သိပ်မကြာလှသော အချိန်၌ ရီဖူရှင်း၏ အနီး၌ အလောင်းများသာ ကျန်ရစ်ခဲ့သည်။ အချို့သော သူများ၏ ဝိညာဥ်များက အမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့ပေသည်။ သူတို့ထဲက မည်သူမှ အသက်ရှင်မကျန်ရစ်ခဲ့ကြပေ။
တိုက်ပွဲမြေပြင်သည် ထိုသို့ ရက်စက်သောနေရာဖြစ်သည်။ ထိုအမျိုးသမီး ဦးဆောင်သော တန်ခိုးရှင်များသည်လည်း ထိပ်သီးအင်အားစုတစ်ခုမှ ဂျူနီယာများ ဖြစ်သည်။ သူတို့အားလုံးသည် ထူးချွန်ထက်မြက်သော လူငယ်များ ဖြစ်ကြပေသည်။ သူတို့က သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သော ဤစစ်ပွဲတွင် ပါဝင်ခဲ့ကြ၏။
အဆုံးတွင် သူတို့သည် အမှန်တကယ်ပင် တိုက်ပွဲ၌ သုတ်သင်ခံခဲ့ရကာ ဤနေရာတွင် ထာဝရကျန်ရှိနေတော့မည် ဖြစ်သည်။
“သွားရအောင်။” ရီဖူရှင်းက တိုက်ပွဲ၏ တစ်နေရာကို အခြားသူများကို အမိန့်ပေးလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ မဟာမိတ်တန်ခိုးရှင်များက ရီဖူရှင်းကို ဗဟိုပြုကာ စတင်အမဲလိုက်တော့သည်။ လူများက တစ်ယောက်ပြီးတစ်ယောက် သူတို့ထံ ပြေးဝင်လာ၏။ သူတို့အားလုံးသည်လည်း ခြွင်းချက်မရှိ အသတ်ခံလိုက်ကြရပေသည်။ သူတို့ကြားတွင် ကြောက်ခမန်းလိလိ ပြိုင်ဘက်ကင်း ထူးချွန်သော သူများလည်း ပါဝင်သည်။
သူတို့ တိုက်ပွဲ၏ လွှမ်းမိုးမှုက ပြင်ပဘုံ၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ပိုမိုများပြားသော လူများက သူတို့ကို အာရုံစိုက်လာကြပြီး အထူးသဖြင့် နတ္ထိအင်ပါယာနန်းတော်နှင့် ပြင်ပမှ တန်ခိုးရှင်များ ဖြစ်သည်။ လူအများ ရီဖူရှင်း၏ အဖွဲ့ကို အာရုံစိုက်ကာ ကြည့်နေကြ၏။
သူတို့က အလွန် အစွမ်းထက်ကြသည်။ ရီဖူရှင်း ဦးဆောင်သော ထိုအဖွဲ့က ပြိုင်စံရှားတည်ရှိမှုမျိုးပင် ဖြစ်ပေသည်။ သူတို့သည် စစ်မြေပြင်၌ ဖြတ်သွားရာ လမ်းတလျှောက် သတ်ဖြတ်သုတ်သင်သွားကြပြီး သူတို့၏ သတ်ဖြတ်မှု အရေအတွက်က အားလုံးထဲတွင် အများဆုံး ဖြစ်သည်။
တိုက်ပွဲက ပြင်းထန်လာသည်နှင့်အမျှ တိုက်ပွဲအတွင်း မည်သူက အရေးသာသည်ကို ရှင်းလင်းစွာ သိလာရသည်။ မှော်နက်စစ်တပ်နှင့် နတ်ဆိုးအင်ပါယာဘုံ တို့၏ မဟာမိတ်များက စတင်ကာ တဖြည်းဖြည်း ပေါင်းစည်းလာကြပြီး အပြတ်အသတ် အသာစီးရလာခဲ့သည်။ သူတို့က တိုက်ပွဲထဲတွင် ကောင်းကင်ဒေသမှာ အင်အားစုများကို ဖိနှိပ်ထားခဲ့၏။
ဤစစ်ပွဲ၏ အခြေအနေက အပြန်အလှန်သက်ရောက် ဆက်နွယ်နေသည်။ ဥပမာအနေနှင့် စစ်မြေပြင် တစ်ဖက်တွင် သူတို့သည် အသာစီးအနေအထားနှင့် ပြိုင်ဘက်များကို ရှင်းလင်းသုတ်သင်ပြီးနောက် အခြားတစ်ဖက်မှ ရန်သူ၏ မဟာမိတ်တပ်များ ရှင်းလင်းရာတွင် ပါဝင်ကူညီပေးနိုင်သည်။ ဤနည်းလမ်းဖြင့် အရေးသာမှုက တဖြေးဖြေး ကြီးမားလာသည်။ ကောင်းကင်ဒေသ၏ အင်အားစုများက တိုက်ပွဲအချို့တွင် အရေးသာမှု ရရှိထား၏။ ရီဖူရှင်း အဖွဲ့သည် ကျိန်းသေ လူများ၏ အာရုံကို အဖမ်းစားနိုင်ဆုံး ဖြစ်သည်။ သို့သော်လည်း သူတို့သည် စစ်ပွဲတစ်ခုလုံး၏ အခြေအနေအား ကြီးကြီးမားမား မပြောင်းလဲစေနိုင်ခဲ့ပေ။
သို့သော်လည်း ရီဖူရှင်းဘက်က လူများက ပိုထူးချွန်ပြီး အားလုံးထက် သာနေသည့်အတွက် လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားနိုင်သည်ကတော့ အမှန်ပင် ဖြစ်သည်။
ချောင်ကျွင်းသည် ရီဖူရှင်းအား အသိအမှတ်ပြုသည့် အကြည့်တို့နှင့် ကြည့်လိုက်သည်။ ရီဖူရှင်းက စစ်ပွဲအတွင်း သူ၏ လမ်းတလျှောက်မှ ရန်သူအားလုံးကို သုတ်သင်နိုင်သည့်အထိ သန်မာလှသည်။
ရီဖူရှင်း၏ အဆင့်၌ ရှိသော တန်ခိုးရှင်များတွင် အနည်းငယ်သာလျှင် ရေဆန်ကို လှန်ကာ ကောင်းကင်ဒေသအတွက် အရေးသာမှုကို ဆောင်ယူပေးလျက် စစ်ပွဲတွင် လက်ဦးမှုရရန် အခွင့်အရေးအား ခိုးယူပေးနိုင်လိမ့်မည်။ ရီဖူရှင်း၏ အဖွဲ့အပြင် အစွမ်းထက်သည့် ပုဂ္ဂိုလ်များမှာ ရန်သူများ၏ ပစ်မှတ်ထားခြင်းကို ခံကြရပေသည်။ သူတို့သည် တူညီသော ကျင့်ကြံဆင့်ရှိ တန်ခိုးရှင်များနှင့် ဖြစ်စေ ဝန်းရံတိုက်ခိုက်၍ ဖြစ်စေ တိုက်ပွဲဝင်နေကြသည်။
ရီဖူရှင်းသည်လည်း ဝန်းရံခံထားရပေသည်။ ယခုမတိုင်ခင် တန်ခိုးရှင်ခြောက်ယောက်သည် အစွမ်းထက်သည့် တိုက်ခိုက်ရေးဝင်္ကပါကို ထုတ်ဖော်၍ ရီဖူရှင်းအား သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း သူတို့သာလျှင် ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
နတ္ထိအင်ပါယာနန်းတော်၏ အပြင်ဘက်တွင် ဗဟိုအင်ပါယာဘုံမှ မရေတွက်နိုင်သည့် တန်ခိုးရှင်များက လေထဲမှ မြင်ကွင်းကို ကြည့်နေကြ၏။ သူတို့သည် ရီဖူရှင်း၏ လွှမ်းမိုးမှုကြောင့် အလွန် အံ့အားသင့်ခဲ့ကြသည်။ ယခင်က သူတို့သိခဲ့သည်မှာ ရီဖူရှင်းက အလွန် သန်မာသည်ဟူ၍သာ ဖြစ်သည်။ သူသည် ဘုံကိုးဘုံ၏ နံပါတ်တစ် ပါရမီရှင်အဖြစ် ကျော်ကြားပေသည်။ သူသည် မဟာလမ်းစဥ်ဘုံသုံးထောင်တွင် အစွမ်းထက်ဆုံးပါရမီရှင်အဖြစ် ဆုံးဖြတ်၍ ရပေသည်။ လက်ရှိ မျိုးဆက်အတွင်းတွင် သူနှင့် ယှဥ်ပြိုင်နိုင်သူ မည်သူမှ မရှိပေ။
သူတို့သည် ကောင်းကင်ဒေသအတွင်း နတ်ဘုရားအဆင့် အင်အားစု သုံးခု ရှိနေသော်လည်း ရီဖူရှင်း၏ ထူးချွန်ပြောင်မြောက်မှုက ထိုမျှ ပေါ်လွင်နေမည်ဟု ထင်မထားခဲ့ပေ။ သူသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်၏။
ထိုသည်က သူတို့အားလုံးကို ဂုဏ်ယူမှုနှင့် လေးစားမှုတို့အား အနည်းငယ် ခံစားမိလာစေသည်။
သို့ပေမယ့် သူတို့က တစ်ချိန်တည်းမှာပင် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကိုလည်း စိတ်ပူနေကြပေသည်။ အခြေအနေမှာ ကောင်းကင်ဒေသမှ အင်အားစုများအတွက် ကျေနပ်အားရဖွယ် မရှိပေ။ အကယ်၍ ဤသို့ဆက်ဖြစ်နေပါက ကောင်းကင်ဒေသမှ ရှုံးနိမ့်သွားနိုင်ပေသည်။ ထိုသို့သာဆိုလျှင် တန်ခိုးရှင်အများအပြားက ရီဖူရှင်းအား လက်ညှိုးထိုးကြပေလိမ့်မည်။
သူတို့သာ ဤစစ်ပွဲကို ရှုံးသွားပါက မူလဘုံသည် နယ်မြေပိုင်းခြားခံလိုက်ရပေလိမ့်မည်။ ထိုအချိန်ရောက်လာပါက မည်သို့ ဖြစ်လာမည်ကို မည်သူမှ သိကြမည် မဟုတ်ပေ။ အနည်းဆုံး အချိန်တိုအတွင်း မူလဘုံမှ တန်ခိုးရှင်များအနေနှင့် ခက်ခဲမှုများ ကြုံတွေ့ရပေလိမ့်မည်။ ကသောင်းကနင်း အခြေအနေမျိုး ကျိန်းသေဖြစ်လာပြီး တန်ခိုးရှင်များအနေနှင့် ခက်ခဲသော အချိန်များ ရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။
“အဲဒီ မိမစစ်ဖမစစ်ကောင်….”
ထိုအချိန်၌ နတ္ထိအင်ပါယာနန်းတော်အတွင်းမှ တစ်စုံတစ်ယောက်က ဆဲရေးလိုက်သည်။ လူအများက ချက်ချင်းပင် ထို ကျယ်လောင်စွာ ဆဲရေးလိုက်သည့်လူကို လှည့်ကြည့်လိုက်ကြသည်။ ထိုတန်ခိုးရှင်မှာ ရှန်ကလန်မှ ဖြစ်လေသည်။ သူ၏ အမူအရာက အလွန် အရုပ်ဆိုးနေသည်။ သူသာလျှင် မဟုတ်ဘဲ ရှန်ကလန်ခေါင်းဆောင် ရှန်ကောင်း၊ ရှန်ကျဲ့နှင့် အခြားထိပ်သီးပုဂ္ဂိုလ်များသည်လည်း အေးစက်သော မျက်လုံးများနှင့် တိုက်ပွဲကို စိုက်ကြည့်နေကြပေသည်။
“သူက တမင်သက်သက် တခြားလူတွေကို လျစ်လျူရှုထားပြီး သေအောင်ပစ်ထားနေတာပဲ။” နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာ၏။ သူတို့သည် တိုက်ပွဲ၌ ရှန်ကလန်မှ တန်ခိုးရှင်များ သုတ်သင်ခံနေရသည်ကို မြင်တွေ့ကြပေသည်။ ဤတစ်ကြိမ်၌ ရှန်ကလန်မှ ပို့လွှတ်ထားသော တန်ခိုးရှင်အဖွဲ့က အလွန် သန်မာပေသည်။ ဗဟိုအင်ပါယာဘုံမှ ရှန်ကလန် တန်ခိုးရှင်များအပြင် အထက်ဘုံမှ ရှန်ကလန်သည်လည်း တိုက်ပွဲတွင် ပါဝင်ရန် လူများ ပို့လွှတ်ထားသည်။ သူတို့တွင် အလွန် ထူးချွန်သည့် တန်ခိုးရှင်အနည်းငယ် ရှိပေသည်။
သို့သော်လည်း သူတို့က အလွန် သန်မာသည့် တန်ခိုးရှင်များနှင့် တွေ့ဆုံခဲ့သည်။ ယခုတွင် သူတို့က အရေးနိမ့်နေပြီး လိုက်လံသတ်ဖြတ်ခံရခြင်းမှ ရှောင်တိမ်းနေရပေသည်။
သူတို့အား မည်သည်က ဒေါသထွက်စေသည်လဲဆိုလျှင် ရီဖူရှင်းက ရှန်ကလန်တန်ခိုးရှင်များ ရှိနေသော တိုက်ပွဲနေရာကို ဖြတ်သန်းသွားသော်လည်း သူတို့အား မမြင်သကဲ့သို့ လျစ်လျူရှူကာ အခြားတစ်ဖက်မှ တန်ခိုးရှင်များအား ရင်ဆိုင်ရန်သွားခဲ့သည်။ ဤသည်မှာ ရှန်ကလန်ကို ဗြောင်ကျကျ တန်ပြန်လက်စားချေခြင်း ဖြစ်လေသည်။ သူသည် ရှန်ကလန်မှ တန်ခိုးရှင်များ၏ သေခြင်းရှင်ခြင်းကို လျစ်လျူရှူထားခဲ့ပေသည်။
ရီဖူရှင်း၏ စွမ်းရည်နှင့် သူ့အဖွဲ့မှ ထောက်ပံ့ပေးမှုတို့အပြင် ရှန်ကလန်မှ တန်ခိုးရှင်များနှင့် ပူးပေါင်းလိုက်ပါက ပြိုင်ဘက်များအား ချက်ချင်းပင် သတ်ဖြတ်နိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော်လည်း ရီဖူရှင်းသည် သူတို့အား တစ်ချက်ကလေးမှ ငဲ့မကြည့်ခဲ့ပေ။ သူက သူတို့အား ဖြတ်ကျော်၍ သွားခဲ့သည်။ သူက သူ့တို့အား လျစ်လျူရှုသွားခဲ့သဖြင့် ရှန်ကလန် တန်ခိုးရှင်များက ဆက်၍ အလိုက်ခံနေရကာ အတော်များများ အသတ်ခံခဲ့ရပေသည်။ အခြားသူများသည်လည်း အရေးမသာဘဲ ရှိနေပြီး အရှုံးနှင့် ပြန်ဆုတ်ခွာနေရသည်။ သူတို့က ဝရုန်းသုန်းကား အခြေအနေတွင် ကျရောက်နေ၏။
အခြားတန်ခိုးရှင်များသည်လည်း ထိုမြင်ကွင်းကို မြင်ကြပေသည်။ အမှန်တွင် ရှန်ကလန်သာ မဟုတ်ဘဲ အခြားသော အင်အားစုအချို့သည်လည်း ရီဖူရှင်း၏ လျစ်လျူရှူမှုကို ခံခဲ့ရသည်။ သူသည် ထိုသူတို့အား ပါဝင်ကူညီပေးခဲ့ခြင်း မရှိပေ။ ထို့အစား သူက ရန်သူအား ကိုယ်တိုင် လိုက်ကာ ရှင်းလင်း၏။ ဤသည်မှာ သူနှင့် အဖွဲ့က မည်သို့ အားထုတ်သနည်းဟူသည်ပင် ဖြစ်သည်။ ထိုရှုထောင့်မှနေ၍ မည်သူကမှ သူတို့အား အမှားရှာ၍ မရနိုင်ပေ။
“အရှင်မင်းသမီး၊ ရီဖူရှင်းက မျှတမှုကို ဂရုမစိုက်ဘဲ ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့် လူမြင်ကွင်းမှာတောင် လက်စားချေဖို့ ကြိုးစားနေတယ်။ သူက စစ်ပွဲရဲ့ ရလဒ်ကို နည်းနည်းလေးတောင် ဂရုစိုက်မနေဘူး။” ရှန်ကလန်မှ တန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။ သူတို့သည် မကျေမနပ် ဖြစ်မှုတို့အား ဖုံးကွယ်ခြင်းပင် မပြုဘဲ ရီဖူရှင်းအား တိုက်ရိုက် တိုင်တန်းပေသည်။ သူတို့က မင်းသမီးဒွန်ဟောင်သည်လည်း ရီဖူရှင်းအား စိတ်တိုင်းမကျဖြစ်ရန် မျှော်လင့်ပေသည်။
“အဲဒါ ဘာများ ဖြစ်နေလို့လဲ။ မင်းတို့ ရှန်ကလန်က ရီဖူရှင်းကို သတ်ဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့တာလေ။ အခု တိုက်ပွဲမှာ ရီဖူရှင်းက ရှန်ကလန်ရဲ့ လူတွေကို ကယ်တင်စေဖို့ မျှော်လင့်ရဲသေးတာလား။” လှောင်ပြောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှောင်ကလန်မှ တန်ခိုးရှင်က ပြောလိုက်သည်။ “မင်းတို့ ရှန်ကလန်သားတွေသာ ဒီလို အသိမျိုး ရှိခဲ့မယ်ဆိုရင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဖျက်ဆီးဖို့နဲ့ ရီဖူရှင်းကို သတ်ဖို့ ဒီလောက် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့မှာ မဟုတ်ဘူး။”
“မင်းတို့ကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်ပြီး လုပ်ဆောင်ချက်တွေက ဒီလောက်အကြင်နာမဲ့တာကို တစ်ဖက်လူက မင်းတို့ရဲ့ ရက်စက်မှုကြောင့် ဖြစ်လာတဲ့ ရန်ငြိုးတွေကို ဥပေက္ခာပြုပြီး မင်းတို့ကို ကယ်ရမယ်ပေါ့။ ရယ်စရာ မကောင်းလွန်းဘူးလား။” နောက်တစ်ယောက်က ပြောလိုက်သည်။ သူတို့က ရှန်ကလန် တန်ခိုးရှင်များကို သရော်လိုက်ကြ၏။ ထိုသည်က ရှန်ကလန်မှ တန်ခိုးရှင်များ၏ မျက်နှာကို အရုပ်ဆိုးသွားစေသည်။
ထိုအချက်များက အားလုံး အမှန်ပင် ဖြစ်သည်။.
“ကျုပ်တို့က သူ့ကို ရန်ငြိုးမဆပ်နဲ့လို့ မပြောဘူး။ ဒါပေမယ့် အရေးကြီးတဲ့အရာကိုတော့ ဦးစားပေးသင့်တယ်။” ရှန်ကလန်မှ တန်ခိုးရှင်က တရားမျှတဟန်နှင့် ပြောလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျုပ်တို့တွေက ကောင်းကင်ဒေသဘက်ကနေ တစ်ဖက်တည်း ရပ်တည်နေကြတာ။ ဒီလို လက်စားချေတဲ့ အပြုအမူမျိုးနဲ့ ရီဖူရှင်းရဲ့ အဖွဲ့က အားလုံးကို အန္တရာယ်တောထဲ ကျစေချင်တာပဲ။ သူသာ အစကတည်းက အစွမ်းကုန် အားထုတ်ခဲ့ရင် အခြေအနေက အခုလို ဖြစ်နေမှာ မဟုတ်ဘူး။ သူက အဖွဲ့တွေ အများကြီးအတွက် အကူအညီအထောက်အပံ့တောင် ဖြစ်ပေးနိုင်တယ်။”
ထိုသည်က ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ သူတို့သည် အနည်းဆုံးတော့ ရီဖူရှင်းက မမျှတဟူသော စွပ်စွဲချက်မျိုးကို တင်သင့်တင်ရမည် ဖြစ်သည်။ သူက အစွမ်းကုန် ကြိုးစားအားမထုတ်ခဲ့သည်မှာတော့ အမှန်ပင် ဖြစ်၏။ သူတို့သည် ထိုအချက်အား မင်းသမီးကို မကြာခဏ သတိပေးနေရန် လိုပေသည်။
“ဒါက တကယ်ကို ရယ်ရတာပဲ။ ဒီစစ်ပွဲမှာ ကျုပ်တို့ အရေးနိမ့်ရတာက တိုက်ပွဲထဲမှာ အထူးချွန်အပြောင်မြောက်ဆုံး စွမ်းရည်ကို ထုတ်ဖော်ပြပေးခဲ့တဲ့ လူတစ်ယောက်ကြောင့်တဲ့လား။” သောမျိုးနွယ်စုမှ တန်ခိုးရှင်များက ခွန်းတုံ့ပြန်လိုက်သည်။ “ဘာမှ အသုံးမဝင်ဘဲ သူများကို လက်ညှိုးထိုး မေးခွန်းထုတ်နေတဲ့ သူတွေကပဲ ရန်သူတွေရဲ့ အကြိမ်ပေါင်းများစွာ အသတ်ခံကြရတာ။ ဘာဖြစ်လို့လဲဆိုတာ ရှင်းပါတယ်။ အသုံးမကျလို့ပေါ့။” သူတို့သည် ရှန်ကလန်မှ တန်ခိုးရှင်များကို ဆက်၍ သည်းခံနိုင်ခြင်း မရှိတော့ပေ။
အမှန်တွင် သူတို့သည် ရီဖူရှင်းက ရှန်ကလန်မှ တန်ခိုးရှင်များကို ကယ်ဆယ်ခြင်းမပြုသည့်အပေါ် မေးခွန်းထုတ်ရန် အရည်အချင်းမမီသည်ကို နားလည်ကြပေသည်။ သူတို့သည် မူလအစကတည်းက ရန်သူများ ဖြစ်ကြသည်။ ရီဖူရှင်းက သူတို့အား မည်သည့်အတွက် ကယ်တင်သင့်သနည်း။
သို့သော်လည်း ရှန်ကလန်သည် ဤနေရာတွင် ရပ်ကာ ရီဖူရှင်းအား ဆူပူကာ မေးခွန်းထုတ်နေသည်။ အမှန်တကယ်တွင် သူတို့သည် ရီဖူရှင်းက ဤစစ်ပွဲတွင် ကောင်းကင်ဒေသဘက်မှနေ၍ လေးလေးနက်နက် မတိုက်ခိုက်ခဲ့ဘဲ စစ်ပွဲ၏ ရလဒ်ကို လျစ်လျူရှူကာ ကိုယ်ရေးကိုယ်တာရန်ငြိုးကို လက်စားချေရန် အခွင့်အရေးယူခဲ့သည်ဟု မင်းသမီးအား သိစေလိုခြင်း ဖြစ်သည်။ မင်းသမီးက ထိုသို့သော အတွေးဝင်သွားလျှင် လုံလောက်ပြီ ဖြစ်သည်။
“တော်လောက်ပြီ။” ချောင်ကျွင်းက ပြောလိုက်သည်။
ချောင်ကျွင်းက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ သူ၏ အာဏာရှင်ဆန်သော အကြည့်များထဲတွင် အထင်အမြင်သေးခြင်းတို့ ပါဝင်နေ၏။ သဏ္ဌာန်မဲ့ ဖိအားတို့က ထိုဝန်းကျင်တခွင်ကို လွှမ်းမိုးလာလေသည်။ လူအုပ်ကြီးက ချက်ချင်းပင် တိတ်ဆိိတ်သွားကာ မင်းသမီး၏ ဘေးတွင် ရပ်နေသော ချောင်ကျွင်းကို ကြည့်လိုက်သည်။
“အရာအားလုံးက စစ်ပွဲပြီးသွားရင် အဆုံးအဖြတ်ပေးသွားလိ့မ့်မယ်။ မင်းသမီး တိုက်ပွဲကို လေ့လာနေတဲ့အချိန်မှာ လူတိုင်း အနှောက်အယှက် မပေးကြပါနဲ့။” ချောင်ကျွင်းက ပြောလိုက်သည်။ လူအုပ်ကြီးက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။ ချောင်ကျွင်းက သူတို့အား ထိုသို့လုပ်ရန် တောင်းဆိုသည့်အတွက် သူတို့က နာခံရမည်မှာ အသေအချာပင် ဖြစ်၏။.
ထို့ပြင် ချောင်ကျွင်းသည် လူအုပ်ကြီးအား ပြစ်တင်ပြောဆိုရာတွင် မင်းသမီးကို ခေါင်းတည်ခဲ့သည်။
မင်းသမီးဒွန်ဟောင်က ထိုနေရာ၌ ပုံမှန်အတိုင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမသည် ခေါင်းကို မော့လိုက်ပြီး ကောင်းကင်ထက်ရှိ မျက်နှာပြင်ကို ကြည့်လိုက်၏။ ထိုမျက်နှာပြင်ထက်တွင် တိုက်ပွဲအခြေအနေအား ပြသလျက်ရှိသည်။
ချောင်ကျွင်းသည်လည်း ခေါင်းကို မော့ကာ ကောင်းကင်သို့ ကြည့်လိုက်ပြီးနောက် ပြောသည်။ “ဒီအခြေအနေအတိုင်းဆိုရင်တော့ ကျုပ်တို့ဘက်က ရှုံးလိမ့်မယ်။”
သူ၏ အဆင့်အတန်းက ထူးခြားလှသည်။ ထို့ကြောင့်ပင် သူက ထိုသို့သော ကိစ္စမျိုးကို ပြောဆိုရဲပေသည်။ မင်းသမီးကလည်း စိတ်ထဲမထားပေ။ အခြားသူများအားလုံးက တိတ်ဆိတ်နေ၏။ မည်သူကမှ စကားသံမထွက်ရဲကြဘဲ မျက်နှာပြင်ကိုသာ စိုက်ကြည့်နေကြပေသည်။
အခြေအနေကို ကြည့်ခြင်းဖြင့် သူတို့သည် အမှန်တကယ်ပင် ပြိုင်ဘက်၏ ဖိနှိပ်ခြင်းကို စတင်ခံနေကြရသည်။ တိုက်ပွဲတွင် ပြင်ပဘုံမှ အင်အားစုကြီးနှစ်ခုက သူတို့အား စတင်ဝန်းရံနေသည်။ ထို့နောက် သူတို့သည် ကောင်းကင်ဒေသ အင်အားစုများထံ ချဥ်းကပ်လာပြီး ကောင်းကင်ဒေသ၏ တန်ခိုးရှင်များက အများအပြား အသတ်ခံလာရသည်။
ဤသို့ ဆက်ဖြစ်နေလျှင် သူတို့က မကြာခင်၌ ရှုံးနိမ့်တော့မည် ဖြစ်သည်။
တိုက်ပွဲမြေပြင်တွင် နတ္ထိတောင်ကုန်းနှင့် ဖီးနစ်နက်တပ်တို့ ကြားမှ တိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်လေသည်။
နှစ်ဖက်လုံးက အလွန်ထူးချွန်သော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့၏ အဖွဲ့အင်အားက ကြောက်မက်ဖွယ် အစွမ်းထက်လှသည်။ စစ်မြေပြင်၌ ဤတိုက်ပွဲသည် အပြင်းထန်ဆုံးတိုက်ပွဲများထဲမှ တစ်ခု ဖြစ်သည်။ သူတို့်အပြင် မြေအောက်အရှင်၏ သားတော်နှင့် ဗုဒ္ဓတန်ခိုးရှင်များ၏ တိုက်ပွဲသည်လည်း ပြင်းထန်နေပေသည်။
ထိုအချိန်တွင် မျက်နှာပြင်၌ ဖီးနစ်နက်တပ်မှ တန်ခိုးရှင်များ စတင်ဆုတ်ခွာလာသည်ကို မြင်လိုက်ရ၏။ သူတို့သည် ပြင်းထန်သည့် တိုက်ပွဲဒဏ်မှ ခေတ္တရှောင်တိမ်းရန်အလို့ငှာ အရင် ပြန်ဆုတ်ခွာနေပုံရသည်။
ရှင်းလင်းစွာပင် သူတို့ ဆက်လက်တိုက်ခိုက်နေပါက ကောင်းကင်ဒေသမှ တန်ခိုးရှင်များ အစုလိုက်အပြုံလိုက် အသတ်ခံရပြီး သူတို့က အရှုံးနှင့် အဆုံးသတ်ရပေလိမ့်မည်။
ဤမြင်ကွင်းက ကောင်းကင်ဒေသမှ တန်ခိုးရှင်များကို အလွန် အရုပ်ဆိုးသွားစေသည်။
အခြားတစ်ဖက်တွင် မှော်နက်စစ်တပ်နှင့် နတ်ဆိုးအင်ပါယာဘုံမှ တန်ခိုးရှင်များက ကောက်ကျစ်စွာ ပြုံးလိုက်ကြ၏။
ကြည့်ရသည်မှာ ဤတိုက်ပွဲတွင် သူတို့အတွက် အနိုင်ရဖို့ရာ သိပ်မဝေးတော့ပေ။
ထိုအချိန်တွင် တိုက်ပွဲ၌ ကောင်းကင်အမြင့်တစ်နေရာဆီမှ အသံတစ်ခုကို ကြားလိုက်ရသည်။
ထိုအသံမှာ စကားတစ်လုံးတည်းသာ ဖြစ်သည်။ ပြန်ဆုတ်!
ထိုသည်မှာ ဖီးနစ်နက်တပ်မှ ခေါင်းဆောင်၏ အသံပင် ဖြစ်၏။ မူလက အရေးနိမ့်နေသော ကောင်းကင်ဒေသ တန်ခိုးရှင်များသည် ပြန်ဆုတ်ဟူသော စကားကို ကြားလိုက်ရသည်နှင့် မတူညီသော အရပ်မျက်နှာများသို့ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားကြသည်။ သူတို့သည် ရန်သူနှင့် ထိပ်တိုက် ရင်မဆိုင်ဘဲ ယာယီပြန်ဆုတ်ခွာရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း ပြိုင်ဘက်သည် သူတို့နောက်သို့ လိုက်ကာ ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသည်။ ရန်သူအင်အားစုက သူတို့ကို ချေမှုန်းနိုင်မည့် အခွင့်အရေးအား မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ ဤသည်မှာ ကောင်းကင်ဒေသဘက်မှ တန်ခိုးရှင်များကို ရှင်းလင်းသုတ်သင်ရန် အကောင်းဆုံး အခိုက်အတန်းပင် ဖြစ်သည်။
ရီဖူရှင်း၏ အဖွဲ့က လက်ရှိတွင် အရေးသာလျက်ရှိသည်။ သူတို့သည် ရန်သူအများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ သို့သော်လည်း ကြီးမားသော အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ ပြန်ဆုတ်ခွာရန် အသံကို ကြားသည့်အခါ အင်အားစုများက စတင်ဆုတ်ခွာလာကြသည်။
သူ၏ နတ်အာရုံက အဝေးသို့ ဖြန့်ကျက်သွား၏။ သူသည် တိုက်ပွဲကို တစ်ချက် လေ့လာပြီးနောက် ပြောလိုက်သည်။ “အခု ပြန်ဆုတ်ရအောင်။”
ထိုသို့သော အခြေအနေတွင် သူတို့တစ်ဖွဲ့တည်းနှင့် တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူတို့က ဝန်းရံခံရလျှင် ရလဒ်က ကြေကွဲဖွယ် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်တွင် တန်ခိုးရှင်များ၏ အကြည့်က ရီဖူရှင်းတို့ အဖွဲ့ပေါ် ရောက်နေပြီးသား ဖြစ်သည်။ ရီဖူရှင်း၏ အဖွဲ့က ယခင်တိုက်ပွဲများ၌ အလွန် လွှမ်းမိုးနိုင်စွမ်းရှိသည်။ တဖြည်းဖြည်း သူတို့သည် လူအများ၏ အာရုံကို ဖမ်းစားလာနိုင်ခဲ့သည်။ သို့ပေမယ့် ရီဖူရှင်းအဖွဲ့၏ အင်အားတောင့်တင်းမှုကြောင့် လူအများက သူတို့ကို အာရုံစိုက်နေလျှင်ပင် မည်သူကမှ သူတို့အား မတိုက်ခိုက်ရဲကြပေ။
ယခု ကောင်းကင်ဒေသဘက်တွင် ရီဖူရှင်း၏ အဖွဲ့က အင်အားအကောင်းဆုံးဟု သတ်မှတ်နိုင်သည်။ သူတို့သာ ပြန်ဆုတ်ခွာချင်လျှင် ရန်သူများက သူတို့်အား လိုက်လံတိုက်ခိုက်မည်သာ ဖြစ်သည်။
ထို့ကြောင့် အရပ်မျက်နှာအသီးသီးမှ ပုံရိပ်များ ဆင်းသက်လာပြီး ရီဖူရှင်း၏ အဖွဲ့ကို လိုက်လံသတ်ဖြတ်ရန် ကြိုးစားတော့သည်။
***