Switch Mode

အပိုင်း(၁၈၁၈)

မူလဘုံအတွက် ကတောက်ကဆဖြစ်ခြင်း

အရိပ်ဘုံတွင် မရေမတွက်နိုင်သော သက်ရှိများ နေထိုင်သည်။ သူတို့၏အရေအတွက်မှာ ဘီလီယံချီ၏။

ယခု သူတို့အားလုံးမှာ နေရပ်မှ ထွက်လာကြသည်။

တိုက်ပွဲနှင့်အဝေးတစ်နေရာမြို့တစ်ခုတွင် လူအများအပြားသည် ကောင်းကင်၌ ပျံသန်းနေကြသည်။ မြေပြင်သည် တုန်ခါကာ အဆောက်အဦများ အဆက်မပြတ် လှုပ်ခါနေ၏။ မြေပြင်မှ မကောင်းသော စွမ်းအားများ ယိုစိမ့်လာနေသည်။ လူတိုင်းက ထိုစွမ်းအားကို ခံစားမိကြ၏။

ဘာတွေဖြစ်နေတာလဲ။

လူတိုင်းသည် ထိတ်လန့်ကြောက်ရွံ့စွာ တွေးတောမိကြ၏။ မှော်နက်စစ်တပ်သည် အရိပ်ဘုံကို ကျူးကျော်လာချေပြီ။ သို့သော်လည်း အရိပ်ဘုံကား ကြီးမားကျယ်ပြောလှ၏။ မှော်နက်စစ်တပ်က အားလုံးကို ထိန်းချုပ်နိုင်စွမ်းမဲ့သည်။ သူတို့က ထိပ်သီးအင်အားစုများပိုင်ဆိုင်သော ဒေသတချို့ကိုသာ ထိန်းချုပ်ကာ ယခုတွင် ယိုယွဲ့နတ်နန်းတော်၌ စုစည်းနေကြသည်။

ထိုနေရာတွင် စစ်ပွဲဖြစ်နေသည်ဟု ကောလာဟလများက ဆိုသည်။

သို့သော်လည်း အဘယ်ကြောင့် ဤနေရာတွင် အပြောင်းအလဲများ ဖြစ်လာရသနည်း။

ထိုမကောင်းသောစွမ်းအားများ သိပ်သည်းလာလျှင် လူတိုင်းက ချွေးစေးများပြန်လာကြသည်။ အားနည်းသောကျင့်ကြံသူများကား တုန်ယင်လာကြ၏။ ကလေးသူငယ်များမှာ ငိုကြွေးလာကြသည်။ သူတို့အားလုံးမှာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလာကြရသည်။

ပိုမိုများပြားသောကျင့်ကြံသူများ ကောင်းကင်သို့ ပျံသန်းလာနေကြ၏။ မြို့အပေါ်ကောင်းကင်တွင် ရန်ဟောင်အဆင့်ကျင့်ကြံသူများရှိနေသည်။ သူတို့က မြေပြင်မှ ယိုစိမ့်လာသော စွမ်းအားများကိုခံစားမိလျှင် စိတ်နှလုံးပြင်းထန်စွာ တုန်လှုပ်ကြ၏။

ထိုအငွေ့အသက်များ စီးဆင်းလာသောနေရာတိုင်း တူညီသော မြင်ကွင်းများသည် မြို့အနှံ့၊ နေရာအနှံ့ဖြစ်ပေါ်လာ၏။ တချို့က ထိုစွမ်းအားကို ခံစားမိလျှင် စမ်းသပ်စစ်ဆေးကြ၏။

လေထဲမှ ကျင့်ကြံသူတစ်ဦး လက်ဆန့်တန်းလိုက်သည်။ သူ့လက်ထဲတွင် မီးတောက်တစ်ခုဖြစ်ပေါ်လာ၏။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မီးအငွေ့အသက်များ ရိုက်ခတ်သွား၏။ ချက်ချင်းပင် ထိုမီးတောက်သည် မြေအောက်မီးတောက်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ တန်ခိုးရှင်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။

အရိပ်ဘုံမှ ကျင့်ကြံသူများထဲတွင် ရန်ဟောင်အဆင့်ရောက်ဖူးသူတိုင်း ကောလာဟလတချို့ကို ကြားဖူးကြသည်။

လက်ရှိတွင် အရိပ်ဘုံတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့၏။ ထိုအပြောင်းအလဲများမှာ အရိပ်ဘုံ၏ပင်မအမြုတေကြောင့် ဖြစ်လာသည်လား။

ကောလာဟလများအရ လူတချို့သည် အရိပ်ဘုံ၏ပင်မအမြုတေကို စုံစမ်းလိုကြ၏။ ကံမကောင်းသည်က လူတချို့သည် ထိုနေရာသို့မရောက်မှီတွင်ပင် ကျဆုံးသွားကြသည်။ ထို့ကြောင့် အများစုမှာ လက်လျှော့လိုက်ကြရသည်။ သူတို့၏ကျင့်ကြံဆင့် မည်မျှမြင့်မားပါစေ၊ မည်သူမှ ထိုကိစ္စကို မလုပ်ဆောင်နိုင်ပေ။

သို့သော်လည်း ယနေ့တွင် ပင်မအမြုတေမှ အငွေ့အသက်များ ယိုစိမ့်လာခဲ့သည်။ ထိုအငွေ့အသက်များသည် အရိပ်ဘုံတစ်ခုလုံးကို ဖုံးအုပ်လာနေ၏။

တချို့သော ကျင့်ကြံသူများသည် ထိုစွမ်းအားကို တည်ငြိမ်စွာ စုပ်ယူနေကြ၏။ သူတို့က ထိုစွမ်းအားကို အသုံးပြု၍ သူတို့၏ကျင့်ကြံမှုကို အားဖြည့်လိုကြ၏။ တချို့ကား ထိုနေရာမှ အလောတကြီး ထွက်ပြေးရန် ကြိုးပမ်းနေကြသည်။ သူတို့တွင် မကောင်းသော စိတ်ခံစားချက်များ ဖြစ်ပေါ်နေကြသည်။ မကြာမှီ သူတို့သည် ဘေးအန္တရာယ်ကြီး ကျရောက်နိုင်၏။

လတ်တလောတွင် အရိပ်ဘုံတွင် ထိုသို့သော မူမမှန်မှုများ ဖြစ်ပေါ်နေသည်။

အရိပ်ဘုံ၏ပင်လယ်ပြင်သည် စတင်၍ ဆူပွက်လာ၏။ ဆူနာမီများ စတင်တိုက်ခတ်လာခဲ့ကာ လေပြင်းများဖြတ်သန်းသွားသမျှ အရာအားလုံးကို ရေခဲများဖြင့် ပိတ်ဆို့သွားသည်။ လူအများအပြားမှာ ထွက်ပြေးလွတ်မြောက်သွားခြင်းမရှိမှီ၌ပင် ရေခဲထဲ၌ ပိတ်မိသွားကြရသည်။

အရိပ်ဘုံမှ တချို့သော မီးတောက်များမှာလည်း ချော်ရည်များထွက်လာကာ ပေါက်ကွဲလာကြ၏။ ချော်ရည်များစီးဆင်းသွားသောနေရာတိုင်း မီးတောက်များဖြစ်ပေါ်လာကာ စတင်လောင်ကျွမ်းကြရသည်။ ထိုအရာက သက်ရှိများအားလုံးကို လောင်ကျွမ်းစေသည်။

တစ်လောကလုံးသည် ကြီးမားသော အပြောင်းအလဲနှင့် ကြုံဆုံနေရ၏။

ထိုအပြောင်းအလဲသည် စစ်မြေပြင်၌ ပိုမို၍ ပြင်းထန်သည်။

ယိုယွဲ့နန်းတော်တွင် မှော်နက်စစ်တပ်နှင့် ကောင်းကင်ဒေသတို့သည် စစ်ခင်းနေကြ၏။ အရိပ်ဘုံ၏စွမ်းအားများသည် ထိုနေရာကို ဖုံးအုပ်ထားပြီးဖြစ်သည်။ လူတိုင်းသည် ဘုံကို လွှမ်းမိုးထားသော ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိကြသည်။

မြေအောက်အရှင်သည်ပင် ထိုအပြောင်းအလဲကိုကြည့်ကာ အံ့အားသင့်ရသည်။ သူသည်လည်း ဤသို့သောအခြေအနေဖြစ်လာမည်ဟု မထင်ထားခဲ့။ သူက အစီအရင်ဝင်္ကပါကိုအသုံးပြု၍ အရိပ်ဘုံ၏စွမ်းအားကို သန့်စင်လိုခြင်းမျှသာဖြစ်သည်။ အစီအရင်ဝင်္ကပါက အရိပ်ဘုံတစ်ခုလုံးကို ဖုံးအုပ်ကာ သူသည် ဘုံကိုသန့်စင်၍ စားသုံးလိုခဲ့သည်။

သို့သော်လည်း အရာအားလုံးသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။ အရိပ်ဘုံသည် စတင်၍ လည်ပတ်လာ၏။ မြေပြင်တွင် ထူးဆန်းသော အက်ကြောင်းများဖြစ်ပေါ်လာသည်။ ထိုအက်ကြောင်းများမှ စီးဆင်းလာသော အငွေ့အသက်များမှာ ကျင့်ကြံသူများအား သက်ပြင်းရှိုက်မိစေ၏။ ထိုအရာများက မဟာလမ်းစဉ်၏ရင်းမြစ်များပေလော။ ထိုအရာများမှာ အားပြင်းကာ သိပ်သည်းလှသည်။

ကောင်းကင်လမ်းစဉ်မပြိုလဲမှီ မည်သို့သော ခေတ်ကာလရှိခဲ့သနည်း။

“မင်းသမီး… မင်းသမီးကို ဒီကထွက်သွားဖို့ ကျုပ် ဦးဆောင်ပေးပါရစေ” နတ္တိအင်ပါယာနန်းတော်သခင်က ပြောသည်။ သူက ထိုစွမ်းအားကို ခံစားမိသည်။ ဤသို့သော ပရမ်းပတာအခြေအနေတွင် သူတို့အနေဖြင့် ဆက်နေပါက အန္တရာယ်ရှိမည်ကို စိုးရိမ်၏။

လက်ရှိတွင် အရာအားလုံးသည် အထိန်းအချုပ်ကင်းမဲ့လာ၏။

“မလိုဘူး” မင်းသမီးဒွန်ဟောင်က ငြင်းသည်။ သူမက မြေပြင်ကို ကြည့်လိုက်၏။ ထိုနေရာတစ်ခုလုံးကို အမှောင်ထုကြီးစိုးကာ အရာအားလုံးမှာ အေးစိမ့်နေ၏။ မြေပြင်မှ မီးတောက်များသည် အရာအားလုံးကို လောင်ကျွမ်းနေသည်။ ငရဲမီးပန်းများသည် အကျည်းတန်စွာ ပွင့်လန်းလာနေကြ၏။ ထိုငရဲပန်းများသည် မြေပြင်မှသည် ကောင်းကင်ထက်သို့အထိ တက်ရောက်ကာ အရာအားလုံးကို စားသုံးဝါးမျိုကြ၏။

အရိပ်သဏ္ဌာန်များသည် ထိုကဒ်ဘေးကို ရှောင်လွှဲရန် ထွက်ပြေးနေကြသည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များက သူတို့အား အကာအကွယ်ပေးကြသည်။ ထိုစွမ်းအားများသည် မှော်နက်အစည်းအရုံးမှလူများအတွက် အကျိုးများပေသည်။ မဟုတ်လျှင် သူတို့သည် အရိပ်ဘုံကို လာရောက်ဒုက္ခပေးမည်မဟုတ်ပေ။ သူတို့သာ နေမင်းဘုံကို သွားရောက်ခဲ့ပါက ဤသို့သော အကျိုးအမြတ်များရရှိမည်မဟုတ်ပေ။

မြေအောက်အရှင်၏အနီးတဝိုက်၌ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများဖြစ်ပေါ်လာသည်။ ထိုလေပြင်းများသည် အနက်ရောင်လှံများအဖြစ် စုစည်းဖြစ်ပေါ်လာပြီး အရိပ်မျက်နှာမျိုးစုံသို့ ပျံသန်းသွားသည်။

“တုယူ… ခင်ဗျားတို့အားလုံး ထွက်သွားတာကောင်းမယ်။ နတ်ရတနာထွက်ပေါ်လာပြီ။ ဒါက သူ့ရဲ့ကိုယ်ပိုင်ဆန္ဒပဲ။ အတင်းဝင်မစွက်ဖက်ပါနဲ့” မြေအောက်အရှင်က ပြောသည်။ အဆုံးမဲ့သော ဖျက်ဆီးခြင်းမှော်နက်လှံများသည် တုယူထံသို့ ပျံသန်းလာကြ၏။

တုယူ၏နောက်မှ နတ်ဝင်ရိုးပုံစံသည် အဆုံးစွန်သို့အထိ လင်းလက်လာသည်။ သူ့ခန္ဓာကိုယ်သည် ရှေ့ကို ဖျတ်ခနဲတိုးသွားကာ ကောင်းကင်တွင် လှံပုံရိပ်များ ကောင်းကင်တခွင်သို့ ပျံ့နှံ့သွားသည်။ သူက လက်မှလှံကို ရှေ့ကို ထိုးသွင်းလိုက်လျှင် အလင်းတန်းတစ်ခုဖြစ်ပေါ်လာ၏။ ထိုမြင်ကွင်းကား ထိတ်လန့်ဖွယ်ကောင်းလှသည်။ လှံသည် မြေအောက်အရှင်ကို ဦးတည်၍ ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆာင်ကာ ဦးတည်သွားခဲ့သည်။ လှံဖြတ်သန်းသွားသမျှနေရာတိုင်း၌ အက်ကြောင်းများဖြစ်ပေါ်လာသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ဖြစ်ပေါ်လာသည်။ မြေအောက်အရှင်သည် အရိပ်ဘုံ၏စွမ်းအားကို သန့်စင်ကာ ဝါးမျိုနေသည်။ ထိုအရာက သူ၏ဖျက်ဆီးခြင်းမဟာလမ်းစဉ်စွမ်းအားဖြင့် ပေါင်းစည်း၏။ မြေအောက်နတ်ဘုရား ပေါ်လာကာ သူ၏မြေအောက်နတ်လှံကို ဝှေ့ယမ်းသည်။ ထိုအရာသည် အနက်ရောင်အလင်းများကို သက်ဆောင်လျှက် လေထုကို ထိုးခွင်းသည်။

အက်ကြောင်းနှစ်ခုသည် လေထဲတွင် တွေ့ဆုံသည်။ ကြောက်မက်ဖွယ်အလင်းတန်းများ နေရာအနှံ့ကို ဖြတ်သန်းပြေးလွှားသွား၏။ သူတို့နှစ်ဦးကို ဗဟိုပြုကာ ပတ်ဝန်းကျင်သည် ပြင်းထန်စွာ ပြိုလဲပျက်စီး၏။ လေထုသည်ပင် အပိုင်းပိုင်းအစစပြိုကွဲတော့မည့်အလား ထင်မှတ်ရသည်။

တုယူ၏လှုပ်ရှားမှုများမှာ ရပ်တန့်ခြင်းမရှိပေ။ သူက လက်မှလှံဖြင့် အဆက်မပြတ် ထိုးသွင်းနေသည်။ အက်ကြောင်းများမှာ ပိုမိုကြီးမားလာခဲ့သည်။ လေထုသည် အချိန်မရွေး ပြိုကွဲပျက်စီးတော့မည့်အလား ထင်မှတ်ရ၏။

“ဟမ်…” မြေအောက်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။ တစ်စုံတစ်ခုကား လွဲမှားနေလေပြီ။ သူနှင့်တုယူ ရှိနေသောလေထုကား ပြိုကွဲပျက်စီးနေပြီးဖြစ်သည်။ သို့သော်လည်း တုယူထံမှ အားကောင်းသော အလင်းများ စူးရှစွာ ဖြစ်ပေါ်နေဆဲပင်။ ကြည့်ရသည်မှာ တုယူတွင် တခြားသောရည်ရွယ်ချက်တစ်ခုရှိဟန်ရသည်။

ထိုလှံများသည်လည်း ပျောက်ကွယ်သွားခြင်းမရှိပေ။ သူတို့မှာ ကွဲပြားခြားနားသောနေရာများ၌ တည်ရှိပြီး အစီအရင်ပုံစံကဲ့သို့ ဖြစ်နေသည်။

“ခင်ဗျား ဘာလုပ်ချင်တာလဲ” မြေအောက်အရှင်က တစ်စုံတစ်ခုကို ခံစားမိသည်တွင် မေးမြန်းလိုက်သည်။ သူက လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်သည်။ သူက ထိုနေရာမှ ထွက်ပေါက်ရှာကာ လွတ်မြောက်လိုသည်။

“အရှင့်သမီး… ကျုပ်က သူ့ကို ခေါ်သွားတော့မယ်။ သတိထားပါ” တုယူက ကျယ်လောင်စွာ ပြောသည်။

“ကောင်းပြီ” ဒွန်ဟောင်မင်းသမီးက လေထဲမှနေ၍ ခေါင်းညိတ်သည်။

ထိုအခိုက်တွင် လှံပုံရိပ်များမှ အလင်းများ စူးရှစွာ ပေါက်ကွဲထွက်လာ၏။ ထိုအလင်းများက လေထုကို ပြိုကွဲပျက်စီးသွားစေပြီး မြေအောက်အရှင်ထံသို့ ဆက်လက်ဦးတည်သွားကြသည်။ ထိုအရာများအားလုံးက စုစည်းသွားလျှင် မြေအောက်အရှင်ကို ဗဟိုပြု၍ တွင်းနက်ကြီးတစ်ခုဖြစ်ပေါ်လာ၏။ လေဟာနယ်ကား အလိုအလျောက်ပိတ်ဆို့သွားသည်။ မြေအောက်အရှင်က မာန်သွင်းအော်ဟစ်ကာ မိမိကိုယ်ကို တားဆီးရန် ကြိုးစားသည်။

သို့သော်လည်း ထိုခဏအတွင်းတွင်ပင် အရာအားလုံးသည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့တော့သည်။

သူတို့ပျောက်ကွယ်သွားလျှင် နတ်လှံအရိပ်များသည်လည်း ပျောက်ကွယ်သွား၏။ လေဟာနယ်အက်ကြောင်းများလည်း ပိတ်ဆို့သွားသည်။ သို့သော်လည်း မြေအောက်အရှင်နှင့်တုယူတို့ကိုကား မတွေ့ရတော့။

ထိုမြင်ကွင်းကိုကြည့်ကာ ရီဖူရှင်း ကြီးစွာ အံ့အားသင့်ရသည်။ တုယူက မြေအောက်အရှင်ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသနည်း။

တုယူက သူ့အား အမှန်တကယ် လေဟာနယ်အက်ကွဲကြောင်းသို့ တွန်းပို့နိုင်ခဲ့သည်။ သူတို့က သီးခြားနေရာတစ်ခုသို့ ရောက်ရှိသွားဟန်ရသည်။

“အရှင့်သမီး… သူတို့ ဘယ်ကို ပျောက်သွားကြတာလဲ” ရီဖူရှင်းက မင်းသမီးကို မေးသည်။

“သူတို့ အစစ်အမှန်ကမ္ဘာကို ရောက်သွားတာ” မင်းသမီးက ပြန်ပြောသည် “မူလဘုံက အစစ်အမှန်ကမ္ဘာရဲ့တခြားတစ်ဘက်က ပုံရိပ်ယောင်ကမ္ဘာပဲ။ ဒါကြောင့် မြေအောက်အရှင်ရဲ့စွမ်းအားက ဒီနေရာမှာ ပိုအားကောင်းတယ်။ ဒါကြောင့် တုယူက သူ့ကို ဒီနေရာက ခေါ်ထုတ်သွားတာ”

လေဟာနယ်အက်ကြောင်းမှတစ်ဆင့် သူတို့သည် အစစ်အမှန်ကမ္ဘာသို့ သွားရောက်နိုင်သည်။

ရီဖူရှင်း အံ့အားသင့်သွားသည်။ ဤနေရာကား အာကာသဘုံ၏မူလဘူတဖြစ်သည်။ သည်နေရာမှ အရာအားလုံးသည် အတုအယောင်ဖြစ်ကာ အာကာသဘုံအဖြစ် လူသိများသည်။

သည်နေရာမှ မဟာလမ်းစဉ်သည် ကောင်းကင်လမ်းစဉ်ပြိုကွဲခြင်း၏အကြွင်းအကျန်မျှသာဖြစ်သည်။

သို့သော်လည်း ကောင်းကင်လမ်းစဉ်ပြိုကွဲခြင်းက မူလဘုံတွင် တချို့သော အရာများကို ချန်ထားရစ်သည်။ ဥပမာအားဖြင့် သူတို့ရှေ့တွင် ဖြစ်ပေါ်နေသော အထူးအဆန်းဖြစ်စဉ်များမှာ ထိုအရာများဖြစ်သည်။ ထို့ကြောင့် ပြင်ပဘုံမှ အင်အားစုများသည် အာကာသဘုံကို ထိန်းချုပ်လိုကြသည်။

ကျယ်ပြောသောလောကကြီးသည် လောဟာနယ်ဘုံဖြစ်သလို မူလဘုံလည်းဖြစ်သည်။ ပြင်ပမှလူများအားလုံးက ထိုနေရာကို လှမ်းကြည့်ကြသည်။ သို့တိုင်အောင် သူတို့သည် ထိုအရာကို ထိန်းချုပ်ရန်ကြိုးစားကြ၏။ အကြောင်းမှာ ထိုအရာသည် တန်ဖိုးရှိနေသေး၍ဖြစ်သည်။

“ဟမ်…”

ထိုအခိုက်တွင် နတ္တိအင်ပါယာနန်းတော်သခင်က တစ်စုံတစ်ခုကို ခံစားမိသည်။ သူက မျက်မှောင်ကြုတ်ကာ အဝေးကို ကြည့်လျှက်ပြောသည် “မင်းသမီး… နောက်ထပ်စစ်တပ်တစ်ခု လာနေတယ်”

မင်းသမီးကလည်း ထိုအရပ်သို့ လှမ်းကြည့်လိုက်၏။ ကောင်ကင်တွင် တိမ်များလူးလိမ့်နေသည်။ ပြင်းထန်သောအရှိန်အဝါသည် ထိုနေရာမှလူတိုင်းကို ရိုတ်ခတ်လာ၏။

ကောင်းကင်ထက်မှ အလင်းတန်းများဆင်းသက်လာသည်။ လူတစ်စုသည် နတ်အလင်းများတောက်ပစွာဖြင့် ရောက်ရှိလာကြ၏။ သူတို့တစ်ဦးချင်းစီက အလွန်စွမ်းအားကြီးဟန်ရသည်။

မင်းသမီးက ထိုသူများကိုမြင်လျှင် မျက်လုံးများ စူးရှသွားသည်။ သူမထင်မှတ်ထားသည့်အတိုင်း မူလဘုံကို လူတိုင်းက လောဘတက်နေကြသည်။ မှော်နက်အဖွဲ့တစ်ခုသည်သာ မူလဘုံကို လိုချင်သည်မဟုတ်ပေ။

“ဒွန်ဟောင်မင်းသမီး…” ထိုလူစုကို ဦးဆောင်လာသော လူငယ်က လှမ်း၍ ခေါ်လိုက်သည်။ သူ့ထံမှ မကောင်းဆိုးဝါးအငွေ့အသက်များ ထွက်ပေါ်နေ၏။ သူ၏ချောမောသော မျက်နှာမှလည်း မကောင်းဆိုးဝါးအငွေ့အသက်များ ဖြစ်ပေါ်နေသည်။

“မကောင်းဆိုးဝါးအင်ပါယာကလည်း မူလဘုံကိစ္စမှာ ပါဝင်ချင်တာလား” ဒွန်ဟောင်မင်းသမီးက အေးစက်စွာ ပြောသည်။

ကုန်လွန်ခဲ့သော နှစ်ပေါင်း ၃၀၀အတွင်း မူလဘုံသည် အေးချမ်းနေခဲ့၏။ ယခု မှော်နက်အစည်းအရုံးနှင့် မကောင်းဆိုးဝါးဘုံတို့ ရောက်ရှိလာသည်။ သူတို့အားလုံးက မူလဘုံကို ချုပ်ကိုင်လိုကြ၏။

“အရှေ့ကောင်းကင်ဒေသဟာ မူလဘုံကို အုပ်ချုပ်လာတာ နှစ် ၃၀၀ ရှိပြီ” လူငယ်က ပြောသည် “အခု မူလဘုံက ကောင်းကင်ဒေသတစ်ခုတည်းက အုပ်ချုပ်တာမဟုတ်ဘဲ ဘယ်အဖွဲ့အစည်းနဲ့မှ မသက်ဆိုင်တဲ့ သီးခြားနေရာအဖြစ် သတ်မှတ်သင့်ပြီ”

မူလဘုံမှ အရင်းအမြစ်များသည် ကုန်ခမ်းသွားသည်မှာ ကြာမြင့်ခဲ့လေပြီ။ သို့တိုင်အောင် မဟာလမ်းစဉ်၏ရင်းမြစ်များ တည်ရှိနေဆဲဖြစ်သည်။ ထို့အပြင် မူလဘုံမှ အပြောင်းအလဲသည် လောကတစ်ခုလုံးကို သက်ရောက်စေမည်ဟု ဟောကိန်းတစ်ချို့လည်း ရှိနေ၏။

ထို့ကြောင့် အင်အားစုအများအပြားသည် မူလဘုံကို လက်လွှတ်လိုခြင်းမရှိကြပေ။

အနာဂတ်တွင် မူလဘုံသည် အင်အားစုတိုင်းနှင့်သက်ဆိုင်ရမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset