Switch Mode

အပိုင်း(၁၈၂၈)

ညှိနှိုင်းခြင်း

ရီဖူရှင်း နိုးထလာသည့်သတင်းသည် ကောင်းကင်အာဏာစက်ဘုံမှသည် တခြားသောဘုံများသို့အထိ မြန်ဆန်စွာ ပျံ့နှံ့သွား၏။

ကျောင်းတော်၏မဟာမိတ်အင်အားစုများက ထိုသတင်းကိုကြားလျှင် အလွန်ပျော်ရွှင်သွားကြသည်။ ထင်မှတ်ထားသည့်အတိုင်း ရီဖူရှင်းကား အသက်ပြင်းသည်။

တခြားတစ်ဘက်တွင် ရီဖူရှင်းနှင့်ရန်ငြိုးရှိသူများအားလုံး အံ့အားသင့်ကြရသည်။ ရီဖူရှင်း အသက်မဲ့နေသောခန္ဓာကိုယ်အား သူတို့အားလုံး မြင်တွေ့ခဲ့ကြ၏။ ထိုအရိပ်မုန်တိုင်းထဲတွင် တိုက်စားခံရပြီးနောက်တွင် ရီဖူရှင်း မည်သို့ အသက်ရှင်နိုင်သနည်း။

ထိုအရာက မဟာအင်ပါယာ၏အမွေအနှစ်ဆက်ခံမှုကြောင့်လော။

သို့သော်လည်း ရီဖူရှင်းက အရိပ်ဘုံ၏ပင်မအမြုတေကို စားသုံးသွားသည်ဟုတော့ မည်သူမှ ကောက်ချက်မချပေ။ မည်သို့ဆိုစေ ထိုသို့ဖြစ်နိုင်ချေက အလွန်အမင်း နည်းပါးသည် မဟုတ်ပါလား။ ထိုအဖြစ်က ကောင်းကင်ဘုံ၏ဆက်ခံသူကြောင့်ဟုသာ သူတို့ယုံကြည်လိုကြသည်။

ထိုလူက အရိပ်မုန်တိုင်းကို အသုံးပြုသည်ကို သူတို့အားလုံးမြင်တွေ့ခဲ့ကြသည်။ ထိုလူထွက်သွားပြီးနောက်တွင် အရာအားလုံးငြိမ်သက်သွား၏။ ထိုအချင်းအရာက သက်သေပင်။

ရီဖူရှင်းက အလွန်ကံကောင်းသည်ဟုသာ သူတို့ပြောနိုင်သည်။ အရိပ်ဘုံ၏တိုက်စားမှုကို ခံရပြီးနောက်တွင် သူသည် ခေါင်းမာစွာ အသက်ရှင်ကျန်ရစ်၏။

ကောင်းကင်အာဏာစက်ကျောင်းတော်၏လျှို့ဝှက်လေ့ကျင့်ခန်းတွင်ဖြစ်သည်။ ရီဖူရှင်းက ငြိမ်သက်စွာထိုင်နေ၏။ သူ၏စိတ်အသိသည် သက်စောင့်နန်းတော်ထဲတွင်ရှိနေကာ သူ၏လက်ရှိအခြေအနေကို စစ်ဆေးနေသည်။ မူလကျောက်တုံးသည် လဝိညာဉ်အဖြစ်ပြောင်းလဲကာ ကောင်းကင်တွင် ထွန်းလင်းနေသည်။ သူ၏စွမ်းအားသည် ကမ္ဘာသစ်ပင်၏ဖိနှိပ်မှုကို ခံရကာ ယခင်လို ကြောက်မက်ဖွယ်ကောင်းသောခံစားချက်ကို မပေးတော့ပေ။

ထိုအကြောင်းပြချက်ကြောင့်ပင် ရီဖူရှင်းသည် တချိန်လုံး အိပ်မောကျနေခြင်း ဖြစ်ရပေမည်။ အကယ်၍ နတ်ရတနာသည်သာ ဖိနှိပ်ခြင်းမခံရဘဲ ထိုကြောက်မက်ဖွယ်စွမ်းအားများကို အချိန်တိုင်းထုတ်လွှတ်နေမည်ဆိုပါက ရီဖူရှင်း၏ကျင့်ကြံဆင့်ဖြင့် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ယခု သူနိုးလာခြင်းသည် ယန်ဓာတ်များအားလုံးမှာ ကမ္ဘာသစ်ပင်၏ထိန်းချုပ်မှုအောက်သို့ရောက်သွားပြီဖြစ်ကြောင်း ဆိုလိုပေသည်။ ယခု ရီဖူရှင်းသည် ယန်ဓာတ်စီးဆင်းမှုကိုပင် ထိန်းချုပ်နိုင်ပြီဖြစ်သည်။

သူ၏ခန္ဓာကိုယ်မှာလည်း ကြီးမားသောအပြောင်းအလဲများဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်တွင် ယန်ဓာတ်များ ပိုများသွားကာ သူ့မျက်နှာသည် ပို၍ ချောမောလာပြီး အသားအရေများမှာလည်း ပိုမိုချောမွေ့လာသည်။ သူ၏အငွေ့အသက်များသည်ပင် အနည်းငယ် မိန်းမဆန်လာသည်ဟု ခံစားရ၏။ သူကား ယန်ဓာတ်၏လွှမ်းမိုးမှုကို ခံစားရခြင်းဖြစ်သည်။

ယခု သူသည် ထိုမူလကျောက်တုံးကို စားသုံးခဲ့သည်။ သူ့ခန္ဓာကိုယ်သည် သန့်စင်ယန်ခန္ဓာကိုယ်သို့ ပြောင်းလဲနေဟန်ရ၏။

ရီဖူရှင်းက လက်ဆန့်တန်းလိုက်လျှင် လက်တွင် မီးတောက်များပေါ်လာသည်။ ထိုမီးတောက်များသည်ပင် ပြင်းထန်သောယန်ဓာတ်များပါဝင်နေ၏။ ထိုအရာကား အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားကို ပိုင်ဆိုင်သည်။

သူ့အနီးတွင် ဓားစွမ်းအားများ ဖြစ်ပေါ်လာသည်။ ယခု သူ၏ဓားစွမ်းအားသည် အေးစက်ကော သတ်ဖြတ်လိုသော အငွေ့အသက်များကို ပိုင်ဆိုင်၏။

သူ့နောက်တွင် လသည် တဖြေးဖြေးမြင့်တက်၏။ တစ်လောကလုံးသည် နက်မှောင်သွားကာ လရောင်သည် မြေပြင်တစ်ခုလုံးအား အေးခဲသွားစေ၏။ ထိုနေရာတစ်ခုလုံး အလွန်အေးစိမ့်သွားကာ ထိုအရာက စိတ်ဝိညာဉ်ကိုပင် အေးခဲသွားတော့မည့်ဟန်ရှိနေသည်။

ရီဖူရှင်းက သူ၏တိုက်ခိုက်မှုများအားလုံး ယန်ဓာတ်များ၏လွှမ်းမိုးမှု ခံရသည်ကို တွေ့ရသည်။ သူ၏တိုက်ခိုက်ရေးစွမ်းအားများကား သိသာစွာပင် ပိုမိုအားကောင်းလာခဲ့သည်။

အတန်ကြာပြီးနောက်တွင် ရီဖူရှင်းက စစ်ဆေးခြင်းကို ရပ်လိုက်၏။ သူက တစ်ခုကို တွေးမိသည်။

အရိပ်ဘုံသည် ယန်ဓာတ်ကို ပိုင်ဆိုင်ပြီး နေမင်းဘုံသည် ယင်ဓာတ်ကို ပိုင်ဆိုင်သည်။ အကယ်၍ သူသည်သာ ယင်ဓာတ်ကို ထပ်မံပိုင်ဆိုင်ရလျှင် မည်သို့ဖြစ်လာမည်နည်း။

သို့သော်လည်း ရီဖူရှင်းက ထိုအကြံကို လက်လျှော့လိုက်သည်။ သူက အရိပ်ဘုံတွင် အသက်ရှင်ကျန်ရစ်ခြင်းကား အလွန်ကံကောင်း၍ဖြစ်သည်။ မှော်နက်အဖွဲ့က နတ်ရတနာကို ပိုင်ဆိုင်လိုကာ ကျူးကျော်ခဲ့ကြသည်။ နောက်ဆုံးတွင် ရီဖူရှင်းက တိုက်ဆိုင်စွာဖြင့် နတ်ရတနာကို ရရှိခဲ့၏။ နတ္တိအင်ပါယာနန်းတော်က ထိုအချက်ကို သိလျင်ပင် ရီဖူရှင်းကို အပြစ်မတင်နိုင်ပေ။

သို့သော်လည်း ရီဖူရှင်းက နေမင်းဘုံကိုသွားရောက်ကာ နတ်ရတနာကို ပိုင်ဆိုင်လိုပါက ထိုကိစ္စက ကွဲပြားခြားနားသွားပြီဖြစ်သည်။ အရှင်ဒွန်ဟောင်က ထိုသို့သောကိစ္စကို ခွင့်လွှတ်မည် မဟုတ်ပေ။

သူ့အနေဖြင့် အနာဂတ်တွင် တခြားနည်းလမ်းကို ရှာဖွေခြင်းက ပိုမိုသင့်တော်ပေသည်။

သူ၏လက်ရှိဦးစားပေးသည် ယန်ဓာတ်ကို အသုံးချခြင်းအား လေ့ကျင့်ရန် ဖြစ်သည်။ သူ့စိတ်ထဲတွင် အစီအစဉ်ရှိပြီးဖြစ်သည်။ သူကား မူလသစ်ပင်ကိုအသုံးပြုကာ လဝင်ရိုးကို ဖွဲ့စည်းမည်ဖြစ်သည်။

ဤနည်းဖြင့် သူသည် ကမ္ဘာသစ်ပင်ဝိညာဉ်ကိုအသုံးမပြုလျှင်ပင် သူသည် အလွန်စွမ်းအားကြီးမားပေမည်။

လသည်ကား သူ၏အသက်ဝိညာဉ်တစ်ခုဖြစ်၏။ ထိုအရာအား နတ်ဝင်ရိုးဖွဲ့စည်းရန်မှာ သိပ်မခက်ခဲပေ။

ထိုသို့တွေးပြီးနောက်တွင် ရီဖူရှင်းက တံခါးပိတ်လေ့ကျင့်နေတော့သည်။ ဘုံကိုးခုသည်လည်း တဒင်္ဂမျှ ငြိမ်သက်နေတော့၏။

နောက်ပိုင်းရက်များတွင် အရိပ်ဘုံနှင့် လျှို့ဝှက်နယ်မြေဘုံများ၌ အပြောင်းအလဲတချို့ဖြစ်ပေါ်လာခဲ့သည်။ ကောလာဟလများအရ ငရဲတံခါးမှတန်ခိုးရှင်များသည် လျှို့ဝှက်နယ်မြေဘုံသို့ အဆက်မပြတ် ရောက်လာနေကြသည်။ မှော်နက်အဖွဲ့သည် ယခင်တစ်ကြိမ် ကျရှုံးခဲ့သည်ကို မကြေနပ်ဘဲ နောက်တဖန် တစ်စုံတစ်ခုကို ကြံစည်လိုဟန်ရသည်။ သူတို့က ကောင်းကင်ဒေသနှင့်ရင်ဆိုင်လို၏။

သို့သော်လည်း ထိုအပြောင်းအလဲများက ရီဖူရှင်းကို မသက်ရောက်ပေ။ သူက တိတ်တဆိတ် လေ့ကျင့်နေသည်။

နောက်တစ်လခန့်အကြာ ရီဖူရှင်းသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့၏။

ကောင်းကင်အာဏာစက်ကျောင်းတော်ကော့တေး၌ ရီဖူရှင်းကို လူအများအပြား လာတွေ့ကြသည်။ သူတို့ထံမှတစ်ဦးကား အလွန်သိသာထင်ရှားသူဖြစ်သည်။ သူမကား ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီးဖြစ်၏။

“ရှင် ကျင့်ကြံတာပြီးသွားပြီပေါ့” ချန်ရှီးက မေးသည်။

“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည် “နတ်မိမယ်က ကျောင်းတော်မှာ အသားကျပြီလား”

ချန်ရှီးက အနည်းငယ် ခေါင်းညိတ်သည်။ သူမသည်လည်း တိုက်ပွဲထဲတွင်ပါဝင်ခဲ့၏။ ယခင်က ယိုယွဲ့နတ်နန်းတော်၏နတ်မိမယ်ဖြစ်သောသူမသည် အလွန်မာနကြီးခဲ့သည်။ သို့သော်လည်း လက်ရှိအပြောင်းအလဲများက သူမသည် အလွန်အားနည်းသေးကြောင်း နားလည်စေခဲ့သည်။

“ကျွန်မကို ဒီအတိုင်း နာမည်ပဲ ခေါ်လို့ရပါတယ်” ချန်ရှီးက ရီဖူရှင်းကို ပြုံးလျှက်ပြောသည်။

ရီဖူရှင်းက ခေါင်းညိတ်၏။

“ငါ ကျောင်းတော်ကို ဝင်လိုက်ပြီ” ချန်ရှီးက ဆက်ပြောသည်။

ရီဖူရှင်းက အံ့အားသင့်သွား၏။

“ငါက စမ်းသပ်မှုကို အောင်မြင်ပြီးပြီ။ အရှင်ထိုက်ရွှမ်နဲ့ ဖေးရွှီက ကိုယ်တိုင်စစ်ဆေးပြီးတော့ ငါ့ကို ကော့တေးသို့ ဝင်ခွင့်ပြုလိုက်တယ်။ သူတို့က နင့်ကိုလည်း ပါဝင်စစ်ဆေးစေချင်ခဲ့တာ။ ဒါပေမဲ့ နင်က တံခါးပိတ်ကျင့်ကြံနေတယ်လေ” ချန်ရှီးက တီးတိုးပြောသည်။

“သူတို့က ဆုံးဖြတ်ပြီးမှတော့ အဲဒါက အဆင်ပြေပါတယ်” ရီဖူရှင်းက ပြောသည် “ယိုယွဲ့နန်းတော်ကရော”

“ယိုယွဲ့နန်းတော်က ကောင်းကင်ဒေသမှာ ပင်မဂိုဏ်းရှိတယ်ဆိုပေမဲ့ ငါက အဲဒီကိုသွားလေ့ကျင့်ဖို့ အသားမကျဘူး”

သည်မတိုင်ခင်က ကောင်းကင်ဒေသပင်မဂိုဏ်းမှ လူများသည် ယိုယွဲ့နန်းတော်သို့ရောက်လာကာ မူလဘုံကို ထိန်းချုပ်ရန် ဆွေးနွေးခဲ့ကြ၏။ သူတို့၏အပြုအမူနှင့်စိတ်သဘောထားမှာ ရင့်သီးလွန်းရာ သူမက သဘောမကျပေ။ ယိုယွဲ့နန်းတော်တွင်လည်း နှစ်ခြမ်းကွဲသွားသည်။

ထို့ကြောင့် သူမက မူလဘုံတွင်ကျန်ရစ်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။

“ကောင်းပြီ…ကော့တေးက ကြိုဆိုပါတယ်” ရီဖူရှင်းက ပြုံးလျှက်ပြောသည်။

“နင်က ငါ့ကို တစ်ယောက်တည်း မပစ်ထားပါဘူး… ဟုတ်တယ်မလား” ချန်ရှီးက ရုတ်တရက်ပြောသည်။ သူမ၏အငြိုးတကြီးအကြည့်က အလွန်ကြည့်ကောင်းပေသည်။

ထိုအဖြစ်က ရီဖူရှင်းအား မင်တက်စေ၏။ သူမ၏မျက်လုံးများထဲမှ အပြုံးယဲ့ယဲ့ကိုမြင်ကာ ရီဖူရှင်းက ပြန်ပြောသည် “နောက်ပိုင်းအခွင့်အရေးရရင် ငါနဲ့အတူလေ့ကျင့်လေ”

ယခု သူသည် ယန်ဓာတ်ကို ပိုင်ဆိုင်ထားရာ သူ၏စွမ်းအားက ချန်ရှီး၏ကျင့်ကြံမှုကို အကျိုးပြုပေသည်။

“ကောင်းပြီ” ချန်ရှီးက ခေါင်းညိတ်သည်။ သူမက တခြားလူများကိုကြည့်ကာ ပြောသည် “ငါ အရင်သွားလိုက်တော့မယ်”

သူမထွက်သွားလျှင် တခြားလူများ သူ့အနီးသို့ ကပ်လာကြသည်။ သောကျောက်က မေးသည် “မင်း ဘယ်လောက် သန်မာလာလဲ”

“မင်း စမ်းကြည့်ချင်လို့လား” ရီဖူရှင်းက တစ်ဘက်လူအား စိန်ခေါ်လိုက်သည်။

သောကျောက်က ရီဖူရှင်းအား သံသယမျက်လုံးများဖြင့် ကြည့်သည်။ နောက်ဆုံးတွင် သူက ခေါင်းယမ်း၏။

“ပြင်ပလောကအခြေအနေ ဘယ်လိုရှိလဲ” ရီဖူရှင်းက မေးသည်။

“နတ္တိအင်ပါယာနန်းတော်က မှော်နက်အဖွဲ့နဲ့ မကောင်းဆိုးဝါးဘုံအဖွဲ့ကို ညှိနှိုင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့ ဒီနေ့ ဆွေးနွေးဖြစ်မယ်” သောကျောက်က ပြောသည်။ ရီဖူရှင်းက အဝေးကို လှမ်းကြည့်သည်။ ကောင်းကင်ဒေသက ငြိမ်းချမ်းမှုကို လိုလားကာ တစ်ဘက်အင်အင်အားစုများနှင့် ဆွေးနွေးလိုဟန်ရသော်လည်း အခြေအနေက ထင်သလောက်လွယ်ကူမည် မဟုတ်ပေ။

ထိုအခိုက်တွင် နတ္တိအင်ပါယာနန်းတော်ကောင်းကင်ထက်၍ လင်းရောင်ခြည်များ ထိန်လင်းလာသည်။ အဆုံးမဲ့သော လေဟာနယ်ဆက်ကြောင်းတစ်ခုပေါ်လာကာ ဧရာမစစ်တပ်ကြီးတစ်ခု ဆင်းသက်လာခဲ့သည်။ သူတို့အားလုံး ကြောက်မက်ဖွယ်ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ကြ၏။

သူတို့မှာ ကောင်းကင်ဒေသမှ စစ်တပ်ဖြစ်သည်။ ညှိနှိုင်းခြင်းကို ပြုလုပ်ရန် မိမိဘက်မှ ကနဦးအင်အားကို ပြသရန်လည်း လိုပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset