အခန်း (၁၂) နဂါးချုပ်လှောင်ခြင်းချောက်နက်က ရန်ကျောက်ကဲအတွက် မကောင်းတဲ့ နမိတ်လား
လူငယ်မျိုးဆက် ကျင့်ကြံသူများအနက် ချောင်ယွမ်လုံဟူသောနာမည်မှာ အလွန် ထင်ရှားကျော်ကြားသည်။ အကြောင်းရင်းတွင် နေသူတော်စင်ဂိုဏ်းရှိ သူ၏အဆင့်အတန်းက တစိတ်တပိုင်းမျှသာ ပါဝင်ပြီး သူ၏အကန့်အသတ်မရှိသော အနာဂတ်နှင့် အလွန်ကြီးမားသည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင်းက အဓိကအချက်အနေဖြင့် ပါဝင်နေသည်။
လွန်ခဲ့သော နှစ်ဝက်က ဂိုဏ်းပြင်ပ၌ ခရီးသွားနေစဉ် ချောင်ယွမ်လုံသည် ရန်သူသုံးဦးနှင့် တွေ့ဆုံခဲ့သည်။ တစ်ယောက်ချင်းစီက သူ့ကဲ့သို့ ကျင့်ကြံခြင်း အဆင့်ရှိ၏။ တစ်ယောက်နှင့် သုံးယောက် တိုက်ခိုက်ရသော်လည်း သူသည် သူတို့ကို အနိုင်ယူနိုင်ခဲ့သည်။
ဤဖြစ်ရပ်က နေသူတော်စင်ဂိုဏ်း၏ အင်အားကို ပြသနေပြီး နေသူတော်စင်ထိပ်သီးနယ်မြေ၏ လူငယ်တပည့်အားလုံးအနက် ချောင်ယွမ်လုံက အဘယ့်ကြောင့် လူငယ်မျိုးဆက်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်နေရကြောင်းကိုလည်း သက်သေပြနေသည်။
ချောင်ယွမ်လုံ ရုတ်တရက် ရောက်လာမှုကြောင့် ထိုနေရာရှိ လူတိုင်းသည် သူ့ကျင့်ကြံမှုအဆင့်မှ ဖိအားကို ခံစားနေရသည်။ ကျင့်ကြံခြင်း အဆင့်နှစ်ဆင့်ကြား စွမ်းအားကွာခြားမှုကြောင့် ဝါဒတောင်ဂိုဏ်းတွင် ထိပ်တန်းပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသော လူငယ်တပည့်များသည် အလွန်ကြီးမားသော ဖိအားကို ခံစားနေရသည်။
တစ်စုံတစ်ယောက်၏ပါးစပ်မှ လွှတ်ခနဲ ထွက်သွား၏။ “ကျွန်တော်တို့တွေ အကိုကြီးရန်ရဲ့ အမိန့်အရ လာ….”
သူ ပြော၍ မပြီးသေးခင် ချောင်ယွမ်လုံ၏မျက်လုံးများမှ နေတစ်စင်း တောက်ပနေသည့်အလား ပြင်းထန်သော အလင်းရောင်က ဖြာထွက်လာကာ ထိုအလင်း၏စူးရှမှုကြောင့် လူတိုင်းသည် သူတို့၏မျက်လုံးများကို လက်ဖြင့် ကာလိုက်ကြသည်။
ချောင်ယွမ်လုံက မေးလိုက်သည်။ “ရန်ကျောက်ကဲလား”
လူတိုင်း ထိတ်လန့်သွားကြသည်။ ဝါဒတောင်ဂိုဏ်း၏တပည့်တစ်ယောက်က တုံ့ပြန်လိုက်သည်။ “ဟုတ်တယ်၊ စီနီယာအကိုကြီးရန်က ကျွန်တော်တို့ကို လွှတ်လိုက်တာပဲ”
သူ့မျက်လုံးများထဲမှ အလင်းက မျက်စိကျိန်းလောက်အောင် ပိုမိုတောက်ပလာသည်။ ချောင်ယွမ်လုံ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
မြေပေါ်တွင် ပြန်ကျဲနေသော ဝါဒတောင်ဂိုဏ်းသားများ၏ ဝိဉာဉ်လက်နက်များက ရုတ်တရက် စတင် တုန်ခါလာကြသည်။ ဝိဉာဉ်လက်နက်တစ်ခုစီတိုင်းမှာ တန်ဖိုးရှိသောရတနာ ဖြစ်သော်လည်း အဆုံးမှာတော့ သူတို့သည် အရာဝတ္တုများသာ ဖြစ်ရာ အသိစိတ် မရှိပေ။ သူတို့၏ ပိုင်ရှင်များနှင့် စိတ်ဝိဉာဉ်ဆက်သွယ်မှု ပျက်တောက်သွားပါက သူတို့သည် အသုံးဝင်တော့မည် မဟုတ်ချေ။
ချောင်ယွမ်လုံ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ဝါဒတောင်ဂိုဏ်းသားများသည် သူတို့၏ဝိဉာဉ်လက်နက်များမှ ရုတ်တရက် သိမ့်ခနဲ တုန်ခါသွားသည်ကို ခံစားရပြီး သူတို့နှင့် သူတို့၏ဝိဉာဉ်လက်နက်များ အကြား စိတ်ဝိဉာဉ်ချိတ်ဆက်မှု ပြတ်တောက်သွားသည်။
ချောင်ယွမ်လုံ၏ အေးတိအေးစက်နိုင်သော အသံက ထွက်ပေါ်လာသည်။ “မင်းတို့ ဝါဒတောင်ဂိုဏ်းက ဝိဉာဉ်လက်နက်တွေ တော်တော်ပေါနေလား၊ ငါတို့ နေသူတော်စင်ဂိုဏ်းရှေ့မှာ လာကြွားနေတယ်၊ အဲ့တာဆို အဲ့ဝိဉာဉ်လက်နက်တွေ ဒီမှာပဲ ထားခဲ့တော့”
“ဒီသခင်လေးက အဲ့လိုအရာတွေကို စိတ်မဝင်စားပေမယ့် အဲ့တာတွေက ငါ့ရဲ့ သိုင်းညီလေးတွေ သိုင်းညီမလေးတွေကို ကစားစရာအဖြစ် ပေးဖို့ သင့်တော်တယ်၊ မင်းတို့က အဲ့ပစ္စည်းတွေသုံးပြီး ငါရဲ့ဂိုဏ်းတူမောင်နှမတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တော့၊ အဲ့တာတွေကို မင်းတို့ရဲ့ရန်စမှုအတွက် လျော်ကြေးအနေနဲ့ ယူလိုက်မယ်”
သူ့နောက်က လူအုပ်ထဲမှ တပည့်အနည်းငယ်ကို ခေါ်ပြီး သူ့လက်ဖြင့် ညွှန်ပြလိုက်သည်။ “မင်းတို့တွေ ကိုယ်နဲ့သင့်တော်တဲ့ ဝိဉာဉ်လက်နက်ကို ရွေးကြ”
နေသူတော်စင်တပည့်များက ရယ်မောရင်း ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး”
ဝါဒတောင်ဂိုဏ်း၏တပည့်အားလုံး ဒေါသကြောင့် တုန်ရီနေ၏။ သို့သော် ချောင်ယွမ်လုံက အေးစက်စက်အကြည့်ဖြင့် သူတို့အား ဝေ့ကြည့်လိုက်သောကြောင့် သူတို့သည် ဤအရှက်ရမှုကို မျိုသိပ်နေရသည်။ သူ့အကြည့်က စစ်ခုန်ချင်းထံ၌ ရပ်တန့်သွားသည်။ “ဒီသခင်လေးက မင်းဆီမှာ အလယ်အလတ်တန်းစား ဝိဉာဉ်လက်နက်ရှိတယ်ဆိုတာ သိတယ်၊ ဘာလို့ ထုတ်မပြသေးတာလဲ”
စစ်ခုန်ချင်းက မျက်မှောင်ကြုံ့၍ ချောင်ယွမ်လုံအား ခက်ထန်စွာ ပြန်ကြည့်လိုက်သည်။ ရီကျင်းက သူ၏ထီမထင်သော မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားပြီး သူ၏လက်ချောင်းတွင် ဝတ်ဆင်ထားသော လက်စွပ်ကို မသိမသာ ပွတ်သပ်နေသည်။
ချောင်ယွမ်လုံက ထိုနေရာ၌ လက်နှစ်ဖက်နောက်ပစ်လျက် ရပ်နေရင်း သူ့တစ်ကိုယ်လုံးမှ မရေမတွက်နိုင်သည့် ရွှေရောင်အပ်များနှင့်တူသော စူးရှတောက်ပသည့် နေရောင်ခြည်များ ဖြာထွက်လာသည်။
“ဒီသခင်လေးက ဂျူနီယာတွေကို အနိုင်မကျင့်ချင်ဘူး၊ သွား…၊ ဒီသခင်လေးနဲ့ လာတွေ့ဖို့ ရန်ကျောက်ကဲကို သွားခေါ်လိုက်၊ ဒီသခင်လေးက သူ့ကို ဒီနေရာမှာ စောင့်နေတယ်”
ထိုသို့ ပြောပြီး ချောင်ယွမ်လုံက အေးစက်စွာ ရယ်မောလိုက်၏။ “သူ လာရဲရင်ပေါ့လေ”
ချောင်ယွမ်လုံ၏ တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းများဖြင့် ဖုံးလွှမ်းနေကာ သူ့ခန္ဓာကိုယ်၏ ချွေးပေါက်တစ်ခုချင်းစီက အလင်းတန်းများ ဖြာထွက်နေပြီး ကြည့်ရှု့နေသူများအဖို့ သူ့တစ်ကိုယ်လုံးသည် ရွှေမှုန်များဖြင့် ဆေးခြယ်ထားသည်ဟုပင် ထင်ရသည်။ ချောင်ယွမ်လုံအား သူ့ဂိုဏ်းသားများက လေးစား၊ ကြောက်ရွံ့နေသည့် မျက်လုံးများဖြင့် ငေးကြည့်နေကြသည်။
သည်စီနီယာအကိုကြီးသည် ကြွက်သားတိုင်း၊ ဆံချည်မျှင်တိုင်း၊ အရေပြားတစ်လက်မတိုင်းအား ငရဲမီးတောက်နှင့် သန့်စင်ရာမှ အလွန်ပြင်းထန်သော နာကျင်မှုကို မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့် တောင့်ခံ၍ ကိုယ်ပိုင်ဉာဏ်အလင်းများဖြင့် ပေါင်းစပ်ကာ မဟာယန်ရွှေအပ်သိုင်းကို အလွန်နက်နဲသည့် အဆင့်တစ်ခုရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။
သူ့ကိုယ်သူပင် ဤမျှ ရက်စက်လေလျှင် အခြားသူများအပေါ် မည်မျှ ရက်စက်ကြမ်းကြုပ်မည်ကို အလွယ်တကူ တွေးကြည့်နိုင်သည်။
နေသူတော်စင်ဂိုဏ်းသားများမှာ ချောင်ယွမ်လုံနှင့် တစ်ဂိုဏ်းထဲမှ လာသော်လည်း သူ့အား ကြောက်ရွံ့ကြသည်။ “စီနီယာအကိုကြီးချောင်က မဟာယန်ရွှေအပ်သိုင်းကို အဆင့်ကိုးအထိတောင် ရောက်သွားပြီပဲ”
“ကြယ်တာရာချီ အပြင်ကို ထုတ်ဖော်ခြင်းပဲ၊ ဒါက အပြင်ကြယ်တာရာချီအဆင့် သိုင်းပညာရှင်တွေပဲ လုပ်နိုင်တဲ့ အရာမျိုးပဲ၊ ဒါကို ချောင်ယွမ်လုံက အတွင်းကြယ်တာရာချီနှောင်းပိုင်း အဆင့်နဲ့ လုပ်နိုင်ခဲ့တယ်၊ အပြင်ကြယ်တာရာချီ သိုင်းပညာရှင်တွေ ထုတ်ဖော်တာလောက်တော့ မကောင်းပေမယ့် ပြောင်မြောက်လွန်းတာတော့ အမှန်ပဲ၊ ချောင်ယွမ်လုံက သူနှင့်ကျင့်ကြံခြင်းအဆင့်တူတဲ့အခြားသူတွေကို အလွယ်တကူ အနိုင်ယူနိုင်တာ အံ့ဩစရာမရှိဘူး”
ဘေးမှ ကြည့်နေသူများက ထိုသို့ တွေးနေကြစဉ် ချောင်ယွမ်လုံ၏ပတ်လည်ရှိ အလင်းများမှာ ပိုမို စူးရှလာသည်။ သူ့တစ်ကိုယ်လုံးသည် ချစ်ချစ်တောက်ပူပြင်းနေသည့် သေးငယ်သော နေတစ်စင်းသဖွယ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်သို့ အပူလှိုင်းများ ဖြာထွက်နေပြီး ထွန်းလင်းတောက်ပလျက် ရှိသည်။
ပတ်ဝန်းကျင်မှ အနက်ရောင်မြူများပင် သိသိသာသာ လျော့ပါးသွားသည်။
လှုပ်ရှားစရာပင်မလိုဘဲ သူ၏ကြယ်တာရာချီကို လှုပ်ခါလိုက်ရုံမျှဖြင့် အနီးအနားမှ ကျောက်ဆောင်မှာ အပိုင်းပိုင်း အစစ ဖြစ်သွားသည်။
“မဟုတ်ဘူး၊ အဆင့်ကိုးမဟုတ်ဘူး၊ တကယ်တော့ အဆင့်တစ်ဆယ်ပဲ”
သည်တစ်ကြိမ်တွင် ချောင်ယွမ်လုံ၏ဂိုဏ်းသားများပင် အလွန်အမင်း ထိတ်လန့်သွားသည်။
“စီနီယာအကိုကြီးချောင်က နည်းစနစ်တစ်ခုလုံးကို ပြီးပြည့်စုံတဲ့အဆင့်အထိ အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့ပြီ”
နေသူတော်စင်ဂိုဏ်း၏တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်ကြသည်။ မဟာယန်အပ်သိုင်းကို ကျင့်ကြံသည့်လူ အများကြီးမရှိသော်လည်း ရှေးခေတ်မှ ယခုအထိ ၎င်းကို ကျင့်ကြံခဲ့သည့် လူအရေအတွက်မှာ မနည်းပါးလှပေ။ ထိုနည်းစနစ်ကို ပြီးပြည့်စုံသည်အထိ အဆင့်တစ်ဆယ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့်လူဟူ၍ ချောင်ယွမ်လုံ၊ သူ တစ်ယောက်တည်းသာ ရှိသေးသည်။
ဝါဒတောင်ဂိုဏ်း၏တပည့်များမှာ ချောင်ယွမ်လုံ ကျင့်ကြံသော သိုင်းပညာအကြောင်း အသေးစိတ်နှင့် သူ့အောင်မြင်မှု၏ အရေးပါပုံကို မသိသော်လည်း သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသည့် ကြီးကျယ်ခမ်းနားသည့် အရောင်အဝါကြောင့် သူတို့အရှေ့မှ လူ၏ အံ့ဩထိတ်လန့်ဖွယ် စွမ်းအားကို ရှင်းရှင်းလင်းလင်း သဘောပေါက်မိသည်။ အစောပိုင်းက ရန်ကျောက်ကဲပင် ဤကဲ့သို့ စွမ်းအားမျိုးကို မပြသနိုင်ခဲ့ရာ သူတို့၏စိတ်ထဲတွင် ရတတ်မအေးမှုကို ခံစားလာရသည်။ “စီနီယာအကိုကြီးရန်က ဒီတိုက်ပွဲကို နိုင်ပါ့မလား”
“ငါတို့နောက်ဆုံးအကြိမ်တိုက်ပြီးထဲက ရန်ကျောက်ကဲလည်း နည်းနည်းပါးပါးတော့ တိုးတက်လာမှာပေါ့၊ ဟုတ်တယ်မလား၊ အနည်းဆုံးတော့ သူ ငါ့ရဲ့ မဟာယန်အပ်နည်းစနစ်ရဲ့ အဆင့်ကိုးကို တောင့်ခံနိုင်လောက်တယ်၊ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ မဟာယန်အပ်သိုင်း အဆင့်တစ်ဆယ်ကို ခုခံနိုင်မလား ဆိုတာတော့ ငါ မသိဘူး”
သေးငယ်သော နေလုံးသဏ္ဌာန်၏ အလယ်မှ ချောင်ယွမ်လုံ၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။ “ရန်ကျောက်ကဲ အတိုင်းအတာတစ်ခုထိ တိုးတက်လာလိမ့်မယ်လို့ ဒီသခင်လေးက ယုံကြည်တယ်၊ ကြီးကြီးမားမား မတိုးတက်လာနိုင်ခဲ့ရင် ဒီသခင်လေး စိတ်ပျက်မိမှာပဲ”
“ငါတို့ သုံးကြိမ် တိုက်ခဲ့ပေမယ့် ဘယ်သူအနိုင်ရလဲ မဆုံးဖြတ်နိုင်ခဲ့ဘူး၊ ဒါပေမယ့် ဒီတစ်ခါတော့ ဒီကိစ္စကို အဆုံးသတ်ရမယ်”
ရုတ်တရက် နေသူတော်စင်ဂိုဏ်းတပည့်တစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း ဟစ်ကြွေးလိုက်သည်။ “နဂါးချုပ်လှောင်ခြင်း ချောက်နက်…..၊ နဂါးချုပ်လှောင်ခြင်း….. ဟား၊ ဒီနေရာက ဝါဒတောင်ဂိုဏ်းက မင်းသားအတွက်၊ ဒီနာမည်က သူ ရှုံးနိမ့်မယ်လို့ ကြိုနမိတ်ဖတ်နေသလို ဖြစ်မနေဘူးလား”
ဤဟစ်ကြွေးသံကို ကြားပြီး နေသူတော်စင်ဂိုဏ်းသားများအားလုံး လှောင်ပြောင် ရယ်မောလိုက်ကြသည်။
နောက်တစ်ယောက်ကလည်း ထပြောလိုက်သည်။ “ဟား… ဟား… မလာရင်လည်း အရှက်ရမယ်၊ လာရင်လည်း မျက်နှာ ယောင်ကိုင်းအောင် ရိုက်ခံကမည့်အပြင် အရှက်ပါ ထပ်ကွဲဦးမယ်”
ချောင်ယွမ်လုံမှာ မဟာယန်အပ်သိုင်းနှင့် ကျော်ကြားသကဲ့သို့ ရန်ကျောက်ကဲသည်လည်း သူကိုယ်တိုင်ဖန်တီးထားသော နည်းစနစ်ဖြစ်သည့် အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသိုင်းဖြင့် ထင်ရှားကျော်ကြားလေသည်။
ဝါဒတောင်ဂိုဏ်းတပည့်များ၏ မျက်နှာများမှာ မြင်မကောင်းအောင် ဖြစ်လာကြသည်။
ချောင်ယွမ်လုံက ပျင်းရိငြီးငွေ့နေဟန်ဖြင့် ပြောလိုက်၏။
“ခွန်အားကို လျှိုပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့ဆိုတာ ဒီသခင်လေး စိတ်မဝင်စားတဲ့ အရာပဲ”
“မင်းတို့တွေ ပြန်သွားပြီး ရန်ကျောက်ကဲကို ပြောလိုက်၊ ဒီသခင်လေးက မဟာယန်အပ်သိုင်းကို အဆင့်တစ်ဆယ် ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်နေပြီလို့၊ သတ္တိရှိရင် ငါနဲ့ လာပြိုင်လို့…”
ချောင်ယွမ်လုံ စကားမဆုံးသေးခင် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်းမှ အေးဆေးတည်ငြိမ်သော အသံတစ်ခုက ပဲ့တင်လာ၏။ “ငါ ရောက်ပြီ”
ညကောင်းကင်ယံသို့ လျှပ်စီးတန်းတစ်ခုက ထိုးခွင်းသွားသကဲ့သို့ မိုးပြာရောင်အလင်းတန်းတစ်ခုသည် အနက်ရောင်မြူထဲမှ တိုးထွက်လာ၏။
နဂါးဟိန်းသံတစ်ခု ပဲ့တင်လာပြီး ခပ်တိုးတိုးအသံမှသည် နားကွဲမတတ်အသံအဖြစ် ချက်ချင်း ကျယ်လောင်လာသည်။
“ရန်ကျောက်ကဲ၊ မင်းရဲ့ အင်္ကျီလက်အိုးထဲက မိုးပြာရောင်နဂါး အကွက်ဟောင်းကြီးပဲ ဆက်သုံးနေတုန်းလား” ချောင်ယွမ်လုံ မာန်သွင်းလိုက်ပြီး မဟာယန်ရွှေအပ်ချီကို ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်၍ မိုးပြာရောင်ဓားအလင်းတန်းကို ဖမ်းဆုပ်ရန် ပြင်ဆင်လိုက်သည်။