အပိုင်း(၁၈၁၄)

ထပ်မံဆင့်ခေါ်ခြင်း

အဝေးမှ လေဟာနယ်ကို ဖြတ်ကာ လာသည့် လူတစ်စုသည် နတ်စစ်သူကြီး၏ အရှေ့တွင် ထွက်ပေါ်လာသည်။ ပြင်းထန်သည့် မဟာလမ်းစဥ်ဖိအားများနှင့် ထိုသူများက နတ်စစ်သူကြီးကို ဝန်းရံလိုက်သည်။

ရုတ်တရက် ဤနက်မှောင်သော လေဟာနယ်က အလွန် မွန်းကြပ်ဖွယ်ကောင်းလာသည်။ ထိုအချိန်၌ မြေပြင်ပေါ်မှ ကြီးမားသော ကျောက်တိုင်များသည်ပင် အနီရောင် တောက်ပလာကာ လေဟာနယ်ကို သွေးရောင်တောက်သော အလင်းတို့ဖြင့် ထိုးဖောက်လာပြီး အမှောင်ထုလွှမ်းနေသော လောကကို ထွန်းလင်းတောက်ပလာစေသည်မှာ ကြောက်မက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

“မထိခိုက်စနေဲ့။” ရှင်းလင်းစွာပင် မြေအောက်အရှင်သည် ရောက်ရှိလာသော နတ်စစ်သူကြီးကို သတိပြုမိပေသည်။ ကောင်းကင်ဒေသနှင့် မှော်နက်စစ်တပ်သည် တစ်ချိန်တစ်ခါက စစ်ပွဲဆင်နွှဲခဲ့ဖူးလေရာ သူတို့ နှစ်ယောက်သည် သက်ဆိုင်ရာ အဖွဲ့များတွင် ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြပေရာ တစ်ယောက်နှင့်တစ်ယောက် သိကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။

နတ်စစ်သူကြီးက တစ်ဖက်လူကို လှမ်းကြည့်ကာ မေးလိုက်သည်။ “အဲဒီတော့ မှော်နက်စစ်တပ်က အတိတ်က ထားခဲ့တဲ့ ကတိကို ချိုးဖောက်တော့မယ်ပေါ့။”

“နတ္ထိအင်ပါယာနန်းတော်မှာ ကျုပ်တို့ ပြောခဲ့တုန်းကနဲ့ အခု အခြေအနေက မတူတော့ဘူးလေ။ ငရဲတံခါးက ပွင့်လာပြီ။ အဲဒီအဓိပ္ပာယ်က အရာအားလုံး တဖန်စတင်နိုင်တယ်ဆိုတာပဲ။ မှော်နက်စစ်တပ်က ဘုံနှစ်ခုကိုပဲ သိမ်းပိုက်ထားတာပါ။ ဒါပေမယ့် မင်းတို့ကတော့ တောင်တန်းဘုံကလွဲရင် တခြားဘုံ ခြောက်ဘုံကို ထိန်းချုပ်ထားနိုင်သေးတာပဲမလား။” မြေအောက်အရှင်က ပြောလိုက်သည်။

တောင်တန်းဘုံသည် အများအားဖြင့် ဘုန်းတော်ကြီးတို့ အုပ်စိုးကြသည်။ အရှင်ဒွန်ဟောင်နှင့် ဗုဒ္ဓဂိုဏ်းတို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် သူတို့သည်လည်း ယခင်စစ်ပွဲ၌ ပါဝင်ပေးခဲ့သည်။ ထို့ကြောင့် လေဟာနယ်ဘုံအတွင်းမှ တောင်တန်းဘုံသည် ကောင်းကင်ဒေသ၏ အမည်ခံအုပ်ချုပ်မှုသာ ရှိခဲ့သည်။ ဗုဒ္ဓဂိုဏ်းသည် တောင်တန်းဘုံတွင် အခြေစိုက်ထားပြီး ကောင်းကင်ဒေသသည် ၎င်း၏ အရေးများတွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။

“အသစ် ပြန် စ,ဖို့လား။” နတ်စစ်သူကြီးက တစ်ဖက်လူကို ကြည့်လိုက်ပြီး ကျောက်တိုင်များကို အာရုံစိုက်လိုက်သည်။ “မှော်နက်စစ်တပ်က မူလဘုံရဲ့ အရင်းအမြစ်တွေကို လုယူသိမ်းပိုက်ဖို့ကလွဲရင် မူလဘုံကို ထိန်းချုပ်ဖို့ ရည်ရွယ်ချက် မရှိဘူးပေါ့။ အခု မူလဘုံမှာ ဘုံကိုးဘုံပဲ ရှိတယ်။ မင်းက အကုန်လုံးကို ဖျက်ဆီးဖို့ ကြံစည်ထားတာလား။”

မူလဘုံမှ လူများက အတိတ်မှ ကိစ္စများအား များများစားစား သိရှိထားခြင်း မရှိသော်လည်း ကောင်းကင်ဒေသ၏ နတ်စစ်သူကြီးတစ်ယောက်အနနေှင့် သူသည် မူလဘုံ၏ အချို့သော လျှို့ဝှက်ချက်များကို တီးမိခေါက်မိ ရှိပေသည်။

ရှေးခေတ်အခါက မူလဘုံသည် အဓိက ဘုံတစ်ခု ဖြစ်ခဲ့ဖူးသည်။ ကောင်းကင်ဘုံ မဟာလမ်းစဥ် ပြိုလဲခြင်း၊ နယ်ချဲ့မှုများနှင့် ကမ္ဘာကြီး ပေါက်ကွဲမှုတို့ကို ကြုံတွေ့ခဲ့ရပြီးနောက် ရာစုနှစ်များစွာ ကုန်လွန်သွားပြီးချိန်တွင် ယနေ့ လူတိုင်းသိကြသည့် မူလဘုံ ဖြစ်လာခဲ့သည်။ သို့သော် အမှန်တကယ်တွင် မဟာလမ်းစဥ်ဘုံသုံးထောင် အတွင်းရှိ ဘုံတစ်ခုချင်းစီတိုင်း၌ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်အချို့ ရှိကြသည်။

ဥပမာအနနေှင့် လွန်ခဲ့သော နှစ်များစွာက ရီဖူရှင်း ပါဝင်တိုက်ခိုက်ခဲ့သော အင်ပါယာ ရှားဘုံနှင့် တာ့လီကြားမှ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နတ္ထိဘုံသည် ကျင့်ကြံရေးအရင်းအမြစ်များ ပေါကြွယ်သော နေရာတစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့် သဏ္ဍာန်မဲ့ဘုံတွင် အလွန်ပြင်းထန်သော နတ်စွမ်းအားများ ပျော်ဝင်နေပြီး ၎င်းက သဏ္ဍာန်မဲ့ဘုံ၏ အစစ်အမှန် ဖြစ်သည်။ အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသကို စုစည်းခဲ့ပြီး မူလဘုံကို ထိန်းချုပ်ခဲ့သော်လည်း သူသည် ထိုဘုံများတွင် ရှိသော ကျင့်ကြံရေးအရင်းအမြစ်များကို လုယူခဲ့ခြင်း မရှိပေ။ ထို့အစား သူသည် မူလဘုံ၏ ဖွဲ့စည်းတည်ဆောက်ပုံအား တတ်နိုင်သမျှ ထိန်းသိမ်းပေးခဲ့ပြီး တခြားအင်အားစုများ မည်သည့်အတွေးမှ မတွေးနိုင်စေရန် တားဆီးခဲ့သည်။ မဟာလမ်းစဥ်ဘုံသုံးထောင်အတွင်းရှိ ယခင် တိမ်မြုပ်နေသော နေရာများမှ ရှာဖွေတွေ့ရှိသည့် အရင်းအမြစ်များမှလွဲလျှင် ကျန်သည့်အရာအားလုံးက အကန့်အသတ်မဲ့ပင် ဖြစ်သည်။

သူရိန်ဘုံနှင့် သဏ္ဍာန်မဲ့ဘုံကဲ့သို့ နေရာများသည် လူအများ ကျင့်ကြံနိုင်ရန် အထောက်အကူပြုသော နေရာများ ဖြစ်သည်။

သို့သော် ယခုတွင် မှော်နက်စစ်တပ်က ပြန်လာပြီး အရာအားလုံးကို တဖန် ဖျက်ဆီးပစ်ချင်နေသည်။ သူတို့သည် မဟာလမ်းစဥ်ဘုံသုံးထောင်၏ အဓိကဘုံကို လုယက်ရန် ကြံစည်ရင်း သဏ္ဍာန်မဲ့ဘုံကို ပထမဆုံး ပစ်မှတ်ထားခဲ့သည်။

မှော်နက်စစ်တပ်သာ အောင်မြင်သွားလျှင် သဏ္ဍာန်မဲ့ဘုံတစ်ခုလုံး အဆုံးသတ်သွားရပေလိမ့်မည်။

သဏ္ဍာန်မဲ့ဘုံရှိ သက်ရှိအရာများအားလုံးက ပြင်းပြင်းထန်ထန် ဒုက္ခခံစားရကာ အနာဂတ်တွင် ထိပ်တန်းအင်ပါယာဘုံကိုးဘုံတွင် တစ်ခုအဖြစ် ပါဝင်နိုင်တော့မည် မဟုတ်ပေ။ ၎င်းသည် အချို့သော ရှေးဟောင်း အကြွင်းအကျန်နယ်မြေများကဲ့သို့ အဆင့်လျော့ကျသွားကာ မူလဘုံ၏ သမိုင်းတစ်ခုအဖြစ်သာ ကျန်ရှိနေတော့ပေမည်။

ကောင်းကင်ဒေသ၏ စုစည်းမှုမတိုင်ခင်က ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးက ပုံမှန်ဖြစ်ပွားနေကြပင် ဖြစ်သည်။ ထိုအချိန်က ထိပ်တန်းဘုံကိုးခုသာမကဘဲ တခြားသောဘုံများသည်လည်း လုယက်ခံကြရသည်။ ထို့ကြောင့် ထိုခေတ်အခါကို ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြသူများသည် အင်ပါယာရီချင်နှင့် အရှင်ဒွန်ဟောင်အပေါ် အလွန် ကျေးဇူးတင်ရှိကြသည်။ သူတို့နှစ်ယောက်လုံးက အမြဲပင် သူတို့၏ ကိုယ်ပိုင်စိတ်ကူးများကို လက်ကိုင်ထားရာ ကိုယ်ပိုင်ရည်မှန်းချက်နောက်သို့ လိုက်ပါကြသည်။

“မှော်နက်စစ်တပ်က ဒီလိုရည်ရွယ်နေတယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း ရွေးစရာမရှိဘဲ စစ်ပွဲနောက်တစ်ခါ ပြန်စရလိမ့်မယ်။” နတ်စစ်သူကြီးက ထိုနေရာတွင် ရှိနေသော တန်ခိုးရှင်များကို ကြောက်မက်ဖွယ်အကြည့်တို့နှင့် ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

စစ်ပွဲတစ်ကြိမ်စလိုက်သည်နှင့် ကောင်းကင်ဒေသနှင့် မှော်နက်စစ်တပ်ကြားတွင် ရှိနေသော ကာလရှည် ရန်ကြွေးများကြောင့် နောက်ထပ် သွေးလွှမ်းသော အသေအကျေတိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ မလွှဲမသွေပင် ဖြစ်သည်။

စစ်ပွဲဖြစ်ပွားလျှင် သူတို့ချည်းသက်သက်မဟုတ်ဘဲ အထက်ကောင်းကင်ဘုံမှ အင်အားစုများလည်း ပါဝင်လာလိမ့်မည်လား။

“ကျုပ်တို့ အများကြီး မတောင်းဘူး။ ဒီတစ်ကြိမ်မှာ ကျုပ်တို့က လျှို့ဝှက်နယ်မြေဘုံနဲ့ သဏ္ဍာန်မဲ့ဘုံကိုပဲ လိုချင်တာ။” မြေအောက်အရှင်က နတ်စစ်သူကြီးကို ပြောလိုက်သည်။ “မင်းသမီးဒွန်ဟောင်ကို ပြန်ပြောပြလိုက်။ ကျုပ်တို့ဘက်က တောင်းဆိုမှုကို ငြင်းဆန်ရင် စစ်တိုက်မှာလား မတိုက်ဘူးလားဆိုတာ မင်းတို့ဘက်က သဘောထားပေါ်ပဲ မူတည်တယ်။”

သဏ္ဍာန်မဲ့ဘုံ၏ စွမ်းအားသဘာဝက မှော်နက်စစ်တပ်နှင့် နီးစပ်ပြီး သူတို့၏ ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်သည်။ ထို့ကြောင့် ဘုံကိုးဘုံအတွင်းမှ လျှို့ဝှက်နယ်မြေဘုံကို အရင်ဆုံး သိမ်းပိုက်ပြီး ဒုတိယပစ်မှတ်က သဏ္ဍာန်မဲ့ဘုံ ဖြစ်လာခြင်း ဖြစ်သည်။

နတ်စစ်သူကြီးက တစ်ဖက်လူကို အေးစက်စွာ တစ်ချက် စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသည်။ အဆုံးမှာတော့ သူက တစ်ယောက်တည်းဖြစ်ကာ ပြိုင်ဘက်၏ ဘက်မှ ထိပ်သီးပုဂ္ဂိုလ်များကို ရင်ဆိုင်နိုင်စွမ်းမရှိပေ။

“ဆက်လုပ်ကြ။” မြေအောက်အရှင်က အမိန့်ပေးလိုက်သည်။ မဟာအစီအရင်တစ်ခုကို လုပ်ဆောင်နေကြသူများမှာ ကျောက်တိုင်များကို ဆက်လက်နေရာချရန် ပြင်ဆင်လိုက်ကြသည်။

လွန်ခဲ့သော နှစ်များစွာက သူတို့က မူလဘုံတွင် ရှိမနေခဲ့သော်လည်း မှော်နက်စစ်တပ်သည် တစ်စုံတစ်ခုကို ဆက်တိုက်ရှာဖွနေေခဲ့သည်။

မြေအောက်အရှင်ကဲ့သို့သော တန်ခိုးရှင်သည် လက်လေးတစ်ချက် ဝှေ့ရမ်းလိုက်ရုံနှင့် မိုးမြေကို ဖျက်ဆီးကာ လောကတစ်ခုလုံးကို ပြိုလဲသွားစနေိုင်သည်။ မဟာလမ်းစဥ်ဘုံသုံးထောင်၏ ဘုံအများစုတွင် မြေအောက်အရှင်ကဲ့သို့ သူမျိုးမှာ အရာအားလုံးကို သူ ဆန္ဒရှိသလို ဖျက်ဆီးပစ်နိုင်သည်။

သို့သော် ထိပ်တန်းအင်ပါယာဘုံကိုးဘုံတွင်တော့ မတူညီသောကိစ္စရပ် ဖြစ်သည်။

သူက ကြိုးစားကြည့်သော်လည်း ဘုံ၏ အနက်ပိုင်းသို့ မဝင်ရောက်နိုင်ပေ။ သူသည် အစီအရင်၏ အကူအညီနှင့်သာ ဤဘုံ၏ ရတနာမှ စွမ်းအားကို ဆွဲထုတ်ယူနိုင်သည်။

၎င်းကို သာမန်အတိုင်း တိုက်ရိုက်ထိတွေ့နိုင်ပါက သဏ္ဍာန်မဲ့ဘုံမှ လူများသည် လွန်ခဲ့သောနှစ်များစွာကပင် ထိုစွမ်းအားများကို အသုံးပြုနေခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သဏ္ဍာန်မဲ့ဘုံတွင် နေထိုင်ကြသူများက ထိုရတနာအား တိုက်ရိုက်အသုံးမပြုနိုင်လျှင်ပင် သူတို့၏ အရိပ်မှော်ပညာအား နားလည်သဘောပေါက်နိုင်သည့် စွမ်းရည် ကို မြှင့်တင်ပေးခြင်း ခံရလေသည်။ သူရိန်ဘုံတွင်လည်း ထို့အတူပင် မီးလျှံစွမ်းအားကို နားလည်သဘောပေါက်နိုင်စွမ်းက အလွန်မြင့်မားကြပေသည်။

သဏ္ဍာန်မဲ့ဘုံအထက်တွင် ကျောက်တိုင်များ ပိုများလာပြီး ရောင်စဥ်များက အနန္တအကွာအဝေးသို့ပင် ရောက်သည်ထိ တိုးမြင့်လာလျက်ရှိသည်။ ၎င်းသည် ဘုံတစ်ခုလုံးကို ဖုံးလွှမ်းသွားရန် ရည်ရွယ်နေသည်။ သို့သော်လည်း ၄င်းက အမှန်တကယ် မဖြစ်နိုင်ပေ။ သဏ္ဍာန်မဲ့ဘုံက အလွန်ကျယ်ပြောလှသည့်အတွက် အပြည့်အဝ ဖုံးလွှမ်းသွားရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း မှော်နက်အဖွဲ့မှ မဟာစစ်တပ်သည် မမောနိုင်မပန်းနိုင် အလုပ်ကြိုးစားနေကြပြီး မြို့တစ်မြို့စာ ဖုံးလွှမ်းနေပြီး ဖြစ်သော်လည်း သူတို့၏ အလုပ်က မပြီးသေးပေ။ ထိုနေရာသည် ကျောက်တိုင်များဖြင့် ပြည့်လာနေပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။

သဏ္ဍာန်မဲ့ဘုံမှ တန်ခိုးရှင်များက စတင်ထွက်ခွာနေကြသည်။ သူတို့က အနာဂတ်တွင် ကြီးစွာသော ဘေးအန္တရာယ်ကို ရင်ဆိုင်ရမည်အား ကြောက်ရွံ့သဖြင့် ဆက်လက်နေထိုင်ရဲခြင်း မရှိပေ။

ယခု သဏ္ဍာန်မဲ့ဘုံတစ်ခုလုံးမှ လူတိုင်းသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြသည်။

ဗဟိုအင်ပါယာဘုံရှိ နတ္ထိအင်ပါယာနန်းတော်တွင် မင်းသမီးဒွန်ဟောင်သည် ဘုံကိုးဘုံမှ တန်ခိုးရှင်များအား နောက်တစ်ကြိမ် ထပ်မံဆင့်ခေါ်ခဲ့ပြီး မှော်နက်စစ်တပ်နှင့် ရင်ဆိုင်ရန် ဘုံကိုးဘုံ၏ စွမ်းအားများကို စုစည်းဖို့ရာ ပြင်ဆင်နေသည်။

နတ်စစ်သူကြီးက သတင်းစကားကို ယူကာ ပြန်လာခဲ့ပြီး သူမသည် သဏ္ဍာန်မဲ့ဘုံကို စွန့်လွှတ်ပြီး အပေးအယူလုပ်ရန်ကို စဥ်းစားခဲ့ခြင်းပင် မရှိပေ။ စစ်ပွဲစတင်ပါက ပိုမိုများပြားသော သေဆုံးမှုများရှိလာနိုင်သော်လည်း နှစ်ဦးနှစ်ဖက်ကြားမှ ပဋိပက္ခများကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မှော်နက်စစ်တပ်သည် သဏ္ဍာန်မဲ့ဘုံကို သိမ်းပိုက်အနိုင်ရပြီးနောက် ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။ သူတို့၏ အင်အား တိုးလာသည့်အခါ တခြားသောဘုံများကိုလည်း ဆက်လက်ထိပါးလာနိုင်ပေသည်။ ထိုသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူတို့၏ ရှုံးနိမ့်မှုကြောင့် မူလဘုံမှ ပြန်လည်ဆုတ်ခွာသွားရသော်လည်း ယခုတဖန် ပြန်လာသကဲ့သို့ပင် ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးကို စစ်ပွဲဖြင့်သာ ဖြေရှင်းနိုင်သည်။ သူတို့က ပြိုင်ဘက်ကို နှိမ်နင်းလိုလျှင် ကြိုတင်သတိပေးခြင်း မရှိဘဲ အပြီးသတ်ချေမှုန်းပစ်ရပေမည်။

ငြိမ်းချမ်းရေးကို လိုလားပါက စစ်ပွဲသည်လည်း တစ်ခါတစ်ရံ လိုအပ်ပေသည်။ ကောင်းကင်ဒေသ အောင်နိုင်မှု မရရှိခဲ့ပါလျှင် ငြိမ်းချမ်းရေးဟူသည်မှာ နောင်နှစ်ပေါင်းသုံးရာတိုင်အောင် ဖြစ်နိုင်မည် မဟုတ်ပေ။ မဟာလမ်းစဥ်ဘုံသုံးထောင်သည်လည်း ပရမ်းပတာအခြေအနေ၌သာ ဖြစ်သွားရပေလိမ့်မည်။

ထို့ကြောင့် မင်းသမီးဒွန်ဟောင်သည် တန်ခိုးရှင်များအားလုံးကို ဆင့်ခေါ်ခဲ့ပြီး သဏ္ဍာန်မဲ့ဘုံသို့ စစ်တပ်များစေလွှတ်ရန် ပြင်ဆင်ခဲ့သည်။ ထိုပြဿနာက နှောင့်နှေးနေ၍ မရပေ။ အချိန်ကြာလေ အမှောင်ထုမှော်နက်စစ်တပ်မှ သိမ်းပိုက်ထားသော သဏ္ဍာန်မဲ့ဘုံက ပို၍ အန္တရာယ်များလာလေ ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ရီဖူရှင်းနှင့် တခြားသူများသည် နတ္ထိအင်ပါယာနန်းတော်မှ သတင်းရသည့်အခါ စုဝေးလိုက်ကြသည်။ သူတို့သည် သဏ္ဍာန်မဲ့ဘုံသို့ သွားရောက်မည့်အကြောင်း ဆွေးနွေးဖို့ရာ နတ္ထိအင်ပါယာနန်းတော်သို့ ချက်ချင်းထွက်ခွာရန် အမိန့်ကို လက်ခံရရှိခဲ့သည်။

လက်ရှိတွင် သူတို့သည် မည်သည့်တန်ခိုးရှင်ကို စေလွှတ်သင့်သည်ကို ဆွေးနွေးနေကြ၏။

“မင်းသမီးဒွန်ဟောင်က ကျွန်တော်တို့ကို စုဝေးဖို့ ဖိတ်ခေါ်ခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်တွေကိုပါ တက်ရောက်စေတယ်။ သဏ္ဍာန်မဲ့ဘုံမှာ ဘာတွေဖြစ်နေတာလဲ။” ရီဖူရှင်းက မေးလိုက်သည်။

“မှော်နက်စစ်တပ်က သဏ္ဍာန်မဲ့ဘုံကို သန့်စင်ဖို့ ပြင်ဆင်နေတယ်။” နတ်နန်းတော်၏ နန်းတော်သခင်က ပြန်ဖြေလိုက်သည်။

“သဏ္ဍာန်မဲ့ဘုံကို သန့်စင်တာလား။” ရီဖူရှင်းက အံ့အားသင့်သွားခဲ့သည်။

“နတ်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေက ကျောက်စာချပ်ကို မှတ်မိသေးလား။” နန်းတော်သခင်က မေးလိုက်၏။

“အင်း” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထိုကျောက်စာချပ်က ယခု ကောင်းကင်အာဏာစက်ကျောင်းတော်၌ ရှိနေပြီ ဖြစ်သည်။

“အဲဒါက မဟာလမ်းစဥ်ပြိုကျတဲ့အချိန်တုန်းက ကျန်ခဲ့တဲ့ နတ်ရတနာတစ်ခုပဲ။ မဟာလမ်းစဥ်ဘုံသုံးထောင်မှာ မဟာလမ်းစဥ်ပြိုကျတုန်းက ကျန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ အများကြီး ရှိတယ်။ တချို့ဘုံတွေက ကျင့်ကြံရေးအရင်းအမြစ်တွေ ပေါကြွယ်ဝပြီး တချို့က မရှိဘူး။ ကြည့်ရတာ သဏ္ဍာန်မဲ့ဘုံမှာလည်း တစ်ခုရှိနေပုံရတယ်။” နန်းတော်သခင်က ရှင်းပြလိုက်သည်။

ရီဖူရှင်းက အံ့သြသွား၏။ သူသည် ဤဘုံများ၌ ထိုသို့သော လျှို့ဝှက်ချက်မျိုး ရှိနေမည်ဟု ထင်မထားမိခဲ့ပေ။ ၄င်းက မဟာလမ်းစဥ်ဘုံသုံးထောင်၏ အနှစ်သာရဖြစ်နိုင်သည်လား။

“အဲဒီလိုဆိုရင် သဏ္ဍာန်မဲ့ဘုံတစ်ခုလုံးက နတ်ရတနာရဲ့ ရတနာသိုက်ကြီး ဖြစ်နေမယ်ထင်တယ်။” ရီဖူရှင်းက မေးလိုက်သည်။

“အရှင်ဒွန်ဟောင် မူလဘုံကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်ဆိုတာ မူလဘုံကို ကာကွယ်ဖို့လို့ ပြောနိုင်တယ်။ အဲဒီနယ်မြေမှာရှိတဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေက နည်းပါးလာတာမို့ လုယက်မှုတွေကို ထပ်ခံနိုင်ရည်မရှိတော့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လုယူခဲ့ကြတာကြောင့် ရတနာတွေ ပြောင်ရှင်းလုနီးပါးဖြစ်သွားခဲ့တာ။” နန်းတော်သခင်က ဆက်ပြောလိုက်သည်။

ရီဖူရှင်းသည် ထိုအကြောင်းအား ကြားဖူးပေသည်။ မူလဘုံသည် ဤလောက၏ မူလအစဘုံတစ်ခု ဖြစ်သည်။ ထိုဘုံသည် မရေတွက်နိုင်အောင် နှစ်များစွာ လုယက်ခံရပြီးနောက် အားနည်းသော အခြေအနေ ဖြစ်လာခဲ့ပေသည်။

အားလုံးသော ထိပ်သီးပုဂ္ဂိုလ်များသည် သူတို့၏ အခွင့်အလမ်းများကို ရှာဖွေရန် ပြင်ပဘုံများသို့ သွားရောက်ကြသည်။

မှော်နက်စစ်တပ်က သဏ္ဍာန်မဲ့ဘုမှ ရတနာစွမ်းအားများကို ထုတ်ယူနိုင်ပါက သူတို့အား ပို၍ သန်မာအားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်။ ထိုအကြောင်းကြောင့်ပင် မင်းသမီးဒွန်ဟောင်သည် အုပ်ချုပ်သူခေါင်းဆောင်များ အားလုံးကို စုစည်းခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နန်းတော်သခင်က ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ငါ နည်းနည်းစိတ်ပူနေတယ်။”

“ဘာအတွက် စိတ်ပူနေတာလဲ။” ရီဖူရှင်းက မေးလိုက်၏။

“အခု ဘုံကိုးဘုံက ထိပ်သီးအင်အားစုတွေ အားလုံး အချင်းချင်း ဆန့်ကျင်နေကြတယ်။ သူတို့ အင်တိုက်အားတိုက် ပါဝင်လာအောင် ဘယ်လောက်အားထုတ်ရမလဲ။ မမေ့နဲ့။ အများစုက တစ်ဖက်နဲ့တစ်ဖက် ရန်သူတွေ ဖြစ်နေကြတာ။ ဥပမာအနနေဲ့ ပြောရရင် ငါတို့နဲ့ ရွှေရောင်နတ်ပြည်ထောင်လိုပဲ။ တိုက်ပွဲသာ ဖြစ်ပွားရင် ထိပ်သီးပုဂ္ဂိုလ်တွေ ကျဆုံးသွားရင် မှော်နက်စစ်တပ်ကို ချေမှုန်းပြီးတဲ့အခါ ဘုံကိုးဘုံအတွင်းက တခြားအင်အားစုတွေက အချင်းချင်း ရှင်းလင်းကြတော့မှာလား။”

နန်းတော်သခင်က ဆက်ပြောလိုက်သည်။ “အဲဒါကြောင့် ကျုပ် စိတ်ပူတာက ထိပ်သီးပုဂ္ဂိုလ်တွေက တိုက်ပွဲမှာ သူတို့ရဲ့ အင်အားကို အပြည့်အဝ အသုံးမချကြမှာကိုပဲ။ ပြီးတော့ စစ်မြေပြင်ဆိုတာ အပြောင်းအလဲ အမြန်ဆုံးပဲ။ လူတိုင်းက ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး တိုက်ပွဲမှာ တစ်ခုခု လုပ်မလားဆိုတာ ဘယ်သူသိမှာလဲ။ ငါတို့က တိုက်ပွဲမှာ ပါဝင်ရင်တောင် အရမ်းဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးအားထား ပြုနိုင်လိမ့်မယ်။”

“ဒီတစ်ကြိမ်မှာ ရီဖူရှင်း မသွားသင့်ဘူး။” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ သူက ရီဖူရှင်းအား ထိုတိုက်ပွဲတွင် မပါဝင်စေလိုပေ။ မှော်နက်စစ်တပ်အပြင် ဘုံကိုးဘုံမှ တခြားသူများ ခြုံခိုတိုက်ခိုက်မည်ကို စိုးရိမ်ပေသည်။

“အရင်ဆုံး နတ္ထိအင်ပါယာနန်းတော်ကို သွားပြီး မင်းသမီးစိတ်ထဲမှာ ဘာတွေတွေးနေလဲ ကြည့်ရအောင်။ မင်းသမီးဒွန်ဟောင်မှာ ထူးခြားတဲ့ ဗျူဟာတချို့ ရှိနိုင်တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲတွင် မည်သူမှ ဘေးထွက်နေ၍ မရနိုင်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset