Switch Mode

အပိုင်း(၁၈၅၆)

ဖျက်ဆီးခြင်း

ဘယ်သူက လာသတ်မှာလဲ။ နောက်ဆုံးမှာ ရီဖူရှင်းက လက်လျှော့လိုက်ပြီလား။

အားလုံးသော မျက်လုံးများက သူ့အပေါ် ကျရောက်လာသည်။ မူလဘုံ၏ နံပါတ်တစ် ပါရမီရှင်က သေဖို့ပင် တောင်းဆိုနေပြီလား။

သို့သော်လည်း လူတိုင်း နားလည်သဘောပေါက်ကြသည်မှာ တိုက်ပွဲက ဤအ​ခြေအနေ ရောက်လာသော်လည်း ရလဒ်က သတ်မှတ်ပြီးသား ဖြစ်လေသည်။ ဘုံကိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များ၏ တစ်ဝက်လောက်က သူ့အား သေစေချင်နေရာ သူဆက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် မှော်နက်စစ်တပ်နှင့် နတ္ထိဘုံမှ တန်ခိုးရှင်များသည်လည်း သူ့အား သေစေချင်နေသည့်အတွက် သူက မည်သို့ ဆက်လက်ရှင်သန်နိုင်ပါမည်နည်း။

သူက ဆက်လက်တိုက်ခိုက်နေလျှင် သူ့ဘေးမှ လူများကို ဆွဲချမိသလိုသာ ဖြစ်နေပေလိမ့်မည်။

ထို့ကြောင့် နောက်ဆုံးတွင် ရီဖူရှင်းက လက်လျှော့ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

ကောင်းကင်အောက်ဘက်ရှိ ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းမှ အားနည်းသော တန်ခိုးရှင်များမှာ အထက်တွင် မည်သည်တို့ ဖြစ်ပျက်နေသည်အား မသိသော်လည်း ရန်ဟောင်အဆင့်များက သိကြပေသည်။ အချို့သော သူများက အေးစက်စွာ ကြည့်လိုက်ကြပြီး အချို့က ဒေါသထွက်နေကာ အချို့မှာတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ သူတို့ထံမှ သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ လျှံထွက်နေ၏။

သို့သော်လည်း သူတို့ထဲမှ မည်သူကမှ အခြေအနေအား ပြောင်းလဲရန် မဖြစ်နိုင်ပေ။

“ဘာတွေဖြစ်နေတာလဲ။” ဟွားဖန်းလူက မည်သည်ကိုမှ မမြင်တွေ့ရသည့်အတွက် သူအနီးမှ လူများကို မေးလိုက်သည်။ သို့သော်လည်း မည်သူကမှ သူ့ကို အဖြေပြန်မပေးကြပေ။ သူတို့က ပြန်မဖြေချင်၍ မဟုတ်ဘဲ ရက်စက်သည့်အဖြစ်မှန်ကို ပေးမသိလိုသောကြောင့် ဖြစ်ပေသည်။

“သူက ကျွန်မကို လိမ်သွားတာလား။” ဟွားဂျီယူက ရေရွတ်လိုက်သည်။ သူမသည် အလွန် တုန်လှုပ်သွားကာ နှလုံးသားထဲမှ နာကျင်လာသည်။

ထို့ပြင် ဤခံစားချက်က အလွန်ရင်းနှီးနေသည်။ ထိုသည်မှာ အလွန်နာကျင်ရသော်လည်း အလွန် ရင်းနှီးလှသည်။

သူမက ထိုအဖြစ်များအား ယခင်က ကြုံတွေ့ခဲ့ဖူးသယောင်ပင် ​ဖြစ်၏။

သူမက သည်းမခံနိုင်လောက်အောင် ခံစားနေရသော်လည်း သူမလုပ်နိုင်သည့်အရာ မည်သည်မှ မရှိပေ။ သူက ဤအရာအားလုံးကို အပြုံးတစ်ပွင့်နှင့် ရှင်းပြခဲ့သေးသည် မဟုတ်လား။ သူ အဆင်ပြေလိမ့်မည်ဟု ​ပြောခဲ့သည် မဟုတ်လား။

သူက သူမကို လိမ်ညာခဲ့သည်လား။

ထိုအချိန်တွင် ကောင်းကင်အာဏာစက် ကျောင်းတော်မှ လူတစ်စု လျှောက်ထွက်လာကာ ကောင်းကင်ထက်သို့ ဦးတည်လိုက်ကြသည်။ သူတို့က တိုက်ပွဲကို မျက်မြင်တွေ့လိုကာ ရီဖူရှင်းအား ထပ်၍ ဆွဲထားလိုပေသေး၏။

ရှားရှင်းယွန်သည်လည်း ထိုအဖွဲ့ထဲတွင် ပါဝင်သည်။ သူမ၏ နက်မှောင်ရှည်လျားသော ဆံပင်များက လေထဲတွင် လွင့်နေသည်။ သူမက အလျင်အမြန် ခရီးနှင်နေပြီး မျက်ဝန်းထောင့်များတွင် မျက်ရည်စတို့ ခိုတွဲနေ၏။

ဤသည်က ရီဖူရှင်း သူမကို အဝေးသို့ မောင်းထုတ်ရခြင်း၏ အကြောင်းပြချက်လား။

ထို့ကြောင့် သူမက အင်ပါယာရှားဘုံသို့ ပြန်ရန် လိုအပ်နေသည်လား။

တောက်ပသော မျက်ရည်တစ်စက်က သူမ ပါးပြင်ထက် လိမ့်ဆင်းလာသည်။

သူတို့အားလုံးက အလွန် လျင်မြန်လှပြီး ကောင်းကင်ထက် တိုက်ပွဲဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားနေကြသည်။

ဟွားဂျီယူက မလှုပ်ရှားပေ။ သူမက ထိုနေရာတွင်သာ မတ်တပ်ရပ်ကာ ငေးနေပေသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးနေပြီး သူမ ခေါင်းမှလည်း အလွန်နာကျင်နေပေသည်။ ရုတ်တရက် မရေတွက်နိုင်သော ပုံရိပ်များက သူမ၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။

သူမ၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးလာသည်။ သူမက မည်သူနည်း။ သူမ မည်သည့်နေရာမှ လာသနည်း။ သူမ မည်သည့်အတွက်ကြောင့် မွေးဖွားလာရသနည်း။

သူမက ရီဖူရှင်း၏ ဇနီးဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် မည်သည်ကိုမှ အမှတ်မရရသနည်း။

သူမ၏ စိတ်ထဲ၌ မြင်ကွင်းများက တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး သူမအား လှုံ့ဆော်နေကာ သူမခေါင်းကို နာကျင်အောင် ပြုလုပ်နေသော်လည်း သူမ၏ မျက်လုံးများက ချစ်ခင်တွယ်တာမှုများနှင့် လေထဲမှ ထိုအမျိုးသားထံတွင် စူးစိုက်နေခဲ့သည်။ သူမသည် သူမအပေါ် အကြင်နာဆုံး ဆက်ဆံပေးတတ်သည့် ရီဖူရှင်း၏ ဇနီးဖြစ်သည်ကိုသာ သိရှိပေသည်။

ယခု သူက သူမအား ထားခဲ့တော့မည်လား။

“ဘာတွေ ဖြစ်နေတာလဲ။” ကောင်းကင်အာဏာစက်မြို့မှ လူများက အခြေအနေကို သေချာမသိသောကြောင့် မေးမြန်းနေကြသည်။

သူတို့သည် အားလုံးက တိတ်ဆိတ်နေပြီး ဝမ်းနည်းမှုနေကြောင်းကိုသာ အနည်းငယ် ခံစားမိကြသည်။ သူတို့က ဆန်းကြယ်သော ကံတရားကို မျှော်လင့်နေသော်လည်း အဆုံး၌ သူတို့သည် အမှန်တရားကို ရင်ဆိုင်ရန် လိုပေသည်။ သူက မည်မျှ ပါရမီရှိနေပါစေ မည်သည့် ဒဏ္ဍာရီမျိုး ဖန်တီးနိုင်ပါစေ မူလဘုံတစ်ခုလုံးမှ ထိပ်သီးအင်အားစုများ ပါဝင်နေသော တိုက်ပွဲတွင် အသက်ရှင်သန်နိုင်ရန်မှာ မလွယ်လှပေ။

မေ့ထန်သည် စားသောက်ဆိုင်အတွင် သောက်နေဆဲ ဖြစ်နေသော်လည်း တိုက်ပွဲထဲမှ အရာအားလုံးကို မြင်နေရသည်။

ရှစ်ရှဲ့သည်လည်း မြင်တွေ့ပေသည်။ သူက ကောင်းကင်သို့ မော့ကြည့်ရင်း ရက်စက်သော အပြုံးတို့က မျက်လုံးထဲတွင် ထင်ဟပ်လာကာ ပြောလိုက်သည်။ “နှမြောစရာပဲ။ သူသာ နတ္ထိဘုံက တန်ခိုးရှင်တွေအများကြီးကို မသတ်ခဲ့ရင် သူ့ကို ခေါ်သွားဖို့ဖြစ်နိုင်မှာ။”

“မင်းက လုပ်မလို့လား”မေ့ထန်က တစ်ဖက်လူကို တစ်ချက်မျှ ကြည့်လိုက်သည်။

ဤသည်က မူလဘုံ ဖြစ်သည်။ ဤနေရာမှာ အရှင်ဒွန်ဟောင်၏ ကိုယ်စားလှယ်များရှိနေပြီး မင်းသမီးဒွန်ဟောင်သည် ရီဖူရှင်းအား နတ္ထိဘုံသို့ ခေါ်ဆောင်သွားမည်ကို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ရှစ်ရှဲ့က မေ့ထန်ကို အပြုံးနှင့် ပြောလိုက်သည်။ “ဒီလူက ပြင်ပဘုံမှာ အရမ်းအရည်အချင်းရှိတဲ့ ပါရမီရှင်ဖြစ်ပေမယ့် မူလဘုံရဲ့ အတွင်းပဋိပက္ခတွေ ကြားမှာ သေရတော့မယ်။”

မေ့ထန်က မည်သည်မှ မပြောပေ။ အတွင်းပဋိပက္ခလား။

ဖြစ်နိုင်သည်က ရှစ်ရှဲ့၏ မျက်လုံးထဲ၌ ဤသည်က အတွင်းပဋိပက္ခ ဖြစ်ပုံရပေသည်။ သူတို့အားလုံးက မူလဘုံမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သို့သော် မူလဘုံမှာ ကျယ်ပြန့်လှပြီး အင်အားစုအားလုံးက ကိုယ်ပိုင်အတွေးများ ရှိကြသောကြောင့် အတွင်းပဋိပက္ခများ ဖြစ်ရန်ဝေးကွာလှသည်။

ကောင်းကင်ထက်မှ တိုက်ပွဲတွင် လူအများ၏ ဝိုင်းရံထားခံရသော ရီဖူရှင်းက စိတ်လှုပ်ရှားနေခြင်း မရှိပေ။

အခြေအနေတစ်ခုလုံးက ဆုံးဖြတ်ပြီးသားဖြစ်ကာ ရီဖူရှင်းကလည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို လက်လျှော့ရန် တောင်းဆိုခဲ့သည်။ ယခုသည် သူတို့၏ နောက်ဆုံး ခြေလှမ်းဖြစ်နိုင်ပေသည်။

လူတစ်စုက ရီဖူရှင်း၏ ရှေ့သို့ ရောက်လာကာ ရပ်လိုက်ကြသည်။ ထိုသူတို့မှာ ထျန်းရှင်းကျောင်းအုပ် ကျန့်အော့၊ ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ထန်၊ ​ကောင်းကင်မျှော်စင်ကျောင်းခေါင်းဆောင်နှင့် နေမင်းနတ်နန်းတော်၏ နန်းတော်သခင်တို့ အားလုံးက ရီဖူရှင်း၏ အထက်လေဟာနယ် ရပ်နေပြီး နတ်စွမ်းအားများ ဖြန့်ကျက်ထားသည်။

ယခုတွင် ရီဖူရှင်းအတွက် ထွက်ပြေးလွတ်မြောက်ရန်က မဖြစ်နိုင်တော့ပေ။

သူတို့စတင်လိုက်သည်နှင့် ရီဖူရှင်းတစ်ယောက် ဘယ်သောအခါမှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။

သို့သော် မည်သူက အရင်ဆုံး စတင်ပါမည်နည်း။

မူလဘုံမှ နံပါတ်တစ် ပါရမီကို သတ်ဖြတ်ခြင်း။

သို့သော် ဤအခြေအနေတွင် သူတို့ထဲမှအချို့က စတင်လှုပ်ရှားရန် မဖြစ်နိုင်ဟု ခံစားနေကြရသည်။ ထိုသည်မှာ သူတို့က သူ့အား မသတ်လို၍ မဟုတ်ဘဲ မူလဘုံ၌ တစ်မိုးအောက်တစ်ယောက်ထွန်းသော ပါရမီရှင်ကို သူတို့၏ လက်နှင့် ဖျက်ဆီးပစ်ရမည်မှာ တန်ဖိုးကြီးလွန်းနေသောကြောင့် ဖြစ်သည်။

သူတို့၌ ပြန်လှည့်ရန် လမ်းမရှိပေ။ သူတို့ ယခင်ကတည်းက ရီဖူရှင်းနှင့် မိတ်ဆွေ ဖြစ်ခဲ့လျှင် သူတို့သည်လည်း ရီဖူရှင်း၏ အသက်အား ကယ်တင်ရန် ဆန္ဒရှိပေလိမ့်မည်။

သို့သော် ယခင်က သူတို့ကြားတွင် ပဋိပက္ခများ ရှိနေသောကြောင့် ရီဖူရှင်းသေသွားခဲ့လျှင် သူတို့အတွက် စိုးရိမ်ပူပန်နေစရာ မရှိ​တော့ဘဲ ပိုကောင်းသွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော် မဟာမိတ် ကျော်ကြားလာရန် ခြေနင်းတုံး ဖြစ်လာစရာမလိုတော့ပေ။

“ရွှေရောင်နတ်ပြည်ထောင်က ဦးဆောင်သင့်တယ်။ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်နှင့် ရီဖူရှင်းကြားမှ ရန်ငြိုးက အနက်ရှိုင်းဆုံးဖြစ်ကာ မည်သူမှ ဖြန်ဖျေနိုင်စွမ်းရှိမည် မဟုတ်ပေ။ ရှန်ကလန်လည်း ရှိသေးပေမယ့် ထိုတန်ခိုးရှင်များက ယခု ရှိမနေခဲ့ပေ။

ယခင်က နတ်နန်းတော်အား ချေမှုန်းရာတွင် အင်အားစုအများအပြား ပါဝင်ခဲ့သည့်အတွက် သူတို့သည် ရီဖူရှင်း လက်စားချေမည်ကို စိုးရိမ်ပူပန်နေပြီး ရီဖူရှင်းအား သတ်ဖြတ်လိုနေကြခြင်း ဖြစ်သည်။

ကိုက်ထန်က ရီဖူရှင်းအနီးမှ လူများကို ကြည့်လိုက်ပြီး သူတို့အားလုံးက အထင်ကရပုဂ္ဂိုလ်များ ဖြစ်သည်ကို သတိထားမိလိုက်သည်။ ရီဖူရှင်းအား သတ်ဖြတ်ရန် တာဝန်ကို သူ့ထံ လွှဲလိုက်ခြင်းမှာ အမုန်းတရားအားလုံးကို သူ့ခေါင်းပေါ်သို့ ပုံချလိုက်ခြင်း ​ဖြစ်သည်။ သူက ထိုသည်ကို မည်သို့ ခွင့်ပြုနိုင်ပါမည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တည်ထောင်ထားသော မဟာမိတ်များက အနာဂတ်၌ ပြိုကွဲသွားမည် ဖြစ်သည်။ ထိုကျောင်းတော်မှ လူများက နောက်တစ်ကြိမ် မဟာမိတ်ထပ်ဖွဲ့လျှင်ပင် သူတို့က ဤတစ်ခေါက်ကဲ့သို့ ထပ်၍ လုပ်ဆောင်နိုင်ပေသေးသည်။ အမှန်တွင် သူတို့ကိုယ်သူတို့ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။

သို့သော်လည်း ကိုက်ထန်သည် ထိုသို့သော တာဝန်အား ရွှေရောင်နတ်ပြည်ထောင်ကို တစ်ယောက်တည်း ပခုံးထမ်းခိုင်းခြင်းက ကျိန်း​သေ သက်သောင့်သက်သာ ရှိမနေပေ။ သူတို့က ရှန်ကျဲ့ကဲ့သို့ အသုံးချပြီး စွန့်ပစ်ခံလိုက်ရပါက မည်သို့ လုပ်ရမည်နည်း။

ထို့​ကြောင့် အတူတူ လုပ်ဆောင်ကြခြင်းက အကောင်းဆုံးသာ ဖြစ်သည်။

“ကျုပ်တို့က ဒီအ​ခြေအနေထိ ရောက်နေပြီလေ။ မူလဘုံရဲ့ နံပါတ်တစ်ပါရမီရှင်ကို လေးစားမှုပြတဲ့အနေနှင့် အတူတူ လုပ်ဆောင်ကြတာ အကောင်းဆုံးပဲ။” ကိုက်ထန်က ပြောလိုက်သည်။ သူက ရီဖူရှင်းအား မူလဘုံ၏ နံပါတ်တစ်ပါရမီရှင်ဟုပင် ထုတ်ပြောလာပြီး ထိုသည်မှာ သူတို့ မငြင်းဆန်နိုင်သော အရာဖြစ်သည်။

မူလဘုံတွင် ရီဖူရှင်းနှင့် အဆင့်တူသူများအကြား သူနှင့် ဘေးချင်းယှဥ် ရပ်နိုင်သူမှာ မရှိနိုင်ပေ။

“ကောင်းတယ်။ အတူလုပ်ဆောင်ကြမယ်။” တစ်ယောက်က တုံ့ပြန်လိုက်သည်။

ရီဖူရှင်းက ကောင်းကင်ထက်မှ ပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် မြင့်မြတ်သော ဧကရာဇ် ရောင်ဝါတို့က တောက်ပနေသည်။ သူက လက်လျှော့လိုက်သော်လည်း အပြည့်အဝ ဆန္ဒရှိနေပုံတော့ မရပေ။

သူ့အနီးမှ အရှင်ထိုက်ရွှမ်နှင့် အခြားသော တန်ခိုးရှင်များသည်လည်း လမ်းစဥ်စွမ်းအားများကို ထုတ်လွှတ်ထား၏။ ၎င်းက အလင်းမျက်နှာတစ်ခုအဖြစ် ဖြစ်ပေါ်လာပြီး အချို့သော တန်ခိုးရှင်များကို ညည်းညူသွားစေသည်။

နတ်ဘုရားပူဆွေးခြင်း အသံကို ကြားလိုက်ရပြီး ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်နှစ်ယောက်က ရွှေရောင်လှံများအား ကိုင်ဆောင်လိုက်ကြသည်။ နတ်အလင်းများက ကောင်းကင်မှ ကျဆင်းလာပြီး လှပသော ရောင်စဥ်များ ဖြာကျနေ၏။

ကောင်းကင်မျှော်စင်ကျောင်း၏ ခေါင်းဆောင်ရှေ့တွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် ပြိုင်ဘက်ကင်း ကောင်းကင်မျှော်စင် ထွက်ပေါ်လာသည်။

နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များသည်လည်း ကောင်းကင်မှ နေမင်းနတ်အလင်းများ တောက်ပနေသည့် နေမင်းနတ်ဓားကို ဆင့်ခေါ်လိုက်ကာ ဖျက်ဆီးခြင်းစွမ်းအားများကို ဖန်တီးလိုက်၏။

အားလုံးသော တန်ခိုးရှင်များကလည်း သူတို့၏ စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ရီဖူရှင်းရှိ​နေရာ၌ ကြောက်မက်ဖွယ် မွန်းကြပ်မှုများ ဖြစ်ပေါ်လာပြီး ထိုဖိနှိပ်မှုများကို ခံနိုင်ရည်ရှိရန် ခက်ခဲလှသည်။

ရီဖူရှင်း၏ ငွေဖြူရောင်ဆံပင်က လေထဲတွင် ကခုန်နေသည်။ သူက ကြောက်ရွံ့ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေ၏။ သူ၏ အေးစက်သော မျက်လုံးများက ရှေ့မှ လူများကို ကြည့်လိုက်ကာ စိတ်ထဲ၌ ထွင်းထုမှတ်သားထား​တော့သည်။

“ကျုပ်ကို ဆယ်နှစ်အချိန်ပေး။ ခင်ဗျားတို့အားလုံးကို သတ်ပြမယ်။” ရီဖူရှင်းက အေးစက်သော အသံနှင့် ပြောလိုက်သည်။

“ကံမကောင်းစွာနဲ့ မင်းမှာ အချိန်တစ်ရက်တောင် မရှိတော့ဘူး။” ကိုက်ထန်၏ လက်ထဲမှ ရွှေရောင်လှံက တုန်ခါနေသည်။ သူက ပြောလိုက်၏။ “သတ်ကြ။”

သူ၏ အသံထွက်ပေါ်လာသည့်အခါ ရွှေရောင်နတ်လှံက ကောင်းကင်ကို ထိုးဖောက်သွားပြီး ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။ တောက်ပသော ရွှေရောင်အလင်းတို့က မြင်လိုက်ရသူများ၏ မျက်လုံးများအား ပြာဝေသွားစေသည်။ ကောင်းကင်နှင့် မြေကြီးအကြား၌ ရွှေရောင်အကြွင်းအကျန်များ ကျန်ရစ်ခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ် မဟာလမ်းစဥ်အက်ကြောင်းများ ဖြစ်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်ခွဲကာ ရီဖူရှင်းအား သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်။

သူ လှုပ်ရှားလိုက်သော အခိုက်အတန့်၌ အခြားသော တန်ခိုးရှင်များကလည်း လှုပ်ရှားလိုက်သည်။ နေမင်းနတ်ဓားက အရာအားလုံးကို ဖျက်ဆီးကာ ကောင်းကင်အား ​ဖြတ်သန်းထိုးဖောက်လိုက်သည်။ ကောင်းကင်မျှော်စင်သည်လည်း ကောင်းကင်မှ ကျဆင်းလာကာ ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော တိုက်ခိုက်မှုများက အဆက်မပြတ်ကျဆင်းလာ၏။ ကောင်းကင်သည် ဖျက်ဆီးခံရခြင်းကြောင့် ပြိုကျမယောင် ဖြစ်လာသည်။ ဒုတိယအဆင့် နတ်ဝင်ရိုးနှင့် ရန်ဟောင်တစ်ယောက်အား သတ်ဖြတ်ရန် ဤသို့သော တိုက်ခိုက်မှု အများကြီး ထုတ်သုံးလာသည့်အတွက် သူက ကျိန်းသေ သေဆုံးရလိမ့်ပေတော့မည်။

“မဟုတ်ဘူး…..”

အဝေးမှနေ၍ ကောင်းကင်သို့ တစ်ဟုန်ထိုး လာနေကြသူများကြားမှ ရှားရှင်းယွန်သည် ထိတ်လန့်တကြားနှင့် အသံကုန်အော်ဟစ်လိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့သွားပြီး ရှည်လျားသော အနက်ရောင်ဆံပင်တို့က လေနှင့်အတူ ကြမ်းတမ်းစွာ ကခုန်နေခြင်းကြောင့် ရှုပ်ပွနေသည်။ သူမ၏ နှလုံးသားက သွေးစိမ်းရှင်ရှင်ယိုထွက်နေသကဲ့သို့ ခံစားရပေသည်။.

သူမ စိတ်ထဲတွင် ရီဖူရှင်းနှင့် မည်သို့ သိကျွမ်းခဲ့ကြောင်း မှတ်ဉာဏ်များကို ပြန်မြင်လာမိသည်။ အတိတ်က သူမတို့သည် မကြာခဏ ရန်ဖြစ်တတ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် အရှုံးမပေးကြပေ။ သူမက ရီဖူရှင်းကြောင့် အမြဲ ဒေါသထွက်ရသော်လည်း တဖြေးဖြေး ကျင့်သားရလာပေသည်။

ထို့ပြင် မည်သည့်အချိန်က စတင်ခဲ့သည်ကို မသိသော်လည်း သူက သူမ၏ နှလုံးသားထဲတွင် ခိုင်မြဲစွာ နေရာယူလာကာ ဖျောက်ဖျက်မရနိုင်သော တည်ရှိမှုမျိုး ဖြစ်လာခဲ့၏။ ထို့​ကြောင့် သူမသည် တိတ်ဆိတ်စွာပင် သူ့နောက်သို့ လိုက်ပါခဲ့သည်။ အင်ပါယာရှားဘုံမှ သွေးနဂါးဘုံနှင့်ယခု ဘုံကိုးဘုံအထိ သူသည် သေခြင်းရှင်ခြင်းကြားမှ စိန်ခေါ်မှုများစွာကို တွေ့ကြုံခဲ့ရပေသည်။

သို့သော် ယခုတွင် သူမ မြင်တွေ့လိုက်ရသည်မှာ ပြင်းထန်လှသော တိုက်ခိုက်မှုများက အဆက်မပြတ် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အက်ကြောင်းများကိုပင် ဖြစ်ပေါ်လာစေသည်။ ထိုထိပ်သီးပုဂ္ဂိုလ်များက မည်သူမှ နောက်မဆုတ်ကြဘဲ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြသည်။ သူတို့က ရီဖူရှင်းအား ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မပေးဘဲ အစွမ်းထက်ဆုံး တိုက်ခိုက်မှုတို့အား ထုတ်လွှတ်လိုက်ကာ သူ့အား တစ်ချက်တည်းနှင့် အပြတ်ရှင်းချင်နေကြပေသည်။

တန်ခိုးရှင်အားလုံး၏ တိုက်ခိုက်မှုများက အတူတကွ ပေါင်းစည်းကာ ဆင်းသက်လာပြီး လေဟာနယ်ကို ဖျက်ဆီးလိုက်ကာ အနက်ရောင် လေဟာနယ်အက်ကွဲကြောင်းများ ပေါ်ပေါက်လာစေသည်။ ၎င်းက အလွန် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလေသည်။

ဖျက်ဆီးခြင်း မုန်တိုင်း၏ အစအနများသည် ပတ်ဝန်းကျင်လေဟာနယ်ကို  ပျံ့နှံ့သွားကာ အရှင်ထိုက်ရွှမ်ကဲ့သို့ အနီးအနားရှိ လူများကို လွှမ်းခြုံသွားကာ သူတို့အား ထိန်းချုပ်၍ မရအောင် တုန်လှုပ်သွားစေသည်။ သူတို့၏ ဝတ်စုံများက ကောင်းကင်ကို ဖြတ်သန်းလာပြီး အရှေ့သို့ ဆက်လက်သွားနေသည့် ဖျက်ဆီးခြင်းအရှိန်အဝါများကြောင့် တလွင့်လွင့်ဖြစ်နေပေသည်။

“ဖူး…..” ပြင်းထန်လှသော စွမ်းအားများက သူတို့ပေါ်သို့ပါ သက်ရောက်လာသည့်အတွက် ရှားရှင်းယွန်နှင့် အခြားသူများက ညည်းညူလိုက်ပြီး မျက်နှာက ဖြူဖျော့သွားကာ ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်ရသည်။

သူမသည် အလွန်ဝေးကွာသော နေရာ၌ပင် ရှိနေသေးကာ ထိုစွမ်းအားများကလည်း အရှင်ထိုက်ရွှမ်နှင့် အခြားသူများ၏ ပိတ်ပင်ဟန့်တားမှုကြောင့် အားနည်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ပေါ်သို့ ကျရောက်လာသည့်အခါ သူတို့က ဒဏ်ရာရရှိသွားခဲ့သည်။ ထိုစွမ်းအားမုန်တိုင်းအလယ်တွင် ရှိနေသော ရီဖူရှင်း၏ ကံကြမ္မာက တွေးကြည့်၍ မရနိုင်အောင် ဖြစ်ပေသည်။

ဖျက်ဆီးခြင်းမုန်တိုင်းက လေဟာနယ်ထဲ၌ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်သည်။ နက်ရှိုင်းသည့် အက်ကွဲကြောင်းများက အနက်ရောင်လမ်းတစ်ခု ဖွင့်လှစ်ပေးသွားပုံရသည်။

သို့သော်လည်း ရီဖူရှင်းက ထိုနေရာ၌ မရှိ​တော့ပေ။

ကြည့်ရသည်မှာ အပြည့်အဝ ဖျက်ဆီးခံလိုက်ရပြီး ဝိညာဥ်ပင် ပျက်စီးကာ အပြီးတိုင် ပျောက်ကွယ်သွားပုံရလေသည်။

ကောင်းကင်အောက်ဘက်ရှိ ကောင်းကင်အာဏာစက်မြို့အတွင်းတွင် ကောင်းကင်ကို ဖြတ်သန်း၍ လေဟာနယ်ကို ထိုးဖောက်ကာ ကျဆင်းလာသော ဖျက်ဆီးခြင်းအလင်းများကို သူတို့ပင် မြင်တွေ့နိုင်ပေသ​ည်။ ထိုအချိန်၌ သူတို့သည် နိမိတ်တစ်ခုခုအား ခံစားနိုင်ကြပေသည်။

“မလုပ်နဲ့။” ဟွားဂျီယူက သူမ၏ ခေါင်းအား လက်နှစ်ဖက်နှင့် ကိုင်ကာ အော်ဟစ်လိုက်သည်။ သူမက အလွန် နာကျင်နေပုံရလေသည်။

သူမး တုံ့ပြန်မှုကို မြင်သည့်အခါ ဟွားဖန်းလူက သက်ပြင်းချလိုက်သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက် ပြန်လှည့်ထွက်၍ ဖြေးညင်းစွာ လျှောက်သွားတော့သည်။ ထိုအချိန်၌ သူသည် အနည်းငယ်ပို၍ နွမ်းနယ်နေပုံရကာ ပို၍ အိုစာသွားပုံပေါ်နေလေသည်

မည်မျှ မိုက်မဲလိုက်သနည်း။

“ငါ ဘာလို့များ ဒီလို ထောင်လွှားတဲ့ တပည့်မျိုး မွေးခဲ့မိပါလိမ့်။” ဟွားဖန်းလူက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများက အနည်းငယ် စိုစွတ်နေ၏။

ငြိမ်းချမ်းစွာ ကုန်ဆုံးခဲ့သော နေ့တစ်​နေ့ မဟုတ်ခဲ့ပါချေ။ သူက အရာအားလုံး အဆင်ပြေမှာပါဟု မပြောခဲ့ပေဘူးလား။

အဲဒါတွေ အားလုံးက အမှန်​ဖြစ်နိုင်ရဲ့လား။

***

Comment

Leave a Reply

Options

not work with dark mode
Reset