Switch Mode

အပိုင်း(၁၈၃၇)

လူ့သဘောလူ့မနော

ထျန်ရှင်းကျောင်းအုပ်၏နာမည်မှာ ကျန့်အော့ဖြစ်သည်။ ရီဖူရှင်းက သူတို့အား အဘယ်ကြောင့် မကူညီလိုသည်ကို သူသဘောပေါက်၏။ သို့သော်လည်း သူက တမင်ပင် လူအများကြားအောင် ပြောသည် “ငါ မှတ်မိရသလောက် ရီဖူရှင်းဟာ ထျန်ရှင်းကျောင်းတော်မှာ လာပြီးတော့ ခိုလှုံဖူးတယ်မလား”

“ဟုတ်တယ်၊ အဲဒီတုန်းက ရီဖူရှင်းဟာ ဒုက္ခအကြီးအကျယ်ရောက်နေပြီးတော့ ကျုပ်တို့ကျောင်းတော်ရဲ့အကာအကွယ်ကြောင့်သာ အသက်ရှုရှောင်ခဲ့တာပဲ” တစ်ယောက်က ပြောသည်။ သူ့လေသံက မကြေနပ်သော ဟန်ပင်များ ပါဝင်နေ၏။

ရီဖူရှင်းသည် သူ့မဟာမိတ်အဖွဲ့မှလူများကိုသာ ဂရုစိုက်သည်။ သူသာ မြန်ဆန်စွာ ကူညီခဲ့လျှင် ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များမှာ မူလကတည်းက သေဆုံးသွားမည် မဟုတ်ပေ။

ကျန့်အော့က ခေါင်းဆတ်ဆတ်ညိတ်ကာ ပြောသည် “မှော်နက်အဖွဲ့နဲ့ မကောင်းဆိုးဝါးဘုံက မူလဘုံကို မကျူးကျော်ခင်ကတည်းက မူလဘုံဟာ ဖရိုဖရဲဖြစ်နေပြီးသား။ ဒါကို ကောင်းကင်အာဏာစက်ကျောင်းတော်က မဟာမိတ်ဖွဲ့ပြီး မတည်မငြိမ် ဖြစ်စေတယ်။ ကျောင်းတော်က သူ့ကို အချိန်တစ်ခုကြာအောင် ကာကွယ်ပေးခဲ့ပေမဲ့ သူကတော့ ကျုပ်တို့ကို သူစိမ်းလို သဘောထားတာပဲ။ အခု စစ်မြေပြင်မှာ တစ်ဘက်တည်းဖြစ်နေပေမဲ့ သူ့လူတွေကိုပဲ ကာကွယ်ပေးချင်တာကို နားလည်ပေးနိုင်ပေမဲ့ ဘာများတတ်နိုင်မှာလဲ။ ကျုပ်တို့က အားနည်းတဲ့ကိုယ်ကိုယ်ကိုယ်ပဲ အပြစ်တင်နိုင်တော့တယ်”

“ကျောင်းအုပ်ကျန့်က တကယ်ပဲ ဖြောင့်မတ်ပါပေတယ်” ရှန်မိသားစုမှ ရှန်ကောင်းက ပြောသည် “ဒါဟာ မူလနယ်မြေကို အပိုင်ရဖို့ အဆုံးအဖြတ်တိုက်ပွဲဖြစ်တယ်။ ဒီစစ်ပွဲက ကျုပ်တို့ ကောင်းကင်ဒေသအတွက် အရမ်းအရေးပါတယ်။ ရီဖူရှင်းက သူ့မဟာမိတ်ကလူတွေ ဘေးကင်းဖို့ပဲ အရေးစိုက်တယ်။ ဒါကိုကြည့်ပြီးတော့ သူဟာ သူ့အကျိုးစီးပွားအတွက်ပဲ ကြည့်တယ်ဆိုတာ ထင်ရှားတယ်။ တခြားအင်အားစုတွေ ဆုံးရှုံးမှုများလေလေ သူ့မဟာမိတ်အတွက် အကျိုးအမြတ်များလေပဲ”

သူ့စကားက အနည်းငယ် ရှုံ့ချလိုသော သဘောပါဝင်သည်။

ဤစစ်ပွဲကို မင်းသမီးဒွန်ဟောင်က ကိုယ်တိုင်ဦးစီးခြင်းဖြစ်သည်။ မူလဘုံကို အုပ်ချုပ်ခွင့်ရရန် သူမက နေရာအသီးသီးမှ တန်ခိုးရှင်များကို စုစည်းခဲ့သည်။ တိုက်ပွဲရလဒ်ကို လျစ်လျူရှုကာ မိမိအကျိုးစီးပွားကိုသာ တွက်ချက်ပါက မင်းသမီးက မည်သို့ တွေးထင်မည်နည်း။

ကောင်းကင်ဒေသမှ တန်ခိုးရှင်များက မည်သို့ ထင်မြင်ကြမည်နည်း။ အနည်းဆုံး ရီဖူရှင်းသည် လူအများ၏အပြစ်တင်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

လူအများက မင်းသမီးကို လှမ်းကြည့်ကြသည်။ သို့သော်လည်း မင်းသမီး၏မျက်နှာကား မည်သည့်ခံစားချက်မှ မတွေ့ရပေ။ သူမ၏မျက်နှာက ရေပြင်အလား တည်ငြိမ်လှသည်။

ထိုအဖြစ်က ရှန်ကောင်းနှင့် တခြားလူများကို သက်ပြင်းချစေသည်။ မင်းသမီးသည် ငယ်ရွယ်သော်လည်း သူမ၏ခံစားချက်များကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်။ မဟာအင်ပါယာ၏သမီးတော်သည် ထင်ရှားသော ဂုဏ်သတင်းများနှင့် ထိုက်တန်သူဖြစ်သည်။

စစ်မြေပြင်တွင် ရီဖူရှင်းက သူ၏နတ်ဓားကို ထိန်းချုပ်လျှက် ဟိုဟိုဒီဒီနေရာများသို့ သွားရောက်တိုက်ခိုက်စေသည်။ သူကိုယ်တိုင်က လေထဲတွင်ရပ်ကာ မျက်လုံးများကို မှိတ်ထား၏။

တခဏချင်းတွင်၊ အဝေးမှနေ၍ နတ်ဓားသည် အံ့အားသင့်ဖွယ် ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားသည် ကောင်းကင်ကို ဖြတ်သန်းကာ အလင်းတန်းအလား ရန်သူများထံသို့ ဦးတည်သွား၏။ ထျန်ရှင်းကျောင်းတော်မှ ရင်မဆိုင်နိုင်သော ရန်ဟောင်မှာ ရီဖူရှင်း၏ဓားချက်ကြောင့် ရှေ့ဆက်မတိုးနိုင်ပေ။

တစ်ဘက်လူက အနည်းငယ် တွန့်ဆုတ်နေပြီးမှ နောက်ကို ဆုတ်သွားသည်။ သို့သော်လည်း ရီဖူရှင်းက သူ့အား ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ပေ။ သူက ထိုလူနောက်ကို လိုက်မည်ဆိုပါက လက်ရှိနေရာမှ ရွေ့လျားထွက်ခွာရန် လိုအပ်ရာ မလိုအပ်ဘဲ မစွန့်စားလိုပေ။

ထိုအချိန်တွင် ကျန့်ချန်ကျူသည် အက်ကြောင်းမဲ့နတ်ဝင်ရိုးပိုင်ရှင်တချို့၏ဝန်းရံတိုက်ခိုက်မှုကို ခံနေရသည်။ သူကား ကြီးမားသောဖိအားအောက်၌ ရောက်နေ၏။

လင်းလက်သော နတ်ဓားသည် လေဟာနယ်ကို ခွင်းကာ တစ်ဘက်မှ ဝန်းရံနေသော တန်ခိုးရှင်များအား ဖြတ်သန်းသွားသည်။ ဓားသည် ချက်ချင်းပင် တန်ခိုးရှင်တစ်ဦးအား ဖြတ်တောက်သွားကာ တစ်ဘက်ရန်သူများက ချက်ချင်းပင် ထိတ်လန့်တကြား နောက်ဆုတ်ကြ၏။ ကျန့်ချန်ကျူကလည်း အခြေအနေကို ရိပ်မိကာ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

နောက်ဆုံးတွင် ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်ဟန်တူသူကာ အမိန့်ပေးလိုက်သည် “နောက်ဆုတ်ကြတော့…”

သူတို့က ကျန့်ချန်ကျူအား မသတ်ဖြတ်နိုင်မှတော့ သူတို့က အသက်စွန့်ကာ တိုက်ခိုက်မည် မဟုတ်ပေ။

တစ်ဘက်လူများ ထွက်သွားလျှင် နတ်ဓားသည် ရီဖူရှင်း၏ဘေးသို့ ပြန်ရောက်လာသည်။

ကျန့်ချန်ကျီ၏အကြည့်က နတ်ဓားလမ်းကြောင်းအတိုင်း ရောက်သွားကာ ရီဖူရှင်းကို မြင်သည်။ သူက ရီဖူရှင်းအား ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြသည်။

ရီဖူရှင်းကလည်း ခေါင်းညိတ်ကာ တုန့်ပြန်သည်။ ထို့နောက် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်၏။ အမှန်တကယ်အားဖြင့် ရီဖူရှင်းက ကျန့်ချန်းကျူအား ကူညီခြင်းမှာ ထျန်ရှင်းကျောင်းတော်ကြောင့်မဟုတ်ဘဲ စစ်မြေပြင်တွင် တစ်ဘက်တည်းဖြစ်နေသောကြောင့်ဖြစ်၏။ ၄င်းအတွက် တစ်ဘက်လူက သူ့အား ကျေးဇူးတင်ရန်လည်း သူက မမျှော်လင့်ထားပေ။

အလားတူ ထျန်ရှင်းကျောင်းတော်အကြီးအကဲများက သူ၏အပြုအမူနှင့်ပတ်သက်၍ သူ့အား ဆက်ဆံပုံပြောင်းလဲမည်ကိုလည်း မမျှော်လင့်ထားပေ။

သူက လုပ်သင့်သည်ကို လုပ်ဆောင်လိုက်ခြင်းသာဖြစ်သည်။

“ရန်သူကို ဘာလို့ လွှတ်လိုက်တာလဲ” ဒဏ်ရာရပြီး သွေးများရွှဲနေသော ရန်ဟောင်တစ်ဦးက အော်ဟစ်လိုက်သည်။ သူသည် အသတ်ခံရလုနီးပါးဖြစ်ရာ အနည်းငယ် ဒေါသထွက်နေကာ ရီဖူရှင်း၏အပြုအမူကို လက်မခံလိုပေ။

သို့သော်လည်း ရီဖူရှင်းက တစ်ဘက်ရန်သူများကို သတ်ဖြတ်မည့်အစားလွှတ်ပေးခဲ့သည်။

သူ့မေးခွန်းကို မည်သူမှ မဖြေပေ။ ရီဖူရှင်းကို သူတို့အနေဖြင့် မေးခွန်းထုတ်ရန် အရည်အချင်း မပြည့်မှီပေ။ မည်သို့ဆိုစေ ရီဖူရှင်းက သူတို့ကို ကယ်တင်ခဲ့ခြင်း မဟုတ်ပါလား။ သူတို့အနေဖြင့် ရီဖူရှင်းကို အမိန့်ပေးစေခိုင်းနိုင်စွမ်းမရှိပေ။

သို့သော်လည်း လူအတော်များများကတော့ ရီဖူရှင်းကို မကြေမနပ်ဖြစ်သွားကြသည်။ သူတို့က ရီဖူရှင်းအား လှမ်းကြည့်ကြ၏။

သူတို့က စစ်မြေပြင်တွင် တစ်ဘက်တည်းဖြစ်သော်လည်း ရီဖူရှင်းက သူ၏မဟာမိတ်များကိုသာ ဦးစားပေးသည်။

ရီဖူရှင်းက သူ၏ဓားကိုသာ စေလွှတ်ခြင်းမဟုတ်ဘဲ ကိုယ်တိုင်လာရောက်တိုက်ခိုက်ပါက တိုက်ပွဲရလဒ်က လုံးဝကွဲပြားသွားပေလိမ့်မည်။ သို့သော်လည်း ရီဖူရှင်းက ထိုသို့မလုပ်ခဲ့ပေ။

သို့သော်လည်း ရီဖူရှင်းက ထိုလူများ၏သဘောထားကို ဂရုမစိုက်ပေ။

ထိုနေရာတွင် ရီဖူရှင်းရှိနေခြင်းကြောင့် ကောင်းကင်ဒေသမှ ကောင်းမွန်သော အသာစီရမှုကို တည်ဆောက်ထားနိုင်သည်။ သို့သော် တခြားနေရာများကတော့ ကွဲပြားပေသည်။

အနည်းငယ်ဝေးသောတစ်နေရာတွင် ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်များမှာ ဖိနှိပ်ခံနေရ၏။ သူတို့အထဲတွင် ရီဖူရှင်းနှင့်တိုက်ခိုက်ဖူးသော မုချင်းကယ်လည်း ရှိနေသည်။ သူ၏ပြိုင်ဘက်သည် ဗလာနတ္တိတောင်ကုန်းမှ အစွမ်းထက်တန်ခိုးရှင်တစ်ဦးဖြစ်သည်။

ထိုက်ချူတော်ဝင်မြေသာမဟုတ်၊ တခြားသောနေရာများတွင်လည်း အလားတူ အဖြစ်အပျက်များ ရှိနေသည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များမှာ ခက်ခဲသော အခြေအနေအား ရင်ဆိုင်နေရ၏။

ရီဖူရှင်းတို့အဖွဲ့သည် သေးငယ်သော စစ်အင်အားစုတစ်ခုဖြစ်လာ၏။ သူတို့က ရန်သူများကို အနိုင်ယူပြီးနောက် အဓိကကျသော နေရာများသို့ စတင်ချီတက်ကြ၏။

ထိုအချိန်တွင် တန်ခိုးရှင်တစ်စု ကောင်းကင်တွင် ဖြတ်သန်းပျံသန်းသွားသည်။ သူတို့က ရီဖူရှင်းတို့အုပ်စုကိုမြင်သောအခါ ထူးဆန်းသော အမူအရာများဖြစ်လာကြသည်။ ရီဖူရှင်းတို့အုပ်စုက အမှန်တကယ် တိုက်ခိုက်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ကြသည်။

ကောင်းကင်မှ ပျံသန်းသွားသောအုပ်စုကို ဦးဆောင်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် တော်ဝင်အငွေ့အသက်များရှိသော အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်တစ်ဦးဖြစ်သည်။

သူမက ရီဖူရှင်းကို ကြည့်လိုက်လျှင် သူ၏ချောမောကို ရုပ်ရည်ကို ဦးဆုံး သတိပြုမိ၏။ တစ်ခဏချင်းတွင် သူမ၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြစ်ပေါ်လာ၏။ သူမက အမိန့်ပေးသည် “သူတို့ကို သတ်ပစ်လိုက်…”

သူမက ပြောပြီးသည်နှင့် သူမ၏နောက်ကျောတွင် နတ်အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။ သူမက အတောင်ပံကို ဖြန့်ထုတ်လိုက်သည်နှင့် အလင်းတန်းများသည် လေထုကို ခွင်းကာ ရီဖူရှင်းတို့ထံသို့ ကျဆင်းလာခဲ့သည်။ သူမအဖွဲ့မှ လူများကလည်း သူတို့၏လက်နက်များကို ဝှေ့ယမ်းကာ မြေပြင်သို့ စတင်ဆင်းသက်လာကြ၏။ အာကာသလှိုင်းစွမ်းအားများသည် နေရာအနှံ့ပျံ့နှံ့သွားကာ ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

ရီဖူရှင်းက ထိုမြင်ကွင်းကို တွေ့သောအခါ တစ်ဘက်ရန်သူများသည် ကောင်းကင်ဒေသမှ လူများထက် အာကာသစွမ်းအားများကို နားလည်သဘောပေါက်ကြကြောင်း သတိထားမိသည်။ ထိုအရာက သူတို့သည် ပင်ကိုယ်အားဖြင့် အာကာသစွမ်းရည်တွင် ပါရမီရှိသည့်အလားပင်။

“သတိထားကြ…” ရီဖူရှင်းက ပြောသည်။ ထိုသို့ပြောပြီးသည်နှင့် ပတ်ဝန်းကျင်သည် အေးစက်သော လှိုင်းများပျံ့နှံ့သွားပြီး တစ်ဘက်လူများ၏လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။

ဝှီး…

ရီဖူရှင်း၏ခန္ဓာကိုယ် လျှပ်စီးတန်းအလား ပြောင်းလဲသွားကာ တစ်ဘက်လူများထံသို့ ဦးတည်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းသည် လေထုကို ခွင်းကာ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ဝှီး…

ဓားသည် သူမနှင့် တဖြေးဖြေးနီးကပ်လာသောအခါ သူမ၏လှုပ်ရှားမှုက ပိုမိုနှေးကွေးလေးလံလာသည်။ ပတ်ဝန်းကျင်သည် မြူဆိုင်းလာပြီး အေးစက်သော အငွေ့အသက်များ လွှမ်းခြုံလာ၏။ သို့သော်လည်း ဓားသည် သူမအနီးသို့ ရောက်သောအခါ အတောင်ပံက သူမအား အုပ်မိုးလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းအောင် ဓားသည် နတ်တောင်ပံကို မခုတ်ဖြတ်နိုင်ပေ။

အေးစက်သော လှိုင်းသည် အမျိုးသမီးကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထိုအမျိုးသမီးသည် သူမ၏စိတ်ဝိညာဉ်သို့အထိ အေးစက်လာသော ခံစားချက်အား ရသည်။ ထိုအခိုက်တွင် သူမကား လုံးဝ ရပ်တန့်သွားပြီဖြစ်သည်။ သူမသည် အသက်ရှင်လျှက် အေးခဲနေသည့်အလားပင်။

ထန်း…

ဓားသည် သူမ၏အတောင်ပံနှင့်ထိမိသောအခါ အတောင်ပံသည် ဆန့်ကားထွက်သွား၏။ သူမက အေးခဲနေခြင်းက သူမအား ရွေးချယ်စရာလမ်းမရှိဖြစ်စေသည်။ သူမက နောက်ဆုတ်ရန် တွေးတောနေသာ်လည်း ခန္ဓာကိုယ်က သူမ၏အမိန့်ကို လိုက်မနာတော့။

နောက်တစ်ကြိမ် အလင်းတစ်ချက် ဖြတ်ပြေးသွားသောအခါ အရာအားလုံးက ရပ်တန့်သွားဟန်ရသည်။ အလင်းတန်းသည် သူမ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားကာ ထိုနေရာတွင်ပင် ထိုအမျိုးသမီး အသတ်ခံရ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset