ကျန့်အော့၏စကားကိုကြားလျှင် ရီဖူရှင်းက သူ့အား လှမ်းကြည့်လိုက်သည်။
မူလက ကျင့်အော့သည် ရီဖူရှင်း အသက်အန္တရာယ်နှင့်ကြုံနေသည်ကိုမြင်သည့်တိုင် မျက်တောင်တစ်ချက်မခတ်ခဲ့ပေ။ တစ်ဘက်တွင် ရီဖူရှင်းသည် စစ်မြေပြင်၌ ထျန်းရှင်းကျောင်းတော်မှ လူအများအပြားကို ကယ်တင်ခဲ့၏။ ကျန့်အော့က ကျေးဇူးမတင်လျှင်ပင် ဤသို့သော စကားများ ပြောမည်ဟု မထင်ထားခဲ့ပေ။
ရီဖူရှင်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ကျန့်အော့က သူ့အား အဘယ်ကြောင့် ပစ်မှတ်ထားရသနည်း။
သူတို့နှစ်ဦးကြားတွင် မည်သည့်ပဋိပက္ခမှ မရှိဖူးပေ။ ကျန့်အော့ကဲ့သို့ အဆင့်မှလူတစ်ဦးက အကျိုးအကြောင်းတစ်စုံတစ်ရာမရှိဘဲ ဤသို့ လုပ်ဆောင်မည် မဟုတ်ပေ။ သူက ကျန့်ချန်ကျူအတွက် လုပ်ဆောင်နေခြင်းလား။
ရီဖူရှင်းက ကျန့်ချန်ကျူအတွက် အတားအဆီးဟု သူက တွေးထင်သောကြောင့်များလား။
အမှန်တော့ ရီဖူရှင်း မပေါ်လာခင်က ကျန့်ချန်ကျူသည် သူ့မျိုးဆက်၌ အတော်ဆုံးဖြစ်သည်မှာ မှန်ကန်သည်။ တစ်ဘက်တွင် ကျန့်အော့က ကျန့်ချန်ကျူအား မင်းသမီးဘေးတွင် အမှုတော်ထမ်းရန် လိုလား၏။
ကျန့်ချန်ကျူသည်ပင် ကျန့်အော့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်သည်။ ကျန့်မိသားစုက သူ့အပေါ်တွင် မျှော်လင့်ချက်ကြီးမားသည်ကို သူသိနားလည်၏။ တစ်ဘက်တွင် သူသည် မိသားစု၏မျှော်မှန်းချက်နှင့်ကိုက်ညီအောင် အမြဲတစေ ကြိုးစားအားထုတ်ခဲ့သည်။
ရီဖူရှင်းသည် ပြိုင်စံရှားသော အရည်အချင်းများနှင့် ဘုံကိုးခုတွင် လျှမ်းလျှမ်းတောက်ကျော်ကြားလာသည့်တိုင် သူတို့သည် ကိုယ်ပိုင်လမ်းကြောင်းကိုယ်စီကို လျှောက်လှမ်းနေကြခြင်းဖြစ်သည်။
ထို့အပြင် ရီဖူရှင်းက သူ၏စွမ်းရည်အစစ်အမှန်ကို ဖုံးကွယ်ခဲ့သည်ဆိုသည့်တိုင် စစ်မြေပြင်၌ သူ၏ကူညီမှုမှာ သိသာထင်ရှားသောအချက်ဖြစ်သည်။ ရီဖူရှင်းက ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်အများအပြားကိုလည်း ကယ်တင်ခဲ့သေးသည်။
“အဖေပြောတာကို ကျုပ်သဘောမတူဘူး” ထိုအချိန်တွင် ကျန့်ချန်ကျူသည် ရှေ့ကို တက်လာ၏။
သူက ရင်ပြင်ထက်တွင်ရှိနေသော မင်းသမီးအား ဦးညွှတ်ကာ ပြောသည် “အရှင့်သမီးက စစ်မြေပြင်မှာ ဖြစ်ခဲ့တာကို တွေ့မှာပါ။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်ကလူတွေရဲ့ဘေးကင်းမှုကို ဦးစားပေးတယ်ဆိုတာ ဖြစ်သင့်တဲ့သဘာဝပဲမလား။ ကျုပ်ဆိုရင်လည်း ဒီလိုပဲ လုပ်မှာပဲ။ ဒီမှာရှိတဲ့လူတွေအားလုံးက အသက်ကိုစတေးပြီး ဘယ်သူတိုက်ခိုက်ရဲလို့လဲ”
“ထျန်ရှင်းကျောင်းတော်ကလူတွေရဲ့ဘေးကင်းမှုအပြင် ရီဖူရှင်းက တခြားလူတွေကိုလည်း တတ်နိုင်သလောက် ကူညီခဲ့သေးတယ်။ ပြီးတော့ စစ်မြေပြင်မှာ သူဟာ ရန်ဟောင်အများအပြားကို သတ်ဖြတ်ခဲ့သလို သူ့ကြောင့်သာ ကျုပ်တို့က စစ်ပွဲကို အနိုင်ရခဲ့တာလို့ ပြောလို့ရတယ်။ သူ ကယ်တင်ခဲ့လို့ အသက်ရှင်ခဲ့တဲ့သူတွေက သူ့ကို ပြန်ပြီး အပြစ်တင်တာဟာ မှန်ကန်တဲ့အပြုအမူလို့ ကျုပ် မထင်ဘူး”
ကျန့်ချန်ကျူ၏စကားကိုကြားလျှင် လူအများအပြားက သူ့အား လှမ်းကြည့်ကြသည်။ မင်းသမီးဒွန်ဟောင်သည်ပင် သူ့အား အလေးအနက်ကြည့်၏။
ဤအခြေအနေတွင် ကျန့်ချန်ကျူက ရီဖူရှင်းဘက်မှ ရပ်တည်ပြောဆိုရန်မှာ ကြီးမားသော သတ္တိနှင့် ခိုင်မာသောစိတ်ဓာတ်တို့ ရှိရန်လိုအပ်သည်။ ယခုတွင် အဖွဲ့အစည်းများစွာက ရီဖူရှင်းကို ပစ်မှတ်ထားနေကြ၏။ ဘုံကိုးခုအတွင်း၌ရှိနေသော ကောင်းကင်ဒေသမှ အင်အားစုခွဲများသည်လည်း ရီဖူရှင်းကို အမြင်မကြည်ကြပေ။ ယခုတွင် သူတို့အားလုံး တစ်ဖွဲ့တည်းဖြစ်နေသည်။
ထိုသို့သောအခြေအနေတွင် ရီဖူရှင်းဘက်မှ ရပ်တည်ပြောဆိုခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
“ရပ်လိုက်စမ်း။ ဒီနေရာက မင်းဝင်ပြောရမယ့်နေရာ မဟုတ်ဘူး” ကျန့်အော့က ကျန့်ချန်ကျူကို ကြိမ်းမောင်းလိုက်၏။
ကျန့်အော့က ကျန့်ချန်ကျူ၏မျက်လုံးများကို စိုက်ကြည့်သည်။ သူ့အကြည့်တွင် မယုံကြည်နိုင်လောက်အောင် စိတ်ပျက်မှုများ ပါဝင်နေသည်။ သို့သော်လည်း ကျန့်ချန်ကျူက ကျန့်အော့၏မျက်လုံးများကို ရှောင်လွှဲခြင်းမပြုပေ။
ကျင့်ကြံသူများက အပြစ်ကင်းသောနှလုံးသားကို ပိုင်ဆိုင်သင့်သည်မဟုတ်လား။ ကျန့်အော့က အဘယ်ကြောင့် သူ့စိတ်နှလုံးကို ဆန့်ကျင်နေရသနည်း။
ရီဖူရှင်းလည်း အနည်းငယ်အံ့အားသင့်သွားသည်။ ကျန့်ချန်ကျူက သူ့အတွက် ပြောပေးမည်ဟု မထင်ထားပေ။ တစ်ဘက်တွင် ကျန့်အော့၏သဘောကို ရီဖူရှင်းက တွက်ဆရခက်နေသည်။
ကျန့်အော့ ဘာလိုချင်သနည်း။
ဒွန်ဟောင်မင်းသမီး၏အကြည့်များက ရီဖူရှင်းထံသို့ ရောက်လာသည်။ သူမက ပြောသည် “ယန်ဓာတ်စွမ်းအားနဲ့ပတ်သက်ပြီး ရှင် ဘယ်လိုရှင်းပြမလဲ”
သူမ၏စကားကိုကြားလျှင် လူအများက ရီဖူရှင်းကို အာရုံစိုက်ကြသည်။ သူတို့အားလုံး ထိုအချက်ကို သံသယဝင်သော်လည်း အရေးကြီးသောကိစ္စဖြစ်ရာ ကိုယ်စီအတွေးများရှိသည်မှလွဲ၍ မင်းသမီးဖြေရှင်းမည်ကိုသာ စောင့်ဆိုင်းနေခဲ့ကြ၏။ ယခု မင်းသမီးက စတင်မေးခွန်းထုတ်ရာ သူတို့အားလုံး စိတ်ဝင်တစား ဖြစ်လာကြသည်။
ရီဖူရှင်းက ခေါင်းညိတ်သည် “အဲဒီနေ့က အရိပ်ဘုံမှာ မကောင်းဆိုးဝါးဘုံက တန်ခိုးရှင်တွေလိုက်သတ်ဖြတ်တာခံရပြီး အရိပ်ဘုံရဲ့ ဗဟိုနေရာသို့အထိ မတော်တဆ ရောက်သွားခဲ့တယ်။ အဲဒီနေရာမှာ သာမန်စွမ်းအားနဲ့အသက်ရှင်ဖို့ မဖြစ်နိုင်လို့ မဟာအင်ပါယာရဲ့စိတ်အသိကို အသက်သွင်းပြီး ကာကွယ်ခဲ့ရတယ်။ တစ်ဘက်မှာ မဟာအင်ပါယာရဲ့စိတ်အသိအကူအညီနဲ့ ယန်ဓာတ်စွမ်းအားအနည်းငယ်ကိုလည်း သန့်စင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ယန်ဓာတ်စွမ်းအားက အရမ်းအားပြင်းတယ်။ စွမ်းအားကို သန့်စင်ပြီးတာတောင်မှ ကျုပ်ခန္ဓာကိုယ်က မတောင့်ခံနိုင်ဘဲ အဲဒီနေရာမှာပဲ မေ့မြောသွားခဲ့တယ်။ ကျုပ် ပြန်ပြီး နိုးလာတော့ ယန်ဓာတ်စွမ်းအားက ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးနေပြီ။ ဒါပေမဲ့ အဲဒါက ဘယ်လောက်စွမ်းလဲ ကျုပ် မသိဘူး။ ဒါကို ထုတ်သုံးတာ ကျုပ်အတွက် ပထမဆုံးပဲ။”
ရီဖူရှင်းဆိုလိုသည်ကား သူကိုယ်တိုင်က သူ့ကိုယ်ပိုင်စွမ်းရည်ကို နားမလည်ရာ သူ့အနေဖြင့် စစ်မြေပြင်၌ စွမ်းအားများကို လျှိုထားခြင်းမဟုတ်ဟုပင်။
သူ့အနေဖြင့် နတ်ရတနာအား ပိုင်ဆိုင်သည်ဟု ဝန်ခံမည် မဟုတ်ပေ။ သူသာ နတ်ရတနာအား ပိုင်ဆိုင်ကြောင်း လူအများသိသွားလျှင် သူ့အား သတ်ဖြတ်လိုသူ ပို၍ပင် များပြားလာပေလိမ့်မည်။
ထို့အပြင် အရိပ်ဘုံ၏ပင်မအမြုတေ၌ မည်မျှအန္တရာယ်ကြီးမားသည်ကို လူအားလုံးက သိကြပေသည်။ ရီဖူရှင်း၏အဆင့်ဖြင့် နတ်ရတနာအား ရယူနိုင်မည်ဟု မည်သူမှ ယုံကြည်မည် မဟုတ်ပေ။
သို့တိုင်အောင် ရီဖူရှင်း၏တည်ရှိမှုက ထိုအင်အားစုများအတွက် အလွန်အန္တရာယ်ရှိနေသည်။
“အခုကတော့ မင်းကြိုက်သလောက် ငြင်းနိုင်တယ်” ရှန်ကောင်းက အေးစက်စွာ ပြောသည်။ ထို့နောက် သူက မင်းသမီးကို လှမ်းပြောသည် “အရှင့်သမီး…ရှန်ကလန်က အနည်းဆုံး ရန်ဟောင်ဆယ်ယောက်လောက် သေဆုံးခဲ့တယ်။ သူတို့ဟာ ရှန်ကလန်ရဲ့အဓိကလူတွေပဲ။ သူတို့ဟာ အရမ်းပဲ ပါရမီမြင့်တယ်။ ကျုပ်တို့ အားနည်းဆုံး ရှုံးတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျုပ်တို့ ရှန်ကလန်က သေရေးရှင်ရေးတမျှ တိုက်ခိုက်နေချိန်မှာ တစ်စုံတစ်ယောက်က အစွမ်းတွေ လျှိုထားတယ်။ ဒါကြောင့်ပဲ မလိုလားအပ်တဲ့ အဆုံးအရှုံးတွေ အများကြီးဖြစ်ရတယ်။ ကျုပ်တို့ ရှန်ကလန်က တစ်စုံတစ်ခုကို တောင်းဆိုဖို့ မထိုက်တန်ပါဘူး။ မင်းသမီးအနေနဲ့ ဆုပေးဒဏ်ပေးကို ဝေဖန်ဖို့ မရဲပါဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး ကျုပ်တို့ ရှန်ကလန်က ကောင်းကင်အာဏာစက်ကျောင်းတော်ကို တရားဝင်စစ်ကြေညာပါမယ်”
ယနေ့တွင် အခွင့်အရေးကြီးကြီးမားမားရလာသည်။ မူလဘုံတိုက်ပွဲအတွက် အင်အားစုများအားလုံး လာရောက်စုစည်းကြရာ တူညီသော အကျိုးအမြတ်အတွက် အင်အားစုများအားလုံး ပူးပေါင်းပါဝင်ကာ ရီဖူရှင်းကို ချေမှုန်းလိုကြပေသည်။
နောက်ဆုံးတစ်ကြိမ်က မင်းသမီးသည် မူလလုံတိုက်ပွဲအတွက် စည်းမျဉ်းများ ချမှတ်ခဲ့သည်။ သူတို့က တိုက်ပွဲအတွက် နတ္တိအင်ပါယာနန်းတော်ကို အဆိုပြုလွှာတင်ကာ အပြစ်မရှိသူအား မထိခိုက်စေရန် ကတိကဝတ်ပြုရသည်။
ယခုတွင် သူတို့က အခွင့်အရေးကို အသုံးချ၍ တိုက်ပွဲအဆိုပြုလွှာတင်နိုင်ပေသည်။
အင်အားစုအများအပြား၏ဖိအားဖြင့်ဆိုပါက မင်းသမီးသည်လည်း သူတို့အကြားမှ ရန်ငြိုးကို ဝင်ရောက်စွက်ဖက်ရန် အနည်းငယ် စဉ်းစားရနိုင်ပေသည်။
ရီဖူရှင်းသည် အပြစ်ရှိကာ အသတ်ခံရသင့်သည်ဟု ပြောပါက မင်းသမီးက လက်ခံမည်မဟုတ်သည်မှာ သေချာ၏။
“ကျုပ်တို့ ရွှေရောင်နတ်ပြည်ထောင်ကလည်း တိုက်ပွဲအဆိုလွှာတင်ချင်ပါတယ်” ကိုက်ထန်က ပြောသည်။
ထို့နောက်တွင် တခြားအင်အားစုများကလည်း တိုက်ပွဲအဆိုပြုလွှာတင်ကြသည်။
သူတို့အားလုံး ရီဖူရှင်း မည်မျှသန်မာသည်ကိုမြင်ကြရာ သူ့အား ဆက်လက်ကြီးထွားရန် အခွင့်အလမ်း မပေးလိုကြတော့။
လေထုသည် တင်းကြပ်လာသည်။ ထိုအင်အားစုများအားလုံးသည် မူလဘုံနှင့် ကောင်းကင်ဒေသတို့တွင် အင်အားအကြီးဆုံးဖြစ်သည်။ သူတို့၏အင်အားကို အထင်သေး၍ မရပေ။ မင်းသမီးသည်ပင် သူတို့၏တည်ရှိမှုကို လျစ်လျူမရှုနိုင်ပေ။ ထိုအင်အားစုများမှာ ကောင်းကင်ဒေသမှ အမှီသဟဲပြုရသော အင်အားစုများဖြစ်သည်။
ကောင်းကျွင်းသည် မင်းသမီးဒွန်ဟောင်၏နောက်တွင် ရပ်နေသည်။ သူ၏အကြည့်က လူအများထံသို့ ရောက်လာ၏။ ထိုအကြည့်ကား အေးစက်ကာ စူးရှသည်။
ယနေ့တွင် သူတို့က ရီဖူရှင်းကို အပြစ်တင်နေကြခြင်းဖြစ်သော်လည်း တစ်ဘက်တွင် မင်းသမီးကို ဖိအားပေးနေကြခြင်းလည်းဖြစ်သည်။
ရီဖူရှင်း၏အလားအလာအပေါ် ကြောက်လန့်နေကြသော သူတို့၏စိတ်နှလုံးသားအား သူတွေ့မြင်နေရသည်။ ထိုသို့သောလူက အမြင့်ပျံမည်ကို မလိုလားကြပေ။ ထို့ကြောင့် ရီဖူရှင်း အတောင်မစုံခင် ရိုက်ချပစ်လိုကြသည်။ မင်းသမီးက ရီဖူရှင်း အပြစ်ရှိမရှိ မဆုံးဖြတ်မှီကပင် ရိုက်ချလိုကြသည်။ ဤနည်းက မင်းသမီးအား ရီဖူရှင်းအပေါ် ဆုလဒ်ချီးမြင့်ခြင်းမှ တားဆီးလိုခြင်းလည်း ဖြစ်သည်။
အကယ်၍သာ ရီဖူရှင်းကို မင်းသမီးက ဆုချီးမြှင့်ကာ သူ့အား ပိုမိုတိုးတက်အောင်မြင်လိုခဲ့လျှင် အရာအားလုံးမှာ တားဆီးမရဖြစ်သွားပေလိမ့်မည်။
သူတို့အားလုံးမှာ မြေခွေးအိုကြီးများဖြစ်ရာ အလွန်အတွက်အချက် တော်ပေသည်။
သူတို့အားလုံးက ရီဖူရှင်းတစ်ယောက်သာမဟုတ်၊ မင်းသမီးကိုလည်း ထည့်သွင်းတွက်ချက်နေကြခြင်းဖြစ်သည်။
ထိုအခိုက်တွင် ပြင်းထန်သောအရှိန်အဝါနှစ်ခု ကောင်းကင်မှ ကျဆင်းလာ၏။ လူအများက လှမ်းကြည့်လျှင် လူနှစ်စု ရောက်လာသည်ကို မြင်ကြ၏။
သူတို့မှာ မကောင်းဆိုးဝါးဘုံနှင့် မှော်နက်အဖွဲ့မှ လူများဖြစ်ကြသည်။
မကောင်းဆိုးဝါးအင်ပါယာဘုံကို ရှစ်ရှဲက ဦးဆောင်လာခြင်းဖြစ်ကာ မှော်နက်အဖွဲ့အား မြေအောက်အရှင်က ဦးဆောင်လာပြီး သူက ရီဖူရှင်းအား သတ်ဖြတ်လိုသောအငွေ့အသက်များပြင်းထန်စွာဖြင့် ကြည့်နေသည်။
“နတ္တိအင်ပါယာနန်းတော်နဲ့ မှော်နက်အဖွဲ့က ရှုံးပြီးသွားပြီမလား။ ခင်ဗျားတို့က သဘောတူညီချက်ကို ဖောက်ဖျက်ပြီးတော့ စစ်ပွဲစတင်ချင်တာလား” ကောင်းကျွင်းက တစ်ဘက်လူများကို အေးစက်စွာကြည့်ကာ ပြောသည်။
“ကျုပ်တို့က ရှုံးသွားပြီးမှတော့ ဘာမှ ပြောစရာမရှိပါဘူး” ရှစ်ရှဲက ပြောသည် “ဒါပေမဲ့ ဒီကို ရောက်လာတာ သဘောတူညီချက်ကို ချိုးဖောက်တာလည်း မဟုတ်ဘူး။ ကျုပ်တို့က မူလဘုံကိစ္စတွေမှာ ဝင်စွက်ဖက်စရာမရှိဘူး။ ခင်ဗျားတို့ လုပ်စရာရှိတာတွေကို လုပ်ကြပါ။ ကျုပ်တို့ကို လျစ်လျူရှုထားတာ အကောင်းဆုံးပါပဲ”
လူအများအပြားက မျက်မှောင်ကြုတ်လိုက်ကြသည်။ တခြားပင်မအင်အားကြီးနှစ်ဖွဲ့သည် သူတို့၏အရှုံးအတွက် မကြေမနပ်ဖြစ်သည်မှာ သေချာသည်။ ထို့အပြင် ရီဖူရှင်းက သူတို့၏လူအများအပြားကိုလည်း သတ်ဖြတ်ခဲ့သေးသည်။
***