Switch Mode

အခန်း (၁၁)

ပြိုင်ဘက်ကို သာလွန်သော လက်နက်အင်အားဖြင့် အနိုင်ယူခြင်း

အခန်း (၁၁) ပြိုင်ဘက်ကို သာလွန်သော လက်နက်အင်အားဖြင့် အနိုင်ယူခြင်း

အားဟူက ကြောင်တောင်တောင်ဖြင့် ပြန်ကြည့်လိုက်သည်။ သူသည် သူ့မင်းသား၏ ရိုးရှင်းသော အမိန့် နောက်ကွယ်မှ နက်နဲသည့် အဓိပ္ပာယ်ကို နားမလည်ပေ။

မည်သို့ပင် ဆိုစေကာမူ သူသည် မင်းသား၏အမိန့်ကို သယ်ဆောင်ပြီး တိုက်ပွဲဖြစ်နေသည့် နေရာသို့ ပြန်သွားလိုက်သည်။

အချက်အလက်များအရ အခြေအနေသည် ရန်ကျောက်ကူး၏ခန့်မှန်းချက်အတွင်းတွင် ရှိနေသေးကြောင်း သက်သေခံလျက်ရှိ၏။

ဝါဒတောင်ဂိုဏ်း၏တပည့်များမှာ အစပိုင်းတွင် အောက်စီး ရောက်နေသော်လည်း ရီကျင်းနှင့် စစ်ခုန်ချင်းတို့ ရောက်လာသည်နှင့် လျင်မြန်စွာ အသာစီးရလာသည်။

တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ကြရင်း တိုက်ပွဲက ပိုမို ပြင်းထန်လာ၏။ နောက်ဆုံးတွင် လက်နက် ကိုယ်စီ ထုတ်၍ တိုက်ခိုက်ကြသည့် အခြေအနေသို့ ရောက်လာကြသည်။

နေသူတော်စင်ဂိုဏ်းသည် ဝါဒတောင်ဂိုဏ်းနှင့် အဆင့်တူ သို့မဟုတ် ထို့ထက်ပင် အနည်းငယ် အင်အားကြီးမားသော ထိပ်သီးနယ်မြေဖြစ်သည်။ ပုံမှန်အားဖြင့် နဂါးပိတ်လှောင်ခြင်းချောက်နက်ကဲ့သို့ အန္တရာယ်နယ်မြေအတွင်းသို့ ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်မျှဖြင့် ဝင်ရောက်ရဲကြသော နေသူတော်စင်ဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် သူတို့ဂိုဏ်း၏ သက်တူရွယ်တူ၊ ကျင့်ကြံခြင်းအဆင့်တူများအနက် အကောင်းဆုံး ပါရမီရှင်များဖြစ်သည်။

အကောင်းဆုံးပါရမီရှင်များ ဖြစ်သောကြောင့် သူတို့ဂိုဏ်းက သူတို့အား အများကြီး ပံ့ပိုးထားသည်။ သာမာန်ကျင့်ကြံသူတစ်ယောက်၏ စံနှုန်းအရ သူတို့သည် ကြွယ်ဝသည်ဟု ဆိုနိုင်ပြီး တစ်ယောက်ချင်းစီတိုင်းသည် တစ်ဝက်တစ်ပျက် ဝိဉာဉ်လက်နက်တစ်ခုစီ ပိုင်ဆိုင်ထားသည်။ သူတို့ထဲမှ အထူးချွန်ဆုံး ပါရမီရှင်များဆိုလျှင် ဝိဉာဉ်လက်နက်များကိုပင် ပိုင်ဆိုင်ထားကြသည်။

တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းသား နှစ်ဆယ်မျှသာ ရှိသော်လည်း သူတို့ထဲမှ ရှစ်ယောက်တွင် အဆင့်နိမ့်ဝိဉာဉ်လက်နက် တစ်ခုစီ ရှိကြသည်။ သူတို့၏ ဝိဉာဉ်လက်နက်များကို ထုတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိဉာဉ်ချီသည် အပြင်းအထန် လှုပ်ရှားလာပြီး မီတာတစ်ရာအတွင်း ပြိုးပြိုးပျက်ပျက် အရောင်များ ထွက်လာကြသည်။

ထို့နောက် နေသူတော်စင်ဂိုဏ်းသားများ အကြီးအကျယ် တုန်လှုပ်သွားကြသည်။

သူတို့နှင့် ရင်ဆိုင်နေသော ဝါဒတောင်ဂိုဏ်းသားဆယ့်ခြောက်ယောက်သည် ဝိဉာဉ်လက်နက်တစ်ခုစီ ထုတ်လိုက်ကြပြီး အချို့မှာ တစ်ခုထက်ပိုသော ဝိဉာဉ်လက်နက်များကိုပင် ကိုင်ဆွဲထားကြသည်။

ထို့နောက်မှာ ဖြစ်လာသည်က နှစ်ဖက်အုပ်စုအကြား ကမ္ဘာတုန်နိုင်သည့် ပေါက်ကွဲမှုကြီးဖြစ်သည်။ ဝိဉာဉ်လက်နက်ရှစ်ခုသာ ရှိသော နေသူတော်စင်ဂိုဏ်းသားများသည် မုန်တိုင်းထန်နေသော ပင်လယ်ထဲမှ အချိန်မရွေး နစ်မြုပ်တော့မည့် လှေငယ်လေးတစ်စီးသဖွယ် သေရေးရှင်ရေး အခြေအနေအကြား ကျရောက်နေရသည်။

နေသူတော်စင်ဂိုဏ်းသားများသည် ဒေါသကြောင့် သွေးအန်မတတ် ဖြစ်နေကြသည်။

“နဂါးချုပ်လှောင်ခြင်းချောက်နက်က အန္တရာယ်နယ်မြေဆိုတာ အမှန်ပဲ၊ ဒါပေမယ့် ဒီ ဝါဒတောင်ဂိုဏ်းက တော်တော်လေး မဖြုန်းလွန်းဘူးလား၊ တပည့်တိုင်းကို ဝိဉာဉ်လက်နက်တွေ ပေးထားရတယ်လို့”

“သူတို့ အခြား အထူးတာဝန်တွေများ ရှိတာလား၊ ဒါပေမယ့် ဘယ်သူက ခန္ဓာကိုယ်သန့်စင်ခြင်းတပည့်တသိုက်ကို အထူးတာဝန်အတွက် စေလွှတ်မှာလဲ”

“သူတို့က ငါတို့ကို ရင်ဆိုင်ဖို့ သီးသန့်ယူလာတာများလား”

“သူတို့မှာ ဝိဉာဉ်လက်နက်တွေအများကြီးပဲ၊ သူရဲကောင်းဆိုတာ ဘယ်အချိန်မှာ ဆုတ်ပြီး ဘယ်အချိန်မှာ တက်ကမလဲဆိုတာကို သဘောပေါက်တဲ့ လူပဲ၊ ပြန်ဆုတ်ကြတာပေါ့၊ နောက်တစ်ခါမှ လက်စားချေကြမယ်”

နေသူတော်စင်ဂိုဏ်းသားများသည် တိုက်ရင်း ပြန်ဆုတ်နေကြသည်။ ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူတို့က သူတို့နောက်သို့ လိုက်လံတိုက်ခိုက်နေကြသည်။

သူတို့၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့် နှိုင်းယှဉ်လျှင် ဝိဉာဉ်လက်နက်များ၏ တိုက်ပွဲအပေါ် သက်ရောက်နိုင်မှုက အတော် ကြီးမားသည်။ ထို့ကြောင့် နေသူတော်စင်ဂိုဏ်း၏တပည့်များသည် ပြန်လည်ဆုတ်ခွာရန်အတွက်ပင် ခက်ခဲနေကြသည်။

နေသူတော်စင်ဂိုဏ်း၏တပည့်များသည် သူတို့၏ယာယီစခန်းဖြစ်သော မုန်တိုင်းမျက်လုံးသို့ ခဲခဲယင်းယင်း ပြန်လည်ဆုတ်ခွာနိုင်ပြီးနောက် ဝါဒဂိုဏ်းသားများ၏ နောက်တစ်ကြိမ် ဝန်းရံမှုကို ခံရပြန်သည်။

အလင်းဝိဉာဉ်ကြောင်ကို ဖမ်းထားသည့် နေသူတော်စင်ဂိုဏ်း၏တပည့်က မုန်းတီးစွာ ရယ်မောလိုက်သည်။ “ကောင်းတယ်… ကောင်းတယ်၊ မင်းတို့ ဝါဒတောင်ဂိုဏ်းက ငါတို့ နေသူတော်စင်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တာလား၊ ဒီအလင်းဝိဉာဉ်ကြောင်က လူမယဉ်သေးဘူး၊ မင်း မွေးလို့ရတာမျိုး မဟုတ်ဘူး၊ ငါ ဒါကို ဖမ်းလာတယ်၊ ငါလုပ်ချင်တာလုပ်မှာပေါ့၊ မင်းမှာ ဘာဝင်တားပိုင်ခွင့်ရှိလဲ”

အလင်းဝိဉာဉ်ကြောင်၏ နောက်သို့ ဦးစွာ လိုက်လာသော ဝါဒတောင်ဂိုဏ်း၏အမျိုးသမီးတပည့်က ပြန်အော်လိုက်သည်။ “အဲ့ကြောင်က ငါနဲ့ ရင်းနှီးတယ်၊ ငါ မွေးတော့မှာ”

နေသူတော်စင်ဂိုဏ်းမှ လူငယ်က နှာခေါင်းရှုံ့လိုက်သည်။ “အဲ့ကြောင်ပေါ်မှာ နင့်နာမည်ကို မတွေ့ပါဘူး”

မိန်းကလေးက ဒေါသထွက်စွာဖြင့် “ရှင်…….”

နေသူတော်စင်ဂိုဏ်းတပည့်များ၏ ခေါင်းဆောင်ဖြစ်ဟန် ရှိသူက အေးစက်စွာ ပြောလိုက်သည်။

“မိစ္ဆာသားရဲတစ်ကောင်အတွက်နဲ့ ငါတို့ နေသူတော်စင်ဂိုဏ်းကို ရန်စချင်တာလား၊ ဝါဒတောင်ဂိုဏ်းက တော်တော် သတ္တိကောင်းလာပုံ ရတယ်၊ ဒီ အစွန်းရောက်ရှစ်ပါးကမ္ဘာထဲမှာ ဘယ်သူက နံပါတ်တစ် ထိပ်သီးနယ်မြေလဲ မမေ့နဲ့ဦး”

ဝါဒတောင်ဂိုဏ်း၏တပည့်များလည်း အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။ ထိပ်သီးနယ်မြေများမှာ အဆင့်ချင်း တူညီသည်ဟု ဆိုနိုင်သော်လည်း သူတို့ကြားတွင် အင်အားကွာခြားမှုအချို့ ရှိသေးသည်။ လက်ရှိ နေသူတော်စင်ဂိုဏ်းသည် တန်ခိုးထွားသည့် ကာလသို့ ရောက်နေပြီး  ၎င်းသည် သဘောထားတင်းမာ၍ အထက်စီးဆန်သည်။

ထိုနေသူတော်စင်ဂိုဏ်းတပည့်က ပြောလိုက်သည်။ “မင်းတို့တွေက ဝါဒတောင်ဂိုဏ်းရဲ့ တပည့်အသစ်တွေမလား၊ ထိပ်သီးနယ်မြေနှစ်ခုကြား ပဋိပက္ခဖြစ်လာရင်၊ မင်းတို့ တာဝန်ယူရဲရဲ့လား”

စစ်ခုန်ချင်းသည် သူမ၏ ရေခဲဓားကို ရွှမ်းခနဲ ရမ်းလိုက်ရာ နှင်းပွင့်များသည် ကောင်းကင်သို့ ပျံသန်းသွားပြီး တစ်ဖက်လူများကို သူတို့၏ဝိဉာဉ်လက်နက်များ အသုံးမပြုရဲအောင် ဟန့်တားလိုက်သည်။ “ထိပ်သီးနယ်မြေ နှစ်ခုကြား ပဋိပက္ခဆိုတာ ငါ့လို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သာမာန် တပည့်က တာဝန်ခံနိုင်တာမျိူး မဟုတ်ဘူး၊ ဒါပေမယ့် ငါ လုပ်နိုင်တာ၊  ငါ တာဝန်ခံနိုင်တာ တစ်ခုကတော့ ငါ့လက်ထဲက ဓားပဲ”

သူမသည် အားနည်းပုံရသော်လည်း သူမ၏ ‘ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် သာမာန်တပည့်’ဟူသော စကားများကြောင့် တစ်ဖက်လူ၏ မျက်နှာသည် အရှက်ရ၍ နီရဲသွားလေသည်။

အကယ်၍ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တပည့် စစ်ခုန်ချင်းက ထိပ်သီးနယ်မြေနှစ်ခုအကြား ဖြစ်လာနိုင်သည့် ပဋိပက္ခကို တာဝန်မခံနိုင်လျှင် တစ်ဖက်လူသည်လည်း အတူတူပင်ဖြစ်သည်။ ထိုသို့ ကြီးကြီးကျယ်ကျယ် ပြောနိုင်သည့်အရည်အချင်းမျိုး သူ့တွင် ဘယ်လိုလုပ် ရှိမည်နည်း။

နေသူတော်စင်ဂိုဏ်းနှင့် ဝါဒတောင်ဂိုဏ်း၏ လူငယ်များ အကြား ပဋိပက္ခများသည် ဖြစ်လေ့ဖြစ်ထရှိသော အရာဖြစ်သည်။ နှစ်ဖက်စလုံးက အသီးသီး အနိုင်ရခဲ့သည့် အခါများလည်း ရှိသည်။ အရေးကြီးသော ကိစ္စမဟုတ်လျှင် ဤကဲ့သို့ ပဋိပက္ခမျိုးက အထက်လူကြီးများ အလွယ်တကူ ဝင်ရောက်စွတ်ဖက်တတ်သည့် အရာမျိုးမဟုတ်ပေ။ စီနီယာမျိုးဆက်၏ မျက်လုံးထဲတွင် ထိုပဋိပက္ခများက လူငယ်မျိုးဆက်များကို လေ့ကျင့်ပေးသည့် သဘောပင် ဖြစ်၏။

တိုက်ပွဲတစ်ပွဲကို ရှုံးနိမ့်ခြင်းက ဂုဏ်သိက္ခာ ကျဆင်းစေ၏။ သိ့ရာတွင် နောက်ထပ်တစ်ပွဲအား ပြန်လည်အနိုင်ရပါက ကျဆင်းသွားသည့် သိက္ခာကို ပြန်ဆည်နိုင်မည်ဖြစ်သည်။ ထိုယှဉ်ပြိုင်မှုများက အထွေထွေစစ်ပွဲသို့ အလွယ်တကူ မဦးတည်နိုင်ပေ။

လက်ရှိကမ္ဘာတွင် ဧရာမ အင်အားစုကြီး နှစ်ခုအကြား အလုံးစုံ စစ်ပွဲက ရိုးရှင်းသော အရာမဟုတ်ပေ။ အခြေအနေများစွာ ပါဝင်ပြီး အခြားထိပ်သီးနယ်မြေများကလည်း ဘေးမှ စောင့်ကြည့်နေကြသည်။ ဤကဲ့သို့ စစ်ပွဲမျိုးက အလွယ်တကူ မဖြစ်ပွားတတ်ပေ။

သို့သော် ထိုစစ်ပွဲမျိုး အမှန်တကယ် ပေါ်ပေါက်လာပါက ကမ္ဘာပြောင်းလဲနိုင်သည့်ပမာဏအထိ ဖြစ်ပေါ်နိုင်သည်။

ရီကျင်းက အေးစက်စွာ ပြုံးရင်း ပြောလိုက်၏။ “မင်းတို့ နေသူတော်စင်ဂိုဏ်းရဲ့ တပည့်တွေက ငါတို့ကို မနိုင်တာနဲ့ မင်းတို့ဂိုဏ်းကို တ နေပြီလား”

မကြာသေးမီနှစ်များအတွင်း နေသူတော်စင်ဂိုဏ်းသည် ကမ္ဘာ၏ ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ သူတို့၏တပည့်များက အမှန်တကယ် ထူးချွန်ပြီး ဂိုဏ်းအပြင်သို့ ရောက်သည်နှင့် အထက်စီးဖြင့် ပြုမူနေထိုင်တတ်ကြသည်။ ဤအရာကား အထူးသဖြင့် နေသူတော်စင်ဂိုဏ်း၏တပည့်အသစ်များတွင် ပိုမို မှန်ကန်၏။ တပည့်အသစ်များသည် အပြင်လောကတွင် အကြောက်အလန့်မရှိကြဘဲ  နိုင့်ထက်ကလူ ပြုတတ်ကြသည်။ သူတို့သည် ဝါဒတောင်ဂိုဏ်းနှင့် အခြားထိပ်သီးနယ်မြေများရှိ တပည့်များကို အထင်သေးပြီး မောက်မာစွာ ဆက်ဆံကြသည်။

လူငယ်မျိုးဆက်များအကြား တိုက်ပွဲများတွင်လည်း နေသူတော်စင်ဂိုဏ်းသည် ဝါဒတောင်ဂိုဏ်းကို ရှုံးနိမ့်သည်ထက် အနိုင်ရသည်က ပိုများ၏။ သူတို့၏ ဆိုးဝါးသော လက်ရှိအခြေအနေက သူတို့ကို အနည်း နှင့် အများ စိတ်ရှုပ်ထွေးစေပြီး သူတို့၏ လက်ရှိအဖြစ်ကို မယုံကြည်နိုင် ဖြစ်မိသည်။

ထိုနေသူတော်စင်ဂိုဏ်း၏တပည့်မှာ ဆက်လက် ငြင်းခုန်လိုစိတ်မရှိတော့သဖြင့်  ရီကျင်းနှင့် စစ်ခုန်ချင်းတို့၏ နှုတ်ဖြင့် ထိုးနှက်ခြင်းကို ခံနေရသည်။

သို့သော် သူက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။ “ဒီနေ့ မင်းတို့ရဲ့ ဝိဉာဉ်လက်နက်တွေနဲ့ ငါတို့ကို သေအောင် သတ်နိုင်ရင်သတ်၊ မသတ်နိုင်လို့တော့ ဒီအကြွေးကို တစ်နေ့ ပြန်ပေးဆပ်ရမယ်၊ မင်းတို့တွေလောက် ငါတို့နေသူတော်စဉ်ဂိုဏ်းမှာလည်း မရှိဘူးများ ထင်နေလား”

ဝါဒတောင်ဂိုဏ်းသားများက လှောင်ရယ်လိုက်ကြသည်။ “ငါတို့ ဝိဉာဉ်လက်နက်တွေ အသုံးမပြုခင်တုန်းကရော မင်းတို့က ငါတို့ကို နိုင်လို့လား”

နေသူတော်စင်ဂိုဏ်းသားများသည် ဒေါသထွက်ပြီး မခံမရပ်နိုင် ဖြစ်နေကြသည်။ ဝိဉာဉ်လက်နက်များ ထုတ်မသုံးခင်က သူတို့ဘက်မှ အနည်းငယ်သာ ရှုံးနိမ့်နေခဲ့သည်။ သို့သော် သူတို့၏ လက်နက်များ ထုတ်လိုက်သည်နှင့် နှစ်ဖက်ကြား ကွာခြားမှုက ဤမျှ ကြီးမားသွားမည်ဟု မည်သူက ကြိုသိမည်နည်း။

သူတို့သည် လမ်းဘေးခွေးများ ကဲ့သို့ အဆက်မပြတ် ရိုက်နက်ခံရပြီး လွတ်လွတ်ကျွတ်ကျွတ်ပင် ထွက်မပြေးနိုင်ခဲ့ပေ။

ဆန့်ကျင်ဖက်အားဖြင့် ဝါဒတောင်ဂိုဏ်း၏တပည့်များ အကြီးအကျယ် စိတ်ဓာတ်တက်ကြွနေကြသည်။ “ဒါတွေ အကုန်လုံးက အကိုကြီးရန်ရဲ့ကျေးဇူးကြောင့်ပဲ၊ လက်နက်အလန်းစားနဲ့ ပြိုင်ဘက်ကို အနိုင်ယူလိုက်ရတဲ့ ခံစားချက်က စိတ်ကျေနပ်စရာပဲ”

ထိုသို့ ပြောနေကြစဉ် ရီကျင်း၏လက်ထဲမှ ဝိဉာဉ်လက်နက်က ရုတ်တရက် စတင် တုန်ခါလာ၏။
သူတစ်ယောက်သာ မဟုတ်ဘဲ ဝါဒတောင်ဂိုဏ်းမှ တပည့်အားလုံး၏ ဝိဉာဉ်လက်နက်များက သတိပေးနေသည့်အလား စတင် တုန်ခါလာ၏။

ထို့နောက် ပုံရိပ်တစ်ခုက လူတိုင်း၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

ထိုလူ၏ပတ်ပတ်လည်တွင် ဆယ်သန်းမကသော ချွန်ထက်သည့် အပ်များနှင့် ဆင်တူသော ရွှေရောင်အလင်းတန်းများက မျက်စိကြိမ်းလောက်အောင် တောက်ပနေ၏။

ချက်ချင်းပင် ရီကျင်း၊ စစ်ခုန်ချင့်နှင့် အခြားသူတို့၏ ဝိဉာဉ်လက်နက်များသည် ဝိဉာဉ်ချီ ထည့်သွင်းမှုကြောင့် အလင်းများ တောက်ပလာသည်။ သူတို့သည် ထိုပေါ်လာခါစ လူအား ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

စူးရှချွန်ထက်သည့် ရွှေရောင်အလင်းများ ပြိုးပြိုးပျက်ပျက် လက်လာပြီး ဝိဉာဉ်လက်နက်ဆယ့်ခြောက်ခုနှင့် သူတို့၏ပိုင်ရှင်များသည် နောက်သို့ လွင့်ထွက်သွားကြသည်။

ထိုစူးရှချွန်ထက်သော ရွှေရောင်အလင်းတန်းများသည် တကယ့် သတ္တုလက်နက်များကဲ့သို့ ဖြစ်၏။ ထိုအလင်းတန်းများနှင့် ဝိဉာဉ်လက်နက်များ ထိပ်တိုက်ရင်ဆိုင်မိသောအခါ နားကွဲမတတ်အသံများ ထွက်ပေါ်လာသည်။

ဝါဒတောင်ဂိုဏ်း၏တပည့်များသည် အပ်နှင့်တူသော အလင်းတန်းများစွာက သူတို့အား ထိုးစိုက်နေသကဲ့သို့ ခံစားရသည်။ အစောပိုင်းက သူတို့၏ တတ်ကြွနေသော စိတ်ဓာတ်များ ပျောက်ဆုံးသွားသည်။ သူတို့ကျင့်ကြံခြင်းသည် မနက်ခင်းနေရောင်ခြည်နှင့် ထိတွေ့သော နှင်းစက်များ အလား ရုတ်တရက် ပျောက်ကွယ်သွားပြီး မည်သည့်ခွန်အားကိုမျှ စုစည်း၍ မရနိုင်တော့ပေ။

မျက်စိကျိန်းလောက်အောင် တောက်ပနေသော ရွှေရောင်အလင်းများ ပျောက်ကွယ်သွားပြီး ရွှေရောင်အနားကွပ်သော အဖြုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။ သူသည် လူတိုင်း၏ ရှေ့တွင် မောက်မာစွာ ရပ်လိုက်သည်။

မည်သည့်လှုပ်ရှားမှုမျှ မလုပ်ဘဲ ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူ၏တည်ရှိမှုသည် မမြင်နိုင်သော အင်အားက ပတ်ဝန်းကျင်သို့ ဖိနှိပ်နေသည့်အလား ထိုနေရာတွင် ရှိနေသော လူတိုင်းကို ဖိနှိပ်ထားသည်။

ထို့နောက် သူ့တစ်ကိုယ်လုံးက အနက်ရောင်တွင်းနက်ကြီးတစ်ခုအလား ကြီးမားသော စုပ်အားကြီး ဖြစ်ပေါ်လာပြီး ဝါဒတောင်ဂိုဏ်း၏တပည့်များသည် သူတို့ ထွက်ပြေးရန် ကြိုးစားလျှင်တောင် မပြေးနိုင်ဘဲ ဖြစ်နေသည်။ ထို့အစား သူတို့သည် စုပ်အား၏ ဆွဲငင်မှုကြောင့် သူနှင့် တဖြည်းဖြည်း နီးကပ်လာသည်။

အစောပိုင်းက တိုက်ခိုက်မှုအတွင်း ဝါဒတောင်တပည့်များ၏ အဆင့်နိမ့်ဝိဉာဉ်လက်နက်များမှာ သူတို့လက်ထဲမှ လွင့်ထွက်သွားခဲ့သည်။ ထိုဝိဉာဉ်လက်နက်များသည် အလင်းဖျော့ဖျော့လေး တောက်ပလျက် မြေပေါ်တွင် ပြန့်ကျဲနေ၏။
ဝါဒတောင်တပည့်များသည် သူတို့၏ဝိဉာဉ်လက်နက်များကို စိတ်ဝိဉာဉ်ချိတ်ဆက်မှုမှ တဆင့် ပြန်ခေါ်ချင်သော်လည်း အသစ်ရောက်လာသော လူ၏စွမ်းအားဖြင့် ဖိနှိပ်ခံထားရသောကြောင့် ဝိဉာဉ်လက်နက်များသည် တုန်ခါရုံသာ တုန်ခါနေပြီး မရွေ့လျားနိုင်ပေ။

ထိုလူငယ်က လက်နှစ်ဖက် နောက်ပစ်၍ ခေါင်းမော့လျက် ပြောလိုက်သည်။ “ဒီသခင်လေးက နေသူတော်စင်ဂိုဏ်းက ချောင်ယွမ်လုံပဲ၊ မင်းတို့ဝါဒတောင်ဂိုဏ်းက ဘယ်သိုင်းပညာရှင် ဦးဆောင်လာတာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset