အပိုင်း(၁၈၁၁)

နောက်ကွယ်မှ လှုပ်ရှားမှုများ

ရီဖူရှင်းနှင့် မဟာမိတ်တပ်ဖွဲ့အတွင်းမှ တခြားသော တန်ခိုးရှင်များက အတူတကွ ပြန်လာခဲ့ကြသည်။

လူအများစုက ဒွန်ဟောင်မင်းသမီးနှင့် ရီဖူရှင်းတို့ နှစ်ယောက်တည်း မည်သည့်စကားတို့ ပြောဆိုခဲ့သည်ကို သိလိုနေကြ၏။ သို့သော်လည်း မည်သူကမှ ထိုသို့ ရိုင်းပြသော မေးခွန်းကို မမေးကြပေ။

ဟွာဂျီယူနှင့် ရီဖူရှင်းတို့က လက်တွဲကာ လျှောက်နေကြရင်း ရီဖူရှင်းအား သူမ၏ ကြည်လင်ကာ လှပသည့် မျက်ဝန်းတို့နှင့် ကြည့်လိုက်သည်။ ထို့နောက် သူမက နူးညံ့ညင်သာသော အသံနှင့် မေးလိုက်၏။ “သူမက နင့်ဆီကနေ ဘာလိုချင်တာလဲ။”

ဟွာဂျီယူသည် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ ထွက်လာခဲ့စဥ်က ရိုးရှင်းကာ ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သည်။ ယခု သူမ ရီဖူရှင်းဘေးတွင် နေလာရသည့်အခါ တဖြေးဖြေးနှင့် သူမ စတင်နားလည်လာသော အရာများ ရှိလေသည်။

ဥပမာအနနေှင့် သူမသည် သဝန်တိုခြင်းဟူသော အဓိပ္ပါယ်ကို စတင်သဘောပေါက်လာခဲ့၏။

မင်းသမီးဒွန်ဟောင်သည် အလွန် မှင်တက်ဖွယ်ကောင်းလောက်သော အလှတရားကို ပိုင်ဆိုင်ထားသည်။ ဟွာဂျီယူသာ ယောက်ျားတစ်ယောက် ဖြစ်လျှင် မင်းသမီးဒွန်ဟောင်ကဲ့သို့ လှပသော အမျိုးသမီး၏ ဆွဲဆောင်မှုကို ခံရပေလိမ့်မည်။ အရှင်ဒွန်ဟောင်၏ သမီးတော်အနနေှင့် မင်းသမီးဒွန်ဟောင်သည် ကောင်းကင်ဒေသတစ်ခုလုံးတွင် ဂုဏ်သိက္ခာကြီးမားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

အံ့အားသင့်စွာနှင့် ရီဖူရှင်းက မျက်တောင်ခတ်လိုက်သည်။ သူသည် ဟွာဂျီယူက မင်းသမီးဒွန်ဟောင်နှင့် သူပြောခဲ့သည့်အကြောင်းအရာကို မေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထို့အပြင် ရီဖူရှင်းသည် သူမ၏ တောက်ပသော မျက်ဝန်းများထဲမှ ရိုးသားစစ်မှန်သော ခံစားချက်များကို ခံစားမိပေသည်။

“မင်း တကယ် သိချင်တာလား။” ရီဖူရှင်းက သူမကို အပြုံးနှင့် မေးလိုက်သည်။

“အင်း” ဟွာဂျီယူက ခေါင်းညိတ်လိုက်၏။

“ဘာလို့လဲ။” ရီဖူရှင်းက စနောက်ကာ မေးလိုက်သည်။ သူသည် သူမကို ရည်ရွယ်ချက်ရှိရှိ စနောက်နေပေသည်။ သူ့အမြင်အရ ဂျီယူသည် ယခုနောက်ပိုင်း၌ အရင်ကနှင့် မတူတော့ဘဲ တဖြေးဖြေး အသက်ဝင်ကာ တက်တက်ကြွကြွ ရှိလာသည်။ သူသည် သူမက အတိတ်အကြောင်းကို လုံးဝမေ့ပျောက်သွားပြီး သူနှင့် တစ်ကြိမ်ထပ်ကာ ချစ်ကျွမ်းဝင်လာသည်ဟု စတင်ခံစားမိပေသည်။

“ငါက နင့်ဇနီး မဟုတ်ဘူးလား။” ဟွာဂျီယူက ဖြစ်သင့်သည့်ကိစ္စ မဟုတ်လားဟူ​သော အဓိပ္ပါယ်နှင့် ပြောလိုက်သည်။

ရီဖူရှင်းက ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။ သူမပြောသည်မှာ မှန်ကန်ပေသည်။

လေပြေညင်းက ဟွာဂျီယူ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များကို တိုးဝှေ့သွားသည်။ ရီဖူရှင်းသည် လက်ကို ဆန့်ထုတ်ကာ သူမ၏ နဖူးပေါ်မှ ဆံပင်များကို ဖယ်ရှားပေးလိုက်ပြီး ရင်းနှီးနေသည့် သူမ မျက်နှာအား ငေးကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်အတော်ကြာက အရှေ့မြေရိုင်းဒေသမှာ ကိုယ့်အပေါ် အရမ်းကောင်းခဲ့တဲ့ ဆရာတစ်ယောက်ရှိတယ်။ မင်းလည်း အဲဒီတုန်းက အရှေ့မြေရိုင်းဒေသမှာ ရှိတာပဲလေ။ ပြီးတော့ ကော့တေးကိုတောင် ခဏခဏ လာလည်သေးတယ်။ ကိုယ်မင်းကို အဲဒီအကြောင်း ပြောပြခဲ့ဖူးတယ်။”

“ရှင်နဲ့ အစ်မ ၂ ရဲ့ ဆရာလား။” ဟွာဂျီယူက မေးလိုက်သည်။

“ဟုတ်တယ်။” ရီဖူရှင်းက ခေါင်းညိိတ်ကာ ဆက်ပြောလိုက်၏။ “သူက မင်းသမီးဒွန်ဟောင် ခေါ်ဆောင်သွားတာကို ခံခဲ့ရတယ်။ သူမ ပြောတာတော့ ဆရာက ပြစ်မှုတချို့ ကျူးလွန်ခဲ့တယ်တဲ့။ အဲဒီကိစ္စကြောင့် ကိုယ်နဲ့ စကားပြောချင်ခဲ့တာပဲ။”

ဟွာဂျီယူက ခေါင်းညိတ်ကာ မေးလိုက်သည်။ “အဲဒါဆို အခု နင့်ဆရာက ဘယ်လိုနေတယ်တဲ့လဲ။”

“သူမ ပြောတာတော့ သူ့အခြေအနေ သိပ်မကောင်းဘူးတဲ့။ ဒါပေမယ့် သူက ကိုယ်တို့အ​ခြေအနေကို သိချင်တာမို့ သူမကို အကူအညီတောင်းခဲ့တာလို့ ပြောတာပဲ။” ရီဖူရှင်းက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ဟွာဂျီယူက ခဏမျှ တိတ်ဆိတ်သွားလေ၏။ သူမသည် ထိုအချိန်က အကြောင်းများကို ပြန်တွေးရန် ကြိုးစားနေပုံရသော်လည်း မည်သည်ကိုမှ မမှတ်မိနိုင် ​ဖြစ်နေသည်။ ထိုအကြေင်းအရာများက သူမအတွက် ရင်းနှီးနေသယောင် ရှိသော်လည်း သူမ၏ မှတ်ဉာဏ်များက တစ်နေရာရာ၌ ချိတ်ပိတ်ခံထားရပုံရလေသည်။

အရှင်ထိုက်ရွှမ်နှင့် တခြားလူများက ရီဖူရှင်း၏ အ​ကြောင်းကြောင့် အံ့အားသင့်သွားကြသည်။ သူတို့သည် ရီဖူရှင်းနှင့် မင်းသမီးဒွန်ဟောင်အကြား ထိုသို့သော ဆက်ဆံရေးမျိုး ရှိနေမည်ဟု ထင်မထားမိခဲ့ကြပေ။

“ဖူရှင်း မင်းဆရာက ဘယ်သူလဲ။” အရှင်ထိုက်ရွှမ်က မေးလိုက်သည်။

“မင်းသမီးဒွန်ဟောင်ဆီကနေ ကျွန်တော် ကြားတာတော့ ကျွန်တော့ဆရာက အရှင်ဒွန်ဟောင်ရဲ့ စာသင်ဖက်တဲ့။” ရီဖူရှင်းက ပြောလိုက်သည်။

“အိုး…. ငါ သိပြီ။” အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းတစ်ယောက်တည်း ခေါ်၍ တွေ့ဆုံခဲ့သည်မှာ အံ့သြစရာမရှိပေ။ အရှင်ထိုက်ရွှမ်က အရှင်ဒွန်ဟောင်နှင့် အဆက်အဆံမရှိသည့်အတွက် အရှင်ဒွန်ဟောင်ဘေးနားမှ လူများအကြောင်း သိပ်မသိပေ။

ကြည့်ရသည်မှာ ရီဖူရှင်း၏ ဆရာက အချို့သော ပြစ်မှုများအတွက် တာဝန်ရှိပုံပေါ်လေသည်။ နှမြောစရာပင်။ မဟုတ်လျှင် ရီဖူရှင်းက အရှင်ဒွန်ဟောင်နှင့် အဆက်အသွယ် ရှိနိုင်ပေလိမ့်မည်။ အရှင်ဒွန်ဟောင်၏ စာသင်ဖက်ဟူသည်မှာ ပေါ့သေးသေး အနေအထားမျိုး မဟုတ်ပါချေ။ အကယ်၍ ထိုပုဂ္ဂိုလ်သာ အရှင်ဒွန်ဟောင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိနေဦးမည်ဆိုလျှင် ရီဖူရှင်းအား ဒွန်ဟောင်တော်ဝင်နန်းတော်သို့ တိုက်ရိုက် ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။

“အဲဒါဆို ဂူတုံးလျှိုကလည်း သူ့တပည့်ပဲလား။” ကောင်းကင်နတ်တံခါးမှ ကျန့်ချန်ကျီက မေးလိုက်သည်။

“ဟုတ်တယ်။” ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်၏။ “အဲဒီအချိန်တုန်းက ကျွန်တော့ကို အများဆုံး သင်ကြားပေးခဲ့တာ အစ်ကို ၃ ပဲ။ ကျွန်တော်တို့ ဆရာက စာသင်ရတာ သိပ်မကြိုက်ဘူး။”

“သူက လူထူးဆန်း ဖြစ်ရမယ်။” ကျန့်ချန်ကျီက ခပ်တိုးတိုး မှတ်ချက်ပြုလိုက်သည်။ ရီဖူရှင်းနှင့် ဂူတုံးလျှိုက ထိုသူ၏ တပည့်များ ဖြစ်ပြီး အချင်းချင်း နက်ရှိုင်းသော ခင်မင်မှုမျိုး ရှိလေသည်။ သူသည် အရှင်ဒွန်ဟောင်၏ စာသင်ဖက်ဖြစ်ရန် ထိုက်တန်ပေသည်။

“ဟုတ်တယ်။ ကျင့်ကြံခြင်းအကြောင်း များများစားစား မသိတဲ့ လူထူးဆန်းပဲ။” ရီဖူရှင်းက ရယ်မောလိုက်သည်။ ယခု သူ ပြန်တွေးကြည့်လျှင် ဆရာသည် သူ့ စွမ်းရည်ကို တစ်ကြိမ်တစ်ခါသာ ပြသခဲ့ဖူးသည်။

သူက တပည့်များကို များများစားစား သင်ပြပေးခဲ့ခြင်း မရှိပေ။

…….

မည်သည့် ပဋိပက္ခ ငြင်းခုန်မှုမှ မရှိဘဲ တခြားသော အင်အားစုမှ တန်ခိုးရှင်များက အိမ်သို့ အသီးသီး ပြန်သွားကြသည်။ သူတို့ကြားတွင်ရှိသော ရန်ငြိုးအာဃာတများက ရုတ်တရက် အငွေ့ပျံပျောက်ကွယ်သွားပုံရလေသည်။

မည်သို့ပင်​ဖြစ်စေ ဘုံကိုးဘုံမှ လူတိုင်းသည် ကမ္ဘာကြီး၏ ခွဲဝေမှုကို နားလည်သဘောပေါက်ထားပြီး အနည်းဆုံး အင်အားစုတစ်ခုကတော့ အနှေးနဲ့အမြန် သုတ်သင်ရှင်းလင်းပစ်ခံရပေလိမ့်မည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ မဟာမိတ်များနှင့် ရွှေရောင်နတ်ပြည်ထောင်၊ ရှန်ကလန်တို့ကြားမှ ဆက်ဆံရေးသည် ကျေအေးမရနိုင်လောက်အောင် ​​ဖြစ်လာခဲ့သည်။ နတ်နန်းတော်မှ တိုက်ပွဲပြီးနောက် သူတို့က ရန်သူအား အပြီးတိုင် ချေမှုန်း၍ မပြီးမချင်း ရပ်တန့်မည် မဟုတ်ပေ။ မင်းသမီးဒွန်ဟောင်က တိကျသော စည်းမျဥ်းများချမှတ်ခဲ့သော်လည်း သူတို့သည် ထိုစည်းမျဥ်းများအတွင်းမှနေ၍ အချင်းချင်း သုတ်သင်ရှင်းလင်းပစ်နိုင်မည့် နည်းလမ်းကို အကောင်းဆုံး ကြိုးစားရှာဖွေမည် ဖြစ်သည်။

စီဝေ့ဘုံ၏ ထိပ်သီးအင်အားစု လေးခုသည် မတူညီသော ဘက်များကို ရွေးချယ်ခဲ့သည်။ အနာဂတ်တိုက်ပွဲများက ကျိန်းသေ ရှောင်လွှဲ၍ မရနိုင်ပေ။

ဗဟိုအင်ပါယာဘုံ၌လည်း တူညီသော ကိစ္စရပ်များ ​ဖြစ်ပေါ်နေသည်။ သူတို့သည် အမြဲတမ်း တသမတ်တည်း ထိန်းသိမ်းထားနိုင်မည်မဟုတ်ဘဲ တစ်ဖက်က အနိုင်ရလျှင် တစ်ဖက်က ရှုံးနိမ့်ရမည် ထဖြစ်သည်။ မသေချာသည့် အရာတစ်ခုမှာ အချိန်ဖြစ်သည်။

သို့သော်လည်း ရီဖူရှင်းနှင့် တခြားသူများက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်သွားသည့်အတွက် နှစ်ဖက်လုံးက ရန်ငြိုးများကို ဆိုင်းငံ့ထားကြသည်။ သူတို့သည် ထိုပြဿနာများက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်တို့ကြောင့် ​ဖြစ်ပွားလာခြင်း​ဖြစ်သည်ကို သိရှိပေသည်။ စီဝေ့ဘုံမှ အဖွဲ့တစ်ဖွဲ့က နတ္ထိအင်ပါယာနန်းတော်သို့ သွားကာ တခြားအဖွဲ့တစ်ခုကို စစ်မျက်နှာဖွင့်ရန် တောင်းဆိုခဲ့လျှင်ပင် လူတိုင်းက ထိုအရှုပ်အထွေးအတွင်း ချက်ချင်း ​ဆွဲသွင်းခံရမည် ဖြစ်သည်။

သောမျိုးနွယ်စုက တိုက်ခိုက်မှုစတင်ချင်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်က ဘေးထွက်ရပ်နေလိမ့်မည်လား။

ထို့အပြင် ရွှေရောင်နတ်ပြည်ထောင်သည် အင်ပါယာရှင်းကျောင်းတော်အား ဖျက်ဆီးပစ်ခြင်းကို လက်ပိုက်ကြည့်နေမည်လား။

နတ်နန်းတော်၏ တိုက်ပွဲပြီးနောက် ရွှေရောင်နတ်ပြည်ထောင်သည် ရွေးချယ်စရာမရှိဘဲ အနိုင်ရရန် မဟာမိတ်များဖွဲ့ထားရမည် ဖြစ်သည်။ မဟုတ်လျှင် သူတို့သည် ကောင်းကင်အာဏာစက်နှင့် မဟာမိတ်တပ်များ။ လွှမ်းမိုးမှုကို ခံသွားရပေလိမ့်မည်။

ထို့ကြောင့် မည်သည့်ဘက်ကမှ ပေါ့ပေါ့ဆဆ ပြုမူကြခြင်း မရှိပေ။

ဘုံကိုးဘုံသည် နောက်ထပ် ငြိမ်းချမ်းသည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ကောင်းကင်ဒေသမှ အင်အားစုများသည်လည်း ရွေးချယ်မှုပြုရန် စဥ်းစားတွေးတောနေကြသည်။

မင်းသမီးဒွန်ဟောင်က သူတို့အတွက် စည်းမျဥ်းအသစ်များ ချမှတ်ပေးခဲ့သည်။ သူတို့ထဲက မည်သူမဆို မူလဘုံမှ စစ်ပွဲအတွင်း ပါဝင်ခဲ့ပါက မူလဘုံမှ ဆယ်နှစ်ကြာ ထွက်ခွာခွင့်ရမည် မဟုတ်ပေ။

ထိုသည်မှာ သိပ်မကြာမြင့်သော အချိန်ကာလ​ဖြစ်သော်လည်း ဆယ်နှစ်အတွင်း မည်သည်တို့ ဖြစ်လာနိုင်သည်ကို မည်သူမျှ မသိရှိပါချေ။

အထူးသဖြင့် အဆင့်မြင့်တန်ခိုးရှင်များက အသေအချာ စဥ်းစားရန် လိုအပ်သည်။ သူတို့သည် တစ်ချိိန်တည်း ဆယ်နှစ်ကြာအောင် မူလဘုံ၌ နေပြီး အချိန်ဖြုန်းမနနေိုင်ပေ။ ကောင်းကင်ဒေသတွင် တစ်စုံတစ်ခုဖြစ်ပွားလျှင် မည်သို့လုပ်မည်နည်း။

ငြိမ်းချမ်းမှုက တာရှည်ခံမည် မဟုတ်ပေ။ အပေါ်ယံ၌ တည်ငြိမ်နေသော်လည်း ဘုံကိုးဘုံ၏ မျက်နှာပြင်အောက်တွင် လှိုင်းထန်နေလေသည်။

ထိုနေ့တွင် ကိုက်ချိန်နှင့် ကိုက်ထန်က ရွှေရောင်နတ်ပြည်ထောင်ရှိ ပလ္လင်ထက် ထိုင်နိုင်ခဲ့သည်။ သတင်းများကြားပြီးနောက် သူတို့၏ မျက်နှာများက မည်းမှောင်သွားလေသည်။

“မင်းတို့ မဖော်ထုတ်နိုင်ဘူးလား။” မည်းမှောင်နေသော အမူအရာနှင့် ကိုက်ချန်က သတင်းလာပို့သူအား မေးလိုက်သည်။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။” ထိုသူက ပြန်ဖြေလိုက်သည်။

“ဘယ်နယောက် ရှိပြီလဲ။” ကိုက်ချိန်၏ အသံက အေးစက်နေ၏။

“ရှစ်ယောက်ပါ။” သတင်းပို့သူက ခေါင်းငုံ့ကာ ပြောလိုက်သည်။

လတ်တလောနေ့ရက်များတွင် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များက ပျောက်ဆုံးသွားပြီး နောက်ပိုင်းတွင် အလောင်းများကို တစ်ယောက်ပြီးတစ်ယောက် ပြန်လည်တွေ့ရှိခဲ့သည်။ သူတို့က ရှာဖွေစုံစမ်းပါသော်လည်း မည်သည့်ကိုမှ ရှာမတွေ့ခဲ့ဘဲ သူတို့အား မည်သူက ပစ်မှတ်ထားနေသည်ကို မသိရှိခဲ့ပေ။

ထို့အပြင် ပစ်မှတ်ထားခံရသူများက ရွှေရောင်နတ်ပြည်ထောင်မှ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် မည်သည့်သဲလွန်စမှ မကျန်ဘဲ လုပ်ကြံခံလိုက်ရပြီး မည်သည့်အာရုံကိုမှ ဆွဲယူနိုင်ခဲ့ခြင်း မရှိပေ။ ရန်သူသည် အလွန် အစွမ်းထက်ပြီး ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားပုံရလေသည်။

“အသုံးမကျဘူး” ကိုက်ချိန်က အော်ဟစ်ဆူပူလိုက်သည်။ “ဆက်ပြီး စုံစမ်းနေ။”

“အမိန့်အတိုင်းပါ အရှင်မင်းကြီး။” ထိုသူက ဦးညွှတ်ကာ ထွက်ခွာသွားသည်။ ကိုက်ချိန်နှင့် ကိုက်ထန်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကိုက်ချိန်က မေးလိုက်သည်။ “သူတို့ အခုတလော တိတ်ဆိတ်နေတယ်။ ကျုပ်တို့ကို လျှို့ဝှက်တိုက်ခိုက်နေတာ ​ဖြစ်နိုင်လား။”

“မင်းသမီးဒွန်ဟောင်က သူမကိုယ်တိုင် စည်းမျဥ်းချမှတ်ခဲ့တယ်။ သူတို့က သူမကို ဆန့်ကျင်ရဲမယ်လို့ ကျုပ်တော့ မထင်ဘူး။” ကိုက်ချိန်က မျက်ခုံးများကို တင်းကျပ်စွာ စုကျုံ့ထားခဲ့သည်။ သူသည် အရှင်ဒွန်ဟောင်၏ လက်အောက်တွင် ခစားရပြီး မင်းသမီးဒွန်ဟောင်၏ လုပ်ပိုင်ခွင့် အာဏာကို ယုံကြည်သည်။

“ရီဖူရှင်းက စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်တဲ့သူ။ မင်းသမီးဒွန်ဟောင် သူ့ကို ခေါ်သွားတဲ့ နေ့က ဘာတွေပြောခဲ့ကြလဲဆိုတာ ကျုပ်တို့ မသိကြဘူးလေ။ မင်းသမီးဒွန်ဟောင်က သူ့အပေါ် အရမ်းလေးစားလို့ သဲလွန်စတစ်ခုခု ပေးခဲ့တာလည်း ဖြစ်နိုင်တာပဲ။ အဲဒါကြောင့် သူက စည်းမျဥ်းတွေကို လျစ်လျူရှုပြီး ကျုပ်တို့ကို လျှို့ဝှက်သတ်ဖြတ်နေတာ ဖြစ်နိုင်လား။” ကိုက်ထန်က သံသယဖြစ်စွာ ပြောလိုက်သည်။

ကိုက်ချိန်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနေ့က မင်းသမီးဒွန်ဟောင်နှင့် ရီဖူရှင်းတို့ ဆွေးနွေးခဲ့သော အကြောင်းအရာအား မည်သူမှ မသိပေ။ လူတိုင်းက အပြင်မှာ စောင့်ကြည့်ကာ ခန့်မှန်းရုံသာ ဖြစ်နိုင်သည်။

မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအပေါ် အရေးပေးလိုသည်ဟု အရိပ်အမြွက်ပြခဲ့သည်လား။

ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင်က သဲလွန်စပေးခဲ့၍ ထိုမျှရဲတင်းကာ လုပ်ဆောင်ခြင်း ​ဖြစ်နိုင်သလား။

“ပြီးတော့ ကျုပ် စုံစမ်းကြည့်တော့ ကျုပ်တို့ ရွှေရောင်နတ်ပြည်ထောင်က လူတွေချည်းပဲ အသတ်ခံရတာ။” ကိုက်ထန်က ခပ်တိုးတိုး ပြောလိုက်သည်။ သူက ဆက်ပြောလိုက်၏။ “ကျုပ်ကတော့ ဒီလုပ်ကြံခံရမှုကို နတ္ထိအင်ပါယာနန်းတော်ဆီ သတင်းပို့သင့်တယ်လို့ ထင်တာပဲ။ ဒီလိုနည်းနဲ့ပဲ ကျုပ်တို့ ရန်သူတွေအပေါ် ဖိအားပိုပေးနိုင်လိမ့်မယ်။”

အမှန်တကယ်တွင် ရွှေရောင်နတ်ပြည်ထောင်တစ်ခုတည်း ပစ်မှတ်ထားခံနေရခြင်း မဟုတ်ပေ။ ဘုံကိုးဘုံမှ တခြားသော အင်အားစုများသည်လည်း လွန်ခဲ့သည့် ရက်များအတွင်း လက်တစ်ဆုပ်စာမျှသော တန်ခိုးရှင်တို့ ပျောက်ဆုံးခဲ့ကြသည်။ သူတို့၏ စုံစမ်းစစ်ဆေးမှုက အပြင်သို့ မပေါက်ကြားခဲ့ခြင်းသာ ဖြစ်၏။

သို့သော် အင်အားစုများအတွင်း တစ်ယောက်စနှစ်ယောက်စ အသတ်ခံရခြင်းက ရုတ်ရုတ်သဲသဲ မဖြစ်ပွားနိုင်ပေ။ သူတို့က ပြဿနာကို အပြင်ဘက်ထိ မပေါက်ကြားစေသော်လည်း အတွင်းမှာတော့ ခန့်မှန်းချက်များစွာ ပေါက်ကွဲထွက်လျက်ရှိသည်။

ဥပမာအနနေှင့် စီဝေ့ဘုံတွင်လည်း တူညီသော ကိစ္စများ ဖြစ်ပွားခဲ့သည်။ လူအများစုက အချင်းချင်း သတိနှင့် စောင့်ကြည့်လာကြသည်။

အကယ်၍ သူတို့သာ လူသိရှင်ကြား ဆွေးနွေးခဲ့မည်ဆိုလျှင် ငရဲတံခါးပွင့်လာသည့်အချိန်ကနှင့် တူနေသည်ကို သတိပြုမိကြပေလိမ့်မည်။

ယခုတွင် ငရဲနယ်မြေ၌ လျှို့ဝှက်နယ်မြေဘုံ စုစည်းထားသော ထိပ်သီးအင်အားစုများ ရှိနေသည်။

မြေအောက်ပလ္လင်ထက် ထိုင်နေသော မြေအောက်အရှင်သည် သူ့လူများကို ကြည့်လိုက်သည်။ လူအများကြီး မရှိသော်လည်း အားလုံးက အလွန် အစွမ်းထက်ကြသည်။

“အခု ဘာတွေဖြစ်နေပြီလဲ။” မြေအောက်အရှင်က မေးလိုက်သည်။

“သူတို့ အချင်းချင်း သံသယဝင်နေပါတယ်။” တစ်ယောက်က ပြန်ဖြေလိုက်၏။ ဘုံကိုးဘုံသည် ဖရိုဖရဲ ဖြစ်နေပြီးဖြစ်ကာ ယခု လုပ်ကြံသတ်ဖြတ်မှုကြောင့် အချင်းချင်း ယုံကြည်မှုပျောက်ဆုံးသွားအောင် ပြုလုပ်နေသည်။

မြေအောက်အရှင်က အဝေးသို့ကြည့်လိုက်သည်။ ဘုံကိုးဘုံ၏ လက်ရှိအခြေအနေက သူတို့အတွက် အခွင့်ကောင်း ဖြစ်သည်။

သူတို့ နောက်ဆုံးတစ်ခေါက် ဗဟိုအင်ပါယာဘုံကို သွားခဲ့သည့်အချိန်က မင်းသမီးဒွန်ဟောင်နှင့် အမည်ခံ တွေ့ဆုံခဲ့သည့် အချိန်ဖြစ်သည်။ အမှန်မှာ သူတို့၌ ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ သူတို့သည် နတ္ထိအင်ပါယာနန်းတော်၌ ရှိနေသော တန်ခိုးရှင်များ မည်မျှအစွမ်းထက်သည်ကို မြင်တွေ့လိုခြင်းကြောင့် ​ဖြစ်လေသည်။

သူတို့က လှုပ်ရှားမှုပြုရန် ထို သတင်းအချက်အလက်များအား အသုံးပြု၍ စီစဥ်ခဲ့သည်။

“နတ္ထိအင်ပါယာနန်းတော်၏ဘက်ကရော ဘယ်လိုအခြေအနေရှိလဲ။” မြေအောက်အရှင်က မေးလိုက်သည်။

“အတူတူပဲ။ မင်းသမီးဒွန်ဟောင်က အခုလောလောဆယ် ထွက်ခွာမယ့်ပုံမရှိဘူး။” တစ်ယောက်က ပြန်ဖြေလိုက်သည်။

“သူမကို လျစ်လျူရှုလိုက်။ သူမက ဘုံကိုးဘုံကို အမိန့်ပေးနိုင်ပေမယ့် ငါတို့ရဲ့ မှော်နက်စစ်တပ်က တစ်ခုတည်း ထိန်းချုပ်နိုင်တာ။ မလုံလောက်သေးဘူး။” မြေအောက်အရှင်က အေးစက်စွာ ပြောလိုက်သည်။ “လူစုလိုက်။ လှုပ်ရှားကြမယ်”

***


Comment

Leave a Reply


Options

not work with dark mode
Reset