Switch Mode

အပိုင်း (၁၈၄၅)

သူမည်သို့ အပြစ်ပေးခံရသင့်သနည်း။

နတ္ထိအင်ပါယာနန်းတော်၌ မင်းသမီးဒွန်ဟောင်နှင့်အခြားသူများသည် လှေကားပေါ်တွင် မတ်တပ်ရပ်နေကြသည်။သူတို့၏အောက်တွင် အဖွဲ့ပေါင်းစုံမှ စွမ်းအားကြီးပုဂ္ဂိုလ်မှာအားလုံး ဤနေရာတွင်ရှိကြသည်။နတ္ထိအင်ပါယာနန်းတော်အရှင်သည် ရှေ့သို့ထွက်ပြီး အသာအယာဦးညွှတ်ကာပြောလိုက်သည်။ ”အရှင်မင်းသမီး ကောင်းကင်ဒေသမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက သွေးချောင်းစီးတိုက်ပွဲမှာ သတ္တိရှိရှိတိုက်ခိုက်ပြီး ကံကောင်းစွာနဲ့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့ပါတယ်” မင်းသမီးဒွန်ဟောင်သည် လူအုပ်ကိုကြည့်ပြီးစကားပြောလိုက်သည်။ ”မူလဘုံစစ်ပွဲမှာ မင်းတို့ရဲ့ အစွမ်းရှိသမျှ တိုက်ခိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ငါတို့အနေနဲ့ စစ်ပွဲမှာပါဝင်ခဲ့တဲ့ လူတွေရဲ့နာမည်တွေနဲ့ စစ်ပွဲဖြစ်စဉ်ကိုမှတ်တမ်းတင်ထားမယ်။မင်းတို့ရဲ့လုပ်‌ေဆာင်ချက်တွေပေါ်မူတည်ပြီး ဆုလာဘ်ချီးမြှင့်မယ်”

စွမ်းအားကြီးပုဂ္ဂိုလ်များသည် ခေါင်းငြိမ့်လိုက်သည်။သူတို့သည် ပြိုင်ဘက်များကို အနိုင်ရယူနိုင်ခဲ့သော်လည်း ထိုခဏတွင်နတ္ထိအင်ပါယာနန်းတော်၏အခြေအနေသည်အနည်းငယ်ထူးဆန်းနေပြီး ပျော်ရွှင်ဝမ်းမြောက်ခြင်းလဲမရှိကြပေ။နောက်ဆုံးမှာ ဤတိုက်ပွဲတွင် အထူးချွန်ဆုံးစွမ်းဆောင်နိုင်ခဲ့သူမှာ ရီဖူရှင်းဖြစ်ပြီး အဖွဲ့ပေါင်းစုံမှ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အရှုံးကိုခံစားခဲ့ရသည်။

“ရီဖူရှင်းက တိုက်ပွဲအခြေအနေကိုပြောင်းလဲဖို့ ဒီတစ်ကြိမ်မှာ အကောင်းဆုံးလုပ်ခဲ့တယ်။သူ့ကို ဂုဏ်ပြုချီးမြှင့်‌မှုအများဆုံးပေးသင့်တယ်” နတ္ထိအင်ပါယာနန်းတော်အရှင်သည် ပြုံးပြီးပြောလိုက်သည်။သူသည် ဤတိုက်ပွဲတွင် သူတို့‌သေချာပေါက်ရှုံးနိမ့်လိမ့်မည်ဟု အရင်ကတွေးခဲ့သည်။သို့သော် ရီဖူရှင်းသည် မမျှော်လင့်ဘဲ တိုက်ပွဲအခြေအနေကို တစ်ယောက်တည်းပြောင်းလဲခဲ့ပြီး ကောင်းကင်ဒေသမှစွမ်းအားကြီးပုဂ္ဂိုလ်များကို အောင်ပွဲဆီသို့ဦးဆောင်ခဲ့သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံး ပြုံးလိုက်ကြသည်။ဤတိုက်ပွဲတွင် ရီဖူရှင်း၏တိုက်ခိုက်မှုသည် အံ့အားသင့်ဖွယ်ဖြစ်သည်။

သို့သော် တွေးတောစဉ်းစားနေကြသည့် မဟာမိတ်များရှိနေကြသေးသည်။နန်ထျန်းနတ်ပြည်ထောင်၏အင်ပါယာနန်ကပြောလိုက်သည်။”ရီဖူရှင်းရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့တိုက်ပွဲအ‌‌ေခြအ‌ေန‌ေပြာင်းလဲသွားတယ်‌ဆို‌‌ပေမယ့် လူတိုင်းရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့လို့ ငါတို့အနိုင်ရခဲ့ခြင်းဖြစ်တယ်။တိုက်ပွဲမှာပါဝင်ခဲ့တဲ့သူတွေအားလုံးအတူတူပဲ ပြီးတော့ သေဆုံးခဲ့တဲ့သူတွေမှာလဲ သူတို့ရဲ့ပံ့ပိုးမှုတွေရှိတယ်။ချီးမြှင့်တာကို ညီတူညီမျှ လုပ်ကြရအောင်”

လူအများသည် အင်ပါယာနန်ကိုကြည့်လိုက်ကြပြီး အများစုမှာ အံ့ဩတုန်လှုပ်သွားကြသည်။သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏မဟာမိတ်တစ်ဦးဖြစ်ပြီး ရီဖူရှင်းကိုအလွန်လေးစားသူဖြစ်သည်။သူတို့သည် သာမန်ဆက်ဆံရေးသာရှိသော်လည်း အင်ပါယာနန်သည် သူ၏သမီးကို ကျောင်းတော်သို့ ကျင့်ကြံရန်သွားခွင့်ပြုထားသည်။သူသည် ရီဖူရှင်းအား သူ၏သမီးနန်လော့ရှန်းကိုစောင့်ရှောက်ဖို့အတွက် အင်နှင်းရန်ပင် ပြင်ဆင်နေသည်ဟုလူတစ်ချို့ကပြောနေကြသည်။ထို့ကြောင့် သူသည် ရီဖူရှင်းအားမည်မျှလေးစားသည်ကို ပြောနိုင်လေသည်။

သို့သော်ဤအချိန်၌သူပြောသောစကားများသည် ရီဖူရှင်း၏ အကျိုးဆောင်မှုကို ဖျက်ပစ်ချင်သကဲ့သို့ဖြစ်နေသည်။

အရှင်ထိုက်ရွှမ်၊ နတ်နန်းတော်အရှင်နှင့် အခြားသူများသည် အင်ပါယာနန်ဆိုလိုသည့်အဓိပ္ပါယ်ကို လျင်မြန်စွာတုံ့ပြန်နားလည်လိုက်သည်။အရှင်ထိုက်ရွှမ်သည်လည်းပြောလိုက်သည်။ ”အရှင်မင်းသမီး ကောင်းကင်ဒေသမှ ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့် ရီဖူရှင်း တိုက်ပွဲမှာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက သူ့အတွက်မျှော်လင့်ထားသည့်အတိုင်းပါပဲ။သူ့ကို ဆုချစရာမလိုအပ်ပါဘူး။အင်ပါယာနန်ပြောသည်က အလွန်မှန်ပါတယ်။ဒီတိုက်ပွဲမှာ အသေခံပြီးစတေးသွားသည့်သူတွေအတွက် ပိုပြီးဂုဏ်ယူသင့်ပါတယ်”

သူတို့၏ စကားများသည် နတ္ထိအင်ပါယာနန်းတော်၏အခြေအနေကို ပို၍ထူးဆန်းစေသည်။အောင်ပွဲခံသည့်အခြေအနေအရိပ်အယောင်လဲမရှိသလို ထိပ်သီးပုဂ္ဂိုလ်အများအပြားသည်လည်း တိတ်တဆိတ်ရပ်နေကြသည်။တိတ်ဆိတ်မှုသည် အနည်းငယ် ကြောက်စရာကောင်းသည်။

သူတို့သည် သားကောင်ကိုမုဆိုးကကြည့်နေသလိုမျိုး ရီဖူရှင်းအားစိုက်ကြည့်နေကြသည်။

ရီဖူရှင်းသည် အခြေအနေကို ကောင်းစွာနားလည်သည်။သူသည် ဦးညွှတ်ပြီးပြောလိုက်သည်။ ”အရှင်မင်းသမီး ကျွန်တော်က ကောင်းကင်ဒေသကဖြစ်ပြီး ကောင်းကင်ဒေသကိုစောင့်ရှောက်ကာကွယ်ရမှာက ကျွန်တော့်တာဝန်ပဲဖြစ်ပါတယ်။ဘာဆုလာဘ်မှ မလိုပါဘူး”

မင်းသမီးဒွန်ဟောင်သည် ရီဖူရှင်းအားကြည့်လိုက်သည်။သူမသည်လည်း အခြေအနေအရိပ်အယောင်၏ထူးဆန်းမှုကို ကောင်းကောင်းခံစားမိသည်။

“အရှင်မင်းသမီး ရီဖူရှင်းက အပြစ်ရှိတယ်လို့ ကျွန်တော်ခံစားရတယ်” ထိုအခိုက် အသံတစ်သံထွက်ပေါ်လာသည်။ထိုအသံသည် အလွန်ကျယ်လောင်ပြီးပဲ့တင်ထပ်နေသောကြောင့် နတ္ထိအင်ပါယာနန်းတော်အတွင်းနှင့် အပြင်ရှိလူတိုင်းကောင်းစွာကြားနိုင်သည်။ထိုခဏတွင် လူတိုင်းသည် စကား‌ပြောလိုက်သည့်လူကို အာရုံစိုက်လိုက်ကြသည်။

ရှန်ကလန်၏ထိပ်သီးပုဂ္ဂိုလ် ရှန်ကောင်းဖြစ်သည်။

သူသည် ရှေ့သို့တိုးကာ လှေကားထစ်များအောက်တွင်ရပ်လိုက်သည်။သူသည် မင်းသမီးဒွန်ဟောင်ကိုကြည့်ပြီးပြောလိုက်သည်။ ”ရီဖူရှင်းကို သူ့ရဲ့ ရာဇဝတ်မှုအတွက် ကွပ်မျက်သင့်တယ်လို့ ကျွန်တော်ခံစားရတယ်”

သူသည် ကွပ်မျက်ခြင်းကို ပြောဆိုလိုက်သည့်အခိုက်တွင် နတ္ထိအင်ပါယာနန်းတော်အတွင်းနှင့်အပြင်ရှိလူတိုင်းသည် ထိတ်လန့်သွားကြသည်။

အောင်ပွဲခံရန်အတွက် စွမ်းအားကြီးပုဂ္ဂိုလ်များပြန်လာသည်ကိုစောင့်ဆိုင်းနေကြသည့် မူလဘုံအပြင်ဘက်မှ ကျင့်ကြံသူများအားလုံးသည် အနည်းငယ်ရှုပ်ထွေးသွားကြသည်။

ရီဖူရှင်းသည် အပြစ်ရှိပြီး ကွက်မျက်ခံရသင့်သည်တဲ့လား။

ရီဖူရှင်းသည် အဖွဲ့သုံးဖွဲ့၏စစ်ပွဲအခြေအနေကို တစ်ယောက်တည်း ပြောင်းလဲခဲ့ပေမယ့် ယခုသူသည် ကွပ်မျက်ခံရသင့်သည်လား။

လူတိုင်းသည် အနည်းငယ်စိတ်ရှုပ်သွားပြီးနောက်မကြာမီ ဘာကိုဆိုလိုသည်ကို နားလည်သွားကြသည်။

အင်ပါယာနန်နှင့်အခြားသူများက ရီဖူးရှင်း၏လုပ်‌ေဆာင်ချက်ကို ဖျက်ပစ်ရန်ကြိုးစားသည်နှင့် ရီဖူရှင်းကိုယ်တိုင်ပင် ဆုလာဘ်အတွက် မတောင်းဆိုရဲသည်မှာအံ့ဩစရာမဟုတ်ပေ။

သေချာစွာကြည့်မည်ဆိုလျှင် ရီဖူရှင်း၏ပြစ်မှုများနှင့်လုပ်‌ေဆာင်ချက်များသည်အနည်းငယ်ရှုပ်ထွေးပုံရသည်။

“သူ့ကို ကွပ်မျက်သင့်တယ်ဟုတ်လား” မင်းသမီးဒွန်ဟောင်သည် ရှန်ကောင်းကိုကြည့်ပြီးမေးလိုက်သည်။သူမ၏ဘေးမှ ကောင်းကျွင်းနှင့်တုယူတို့သည်လည်း ရှန်ကောင်းကိုကြည့်နေကြသည်။သူတို့သည် ရှန်ကလန်မှ ထိုထိပ်သီးပုဂ္ဂိုလ်ကိုသိထားသည်မှာ သဘာဝကျပေသည်။

“ဟုတ်တယ်” ရှန်ကောင်းကပြောလိုက်သည်။ ”မူလဘုံရဲ့တိုက်ပွဲက ကောင်းကင်ဒေသ၊မှော်နက်တပ်ဖွဲ့နှင့်နတ္ထိအင်ပါယာဘုံတို့ကြားက တိုက်ပွဲတစ်ခုဖြစ်တယ် ဒါပေမယ့် ရီဖူရှင်းက တမင်သက်သက်သူ၏စွမ်းအားတွေကို ဖုံးကွယ်ပြီးအကောင်းဆုံးမလုပ်ခဲ့ဘဲ အစပိုင်းမှာ စစ်ပွဲကို မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့တာကြောင့် ကျွန်တော်တို့အနေနဲ့ မူလဘုံကိုတောင်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ရီဖူရှင်းက အစွမ်းထက်ပေမဲ့ သူ့ရဲ့စွမ်းအားကို တမင်သက်သက်ဖုံးကွယ်ခဲ့တယ်။သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိရမယ်”

“ဒါ့အပြင် ဒီတိုက်ပွဲက ကောင်းကင်ဒေသရဲ့မဟာမိတ်တွေနဲ့ ရီဖူရှင်းကိုယ်တိုင်ကို မခြိမ်းခြောက်ခဲ့ရင် သူကစစ်‌မြေပြင်မှာဆက်လက်နောက်ဆုတ်ပြီးအရှုံးပေးဖို့ရွေးချယ်မှာဖြစ်တယ်။သူက တမင်သက်သက်မတိုက်ခိုက်ခဲ့ဘဲ မင်းသမီးနှင့်ကောင်းကင်ဒေသကလူတွေကို လှည့်စားခဲ့တယ်။ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကသာ ရီဖူရှင်းနဲ့ သူ့လူတွေကို မတိုက်ခိုက်စေခဲ့ဘူးဆိုရင် ရီဖူရှင်းက သူ့စွမ်းအားတွေကိုအသုံးမပြုဘဲ မူလဘုံရဲ့တိုက်ပွဲကိုရှုံးစေလိမ့်မယ်လို့ကျွန်တော်ထင်တယ်။သူက ကောင်းကင်ဒေသနှင့် မူလဘုံကိုဂရုမစိုက်ပါဘူး”

“ပြီးတော့ အဓိကအချက်က ကောင်းကင်ဒေသက အင်အားစုအသီးသီးက တိုက်ပွဲမှာပါဝင်ပြီး သွေးသံတရဲရဲဖြစ်ခဲ့ကြတယ်။သူတို့ရဲ့ အားအကောင်းဆုံးတိုက်ခိုက်သူအများအပြားတိုက်ပွဲမှာကျဆုံးခဲ့ရတယ်။သူတို့မှာ လုံလောက်တဲ့အင်အားမရှိပေမယ့် မူလဘုံကို သူတို့၏အသက်‌ေသွးတွေနဲ့ကာကွယ်ပေးနေဆဲဖြစ်တယ်။ရီဖူရှင်းကလည်း ကောင်းကင်ဒေသရဲ့အဖွဲ့ဝင်တစ်ယောက်ပဲလေ။ သူ့မှာသာ အင်အားမရှိဘူးဆိုရင် ဘယ်သူကမှပြောနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သူက ကောင်းကင်ဒေသကို ကာကွယ်ပေးနိုင်လျက်နဲ့ စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ကောင်းကင်ဒေသက လူများစွာတိုက်ပွဲမှာ သေဆုံးတာကိုကြည့်နေခဲ့ပြီး အဲ့လိုကိစ္စတွေဖြစ်ခွင့်ပေးခဲ့တယ်။ သေဆုံးခဲ့တဲ့သူတွေမှာ ရှန်ကလန်ကလူတွေလည်း အများကြီးပဲ”

“သူရဲ့ ပြစ်မှုတွေအတွက် သေသင့်တယ်”

ရှန်ကောင်း၏အသံသည် အားကောင်းပြီးအဆက်မပြတ်ထွက်ပေါ်လာကာ ဤနေရာကိုတုန်ခါသွားစေသည်။သူ၏အသံသည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ နားစည်ထဲတွင်တုန်ခါသွားသည်။

သူပြောသည့်အရာအားလုံးသည် အမှန်ပင်ဖြစ်သည် ။ရီဖူရှင်းအနေနှင့်ထိုသည်ကိုမငြင်းပယ်နိုင်ပေ။ထိပ်သီးပုဂ္ဂိုလ်များအားလုံးသည်လည်း သူတို့မျက်လုံးနှင့်ကိုယ်တိုင်မြင်ခဲ့ရသည်။

သူသည် အမှန်တကယ်ပင် သူ၏စွမ်းအားရှိသမျှထုတ်မသုံးခဲ့ပေ။

“မင်းသမီးရဲ့အမိန့်ကြောင့် ရွှေရောင်နတ်ပြည်ထောင်က ဒီစစ်ပွဲတွင်ပါဝင်ခဲ့ပြီး ဒီစစ်ပွဲကြောင့် များစွာသော ကျင့်ကြံသူများကိုဆုံးရှုံးခဲ့ရတယ်။စစ်ပွဲမှာသေဆုံးခဲ့သူတွေထဲမှာ တိုက်ခိုက်ရင်းကျဆုံးခဲ့ရတဲ့ တော်ဝင်သွေးမျိုးဆက်တွေလည်းပါတယ်။တိုက်ပွဲအခြေအနေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့သူတွေက သူတို့ရဲ့လုပ်နိုင်စွမ်းကို တမင်သက်သက်ဖုံးကွယ်ထားခဲ့လို့ ထူးချွန်တဲ့တိုက်ခိုက်ရေးသမားတွေက တရားမျှတမှုမရှိဘဲသေဆုံးခဲ့ရတယ်။ သူတို့ရဲ့ပြစ်မှုတွေအတွက် သူတို့ကွပ်မျက်ခံရသင့်တယ်”

ရွှေရာင်နတ်ပြည်ထောင်မှ ကိုက်ထန်သည် ရှေ့ထွက်ရပ်လိုက်ပြီးကျယ်လောင်စွာပြောလိုက်သည်။ ”မင်းသမီး ဒီတိုက်ပွဲမှာ မတရားသဖြင့်သေဆုံးသွားခဲ့တဲ့သူများကိုဂုဏ်ပြုဖို့အတွက် ရီဖူရှင်းကိုအပြစ်ပေးပေးပါ”

ထိပ်သီးအင်အားစုမှ အင်အားကြီးပုဂ္ဂိုလ်နှစ်ယောက်သည်ရှေ့ထွက်လာပြီး ရီဖူရှင်း၏အပြစ်ကိုကြေညာနေကြသည်။ဤသည်မှာ အောင်ပွဲ‌ခံရန်အတွက် ရီဖူရှင်း၏စွမ်းအားသည် သူ့အားအပြစ်ပေးရန်အကြောင်းပြချက်ဖြစ်လာသည်။ထိုသည်မှာ သူသည်ယခင်က သူ၏စွမ်းအားကိုဖုံးကွယ်ခဲ့သောကြောင့်ဖြစ်သည်။

မြင့်မားသည့်သစ်ပင်များသည် လေ၏ဖျက်ဆီးခြင်းကို ပထမဆုံးခံရစမြဲပင်ဖြစ်သည်။

ထို့အပြင် ယနေ့တွင် ရီဖူရှင်းသည် အလွန်ထူးချွန်ခဲ့သည်။သူ့အပေါ်၌ရန်ညှိုးရှိသည့် ထိုအဖွဲ့များအနေနဲ့ သူ့အား မည်သို့ဤအတိုင်းလွှတ်ထားနိုင်လိမ့်မည်နည်း။

ထို့ကြောင့် အင်ပါယာနန်သည် ပထမအခွင့်အရေးအနေနှင့် ရီဖူရှင်း၏ဂုဏ်ထူးဆောင်မှုကို လျှော့ချချင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအဖွဲ့များအနေနှင့် သူ့အား လက်လွှတ်ခံမည့်ပုံမပေါ်ပေ။

ဤတစ်ကြိမ်မှာ သူတို့သည် ဒုက္ခမပေးလျှင် မင်းသမီးသည် ရီဖူရှင်းကို ပို၍ပင်တန်ဖိုးထားလိမ့်မည်ဖြစ်သည်။ထိုသို့သာမင်းသမီးကတန်ဖိုးထားလျှင် သူတို့အတွက် ပိုဒုက္ခ‌ဖြစ်စေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် အရင်ကြို၍ ရိုက်ချကြခြင်းဖြစ်သည်။

“မင်းသမီး ရီဖူရှင်းအား အပြစ်ပေးပေးပါ” အခြားသူတစ်ယောက်သည်ရှေ့ထွက်လာပြီးပြောလိုက်သည်။ဤတစ်ကြိမ်တွင် သိုင်းနတ်ဘုရားကလန်မှ စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်သည်။ သူကပြောလိုက်သည်။ ”ကျွန်တော်ရဲ့ကလန်က လူအများအပြားလဲ တိုက်ပွဲမှာသေဆုံးခဲ့တယ်”

ဤတိုက်ပွဲတွင် သေဆုံးသွားခဲ့သောသူများသည်လည်း ရီဖူရှင်းသည် အကောင်းဆုံးမလုပ်ခဲ့ဘဲ သူ၏စွမ်းအားကိုဖုံးကွယ်ခဲ့သောကြောင့်အပြစ်တင်နေမည်ဖြစ်သည်။

“မင်းသမီး ရီဖူရှင်းကို အပြစ်ပေးပေးပါ”

“မင်းသမီး ရီဖူရှင်းကို အပြစ်ပေးပေးပါ”

အဖွဲ့ပေါင်းများစွာထွက်လာသောကြောင့်အသံ‌များစွာသည် ထွက်ပေါ်လာသည်။သောမျိုးနွယ်ကိုအုပ်စိုးထားသည့်အဖွဲ့အပါအဝင် ကြယ်အင်ပါယာဘုံရှိ ဝရိန်ခုနစ်ပါးကလန်၊ကြယ်အင်ပါယာကျောင်းတော်အစရှိသော ရီဖူရှင်းနှင့်စစ်ပွဲတွင်မဟာမိတ်ဖွဲ့ထားသောအဖွဲ့အားလုံးထွက်လာခဲ့ကြသည်။

“မင်းသမီး ထိုက်ချူတော်ဝင်မြေနဲ့ အခြားကောင်းကင်ဒေသမှအဖွဲ့များက စစ်ပွဲမှာပါဝင်ရန်မူလဘုံကိုလာရောက်ကြပြီး သူတို့အစွမ်းကုန်တိုက်ခိုက်ပေးခဲ့တယ်။ဒါပေမဲ့ တချို့လူတွေကတော့ ကောင်းကင်ဒေသကို ဂရုစိုက်ဟန်ဆောင်ပြီး အမှန်တကယ်တော့ သူတို့ရဲ့အကျိုးစီးပွားကိုသာဂရုစိုက်ပြီး အပြစ်မဲ့သူများကို တိုက်ပွဲမှာကျဆုံးစေခဲ့တယ်။သူတို့က မင်းသမီးနဲ့ ကောင်းကင်ဒေသက လူတိုင်းကိုလှည့်စားခဲ့တယ်။သူတို့ကကျွန်တော်တို့‌အနိုင်ရရှိမှုအတွက်ပံ့ပိုးပေးခဲ့ပေမယ့် သူတို့ရဲ့ပြစ်မှုတွေကခွင့်လွှတ်နိုင်စရာမရှိပါဘူး”

ထိုက်ချူတော်ဝင်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များသည်လည်း ထွက်လာကြသည်။ဤတစ်ကြိမ်တွင် အင်အားစုအများအပြားက တပြိုင်နက်တည်းထွက်လာကြရာ ကြီးမားသော အင်အားအဟုန်တစ်ခုဖြစ်လာခဲ့သည်။ ယခု သူတို့က ထိုအင်အားကိုယူ၍ ရီဖူရှင်းကို ဖယ်ရှားလိုကြ၏။

လူအများသည်ထိုကဲ့သို့မမျှော်လင့်ထားကြပေ။မင်းသမီးဒွန်ဟောင်၏နောက်တွင်ရပ်နေသော တိုက်ခိုက်ရေးသမားများပင်လျှင် အနည်းငယ်အံ့အားသင့်သွားသည်။

လူအများသည် ရီဖူရှင်းအားသေစေချင်ကြလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ထို့ကြောင့် အလွန်ထူးချွန်သည်မှာလည်း အန္တရာယ်ရှိပုံရသည်။အထူးသဖြင့်ကိုယ့်ကိုရန်ငြှိုးထားသည့်အဖွဲ့များသည် ခြိမ်းခြောက်မှုကိုခံစားရလိမ့်မည်ဖြစ်သည်။

အပြန်အလှန်အနေဖြင့် သူတို့သည်လည်း ကြောက်ရွံ့နေလိမ့်မည်။

“မင်းသမီး” ဤတစ်ကြိမ်တွင် အင်ပါယာနန်မှပြောလိုက်သည်။ ”ရီဖူရှင်းကစစ်ပွဲမတိုင်မီ သူ့စွမ်းအားကိုဖုံးကွယ်ခဲ့ပေမယ့် စစ်ပွဲမှာ သူတိုက်ခိုက်နိုင်သမျှအစွမ်းကုန်တိုက်ခိုက်ပြီး အင်အားကြီးပြိုင်ဘက်များစွာကိုသတ်ခဲ့တယ်။ အဓိကအဖွဲ့များဆုတ်ခွာပြီးမှသာကောင်းကင်ဒေသမှ သူများနှင့်အတူ ဆုတ်ခွာဖို့ သူပြင်ခဲ့တယ်။သူက သေခြင်းရှင်ခြင်းတိုက်ပွဲမှာ တိုက်ခိုက်ဖို့ အတင်းအကြပ်ဖိအားပေးခြင်းခံခဲ့ရတာဖြစ်ပြီး ထိုတိုက်ပွဲမှာ အနိုင်ရရှိဖို့ အပြည့်အဝယုံကြည်မှုမရှိခဲ့ဘူး။တောင်တန်းဘုံမှ ကျင့်ကြံသူတွေနဲ့ ကောင်းကင်ဒေသမှအင်အားကြီးပုဂ္ဂိုလ်များရဲ့ ပူးပေါင်းမှုကြောင့်သာမဟုတ်ရင် သူလည်းအလွန်အန္တရာယ်ရှိနေမှာပါ။စစ်မြေပြင်မှာ အမြဲတမ်းတစ်ယောက်ကတော့ ကြိုတင်မပြင်ဆင်ထားတာကို လုပ်ပြသင့်တယ်…”

“ရီဖူရှင်းက ပြိုင်ဘက်တွေကို အငိုက်ဖမ်းတိုက်ခိုက်သတ်ဖြတ်ဖို့ သူ့ရဲ့စွမ်းအားတွေကိုဖုံးကွယ်ထားရမှာဖြစ်ပြီး သူလည်းပဲအဲ့ဒီအတိုင်းလုပ်ဆောင်ခဲ့တာပဲ။ သူ့မှာအပြစ်ရှိတယ်ဆိုရင်တောင် သူ့ရဲ့လုပ်ဆောင်မှုတွေက သူ့ရဲ့အပြစ်တွေကိုချေပစ်ဖို့လုံလောက်ပြီလို့ကျွန်တော်ထင်ပါတယ်”

အရှင်ထိုက်ရွှမ်သည်လည်း ရှေ့သို့ထွက်လာပြီးပြောလိုက်သည်။ ”ကျွန်တော်လည်း အင်ပါယာနန်ပြောတာကို သဘောတူပါတယ်။ရီဖူရှင်းက အမှားတွေလုပ်ခဲ့ပေမယ့် သူ့ရဲ့စွမ်းအားအကုန်သုံးပြီး တိုက်ပွဲအခြေအနေကိုပြောင်းကာ မူလဘုံရဲ့စစ်ပွဲကိုအနိုင်ယူနိုင်ခဲ့တယ်။မင်းသမီးအနေနဲ့ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချမှတ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

လူအများအပြားသည် ရီဖူရှင်းအတွက် တစ်ယောက်ပြီးတစ်ယောက်ပြောပေးလာကြသည်။ဤတစ်ကြိမ်တွင်သူတို့အားလုံးသည်ကောင်းကင်အာဏာစက်ကျောင်းတော်၏မဟာမိတ်အဖွဲ့များဖြစ်ကြသည်။

မင်းသမီးဒွန်ဟောင်သည် ရီဖူရှင်းကိုကြည့်လိုက်ပြီးပြောလိုက်သည်။ ”မင်းအတွက်မင်းပြောချင်တာမရှိဘူးလား”

“မင်းသမီး အရိပ်ဘုံမှာ ကျွန်တော်မေ့မြောသွားစဉ်က ယင်စွမ်းအားတချို့ကို ကျွန်တော်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယင်စွမ်းအားက ဘယ်လောက်အင်အားကြီးမားလဲဆိုတာ ကျွန်တော်သေသေချာချာမသိခဲ့ပါဘူး။ တိုက်ပွဲမှာ ရန်သူကိုသတ်ဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။အဓိကအင်အားစုတွေဆုတ်ခွာသွားပြီးနောက် ကျွန်တော် ကောင်းကင်ဒေသကစစ်တပ်နဲ့ ပူးပေါင်းပြီး ဘေးလွှတ်ရာခဏဆုတ်ခွာဖို့ စီစဉ်ခဲ့ပြီး ရန်သူတွေကို တစ်ယောက်ချင်းစီအမဲလိုက်ခဲ့တယ်။ အငိုက်ဖမ်းတိုက်ခိုက်နိုင်ဖို့ ကျွန်တော်ရဲ့စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ခဲ့ရပါတယ်။ ကျွန်တော်ရန်သူတွေအဝိုင်းခံရတဲ့အချိန်မှာ ကျွန်တော်လုပ်နိုင်တာက အစွမ်းကုန်ပြန်တိုက်ခိုက်ဖို့ပါပဲ။ရလဒ်ကို ကျွန်တော်ဘယ်လိုခန့်မှန်းနိုင်ခဲ့မှာလဲ…” ရီဖူရှင်းသည် တုံ့ပြန်ပြောဆိုလိုက်သည်။ “သူတို့က ဘာလို့ ဒီလိုမျိုးလုပ်ရတာလဲဆိုတာကတော့… မင်းသမီးလည်းသိထားမှာပါ။ သူတို့ဟာစစ်ပွဲမှာ ရှိခဲ့တဲ့အတွက်ကြောင့် ကျွန်တော့ကိုသေစေချင်ကြတာ သဘာဝကျပါတယ်”

မင်းသမီးဒွန်ဟောင်သည် ခေါင်းငြိမ့်လိုက်သည်။ ”မင်းက အခြားသူတွေနဲ့ရန်ငြှိုးရှိတာပဲ။ထျန်ရှင်းကျောင်းတော်က ဒီအဖြစ်အပျက်တွေကို ဂရုမစိုက်ဘဲ ဘယ်သူနဲ့မှ ရန်ငြှိုးလည်းမရှိထားဘူး။ ထျန်ရှင်းကျောင်းတော်အနေနဲ့ရော ရီဖူရှင်းက ချီးကျူးထိုက်လား ဒါမှမဟုတ်အပြစ်ရှိသလား။”

ထျန်ရှင်းကျောင်းတော်၏ကျောင်းအုပ်ကျန့်အော့သည် ခေါင်းမော့လိုက်သည်။သူသည်ရှေ့ထွက်လာပြီးပြောလိုက်သည်။ “မင်းသမီး… ထျန်ရှင်းကျောင်းတော်ရဲ့ကျင့်ကြံသူတွေက ရီဖူရှင်းနဲ့ အရင်တိုက်ပွဲ‌တွေမှာ ထိတွေ့ခဲ့ကြဖူးပါတယ်။အဲ့ဒီအချိန်က ရီဖူရှင်းကထျန်ရှင်းကျောင်းတော်ကတပည့်တွေကိုကယ်တင်ပေးခဲ့တယ်လို့ လူအများကပြောခဲ့ကြပါတယ်။အဲ့ဒီအတွက် ကျွန်တော့်အနေနဲ့ကျေးဇူးတင်ပေမယ့် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကိုကြည့်မည်ဆိုရင် ရီဖူရှင်းအနေနဲ့မင်းသမီးနဲ့ ကောင်းကင်ဒေသရဲ့အဖွဲ့အားလုံးက ထိပ်သီးပုဂ္ဂိုလ်အားလုံးကိုလှည့်ဖြားခဲ့တယ်လို့ သံသယဝင်မိတယ်” ကျန့်အော့မှပြောလိုက်သည်။ “သူကဘာနဲ့ထိုက်တန်လဲဆိုတာကတော့ မင်းသမီးမှာ ဆုံးဖြတ်ချက်ရှိထားပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်”

***

Comment

Leave a Reply

Options

not work with dark mode
Reset