အပိုင်း(၁၈၂၇)

ပေါင်းစပ်ခြင်း

အရိပ်ဘုံမှ စစ်ပွဲအပြီးတွင် ဘုံကိုးခုသည် အချိန်တစ်ခုကြာ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

မှော်နက်အဖွဲ့သည်လည်း အင်အားများစွာ ဆုတ်ယုတ်သွားရာ သူတို့၏အင်အားကို ပြန်လည် မွေးရန် ငြိမ်သကနေသည်။

မကောင်းဆိုးဝါးဘုံမှ တန်ခိုးရှင်များကိုမူကား မည်သည့်နေရာတွင်မှ မတွေ့ပေ။

ဘုံကိုးခုတွင်ကား အင်အားစုများသည် အာကာသခရီးသွားဝင်္ကပါများတည်ဆောက်ကာ နတ္တိအင်ပါယာနန်းတော်ဖြင့် ဆက်သွယ်ကြသည်။

သည်နည်းဖြင့် သူတို့သည် တခြားဘုံမှ အင်အားစုများကျူးကျော်လာပါက အတူတူပူးပေါင်းရင်ဆိုင်နိုင်သည်။

ယောင်ယွဲ့နန်းတော်၏ပြိုလဲမှုက အားလုံးကို သတိပေးပြီးသားဖြစ်သွားသည်။

ယခု ဘုံကိုးခုမှ တန်ခိုးရှင်များသည် လတ်တလောဖြစ်ပျက်နေသောအရာများ၏အရေးပါပုံကို နားလည်သွားကြပြီဖြစ်သည်။ အရိပ်ဘုံတိုက်ပွဲတွင် လူအများအပြားသေဆုံးသွားကာ ကြီးမားသော အပြောင်းအလဲများ ဖြစ်သွားသည်။ တစ်ညအတွင်း သူတို့သည် လွန်ခဲ့သော ရာစုနှစ်အနည်းငယ်ကကဲ့သို့ ဗရမ်းပတာခတ်ကာလကို ပြန်ရောက်သွား၏။

သည်ရက်ပိုင်းများတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် ရီဖူရှင်းကို စောင့်ကြည့်နေကြရ၏။ ကောင်းကင်အာဏာစက်မြို့မှလူများသည် ရီဖူရှင်းသတင်းကိုကြားကာ အလွန်စိုးရိမ်ပူပန်နေကြ၏။

ကောင်းကင်အာဏာစက်ဘုံမှလူများသည် ရီဖူရှင်းကို မည်သည့်အန္တရာယ်မှ မဖြစ်စေလိုကြပေ။

မည်သို့ဆိုစေ ရီဖူရှင်းသည် လူငယ်မျိုးဆက်အတွက် ကြီးမားသောမျှော်လင့်ချက်ဖြစ်သည်။ သူတို့အားလုံးက ရီဖူရှင်းတစ်ယောက် ဘုံသုံးထောင်၏အထွတ်အထိပ်သို့ရောက်သည်ကို မြင်တွေ့လိုကြ၏။

သည်ရက်ပိုင်းအတွင်း လူအများအပြား ရီဖူရှင်းထံသို့ လာရောက်သတင်းမေးကြသည်။ သို့သော်လည်း ရီဖူရှင်းကား အိပ်မောကျနေဆဲပင်။

ဟွာဂျီယူသည် သူ့ဘေးတွင် အချိန်တိုင်း ရှိနေ၏။ သူမက ရီဖူရှင်း၏လက်ကိုကိုင်ကာ သူ့အား စိုက်ကြည့်နေ၏။ ထိုစဉ် အမျိုးသမီးတစ်ယောက် သူတို့အနားကို ရောက်လာသည်။

“နင် သူ့ဘေးမှာ ရှိနေတာ ရက်နည်းနည်းကြာနေပြီ။ နည်းနည်းနားလိုက်မလား။ ငါ သူ့ကို စောင့်ကြည့်ပေးမယ်” ရှားရှင်းယွန်က တိုးညင်းစွာ ပြောသည်။ သူမသည်လည်း ရီဖူရှင်းအနီးတွင် ဂရုစိုက်ပေးလိုသော်လည်း ဟွာဂျီယူက ရီဖူရှင်းကို ဂရုစိုက်ပေးနေရာ သူမ ရှိနေရန် မလိုအပ်ပေ။

သို့သော်လည်း ရက်အတန်ကြာလာပြီဖြစ်သော်လည်း ရီဖူရှင်းသည် နိုးလာမည့် အရိပ်အယောင် မရှိပေ။ ထို့ကြောင့် သူမက ဟွာဂျီယူကို အနည်းငယ် အနားယူစေလိုသည်။

ရှားရှင်းယွန်က ထိုသို့ပြောသော်လည်း တစ်ဘက်တွင် ဟွာဂျီယူ၏တုန့်ပြန်မှုကို စိုးရိမ်စွာ ကြည့်နေသည်။

ဟွာဂျီယူက ခေါင်းမော့ကြည့်သည်။ သူမ၏လှပသောမျက်လုံးများက ကြည်လင်ကာ အပြစ်ကင်းသည်။ သူမက ညင်သာစွာပြုံးကာ ပြောသည် “ငါ မပင်ပန်းပါဘူး”

“ငါ့ သက်စောင့်ဝိညာဉ်က အသက်ဝိညာဉ်ကြာပန်းပဲ။ အဲဒါက အသက်ဓာတ်ကို ထုတ်ပေးနိုင်တယ်။ ငါ သူ့ကို အသက်ပြန်ရှင်အောင်လုပ်နိုင်မလား စမ်းကြည့်ချင်တယ်” ရှားရှင်းယွန်က ပြောသည်။ သူမက အရှင်ထိုက်ရွှမ်ကို မေးကြည့်ဖူးသော်လည်း သူက မဖြစ်နိုင်ဟု ပြော၏။ သို့သော်လည်း သူမက အခွင့်အရေးအနည်းငယ်ရှိလျှင်ပင် စမ်းကြည့်လိုပေသည်။

“အဲဒါဆိုလည်း စမ်းကြည့်လေ” ဟွာဂျီယူက နေရာမှထကာ ရှားရှင်းယွန်ကို ပြောသည်။ သို့သော်လည်း သူမက ခပ်လှမ်းလှမ်းတွင်ရပ်ကာ ထွက်သွားမည့်ပုံမပေါ်ပေ။

ရှားရှင်းယွန်က သူမအားကြည့်လျှင် သူမ၏လှပကာ ကြည်လင်သော မျက်လုံးများကိုမြင်သည်။ ထို့အပြင် သူမက သေသေချာချာ နားမလည်သောပုံပေါ်၏။

ရှေ့ကိုတက်လိုက်လျှင် အသက်ဓာတ်အလင်းများသည် ရှားရှင်းယွန်ထံမှ ထွက်ပေါ်လာကာ ရီဖူရှင်းကို ဖြန်းပက်သည်။ အသက်ဓာတ်များသည် ရီဖူရှင်းထံသို့ တဖြေးဖြေးစိမ့်ဝင်သွားကြသော်လည်း သူမ၏အသက်ဓာတ်များမှာ ရီဖူရှင်းထံသို့ အမှန်တကယ် လွှဲပြောင်းပေးနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

မကြာမီ ရှားရှင်းယွန်က လက်လျှော့လိုက်သည်။ သူမက ဟွာဂျီယူကိုကြည့်ကာ တီးတိုးပြောသည် “ဒါက အသုံးမဝင်ဘူး”

“ကိစ္စမရှိဘူး။ သူမ မကြာခင် နိုးလာမှာပါ” ဟွာဂျီယူက သိပ်ဂရုမစိုက်ဟန်ဖြင့် ပြောသည်။

“အင်း…” ရှားရှင်းယွန်ကလည်း ရီဖူရှင်း သေချာပေါက် ပြန်ရှင်လာမည်ဟု ယုံကြည်သည်။

ရှားရှင်းယွန်ထွက်ခွာသွားလျှင် ဟွားဂျီယူသည် ရီဖူရှင်းဘေးတွင် ဆက်လက်ကျန်ရစ်၏။

ဤနည်းဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

ရီဖူရှင်းကား ထိုနေရာတွင်ပင် ငြိမ်သက်စွာ လဲလျောင်းနေ၏။ သူ၏သက်စောင့်နန်းတော်ထဲတွင် လသည် ကောင်းကင်၌ ထွန်းလင်းနေ၏။ ထိုအရာကား မူလကျောက်တုံးမဟုတ်တော့ဘဲ တကယ့်အစစ်အမှန်လ ဖြစ်သွားပြီဖြစ်သည်။ မူလကျောက်တုံးကား ရီဖူရှင်း၏သက်စောင့်ဝိညာဉ်’လ’ဖြင့် ပေါင်းစပ်သွားခြင်းဖြစ်သည်။

အရိပ်စီးကြောင်းများမှာ ယခင်လို ဖျော့တော့ပါးလွှာခြင်းမရှိတော့ဘဲ နေရာတိုင်းတွင် အားကောင်းစွာ စီးဆင်းနေကြသည်။

ကမ္ဘာသစ်ပင်သည်လည်း ယခင်ကဲ့သို့ ဟန်ချက်ညီစွာ လှုပ်ယမ်းနေ၏။

ရီဖူရှင်း၏ခန္ဓာကိုယ်ထဲတွင် အရိပ်စွမ်းအားများသည် သူ၏သက်စောင့်နန်းတော်ထဲကို တဖြေးဖြေးစီးဝင်သွားကြ၏။ တဖန် သက်စောင့်နန်းတော်ထဲမှ အသက်ဓာတ်များသည်လည်း သူ့ခန္ဓာကိုယ်သို့ ပြန်လည်စီးဆင်းလာကြသည်။ ထို့နောက်တွင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် မူလကဲ့သို့ သဘာဝအတိုင်း ပြန်ဖြစ်လာသည်။

အသက်ဓာတ်များသည် သူ၏သွေးများနှင့်အတူ စတင်စီးဆင်းလာကြကာ ရီဖူရှင်းသည်လည်း ပြန်လည်၍ အသက်ရှုလာသည်။ သူကား ယခင်လို အသက်ကင်းမဲ့ခြင်းမရှိတော့ဘဲ လှုပ်ရှားသက်ဝင်လာတော့သည်။

ခဏအကြာ ရီဖူရှင်း မျက်လုံးပွင့်လာသည်။

သူက အနည်းငယ်မူးဝေသလို ခံစားရသော်လည်း သိပ်မကြာခင် ခေါင်းက ကြည်လင်လာသည်။ သူသည် အရိပ်ဘုံ၏မူလအမြုတေထဲတွင်ရှိနေခဲ့သည်ကို ပြန်သတိရ၏။ ကမ္ဘာသစ်ပင်သည် အရိပ်မုန်တိုင်းတစ်ခုလုံးကို ဝါးမျိုလိုခဲ့ကာ နောက်ဆုံးတွင် အောင်မြင်ခဲ့သော်လည်း သူသည်လည်း ကြီးမားသောဒဏ်ကို ခံစားခဲ့ရ၏။ နောက်ဆုံးတွင် သူ၏အသိစိတ်မှာ အမှောင်ကျသွားခဲ့သည်။

ယခု သူ့ခန္ဓာကိုယ်ကို ပြန်လည်ခံစားမိပြီဖြစ်သည်။ အရိပ်စွမ်းအားသည် သူနှင့်မွေးရာပါ ဖြစ်တည်လာသည့်အလား သဘာဝကျစွာ တည်ရှိနေသည်။ ယခု ထိုရတနာသည် သူ၏လဝိညာဉ်နှင့်ပေါင်းစပ်ကာ သူ့သက်စောင့်နန်းတော်ထဲတွင် ထွန်းလင်းနေ၏။ အရိပ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေပြီဖြစ်သည်။

သူ၏မူလဝိညာဉ်သည် မည်သို့သော အရာဖြစ်သနည်း။

ထိုမျှပြင်းထန်သောအားကောင်းသော နတ်ရတနာကိုပင် ဝါးမျိုနိုင်သည်။ ရီဖူရှင်း နားမလည်ပေ။

သူက ဘေးမှဟွာဂျီယူကိုကြည့်ကာ သူသည်။ သူမကား သူ၏ရင်ဘတ်ပေါ်တွင် ငြိမ်သက်စွာ အိပ်မောကျနေသည်။ သူမ၏ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေသော်လည်း ထိုမြင်ကွင်းက ရီဖူရှင်းကို နွေးထွေးစေသည်။ ဟွာဂျီယူက သူ့ထံ အပြည့်အဝ ပြန်ရောက်လာသည့်အလား သူခံစားရသည်။

သူ့လက်များ အနည်းငယ်လှုပ်ရှားကာ ဟွာဂျီယူအား ညင်သာစွာ ဘေးကို ရွှေ့လိုက်ပြီး သူမအား သူ့ဘေးတွင် အနားယူနိုင်စေသည်။ ထိုအခိုက်တွင် ဟွာဂျီယူက မျက်လုံးကို ဖွင့်လိုက်၏။

သူမ၏မျက်တောင်ရှည်များကား သိသိသာသာ လှပလွန်းသည်။ သူမက မျက်လုံးကိုဖွင့်လိုက်လျှင် သူတို့၏အကြည့်များ အနီးကပ်ဆုံသွားသည်။ သူတို့က တစ်ယောက်၏အသက်ရှုသံကို တစ်ယောက်က ကြားနေကြရ၏။

ဟွာဂျီယူက ဘာဖြစ်နေသည်ကို နားမလည်ဟန်ဖြင့် မျက်တောင်ခတ်သည်။

ရီဖူရှင်းက ညင်သာစွာပြုံးကာ သူမ၏နှာခမ်းများကို ထိတွေ့ရန် ရှေ့ကို တိုးလိုက်သည်။

ဟွာဂျီယူ၏လှပသောမျက်လုံးများက မင်တက်စွာဖြင့် ရီဖူရှင်းကို ငေးကြည့်နေတော့သည်။

“ဘယ်လောက်ကြာပြီလဲ” ရီဖူရှင်းက တီးတိုးမေးသည်။

ဟွာဂျီယူက မြန်ဆန်စွာ ထရပ်လိုက်၏။ သူမ၏နှလုံးခုန်သံက အလွန်တရမြန်ဆန်နေသည်ကို ခံစားရသည်။

“နင် နိုးပြီပဲ…” ဟွာဂျီယူက တီးတိုးပြောသည်။

“ငါက တမှေးအိပ်လိုက်သလဲပဲ ခံစားရတာ။ ငါ ဘယ်တော့မှ မနိုးလာမှာကို မစိုးရိမ်ဘူးလား” ရီဖူရှင်းက သူမကိုကြည့်ကာ ပြုံးလျှက်ပြောသည်။

ဟွာဂျီယူက ခေါင်းယမ်းသည်။ ရီဖူရှင်း မည်သည့်အခါမှ မနိုးထလာနိုင်မည့် ဖြစ်နိုင်ချေကို သူမ တစ်ခါမှ မတွေးမိပေ။

သူမကိုကြည့်လျှက် ရီဖူရှင်းက ပြုံးသည် “မင်းက တော်တော်အေးစက်တာပဲ။ ငါ့ကို တကယ်စိတ်မပူဘူးလား။ တခြားလူတွေရော။ သူတို့ တော်တော်စိတ်ပူနေလောက်ပြီ”

“အင်း…” ဟွာဂျီယူက ခေါင်းညိတ်သည် “ငါ တခြားလူတွေကို ပြောသင့်လား”

ရီဖူရှင်းက ပြုံးသည်။ သူက ထိုသို့ပြောလိုက်ကာ သူ၏နတ်အာရုံသည် ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ထိုအခိုက်တွင် ကျောင်းတော်ထဲတွင် လေ့ကျင့်နေသော မရေမတွက်နိင်သော တန်ခိုးရှင်များသည် ရီဖူရှင်း၏နတ်အာရုံကို ခံစားမိကြသည်။

“သူ နိုးလာပြီ” ကျောင်းတော်မှ လူများအားလုံး စိတ်လှုပ်ရှားသွားကြ၏။

ရီဖူရှင်းကား ပြန်နိုးလာပြီ။ သူကား နောက်ဆုံးတွင် ပြန်လာလေပြီ။

“ဖူရှင်း…”

“ဖူရှင်း…”

နေရာတိုင်းမှ အသံများရောက်လာကာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ရီဖူရှင်း ဘေးကင်းစွာရှိနေသည်ကိုမြင်လျှင် သူတို့အားလုံး စိတ်အေးကြရသည်။

နောက်ဆုံးတွင် သူနိုးထလာပြီ။

“ဖူရှင်း.. မင်း ဘာဖြစ်သွားတာလဲ…” အရှင်ထိုက်ရွှမ်က မေးသည်။

“ကျွန်တော် တရေးတမော အိပ်လိုက်တာလေ” ရီဖူရှင်းက ပုခုံးတွန့်ကာ ပြုံးလျှက်ပြောသည်။ အရှင်ထိုက်ရွှမ်က ပြုံးလျှက် ခေါင်းယမ်းသည်။ ထိုအရာက သိပ်မရိုးရှင်းကြောင်း သူသိသည်။ သို့သော်လည်း သူ ထပ်မမေးတော့။

ရှန်လော့ရွှီက သူမ၏လက်ကို ရီဖူရှင်းပေါ်တွင်တင်ကာ စစ်ဆေးသည်။ ရီဖူရှင်းက ပြုံးလျှက်ပြောသည် “အဖွား… ကျွန်တော် အဆင်ပြေတယ်”

သို့သော်လည်း ရှန်လော့ရွှီက ဆက်လက်၍ စစ်ဆေး၏။ အားလုံးကလည်း ရီဖူရှင်းကို စူးစိုက်ကြည့်နေကြသည်။ ရီဖူရှင်းနိုးထလာပြီဖြစ်သော်လည်း သူတို့က လုံးဝ စိတ်မအေးနိုင်ကြသေးပေ။

လူစုသည် အလွန်သက်ဝင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ပြောဆိုနေကြသည်။ ဟွာဂျီယူသည် အေးတွင် ငြိမ်သက်စွာရပ်ကာ ပြုံးနေ၏။ သူမက နွေးထွေးမှုကို ခံစားရ၏။ သူမက ဤသို့သော ခံစားချက်ကို အလွန်နှစ်သက်ပေသည်။

ရှားရှင်းယွန်ကား လူအုပ်ထဲတွင် ရှိနေသည်။ ရီဖူရှင်း ဘေးကင်းသည်ကိုမြင်လျှင် သူမက သက်ပြင်းရှည်ချ၏။ နောက်ဆုံးတွင် သူမ နောက်လှည့်ထွက်ခွာသွားတော့သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset