ကောင်းကင်အာဏာစက်ကျောင်းတော်။
သည်နေ့ကား တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့သည့်အလား။
ကျောင်းတော်၏ခြံဝင်းတစ်ခုအတွင်း၌ လူနှစ်ခုသည် ခုံတန်းပေါ်တွင် ငြိမ်သက်စွာ ထိုင်နေကြ၏။ သူတို့သည် ခုံပေါ်တွင် သက်တောင့်သက်သာဖြင့် ထိုင်နေကြခြင်းဖြစ်သည်။
“အပြင်ဘက်မှာ တစ်ခုခုဖြစ်ပျက်နေတယ်လို့ ငါကြားတယ်။ မင်းက ဘာလို့ ဒီမှာ ထိုင်ဖို့ အချိန်ရှိသေးတာလဲ” ဟွာဖန်းလူက ရီဖူရှင်းကို ကြည့်ကာ မေးသည်။ သူကား သူ၏လက်ကျန်နေ့ရက်များကို ကျောင်းတော်၌ ကုန်ဆုံးနေခြင်းဖြစ်သည်။ သူ၏နေ့စဉ်ဘဝကား အလွန်သက်တောင့်သက်သာရှိ၏။ သူသည် အပြင်ဘက်၌ ဖြစ်ပျက်နေသည်များအားလည်း မသိပေ။ သည်တစ်ကြိမ်ကိစ္စအား မည်သူမှ သူ့အား မပြောပြကြ။
“ဆရာ… ခင်ဗျား တကယ်ပဲ အိုမင်းသွားပြီ။ ပုံမှန်အားဖြင့် ကျုပ်က ဆရာနဲ့အတူတူ အချိန်အများကြီး ကုန်ဆုံးသင့်တာပေါ့” ရီဖူရှင်းက တစ်ချက်ရယ်ကာ ပြောသည်။
“မင်း ငါ့ကို ကျိန်ဆဲနေတာလား” ဟွာဖန်းလူက မေးသည်။
“မဟုတ်ဘူးလေ။ ကျွန်တော်က ဘယ်လုပ်ရဲပါ့မလဲ။ ဆရာ.. ဆရာ့ရဲ့ အခြေအနေနဲ့ဆို ကျွန်တော့ထက် အသက်ရှည်မှာ သေချာတယ်” ရီဖူရှင်းက ရယ်မော၍ ပြန်ပြောသည်။
“ငါ့မှာ အဲလောက်ရည်မှန်းချက်မရှိဘူး။ မင်းပဲ အသက်ပိုရှည်မှာပါ” ဟွာဖန်းလူက သက်ပြင်းချသည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်အား တစ်ဦးတည်း တည်ထောင်ခဲ့တာ များစွာသော ပဋိပက္ခများ ဖြစ်ပျက်ခဲ့သည်။ ရီဖူရှင်းက များစွာသော ပြဿနာများအား ရင်ဆိုင်နေရသည်ကို သူနားလည်၏။
ဂျီယူအား တွေ့မြင်ရခြင်း၊ ရီဖူရှင်းနှင့် ဂျီယူတို့ အလွန်နီးကပ်စွာ ရှိနေခြင်းကို မြင်ရခြင်းတို့ဖြင့်ပင် ဟွာဖန်းလူကား သူ့ဘဝတွင် နောင်တမရတော့။ နန်းယူသည်လည်း တဖြေးဖြေး အရွယ်ရောက်လာပြီဖြစ်သည်။ နန်ဒူဝမ်ရန်၊ တန်လန်နှင့် သူကိုယ်တိုင်တို့သည်လည်း အနားယူလိုက်ပြီးဖြစ်သည်။ ဖြစ်နိုင်လျှင် ရီဖူရှင်းတို့ ငြိမ်းငြိမ်းချမ်းချမ်းနေရမည်ဆိုပါက သူ အသက်တိုလျှင်ပင် ပြဿနာမရှိပေ။
“အဘိုးကြီးတွေက ဆရာ့ပဲလို စကားပြောတာလား” ရီဖူရှင်းက ပြုံးလျှက်မေးသည်။
“ဘယ်တတ်နိုင်မလဲ။ မင်းက တကယ့်ပြဿနာကောင်ကိုး” ဟွာဖန်းလူက ဆိုသည်။
“သေချာတာပေါ့။ ဆရာ့တပည့်မရှိတော့တဲ့အချိန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ သတိရပါ” ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်။
ဟွာဖန်းလူက သူ့အား ပြန်မေးသည် “မင်း ဘာလုပ်မလို့လဲ”
“ဘာမှ မဟုတ်ဘူး။ ကျွန်တော်က အတော်လေးကြာအောင် ထွက်သွားဖို့ ရှိနေလို့”
“ထပ်သွားဦးမလို့လား…”
“…” ရီဖူရှင်း ဆွံ့အသွားသည်။
“ဆရာ… ခင်ဗျားက မဟာအင်ပါယာရဲ့ယောက်ခမဖြစ်မယ့်သူပဲ” ရီဖူရှင်းက ဟွာဖန်းလူအား ကြည့်သည်။
ဟွာဖန်းလူက ရီဖူရှင်းအား စူးစိုက်လျှက် ကြည့်သည်။
“ငါက သိပ်မငယ်တော့ဘူး၊ ဒါကြောင့် အဆင်ပြေတယ်။ မကြာသေးခင်ကမှ မင်းက ဂျီယူကို ပြန်တွေ့တာ” ဟွာဖန်းလူက ပြောသည်။
“တကယ်ပါ၊ ဒါက စိတ်ပူစရာမဟုတ်ဘူး” ရီဖူရှင်းက ကြားဖြတ်ပြောသည်။
သူတို့နှစ်ဦးပြောသည်ကိုကြားလျှင် ဟွာဂျီယူနှင့် နန်းယူတို့သည် လက်ချင်းချိတ်ကာ လျှောက်လာကြသည်။ ဟွာဂျီယူ၏မျက်လုံးများက ရီဖူရှင်းထံသို့ ရောက်လာသည်။ သူမက စကာမပြောဘဲ သူ့အား တိတ်ဆိတ်စွာ ကြည့်နေသည်။
ရီဖူရှင်းက လက်ဆန့်တန်းကာ ဂျီယူအား သူ့အနီးသို့ ဆွဲခေါ်လိုက်သည်။
ဟွာဂျီယူက အလိုက်သင့်ပင် ရီဖူရှင်းဘေးကို ရောက်လာခဲ့သည်။ သူမက ဒူးထောက်ကာ သူမ၏ခေါင်းအား ရီဖူရှင်း၏ပေါင်တွင် မှီသည်။ သူတို့နှစ်ဦးကား အလွန်ရင်းနှီးနေပြီးဖြစ်သည်။ ရက်ပေါင်းများစွာ အတူတူနေခဲ့ပြီးနောက်တွင် ဟွာဂျီယူသည် အတိတ်ကို ပြန်မမှတ်မိတော့သော်လည်း ရီဖူရှင်းနှင့် ဟွာဖန်းလူတို့အား သူမ၏အနီးကပ်ဆုံးလူများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
“ဂျီယူ… ငါမရှိတော့ရင် ဗြမ္မာ့သန့်စင်ကောင်းကင်ကို မပြန်နဲ့။ ဒီမှာပဲ ဆက်နေနော်။ တစ်ခုခုကိစ္စရှိရင် အဘွားကို ရှာလို့ရတယ်။ အရှင်ထိုက်ရွှမ်ကိုလည်း မေးလို့ရတယ်” ရီဖူရှင်းက ဟွာဂျီယူ၏ဆံနွယ်များကို အသာထိတွေ့ကာ ပြောသည်။
ဟွာဂျီယူက ခေါင်းမော့ကာ သူ့အား လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သို့သော်လည်း သူမမြင်တွေ့ရသည်ကား ရီဖူရှင်း၏ညင်သာသော အပြုံးဖြစ်၏။ သူက သူမ၏ပါးပြင်ကို အသာဆွဲညစ်လိုက်သည်။
သို့သော်လည်း ဟွာဂျီယူက မည်သို့မှ မခံစားရဟန်တူကာ သူ့အား စိုက်ကြည့်လျှက် ပြောသည် “နင်သွားတဲ့နေရာ ငါသွားမယ်”
ရီဖူရှင်းက ညင်သာသော အပြုံးအား မျက်နှာတည်ကြီးသို့ ပြောင်းလိုက်ကာ ပြောသည် “လိမ္မာစမ်းပါ”
ဟွာဂျီယူက ခေါင်းယမ်းသည်။
“ကိုကိုဖူရှင်း… နန်းယူကို ပစ်မသွားဘူးမလား” မိန်းကလေးငယ်က သူ့အား မျက်လုံးများပြူးကာ မေးသည်။ သူမကား အလွန်လှပသော အမျိုးသမီးငယ်ဖြစ်နေပြီးဖြစ်ကာ ဆွဲငင်အားပြင်းသော မျက်လုံးများဖြင့် ရီဖူရှင်းကို ကြည့်နေသည်။ ရီဖူရှင်းတို့ပြောနေသောစကားကို သူမ နားလည်ပေသည်။
“အသက်ငယ်ငယ်လေးနဲ့ အတွေးများတယ်…” ရီဖူရှင်းက ကလေးမလေးအား ဆွဲခေါ်ကာ ပြောသည် “ငါ ဒီမှာ မရှိတော့ရင် မမနဲ့ ဆရာကတော်ကို ဂရုစိုက်ရမယ်နော်… ဟုတ်ပြီလား”
“ဟင့်အင်း…” နန်းယူက ခေါင်းညိတ်သည် “နန်းယူက ကလေးပဲ ရှိသေးတယ်”
“…” ရီဖူရှင်းက သူမအား စိတ်ပျက်လက်ပျက်ကြည့်သည်။ သူ့တွင် သူမအား ငြင်းခုန်စရာစကားမရှိတော့။ ကလေးမလေးကား အလွန်ဉာဏ်ကောင်းကာ အရှင်ထိုက်ရွှမ်သည်ပင် အလွန်ချစ်ခင်၏။
“ညီမလေးက အဲလို မလုပ်ချင်ဘူးဆိုလဲ အဆင်ပြေပါတယ်။ တဖြေးဖြေးတော့ နန်းယူလေးက အရွယ်ရောက်လာမှာပဲကို” ရီဖူရှင်းက ပြောသည်။
နန်းယူက ရီဖူရှင်းအား အနည်းငယ် ဝမ်းနည်းသောအမူအရာဖြင့် ထပ်ပြောသည် “ကိုကိုဖူရှင်းက နန်းယူကို ပစ်သွားတော့မလို့မလား”
“မဖြစ်နိုင်တာ။ အစ်ကိုက ကိစ္စတွေပြီးသွားရင် နန်းယူလေးကိုပြန်လာရှာမှာ” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။
“တခြားဆရာတွေကို သွားနှုတ်ဆက်လိုက်ဦးမယ်” ရီဖူရှင်းက ထရပ်သည်။ ဟွာဂျီယူက သူ့လက်အား လွှတ်ပေးခြင်းမရှိဘဲ အတူတူထရပ်သည်။ နန်းယူသည်လည်း ထိုနည်းပင်။
ရီဖူရှင်းက မချိပြုံးပြုံးလိုက်၏။
“ကောင်းပြီ၊ ဒါဆိုလည်း နှစ်ယောက်လုံး လိုက်ခဲ့ကြတော့” ရီဖူရှင်းက သူတို့နှစ်ယောက်အား ခေါ်ကာ ထိုနေရာမှ ထွက်ခွာလာသည်။ သူတို့သည် ချီရွှမ်ကန်းတို့နေထိုင်ရာ အဆောင်သို့ ရောက်လာ၏။
ချီရွှမ်ကန်းနှင့် စီနီယာတချို့မှာ ထိုနေရာတွင်ရှိပေသည်။ ဖေးရွှီသည်လည်း ရှန်လော့ရွှီထံတွင် လေ့ကျင့်ပြီး ပြန်ရောက်ပြီဖြစ်သည်။ သူမသည် ချီရွှမ်ကန်းဘေးတွင် ထိုင်နေ၏။
ရီဖူရှင်း ရောက်လာသည်ကိုမြင်လျှင် ယန်ယွင်နှင့် နန်ကျိုင်းတို့လည်း လျှောက်လာကြသည်။ သူတို့က ပြုံးလျှက် နှုတ်ဆက်သည် “ညီငယ်လေး”
“အစ်ကိုကြီး.. ဒုတိယအစ်ကို…” ရီဖူရှင်းက လှမ်းသွားကာ ခေါ်လိုက်သည်။ ထို့နောက် ချီရွှမ်ကန်းအား နှုတ်ဆက်သည် “ဆရာ…”
ချီရွှမ်ကန်းက လက်ဝှေ့ယမ်းကာ ဆိုသည် “ထိုင်ကြ…”
ရီဖူရှင်းက ထိုင်လိုက်သည်။ ဂျီယူသည်လည်း ဘေးတွင် ငြိမ်သက်စွာ ထိုင်၏။ နန်းယူသည်ကား တခြားတစ်ဘက်တွင် ဖေးရွှီနှင့် ထွက်သွားသည်။
“ဆရာ… မဟာလမ်းစဉ်က ဘယ်လောက်အဆုံးမဲ့တယ်ဆိုတဲ့အကြောင်း ကျုပ်တို့ ဆွေးနွေးဖူးတာ သတိရသေးလား။ ဒါပေမဲ့ အခု အဲဒါကို ဘုံကိုးခုမှာ ဆက်လက်သင်ကြားဖို့ အရမ်းခက်ခဲနေပြီဆရာ” ရီဖူရှင်းက ပြောသည်။ လူအများအပြားနှင့် အင်အားစုများက ကောင်းကင်အာဏာစက်ကျောင်းတော် အင်အားကြီးမားလာသည်ကို မလိုလားကြပေ။
သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော် ပျက်စီးသွားမည်ကို လိုလားနေကြသည်။
“ဒါက သဘာဝပါပဲ။ လူသားတွေက သူတို့ကိုယ်တိုင်ကိုပဲ ဦးစားပေးလေ့ရှိတယ်။ တခြားကိစ္စတွေက နောက်မှလာတယ်။ မင်းက ဘုံကိုးခုလုံးကို သင်ကြားပေးချင်တယ်ဆိုတော့ ဒါက လူအများကို သေချာပေါက် အကျိုးဖြစ်မှာပဲ။ အရှင်ဒွန်ဟောင်တောင်မှ တစ်လောကလုံးကို အုပ်ချုပ်ပေမဲ့ ကောင်းကင်ဒေသကို တစ်စုတစ်စုတည်း မလုပ်နိုင်ခဲ့ဘူး။ ဘုံကိုးခုမှာ ကွဲပြားခြားနားတဲ့အင်အားစုတွေရှိပြီးတော့ ကောင်းကင်ဒေသဟာလည်း အဲဒီအတိုင်းပဲ။ ဒါကြောင့် ငါတို့လိုတာက ဒေသနဲ့လိုက်ဖက်ညီတဲ့ အတွေးအခေါ်မျိုးပဲဖြစ်လိမ့်မယ်” ချီရွှမ်ကန်းက ဆိုသည်။
ရီဖူရှင်း ခေါင်းညိတ်သည်။ လောကကြီးကား ကြီးမားလှသည်။ အင်အားစုအများအပြားရှိကာ အင်အားစုတစ်ခုစီတိုင်းက ကွဲပြားခြားနားသော အတွေးအခေါ်နှင့် အကြံအစည်များရှိသည်။ ထို့ကြောင့် အားလုံးကို စုစည်းရန်မှာ မဖြစ်နိုင်ပေ။
“ဆရာ… အရှင်ဒွန်ဟောင်က ဘယ်လိုလူလို့ ထင်သလဲ” ရီဖူရှင်းက မေးသည်။
“ပါရမီမြင့်ပြီးတော့ ရည်ရွယ်ချက်ကြီးတယ်။ တစ်ခေတ်မှာတစ်ခါသာပေါ်တဲ့ ပါရမီရှင်မျိုးဖြစ်ပြီးတော့ ဒီလိုလူမျိုးကို ငါက အကဲဖြတ်ဖို့ အဆင့်မမှီဘူး” ချီရွှမ်ကန်းက ဆိုသည် “ပုဂ္ဂိုလ်ရေးအရလည်း သူ့ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့လည်း သူဟာ ကောင်းကင်ဒေသအတွက်တော့ ဒဏ္ဍာရီတစ်ခုပဲ”
“ဒါပေမဲ့ ဧကရာဇ်ရီချင်…” ရီဖူရှင်းက ပြောသည်။
“ဒါက မရှင်းလင်းဘူး။ အတိတ်က သမိုင်းကြောင်းဟာလည်း ဒီကိစ္စကို ဖုံးကွယ်ပေးထားခဲ့တယ်။ သဘောထားမတိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် တခြားအကြောင်းအရင်းရှိရင် ရှိလိမ့်မယ်” ချီရွှမ်ကန်းက သက်ပြင်းချကာ ပြောသည်။ အင်ပါယာနှစ်ပါးလုံးမှာ ခေတ်၏အမှတ်သင်္ကေတများဖြစ်ကြ၏။
အင်ပါယာရီချင်ကျဆုံးသွားကာ အရှင်ဒွန်ဟောင်သည်သာ ကောင်းကင်ဒေသကို ဆက်လက်အုပ်ချုပ်သည်။ လူအများက ကောင်းကင်ဒေသသည် အရှင်နှစ်ပါးကို လက်မခံ။ ဂူတစ်ခုတည်းတွင် ခြသင်္သေ့နှစ်ကောင် မအောင်းနိုင်ဟု ဆိုကြသည်။ ထိုစကားများမှာ လူအများကြား အများစုကြားရလေ့ရှိသည်။ သို့သော်လည်း တကယ့်အကြောင်းအရင်းမှာ သီးသန့်ရှိမည်ဟု ချီရွှမ်ကန်းယုံကြည်သည်။ မည်သို့ဆိုစေ တကယ့်အမှန်တရားကိုမူ မည်သူမှ မချဉ်းကပ်လိုကြ၊ တစ်နည်းဆိုရလျှင် မချဉ်းကပ်ရဲကြပေ။ ထိုကိစ္စက တားမြစ်ထားသော ကိစ္စဖြစ်သည်။
“ဆရာ… အစ်ကိုတို့… ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ အနာဂတ်မှာ ဘာပဲဖြစ်နေဖြစ်နေ၊ ကျောင်းတော်မှာပဲ အေးအေးဆေးဆေး ကျင့်ကြံကြပါ။ တကယ်လို့ ကျောင်းတော်က အနာဂတ်မှာ ပျက်စီးတော့မယ့်အချိန်ရောက်ရင်တော့ ထွက်သွားကြပေးပါ။ ကျွန်တော်က ကျောင်းတော်ကို တည်ထောင်ခဲ့တာ လမ်းစဉ်ကို သင်ကြားပေးချင်လို့ပဲ။ ဒါပေမဲ့ ဘုံကိုးခုက ဒီအတွက်ကြောင့်ပဲ မငြိမ်မသက်ဖြစ်ရတယ်။ ကျောင်းတော်ရဲ့အနာဂတ်ကို ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကို မထိန်းသိမ်းနိုင်တော့တဲ့အချိန်ရောက်ရင် လက်လွှတ်ပေးလိုက်တာ ကောင်းလိမ့်မယ်” ရီဖူရှင်းက ဆိုသည်။
ချီရွှမ်ကန်းက သူ့အား ကြည့်သည်။ ယန်ယွင်နှင့် နန်ကျိုင်းတို့ကလည်း သူ့အား ကြည့်သည်။ မမြင်ရသော လေထုသည် ဖေးရွှီအနီးတွင် လှည့်ပတ်နေ၏။
“ဖေးရွှီ… ငါ့ကို ခိုးမကြည့်စမ်းပါနဲ့…” ရီဖူရှင်းက ဖေးရွှီကို ပြုံးလျှက်ပြောသည်။ သူမက ရီဖူရှင်း၏တကယ့်အတွေးများကို ခံစားနိုင်ပေသည်။
“ငါ သိပြီးပြီ” ဖေးရွှီက ဆိုသည်။
“…”
“ဒါဆို ငါ အခု ဘယ်လိုခံစားနေရလဲ” ရီဖူရှင်းက မေးသည်။
“စိတ်ပျက်လက်ပျက်ဖြစ်တာ၊ဝမ်းနည်းတာ မရှိဘူး” ဖေးရွှီက ညင်သာစွာ ပြုံးသည်။ ဘာဖြစ်နေသည်ကို သူမ သိနားလည်ကာ ရီဖူရှင်းက ထိုသို့သော စိတ်ခံစားချက်များ မပြာရာ သူ့တွင် အစီအစဉ်တစ်ခုခုရှိရပေမည်။
“မင်းက တကယ်ပဲ အရမ်းမိုက်တာပဲ…” ရီဖူရှင်းက တစ်ချက်ရယ်သည်။
“မင်းမှာ ထွက်သွားဖို့ အစီအစဉ်ရှိပြီလား” ရန်ယွင်က မေးသည်။
“ဖြစ်နိုင်ပါတယ်” ရီဖူရှင်းက ပြန်ပြောသည် “အစ်ကိုတို့က အနာဂတ်မှာ ဆရာကို ဂရုစိုက်ပေးကြပါ”
“မင်း ငါ့ကို စိတ်ပူစရာမရှိဘူး။ လုပ်စရာရှိတာကိုပဲ သွားလုပ်ပါ။ ငါနောက်ဆုံးတစ်ကြိမ်က ပြောခဲ့တဲ့စကားကိုပဲ အမြဲနှလုံးသွင်းထားပါ”
“ဟုတ်ကဲ့ ဆရာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်” ရီဖူရှင်းက ထရပ်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။
သူထွက်သွားပြီးနောက်တွင် ဖေးရွှီက သူ၏နောက်ကျောကို ကြည့်ကာ တီးတိုးပြောသည် “ဒါပေမဲ့ သူ့မှာ ထွက်သွားဖို့ တွန့်ဆုတ်တဲ့ခံစားချက်နည်းနည်းရယ်၊ ဝမ်းနည်းမှု အနည်းငယ်ရယ် ငါ ခံစားမိတယ်”
ချီရွှမ်ကန်းက ရီဖူရှင်း၏နောက်ကျောကို ကြည့်သည်။ ရီဖူရှင်းက သူတို့အား တစ်စုံတစ်ခု ဖုံးကွယ်ထားသည်လည်း ဖြစ်နိုင်သည်။ သို့သော်လည်း ရီဖူရှင်းက သင့်တော်သလို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု သူယုံကြည်သည်။ ယခုတွင် သူသည် ဘုံကိုးခု၏အရေးပါသောလူတစ်ယောက် ဖြစ်နေလေပြီ။ သူကား သည်နှစ်ပိုင်းအတွင်း မြန်ဆန်စွာ ကြီးထွားလာခဲ့သည်။
***