Switch Mode

အပိုင်း(၁၈၃၅)

ဓားတစ်ချက်ဖြင့် ခြောက်ယောက်ကို သတ်ဖြတ်ခြင်း

မင်းသမီးဒွန်ဟောင်သည်လည်း ထိုမြင်ကွင်းကို ကြည့်နေသည်။ သို့သော်လည်း သူမ၏လှပသော မျက်လုံးများက မည်သည့်ခံစားချက်မှ ထုတ်ဖော်ခြင်းမရှိပေ။ သူမ ဘာကိုတွေးနေသည်ကိုလည်း မည်သူမှ မသိပေ။

ထိုအစား သူမဘေးမှ ကောင်းကျွင်းက ပြောသည် “သူ့စွမ်းရည်တွေက သိပ်မဆိုးဘူး။ ဒါက ဗလာနတ္တိတောင်ကုန်းရဲ့ ပြိုင်စံရှားဝင်္ကပါအခင်းအကျင်းတစ်ခုပဲ။ ဒုတိယအဆင့်နတ်ဝင်ရိုးပိုင်ရှင်တစ်ယောက်က အခုထိ တောင့်ခံနိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ။ နန်းတော်ထဲမှာတောင်မှ ဒီလိုစွမ်းဆောင်နိုင်တဲ့သူ သိပ်မရှိဘူး။ သူသာ အသက်ရှင်နိုင်မယ်ဆိုရင် ကျုပ်တို့ သူ့ကို ခေါ်သွားသင့်တယ်”

“ကောင်းကျွင်း… သူက ဒီတိုက်ပွဲမှာ ကျဆုံးသွားနိုင်တယ်လို့ ရှင်ထင်လား” မင်းသမင်းဒွန်ဟောင်က မေးသည်။

“အခြေအနေကတော့ သိပ်မကောင်းဘူး။ အလင်းဝင်္ကပါက ရီဖူရှင်းရဲ့နတ်ဝင်ရိုးစွမ်းအားကို ဖိနှိပ်နိုင်တယ်။ ဒါက ဒုတိယအဆင့်နတ်ဝင်ရိုးပိုင်ရှင်တစ်ယောက်အတွက် အရမ်းခက်ခဲတဲ့ကိစ္စပဲ” ကောင်းကျွင်းက ဆက်ပြောသည် “ပြီးတော့ ဒါက ဝင်္ကပါရဲ့အကောင်းဆုံးတိုက်ကွက်မဟုတ်သေးဘူး”

ကောင်းကျွင်းက ထိုစကားများကို တည်ငြိမ်စွာ ပြောသည်။ သူကား လွန်စွာ အတွေ့အကြုံကြွယ်ဝသူဖြစ်သည်။ ပါရမီရှင်တစ်ဦးကျဆုံးခြင်းက သူ့အား များစွာ စိတ်လှုပ်ရှားစေသည် မဟုတ်ပေ။ သူတို့က စစ်ပွဲကိုရှုံးနိမ့်လျှင်ပင် သူ့အား များစွာ သက်ရောက်စေမည် မဟုတ်ပေ။

မင်းသမီးဒွန်ဟောင်က ငြိမ်သက်စွာကြည့်နေကာ မည်သို့မှ ပြန်မပြောပေ။ သူမနှင့် ကောင်းကျွင်းတို့ တူညီသောအတွေးရှိသလား မည်သူမှ မပြောနိုင်။

နတ္တိအင်ပါယာနန်းတော်အပြင်မှ ပရိသတ်များသည် ရီဖူရှင်းအား များစွာ မမျော်လင့်ထားကြပေ။ ရီဖူရှင်းက သူတို့ထင်ထားသည်ထက် များစွာသာလွန်သောစွမ်းရည်ကို ပြသခဲ့ပြီးဖြစ်သည်။ သူ၏ဓားသည် လေဟာနယ်ကိုခွင်းကာ ရှေ့ကို ဆက်တက်လာပြီး တစ်ဘက်လူများအား တိုက်ခိုက်၏။ သို့သော်လည်း သူအား လက်သီးတစ်ချက်ဖြင့် ဖိနှိပ်ခံရသည်။

သူတို့ကြည့်နေစဉ်မှာပင် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွား၏။ နတ်ဘုရားကဲ့သို့ သဏ္ဌာန်ပေါ်လာသောအခါ တန်ခိုးရှင်ခြောက်ဦးတို့၏လက်များ တုန်ခါသွားသည်။ တဖန် လက်သီးပုံရိပ်များသည် ရီဖူရှင်းထံသို့ ဆင်းသက်လာ၏။ ထို့အတူ နတ်ဘုရားသဏ္ဌာန်၏လက်သီးသည်လည်း ကျဆင်းလာ၏။

ထိုအခိုက်တွင် ရီဖူရှင်း၏အရှိန်အဝါ ပြောင်းလဲသွားသည်။ လေထဲတွင် ရှေးဟောင်းသစ်ပင်သည် အကိုင်းအခက်များ ရှည်လျားလာခဲ့ကာ ထိုနေရာသည် သီးသန့်နေရာကဲ့သို့ ဖြစ်လာသည်။ အဆုံးမဲ့သော ဓားစွမ်းအားများသည် သူ့အနီးတွင် လှည့်ပတ်စီးဆင်းကခုန်ကြပြီး အေးစက်သော အငွေ့အသက်များဖုံးလွှမ်းလာသည်။

ချက်ချင်းပင် ထိုနေရာတစ်ခုလုံးသည် ရေခဲမြူများဖြင့် ဖုံးအုပ်သွား၏။ မမြင်ရသော စွမ်းအားသည် လက်သီးချက်များအား တားဆီးသွားသည်။ အရာအားလုံးမှာ အေးခဲသွား၏။ ထို့နောက် လက်သီးအရိပ်များအားလုံးမှာ အစိတ်စိတ်ပြိုကွဲသွားတော့သည်။

ထိုနေရာတစ်ခုလုံးကား လုံးဝအေးခဲသွားပြီဖြစ်သည်။ ရီဖူရှင်း ရှိနေရာကား သူ၏သီးသန့်နေရာဖြစ်၏။ ရီဖူရှင်းသည် မဟာလမ်းစဉ်၏မုန်တိုင်းအသွင်သို့ ပြောင်းလဲသွားကာ သူ့စိတ်အာရုံသည် အဆုံးမဲ့သော အလင်းများကို ထုတ်လွှတ်သည်။

ရီဖူရှင်းက ခေါင်းမော့ကာ ကြည့်သည်။ မြူများဖုံးအုပ်ထားသော လက်သီးအရိပ်တစ်ခုသည် သူ့ထံသို့ ကြီးမားသောဖိအားနှင့်အတူ ကျဆင်းလာနေဆဲဖြစ်သည်။

မဟာလမ်းစဉ်၏မုန်တိုင်းသည်လည်း နောက်ပြန်စီးဆင်းကာ အပေါ်သို့တက်သွားပြီး လက်သီးကို ဖုံးအုပ်သွားသည်။ နတ်ဓားသည် အပေါ်သို့ တန်းတန်းမတ်မတ်ပျံတက်သွားသည်။ ဓားသည် အလွန်တရာအေးစက်သော ထက်ရှသော အငွေ့အသက်များအား သယ်ဆောင်သွား၏။

ဝှစ်… ဝှစ်…

လက်သီးအရိပ်သည် မြူခိုးများဖြင့် ဖုံးအုပ်ထားသည်။ နောက်ဆုံးတွင် နတ်ဓားဖြတ်သန်းသွားပြီး လက်သီးအရိပ်သည်လည်း အမှုန်အမွှားအဖြစ် ပြောင်းလဲသွားတော့သည်။

ရီဖူရှင်း၏ခန္ဓာကိုယ်သည် တဖန် လေထဲတွင် လွင့်မြောလာသည်။ သူက တန်ခိုးရှင်ခြောက်ဦးအား စိုက်ကြည့်၏။ သူ့ခန္ဓာကိုယ်မှ စွမ်းအားများ အပြင်ကို စိမ့်ထွက်လာသည်။ နတ်ဝင်ရိုးမှ အရောင်အဝါသည် လင်းလက်တောက်ပလာ၏။

“သူက တကယ်ခုခံလိုက်နိုင်တာပဲ”

လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် တစ်ဘက်လူများ၏တိုက်ခိုက်မှုကို သက်တောင့်သက်သာ ခုခံနိုင်သည်။ သူ၏စွမ်းရည်က မည်သည့်အဆင့်တွင် ရှိသနည်း။

ရီဖူရှင်း၏ခန္ဓာကိုယ်မှ စွမ်းအားများသည် အပြင်ဘက်သို့အထိ ဆန့်တန်းကာ အဝေးသို့အထိ ရောက်လာသည်။ ၄င်းတို့သည် တစ်ဘက်လူများ၏သီးသန့်နယ်မြေကိုပင် စတင်ကျူးကျော်လာ၏။ တချိန်တည်းမှာပင် ရီဖူရှင်း၏မျက်လုံးများသည်လည်း ပြောင်းလဲသွား၏။

သူက တန်ခိုးရှင်ခြောက်ဦးအား လှမ်းကြည့်လိုက်သည်။ တန်ခိုးရှင်ခြောက်ဦးကလည်း ပြန်ကြည့်သည်တွင် သူတို့က ရီဖူရှင်း၏မျက်လုံးထဲတွင် အေးစက်စက်လမင်းကြီးကို မြင်၏။ ထိုအခိုကတွင် သူတို့သည် တစ်ကိုယ်လုံးအေးစက်သွားကာ မှော်မျက်လုံးကမ္ဘာသို့ ကျဆင်းသွားတော့သည်။ သူတို့၏စိတ်ဝိညာဉ်များပင် အေးစက်သော ခံစားချက်များအား ရရှိသည်။

မှော်မျက်လုံးနတ်ဝင်ရိုး…။

သူတို့သည် လကမ္ဘာတစ်ခုထဲသို့ ကျဆင်းသွားဟန်ရသည်။ သူတို့တစ်ကိုယ်လုံး အေးစက်သော ခံစားချက်များ ရလာသည်။

ဝုန်း…

အားကောင်းသော စွမ်းအားတစ်ခုသည် သူတို့ခြောက်ဦးထံမှ ပေါက်ကွဲထွက်လာသည်။ တန်ခိုးရှင်ခြောက်ဦး၏စိတ်အသိသည် တစ်ဦးနှင့်တစ်ဦးဆက်စပ်နေသည်။ သူတို့ခြောက်ယောက်ပေါင်းစပ်လိုက်လျှင် နတ်ဘုရားပုံရိပ်သည် ပို၍ အစစ်အမှန်နှင့် ဆင်တူလာ၏။ ထိုပုံရိပ်၏စွမ်းအားမှာလည်း ပိုမိုကြီးမားလာခဲ့သည်။

နတ်ဘုရား၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ရီဖူရှင်းအား လာရောက်ရစ်ပတ်သည်။ တချိန်တည်းတွင် ကျယ်လောင်သံများ အဆက်မပြတ်ကြားကြရ၏။ နတ်ဘုရားသဏ္ဌာန်က ရွေ့လျားကာ အောက်ကို ဆင်းသက်လာသည်။ လေထုသည် ချက်ချင်းပင် ပုံပျက်ကာ ပြိုကွဲတော့မည့်အလား ဖြစ်လာ၏။

ထိုအခိုက်တွင် ရီဖူရှင်းသည်လည်း ကြီးမားသောဖိအားအောက်သို့ ရောက်လာနေသည်။ ပညာရှိကျမ်းစွမ်းအားက ပေါက်ကွဲထွက်လာကာ သူ့ကိုဗဟိုပြုဖြစ်တည်လာသော မုန်တိုင်းသည် နောက်ပြန်စီးဆင်း၏။ နတ်ဘုရားပုံရိပ်က သူ့ထံသို့ ကျဆင်းလာသည်တွင် သူ့နတ်ဓားသည်လည်း လှုပ်ရှားသွား၏။ ကျယ်လောင်သံတစ်ချက်ဖြစ်ပေါ်လာသည်။ နှစ်ဘက်ရင်ဆိုင်ထိတွေ့လျှင် ရီဖူရှင်းကို ရစ်ပတ်ထားသော နတ်ဆင်ပုံရိပ်သည် တစ်တစ်စ ပြိုကွဲလာနေသည်။ တစ်ဘက်တွင် နတ်ဘုရားပုံရိပ်သည်လည်း ပြင်းထန်သောယန်ဓာတ်စွမ်းအားကြောင့် ပြိုပျက်လာနေ၏။ ထိုပုံရိပ်ကား မူလကဲ့သို့ စုစည်းကျစ်လျစ်ခြင်းမရှိတော့။

ဝုန်း…

မရေမတွက်နိုင်သော ယန်လျှပ်စီးတန်းများသည် နတ်ဘုရားပုံရိပ်ထံသို့ ကျဆင်းလာ၏။ ရီဖူရှင်းသည်လည်း ကြီးစွာ ဖိအားပေးခံရသော်လည်း သူ့ကိုရစ်ပတ်ထားသောအလင်းမှာ အနည်းငယ်မျှ မှေးမှိန်သွားခြင်းမရှိပေ။

ခရက်…

နတ်ဘုရားပုံရိပ်သည် အက်ကြောင်းများ ထင်ရှားစွာ ဖြစ်ပေါ်လာ၏။ ရီဖူရှင်း၏လက်ဝါးက နတ်ဓား၏လက်ကိုင်ကို ပြင်းစွာ ရိုက်ထုတ်လိုက်သည်။ နတ်ဓားသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားကာ နတ်ဘုရားဖျက်ဆီးခြင်းအလင်းစက်ကွင်းအဖြစ် ပြောင်းလဲသွား၏။ ၄င်းက နတ်ဘုရားပုံရိပ်ကို ဖြတ်သန်းသွားကာ နောက်ဆုံးတွင် ဧရာမကြီးမားသော ပုံရိပ်သည် လုံးဝပြိုကျပျက်စီးသွားတော့သည်။

တချိန်တည်းတွင် တန်ခိုးရှင်ခြောက်ဦးသည်လည်း နာကျင်စွာဖြင့် ညည်းမိကြ၏။ အလင်းတန်းများမှာ မှေးမှိန်သွားကာ အလင်းကွန်ယက်သည်လည်း ပြိုကျတော့မည့်အခြေအနေသို့ ရောက်လာသည်။

ရီဖူရှင်းသည်လည်း အောက်ကိုကျဆင်းလာနေခြင်းမှ ရုတ်တရက်ရပ်တန့်ကာ အပေါ်သို့ ပျံတက်သွားသည်။ စွမ်းအားများသည် လေဟာနယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့ကာ အရာအားလုံးမှာ သူ၏သီးသန့်နယ်မြေအပိုင်ဖြစ်လာသည်။

သူက တန်ခိုးရှင်ခြောက်ဦးအား လှမ်းကြည့်သည်။ ထိုအဖြစ်က သူတို့အား ထိတ်လန့်စေ၏။ သူတို့က မာန်သွင်းအော်ဟစ်ကာ တိုက်ပွဲပုံစံအား စုစည်းကြသည်။ သူတို့၏စွမ်းအားမှာလည်း မသေးပေ။

သို့သော်လည်း ထိုအခိုက်တွင် သူတို့၏လှုပ်ရှားမှုများမှာ အလွန်တရာနှေးကွေးလေးလံနေသည်ကို တွေ့ရှိရ၏။

ရီဖူရှင်း၏ရှေ့မှ နတ်ဓားသည် တုန်ခါသွားကာ ရှေ့ကို ပျံသန်းသွား၏။ ဓားသည် မြန်ဆန်လွန်းရကား အလင်းတန်းတစ်ချက် လက်သွားကာ လေဟာနယ်သည် အပိုင်းပိုင်ကွဲပျက်သွားဟန်ရသည်။

ဝှီး…

တန်ခိုးရှင်ခြောက်ဦးအား နတ်ဓားကို မည်သို့မှ တားဆီးနိုင်ခြင်းမရှိဘဲ ဖြတ်တောက်ခြင်းခံရ၏။ တခဏအတွင်း၌ သူတို့၏ခန္ဓာကိုယ်မှ အပိုင်းပိုင်းပြတ်တောက်ကာ ဝိညာဉ်မှာလည်း ပျက်စီးလျှက် ဇတ်သိမ်းသွားရတော့သည်။

ဓားတစ်လက်တည်းဖြင့် ရီဖူရှင်းက တန်ခိုးရှင်ခြောက်ဦးအား သတ်ဖြတ်လိုက်၏။ ဝင်္ကပါမှာလည်း ပျက်စီးသွားပြီဖြစ်သည်။

တိုက်ပွဲနေရာမှ လူအများအပြားသည် သူ့အား လှမ်းကြည့်ကြ၏။ သူတို့အားလုံး ကြီးစွာ အံ့အားသင့်ကြရသည်။ ဤကား တန်ခိုးရှင်ခြောက်ဦး၏ပေါင်းစပ်ဝင်္ကပါတိုက်ကွက်ဖြစ်သည်။ ရီဖူရှင်းက သူတို့အား အမှန်တကယ် သတ်ဖြတ်ခဲ့သည်။

မကောင်းဆိုးဝါးဘုံမှ တန်ခိုးရှင်များမှာ ပို၍ အံ့သြရ၏။ ထိုတန်ခိုးရှင်ခြောက်ဦးမှာ ဗလာနတ္တိတောင်ကုန်းမှ ဖြစ်သည်။

နတ္တိအင်ပါယာနန်းတော်အပြင်မှ လူအုပ်သည်ကား ဆိုဖွယ်မရှိတော့။

အလွန်သန်မာလှသည်။ ဤသည်က မူလဘုံ၏နံပါတ်၁ ပါရမီရှင်ဆိုသည်လား။

သူ၏စွမ်းရည်ကား မယုံကြည်နိုင်စရာ ကောင်းလှသည်။

နတ္တိအင်ပါယာနန်းတော်မှ လူများအကြားတွင်ပင် ထိုတိုက်ပွဲအား ကြီးစွာ အံ့အားသင့်ကြရသည်။

ကောင်းကျွင်းက ထူးဆန်းစွာ ကြည့်သည်။ သူက ပြောသည် “ငါက သူ့ကို တကယ်ပဲ မှားယွင်းအကဲဖြတ်ခဲ့မိတယ်။ သူ့စွမ်းရည်က စစ်မြေပြင်ထဲက လူတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်လို့ရတယ်”

တခြားတစ်ဘက်တွင် ဒွန်ဟောင်မင်းသမီးသည် တခြားတစ်ခုကို တွေးမိဟန်ရသည်။ ထိုစွမ်းအားက…။

တချိန်တည်းတွင် မကောင်းဆိုးဝါးအင်ပါယာဘုံမှ တန်ခိုးရှင်များကလည်း ရီဖူရှင်း၏တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ကြသည်။ ယမန်နေ့က ရီဖူရှင်းနောက်ကို လိုက်ပါခဲ့သော နတ်ဝင်ရိုးအဆင့်ခြောက်တန်ခိုးရှင်သည်လည်း ရီဖူရှင်းကို မှတ်မိ၏။ သူက သတ်ဖြတ်လိုသော အငွေ့အသက်ပြင်းထန်သော အကြည့်ဖြင့် ရီဖူရှင်းကို ကြည့်သည်။

ရှစ်ရှဲက သူ့အား သတိထားမိကာ မေးသည် “သူက ဘယ်သူလဲ”

“သူက ရီဖူရှင်းပဲ…” တစ်ယောက်က ပြောသည် “သူ့ကို မူလဘုံရဲ့နံပါတ်၁ ပါရမီရှင်အဖြစ် လူသိများတယ်။ အရိပ်ဘုံမှာတုန်းက သူသေသွားပြီလို့ လူတွေက ထင်ခဲ့တယ်။ မထင်မှတ်ဘဲ သူပြန်အသက်ရှင်လာခဲ့တယ်”

“ဆိုလိုတာက သူသုံးလိုက်တာ ယန်ဓာတ်စွမ်းအားတွေပဲ” ရှစ်ရှဲက မေးသည်။ သူ၏မျက်လုံးထဲတွင် အေးစက်သော အငွေ့အသက်များ ဖြတ်ပြေးသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset