အပိုင်း(၁၈၁၃)

သဏ္ဍာန်မဲ့ဘုံ၏ နတ်ရတနာ

ငရဲတံခါးစစ်တပ်သည် သဏ္ဍာန်မဲ့ဘုံကို ကျူးကျော်လာပြီး ယိုယွဲ့နတ်နန်းတော်နှင့် တခြားထိပ်သီးအင်အားစုများကို ဖျက်ဆီးပြီး ဘုံတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။

ဤသတင်းသည် ဘုံကိုးဘုံသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ထိုနေရာရှိ အင်အားစုများ အားလုံးကို ထိတ်လန့်စေခဲ့သည်။ လူတိုင်းက အန္တရာယ်အငွေ့အသက်တို့အား ခံစားမိခဲ့ပေသည်။

မှော်နက်စစ်တပ်သည် ကျူးကျော်တိုက်ခိုက်မှုကို တရားဝင်စတင်ခဲ့ပြီ ဖြစ်၏။

ထိုသည်မှာ သူတို့သည် အမှန်တကယ် ပြန်လာတော့မည်ဟု ဆိုလိုပေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း သုံးရာကျော်က ပြီးဆုံးခဲ့သော ကစဥ့်ကလျားစစ်ပွဲသည် တစ်ဖန်ပြန်လည်စတင်တော့မည် ဖြစ်သည်။

ထိုအကြောင်းရပ်များရှိနေသောကြောင့် ဘုံကိုးဘုံမှ အင်အားစုများက စိတ်မပူဘဲ မနနေိုင်ကြပေ။ မှော်နက်စစ်တပ်၏ နောက်ထပ်ပစ်မှတ်က သူတို့ ဖြစ်လာမည်လား မည်သူက သိပါမည်နည်း။

မှော်နက်စစ်တပ် ရောက်ရှိလာသည့်အခါ ထိုအင်အားစုတစ်ခုချင်းစီက ခုခံတိုက်ခိုက်နိုင်သည့် စွမ်းရည်မရှိခဲ့ကြပေ။ ယိုယွဲ့နတ်နန်းတော်သည် စွမ်းအားကြီးမားပြီး သူတို့၏ ထိပ်သီးတန်ခိုးရှင်အချို့က ကောင်းကင်ဒေသမှ ဖြစ်သော်လည်း တူညီစွာပင် ဖျက်ဆီးခံလိုက်ရသည်။ သူတို့၏ နန်းတော်သခင်သည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခံရပြီးနောက် အသတ်ဖြတ်ခံခဲ့ရ၏။ ထိုမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်သည်ပင် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိခဲ့ပါချေ။

ရီဖူရှင်းနှင့် သူ့လူများသည် ဤသတင်းကို ​စောစောစီးစီး သိရခဲ့ခြင်းမှာ ကောင်းကင်အာဏာစက်ဘုံသို့ အချို့သော တန်ခိုးရှင်များနှင့်အတူ ထွက်ပြေးလွတ်မြောက်လာသော ယိုယွဲ့နတ်နန်းတော်၏ နတ်မိမယ် ချန်ရှီးကြောင့် ဖြစ်ပေသည်။ သူမ ဤသို့ လွတ်မြောက်လာရသည့် အကြောင်းရင်းမှာ သူမ၏ ဆရာက ရှေ့မှ မားမားမတ်မတ်ရပ်ကာ ရန်သူများ၏ အာရုံကို ဆွဲယူ၍ သူမ ထွက်ပြေးနိုင်ရန် အခွင့်အရေး ဖန်တီးပေးခဲ့သောကြောင့် ဖြစ်ပေသည်။

ထိုအချိန်၌ တခြားသော တန်ခိုးရှင်အချို့နှင့်အတူ သူမသည် ကောင်းကင်အာဏာစက်ဘုံသို့ ထွက်ပြေးလာခဲ့သည်။

ရီဖူရှင်းနှင့် တခြားသူများသည် ကောင်းကင်အာဏာစက်နန်းတော်မှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။ သတင်းရလာသောအခါ ရီဖူရှင်းသည် ချန်ရှီးနှင့် ယိုယွဲ့နတ်နန်းတော်မှ တခြားသူများကို ပြောပြခဲ့၏။ နန်းတော်က ဖျက်ဆီးခံလိုက်ရပြီး နန်းတော်သခင်က အသတ်ခံလိုက်ရသည်။

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ ယိုယွဲ့နတ်နန်းတော်မှ တန်ခိုးရှင်များက အလွန် စိတ်ဓာတ်ကျဆင်းသွားခဲ့သည်။ သူတို့သည် အနည်းငယ် စိုးရွံ့စွာဖြင့် တိတ်ဆိတ်သွားကြတော့၏။

“မင်းတို့ရဲ့ ဆုံးရှုံးမှုအတွက် ငါ စိတ်မကောင်းပါဘူး နတ်မိမယ်။” ရီဖူရှင်းသည် ချန်ရှီးက မည်သည့်စကားကိုမှ မဆိုဘဲ စိတ်ဖိစီးနေသည်ကို မြင်သည့်အခါ သူမအား စကားပြောလိုက်သည်။ သူ၏ စကားက အသုံးမဝင်သော်လည်း အနည်းငယ် နှစ်သိမ့်မှု ဖြစ်စေလိုသည်။

ဤသို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရသော မည်သူမဆို နာကျင်မှုကို ခံစားရပေလိမ့်မည်။ ထိုသည်မှာ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှဖြင့် နှစ်သိမ့်ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။

ချန်ရှီးက ရီဖူရှင်းကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် စိတ်ဓာတ်ကျနေမှုက အထင်းသား မြင်နေပြီး ယခင်က ထူးခြားပေါ်လွင်သည့် လှပမှုအစား သနားစဖွယ်ကောင်းနေသည်။ သူမ၏ လှပသော မျက်ဝန်းများက အသက်မဲ့နေ၏။

“ဘုံကိုးဘုံက ပရမ်းပတာဖြစ်ကုန်ပြီ။ ဒီလို ပြဿနာတွေ ဖြစ်လာမယ်ဆိုတာ သိနေပေမယ့် ဒီလောက် ရုတ်တရက်ကြီး ဖြစ်လာမယ်လို့ ထင်မထားဘူး။ ပြီးတော့ အဲဒီဒုက္ခက ကျွန်မတို့အပေါ် အရင်ဆုံး ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။” ချန်ရှီးက ရေရွတ်ပြောဆိုလိုက်သည်။ “အဲဒါက အိပ်မက်ဆိုးတစ်ခုလိုပဲ။”

သူမက ရန်ဟောင်တစ်ပါး​ဖြစ်နေလျှင်ပင် ထိုသို့သော ခံစားချက်များ ​ဖြစ်ပေါ်နေဆဲပင် ​ဖြစ်သည်။

ယိုယွဲ့နတ်နန်းတော်သည် သဏ္ဍာန်မဲ့ဘုံ၏ အထွတ်အထိပ်တွင် အမြဲတစေ ရပ်တည်နေခဲ့သည်။ ရုတ်တရက် သူတို့က တစ်ညအတွင်းမှာပင် ဖျက်ဆီးခံလိုက်ရမည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။ လူအနည်းငယ်ကသာ သူမ၏ ခံစားချက်များကို နားလည်နိုင်ပေလိမ့်မည်။

ထို့အပြင် ချန်ရှီးသည် ယိုယွဲ့နတ်နန်းတော်၏ နတ်မိမယ်ဖြစ်သည်။ မည်သူကမှ ဤပျက်စီးမှနေ သူမထက်ပို၍ ခံစားကြရမည် ​မဟုတ်ပေ။

“လောကကြီးက အရမ်း အပြောင်းအလဲ မြန်လွန်းတယ်။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူ၏ စိတ်ခံစားချက်များက ဤကိစ္စရပ်ကြောင့် သက်ရောက်မှု ကြီးမားစွာ ခံခဲ့ရသည်။

နတ်နန်းတော်တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်သည်လည်း တူညီသည် မဟုတ်ပါလား။ ယနေ့တွင် သူသည် ထိုကိစ္စရပ်များအပေါ် စတင် အသားကျလာနေပြီ ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံနှင့် အထက်ကောင်းကင်ဘုံမှ ဖယ်ရှားဖျက်ဆီးခံလိုက်ရသည့် အင်အားစုများသည် သမိုင်းတစ်ခုအဖြစ်သာ ကျန်ရစ်ပေတော့မည်။ ယခု နောက်သို့ပြန်ကြည့်လျှင် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် လီနတ်ဓားမိသားစုသည်လည်း တစ်ချိန်က သက်ဆိုင်ရာဘုံများတွင် အထွတ်အထိပ်၌ ရပ်တည်ခဲ့သော အင်အားစုများ ဖြစ်ကြပေသည်။ သို့သော် ၎င်းအင်အားစုနှစ်ခုလုံက ဖျက်ဆီးခံလိုက်ရပြီး ပြာမှုန်များသာ ကျန်ရှိနေတော့သည်။

ဤလောက၌ ထာဝရဟူသည့််အရာ မရှိပေ။

ယခု သူ ရှိ​နေသော ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း အန္တရာယ်အငွေ့အသက်တို့အား ပြင်းထန်စွာ ခံစားနေရသည်။ ထိုကျောင်းတော်သည်လည်း ပြဿနာများစွာကို တွေ့ကြုံခံစားခဲ့ရပြီးနောက် တစ်နေ့တွင် မတည်ရှိတော့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်လာပါက ထူးဆန်းသည်ဟု သူ ခံစားရမည်လား။

“ငရဲတံခါးစစ်တပ်က သဏ္ဍာန်မဲ့ဘုံအပြင် တခြားဘုံတွေကိုလည်း ကျူးကျော်လာနိုင်တယ်။ ကျွန်မတို့ ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ဂရုတစိုက် ပြင်ဆင်ထားသင့်တယ်။” ချန်ရှီးက စဥ်းစားတွေးတောပြီးနောက် ရီဖူရှင်းအား သတိပေးလိုက်သည်။ “ပြီးတော့ ယိုယွဲ့နတ်နန်းတော်က လွတ်မြောက်သွားတဲ့ တခြားသူတွေလည်း တခြားဘုံတွေကို ရောက်သွားကြလောက်ပြီ။”

“ငါ နားလည်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်မှာ ရှိနေတုန်းပဲ။ သူမလည်း ဒီသတင်းကို ကြားမှာပဲ။ မှော်နက်စစ်တပ်က လှုပ်ရှားလာတယ်ဆို မင်းသမီးဒွန်ဟောင်ကလည်း ထိုင်ပြီး စောင့်ကြည့်နေမှာ မဟုတ်ဘူး။ သူမ မကြာခင် လှုပ်ရှားတော့မယ်လို့ ငါ ထင်တယ်။”

“အင်း” ချန်ရှီးက ခေါင်းညိတ်လိုက်သည်။ “ဘုံကိုးဘုံက စည်းလုံးမှုအားနည်းတယ်ဆိုပေမယ့် အင်အားစုတစ်ခုစီမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိတယ်။ မင်းသမီးဒွန်ဟောင်ကပဲ သူတို့အားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်။”

ရီဖူရှင်းသည်လည်း ထိုအကြောင်းကို သဘောပေါက်ပေသည်။ ယခုအချိန်အခါတွင် ဘုံကိုးဘုံ၌ နောက်ကွယ်မှ လှုပ်ရှားမှုများ ရှိနေရာ အင်အားစုတိုင်းကို စိတ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ သူသည် စီဝေ့ဘုံ၏ အခြေအနေက အလွန်ပြင်းထန်နေသည်ဟု သောကျောက်ပြောသည်အား ကြားဖူးလေသည်။

ယခု ပြန်စဥ်းစားလိုက်လျှင် အရာအားလုံး၏ နောက်ကွယ်၌ မှော်နက်စစ်တပ်ရှိနေသည်လား။

အဆုံးမှာတော့ ဘုံကိုးဘုံ၌ ပို၍ အရှုပ်အထွေးများ ဖြစ်လာလေ၊ အကျိုးအမြတ်အရဆုံးဖြစ်မည်မှာ မှော်နက်စစ်တပ်သာ ဖြစ်သည်။ ဘုံကိုးဘုံသည် အင်အားတောင့်တင်းသော အဖွဲ့တစ်ခုအ​​​ဖြစ် စုစည်းနိုင်လိမ့်မည် မဟုတ်ပေ။

သူသည် ဘုံကိုးဘုံ၌ ထိုသို့ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေပြီး ဖရိုဖရဲဖြစ်နေချိန်၌ မှော်နက်အဖွဲ့၏ မှော်နက်စစ်တပ်က ကျူးကျော်လာလိမ့်မည်ဟု မထင်မိခဲ့ပေ။

ယခု မှော်နက်စစ်တပ်၏ စွမ်းအားနှင့် နောက်ခံများကြောင့် သူတို့အား ခုခံတွန်းလှန်နိုင်သည့်ဘုံ ရှိမည်မဟုတ်ပေ။ ဗဟိုအင်ပါယာဘုံတစ်ခုတည်းသာလျှင် သူတို့အား အနည်းငယ် ပြန်တိုက်ခိုက်နိုင်ပေလိမ့်မည်။

အချိန်တစ်ခုကြာပြီးနောက် ကောင်းကင်အာဏာစက်ဘုံ၏ ကောင်းကင်ထက်မှ ပုဂ္ဂိုလ်တစ်ဦး ဆင်းသက်လာခဲ့သည်။ ထိုသူကို နတ်အလင်းများဖြင့် လွှမ်းခြုံထားပြီး သူ့အား နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။

ရီဖူရှင်းအပါအဝင် ကောင်းကင်အာဏာစက်ဘုံမှ လူတိုင်းက သူ့အား မော့ကြည့်လိုက်ကြသည်။ သူက ရောက်လာသည့်သူအား မှတ်မိပေသည်။ ထိုသူမှာ မင်းသမီးဒွန်ဟောင်ဘေးမှ တန်ခိုးရှင်တစ်ဦး ဖြစ်သည်။

“မင်းသမီးက အမိန့်ရှိတယ်။” ထိုသူက ရှင်းလင်းပြတ်သားသော အသံနှင့် ပြောလိုက်သည်။ “မှော်နက်စစ်တပ်က ကျူးကျော်လာပြီး အခု သဏ္ဍာန်မဲ့ဘုံကို သိမ်းပိုက်သွားပြီ။ တခြားဘုံတွေကိုလည်း အချိန်မရွေးကျူးကျော်လာနိုင်တယ်။ အဲဒါကြောင့် ဘုံကိုးဘုံက နတ္ထိအင်ပါယာနန်းတော်ကို ဗဟိုထားပြီး အာကာသခရီးသွားဝင်္ကပါကို တည်ဆောက်မယ်။ ဘုံကိုးဘုံက အင်အားစုအားလုံးက နန်းတော်ကို လာဖို့ အဲဒီ ခရီးသွားဝင်္ကပါကို အသုံးပြုနိုင်တယ်။ ဒီလိုနည်းနဲ့ အင်အားစုအားလုံးက အချိန်တိုအတွင်းမှာ စုစည်းနိုင်ပြီး ဘုံကိုးဘုံအတွင်း ဘယ်နေရာကိုမဆို လွယ်လွယ်ကူကူ သွားနိုင်လိမ့်မယ်။ ခင်ဗျားတို့ ကန့်ကွက်စရာရှိလား။”

ကောင်းကင်အာဏာစက်ဘုံအတွင်းမှ အရှင်ထိုက်ရွှမ်က ပြန်ဖြေလိုက်သည်။ “ကျုပ်တို့ လိုက်နာပါ့မယ်။”

“ကောင်းပြီ။ ဒါဆို ဝင်္ကပါတည်ဆောက်တာကို ကူညီဖို့ ကျုပ်တို့ လူတွေ လွှတ်ပေးလိုက်မယ်။ ကောင်းကင်အာဏာစက်ဘုံက ခရီးသွားဝင်္ကပါကို ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဗဟိုပြုတည်ဆောက်လိမ့်မယ်။” လေထဲမှ နတ်စစ်သူကြီးက ကြည်လင်ရှင်းလင်းသည့်အသံနှင့် ပြောလိုက်သည်။ ဘုံအားလုံးသည် နတ္ထိအင်ပါယာနန်းတော်ကို ဖြတ်ကာ ဆက်သွယ်ရလိမ့်မည် ဖြစ်သည်။

ဤနည်းလမ်း​​ဖြင့် သဏ္ဍာန်မဲ့ဘုံတွင် ဖြစ်ပျက်ခဲ့သော အလားတူကိစ္စမျိုး တခြားဘုံများ၌ ထပ်​ဖြစ်တော့မည် မဟုတ်ပေ။ သူတို့က တိုက်ခိုက်မှုနှင့် ဖျက်ဆီးမှုတို့်အား တိုက်ရိုက်ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

“သိပ်ကောင်းတယ်။” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ မှော်နက်စစ်တပ်နှင့် ရင်ဆိုင်ရန်မှာ ဘုံတစ်ခုတည်း၏ အရေးမျိုး မဟုတ်တော့ပေ။

ကောင်းကင်အာဏာစက်ဘုံသို့ မှော်နက်စစ်တပ် ရောက်လာခဲ့လျှင် သူတို့က ကိုယ်ပိုင်အင်အားတစ်ခုတည်းနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

မင်းသမီးဒွန်ဟောင်က တခြားဘုံများသို့လည်း လူများ စေလွှတ်ခဲ့သည်။ သူတို့သည် နတ္ထိအင်ပါယာနန်းတော်နှင့် ဆက်သွယ်နိုင်ရန် အလွန်အစွမ်းထက်သော အာကာသခရီးသွားဝင်္ကပါ တည်ဆောက်ရန် ပြင်ဆင်နေကြသည်။

တစ်ချိန်တည်းမှာပင် မှော်နက်စစ်တပ်သည် သဏ္ဍာန်မဲ့ဘုံမှ ယိုယွဲ့နတ်နန်းတော်ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။

သို့သော် မှော်နက်စစ်တပ်က တစ်စုံတစ်ခုနှင့် အလုပ်ရှုပ်နေပုံရသည်။ သူတို့သည် လတ်တလောတွင်မှ ဖျက်ဆီးပစ်ခဲ့သော ယိုယွဲ့နတ်နန်းတော်တွင် တစ်စုံတစ်ရာအား တည်ဆောက်နေ၏။ ငရဲသို့ ဆက်သွယ်ထားသည့် ကျောက်တိုင်များကို မြေပေါ်တွင် စိုက်ထူထားသည်။ အဆုံးမဲ့ သေဆုံးခြင်းအလင်းများက ကျောက်တိုင်များအား ဝန်းပတ်ထားကာ တစ်မြို့လုံးကို ဖြတ်သန်းဆက်သွယ်နေ၏။

ထိုမျှမကသေး ကျောက်တိုင်များကြားတွင် ထူးခြားဆန်းကြယ်သော ဆက်သွယ်မှုများ ရှိနေကာ ဖျက်ဆီးခြင်းအင်အားများ ပြည့်နှက်နေသည့် ထိတ်လန့်ဖွယ် စွမ်းအားတစ်ခု ဖြစ်တည်နေ၏။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်မှာ လျှို့ဝှက်နယ်မြေဘုံမှ လာခဲ့သည့် မှော်နက်စစ်တပ်အများစုမှာ ထိုအရာကြောင့် အလုပ်ရှုပ်နေကြခြင်း ဖြစ်လေသည်။ သူတို့ကို ကြည့်ရသည်မှာ အနားယူပုံပင် မရပေ။ သူတို့သည် ကျောက်တိုင်များကို ဆက်လက် ပေါင်းထည့်နေပြီး စွမ်းအားကွန်ယက်က သန်မာသည်ထက်သန်မာလာသည်အထိ လုပ်ဆောင်နေကြသည်။

“သူတို့ ဘာလုပ်နေကြတာလဲ။” ဖြစ်ပျက်နေသည်များကို အဝေးမှ စောင့်ကြည့်နေရဲအောင် သတ္တိကောင်းသော တစ်စုံတစ်ယောက်က မေးလိုက်သည်။

မှော်နက်စစ်တပ်က မည်သည်တို့ကို လုပ်ဆောင်နေသနည်း။

ကျောက်တိုင်အရေအတွက် ပိုတိုးလာသည်နှင့်အမျှ ၎င်းတို့သည် တဖြေးဖြေးနှင့် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကွန်ယက်လှိုင်းများ ဖြစ်တည်လာသည်။ ထိုသို့ဖြစ်လာသည်နှင့်အမျှ ကမ္ဘာ့အနက်ဆုံးအပိုင်းမှ တုန်ခါမှုများဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်လာသည်။

တခြားတစ်ဖက်တွင် မှော်နက်စစ်တပ်၏ ခေါင်းဆောင် မြေအောက်အရှင်သည် အရာအားလုံးကို စောင့်ကြည့်နေ၏။

အမှောင်ထု၏ သားတော် ချီရီက သူ့အနောက်တွင် ရပ်နေခဲ့သည်။ သူသည် မြေအောက်အရှင်အား ကြည့်ကာ ပြောလိုက်သည်။ “သဏ္ဍာန်မဲ့ဘုံရဲ့ မြေအောက်မှာ တကယ်ပဲ ဖွက်ထားတဲ့ နတ်ရတနာတွေ ရှိနေတာလား။”

“ဟုတ်တယ်။” မြေအောက်အရှင်က ပြန်ဖြေခဲ့သည်။ အထွတ်အထိပ်ဘုံကိုးပါးက မည်သည့်အတွက် မဟာလမ်းစဥ်ဘုံသုံးထောင်၌ အခရာကျနေရသနည်း။

“ဒီတာဝန်က အတော်လေး ခက်မယ့်ပုံပဲ။” ချီရီက အရှေ့သို့ ကြည့်နေရင်း ပြောလိုက်သည်။ သူတို့က အပြည့်အဝ ပြင်ဆင်လာခဲ့လျှင်ပင် နတ်ရတနာအား တူးဖော်ရခြင်းမှာ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် တောက်ပသည့် နတ်အလင်းရောင်က ကောင်းကင်တခွင် ထွန်းလင်းလာကာ အမှောင်ထုများအားလုံးကို ထိုးဖောက်သွား၏။

လူတိုင်းက မော့ကြည့်လိုက်လျှင် နတ်ရောင်ဝါတို့နှင့် လွှမ်းခြုံထား​သော နတ်စစ်သူကြီးတစ်ဦးကို တွေ့လိုက်ရသည်။

မင်းသမီးဒွန်ဟောင်၏ အပါးတော်မြဲ မဟာနတ်စစ်သူကြီး ရောက်ရှိလာခြင်း ဖြစ်သည်။

သူက ရန်သူများ သိမ်းပိုက်ထားသော ယိုယွဲ့နတ်နန်းတော်သို့ တစ်ယောက်တည်း ရောက်လာခဲ့သည်။

သူနှင့် မြေအောက်အရှင်တို့သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြပြီး ကြောက်မက်ဖွယ် ဖိအားများ ထွက်ပေါ်လာသည်။ သူတို့အနီးမှ လူတိုင်း ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

ဝှစ်…

နတ်စစ်သူကြီးက လှုပ်ရှားလိုက်၏။ ရုတ်တရက် အလွန်တောက်ပပြီး မရေတွက်နိုင်အောင်များလှသော ရွှေရောင်နတ်လှံများက ကောင်းကင်မှ ကျဆင်းလာကာ ရွှေရောင်မိုးများအ​​ဖြစ် ပြောင်းလဲသွားသည်။ ထိုမိုးများက ကျယ်ပြောသော နေရာတစ်ခုလုံးကို လွှမ်းသွားလေသည်။

ထိုအခိုက်တွင် မှော်နက်စစ်တပ်က ဝရုန်းသုန်းကား ဖြစ်၍သွားလေသည်။ ဤလူက သူ၏ ကိုယ်ပိုင်အစွမ်းအစကို အမှန်တကယ် ယုံကြည်ချက်ရှိနေသည်လား။

သူတစ်ယောက်တည်း ဤနေရာသို့ လာခဲ့ခြင်းမှာ ရူးနေ၍သာ ဖြစ်ရပေမည်။

မြေအောက်အရှင်သည်လည်း ဤတိုက်ခိုက်မှုကို မြင်ပေသည်။ သူက လက်ကို ဆန့်ထုတ်လိုက်လျှင် မြေအောက်လောက၏ အနက်ရောင်တွင်းများက ရုတ်တရက် မရေတွက်နိုင်အောင် ပေါ်ပေါက်လာပြီး ကြောက်မက်ဖွယ် လေပြင်းမုန်တိုင်းများ ​ထုတ်ဖော်ကာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ထိုသူက မင်းသမီးဒွန်ဟောင်၏ ကိုယ်ရံတော်တစ်ယောက် ဖြစ်သည့်အတွက် သူ၏ စွမ်းအားမှာ ပြောနေရန်ပင် မလိုအောင် အစွမ်းထက်ပေသည်။ မြေအောက်အရှင်ပင် ပေါ့ပေါ့လေး သဘောထားကာ မတိုက်ခိုက်ရဲပေ။

ဘုန်း ရွှေရောင်လှံများက လျှပ်စီးထက် လျင်မြန်ရက်စက်သော ရွှေရောင်အလင်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က ကြီးမားလှသည့် ငရဲလေပွေတို့ကို ထွင်းဖောက်သွားခဲ့သည်။

အလင်းတန်းက တခြားတစ်ဖက်မှ လေပွေများကို ဖြတ်သွားသည့်အခါ အက်ကွဲသံများ ထွက်ပေါ်လာကာ ၎င်းတို့အား အစိတ်စိတ်အမြွှာမြွှာ ဖျက်ဆီးပစ်လိုက်သည်။

ထို့အပြင် ရွှေရောင်အလင်းများက ဖြန့်ကျက်လာပြီး ကျယ်ပြောလှသော ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ ၎င်းသည် ရွှေရောင်ကြယ်ပင်လယ်ကြီးနှင့် တူနေပြီး မိုးများကဲ့သို့ ရွာသွန်းလာသည်။ ကျင့်ကြံဆင့်နိမ့်သော သူများမှာ တောင့်ခံထားနိုင်ခြင်းမရှိပေ။ ဤနတ်စစ်သူကြီးတွင် သနားညှာတာမှု ပြသလိုသော ရည်ရွယ်ချက် အနည်းငယ်မျှပင် မရှိဘဲ သူက သတ်ဖြတ်လိုသည့်စိတ်များကို ရင်ဝယ်ပိုက်ကာ ရောက်လာခဲ့ခြင်း ​ဖြစ်လေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset