Switch Mode

အပိုင်း(၁၈၄၈)

ကျောင်းတော်သို့ အပြန်

ရီဖူရှင်း၏မေးခွန်းက ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များကို သဘောပေါက် နားလည်သွားစေသည်။ အရိပ်ဘုံတွင် ထိုသို့သော အကြောင်းကိစ္စရှိခဲ့သည်ကို သူတို့ မသိခဲ့ပေ။ ထို့ကြောင့်ပင် ရီဖူရှင်းက သူတို့အား ကူညီရန် တွန့်ဆုတ်ခဲ့ခြင်း ဖြစ်ဟန်ရသည်။

ဆိုလိုသည်က ထျန်ရှင်းကျောင်းတော်က တစ်ဘက်လူ၏အသက်အန္တရာယ်ကို ဦးဆုံး လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် ရီဖူရှင်းသည် စစ်မြေပြင်တွင် သူတို့အား ကူညီခဲ့သေးသည်။ ရီဖူရှင်းအနေဖြင့် အလွန်တရာ သနားညှာတာရာ ရောက်နေသေးသည်။

လူအများအပြား၏အကြည့်က ထျန်ရှန်းကျောင်းတော်ထံသို့ ရောက်လာသည်။ ထျန်ရှင်းကျောင်းတော်သည် ဗဟိုအင်ပါယာဘုံတွင် နံပါတ်၁ ကျောင်းတော်ဖြစ်ကာ မြင့်မားကောင်းမွန်သော ဂုဏ်သတင်းကို ပိုင်ဆိုင်ထား၏။

ယခု ထျန်ရှင်းကျောင်းတော်သည် အလွန်ပင် ကောက်ကျစ်ယုတ်မာနေချေသည်။

တစ်ဘက်တွင် အဘယ်ကြောင့် ကျန့်အော့က ဤနည်းလမ်းကို အသုံးပြုရသနည်း။

သူ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းများအရ ရီဖူရှင်းကို ဤသို့ နိမ့်ကျသော နည်းလမ်းဖြင့် ဖိနှိပ်ရန် မလိုပေ။

တချို့က ကျန့်ချန်ကျူကို လှမ်းကြည့်ကြသည်။ မည်သို့ဆိုစေ ရီဖူရှင်း မပေါ်လာခင်က သူသည် ဘုံကိုးခု၏နံပါတ်၁ ပါရမီရှင်ဖြစ်သည်။

ကျန့်ချန်ကျူကလည်း လူအများ၏အကြည့်ကို ခံစားမိသည်။ သူက သူ့အဖေကို လှမ်းကြည့်သည်။ သူက နားမလည်ပေ။

ထျန်ရှင်းကျောင်းတော်က အမှန်ပင် လူတစ်ယောက် အသက်ဘေးနှင့်ကြုံနေသည်ကို လျစ်လျူရှုခဲ့၏။ ရီဖူရှင်းက လိမ်ညာနေခြင်းမဟုတ်ဟု သူခံစားမိနေသည်။

ထိုအဖြစ်က သူ့အား ကြီးစွာ အရှက်ရစေသည်။

“အဲဒီနေ့က အရိပ်ဘုံမှာ စွမ်းအားမြင့်တန်ခိုးရှင်တွေနဲ့ ပြည့်နှက်နေတယ်။ အခြေအနေကလည်း ပရမ်းပတာဖြစ်နေတယ်။ အမှန်တကယ်လည်း ငါ မင်းကို မြင်ခဲ့တယ်။ ဒါပေမဲ့ မင်းကို ကူညီဖို့ အချိန်မရခဲ့ဘူး။ မင်းက စစ်မြေပြင်မှာ ထျန်ရှင်းကျောင်းတော်ကို ကူညီခဲ့တာ အမှန်ကျေးဇူးတင်ပါတယ်” ကျန့်အော့ကား အလွန်တည်ငြိမ်စွာ ပြောသည် “ဒါပေမဲ့ ဘုံကိုးခုက တည်ငြိမ်ဖို့ လိုနေတယ်။ ကောင်းကင်အာဏာစက်ကျောင်းတော်ဟာ ဒီဖြစ်ရပ်အပြီးမှာ ဘေးကင်းကင်းနဲ့ တည်ရှိနေမယ်။ ဘယ်သူမှ နှောက်ယှက်မှာ မဟုတ်ဘူး။ မင်းအနေနဲ့ ငါ့ကို မုန်းတီးနိုင်တယ်။ ငါနားလည်နိုင်ပါတယ်”

ကျန့်အော့၏စကားက ဝန်ခံခြင်းနှင့် မခြားပေ။ ထိုအဖြစ်က လူအများအပြားကို စိတ်ပျက်စေသည်။

တစ်ဘက်တွင် သူသည် အမှန်တကယ် စိတ်သဘောထားမြင့်မြတ်ချင်ယောင်ဆောင်နေသူသာဖြစ်ကြောင်း အားလုံးက သိမြင်လိုက်ကြရသည်။

ထို့အပြင် သူကား အလွန်ကောက်ကျစ်၏။ ရီဖူရှင်း နိမ့်ပါးနေချိန် ဝင်ရောက်ဖိနှိပ်ခြင်းက သာမန်အရေထူပုံမျိုးဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

“ကြည့်ရတာ ကျုပ်က ရှင်းလင်းချက်ကို ရဖို့ မရှိဘူးပဲ” ရီဖူရှင်းက ပြောသည်။ ကျန့်အော့က အကြောင်းအရင်းကို ပြောမည်မဟုတ်ကြောင်း သူနားလည်လိုက်သည်။

မင်းသမီးကလည်း ကျန့်အော့ကို ကြည့်သည်။ ထို့နောက်တွင် သူမက အားလုံးကို ပြောသည် “အားလုံးက ဆုံးဖြတ်ပြီးပြီဆိုမှတော့ နောက်တစ်လနေရင် ကောင်းကင်အာဏာစက်ဘုံမှာ တိုက်ပွဲကို စတင်မယ်။ တစ်ဘက်စီက တိုက်ပွဲဝင်မယ့်လူတွေကို ရွေးချယ်ပြီး တိုက်ခိုက်နိုင်တယ်။ မဆိုင်တဲ့လူကို မထိခိုက်စေရဘူး။ တစ်ဘက်က ရှုံးသွားရင် တိုက်ပွဲအဆုံးသတ်မယ်။ တိုက်ပွဲအပြင်ဘက်မှာ ဘယ်သူကမှ လက်စားမချေရဘူး။ ဘယ်လိုလဲ”

“မင်းသမီးစကားကို မှတ်မိပါတယ်။ ကျုပ်တို့က ရီဖူရှင်းကိုပဲ သတ်မှာပဲ။ ကျုပ်တို့က ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်စေ၊ သူ့မဟာမိတ်ကိုဖြစ်စေ မထိပါဘူး၊ ရှန်ကောင်းက ပြောသည်။ ရီဖူရှင်း သေဆုံးသွားလျှင် သူ့မဟာမိတ်လည်း ပျက်ပြီဖြစ်သည်။ သူတို့ တဖြေးဖြေး ပျက်စီးသွားပေလိမ့်မည်။ သူတို့ အလျင်မလိုပေ။

တခြားတန်ခိုးရှင်များကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။

မင်းသမီးက သူ့အားကြည့်နေသည်ကိုမြင်လျှင် ရီဖူရှင်းက ပြောသည် “ရီဖူရှင်းက အရှင့်သမီးရဲ့အမိန့်ကို လက်ခံပါတယ်။ ကျုပ်သေရင် ဒီပဋိပက္ခက အဆုံးသတ်ပါမယ်။ ကျုပ်က အပြစ်ကင်းတဲ့သူတွေကို ပါဝင်စေဖို့ မမျှော်လင့်ပါဘူး။ ဒါကြောင့် မင်းသမီးက သူတို့ကို ကာကွယ်ပေးဖို့ မျှော်လင့်ပါတယ်”

သူကား အဆိုးဆုံးအခြေအနေအတွက် ပြင်ထန်ထားသည်။

“ကျွန်မက ရှင့်ကို ဒါနဲ့ပါတ်သက်ပြီး ကတိပေးနိုင်တယ်” ဒွန်ဟောင်မင်းသမီးက ခေါင်းညိတ်သည်။

“ကျေးဇူးတင်ပါတယ် မင်းသမီး” ရီဖူရှင်းက အနည်းငယ် ဦးညွှတ်သည်။ ထို့နောက် သူက ပြောသည် “ဒီကိစ္စကို ဆုံးဖြတ်ပြီးပြီဆိုတော့ ကျုပ်တို့ ပြန်ပါတော့မယ်။ ကျုပ်တို့က နတ္တိအင်ပါယာဘုံက အာကာသခရီးသွားဝင်္ကပါကို အသုံးပြုခွင့်ရှိပါသလား”

လက်ရှိတွင် နတ္တိအင်ပါယာနန်းတော်သည် ဘုံကိုးခုနှင့် ချိတ်ဆက်ထားသော ဝင်္ကပါအား တည်ဆောက်ထားပြီးဖြစ်သည်။

မင်းသမီးက မဖြေမှီတွင်ပင် နတ္တိအင်ပါယာနန်းတော်သခင်က ပြောသည် “မင်းတို့အားလုံးက စစ်မြေပြင်မှာ အကျိုးဆောင်ခဲ့ကြတယ်။ အင်အားစုတိုင်းက ဝင်္ကပါကိုသုံးပြီး နယ်ရပ်ကို ပြန်နိုင်တယ်”

ရီဖူရှင်းက ခေါင်းညိတ်သည် “ကျေးဇူးတင်ပါတယ်”

သူက ပြောပြီးသည်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို စုစည်းကာ ဝင်္ကပါထံသို့ ဦးတည်လိုက်သည်။ ရီဖူရှင်းနှင့် မဟာမိတ်များ၏အမူအရာများအားလုံးက လေးနက်သော အမူအရာများ ရှိနေသည်။

သူတို့တွင် ပြင်ဆင်ရန် တစ်လအချိန်ရပေသည်။

နှစ်ဘက်အင်အားစုက သည်မတိုင်ခင် မတိုက်ခိုက်နိုင်သော်လည်း တစ်လဆိုသော အချိန်က ပြင်ဆင်ရန် လုံလောက်ပေသည်။ သို့သော်လည်း စစ်မှန်သော ခွန်အားအောက်တွင် တစ်လဆိုသော အချိန်သည် အဓိပ္ပာယ်ကင်းမဲ့လှသည်။

မည်သို့ဆိုစေ ကျင့်ကြံခြင်းကား တစ်ညတည်းဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။

ဝင်္ကပါမှ အလင်းများ ဖြာထွက်လာခဲ့၏။ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် တခြားအင်အားစုများသည် တစ်စုပြီးတစ်စု ထွက်ခွာသွားကြ၏။ ရှန်ကလန်၊ ရွှေရောင်နတ်ပြည်ထောင်နှင့် တခြားအင်အားစုများသည် ချက်ချင်း မထွက်ခွာကြသေးပေ။ သူတို့က ရီဖူရှင်းကို မည်သို့သတ်ဖြတ်ရန် ဆွေးနွေးရပေဦးမည်။

ကောင်လေးကား အလွန်မြန်ဆန်စွာ ကြီးထွားနေသည်။ သူ၏အလားအလာကား အလွန်မြင့်မား၏။ သူသာ အသက်ရှင်နေပါက အမြဲတမ်းအားဖြင့် စိတ်ပူပန်နေရပေမည်။

အကယ်၍ သူသည်သာ အရှင်ဒွန်ဟောင်၏ကာကွယ်မှုကို ရရှိသွားခဲ့လျှင် အခြေအနေက ပိုဆိုးသွားပေလိမ့်မည်။

ထို့ကြောင့်ပင် သူတို့က မင်းသမီးကို ဖိအားပေးကာ ဆုံးဖြတ်စေခြင်းလည်းဖြစ်သည်။ သူတို့အားလုံးက ဖြစ်လာနိုင်ဖွယ် အန္တရာယ်ကို အဆုံးသတ်ပစ်လိုကြ၏။

သည်တစ်ကြိမ်တွင် ထိပ်သီးအင်အားစုများ၏တစ်ဝက်ကျော်က ရီဖူရှင်း၏အသက်ကို အလိုရှိသည်။

ရီဖူရှင်းကို ကူညီလိုသူမှန်သမျှ အသတ်ခံရမည်။

အရာအားလုံးက ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ မည်သူမှ မပြောင်းလဲနိုင်တော့။

“ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်လဲ” မကောင်းဆိုးဝါးအင်ပါယာဘုံမှ ရှစ်ရှဲက ရယ်မောလိုက်သည်။ သူက မင်းသမီးဒွန်ဟောင်ကို ကြည့်ကာ ပြောသည် “ကျုပ်တော့ ဒီနေ့ အများကြီးသင်ယူလိုက်ရတယ်။ ကျုပ်တို့ နောက်ထပ်တွေ့ကြတာပေါ့”

ထိုသို့ပြောပြီးနောက်တွင် သူသည် ဗလာနတ္တိဘုံမှ တန်ခိုးရှင်များကို ဦးဆောင်ကာ ထွက်ခွာသွားတော့သည်။ သည်တစ်ကြိမ်တွင် ရီဖူရှင်းသည် လူအများအပြားကို သတ်ဖြတ်ခဲ့ကာ ထိုအထဲတွင် ထိပ်သီးအင်အားစုများမှ အတော်များများပါဝင်သည်။ ထိုအဖြစ်က ရီဖူရှင်းအား လက်အောက်သို့ ခေါ်သွင်းရန် မဖြစ်နိုင်တော့။ မဟုတ်လျှင် သူ့လူများ၏ယုံကြည်မှုကို ဖျက်ဆီးရာ ရောက်ပေမည်။

သူက ရီဖူရှင်းအား အသုံးမပြုနိုင်မှတော့ ဖွယ်ရှားပစ်ရမည်သာ။ သို့သော်လည်း လက်ရှိတွင် သူကိုယ်တိုင် လှုပ်ရှားစရာပင် မလိုတော့။ မူလဘုံသည် ရီဖူရှင်းအား ရှင်းလင်းသုတ်သင်ရန် စီစဉ်နေပြီးဖြစ်သည်။

မှော်နက်အဖွဲ့မှ တန်ခိုးရှင်များလည်း ထွက်ခွာသွားသည်။ ဤတွင်မှ အနက်ရောင်အငွေ့အသက်များ ပျက်ပြယ်သွားရတော့သည်။ နတ္တိအင်ပါယာနန်းတော်မှ တန်ခိုးရှင်များမှာ ရှုပ်ထွေးသော ခံစားချက်များ ရနေသည်။

နတ္တိအင်ပါယာနန်းတော်အပြင်မှ တိုက်ပွဲကို စောင့်ကြည့်နေသူများအားလုံးမှာလည်း တူညီသော ခံစားချက်များ ရှိနေသည်။ ဤသို့သော အဖြစ်မျိုးကို သူတို့ မမြင်တွေ့လိုပေ။

ရီဖူရှင်းနှင့် တခြားလူများ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ရောက်လာခဲ့သည်။ အားလုံး၏စိတ်အခြေအနေက သိပ်မကောင်းပေ။

သူတို့သည် ကြီးမားသော နိုင်ပွဲရကာ မူလဘုံကို ခွဲခြမ်းခြင်းမှ ကာကွယ်နိုင်ခဲ့သည်။ သို့သော်လည်း တိုက်ပွဲတွင် အများဆုံးအကျိုးဆောင်ခဲ့သူသည် သေခြင်းရှင်ခြင်းအခြေအနေနှင့် ကြုံတွေ့နေရသည်။

“နင့်အတွက် အခြေအနေဘယ်လောက်ဆိုးတယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူက မတားခဲ့ဘူး” ရီဖူရှင်းဘေးမှ ရာရာက ပြောသည်။ သူမက မင်းသမီးဒွန်ဟောင်ကို ပြောခြင်းဖြစ်သည်။

မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ဆုလာဒ်ပေးခဲ့သော်လည်း သူ့အား မသတ်ဖြတ်ခဲ့ပေ။ တစ်ဘက်တွင် ရီဖူရှင်းကို မကာကွယ်ခြင်းက သူ့အား အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်စေသည်။

သူမက ရီဖူရှင်းကို ကူညီနေဟန်ရောက်သော်လည်း အမှန်တကယ်တွင်ကား ထိုသို့မဟုတ်ပေ။

“ဖူရှင်းက အစွမ်းတွေလျှိုထားတာကို သူမက အမှန်တကယ် သဘောမကျဖြစ်သွားတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့” အရှင်ထိုက်ရွှမ်က ဆိုသည်။

“ဖြစ်နိုင်ပါတယ်” ရီဖူရှင်းက ငြိမ်သက်စွာ ပြောသည် “ဒါပေမဲ့ မင်းသမီးက နားလည်ရခက်တယ်”

“အမှန်ပဲ…” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည် “မင်းသမီးက သူ့ခံစားချက်ကို ဘယ်တော့မှ ထုတ်မပြဘူး။ သူ ဘာတွေးနေတယ်ဆိုတာ ခန့်မှန်းရခက်တယ်။ ဖူရှင်း မင်း ဘာလို့…”

ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ကြည့်သည်။ အရှင်ထိုက်ရွှမ်က သူ့အား ကောင်းကင်ဒေသသို့သွားရောက်ကာ လေ့ကျင့်စေလိုသည်ကို သူနားလည်သည်။

သည်နေရာတွင် ဆက်နေခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက်မဟုတ်ပေ။

သူက ခေါင်းယမ်းသည် “အချိန်က မင်းသမီးသတ်မှတ်ထားတာ။ ကျုပ်တို့က ဖောက်ဖျက်ဖို့ မဖြစ်နိုင်ဘူး”

အရှင်ထိုက်ရွှမ်က ခေါင်းညိတ်သည်။ ထွက်ပြေးခြင်းက အမှန်ပင် ခက်ခဲသည်။ ရီဖူရှင်းသာ ထွက်သွားပါက ကျောင်းတော်လည်း သေချာပေါက် ပျက်စီးပေလိမ့်မည်။

“ဒါဆိုလည်း တခြားဘုံတွေကို ထွက်သွားကြတာပေါ့” ယူချင်းကား အလွန်မကြေမနပ်ဖြစ်နေသည်။ အဆိုးဆုံးအခြေအနေတွင် သူသည် နတ်ဆိုးဘုံသို့ သွားရောက်လေ့ကျင့်နိုင်သည်။

“ငါတို့မှာ အချိန်ရှိသေးတာပဲ။ မင်းသမီးက ကျုပ်ကို ရတနာတစ်ခု ပေးခဲ့တာပဲမလား။ အခုက အဲဒါကို ဖွင့်ကြည့်ရမယ့်အချိန်ပဲ” ရီဖူရှင်းက ရယ်မောလိုက်သည်။ သူက တင်းမာသော လေထုကို ပေါ့ပါးသွားစေလိုဟန်ဖြင့် ရယ်မောလိုက်ခြင်းဖြစ်၏။

သို့သော်လည်း သူသည် မင်းသမီးချီးမြှင့်လိုက်သော ရတနာကို အမှန်တကယ် စိတ်ဝင်စားပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset