လှပသော အမျိုးသမီးတစ်ဦးသည် သားရဲပေါ်တွင် ရပ်နေသည်။ သူမကား ထူးထူးခြားခြားချောမောလှပကာ အံ့အားသင့်ဖွယ်ကိုယ်အရှိန်အဝါကို ပိုင်ဆိုင်၏။
သူတို့ကား ရှားရှင်းယွန်နှင့် သိမ်းငှက်နက်တို့ဖြစ်ကြသည်။
သိမ်းငှက်နက်သည်လည်း ကောင်းကင်ဒေသသို့ ရောက်လာကြောင်း သူတို့၏စိတ်နှလုံးချင်းဆယ်နွယ်မှုမှ တစ်ဆင့် ရီဖူရှင်းက သိထားသည်။ ရီဖူရှင်းက လေဟာနယ်ဆက်ကြောင်းဖော်ကာ ကောင်းကင်ဒေသသို့ လာရောက်ရာတွင် သိမ်းငှက်နက်သည် ရှားရှင်းယွန်အား သယ်ဆောင်လျှက် နောက်မှ လိုက်ပါလာခဲ့ကြသည်။ အကယ်၍ သိမ်းငှက်နက်သည် ရီဖူရှင်း၏တည်နေရာကို ခြေရာခံနိုင်စွမ်းမရှိလျှင် အာကာသဆက်ကြောင်းအတွင်း၌ လမ်းပျောက်သေဆုံးသွားနိုင်ချေရှိပေသည်။
သူတို့သည်လည်း လမ်းခရီး၌ ဒဏ်ရာအများအပြားရရှိခဲ့သော်လည်း ရီဖူရှင်းကဲ့သို မပြင်းထန်ပေ။ ရက်အတန်ကြာ ဒဏ်ရာများကို ကုသပြီးနောက်တွင် သူတို့က ရီဖူရှင်းထံမှ အဆက်အသွယ်ရရှိခဲ့ကြသည်။ ထို့နောက်တွင် သူတို့က ရီဖူရှင်းအား ကယ်တင်ရန် ဆင့်လောခြံဝင်းသို့ ရောက်လာကြ၏။
ကျောက်တုံးမျက်နှာဖြင့် အစောင့်တစ်ယောက်က မေးသည် “ဘယ်သူလဲ”
သိမ်းငှက်နက်၏မျက်လုံးများကား အထင်သေးသော အငွေ့အသက်များဖြင့် ပြည့်နေသည်။ မမြင်ရသော သားရဲစွမ်းအားများက အစောင့်အား ရစ်ပတ်လာကာသူ့အား ဖိအားပေးလာသည်။
“ဆင့်လောခြံဝင်းကလူတွေ သေဆုံးခြင်းစွမ်းအားကို ကျင့်ကြံနိုင်တယ်လို့ကြားရတယ်။ ကျွန်မက နည်းနည်းလောက် သင်ယူချင်လို့ ရောက်လာတာပါ” ရှားရှင်းယွန်က ပြောသည်။ သိမ်းငှက်နက်သည် အတွင်းသို့ တိုက်ရိုက်တိုးဝင်သွား၏။ အစောင့်မှာ မည်သို့မှ မတတ်သာပဲ လွှတ်ပေးလိုက်ရတော့သည်။
“ဆင့်လောခြံဝင်းကို ဘယ်သူကျူးကျော်ရဲတာလဲ” လူအများအပြား အဆောင်အသီးသီးမှ ထွက်ပေါ်လာကြသည်။ သူတို့အထဲတွင် ရန်ဟောင်များလည်း ပါဝင်၏။
ရှားရှင်းယွန်က သူတို့အား ခဏမျှကြည့်ပြီး သူမထံမှ ကြောက်မက်ဖွယ် သေဆုံးခြင်းဓားများ ထုတ်လွှတ်လိုက်၏။ ထိုရန်ဟောင်များသည် ထိုသေဆုံးခြင်းဓားများအား အမြန်အဆန် ကာကွယ်လိုက်ကြရ၏။
ထိုအခိုက်တွင် ရှားရှင်းယွန်၏နတ်ဝင်ရိုးသည် လင်းလက်စွာ ထွက်ပေါ်လာ၏။ ၄င်းကား အရောင်နှစ်မျိုးကြာပန်းဖြစ်ပြီး သေခြင်းနှင့်ရှင်ခြင်းကို ကိုယ်စားပြုသည်။
နှစ်ရောင်စုံကြာပန်းသည် ကြောက်မက်ဖွယ်သေဆုံးခြင်းအငွေ့အသက်များ စပ်ယှက်နေကာ ထိုနေရာတစ်ခုလုံးကို ဖိအားပေးထားသည်။ အဆောင်များမှ ထွက်ပေါ်လာသော ရန်ဟောင်များသည် ထိုနတ်ဝင်ရိုးအား ပါးစပ်ကြီးများဟကာမင်တက်စွာ ကြည့်နေကြ၏။
ထိုအရာကား အက်ကြောင်းမဲ့နတ်ဝင်ရိုးဖြစ်သည်။
“ဆင့်လောခြံဝင်းက ကြိုဆိုပါတယ် မိတ်ဆွေ…” အဝေးမှ အသံတစ်သံကိုကြားလျှင် လူများအပြားက လမ်းဖယ်ပေးကြသည်။ သိမ်းငှက်နက်က အတောင်ပံကိုဖြန့်ကာ ဆင့်လောခန်းမဆောင်ဘက်ကို ဦးတည်လိုက်သည်။ ထိုနေရာတွင် တန်ခိုးရှင်အများအပြား စုစည်းနေကြ၏။
ဟန်လင်းက ရှားရှင်းယွန်အား အပေါ်အောက်ကြည့်လိုက်သည်။ သူမတွင် အက်ကြောင်းမဲ့ဝင်ရိုးရှိပြီး ယောကျ်ားကဲ့သို့ ဝတ်စားထားသော်လည်း သေချာပေါက် ချောမောလှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။
“ဘယ်နတ်မိမယ်ကများ ကျုပ်တို့ ဆင့်လောခြံဝင်းကို ရောက်လာတာပါလဲ” ဟန်လင်းက အမျိုးသမီးအား လေးစားစွာ မေးသည်။ သူမ၏လှပမှုနှင့် အက်ကြောင်းမဲ့ဝင်ရိုးအရ သူမသည် သာမန်မဟုတ်ပေ။ မဟုတ်လျှင် သူမက ဆင့်လောခြံဝင်းကို ဤသို့ ကျူးကျော်ဝင်ရောက်လာမည် မဟုတ်ပေ။
“မင်းက ကျုပ်သခင်မရဲ့နာမည်ကို ဘယ်လိုလုပ် မေးရဲတာလဲ” သိမ်းငှက်နက်က မောက်မာစွာ ဆိုသည်။ သူ၏လေသံက အေးစက်ကာ စူးရှသည်။
ဟန်လင်းက သိမ်းငှက်နက်အား ကြည့်လိုက်သည်။ အဘယ်ကြောင့် သူမ၏သားရဲကပင် ထိုမျှ အတင့်ရဲရသနည်။
“မျိုးရိုးနာမည်ရှား…” ရှားရှင်းယွန်က ဟန်လင်းကို ဆိုသည် “ကျွန်မက ဆရာနဲ့ပဲ လေ့ကျင့်နေခဲ့တာ။ လမ်းစဉ်သက်သေပြပြီးတာနဲ့ အခု ဆရာက ကျွန်မကို လောကကြီးကို အတွေ့အကြုံရှာဖို့ လွှတ်လိုက်တယ်။ ဆင့်လောခြံဝင်းကလူတွေက သေဆုံးခြင်းစွမ်းအားကိုလေ့ကျင့်တယ်ဆိုလို့ ဒီကိုလာပြီး လေ့လာတာ”
ရှားရှင်းယွန် သူမသည် လမ်းစဉ်သက်သေပြပြီးခါစဟု ဆိုသည်။ တစ်ဘက်တွင် သူမက အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းခဲ့ရာ သူမ၏အသက်အရွယ်ကိုပါ ထည့်တွက်လျှင် သေချာပေါက် ပါရမီမြင့်သောသူဖြစ်သည်။
ကြည့်ရသည်မှာ သူမသည် အတွေ့အကြုံနည်းကာ လောကကြီးနှင့်ပတ်သက်၍ သိပ်နားလည်ခြင်းမရှိသေးသူဖြစ်ရပေမည်။
သူမ၏ဆရာကမူ စွမ်းအားကြီးမားသူတစ်ဦးဖြစ်ရပေမည်။
ဟန်လင်း၏ခေါင်းထဲကို အတွေးတချို့ဝင်လာသည်။ သည်ကဲ့သို့သော မိန်းမလှကား သံသယဖြစ်စရာမလိုအောင် အတွေ့အကြုံနုနယ်သည်။
သူ၏စိတ်ထဲ အလွန်လှုပ်ရှားလာသည်။
“မိန်းကလေးရဲ့ဆရာက နာမည်ကျော်ကြားသူဖြစ်ရမယ်။ သူ့နာမည်ကို ကျုပ်သိလို့ရမလား” ဟန်လင်းက မေးသည်။
“ကျွန်မဆရာက ကျင့်ကြံခြင်းကို သိပ်မသိတဲ့ ကျေးလက်ကလူတစ်ယောက်ပဲ။ ရှင်က သူ့နာမည်ကို သိမှာမဟုတ်ဘူး” ရှားရှင်းယွန်က ဆိုသည်။ ဟန်လင်း၏အမူအရာက ပိုမိုလေးနက်လာသည်။ ထင်မှတ်ထားသည့်အတိုင်း သူမ၏ဆရာကား စွမ်းအားကြီးမားသူပင်။
ယင်ချင်းကား ဟန်လင်း၏နောက်တွင်ရပ်ကာ ရှားရှင်းယွန်ကို ကြည့်သည်။ ရီဖူရှင်း၏ပြောစကားများကို သူမ စတင်ယုံကြည်လာသည်။
သူမက သူပြောသော ဆရာတူညီမဖြစ်ရပေမည်။
***