အပိုင်း(၁၈၅၂)

လိုက်ပါပို့ဆောင်ခြင်း

ယခုတွင် ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရှိနေသည်။ သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ပုံမှန်အချိန်များတွင် မြင်တွေ့ရန်ခက်ခဲသော ပုဂ္ဂိုလ်ကြီးများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အရပ်မျက်နှာအသီးသီးမှ ဆင်းသက်လာကာ သူ့ကို သတ်ဖြတ်ရန် ရောက်ရှိလာသည်။

ဤတစ်ကြိမ်တွင် ဘုံကိုးဘုံမှ အင်အားစုအမျိုးမျိုးက သူ့အား အမှန်တကယ်ပင် လေးစားကြောင်း ပြသခဲ့ကာ သူ့အသက်ကို နှုတ်ယူရန် တန်ခိုးရှင်အမြောက်အမြား စုဝေးလာပေသည်။

ရှန်ကလန်၊ ရွှေရောင်နတ်ပြည်ထောင်၊

ကောင်းကင်မျှော်စင်ကျောင်းခေါင်းဆောင် အစရှိသည်တို့မှ ထိပ်သီးပုဂ္ဂိုလ်ကြီးများ ရောက်ရှိလာကြသည်။ ပုံမှန်နေ့ရက်များတွင် ထိုသူတို့အား ဖျတ်ခနဲ မြင်နိုင်ရန်ပင် ခက်ခဲလှသည်။ ယနေ့တွင် သူတို့အားလုံးက သူ့ကြောင့် စုစည်းလာကြပေသည်။ ရီဖူရှင်းသည် ထိုအဖြစ်ကြောင့် ဂုဏ်ယူသင့်လား ဝမ်းနည်းသင့်လား ဝေခွဲမရတော့ပေ။

အခြေအနေများက ထိုသို့ ဖြစ်လာရာ ရပ်တန့်ရန် မဖြစ်နိုင်တော့ချေ။

သူက ‘ကျိန်းသေ သေ’ ရမည် ဖြစ်သည်။

ထိုသို့သော အင်အားမျိုးနှင့် မဟာလမ်းစဉ် ဘုံသုံးထောင်တွင် မည်သူမှ သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် မှော်နက်စစ်တပ်နှင့် လေဟာနယ်ဘုံသည်လည်း သူ့ကို မျက်စိကျနေသေး၏။ ထိုသည်ကို ရီဖူရှင်းက ရှင်းလင်းစွာ သိရှိထားသည်။

သူသည် လက်ရှိတွင် မဟာလမ်းစဉ် ဘုံသုံးထောင်၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ကြောင်း ကျော်ကြားနေပေသည်။ သို့သော်လည်း မဟာလမ်းစဉ်ဘုံသုံးထောင်က သူ့ကို နောက်ထပ် မကြိုဆိုတော့ပေ။

သူသည် ပြီးခဲ့သည့်လတစ်လလုံးကို အမျိုးမျိုးသော ကိစ္စရပ်များကို စီစဉ်ရန် အသုံးပြုခဲ့သည်။  သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကြီးမားလှသော ကျင့်ကြံရေးဝင်္ကပါ တစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်။ သူ ထွက်သွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဓိကကျောရိုးဖြစ်သော တန်ခိုးရှင်များက ၎င်းကို အသုံးပြုကာ ကျင့်ကြံနိုင်ကြပေမည်။ ဤနည်းလမ်းနှင့် သူတို့သည် သူ မရှိတော့သည့်အခါ ဖြစ်လာမည့် အားနည်းချက်တို့ကို ပြင်ဆင်နိုင်လိမ့်မည်။

ရီဖူရှင်း၏ နောက်တွင် ပုံရိပ်အများအပြား ရပ်နေကြသည်။ သူတို့တစ်ယောက်ချင်းစီက ဘုံကိုးဘုံ၏ အဓိကပုဂ္ဂိုလ်များ ဖြစ်ဟန်တူသည်။ သူတို့ထဲမှ အားအနည်းဆုံးကပင် နဝမဆင့် ရန်ဟောင် ဖြစ်သည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ အင်အားစုများ၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ အဋ္ဌမဆင့် ရန်ဟောင်များကို ဤတိုက်ပွဲတွင် ပါဝင်ခွင့်မပြုထားပေ။ သူတို့၏ ပါဝင်မှုက အချည်းနှီး ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပေသည်။

ဤသို့သော တိုက်ပွဲမျိုးတွင် အဋ္ဌမဆင့်ရန်ဟောင်များက တိုက်ပွဲအခြေအနေအား အဆုံးအဖြတ်ပြုရာ၌ အသုံးမဝင်သောကြောင့် ဖြစ်ပေသည်။

ထို့ပြင် ဤသည်မှာ သူတို့ရှုံးမှာ သေချာနေသော တိုက်ပွဲဖြစ်လေသည်။

သူတို့သည် နှစ်ဖက်လုံးမှ အင်အားကွာဟချက်ကို ရှင်းလင်းစွာ သိရှိထားကြသည်။ သူတို့တွင် ကံကောင်းခြင်းတစ်စုံတစ်ရာ မရှိနိုင်ပေ။

ရီဖူရှင်း၏ ဘေးတွင် အရှင်ထိုက်ရွှမ်၊ နတ်နန်းတော်သခင်၊ အင်ပါယာနန်၊ ရှောင်တိန့်ထျန်း၊ သောမျိုးနွယ်စုခေါင်းဆောင်၊ ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးအရှင် နဂါးဘုရင် အစရှိသည့် ထိပ်သီးတန်ခိုးရှင်များများ ပါဝင်သည်။ သူတို့အားလုံးက ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့က ဤအန္တရာယ်များသော တိုက်ခိုက်မှုတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့သည် အနာဂတ်က မည်သည်နှင့် တူမည်ကို မသိရှိကြပေ။ အဆိုးဆုံး အခြေအနေတွင် ဤတစ်ကြိမ်တိုက်ပွဲက သူတို့၏ နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်သည်။

သူတို့သည် ဒုတိယအဆင့် ဂျူနီယာတစ်ယောက်အတွက် တိုက်ပွဲကို ဆင်နွှဲခဲ့ကြသည်။ ရီဖူရှင်းသည် မူလဘုံ၏ အနာဂတ်ကို အကျိုးရှိစေလိမ့်မည်ဟု သူတို့အားလုံး သတိပြုမိကြသော်လည်း ကံမကောင်းစွာဖြင့် မူလဘုံမွ တန်ခိုးရှင်များက ဤသို့သော သူမျိုး ဘုံထိပ်ဆုံးသို့ ရောက်ရှိသွားသည်အား မမြင်တွေ့လိုကြပေ။ သူ အပြည့်အဝ မတိုးတက်သေးခင်မှာပင် သူတို့က သူ့အား ရှင်းလင်းသုတ်သင်လိုကြသည်။

“သူတို့အားလုံးရောက်နေပြီ။” အရှင်ထိုက်ရွှမ်က အဝေးမှ ကောင်းကင်သို့ ကြည့်လိုက်ရင်း ရေရွတ်လိုက်သည်။ သူတို့ထဲမှ မည်သူမှ လျော့ကျန်နေခြင်း မရှိပေ။ သူတို့အားလုံးက သည်နေရာသို့ လာရောက်ရန် ဆုံးဖြတ်ခဲ့ကြပေသည်။

အရှင်ထိုက်ရွှမ်နှင့် အခြားသူများက ပါဝင်မည်ဟု ဆုံးဖြတ်လိုက်သည့်အတွက် သူတို့သည်လည်း အင်အားကို အနည်းငယ်မှပင် ထိမ်ချန်ထားမည် မဟုတ်ပေ။

သည်တိုက်ပွဲတွင် ရီဖူရှင်းက သေချာပေါက် သေဆုံးရပေလိမ့်မည်။

ဤသို့သော သတ်ဖြတ်လိုသည့် အခြေအနေမျိုးအောက်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တပည့်များက အလွန် မကျေမနပ် ဖြစ်လျက်ရှိသည်။ သို့ပါသော်လည်း သူတို့ လုပ်ဆောင်နိုင်သည့်အရာ မည်သည်မှ မရှိပါချေ။

ရီဖူရှင်း၏ ပုံရိပ်က ကောင်းကင်သို့ တက်သွားခဲ့သည်။ သူ့ဘေးမှ တန်ခိုးရှင်များသည်လည်း နောက်မှ လိုက်ပါလာသည်။ ရီဖူရှင်းသည် ကောင်းကင်မှ တန်ခိုးရှင်များကို ကြည့်လိုက်ပြီးနောက် သူက ရုတ်တရက် ကျယ်လောင်စွာ ထရယ်လိုက်သည်။ သူသည် မူလက ဖြူစင်ကာ ချောမောဟန်ရသော်လည်း ယခုတွင် ရက်စက်မည့်ဟန် အပြုံးတို့ကို ဖော်ပြလာသည်။ ဤသည်မှာ တန်ခိုးရှင်အများအပြားကို မျက်မှောင်ကြုတ်သွားစေသည်။

“ခင်ဗျားတို့အားလုံး ကျုပ် ရီဖူရှင်းအပေါ် ဒီလောက်တောင် မြင့်မြင့်တွေးထားကြတာပဲ။ ကျုပ်ကို သတ်ဖို့အတွက်နဲ့ ဒီလိုအင်အားမျိုးတောင် စုစည်းလာကြတယ်။ ကျုပ် အသက်ရှင်ကျန်ရစ်သွားမှာ အတော်ကို ကြောက်ကြတာပဲ။” ရီဖူရှင်းက ပြောလိုက်သည်။ သူ၏ အသံက အလွန်တည်ငြိမ်နေပြီး စိတ်ဓာတ်ကျကြောက်ရွံ့နေသည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။ သူက သာမန် ရာသီဥတုအခြေအနေအကြောင်း ပြောနေသကဲ့သို့ သက်သောင့်သက်သာ ရှိလှသည်။

“မင်း ဒီကနေ အသက်ရှင်လျက် ထွက်သွားလို့ မရေစရဘူး။” ကိုက်ထန်က ပြောလိုက်သည်။ သူ၏ ဂျူနီယာအများအပြားက ရီဖူရှင်း လက်ထဲတွင် သေကြေခဲ့ကြရသည်။ သူသည် အစက ရီဖူရှင်းအား အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သူ လုံးဝမထင်ခဲ့သည်မှာ ရီဖူရှင်းအား သတ်ဖြတ်ရန် ယနေ့ကဲ့သို့ အစွမ်းထက်လှသော အင်အားမျိုး အမှန်တကယ် လိုအပ်လာလိမ့်မည်ကို ဖြစ်သည်။

သို့သော်လည်း ယခုအချိန်မှာတော့ ရီဖူရှင်း၌ ပြေးစရာမြေမရှိတော့သည်မှာ အသေအချာပင် ဖြစ်၏။

“ကျုပ်လို အဆင့်နိမ့်ရန်ဟောင်တစ်ယောက်ကို သတ်ဖို့ ဒီလောက်ထိ တန်ခိုးရှင် အများကြီးကို ဆွဲဆောင်နိုင်တာဆိုတော့ ကျုပ်ရဲ့ ဘဝကို အချည်းနှီးမနေခဲ့ဘူးလို့ ထင်မိတာပဲ။” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားတို့အားလုံး မျှော်လင့်သလို ဒီနေ့ ကျုပ်ကို သတ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မဟုတ်လို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျုပ် မသေခဲ့ရင် ခင်ဗျားတို့အားလုံး ကောင်းကောင်းအိပ် ကောင်းကောင်းစားနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး။”

လူအုပ်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အခွင့်အရေးရရင်တဲ့လား။

မည်သည့်နေရာမှ ထိုအခွင့်အရေးမျိုး ထွက်ပေါ်လာလိမ့်မည်နည်း။

ရီဖူရှင်းက သေကို သေရမည် ဖြစ်သည်။ သူတို့သည် ရီဖူရှင်း လွတ်မြောက်သွားနိုင်သော မည်သည့် ဖြစ်နိုင်ချေကိုမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“ဒီနေ့ ကျုပ်တို့က မူလဘုံတုန်းက အကြွေးကို စာရင်းရှင်းဖို့ ရောက်လာခဲ့တာ။ ကောင်းကင်အာဏာစက်ကျောင်းတော်က တန်ခိုးရှင်တွေ အချည်းနှီးပါဝင်မသွားရအောင်လို့ ရီဖူရှင်းအနေနဲ့ တိုက်ပွဲနေရာကို ရွေးချယ်နိုင်တယ်။” ထျန်ရှင်းကျောင်းအုပ် ကျန့်အော့က ပြောလိုက်သည်။ သူသည် မူလဘုံ၏ အင်အားစုများအကြားမှ ပဋိပက္ခများကို ဖြေဖျောက်ရန်နှင့် တရားမျှတမှုအား ပြသရန် ရီဖူရှင်းအား သတ်ဖြတ်ရသည်ဟု တွေးထင်နေပုံရလေသည်။

မူလဘုံတွင် ဖြစ်ပွားသော ပြဿနာများက ရီဖူရှင်းကြောင့်သာ အစပျိုးခဲ့ခြင်း ဖြစ်သည်။

ရီဖူရှင်းက ကျန့်အော့ကို လှမ်းကြည့်လိုက်သည်။ ထျန်းရှင်းကျောင်းအုပ်က အမှန်ပင် သူတော်ကောင်းယောင်ဆောင်နေသည်။

ယနေ့အထိ ရီဖူရှင်းသည် ထျန်ရှင်းကျောင်းအုပ်က သူ့အား မည်သည့်အတွက် သေစေချင်သည်ကို နားမလည်နိုင်ပေ။

ကျန့်အော့သည် နောက်ဆုံးတစ်ခေါက်က သူ့အား သေစေရန် ပစ်ထားခဲ့ပါလျှင် ရီဖူရှင်းက ယခုဖြစ်ပျက်သည့် အရာအားလုံးကို နားလည်ပေးနိုင်သေးသည်။ သို့သော်လည်း ကျန့်အော့က ထိုသို့ မလုပ်ခဲ့ပါဘဲနှင့် ယခု သူ့အား သတ်ဖြတ်လိုနေသည်။

ကျန့်အော့က ဤသို့သော ဆန္ဒကို အခြားသူများကဲ့သို့ ပွင့်လင်းစွာ မည်သည့်အခါမှ ဖော်ပြလိမ့်မည် မဟုတ်ပေ။ သူသည် အမြဲလိုလို ဖုံးကွယ်ထားတတ်သည်။ သူတို့ကြား၌ မည်သည့် ရန်ငြိုးရန်စများလည်း ရှိမနေပေ။ ထို့ကြောင့် ဤအချက်များကို ကြည့်လျှင် လူတိုင်းက အလွယ်တကူ ပြောနိုင်သည်မှာ ကျန့်အော့က ရီဖူရှင်းအား သေစေလိုသည့် ဆန္ဒဖြစ်လာရန် အကြောင်းပြချက်မရှိဟူ၍ ဖြစ်လေသည်။

“ကောင်းကင်မှာပဲ တိုက်ကြရအောင်။” ရီဖူရှင်းက အကြံပြုလိုက်သည်။

ဤတိုက်ပွဲတွင် ပါဝင်သည့်သူများသာ အချင်းချင်း တိုက်ခိုက်ကြခြင်း ဖြစ်ပေသည်။ တိုက်ပွဲတွင် ဝင်မပါသည့်သူများအား ပါဝင်ပတ်သတ်စေခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ခွင့်ပြုချက်မရှိသည့် မည်သူမဆို ဤတိုက်ပွဲတွင် ပါဝင်စွက်ဖက်နိုင်လိမ့်မည် မဟုတ်ပါချေ။ မူလဘုံ၏ အေးချမ်းမှုကို ကာကွယ်ရန် မင်းသမီးဒွန်ဟောင်က စည်းမျဥ်းအချို့ ချမှတ်ခဲ့သည်။ မည်သူကမှ ထိုစည်းမျဥ်းများကို အလွယ်တကူ မချိုးဖောက်နိုင်ပေ။

အင်အားစုများ အားလုံးက စိတ်ထဲမထားကြပေ။ ယနေ့ သူတို့ လာခဲ့သည်မှာ အဓိကအားဖြင့် ရီဖူရှင်းကို သတ်ဖြတ်ရန် ဖြစ်သည်။ အခြားပါဝင်လာသော သူများအနေနှင့် သူတို့က သတ်နိုင်လျှင် သတ်လိုက်မည် ဖြစ်ကာ မသတ်နိုင်လျှင်လည်း ပြဿနာမရှိပေ။

ဤတိုက်ပွဲတွင် သူတို့က ရက်စက်ရန် ဝန်လေးနေမည် ​မဟုတ်ပေ။ လူများများ ပိုသတ်ဖြတ်လေ အနာဂတ်ပြဿနာ အေးချမ်းလေ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်ထက်မှ နောက်ထပ် နတ်အလင်းများ တောက်ပဖြာကျလာသည်။ လေဟာနယ်က ကွဲထွက်သွားသည်ဟု ထင်ရကာ တောက်ပသည့် အလင်းတန်းတို့က မိုးရွာသလို ကျဆင်းလာ၏။ လူအများက မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်တွင် အဖွဲ့တစ်ဖွဲ့၏ ပုံသဏ္ဌာန်များကို မြင်လိုက်ရသည်။

အလင်းတန်းများ အတောက်ပဆုံးနေရာတွင် တည်ငြိမ်၍ မှင်တက်စရာကောင်းလှသည့် ပုံသဏ္ဌာန်တစ်ခုကို မြင်လိုက်ကြရသည်။ သူသည် သေမျိုးနယ်ပယ်မှ လူသားတစ်ဦးမဟုတ်ဘဲ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။ ကောင်းကင်အာဏာစက်ဘုံမှ လူအများသည် သူမကို မြင်လိုက်သည်နှင့် သူမက မည်သူ​ဖြစ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။

မင်းသမီး ဒွန်ဟောင်သာလျှင် ထိုသို့သော ကျက်သရေနှင့် အရည်အချင်းမျိုး ရှိလေသည်။ လူအများက သူတို့၏ နှလုံးသားများ တုန်လှုပ်နေသည်ကို ခံစားလိုက်ကြရသည်။ ဤသည်မှာ သူတို့အတွက် ကောင်းကင်ဒေသ အုပ်ချုပ်သူ အရှင်ဒွန်ဟောင်၏ သမီးတော်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

ဤတိုက်ပွဲအတွက် မင်းသမီးဒွန်ဟောင်က လူကိုယ်တိုင် လာရောက်ခဲ့သည်။

“အရှင်မင်းသမီး” လေထဲမှ တန်ခိုးရှင်များက ထွက်ပေါ်လာသော သူမအား အရိုအသေပြုလိုက်ကြသည်။ ရီဖူရှင်းသည်လည်း ထိုနေရာသို့ ကြည့်နေခဲ့သည်။ ယနေ့ထိ ရီဖူရှင်းသည် အရှင်ဒွန်ဟောင် သမီးတော်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သေးပေ။ သူသည် သူမ မည်သည်တို့အား တွေးနေသည်ကို မသိရှိနိုင်ပေ။

“ရီဖူရှင်းက မင်းသမီးကို ကြိုဆိုပါတယ်။” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။ “ဒီနေ့ တိုက်ပွဲမှာ ကျုပ် ရီဖူရှင်းက မင်းသမီးကို တောင်းဆိုစရာလေး ရှိပါတယ်။”

“ဘယ်လို တောင်းဆိုချက်မျိုးလဲ။” မင်းသမီး ဒွန်ဟောင်က မေးလိုက်သည်။

“မူလဘုံတိုက်ပွဲအတွင်း ကျုပ်ဘက်က ဘာစွမ်းအားမှ ဖုံးကွယ်ထားတာမျိူး မရှိသလို မူလဘုံကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။” ရီဖူရှင်းက ပြောခဲ့သည်။ “ကျုပ်က ဒီဂုဏ်ကို တစ်ယောက်တည်း မခံယူဝံ့ပါဘူး။ ဒါပေမယ့် ဒီအင်အားစုတွေက တိုက်ပွဲမှာ ကျုပ်က အင်အားအကုန် ထုတ်သုံးပြီး မတိုက်ခဲ့လို့ သူတို့ရဲ့ အဖွဲ့သားတွေ ကျဆုံးရတယ်ဆိုပြီး ကျုပ်ကို သတ်ချင်နေကြတယ်။ မူလဘုံရဲ့ အင်အားစုတွေက ဒီလောက်တောင် မှန်ကန်ပြီးစည်းလုံးကြတယ်ဆိုတော့ ကျုပ် သေသွားခဲ့ပြီးရင် မူလဘုံမှာ ​အေးချမ်းငြိမ်သက်မှု အမှန်တကယ် ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ အင်အားစုတွေက ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်အာဏာစက်ကျောင်းတော်နဲ့ မဟာမိတ်တွေကို မဖိနှိပ်ဘူးလို့လည်း မျှော်လင့်မိပါတယ်။ နောက်ထပ် မျှော်လင့်မိတာက ကောင်းကင်အာဏာစက်ဘုံမှာ ပဋိပက္ခတွေ ဆက်ရှိမနေတော့ဖို့ပါပဲ။”

သူက အစွမ်းကုန် မတိုက်ခဲ့ဘူးဟူသည့် အ​ကြောင်းပြချက်ဖြင့် အခြားအင်အားစုများက သူ့အား ဖိနှိပ်သတ်ဖြတ်လိုကြသည်။ သို့ဆိုလျှင် သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်တို့အား ဖြိုခွင်းရန် မည်သည့် အကြောင်းပြချက်ကို အသုံးပြုမိနည်း။

“ရှင့်ရဲ့ သေဆုံးခြင်းက ဒီစစ်ပွဲ အဆုံးသတ် ဖြစ်စေရမယ်လို့ ကတိပေးတယ်။” မင်းသမီးဒွန်ဟောင်က ကတိပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး။” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်လိုက်သည်။ ထို့နောက် သူက အခြားသူများကို ကြည့်ကာ ပြောလိုက်၏။  “ခင်ဗျားတို့က တရားမျှတမှုအမည်ခံပြီး ကျုပ်ကို သတ်ဖို့လာကြမှတော့ နောက်ပိုင်းမှာလည်း စည်းမျဥ်းတွေကို မချိုးဖျက်ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ နောက်အနာဂတ်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဆန့်ကျင်ခဲ့ရင် ခင်ဗျားတို့အားလုံးက ကိုယ်ရေးကိုယ်တာရန်ငြိုးအတွက် မင်းသမီးကို လှည့်ဖြားပြီး ကျုပ်ကို သတ်ဖြတ်ခဲ့တာလို့ သတ်မှတ်ရလိမ့်မယ်။”

အခြားသော အင်အားစုများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ရီဖူရှင်းက အကြင်နာကင်းမဲ့လှသည်။ သူက မသေခင်မှာပင် သူတို့အား ကန့်သတ်ချုပ်ချယ်သွားချင်နေသည်။ သူက သူ၏ ကံကြမ္မာကို ကိုယ်တိုင် သတ်မှတ်ရန် ကြိုးစားနေသည်လား။

သူက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မဟာမိတ်များအတွက် နောက်ဆုံးအနေနှင့် တစ်ခုခု လုပ်ပေးခဲ့ရန် ကြိုးစားနေသည်လား။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက ရီဖူရှင်းကို မော့ကြည့်လိုက်သည်။ ရီဖူရှင်းက ယခု အ​ခြေအနေထိတိုင် သူတို့အား စောင့်ရှောက်ပေးရန် တွေးနေခဲ့သည်လား။

သူတို့က ဝမ်းနည်းမှုအား ခံစားလိုက်ကြရသည်။ သူတို့သည် မင်းသမီးဒွန်ဟောင်ကို ကြည့်ခဲ့သော လေးစားမှုတို့ထက် ပိုသော လေးစားမှုတို့နှင့် ရီဖူရှင်းအား ကြည့်လိုက်ကြသည်။

သူတို့က သူမအပေါ် အနည်းငယ် မကျေနပ်မှုလေးများပင် အစပျိုးသွားသည်ဟု ထင်မှတ်ရပေသည်။

အရှင်ဒွန်ဟောင်၏ သမီးတော်တစ်ပါးအနေနှင့် မင်းသမီးဒွန်ဟောင်သည် ဤတိုက်ပွဲကို တားဆီးရန် အရည်အချင်းရှိသည်။ သို့သော်လည်း သူမက ထိုသို့မလုပ်ခဲ့ပေ။ သူမက ရီဖူရှင်းအား ​ဆုလာဘ်များ ပေးခဲ့သော်လည်း ထိုသည်က မည်သည့် အဓိပ္ပါယ်ရှိပါမည်နည်း။ ကြည့်ရသည်မှာ အားလုံးက အလဟဿ ဖြစ်သွားပုံရလေသည်။ သူမက ထိုတိုက်ပွဲကို မရပ်တန့်ရုံမျှမက တိုက်ပွဲအား တိတ်ဆိတ်စွာ စောင့်ကြည့်ချင်နေပုံပင် ရသေး၏။

မူလဘုံ၏ စစ်ပွဲအတွင်းတွင် အားလုံး၏ ကံကြမ္မာအား ပြောင်းလဲပေးခဲ့သည့် သူရဲကောင်းတစ်ယောက်က ဤသို့ စွန့်ပစ်ခံလိုက်ရသည်။ ထို့​ကြောင့် လူအများက သူမအပေါ် မကျေမနပ် ဖြစ်လာခဲ့သည်။

အဝေးမှ စားသောက်ဆိုင်အတွင်း မေ့ထန်သည် ကောင်းကင်အာဏာစက်ကျောင်းတော်အထက်သို့ မော့ကြည့်နေခဲ့သည်။ သူက မင်းသမီးကို ကြည့်လိုက်၏။ သူမသည် အရှေ့ဘက် ကောင်းကင်ဒေသတွင် လူအများ၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသူဖြစ်ကာ အရှင်ဒွန်ဟောင်ကလည်း သူမအား အလွန် တန်ဖိုးထား အလိုလိုက်ပေသည်။

သူမသာ ဤလူငယ်လေးက အင်ပါယာရီချင်နှင့် ပတ်သတ်နေမှန်းသိပါက သူမက သူ့ကို ကိုယ်တိုင် သတ်ဖြတ်လိမ့်မည်လား။

မဟုတ်လျှင် သူမက ထိုအကြောင်းကို အစောကြီးကတည်းက သိရှိထားပြီး သူ့ကို သတ်ရန် အခြားသူများကို အသုံးပြုခဲ့သည်လား။

သို့သော်လည်း ထိုသည်က အရေးမကြီးပေ။ မေ့ထန်သည် အရက်ဆက်သောက်နေပြီး ဖြစ်ပျက်လာမည်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

ယနေ့တွင် သူက ပွဲကြည့်ပရိတ်သတ်သက်သက်သာ ဖြစ်၏။

ထို့နောက် ချက်ချင်းပင် ရီဖူရှင်း၏ အဖွဲ့က ရှေ့ကိူ ဆက်လက်ချီတက်ကာ ကောင်းကင်သို့ ဦးတည်သွားသည်။ ဘေးနားမှ တန်ခိုးရှငိများကလည်း ပျော်ပျော်ကြီး သူတို့နှင့် ပူးပေါင်းလာသည်။ အထူးသဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ ဖြစ်သည်။ သူတို့၏ ပုံသဏ္ဌာန်များက ကောင်းကင်သို့ တက်သွားခဲ့၏။

“အနားကပ်မလာနဲ့။” အရှင်ထိုက်ရွှမ်က အောက်ဘက်သို့ ကြည့်ကာ အမိန့်ပေးလိုက်သည်။ သူ၏ အသံက မာထန်နေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို တိုက်ပွဲအနီးကပ်မလာရန် တားဆီးလိုက်ပေသည်။

အဆင့်မြင့်ရန်ဟောင် အောက်မှ နိမ့်သော လူများက ဤတိုက်ပွဲတွင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့သည် တိုက်ပွဲအဖျားခတ်မှုကြောင့် သေဆုံးသွားကြရပေလိမ့်မည်။ ထို့​ကြောင့် အရှင်ထိုက်ရွှမ်က သူတို့အား အနားကပ်လာခွင့် မပြုခြင်း ဖြစ်သည်။

ထို့နောက် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များလည်း သူတို့၏ လှုပ်ရှားမှုတို့အား ရပ်တန့်လိုက်၏။ ယူချင်း၏ ခန္ဓာကိုယ်အနီး၌ နတ်ဆိုးစွမ်းအင်များ ဝန်းရံနေကာ သူ၏ လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သူသည် ကောင်းကင်မှ ပုံသဏ္ဌာန်များကို အေးစက်ကာ ဒေါသထွက်နေသော အကြည့်များဖြင့် ကြည့်လိုက်သည်။ သူက ယနေ့ တိုက်ပွဲတွင် ပါဝင်သည့် ဤလူများကို မှတ်မိနေပေလိမ့်မည်။ အနာဂတ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ဤအကြွေးအား သေချာပေါက် ပြန်ပေးဆပ်ခိုင်းရပေလိမ့်မည်။

ရှားရှင်းယွန်သည် အဖြူရောင်ဆံပင်နှင့် ပုံရိပ်အား ကြည့်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် နာကျင်မှုတို့ ရှိ​နေခဲ့၏။ ရီဖူရှင်းက သူမကို အဝေးသို့ မောင်းထုတ်ခဲ့သော်လည်း သူမက ထွက်မသွားသေးပေ။ သူမသည် ဤအခက်အခဲကို အတူတကွ ဖြတ်ကျော်ချင်ပေသည်။ ကြည့်ရသည်မှာ ထိုသည်က မဖြစ်နိုင်ပုံရလေသည်။ ရီဖူရှင်းနှင့် အခြားသူများပင် မျှော်လင့်ချက်မရှိဟု ယုံကြည်နေသည်။

ဟွားဖန်းလူ၊ သောကျောက်၊ ချင်ရွှမ်ကန်းနှင့် အခြားလူများ အားလုံးက ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့သည် ယခင်ရက်များက ရီဖူရှင်းနှင့် ဤစကားများ ပြောခဲ့သည်ကို အမှတ်ရပေသည်။ ရီဖူရှင်း သူတို့ကို ပြောခဲ့သော ကိစ္စများအတွက် မေးခွန်းမေးရန် အများအပြား ရှိနေသေးသည်။ သူတို့က သူ၏ စကားလုံးများကို အပြည့်အဝ နားမလည်နိုင်ကြပေ။

ပုံရိပ်များက အထက်သို့ မြင့်သထက်မြင့်လာပြီး တဖြည်းဖြည်း ဝေဝါးလာသည်။ ရီဖူရှင်းနှင့် အခြားသူများက ကောင်းကင်သို့ မြင့်တက်လာသည်။ မကြာခင်မှာပင် မြေပြင်ကို သူတို့နောက်၌ အဝေးကြီး ချန်ရစ်ထားခဲ့ပြီး ကောင်းကင်ကို အမြင့်ဆုံးထိ တက်သွားခဲ့သည်။ ထို့နောက်မှသာ သူတို့က ရပ်တန့်လိုက်ပေသည်။

ရီဖူရှင်းက လူအုပ်ကို ဝေ့ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ပုံရိပ်များကို မြင်လိုက်ရသည်။ သူက စိတ်ထဲ နွေးထွေးသွားကာ ပြောလိုက်၏။ “အားလုံးပဲ ကျေးဇူးတင်ပါတယ်။”

“မင်းကို လိုက်ပို့ပေးမယ်။” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။

ရီဖူရှင်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset