Switch Mode

အပိုင်း(၁၈၄၇)

ဆုပေးဒဏ်ပေး

မြေအောက်အရှင်၏ဆက်ခံသူသည် ရီဖူရှင်း၏လက်တွင် အသတ်ခံခဲ့ရသည်။ ထို့အပြင် ရီဖူရှင်းသည် ယန်ဓာတ်စွမ်းအားကိုလည်း ပိုင်ဆိုင်နေ၏။

မြေအောက်အရှင်ဖြစ်စေ၊ မှော်နက်အဖွဲ့ဖြစ်စေ၊ ရီဖူရှင်း၏အသက်ကို လိုချင်သည်မှာ သေချာ၏။ သူတို့က မူလဘုံ၏ကိစ္စရပ်များတွင် ဝင်မစွက်ဖက်ဟု ဆိုသော်လည်း ရီဖူရှင်းကို မသတ်ဖြတ်ဟု မဆိုလိုပေ။

ထိုအကြောင်းပြချက်ကြောင့်ပင် ရီဖူရှင်းသည် သူ၏စွမ်းရည်များကို လျှိုထားခဲ့ရခြင်းဖြစ်သည်။ ရှည်လွန်းသောသစ်ပင်သည် လေပြင်းများကြောင့် ကျိုးတတ်ပေသည်။ ရီဖူရှင်းက ရန်သူများကို အလွန်အကျူးသတ်ဖြတ်ခဲ့ရာ ထိုအဖြစ်က တစ်ဘက်လူများအား များစွာ သတိထားမိစေ၏။

ထိုအချိန်တွင် ကောင်းကင်ဒေသမှ အင်အားစုဖြစ်စေ၊ မှော်နက်အဖွဲ့ဖြစ်စေ၊ ဗလာနတ္တိဘုံမှဖြစ်စေ လူတိုင်းက သူ့အား အလိုရှိကြ၏။

မင်းသမီးဒွန်ဟောင်က သူ့အား ကာကွယ်ပေးလိုခြင်းမရှိပါက သူ့အနေဖြင့် အလွန်ဆိုးဝါသော အခြေအနေသို့ ကျရောက်သွားမည်မှာ မုချပင်။

နတ္တိအင်ပါယာနန်းတော်အပြင်မှ တန်ခိုးရှင်များအားလုံးမှာ တိတ်ဆိတ်နေသည်။ အခြေအနေက ဤသို့ဖြစ်လာမည်ဟု သူတို့မထင်ထားကြပေ။ ကောင်ကင်ဒေသကို အနိုင်ရအောင်စွမ်းဆောင်ပေးသော သူရဲကောင်းမှာ အများ၏ပြစ်ဝင်ဝေဖန်မှုကို ခံနေရ၏။ သူ့အား ဆုလာဒ်များ ချီးမြှင့်သင့်သည် မဟုတ်လား။

အကြည့်များက ဒွန်ဟောင်မင်းသမီးထံသို့ ရောက်လာနေသည်။ မှော်နက်အဖွဲ့နှင့် မကောင်းဆိုးဝါးအင်ပါယာဘုံတို့ ရောက်လာခြင်းက ဖိအားကို ပိုမိုကြီမားစေသည်။ သူတို့က သာမန်အလည်အပတ်သဘောမျိုးလာရောက်ခြင်းဟုဆိုသော်လည်း သူတို့တွင် ကိုယ်ပိုင်အစီအစဉ်များရှိမည်မှာ သေချာ၏။

ထိုအချိန်တွင် မင်းသမီးဒွန်ဟောင်၏ချဉ်းကပ်ပုံက အရာအားလုံးကို ဆုံးဖြတ်သွားပေမည်။ ပို၍ တိကျအောင်ဆိုရလျှင် သူမက ရီဖူရှင်း၏ကံကြမ္မာကို ဆုံးဖြတ်ပေမည်။

မင်းသမီးဒွန်ဟောင်၏အကြည့်က ရီဖူရှင်းထံသို့ တဖန်ရောက်လာသည်။ သူမက ပြောသည် “ရီဖူရှင်း… ရှင်က တိုက်ပွဲမှာ ရန်သူအများအပြားကိုသတ်ဖြတ်ပြီးတော့ ကောင်းကင်ဒေသကို အနိုင်ရအောင် အဓိက စွမ်းဆောင်ပေးခဲ့တယ်။ စွမ်းဆောင်ရည်မှာ ရှင်က နံပါတ် ၁ပဲ”

သူမက ထိုသို့ပြောလျှင် ရှန်ကလန်မှ တန်ခိုးရှင်များနှင့် တခြားလူများ၏မျက်နှာတွင် လေးနက်သောအမူအရာများ ပေါ်လာသည်။ အကယ်၍သာ မင်းသမီးက ရီဖူရှင်းကို ကာကွယ်လိုပါက သူတို့အနေဖြင့် မည်မျှကြိုးစားအားထုတ်ပါစေ၊ အရာအားလုံးမှာ အချည်းနှီးဖြစ်သည်။

ထို့ကြောင့် ယခုအချိန်သည် ရီဖူရှင်းအပေါ် မင်းသမီးက မည်မျှအလေးအနက်ထားသည်ကို တွေ့မြင်နိုင်သော အချိန်အခါလည်းဖြစ်သည်။

“ဒါပေမဲ့ ရှင်က စွမ်းရည်ကို တမင်လျှိုထားတာကြောင့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတယ်။ ရှင်က ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့အကျိုးစီးပွားကို ရှေးရှုခဲ့တယ်။ ရှင့်မှာ ကိုယ်ပိုင်အကြောင်းပြချက်တွေရှိပေမဲ့လို့ ဒါဟာ ကောင်းကင်ဒေသက အင်အားစုတွေကို ထိခိုက်စေခဲ့တယ်။ ရှင် ဒါကို ငြင်းမလား” မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို မေးသည်။

သည်တစ်ကြိမ်ကား လူတိုင်း၏မျက်နှာတွင် ဝေခွဲမရသော အရိပ်အငွေ့များဖြစ်လာသည်။ မင်းသမီးက မည်သို့ ရည်ရွယ်သနည်း။

“မင်းသမီးပြောတာ မှန်ပါတယ်။ ကျုပ် ငြင်းစရာမရှိဘူး” ရီဖူရှင်းက ဝန်ခံသည်။ သူ့အနေဖြင့် ငြင်းစရာမရှိပေ။ စစ်မြေပြင်၌ ဖြစ်ခဲ့သည်ကို လူတိုင်းတွေ့မြင်သည်။ မင်းသမီးဒွန်ဟောင်သည်လည်း တုံးအသည် မဟုတ်ပေ။

အဓိကအချက်ကား မည်သို့ ဘက်မျှအောင် လုပ်မည်ကိုပင်။

ထို့ကြောင့် အရာအားလုံးမှာ မင်းသမီး၏သဘောဆန္ဒတွင် မူတည်ပေသည်။

မင်းသမီးက ရီဖူရှင်းကို ကြည့်ကာ လက်ဝှေ့ယမ်းလိုက်လျှင် အလင်းတန်းတစ်ခုသည် ရီဖူရှင်းထံသို့ ပျံသန်းသွားကာ သူ့ရှေ့တွင် လေးထောင့်သေတ္တာငယ်တစ်လုံးပေါ်လာ၏။ ထိုသေတ္တာငယ်သည် ကြောက်မက်ဖွယ် လေဟာနယ်စွမ်းအားများ ရစ်ပတ်နေပြီး လေထုကိုပင် အနည်းငယ် ပုံပျက်စေသည်။

ထို့နောက် မင်းသမီးက ပြောသည် “ဒါက တန်ဖိုးကြီးရတနာတစ်ခုပဲ။ အခု ရှင့်ကို ပေးမယ်။ စစ်မြေပြင်မှာ ရှင်က စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်လို့ ဒါကို ပေးတာဖြစ်တယ်”

လူအများအပြား၏အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။ သေတ္တာငယ်ကား ထူးဆန်းကာ အပြင်ပန်းမျှဖြင့်ပင် အလွန်စွမ်းအားမြင့်ကြောင်း သိသာနေသည်။ မင်းသမီးက ချီးမြှင့်သည့်ရတနာဆိုမှတော့ ထိုရတနာ၏တန်ဖိုးမှာ ပြောနေစရာမလိုတော့ချေ။ ထို့အပြင် မင်းသမီးချီးမြှင့်သည့်ရတနာဖြစ်သည့်အလျောက် တခြားလူများကလည်း လုယက်ရဲမည် မဟုတ်ပေ။

ထိုအပြင် လူအားလုံးက ထိုရတနာမှာ မည်သို့သော အမျိုးအစားဖြစ်သည်ကို သိလိုကြ၏။

“ကျေးဇူးပါ အရှင့်သမီး…” ရီဖူရှင်းက ဆုကို လက်ခံယူသည်။ သူက ရတနာကို လက်ခံယူကာ တိုက်ရိုက်သိမ်းဆည်းလိုက်၏။ ထိုပစ္စည်းအား သူက နောက်ပိုင်းတွင်မှ လေ့လာဆန်းစစ်ပေမည်။

“ဒါက ရှင်ထိုက်တန်တဲ့ဟာပဲ။ ကျွန်မကို ကျေးဇူးတင်စရာမလိုဘူး။ ပြီးတော့ အစွမ်းတွေလျှိုထားတာကြောင့် တခြားတိုက်ပွဲအစီအစဉ်ကို ချွတ်ယွင်းစေတာကလည်း ရှင့်ရဲ့ကိုယ်ပိုင်ဆန္ဒပဲ။ နောက်ဆုံးမှာ နိုင်ပွဲရသွားတာဆိုတော့ ကျွန်မကလည်း ရလဒ်ကိုပဲကြည့်တယ်။ ဒါကြောင့် ကျွန်မက ရှင့်ကို အပြစ်ပေးဖို့ မရှိဘူး” မင်းသမီးဒွန်ဟောင်က ထိုသို့ပြောလျှင် လူအများအပြား၏အမူအရာကို ပျက်ယွင်းသွားစေသည်။

“ဒါပေမဲ့…” မင်းသမီးဒွန်ဟောင်က ပြောမပြီးသေးပေ။ ထိုစကားနှင့်အတူ လူတိုင်း၏အာရုံက သူမထံသို့ ရောက်လာကာ ထွက်လာမည့်စကားကို သေသေချာချာ မျှော်လင့်စောင့်စားနေကြသည်။

“ကျွန်မမှာ ရှင့်ကို အပြစ်ပေးဖို့ အကြောင်းပြချက်မရှိသလို ကောင်းကင်ဒေသက တခြားအင်အားစုတွေဟာလည်း တိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ သူတို့ကလည်း အများကြီးအကျိုးဆောင်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် သူတို့က ရှင့်ကြောင့် ထိခိုက်မှုတွေအတွက် ရှင့်ကို မုန်းတီးနေတာကို တားဆီးဖို့ ကျွန်မ ဆန္ဒမရှိဘူး။ ဒါကြောင့် ကောင်းကင်ဒေသမှာ အင်အားစုတွေနဲ့ ရှင့်ကြားက ပဋိပက္ခတွေမှာ ကျွန်မက ဘယ်ဘက်မှ ပါမှာ မဟုတ်ဘူး။ ရှင်တို့က တိုက်ခိုက်ချင်တယ်ဆိုရင် ကျွန်မ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအောက်က တိုက်ခိုက်နိုင်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရှင့်မှာ သဘောမကျတာရှိလား” မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

မင်းသမီး၏စကားကိုကြားလျှင် ရှန်ကလန်မှ တန်ခိုးရှင်များအားလုံး စိတ်အေးသွားကြသည်။ ကြည့်ရသည်မှာ မင်းသမီးသည် သူမ လုပ်ဆောင်သည်များအား သေသေချာချာတွေးဆပြီးဖြစ်ကာ ဆုပေးခြင်းနှင့် အပြစ်ပေးခြင်းအား မျှတစွာ ခွဲခြားထားသည်။ ထိုမျှက သူတို့အတွက် လုံလောက်ပြီဖြစ်သည်။

မင်းသမီးက ရီဖူရှင်းအား အမှန်တကယ် ကွပ်မြက်မည်ဟုတော့ သူတို့ မမျှော်လင့်ထားကြပေ။ ထိုကိစ္စက မဖြစ်နိုင်ပေ။ သူတို့၏အဓိက ရည်ရွယ်ချက်က မင်းသမီးအနေဖြင့် သူတို့နှင့် ရီဖူရှင်းအကြား ပါဝင်စွက်ဖက်ခြင်းမရှိရန် ဖြစ်သည်။

အကယ်၍ မင်းသမီးကာ ရီဖူရှင်းကို အလေးပေးကာ ကာကွယ်ပေးမည်ဆိုပါက အရာအားလုံးမှာ နောက်ကျသွားပေလိမ့်မည်။

မင်းသမီးလက်အောက်မှလူကို မည်သူက သတ်ဖြတ်ရဲမည်နည်း။

“မင်းသမီးရဲ့ ဆုပေးဒဏ်ပေးစနစ်က ရှင်းလင်းပါတယ်။ ကျွန်တော့အနေနဲ့ ကန့်ကွက်စရာမရှိပါဘူး” ရီဖူရှင်းက ခေါင်းညိတ်သည်။

သည်ဆုံးဖြတ်ချက်က အလွန်မျှတသည်ဟု အားလုံးက ခံစားမိကြ၏။ သို့သော်လည်း ရီဖူရှင်းအတွက်မူ အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်လာသည်။

ထိုအခိုက်တွင် သူ့အား သတ်ဖြတ်လိုသော အဖွဲ့အစည်းမှာ ပိုမိုများပြားလာခဲ့တော့သည်။

မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်သည်။ သူမက ရှန်ကလန်မှ တန်ခိုးရှင်များအား ကြည့်ကာ မေးလိုက်သည် “ရှင်တို့ကော ဘယ်လိုလဲ။ သဘောမကျတဲ့အချက်ရှိလား”

“ကျုပ်တို့က မင်းသမီးရဲ့သဘောကို ကန့်ကွက်စရာမရှိပါဘူး” ရှန်ကောင်းက ခေါင်းညိတ်သည်။ သည်ရလဒ်ကား သူ့အတွက် အလွန်ကောင်းမွန်နေသည်။

“ကောင်းတယ်” မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်သည်။

“မင်းသမီး… ကျုပ်တို့ ရှန်ကလန်က ရီဖူရှင်းနဲ့ အရင်ကတည်းက ရန်ငြိုးတွေရှိပါတယ်။ အခုတိုက်ပွဲအဖြစ်အပျက်ပါ ထပ်ပေါင်းရင် ကျုပ်တို့က ဒီအတိုင်း ငြိမ်မနေနိုင်တော့ပါဘူး။ ရီဖူရှင်းဟာ ကောင်းကင်အာဏာစက်ကျောင်းတော်က ဖြစ်တယ်။ တကယ်လို့ ကောင်းကင်အာဏာစက်ကျောင်းတော်ဖြစ်စေ၊ တခြားအင်အားစုတွေ ဖြစ်စေ ဝင်စွက်ဖက်မယ်ဆိုရင် ကျုပ်တို့ ရှန်ကလန်နဲ့ မဟာမိတ်တွေလည်း ဝင်ပါရပါလိမ့်မယ်” ရှန်ကောင်းက ပြောသည်။

“ဒီတိုက်ပွဲမှာ တခြား ဘယ်အင်အားစုတွေ ပါဝင်ချင်သေးလဲ” မင်းသမီးဒွန်ဟောင်က လူအုပ်ကို ကြည့်ကာ မေးသည်။

“ကျုပ်တို့ ရွှေရောင်နတ်ပြည်ထောင်လည်း ပါဝင်ပါ့မယ်” ကိုက်ထန်က ပြောသည်။

“ကျုပ်တို့ ထိုက်ချူတော်ဝင်မြေလည်း ပါမယ်” ထိုက်ချူတော်ဝင်မြေကလည်း ပြောသည်။

“သိုင်းနတ်ဘုရားကလန်လည်း ပါမယ်”

“အင်ပါယာကြယ်ကျောင်းတော်ကလည်း ပါဝင်မယ်”

တစ်ဖွဲ့ပြီးတစ်ဖွဲ့ သူတို့၏သဘောများကို ထုတ်ဖော်ကြ၏။ ကြည့်ရသည်မှာ သူတို့က မူလကတည်းက အချိန်းအချက်ပြုလုပ်ထားပြီးဖြစ်ဟန်ရသည်။ သူတို့အားလုံးက ရီဖူရှင်းအား သတ်ဖြတ်လိုကြသည်။

ဘုံသုံးထောင်မှ မြောက်များစွာသောလူတို့က ရီဖူရှင်း ထင်ပေါ်ကျော်ကြားလာသည်ကို တွေ့မြင်လိုကြ၏။ တစ်ဘက်တွင် ထိုသို့သော ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာမည်ကို မလိုလားသော အင်အားစုလည်း အများအပြားရှိ၏။ အထူးသဖြင့် ရီဖူရှင်းနှင့် ရန်ငြိုးရှိသော အင်အားစုများက ရီဖူရှင်း အဆင့်မြင့်လာမည်ကို မလိုလားကြပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် သူ့မဟာမိတ်များသည် အလွန်အားကောင်းသည်။ ရီဖူရှင်းသာ ထိပ်ဆုံးသို့ ရောက်သွားပါက သူတို့သည် ဘုံသုံးထောင်ကို အုပ်စိုးပေလိမ့်မည်။ ဤတွင် တခြားအင်အားစုများမှာ သေချာပေါက် ရီဖူရှင်းအား ဦးညွှတ်ရပေလိမ့်မည်။

သည်တစ်ကြိမ်တွင် နေမင်းနတ်နန်းတော်ကလည်း တိုက်ပွဲတွင် ပါဝင်မည်ဟု ကြေညာ၏။

“နန်ထျန်းနတ်ပြည်ထောင်ကလည်း တိုက်ပွဲမှာ ပါဝင်မယ်” အင်ပါယာနန်က ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ ထောက်ခံသည်။ သို့တိုင်အောင် ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်မှ အင်အားစုများမှာ အလွန်အားနည်းနေသေးသည်။

တစ်ဘက်တွင် သူတို့က မင်းသမီးဒွန်ဟောင်၏စည်းမျဉ်းအောင်တွင် တိုက်ခိုက်ရမည်ဖြစ်ရာ များစွာ စိတ်ပူရန် မလိုပေ။

အင်အားစုများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ သဘောထားထုတ်ပြန်ကြ၏။ နောက်ဆုံးတွင် မင်းသမီးဒွန်ဟောင်က မေးသည် “ထပ်ရှိသေးလား”

“ဘုံကိုးခုက မငြိမ်မသက်ဖြစ်နေတာပဲ။ ရီဖူရှင်းက လူအများကြီးရဲ့အမုန်းတရားကို ခံနေရတာ ထူးဆန်းတဲ့ကိစ္စပဲ။ ကြည့်ရတာ ထျန်ရှင်းကျောင်းတော်က နတ်ဘုရားအကြွင်းအကျန်နယ်မြေအပြင်ဘက်က တိုက်ပွဲမှာ ဝင်မပါခဲ့သင့်ဘူး။ မဟုတ်ရင် ဒီလို မငြိမ်မသက်ဖြစ်မှာ မဟုတ်ဘူး” ထျန်ရှင်းကျောင်းတော် အကြီးအကဲက ပြောသည်။ ထို့နောက် သူက ဆက်ပြောသည် “မင်းသမီး… ရီဖူရှင်းက ဒီတိုက်ပွဲကို အစပြုခဲ့မှတော့ တကယ်လို့ ရီဖူရှင်းသာ တိုက်ပွဲမှာ သေဆုံးသွားရင် အရာအားလုံး အဆုံးသတ်ဖို့ ကျုပ်မျှော်လင့်ပါတယ်”

မင်းသမီးက ကျန့်အော့နှင့် တခြားလူများကို ကြည့်ကာ မေးသည် “ရှင်တို့ ဘယ်လိုထင်လဲ”

“ကျုပ်တို့က ငြင်းစရာမရှိပါဘူး” ရှန်ကောင်းက ပြောသည်။ ရီဖူရှင်းအား အန္တရာယ်ကြီးမားလှသည်။ တခြားအင်အားစုများက သိပ်ပြဿနာမဟုတ်ပေ။ ရီဖူရှင်းသာ သေဆုံးသွားလျှင် သူတို့မဟာမိတ်မှာလည်း ပြိုကွဲသွားပေလိမ့်မည်။

ရီဖူရှင်း၏သေဆုံးခြင်းက အရာအားလုံးကို အဆုံးသတ်သွားပေလိမ့်မည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့ ထျန်ရှင်းကျောင်းတော်ကလည်း ပါဝင်ပါ့မယ်။ ကျုပ်တို့က မူလဘုံကို မြန်မြန်ဆန်ဆန်ပဲ ငြိမ်သက်အေးဆေးသွားစေဖို့ မျှော်လင့်ပါတယ်” ကျန့်အော့က အမှန်တရားဘက်တော်သားတို့၏လေသံဖြင့် ပြောသည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်ဘက်ကို လှမ်းကာ ပြောသည်။ “ကျုပ်က ရီဖူရှင်းကို တောင်းပန်ဖို့ပဲ တတ်နိုင်တော့တယ်”

“အဖေ…” ကျန့်ချန်ကျူက အော်ဟစ်လိုက်သည်။ သူ့အဖေက အဘယ်ကြောင့် ထိုသို့ လုပ်သည်ကို သူနားမလည်ပေ။

သူတို့က ရီဖူရှင်းနှင့် ရန်ငြိုးမရှိပေ။ အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။

ရီဖူရှင်းက ကျန့်အော့ကို ထူးဆန်းစွာ ကြည့်သည်။ သူက စိတ်ဝင်တစားမေးသည် “နောက်ဆုံးတစ်ခေါက်က အရိပ်ဘုံမှာ ကျုပ် အသက်အန္တရာယ်နဲ့ကြုံနေတာမြင်ပေမဲ့ အကြီးအကဲက မသိချင်ယောင်ဆောင်ပြီး ထွက်သွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်က စိတ်ထဲမထားဘဲ စစ်မြေပြင်မှာ ခင်ဗျားတို့ ကျောင်းတော်က လူတွေအများကြီးကို ကူညီကယ်တင်ပေးခဲ့သေးတယ်။ အကြီးအကဲက ဘာလို့ ကျေးဇူးကန်းရတာလဲ သိချင်တယ်။ ပြီးတော့ ခင်ဗျားက အမှန်တရားဆိုတဲ့ခေါင်းစဉ်ကို တပ်ထားသေးတယ်”

***

Comment

Leave a Reply

Options

not work with dark mode
Reset