“နောက်ဆုံးတော့ သေသွားပြီ။” ကောင်းကင်ထက်တွင် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က နက်မှောင်နေသော အက်ကြောင်းများကို ကြည့်လိုက်ရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်၌ သူတို့က ရည်ရွယ်ချက်ကို အောင်မြင်ခဲ့သည်။ ရီဖူရှင်း သေဆုံးပြီးနောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်က ခြိမ်းခြောက်မှု တစ်ရပ်မဟုတ်တော့ပေ။
သူတို့၏ ခန္ဓာကိုယ်မှ အရှိန်အဝါများက လျော့ကျသွားသည်။ သူတို့သည် ရီဖူရှင်း သေဆုံးပြီးနောက်တွင် အရာအားလုံး အဆုံးသတ်လိမ့်မည်ဟု မင်းသမီးဒွန်ဟောင်အား ကတိပေးထားခဲ့ကြသည်။
ကိုက်ထန်၏ မျက်လုံးများက အေးစက်နေသည်။ သူတို့အားလုံးကို မသတ်နိုင်သည်က အလွန် နှမြောဖွယ်ကောင်းလေသည်။ သူတို့သည် ဤအခွင့်အရေးအား ယူကာ ကောင်းကင်အာဏာစက်ကျောင်းတော်အား ဖျက်ဆီးသင့်သော်လည်း သူတို့သည် ရီဖူရှင်းက တိုက်ပွဲ၌ အကောင်းဆုံး မကြိုးစားခဲ့သောကြောင့် မူလဘုံမှ မဟာမိတ်တန်ခိုးရှင်များ သေဆုံးရသည်ဟူသော ဆင်ခြေကို သုံး၍ သည်သတ်ဖြတ်ပွဲအား ကျင်းပခဲ့သည်။ ယခု သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးပစ်ပါက မင်းသမီးဒွန်ဟောင်နှင့် ပြုလုပ်ခဲ့သော သဘောတူညီမှုကို အရှက်မဲ့စွာ ချိုးဖောက်ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ပြင် မင်းသမီးက ဤတိုက်ပွဲ၌ မသက်ဆိုင်သောသူများ ထိခိုက်မှုမရှိစေရဟု ကတိပေးခဲ့ကာ မူလဘုံတွင် သွေးချောင်းစီးသော သတ်ဖြတ်မှုများ ဖြစ်မလာစေရန် ရီဖူရှင်းအား စတေးကာ မူလဘုံ၏ အေးချမ်းမှုကို ပြန်လည်ဆောင်ယူလိုခဲ့သည်။ သူတို့က အကန့်အသတ်ကို ကျော်လွန်ကာ လုပ်ဆောင်လိုလျှင် ကောင်းသည့်အရာ တစ်ခုမှ ဖြစ်လာမည် မဟုတ်ပေ။.
ယခုတွင်သာမက အနာဂတ်တွင်လည်း ကောင်းကင်ဒေသမှ လူများ ဤနေရာသို့ လာသည့်အခါ သူတို့၏ အပြုအမူများကို သတိထားရန် လိုအပ်ပေသည်။
ထိုအချိန်တွင် ပုံရိပ်နှစ်ခုသည် ရီဖူရှင်းအား နောက်ဆုံးမြင်ခဲ့ရသည့်နေရာသို့ သွားနေသည်ကို မြင်သောအခါ လူအများက အံ့အားသင့်သွားကြသည်။ သူတို့သည် အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် အနက်ရောင်ပုံရိပ်တစ်ခု တိုက်ပွဲထဲမှ ဖျက်ဆီးခြင်းအငွေ့အသက်များ ရစ်သိုင်းနေဆဲဖြစ်သော နက်ရှိုင်းသည့် အနက်ရောင်အက်ကြောင်းများထံ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ယခုလေးတင်မှ ပွင့်ဟသွားသော လမ်းကြောင်းတစ်ခု ဖြစ်လေသည်။
“ပြန်လာခဲ့” အရှင်ထိုက်ရွှမ်က အော်လိုက်ပြီး တဟုန်ထိုး ပြေးသွားခဲ့သည်။ ထိုပုံရိပ်က ရှားရှင်းယွန်ပင် ဖြစ်သည်။ သူမက ရီဖူရှင်းအား နှစ်သက်နေသည်ကို သူ သိသော်လည်း ယခု သူမက ကိုယ့်သေတွင်းကိုယ်တူးနေသည်လား။
ရှားရှင်းယွန်အပြင် နတ်ဆိုးသားရဲတစ်ကောင်လည်း ရှိသေးသည်။ ၎င်းက သိမ်းငှက်လေးပင် ဖြစ်၏။ သူ၏ မျက်လုံးများက အလွန်တရာ ထက်ရှနေပြီး တူညီသော နေရာသို့ ပြေးသွားနေရင်း ပြောလိုက်သည်။ “လာခဲ့.. မင်းသမီး။”
ရှားရှင်းယွန်က သိမ်းငှက်လေး၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး သိမ်းငှက်လေးသည် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် လေဟာနယ် လမ်းကြောင်းကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြပေသည်။
သိမ်းငှက်လေးက အလွန်ပင် လျင်မြန်လှပြီး ချက်ချင်းပင် အက်ကွဲကြောင်းကြီးထဲသို့ ဒိုင်ပင်ပစ်ဝင်လိုက်သည်။ လူအများ၏ မျက်နှာများတွင် စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်များ ဖြစ်ပေါ်လာတော့၏။
“သတ်သေတာလား။” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် အခြားသူက စိတ်ဝင်စားသည့် အကြည့်တို့ ဖြစ်လာသည်။ ထိုနတ်ဆိုးသားရဲက ထိုမျှထိ သစ္စာရှိနိုင်သည်လား။
“ဒီလိုစစ်မှန်တဲ့ ခံစားချက်မျိုးက အတော်ရှားပါးတာပဲ။ နှမြောစရာ ကောင်းလိုက်တာ။” ကျန့်အော့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တန်ခိုးရှင်များ၏ စုစည်းတိုက်ခိုက်မှုကြောင့် လေဟာနယ်လမ်းကြောင်းတစ်ခုက ရုတ်တရက် ပွင့်ဟလာခဲ့သည်။ သို့ပေမယ့် ထိုသို့မဖြစ်ခင်ကပင် ရီဖူရှင်းက သေဆုံးခဲ့ပြီး ဖြစ်သည်။ တိုက်ခိုက်မှုက သူ့ပေါ်သို့ ကျရောက်ပြီးနောက်မှ လေဟာနယ်အက်ကြောင်းက ပွင့်ဟလာခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်က ဤအမျိုးသမီးသည် ရီဖူရှင်း၏ အလောင်းကို မမြင်တွေ့ရသည့်အတွက် မျှော်လင့်ချက်ကို လက်ကိုင်ထားကာ အက်ကြောင်းထဲ၌ ရှာဖွေချင်နေပုံရသည်။ သို့သော် ထိုသည်က ရူးမိုက်သောအပြုအမူပင် ဖြစ်သည်။ လေဟာနယ်အက်ကြောင်းထဲမှ ကြမ်းကြုတ်သော စွမ်းအားများသည် ရှားရှင်းယွန်၏ အဆင့်နှင့် ခံနိုင်ရည်ရှိမည့် အနေအထားမဟုတ်ပေ။ သူမက သေဆုံးသွားနိုင်ပေသည်။ ထိပ်သီးပုဂ္ဂိုလ်များပင်လျှင် ထိုအက်ကြောင်းအတွင်း ပေါ့ပေါ့လေး ခြေမချရဲပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များသည် ပျောက်ကွယ်သွားသည့် ထိုပုံရိပ်အား ကြည့်ကာ နှလုံးသားထဲမှ သက်ပြင်းချလိုက်မိကြသည်။ ထိုစကားနည်းလှသော အမျိုးသမီးက သူမ၏ အတွင်းစိတ်တွင် ထိုမျှထိ နက်ရှိုင်းသော ခံစားချက်များ ရှိနေလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
အရှင်ထိုက်ရွှမ်က သူမအား ရပ်တန့်ရန် သွားခဲ့သော်လည်း သိမ်းငှက်လေးက အလွန် လျင်မြန်နေပြီး သူတို့ လုပ်မည့်အရာကို သူသတိပြုမိသည်ကလည်း အလွန် နောက်ကျသွားခဲ့သည်။ သိမ်းငှက်နက်လေးက တဟုန်ထိုးပြေးထွက်သွားရာ သူ တားဆီးရန် အလွန်နောက်ကျသွားလေသည်။ အရှင်ထိုက်ရွှမ်သည် တဖြေးဖြေး ပိတ်သွားတော့မည့် အက်ကြောင်းကို ကြည့်ကာ သူ၏ မျက်နှာထက်တွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်လာသည်။ သူတို့က အလွန် သတိမဲ့လွန်းသည်။ ရီဖူရှင်းက သူမအား မပြောပြခဲ့သည်လား။
အရှင်ထိုက်ရွှမ်သည် ရီဖူရှင်းက ရှားရှင်းယွန်အား အင်ပါယာရှားဘုံသို့ ပြန်ရန် မောင်းထုတ်နေသည်ကို မသိရှိပေ။
မကြာခင်မှာပင် အက်ကြောင်းများက ပျောက်ကွယ်သွားပြီး ကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားသည်။ အဆုံး၌ ဤတိုက်ပွဲမှာ ဘုံကိုးဘုံ၌ အစွမ်းထက်ဆုံး တိုက်ပွဲတစ်ခု ဖြစ်လာခဲ့ပေသည်။
“ရီဖူရှင်းက သေသွားပြီ။ ဒါကြောင့် လူတိုင်းပဲ ပြန်ကြပါတော့။ နောက်ပိုင်း ဘုံကိုးဘုံမှာ ဘယ်လို ပဋိပက္ခမှ မဖြစ်ကြပါနဲ့။” ကျန့်အော့က ပြောလိုက်သည်။ လူတိုင်းက ကျန့်အော့ကို ကြည့်ကာ မြှောက်ပင့်သည့်နေရာတွင်သာမက ငြိမ်းချမ်းရေးသံတမန် လုပ်ရာတွင် တော်ပုံရသည်ဟု တွေးလိုက်ကြသည်။
ဤမြေခွေးအိုကြီးက အရာအားလုံးကို မူလဘုံအတွက် လုပ်ဆောင်ခဲ့သလို ပြောနေသော်လည်း ကျန့်ချန်းကျူအတွက် လုပ်ဆောင်ခဲ့ခြင်းနှင့် ပိုတူနေပေသည်။
“မင်းသမီး” ကျန့်အော့က မင်းသမီးကို ခေါင်းမော့ ကြည့်လိုက်ပြီးနောက် အနည်းငယ်ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။ လူတိုင်းက သူ့ကဲ့သို့ပင် အရိုအသေပေးလိုက်ကြ၏။
ကောင်းကင်ထက်ရပ်နေသော မင်းသမီးဒွန်ဟောင်က အောက်ဘက်မှ လူများကို ကြည့်လိုက်ပြီးနောက် ပြောလာသည်။ “အခု အရာအားလုံးကို ရပ်တန့်လို့ရပြီ။”
“အမိန့်အတိုင်းပါ မင်းသမီး” လူတိုင်းက ခေါင်းညိတ်လိုက်သည်။ မင်းသမီးဒွန်ဟောင်၏ အသံက ယခုတစ်ကြိမ်တွင် ဖုံးကွယ်၍မရသော အကြောင်းရင်းတချို့ကြောင့် အနည်းငယ် ရန်လိုနေပုံပေါ်သည်။ ဖြစ်နိုင်သည်မှာ မင်းသမီးက သူတို့ ရီဖူရှင်းအား သတ်ဖြတ်လိုက်ခြင်းအပေါ် သိပ် ကျေနပ်ပုံမရပေ။
လက်ရှိမှာ မည်သူကမှ သူမအား ဆန့်ကျင်ရန် မဝံ့ရဲကြပေ။
မင်းသမီးဒွန်ဟောင်သည် ခံစားချက်ကင်းမဲ့စွာနှင့် လူအုပ်ကြီးအား နောက်တစ်ကြိမ် ဝေ့ဝဲကြည့်လိုက်သည်။ သို့သော်လည်း ထိုအကြည့်က လူအများကို ကျောရိုးတလျှောက် အေးစိမ့်သွားစေသည်။ ထို့နောက် မင်းသမီးဒွန်ဟောင်က လှည့်ထွက်သွားပြီး တန်ခိုးရှင်များကလည်း သူမ နောက်သို့ လိုက်သွားခဲ့ကြသည်။
သူမထွက်သွားသည့်အခါ မှော်နက်စစ်တပ်မှ တန်ခိုးရှင်များသည်လည်း ထွက်ခွာသွားကြသည်။
စားသောက်ဆိုင်အတွင်းမှ ရှစ်ရှဲ့က ပြုံးလိုက်ကာ လက်ထဲမှ အရက်ခွက်ကို ချလိုက်ပြီး သူ့ရှေ့မှ မေ့ထန်ကို ကြည့်၍ ပြောလိုက်သည်။ “အနာဂတ်မှာ အခွင့်အရေးရရင် ဆရာမေ့နဲ့ ထပ်သောက်ချင်ပါသေးတယ်။ အခုတော့ နှုတ်ဆက်ပါတယ်။”
ထို့နောက် သူက သူ့လူများကို ခေါ်ကာ ထွက်သွားလေသည်။
မူလဘုံမှ နံပါတ်တစ် ပါရမီရှင်က မူလဘုံမှ လူများလက်ချက်နှင့် သေကြေပျက်စီးရသည်။ မည်မျှ ကံခေလိုက်သနည်း။
မေ့ထန်က ခေါင်းကို မော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။ သူတို့က အမှန်တကယ် ပေါ်မလာခဲ့ပေ။ သို့သော်လည်း ဤနေရာ၌ အရှင်ဒွန်ဟောင်၏ ကိုယ်စားလှယ်များ ရှိနေရာ သူတို့ ပေါ်လာရဲမည်မဟုတ်သည်ကို သူ နားလည်ပေသည်။ သူတို့က ယနေ့ ထွက်ပေါ်လာပြီး အသက်မသေခဲ့လျှင် သူတို့အကြောင်းက ဖော်ထုတ်ခံရမည်ဖြစ်ကာ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ရီဖူရှင်းက အမှန်တကယ် သေသွားခဲ့သည်လား။
သူ၏ စိတ်ထဲတွင် ကိစ္စများက ထိုမျှ မရိုးရှင်းဟု ခံစားနေရသည်။
လေထဲတွင် အင်ပါယာနန်၊ ရှန်ကောင်းနှင့် ရှန်ကလန်ခေါင်းဆောင်တို့ ပြန်ရောက်လာသည်။
ရှန်ကလန်မှ လူနှစ်ယောက်၏ အမူအရာက အလွန် သွေးဆုတ်ဖြူရော်ကာ ရုပ်ဆိုးလျက်ရှိသည်။ သူတို့၏ မျက်လုံးများက အခြားသူများထံ ကျရောက်သွား၏။
ရှန်ကျဲ့က သေသွားခဲ့ပြီ ဖြစ်သည်။
သူ၏ သေဆုံးခြင်းက ကောင်းကင်အာဏာစက်ကျောင်းတော်မှ မဟာမိတ်အင်အားစုများကြောင့်သာမက သူတို့နှင့်အတူလာသော တန်ခိုးရှင်များကြောင့်လည်း ဖြစ်သည်။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ ရှန်ကျဲ့၏ သေဆုံးမှုက သူတို့အတွက် အကျိုးအမြတ်များ ရရှိနိုင်သည့်အတွက် သူတို့၏ မဟာမိတ်အား သူတို့ စွန့်လွှတ်လိုက်ခြင်း ဖြစ်ရပေမည်။
ဒီမျိုးမစစ်ကောင်တွေကတော့…….
သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရန်သာ တွေးခဲ့သည့်အတွက် အင်ပါယာနန်ကို ပထုတ်ပေးသွားခဲ့သော်လည်း သစ္စာဖောက်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ထိပ်သီးတန်ခိုးရှင်တစ်ယောက် ဖြစ်လာရန်မှာ ခက်ခဲပေသည်။ အကြောင်းမှာ မည်သည့်ထိပ်သီးပုဂ္ဂိုလ်မဆို မူလဘုံ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်သော ထိပ်သီးအင်အားစုတစ်ခုကို ဖန်တီးနိုင်အောင် အစွမ်းထက်သောကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ဤတိုက်ပွဲတွင် ရှန်ကလန်သည် ထိုသို့သော အဆင့်မျိုးရှိသည့် တန်ခိုးရှင်အား ဆုံးရှုံးခဲ့ရသည်။
သို့ဆိုလျှင် ရှန်ကလန်က အနိုင်ရရှိသေးရဲ့လား။
ရီဖူရှင်းအား သတ်ဖြတ်နိုင်ခြင်းက ကျိန်းသေအနိုင်ရခြင်းဆိုသော်လည်း သူတို့က အခြားအင်အားစုများကို ရှုံးနိမ့်ခဲ့ပေသည်။
သူတို့က ဤတိုက်ပွဲတွင် ဆုံးရှုံးမှုကြီးမားခဲ့သော်လည်း မည်သူ့အားသွား၍ လက်စားချေရမည်နည်း။
ကောင်းကင်အာဏာစက်ကျောင်းတော်မဟာမိတ်များလား။ ယခု သူတို့နှစ်ယောက်သာ ကျန်ရှိတော့လေရာ သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော် အင်အားစုများနှင့် ရင်ဆိုင်ရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သူတို့၏ မဟာမိတ်အင်အားစုများကိုလား။ ထိုအထဲတွင် သူတို့ထက် အင်အားတောင့်တင်းသူ များစွာ ရှိလေသည်။
တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး မည်သည်ကိုမှ မသိသကဲ့သို့ ဟန်ဆောင်ကာ သူ့တို့အား လျစ်လျူရှုသွားလေသည်။
ရှန်ကျဲ့က အချည်းနှီး သေဆုံးခဲ့ရသည်။
“ဒီခွေးကောင်တွေ” အခြားသူများက ထွက်ခွာသွားပြီ ဖြစ်၏။ သူတို့အားလုံးက ပူးပေါင်းကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ ဤအခြေအနေမျိုး၌ မည်သူက သူတို့အား ခေါ်ပြောချင်ပါတော့မည်နည်း။
“ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ကြ။” အရှင်ထိုက်ရွှမ်က အေးစက်စက် ပြောလိုက်သည်။
ထိုသူနှစ်ယောက်က တစ်ချက်မျှ ကြည့်ကာ ပြောလိုက်၏။ “ကျုပ်တို့က အသက်ရှင်နေသေးပေမယ့် ရီဖူရှင်းကတော့ သေသွားခဲ့ပြီ။ အနာဂတ်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်က ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ စောင့်ကြည့်ချင်ပါသေးတယ်။”
“ဒါဆိုလည်း စောင့်ကြည့်နေလိုက်။” အရှင်ထိုက်ရွှမ်က တုန့်ပြန်လိုက်သည်။ ရှန်ကလန်မှ တန်ခိုးရှင်နှစ်ယောက်က အေးစက်စွာ နှာမှုတ်၍ ဒေါသတကြီး ထွက်ခွာသွားလေသည်။
သူတို့က လက်စားပင် မချေနိုင်ကြပေ။
တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်။ အင်ပါယာနန်သည် ရီဖူရှင်းပျောက်ကွယ်သွားသည့်နေရာကို ကြည့်လိုက်ကာ သူပြောခဲ့သည်များက အမှန်ဖြစ်ပါစေဟုသာ ဆုတောင်းမိတော့သည်။
ရီဖူရှင်းက သူ ဤတိုက်ပွဲ၌ လိုလိုလားလား အသေခံမည်မဟုတ်ဟု ပြောခဲ့သည်။
သို့သော်လည်း သူက ခြေတစ်လှမ်း ဆုတ်ရပေလိမ့်မည်။
ထို့ကြောင့် သူတို့က အကောင်းဆုံး ကြိုးစားသော်လည်း မည်သူကမှ အစွမ်းကုန် အားမထုတ်ဘဲ သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာ အကောင်းဆုံး ကြိုးစားခဲ့သည်။.
တိုက်ပွဲစတင်ကတည်းက မည်သို့ အဆုံးသတ်မည်ကို သူတို့ သိရှိပြီး ဖြစ်လေသည်။
သူတို့ လုပ်ခဲ့သမျှ အရာအားလုံးက ရီဖူရှင်း၏ အစီအစဥ်တွင် ပူးပေါင်းရန်သာ ဖြစ်၏။
ဘုံကိုးဘုံမှ အင်အားစုများက ရီဖူရှင်းကို အသက်မရှင်စေချင်သည်သာမက မှော်နက်စစ်တပ်နှင့် နတ္ထိဘုံမှ တန်ခိုးရှင်များသည်လည်း သူ့ကို စောင့်ကြည့်နေပေသည်။ သူက ယင်စွမ်းအားကိုပင် ထိန်းချုပ်နိုင်လောက်အောင် ထူးချွန်သည်။ အမှန်တွင် မူလဘုံကိုက ရီဖူရှင်း၏ တည်ရှိမှုကို ခွင့်မပြုနိုင်တော့သည်အား သူတို့ နားလည်ခဲ့သည်။
သူတို့က အချင်းချင်း ကြည့်လိုက်ပြီးနောက် အောက်ဘက်သို့ ဦးတည်လိုက်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အဖွဲ့လိုက်ပြန်ရန် ပြင်လိုက်သည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူတိုင်းသည် မရေရာမှုများ၊ ဒေါသများ၊ ဝမ်းနည်းမှုများနှင့် ပြည့်နေပြီး အပေါ်သို့ မော့ကြည့်နေကြ၏။ ရီဖူရှင်းက ယခုလိုပဲ သေဆုံးသွားခဲ့သည်လား။
ကောင်းကင်အာဏာစက်ကျောင်းတော်သည် မူလဘုံ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်သော ပြိုင်ဘက်ကင်း အရည်အချင်းရှိသူအား မွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော်လည်း သူက ဘုံကိုးဘုံမှ တန်ခိုးရှင်များ၏ အမဲလိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပေသည်။
သူတို့က အညှဥ်းပန်းခံနေရသလို ခံစားနေရပေသည်။
ချင်ရွှမ်ကန်းနှင့် ရန်ယွမ်တို့က အတူရှိနေပြီး ချင်ရွှမ်ကန်းသည် ထိုအဖြစ်အား သူ့နှလုံးသားထဲမှ မယုံကြည်နိုင်ပေ။ သူသည် ရီဖူရှင်းနှင့် ထိုနေ့က ပြောခဲ့သော စကားများအား အမှတ်ရနေဆဲ ဖြစ်သည်။ ရီဖူရှင်းက ဤကဲ့သို့ သေသွားမည်မဟုတ်ပေ။ ရီဖူရှင်းထံတွင် လိုချင်သည့်အရာနှင့် ဖြစ်ချင်သည်များက အလွန်များပြားနေဆဲ ဖြစ်သည်။ သူက အိပ်မက်မက်နေခြင်းသာ ဖြစ်ရမည်။ ရီဖူရှင်း သေဆုံးသွားခြင်း မဖြစ်နိုင်ပေ။
ပြည်နယ်ကိုးခုမှလူများက လေထဲသို့ မော့ကြည့်နေကြသည်။ အရာအားလုံးက အစစ်အမှန် ဖြစ်နေလျှင်ပင် သူတို့၏ နှလုံးသားထဲ၌ မျှော်လင့်ချက်သေးသေးလေး ကျန်ရစ်နေသေးပေသည်။
ဂူတုံးလျှိုက အတွင်းလူတစ်ယောက် ဖြစ်သည်။ ရီဖူရှင်းက စိုးရိမ်သောကြောင့် သူ၏ အစီအစဥ်အား လူတိုင်းကို ရှင်းလင်းစွာ ပြောပြခဲ့ခြင်း မရှိပေ။ အကယ်၍ လူတိုင်းက ထိုအကြောင်းကို သိလျှင် ဖုံးကွယ်ထားရန် ခက်ခဲမည် ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူသည် ရှားရှင်းယွန်နှင့် သိမ်းငှက်လေးက ထိုသို့ တဇောက်ကန်း လုပ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သိမ်းငှက်လေးနှင့် ရီဖူရှင်းက စိတ်ချင်းဆက်သွယ်နိုင်ကြသည်။ ကြည့်ရသည်မှာ ၎င်းက သဲလွန်စ တစ်ခုခုကို ရှာဖွေတွေ့ရှိသွား၍ ဖြစ်နိုင်ပေသည်။ တစ်ခုခု မမျှော်လင့်တာများ ဖြစ်လာနိုင်သည်လား။
သူက သေချာပေါက် မျှော်လင့်မထားခဲ့ချေ။
“ဂျီယူ..”
ကျူးကောမင်းယွီက ဟွားဂျီယူ အလွန် နာကျင်နေသည်ကို မြင်သောအခါ သူမဘေးသို့ လျှောက်သွားလိုက်သည်။ ဟွားဂျီယူ၏ မျက်လုံးများမှ မျက်ရည်တို့ စီးကျနေပြီး အလွန်အမင်း နာကျင်နေပုံလေသည်။
သူမ၏ စိတ်ထဲတွင် ပိုမိုများပြားသော ပုံရိပ်များ ဖြစ်တည်လာသည်။ သူမ၏ အတွင်းစိတ်ထဲ၌ ဖိနှိပ်ခံထားရသည့် မရေတွက်နိုင်သော အတွေးများက စတင်နိုးထရန် ကြံရွယ်နေကြ၏။ ဤအခိုက်အတန့်တွင် သူမက မည်သူဖြစ်သည်ကို မသိရှိတော့ပေ။ အတွေးပုံရိပ်တိုင်းမှ အဖြစ်များတွင် သူမ ကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင် ဖြစ်၏။
ထိုအခိုက်တွင် မဟာလမ်းစဥ်ဘုံသုံးထောင်မှ တန်ခိုးရှင်များသည် ရုတ်တရက် ခေါင်းကို မော့ကာ အဆုံးမဲ့ ကောင်းကင်သို့ ကြည့်လိုက်ကြ၏။ ထိုအမျိုးသမီးများထံမှ အသိစိတ်မျှင်တို့က ထွက်ပေါ်လာပြီး ပုံရိပ်များအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။
ကောင်းကင်အာဏာစက်ဘုံ၏ အလယ်တွင် ရွှမ်ထျန်းနတ်မိမယ်လည်း ရှိနေ၏။ သူမ၏ စိတ်က ပြင်းထန်စွာ တုန်ယင်သွားကာ အတွင်းထဲမှ တစ်စုံတစ်ခု နိုးထလာသလို ခံစားလိုက်သည်။ သူမသည် ဟွားဂျီယူရှိရာဘက်သို့ ကြည့်လိုက်သည့်အခါ သူမခန္ဓာကိုယ်မှ ထွက်လာသော ပုံရိပ်က ဟွားဂျီယူထံ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။
“အဲဒီတော့ ငါလည်း ပါတာပေါ့လေ။” ရွှမ်ထျန်းနတ်မိမယ်က ရေရွတ်လိုက်သည်။
ကြည့်ရသည်မှာ တူညီသော ကျင့်စဥ်ကို ကျင့်ကြံကြသည့် လူတိုင်း၏ စံနမူနာ ဖြစ်ပေလိမ့်မည်။
“ဟင်”
ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက ဟွားဂျီယူကို ကြည့်လိုက်ပြီး နေရာအနှံ့ မျောလွင့်နေသော ပုံရိပ်များက သူမ၏ စိတ်ထဲသို့ ပေါင်းစပ်နေသည်အား မြင်သောအခါ သူတို့မျက်နှာထက်တွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။
မည်သည့် ကျင့်ကြံခြင်းနည်းလမ်းက ထိုမျှ ကြောက်မက်ဖွယ် ကောင်းရသနည်း။
နတ်တောင်တစ်သောင်းမှ တောင်သခင်နှင့် ကောင်းကင်နတ်တံခါးမှ ကျန့်ချန်ကျီ၊ ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မိန်းမပျိုများသည် အလွန်ထူးခြားဆန်းကြယ်သော ကျင့်စဥ်များကို ကျင့်ကြံကြသည်။ သူတို့သည် ဟွားဂျီယူက ရီဖူရှင်း၏ စွမ်းအားများကို အသုံးပြု၍ ကျင့်ကြံနေသော ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မိန်းမပျိုတစ်ဦးဖြစ်ရမည်ဟု ခန့်မှန်းမိကာ ရီဖူရှင်းအား ဟွားဂျီယူအနား၌ နေလျှင် သတိထားရန် တိုက်တွန်းခဲ့ကြသည်။
သို့သော် သူတို့ မထင်ခဲ့မိသည်က အလွန် အစွမ်းထက်ကာ လွှမ်းမိုးနိုင်စွမ်း မြင့်မားနေသည်ကိုပင်။
သူတို့သည် ထိုအချိန်၌ ထူးဆန်းသော ခံစားချက်ကို ခံစားမိလိုက်သည်။ ဟွားဂျီယူက ဗြဟ္မာ့သန့်စင်ကောင်းကင်မှ မိန်းမပျိုတစ်ဦးမဟုတ်ဘဲ သူမက အစစ်အမှန် ဖြစ်ရမည်ဟု ဖြစ်လေသည်။
ထိုအချိန်တွင် အစွမ်းထက်သည့် အရှိန်အဝါတစ်ခုက နေရာအနှံ့ကို ထိုးဖောက်လာသည်။ သူတို့အားလုံးက ထိုနေရာကို ကြည့်လိုက်သည့်အခါ နတ်အလင်းများနှင့် တောက်ပနေသော ပြိုင်ဘက်ကင်း ကျက်သရေတင့်တယ်လှသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ကြရသည်။ ထိုသူမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မပင် ဖြစ်လေသည်။
သူမက ဟွားဂျီယူကို စိုက်ကြည့်လိုက်၏။ ဟွားဂျီယူက မည်သို့ဖြစ်၍ ထိုမျှ မြန်မြန်နိုးထလာရသနည်း။ ဤသည်က သူမ အစီအစဥ်ကို ထိခိုက်စေလိမ့်မည်။
သို့သော်လည်း အခြေအနေတစ်ရပ်လုံးကို မထိခိုက်ဘဲ ခန့်မှန်းထားသည်ထက် အနည်းငယ် စောသွားခြင်းသာ ဖြစ်လေသည်။
သူမက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း မဟာလမ်းစဥ်၏ ကန့်သတ်ခြင်းကို ခံခဲ့ရသည်။ သူမက အစွမ်းထက် ကျင့်စဥ်အား ရရှိခဲ့လျှင်ပင် မဟာလမ်းစဥ် အတားအဆီးအား မချိုးဖျက်နိုင်ပေ။ ဤနေရာ၌ ကောင်းကင်လမ်းစဥ်က ချို့တဲ့နေရာ သူမသည် ထိုအချင်းအရာကြောင့် ကန့်သတ်ခံထားရ၏။ ထို့ကြောင့် သူမသည် နောက်ထပ်ခန္ဓာကိုယ်တစ်ခု ထပ်တည်ဆောက်ရန် လိုအပ်ပေသည်။
သူမ ဟွားဂျီယူကို ရွေးချယ်ရခြင်းမှာ ဟွားဂျီယူက အရည်အချင်း ရှိသောကြောင့် မဟုတ်ဘဲ သူမ၌ တောက်ပသော ကံကြမ္မာနှင့် အခွင့်အရေးများ ရှိသည်ဟု ဆုံးဖြတ်မိသောကြောင့် ဖြစ်သည်။ ဟွားဂျီယူ၌ သန်မာသော အသက်စွမ်းအားရှိသောကြောင့် သူမ၏ ကိုယ်ပိုင်ဉာဏ်အလင်းပွင့်ခြင်းကို အသုံးချနိုင်ပေလိမ့်မည်။
သို့သော်လည်း ဟွားဂျီယူက သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ကာ အားကောင်းသော ကိုယ်ပိုင်သိစိတ်ကို ပြန်ရသည်။
လူတိုင်း၏ အကြည့်များအောက်၌ပင် ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မက ဟွားဂျီယူခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ တခဏအတွင်းမှာပင် အလွန်အားကောင်းသော အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ဟွားဂျီယူ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူမသည် ဗြဟ္မာ့သန့်စင်ကောင်းကင်အရှင်မ၏ ပြိုင်ဘက်ကင်း လှပသောအသွင်အဖြစ်သို့ ပြောင်းလဲသွားသလို ထင်မှတ်ရသည်။
“မလုပ်နဲ့…” ဟွားဂျီယူ၏ စိတ်ထဲတွင် နောက်ထပ် သိစိတ်တစ်ခု နိုးထလာ၏။ ထိုသိစိတ်က အလွန်အားကောင်းကာ ခေါင်းမာလှသည်။ နောက်ဆုံး၌ သူမသည် သူမ မည်သူဖြစ်ကြောင်း မည်သည့်နေရာမှ လာခဲ့ကြောင်း မှတ်မိသွားပြီ ဖြစ်သည်။
သူမ၏ မျက်ရည်ဝိုင်းနေသော မျက်ဝန်းများတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူမအမည်က ဟွားဂျီယူဖြစ်ပြီး သူ့ဇနီးပင် ဖြစ်၏။
ထိုမျက်နှာက ဟွားဂျီယူ၏ မျက်နှာအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ လှပသော မျက်နှာနှစ်ခုက အဆက်မပြတ်ပြောင်းလဲနေပြီး ဤခန္ဓာကိုယ်အား ထိန်းချုပ်ရန် ပြိုင်ဆိုင်နေကြသည်။
သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး နာကျင်ခံစားနေရပုံ ရလေသည်။
ဂျီယူသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့်သူက အနိုင်ရမည်ဟူသော စကားကို အမှတ်ရလိုက်သည်။
အားလုံးသော တန်ခိုးရှင်များ၏ အကြည့်အောက်တွင် ထိုမြင်ကွင်းက ပြောင်းလဲနေသည်။ နောက်ဆုံး၌ လှပသော မျက်နှာတစ်ခု ထွက်ပေါ်လာပြီး ပြောင်းလဲခြင်း မရှိတော့ပေ။ ထိုမျက်နှာထက်၌ တောက်ပသော အပြုံးတို့ ဖူးပွင့်လာ၏။ သို့သော်လည်း မျက်ရည်များက ထိုလှပသော မျက်နှာထက်တွင် အဆက်မပြတ်စီးဆင်းနေသည်။
သူမက ထိုပုံရိပ်ပျောက်ကွယ်သွားရာ လေဟာနယ်သို့ ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲ၌ မရေတွက်နိုင်သော မှတ်ဉာဏ်များက ပြေးလွှားနေသည်။ ထိုမှတ်ဉာဏ်များက တူညီသော လူတစ်ယောက်ထဲမှ ပိုင်ဆိုင်သော မှတ်ဉာဏ်များ ဖြစ်လေသည်။
အခု သူမ ပြန်လာခဲ့ပေမယ့် သူက ဘာကြောင့် သူမအား နောက်တစ်ကြိမ် ထားခဲ့ရပြန်သနည်း။
***