Switch Mode

အခန်း (၃)

မဟာတာအိုလမ်းကြောင်း

အခန်း (၃) မဟာတာအိုလမ်းကြောင်း

တောင်အနောက်ဘက်…

တောင်အနောက်ဘက်တွင် မှောင်မိုက်သည့်အငွေ့အသက်များ နေရာအနှံ့ထွက်ပေါ်လျှက် ရှိလေသည်။

ထိုအငွေ့အသက်များက အေးစိမ့်သည့် ခံစားချက်ကို ပေးစွမ်းသည်။ ထို့ပြင်… လူတစ်ယောက်၏စိတ်ထဲတွင် မကောင်းမှု အနှုတ်လက္ခဏာပြသည့် စိတ်ခံစားချက်များကို ဖြစ်ပေါ်လာစေသည်။

“ဒါကြောင့်ကိုး.. ၊ သူတို့ပြောတာ ဒီနေရာမှာ ဘယ်သူမှ ကြာကြာ မနေနိုင်ဘူးဆိုတာ… မအံ့သြတော့ပါဘူး… ၊ ဒီလိုနေရာမှာသာ ကျင့်ကြံမယ်ဆိုရင် ကျိန်းသေ ရူးသွပ်သွားမှာပဲ…”

ကျန်းလန် စိတ်ထဲမှ သူ့ထင်မြင်ချက်ကို တွေးလိုက်သည်။

သို့သော် ထိုမှောင်မိုက်သည့်အငွေ့အသက်များက ကျန်းလန်ကိုတော့ လုံး၀ ထိခိုက်စေခြင်း မရှိပေ။

ခွန်လွန်စိတ်ကျမ်းက အသက်ဓာတ်စွမ်းအားများကို စုပ်ယူကျင့်ကြံသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုအသက်ဓာတ်စွမ်အားများထဲတွင် မရဏအငွေ့အသက်များလည်း ပါဝင်သည်။

“ဝှစ်…”

ရုတ်တရက်… တောက်ပသည့် အလင်းရောင်တစ်ခုက ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

သူ့ခန္ဓာကိုယ်ပေါ်သို့ မရဏအငွေ့အသက်များ မသက်ရောက်စေရန် မော့ကျန်းသုန့်က ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနေရာမှာ မရဏအငွေ့အသက်တွေက အရမ်းထူထပ်လွန်းတယ် ၊ မင်း ကျင့်ကြံနိုင်မှာ မဟုတ်လောက်သေးဘူး ၊ ဒီအငွေ့အသက်တွေနဲ့ ထိတွေ့မိရင် မင်းရဲ့ခန္ဓာကိုယ် ဒုက္ခဖြစ်လိမ့်မယ်…”

မော့ကျန်းသုန့်က ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ…”

မရဏအငွေ့အသက်များက သူ့ကို လုံး၀ ထိခိုက်စေခြင်း မရှိသော်လည်း ကျန်းလန် ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။

မကြာမီ… ကြီးမားသည့် လိုဏ်ဂူကြီးတစ်ခုကို ကျန်းလန် မြင်တွေ့လိုက်ရလေသည်။ လိုဏ်ဂူတစ်ခုလုံးက အမှောင်ငွေ့များဖြင့် ဖုံးလွှမ်းနေသောကြောင့် မျက်လုံးဖြင့် ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခြင်း မရှိပေ။

မော့ကျန်းသုန့်က…

“လာ… လိုဏ်ဂူထဲ ဝင်ရအောင်…”

မော့ကျန်းသုန့်က ကျန်းလန်ကို လိုဏ်ဂူထဲ ခေါ်ဆောင်သွားလေသည်။

လိုဏ်ဂူထဲသို့ ဝင်ဝင်ချင်းမှာပင် စနစ်မှထွက်ပေါ်လာသည့်အသံကို ကျန်းလန် ရုတ်တရက် ကြားလိုက်ရသည်။

[ ဒင် ! ]

[ မဟာတာအိုလမ်းကြောင်းကို ရှာတွေ့ပါပြီ… စနစ်ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ အမြဲတမ်းထပ်ခါထပ်ခါ မှတ်ပုံတင်နိုင်ပါပြီ…]

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားပြီး…

“မဟာတာအိုလမ်းကြောင်းက ဒီနေရာမှာ ရှိတာလား…”

နောက်ဆုံးမတော့ ကျန်းလန် မဟာတာအိုလမ်းကြောင်းကို ရှာတွေ့သွားပြီ ဖြစ်သည်။ မဟာတာအိုလမ်းကြောင်းက တောင်အနောက်ဘက်တွင် တည်ရှိခြင်း ဖြစ်၏။

နဝမတောင်ထွတ်က သူ့အတွက်တော့ အလွန်မှ ကံကောင်းစေသည့် နေရာတစ်ခု ဖြစ်လေသည်။ ငရဲတံခါးတည်ရှိရာနေရာသည် မဟာတာအိုလမ်းကြောင်းနှင့် အလွန်နီးကပ်နေဟန် ရှိသည်။

မဟာတာအိုလမ်းကြောင်းများက အမှန်တကယ်ပင် ရှားပါးလွန်းလှသည်။ ခွန်လွန်တောင် တစ်ခုလုံးတွင်ပင် မဟာတာအိုလမ်းကြောင်းများ သိပ်ပြီး များများစားစား မရှိနိုင်ပေ။

ယခုတော့… ကျန်းလန်က မဟာတာအိုလမ်းကြောင်းတစ်ခုကို ရှားရှားပါးပါး ရှာဖွေတွေ့ရှိပြီဖြစ်ရာ သူ့ကို ကုတ်နှင့်ကော်ထုတ်လျှင်ပင် နဝမတောင်ထွတ်မှ ထွက်ခွာသွားတော့မည် မဟုတ်ပေ။

မော့ကျန်းသုန့် ခေါ်ဆောင်ရာနောက်လိုက်လာရင်း ကျန်းလန် လိုဏ်ဂူအတွင်းပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာသည်။

လိုဏ်ဂူအတွင်းပိုင်း တစ်နေရာတွင် အလွန်းကြီးမားသည့် တွင်းနက်ကြီးတစ်ခု ရှိနေကြောင်း ကျန်းလန် တွေ့မြင်လိုက်ရသည်။ မှောင်မိုက်သည့်မရဏအငွေ့အသက်များက ထိုတွင်းနက်ကြီးထဲမှ ထွက်ပေါ်နေခြင်း ဖြစ်၏။

“မင်းအနေနဲ့ ငရဲတံခါးကို တွေ့မြင်နိုင်မှာ မဟုတ်သေးဘူး ၊ ဒါပေမဲ့ အင်မော်တယ်ဖြစ်လာတဲ့တစ်နေ့မှာတော့ ငရဲတံခါးကို တွေ့မြင်နိုင်စွမ်း ရှိလာလိမ့်မယ် ၊ အဲဒီအချိန်ကျ ငရဲတံခါးက မင်းကို အများကြီး ကူညီပေးလိမ့်မယ် ၊ အခုတော့ ငရဲတံခါးကို တွေ့ရဖို့ မကြိုးစားနဲ့ဦး ၊ ဟုတ်ပြီလား…”

မော့ကျန်းသုန့်က တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

ကျန်းလန် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက်… မော့ကျန်းသုန့်က ကျန်းလန်၏ နဖူးကို လက်နှစ်ချောင်းဖြင့် အသာထိလိုက်လေသည်။

ချက်ချင်းပင်… များပြားလှစွာသော သတင်းအချက်အလက်များ ကျန်းလန်၏ စိတ်အာရုံထဲသို့ စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

သိပ်မကြာမီ… ထိုသတင်းအချက်အလက်များက မည်သည့်အရာများဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။ ထိုအရာများက ခွန်လွန်ချီစွမ်းအားတည်ဆောက်ခြင်းကျင့်စဉ်နှင့် စိတ်ငြိမ်မန္တန်ဖြစ်သည်။

ခွန်လွန်ချီစွမ်းအားတည်ဆောက်ခြင်းကျင့်စဉ်က ခွန်စိတ်ကျမ်းနှင့် ခပ်ဆင်ဆင်တူကြောင်း ကျန်းလန် ချက်ချင်း သတိပြုလိုက်မိသည်။

သို့သော်… ထိုကျင့်စဉ်က ခွန်လွန်စိတ်ကျမ်းထက် အနည်းငယ် နိမ့်ကျသည်။ ကြည့်ရသည်မှာ… ခွန်လွန်စိတ်ကျမ်းမှ ခွဲထွက်လာသည့် ကျင့်စဉ်တစ်ခု ဖြစ်ဟန်ရှိသည်။

စိတ်ငြိမ်မန္တန်ကတော့ စိတ်နှလုံးကိုတည်ငြိမ်စေပြီး စိတ်ကိုကြည်လင်စေသည့် မန္တန်တစ်ပုဒ် ဖြစ်သည်။ စိတ်စွမ်းအား ကောင်းမွန်လာစေရန် အလွန်အသုံးဝင်လေသည်။

“သာမန်တပည့်တွေကတာ့ ချီစွမ်းအားသန့်စင်တဲ့ ကျင့်စဉ်ကိုပဲ ကျင့်ကြံကြတယ် ၊ ဒါပေမဲ့ ကျုပ်ကတော့ ဆရာတစ်ယောက်အနေနဲ့ ခွန်လွန်ချီစွမ်းအားတည်ဆောက်ခြင်းကျင့်စဉ်ကို မင်းကို သင်ပြပေးမယ် ၊ ဒီကျင့်စဉ်က ရှေးဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ခွန်လွန်စိတ်ကျမ်းကနေ ပြန်လည်ပြုပြင်ရေးသားထားတဲ့ ကျင့်စဉ်တစ်ခုပဲ ၊ ဒါပေမဲ့… ကျုပ် မင်းကို ဒီကျင့်စဉ် သင်ပြပေးတာကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်…”

မော့ကျန်းသုန့်က ကျန်းလန် နဖူးကို ထိထားသည့် လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းရင်း ပြောလိုက်သည်။

ထို့နောက် မော့ကျန်းသုန့်က ဆက်ပြောသည်။

“စိတ်ငြိမ်မန္တန်ကတော့ မရဏအငွေ့အသက်တွေရဲ့ လွှမ်းမိုးမှုကို လျှော့ချပေးနိုင်တယ် ၊ မင်းသာ မရဏအငွေ့အသက်တွေကို ခံနိုင်ရည်ရှိမယ်ဆိုရင် မရဏဂူနဲ့ နီးနီးလေးမှာ နေလည်း လျှင်လျှင်မြန်မြန်ပဲ ကျင့်ကြံနိုင်ပါလိမ့််မယ် ၊ ဒါပေမဲ့… ဒီ မရဏဂူထဲမှာ ကျင့်ကြံမယ်ဆိုရင်တော့ …ကျုပ်ဆီမှာ မကြာခဏလာပြီး အစစ်ဆေးခံဖို့တော့ လိုလိမ့်မယ် ၊ ဒါမှ မင်းမှာ ကိုယ်တွင်းမိစ္ဆာထွက်ပေါ်လာရင် ချက်ချင်းသိနိုင်မှာလေ… ၊ စိတ်ရှည်ရှည်သာ ထားပါ ၊ တဖြည်းဖြည်းနဲ့ မရဏအငွေ့အသက်တွေ လွှမ်းမိုးခံရတာ လျော့နည်းသွားလိမ့်မယ်…”

ကျန်းလန်က ချက်ချင်းပင်…

“ဆရာသင်ပြပေးတာတွေကို တပည့် မှတ်သားထားပါ့မယ်…”

ဆရာဖြစ်သူက သူ့အပေါ် ကောင်းလွန်းသည်ဟု ကျန်းလန် တွေးလိုက်မိလေသည်။

ထို့ပြင်… မော့ကျန်းသုန့်ပြောသည့်စကားများထဲတွင် တောင်အနောက်ဘက်သို့ သူလာချင်သည့်အချိန်တိုင်း လာခွင့်ရှိသည်ဟု ဆိုလေရာ ကျန်းလန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသည်။

သူ့တွင် ကိုယ်တွင်းမိစ္ဆာ ထွက်ပေါ်မလာသရွေ့ အရာရာက အဆင်ပြေနေမည် ဖြစ်သည်။

ဤနေရာသို့ မကြာခဏလာရောက်ပြီး စနစ်တွင်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။ မဟာတာအိုလမ်းကြောင်းပေါ်တွင် မှတ်ပုံတင်ခြင်းက သူ့အတွက် ထူးခြားမှုများ ရှိလာနိုင်သည်။

မဟာတာအိုလမ်းကြောင်းပေါ်တွင် မှတ်ပုံတင်ရန်မှာ ကျန်းလန် အဓိက မျှော်လင့်နေသည့် အချက်ဖြစ်သည်။

သို့သော်… ကျန်းလန် အနည်းငယ်လည်း စိတ်ပူပန်နေမိသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေသောကြောင့် မဟာတာအိုလမ်းကြောင်းပေါ်တွင် မှတ်ပုံတင်ပါက ခံနိုင်ရည်မရှိဘဲ ကျရှုံးသွားမည်ကို စိတ်ပူနေမိသည်။

သို့သော် သူ ကြိုးစားကြည့်ရပေမည်။ ယနေ့ညပင် ချက်ချင်းကြိုးစားကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ဆရာဖြစ်သူနှင့်အတူ ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့လေသည်။

…………

ညအချိန်သို့ ရောက်လာပြီ ဖြစ်၏။

ခန်းမဆောင်အလယ်တွင် တစ်ယောက်တည်း ကျင့်ကြံနေသည့် ကျန်းလန်တစ်ယောက် မှေးမှိတ်ထားသည့်မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။

စိတ်ငြိမ်မန္တန်က ကျင့်ကြံခြင်းအတွက် အတော်လေး အထောက်အကူပြုလေသည်။ သိပ်ပြီး တန်ခိုးစွမ်းအား မမြင့်မားသော်လည်း စိတ်ကိုအလွန်တည်ငြိမ်စေသည်။

အနာဂတ်တွင် … သေချာပေါက် အောင်မြင်သည့်တစ်နေ့ကို ကျန်းလန် ရောက်ရှိလာဦးမည် ဖြစ်သည်။ ထိုသို့ အောင်မြင်လာသည့်တစ်နေ့တွင့် သူ့အတွက် လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိရန် လိုအပ်သည်။ မဟုတ်ပါက အန္တရယ်ကျရောက်နိုင်လေသည်။

ထို့ကြောင့် စိတ်ငြိမ်မန္တန်က ကျန်းလန်အတွက် အလွန်အသုံးဝင်သည်။

“မနက်မိုးလင်းတော့မှာပဲ… ၊ တောင် အနောက်ဘက်ကို သွားမှပဲ…”

တွေးပြီးသည်နှင့်… ကျန်းလန် တောင်အနောက်ဘက်သို့ ထွက်ခွာလာခဲ့သည်။

တောင်အနောက်ဘက်ရောက်သည်နှင့် အတားအဆီးတစ်ခု ရှိနေကြောင်း ကျန်းလန် ခံစားလိုက်ရသည်။ ထိုအတားအဆီးက သူ့ဆရာ ပြုလုပ်ထားသည့် အတားအဆီး ဖြစ်နိုင်သည်။

“ကြည့်ရတာ… နောက်ပိုင်း ကျင့်ကြံမယ်ဆိုရင် ငါ ပိုပြီး သတိထားရမယ်ထင်တယ်…”

ကျန်းလန် စိတ်ထဲမှ တွေးလိုက်သည်။

ကျန်းလန် တောင်အနောက်ဘက်သို့ ရောက်လာသည်နှင့် နဝမတောင်ထွတ်အစွန်းတွင် ရှိနေသည့် မော့ကျန်းသုန့်က ချက်ချင်းအာရုံခံမိလိုက်သည်။

“ပထမဆုံးနေ့မှာပဲ တောင်အနောက်ဘက်ကို ကျင့်ကြံဖို့ ရောက်လာပြီလား…”

“ဒါလည်းကောင်းတာပဲလေ… ၊ ဒီတပည့်က စမ်းပြီးကြိုးစားကြည့်ရဲတဲ့ သတ္တိရှိသားပဲ… ၊ ဒါပေမဲ့ …ငါ သူ့ကို နှစ်ရက်လောက်တော့စောင့်ကြည့်ဖို့ လိုသေးတယ်…”

ထို့နောက် မော့ကျန်းသုန့်က ကျန်းလန်ကို သိပ်ပြီး အရေးမလုပ်တော့ဘဲ မျက်လုံးများကို ပြန်လည်မှေးမှိတ်ကာ ကျင့်ကြံနေ၏။

မရဏဂူထဲမှ တွင်းနက်ကြီးအဝင်ဝတွင် မော့ကျန်းသုန့်က အတားအဆီး ပြုလုပု်ထားခြင်း ဖြစ်သည်။ ကျန်းလန် တွင်းနက်ကြီးအနားသို့ မကပ်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ဟန်တူ၏။

ထို့ကြောင့်… ကျန်းလန်လည်း တွင်းနက်ကြီးအနားသို့ မသွားတော့ဘဲ ဂူပေါက်၀ အနီးပတ်ဝန်းကျင်တွင်ပင် နေထိုင်ရန် ရွေးခြယ်လိုက်သည်။

ထိုအချိန်မှာပင်… စနစ်မှ အသံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

[ ဒင် ! ]

[မဟာတာအိုလမ်းကြောင်းကို ရှာတွေ့ပါပြီ… ၊ စနစ်ပိုင်ရှင်အနေနဲ့ ဒီနေရာမှာ အမြဲတမ်းထပ်ခါထပ်ခါ မှတ်ပုံတင်နိုင်ပါတယ်… ]

[ မှတ်ပုံတင်ချင်ပါသလား… ]

ဒီတစ်ကြိမ်တော့… မှတ်ပုံတင်ရန် မေးမြန်းခြင်း ခံရပြီ ဖြစ်သည်။

ကျန်းလန် တစ်ချက်စဉ်းစားလိုက်၏။

သူသာ စနစ်တွင် မှတ်ပုံတင်ခြင်း ကျရှုံးနိုင်ချေရှိမည်ဆိုလျှင် ယခုကဲ့သို့ မေးမြန်းခံရပါမည်လား။ ယခင်က ဤသို့သော အတွေ့အကြုံမျိုး မကြုံခဲ့ရဖူးသဖြင့် ကျန်းလန်လည်း မသိရှိပေ။

သို့သော်… အောင်မြင်မည်လား ၊ ကျရှုံးမည်လားဆိုသည်က စမ်းသပ်ကြည့်မှပင် သိပေလိမ့်မည်။

“စနစ်… ကျုပ် ဒီနေရာမှာ မှတ်ပုံတင်မယ်…”

ကျန်းလန် စိတ်ထဲမှ ပြောလိုက်၏။

သိပ်မကြာမီပင် စနစ်မှ ဆူညံသည့်အသံများ စတင်ထွက်ပေါ်လာသည်။ ကျန်းလန်လည်း အနည်းငယ် စိတ်ရှုတ်ထွေးသွားမိသည်။

မဟာတာအိုလမ်းကြောင်းပေါ်တွင် မှတ်ပုံတင်သည်မှာ ကျရှုံးသွားပြီလားဟု ကျန်းလန် တွေးလိုက်မိသည်။ ယနေ့ မှတ်ပုံတင်ခြင်း မအောင်မြင်လျှင်တော့ တစ်နေ့တာ အလကား ဖြစ်ရပေတော့မည်။

အောင်မြင်ခဲ့လျှင်တော့ အသစ်အဆန်း မည်သည့်အရာများ ရရှိမည်နည်းဟု သိချင်နေမိသည်။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်တဲ့ လက်ဆောင်ရရှိသောကြောင့် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ယခု ရရှိတာကတော့ ‘ မိုးနဲ့မြေကိုဖန်ဆင်းခြင်း’ ဆိုတဲ့ တာအိုကျမ်းစာ ဖြစ်ပါတယ်…]

[တာအိုကျမ်းစာ : ‘မိုးနဲ့မြေကိုဖန်ဆင်းခြင်း’  ထဲတွင် မိုးနဲ့မြေမှ ပြောင်းလဲခြင်းတရားများကို ဖော်ပြထားပါတယ် ၊  အဲဒီကျမ်းစာက သက်ရှိအားလုံးရဲ့ အချိန်နဲ့နေရာနဲ့ ပတ်သက်တဲ့ မဟာတာအိုရဲ့ ပြောင်းလဲခြင်းများကို ဖော်ပြထားပါတယ် ၊ အဲဒီကျမ်းစာက အလွန်အံ့သြစရာကောင်းပါတယ် ၊ စနစ်ပိုင်ရှင်အနေနဲ့ (၃)လကြာ လေ့လာခွင့် ရပါမယ်… ]

“တာအိုကျမ်းစာ… တဲ့…”

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

“အဲဒါကို ကျင့်ကြံရင် ဘယ်လို အစွမ်းတွေ ရလာမှာလဲ…”

ကျမ်းစာမိတ်ဆက်ကတော့ အတော်လေး အံ့သြစရာကောင်းလေသည်။ သို့သော်… ကျန်းလန်ကတော့ သိပ်ပြီးနားမလည်သေးပေ။

“ကြိုးစားကြည့်တာပေါ့လေ…”

တာအိုကျမ်းစာကို စတင်ကျင့်ကြံရန်အတွက် ကျန်းလန် မရဏဂူအတွင်းပိုင်းသို့ ဝင်လာခဲ့သည်။

သူ့စိတ်အာရုံထဲတွင် တာအိုကျမ်းစာက အလင်းရောင်များတောက်ပနေပြီး လျှို့ဝှက်နက်နဲလွန်းသည့် အသွင်ဆောင်နေသည်။

ကျန်းလန်၏ အတွေးများ လှည့်ပတ်သွားသည်နှင့် တာအိုကျမ်းစာကလည်း ပိုမိုတောက်ပလာသည်။ ထို့နောက် အလင်းရောင်များက ကျန်းလန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံဖုံးအုပ်သွားလေသည်။

သိပ်မကြာမီပင်…  ကောင်းကင်အမြင့်တစ်နေရာတွင် ထိုင်နေသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။

ထို့နောက်… ကျန်းလန်၏ စိတ်အာရုံထဲတွင် သက်ရှိအားလုံး၏ သဘောသဘာဝနှင့် မိုးနှင့်မြေ၏ ပြောင်းလဲမှု ဖြစ်စဉ်များအားလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရသည်။

မြင်ကွင်းက ကျန်းလန်ကို တုန်လှုပ်သွားစေလေသည်။

သုံးလောက၏ ဆင့်ကဲပြောင်းလဲမှုများကို ကျန်းလန် တွေ့မြင်နေရခြင်းဖြစ်သည်။

မိုးနှင့်မြေတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လေတိုင်း မိုးနှင့်မြေမှ ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအားများက ကျန်းလန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လာရောက်စုဝေးကြသည်။

ကျန်းလန်က ဝဲကန်တော့တစ်ခု၏ အလယ်ဗဟိုချက်အလား ဝိညာဉ်စွမ်းအားမှန်သမျှကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေလေသည်။

သူ၏အသက်ရှူသံက မိုးနှင့်မြေနှင့်အတူ ဟန်ချက်ညီကာ တစ်သားတည်းကျလျှက် ရှိသည်။

လောကတစ်ခုလုံး နေ့နှင့်ည အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး သက်ရှိများ၏ သံသရာလည်ခြင်းက လှည့်ပတ်နေသကဲ့သို့ ဖြစ်သည်။

ဤသည်က “မိုးနှင့်မြေကိုဖန်ဆင်းခြင်း” ဆိုသည့် တာအိုကျမ်းစာ၏ တန်ခိုးစွမ်းအားပင်ဖြစ်၏။ ထိုအခြေအနေဖြင့် ကျန်းလန် ကျင့်ကြံနေခဲ့လေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ…။

ကျန်းလန်၏ စိတ်ထဲတွင် စွမ်းအားများ ပြည့်ဝလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

ထိုအခါ… သူ မရဏဂူထဲတွင် ထိုင်နေဆဲ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

သို့သော်… သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကိုတော့ သိသိသာသာ ခံစားနေရသည်။ သူ၏ သွေးကြောများထဲတွင် ကြီးမားသည့်တန်ခိုးစွမ်းအားလှိုင်းလုံးတစ်ခု လှည့်ပတ်စီးဆင်းလျှက် ရှိသည်။

ကျင့်ကြံခြင်းတွင် ကြီးမားသည့်ပြောင်းလဲမှုကြီးတစ်ခုကို ခံစားလိုက်ရသောကြောင့် ကျန်လန် အံ့သြတုန်လှုပ်သွားရလေတော့သည်။

Comment

  1. gleepunk says:

    စိတ်ဝင်စားစရာပဲ

Leave a Reply

Options

not work with dark mode
Reset