အပိုင်း(၁၈၁၀)

အင်ပါယာ၏စာရေးတော်

ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်မှ တန်ခိုးရှင်များက တွေဝေရှုပ်ထွေးနေကြ၏။ ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်က ကျန့်ချန်းကျူကို မင်းသမီးဒွန်ဟောင်က သဘောကျကာ သူမနောက်သို့ လိုက်ပါ၍ ကောင်းကင်ဒေသတွင် ကျင့်ကြံစေရန် မျှော်လင့်နေသကဲ့သို့ ရီဖူရှင်းသည်လည်း အခွင့်အရေးကို စောစီးစွာ ဖမ်းဆုပ်ထားခဲ့ပါက အထက်သို့ လှမ်းတက်နိုင်ပြီး ပို၍ပင် ကျော်ဇောလာနိုင်ပေသည်။

ရီဖူရှင်းက သူ၏ အရည်အချင်းတို့်အား ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ရာ သူက မြေအောက်အရှင်၏ သားကို အနိုင်မယူနိုင်လျှင်ပင် မင်းသမီးဒွန်ဟောင်၏ အထင်ကြီးမှုကို ရနိုင်နေဆဲ ဖြစ်သည်။

သို့သော် သူက ထိုသို့ မလုပ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနနေှင့် တမင်သက်သက် နောက်ဆုတ်ရပ်ကာ အရှုံးပေးခဲ့သည်။ ၄င်းက မင်းသမီးဒွန်ဟောင်၏ မျက်လုံးထဲ၌ သူမအပေါ် အရိုအသေမဲ့ပြီး အလေးမထားသ​​ဖြင့် ပေါ့ပျက်ပျက်လုပ်သည်ဟု ထင်မြင်သွားနိုင်သည် မဟုတ်ပါလား။

ကိုက်ချိန်သည် သူ့မျက်လုံးများကို မှေးကျဥ်းကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းက မင်းသမီးဒွန်ဟောင်၏ အဆင့်အတန်းကို နားမလည်သည်လား။

ရီဖူရှင်းသည် မဟာအင်ပါယာ၏ သင်ကြားပြသပေးမှုကို ခံယူခဲ့ရသော်လည်း မင်းသမီးဒွန်ဟောင်အား ကောင်းမွန်ယဥ်ကျေးစွာ မဆက်ဆံတတ်ပါက ကောင်းကင်ဒေသမှ အထက်တန်းအသိုင်းအဝိုင်း​၌ မည်သည့်အခါမှ ကျော်ကြားလာမည် မဟုတ်ပေ။

မည်မျှ ရိုင်းစိုင်း၍ အရိုအသေမဲ့လိုက်သနည်း။ ကိုက်ချိန်က ပြောလိုက်သည်။ “ရီဖူရှင်း.. မင်းက နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ ပစ္စည်းကောင်းတွေ အများကြီးရခဲ့ပြီး မင်းရဲ့ အထင်ကြီးလောက်စရာ နတ်ဝင်ရိုး စွမ်းရည်တွေကိုလည်း အရင်က ပြသခဲ့ဖူးတယ်။ ဒီတိုက်ပွဲမှာ မင်း ဘယ်လိုလုပ်ရှုံးနိမ့်သွားရတာလဲ။”

ရီဖူရှင်းက အားထုတ်ကြိုးပမ်းခြင်းမရှိဟု ပွင့်ပွင့်လင်းလင်း စွပ်စွဲ ပြောဆိုမည့်အစား ကိုက်ချိန်သည်  ရီဖူရှင်းက အကောင်းဆုံး မကြိုးစားရသေးဟုသာ စောင်းပါးရိပ်ခြေပြောဆိုခဲ့သည်။ သို့သော် တခြားသူများက ကိုက်ချိန်သည် ဤအချက်ကို ထောက်ကာ ရီဖူရှင်း၏ အနာဂတ်အား ပျက်စီးစေရန် ကြိုးစားနေခြင်းဖြစ်ကြောင်း အသေအချာ နားလည်ကြပေသည်။

မင်းသမီးဒွန်ဟောင်သည် နတ်ဆိုးလောကနှင့် ရီဖူရှင်း၏ ဆက်နွယ်မှုကို အကြီးအကျယ် ဖြစ်အောင် မလုပ်ခဲ့သည်ကပင် သဘောထားကြီးပေးနေပြီး ဖြစ်သည်။ သို့သော်လည်း သူက ဆက်ကာ မျက်နှာပြောင်တိုက်၍ မလေးစားသည့် အပြုအမူများ ထပ်လုပ်နေသည်။ ကိုက်ချိန်သည် ရီဖူရှင်းက မည်သည့်အတွေးတို့ ရှိနေကြောင်း မစဥ်းစားတတ်တော့ပေ။

မင်းသမီးဒွန်ဟောင်က ကိုက်ချိန်၏ မေးခွန်းကို ကြားသော်လည်း သူမက မည်သည့်အာရုံစိုက်မှုမှ ပြန်မပေးခဲ့ပေ။ သူမက လှေကားထိပ်ဆုံး၌ ရပ်ကာ သူမ၏ တည်ငြိမ်၍ ညှို့ယူဖမ်းစားနိုင်သော မျက်ဝန်းများဖြင့် ရီဖူရှင်းအား စိုက်ကြည့်နေသည်။

“အရှင်မင်းသမီး၊ ချီရီက အရမ်းအစွမ်းထက်တဲ့ တန်ခိုးရှင်တစ်ယောက်ပါ။ ကျုပ် တစ်ချက်ကလေး သတိလွတ်သွားတာနဲ့ သူက အနိုင်ရသွားတော့တာပဲ။ ကျုပ်မှာ ပြန်တိုက်နိုင်တဲ့ စွမ်းရည်ရှိသေးတယ် ဆိုပေမယ့် အရှင်မင်းသမီးက အံ့သြစရာကောင်းတဲ့ နတ်တောင်ပံတွေကို ဖြန့်လိုက်တာ ကျွန်တော် မြင်ခဲ့တယ်။ အဲဒါကြောင့် အရှင်မင်းသမီးရဲ့ ကြီးမြတ်လှတဲ့ ပုံသဏ္ဌာန်ရှေ့မှာ ​ယောင်ဝါးဝါး အားထုတ်မှုမျိုး ကျွန်တော် မလုပ်ဝံ့ပါဘူး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။” ရီဖူရှင်းက သက်သောင့်သက်သာနှင့် ဝန်ခံလိုက်သည်။ သူသည် လူတိုင်းက မျက်မြင်တွေ့လိုက်ကြရသည်အား မငြင်းနိုင်ပေ။

တိုက်ပွဲက ယခု ပြီးဆုံးသွားပြီ ဖြစ်သည်။ မင်းသမီးဒွန်ဟောင်က သူ့အား လူအုပ်ကြီးရှေ့၌ နောက်တစ်ကြိမ် ထိပ်တိုက်ခိုက်ရန် မမေးနိုင်တော့ပေ။

မင်းသမီးဒွန်ဟောင်က သူ့အား စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ “ရှင် ကျွန်မနောက် လိုက်ခဲ့။”

ထို့နောက် သူမက ပြန်လှည့်ကာ နန်းတော်ဆီသို့ လျှောက်သွားခဲ့သည်။

“ကျန်တဲ့လူတွေကတော့ ခင်​ဗျားတို့ ဆန္ဒရှိသလို လုပ်ကြပါ။” မင်းသမီးဒွန်ဟောင် ဘေးမှ နတ်စစ်သူကြီးက ရီဖူရှင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တခြားလူများကို ပြောလိုက်သည်။

ထူးဆန်းသည့် အကြည့်အမူအရာက ကိုက်ချိန်၏ မျက်နှာထက် ပေါ်ပေါက်လာသည်။ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို သူမနောက် လိုက်လာခိုင်းသည်လား။

သူမက မည်သည်ကို ဆိုလိုချင်သနည်း။

မင်းသမီးဒွန်ဟောင်က ရီဖူရှင်းတစ်ယောက်တည်းကို ခေါ်ဆောင်သွားခဲ့သည်။

သူမက ယခုဖြစ်ပျက်သွားသည့် ကိစ္စရပ်အပေါ် စိတ်မကျေမနပ် ဖြစ်သွားခြင်းလား။ မဟုတ်လျှင် ရီဖူရှင်းအပေါ် အမှန်တကယ် အထင်ကြီးလေးစားခြင်းလား။

ရီဖူရှင်းသည်လည်း မင်းသမီးဒွန်ဟောင်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်သည့်အတွက် ဇဝေဇဝါ ဖြစ်နေသည်။ သူမ၏ မျက်လုံးများက အလွန် လျှို့ဝှက်နက်နဲလှရာ သူမ၏ ခံစားချက်များကို ဖော်ထုတ်ရန် ခက်ခဲနေ၏။ ရီဖူရှင်းက ဖေးရွှီကို သူနှင့်အတူ ခေါ်လာခဲ့လျှင် မင်းသမီးဒွန်ဟောင်က သူ့အပေါ် ကောင်းသော ရည်ရွယ်ချက်ရှိနေသည်လား ဆိုးသော ရည်ရွယ်ချက်ရှိနေသည်လားကို ပြောပြနိုင်ပေလိမ့်မည်။

“ကိုယ် အခု ပြန်လာခဲ့မယ်။” ရီဖူရှင်းက ဟွာဂျီယူကို ပြောလိုက်သည်။ ဟွာဂျီယူက ခေါင်းညိတ်လိုက်၏။ ရီဖူရှင်းသည် လူတိုင်း၏ အကြည့်များ အောက်မှာပင် လမ်းပြနောက်မှ လိုက်ကာ လှေကားကို တက်သွားခဲ့သည်။

မင်းသမီးဒွန်ဟောင်နှင့် ရီဖူရှင်း ထွက်ခွာသွားပြီးနောက် လူအုပ်ကြီးက ဆူဆူညံညံ ဖြစ်လာသည်။ မတူညီသော အင်အားစုများမှ တန်ခိုးရှင်များက ခန့်မှန်းပြောဆိုနေခြင်းကို မရပ်တန့်နိုင်ပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက အနည်းငယ် စိုးရိမ်နေကြ၏။  မည်သူကမှ မင်းသမီးဒွန်ဟောင်၏ စရိုက်ကို လက်ညှိုးမထိုးနိုင်ကြပေ။ ရီဖူရှင်း ယခင်က လုပ်ခဲ့သော အရာများကြောင့် သူမ စိတ်အနှောက်အယှက် ​ဖြစ်လိမ့်မည်လား သူတို့ မသိကြပေ။

ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်က နေရာတွင် ရပ်နေပြီး မင်းသမီးဒွန်ဟောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေခဲ့သည်။ သူက သက်ပြင်းချလိုက်၏။ မင်းသမီးဒွန်ဟောင်က သူ့ တောင်းဆိုမှုကို မတုန့်ပြန်ခဲ့ခြင်းမှာ သူမက ထိုတောင်းဆိုမှုကို သဘောမတူဟု ဆိုလိုပေသည်။

“စိတ်ဓာတ်မကျပါနဲ့။ ကျန့်ချန်းကျူက ထူးချွန်တဲ့ တန်ခိုးရှင်တစ်ယောက်ပါ။ မတော်တဆတစ်ခုကြောင့်သာ တိုက်ပွဲမှာ ရှုံးသွားခဲ့တာ။ မြေအောက်အရှင်ရဲ့ သားတော်တစ်ပါးအနနေဲ့ ချီရီက ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ ကျန့်ချန်းကျူက အကောင်းဆုံးတွေထဲက တစ်ယောက်ဆိုတာ သူ့ကိုယ်သူ သက်သေပြခဲ့ပြီးပြီ။ သူက ဘယ်နေရာမှာပဲ ကျင့်ကြံပါစေ အနာဂတ်ကျ ကောင်းကင်ဒေသမှာ သူ့ရဲ့ နာမည်ကို ကျော်ကြားလာအောင် လုပ်ဆောင်နိုင်လိမ့်မယ်။” ရှန်ကလန်မှ ရှန်ကောင်းက ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်အား ပြောလိုက်သည်။

“အဲဒီလိုပဲ မျှော်လင့်ပါတယ်။” ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျန့်ချန်းကျူမှာ အရည်အချင်းကောင်းတွေ ရှိပေမယ့် သူက ကြိုးစားဖို့ လိုနေသေးတယ်။ အခုချိန်မှာတော့ သူက မင်းသမီးဒွန်ဟောင်ရဲ့ ပြိုင်ဘက်ကင်း စွမ်းရည်တွေကို လေးစားအားကျရုံပဲ ရှိနိုင်သေးတယ်။”

ရှန်ကောင်းသည် ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်အားကြည့်ကာ မျက်လုံးများလှိမ့်မိတော့မလိုပင် ဖြစ်သွား၏။ ဤလူအိုကြီးက ကျန့်ချန်းကျူ၏ ရှေ့ရေးတောက်ပစေရန်အတွက် သူ့ ဂုဏ်သတင်းကို နှိမ့်ချနေကာ မင်းသမီးဒွန်ဟောင် ထွက်သွားပြီးနောက်၌ပင် ချီးမွမ်းခန်းဖွင့်နေသေးပေသည်။

မင်းသမီးဒွန်ဟောင်က ကျန့်ချန်းကျူအစား ရီဖူရှင်းအား ခေါ်ဆောင်သွားပေမယ့် ကျောင်းအုပ်က အမှန်တကယ် အမုန်းမပွားဘဲ ရှိနနေိုင်သည်လား။

“မင်းသမီးဒွန်ဟောင်က အရှင်ဒွန်ဟောင်ဆီကနေ သင်ယူခဲ့ရတာပဲ။ သူမက ပြိုင်ဘက်ကင်းတာပေါ့။” ရှန်ကောင်းက သံယောင်လိုက်လိုက်၏။

တန်ခိုးရှင်များက အချင်းချင်း စကားစမြည် ပြောနေကြသည်။ အချို့က ထွက်ခွာသွားသော်လည်း အချို့သာ အဓိကအင်အားစုများက ရီဖူရှင်းထံ၌ မည်သည်တို့ ဆက်ဖြစ်မည်ကို စောင့်ကြည့်ရန် နေခဲ့ကြသည်။ သူတို့သည် မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအပေါ် ကောင်းသောအမြင်ရှိသလား၊ မကောင်းသောအမြင်ရှိသလားဟု သိလိုနေကြသည်။ မင်းသမီး၏ သဘောထားက အင်အားစုများစွာအတွက် အရေးပါပေသည်။

ထိုအချိန်၌ ရီဖူရှင်းသည် မင်းသမီးဒွန်ဟောင် နောက်မှ လိုက်ကာ နတ္ထိအင်ပါယာနန်းတော်၏ ခန်းမထဲသို့ ရောက်ရှိလာသည်။ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အစေခံများကို ထွက်ခွာသွားစေလိုက်သည်။ အချို့သော အစောင့်များက ခန်းမအပြင်ဘက်၌ ရပ်စောင့်နေကြ၏။

မင်းသမီးဒွန်ဟောင်၏ ဘေး၌ ကိုယ်ရံတော်တစ်ဦးသာလျှင် ကျန်ရှိပေသည်။

ရီဖူရှင်းက ခန်းမအတွင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူသည် မင်းသမီးဒွန်ဟောင် သူ့ဘက်သို့ လှည့်ကာ စိုက်ကြည့်နေသည်ကို မြင်သည့်အခါ စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော်လည်း ရီဖူရှင်းသည် သူမ၏ ကျက်သရေရှိလှသော သဏ္ဌာန်ရှေ့တွင် နှိမ့်ချခြင်းမရှိသော အနေအထားကို ထိန်းသိမ်းထားသည်။ သူက သူမအား ဦးညွှတ်ဂါဝရမပြုမလိုပေ။

“ကျွန်တော် တစ်ခုခုများ ကူညီပေးရမလား အရှင်မင်းသမီး။” ရီဖူရှင်းက မေးလိုက်သည်။ သူ့အသံက တည်ငြိမ်ကာ ကျိုးနွံခြင်းမရှိသလို ရန်လိုနေခြင်းလည်း မရှိပေ။

“ရှင် ကျွန်မကို မကြေမနပ်ဖြစ်နေတာလား။” မင်းသမီးဒွန်ဟောင်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ သူမ၏ ရိုင်းပြကာ ထုံအသော မေးခွန်းကြောင့် ရီဖူရှင်းက စိတ်အနှောက်အယှက် ဖြစ်သွားသော်လည်း သူသည် ခံစားချက်များကို တင်းတင်းကြပ်ကြပ် ချိုးနှိမ်ကာ အသံနိမ့်နိမ့်နှင့် ပြန်ဖြေလိုက်သည်။ “အရှင်မင်းသမီးက နောက်နေတာပဲ။ ကျုပ်က ကောင်းကင်ဒေသက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ သာမန်တန်ခိုးရှင်လေး တစ်ယောက်ပါ။ အရှင်မင်းသမီးအပေါ် ဘယ်လိုလုပ် ဒေါသထွက်နိုင်ပါ့မလဲ။”

“ရှင့် ဆရာကြောင့်လေ။i မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။

ရီဖူရှင်းက အံ့အားသင့်သွားကာ သူ့ခေါင်းကို မော့၍ သူမမျက်နှာကို အကဲခတ်လိုက်သည်။

သို့ဆိုလျှင် မင်းသမီးဒွန်ဟောင်က သူ့ကို အရှေ့ဘက်မြေရိုင်းဒေသ၏ ကော့တေးမှ တပည့်တစ်ယောက်​ ဖြစ်ကြောင်း သိရှိနေသည်လား။

ရီဖူရှင်းသည် သူမက ထိုအဖြစ်အား အမှတ်ရနေလိမ့်မည်ဟု မထင်မှတ်ထားပေ။

သူသည် သူတို့ ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်အား သူမ မှတ်မိနေမည်လား မသိပေ။ ထိုအချိန်က သူတို့ အလွန်ငယ်ရွယ်သေးသည်။ သူ၏ အသက်ပင် ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ မင်းသမီးဒွန်ဟောင်သည်လည်း ထိုစဥ်က သူမ၏ အသွင်အပြင်အရ ထိုအရွယ်မျှသာ ရှိနိုင်ပေသည်။

“ခင်ဗျား မှတ်မိလိမ့်ဦးမယ်လို့ မထင်ထားမိဘူး။” ရီဖူရှင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝန်ခံလိုက်သည်။ သူမက မှတ်မိနေသည့်အတွက် သူ့ဘက်က ဝန်မခံဘဲ ငြင်းဆန်နေရန် အကြောင်းမရှိပေ။ သူက ပြောလိုက်သည်။ “ကျုပ်ဆရာ ဘယ်လိုနေလဲ။”

“သိပ်တော့ အခြေအနေ မကောင်းဘူးပေါ့။” မင်းသမီးဒွန်ဟောင်က အေးစက်စွာ ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက သူမအား ​လှမ်းကြည့်ကာ သူ၏ မျက်နှာက တင်းမာသွားသည်။

“ကျုပ်ဆရာက ဘာပြစ်မှု ကျူးလွန်ခဲ့တာလဲဆိုတာ မေးလို့ရမလား။” ရီဖူရှင်းက မေးလိုက်သည်။ သူသည် ကော့တေးမှ သူ့ဆရာ၏ သရုပ်မှန်ကို မခန့်မှန်းနိုင်ဘဲ ရှိနေသေးပြီး အရှင်ဒွန်ဟောင်က မည်သည့်အတွက် သူ့အား ဖမ်းဆီးရန် လူလွှတ်လိုက်သည်လဲ သူ မသိပေ။

“သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအကြောင်းကို ရှင် အသေးစိတ်သိစရာ မလိုဘူး။” မင်းသမီးဒွန်ဟောင်က ပြောလိုက်၏။

“ဒါဆို မင်းသမီး ကျုပ်ကို ခေါ်လာတာက ကျုပ်ကို မှတ်မိတယ်ဆိုတာ ပြောဖို့သက်သက်ပဲလား။” ရီဖူရှင်းက မေးလိုက်၏။

မင်းသမီးဒွန်ဟောင်က သူ့အား စိုက်ကြည့်လိုက်သည်။ သူတို့၏ မျက်ဝန်းများက အတန်ကြာဆုံစည်းနေကာ တိတ်ဆိတ်သွား၏။ သူမသည် အေးစက်ကာ ဝံ့ကြွားသော ဟန်ထားရှိနေဆဲ ​ဖြစ်သည်။ ရီဖူရှင်းနှင့် မတူဘဲ မင်းသမီးဒွန်ဟောင်သည် တော်ဝင်သွေးနှင့် မွေးဖွားလာခြင်း ဖြစ်၏။

ရီဖူရှင်းသည် သူ၏ မွေးစားဖခင်က သူ့တွင် ဧကရာဇ်ဖြစ်မည့် ကံကြမ္မာရှိသည်ဟု ပြောခဲ့လျှင်ပင် သူ၏ လမ်းကို သူကိုယ်တိုင် ကြိုးစားထွင်ကာ အောက်ခြေမှ စတင်ခဲ့ရခြင်း ဖြစ်သည်။ တခြားတစ်ဖက်မှ မင်းသမီးဒွန်ဟောင်သည် အစကတည်းက တခြားသူများထက် မြင့်မားသော အနေအထားတွင် ရှိနေခဲ့သည်။

“ရှင် အဲဒီလောက် သံသယဖြစ်စရာ မလိုဘူး။ သူက ကျွန်မ ခမည်းတော်ရဲ့ စာသင်ဖက်ပါ။” မင်းသမီးဒွန်ဟောင်က ပြောလိုက်သည်။ ရီဖူရှင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။

ကော့တေးမှ ဆရာဒူသည် အရှင်ဒွန်ဟောင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။

ထိုသို့ဆိုလျှင် သူသည် ထိုစဥ်က မဟာအင်ပါယာနှစ်ပါးကို ခစားခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူသည် အရှင်ဒွန်ဟောင်၏ စာသင်ဖက် ဖြစ်နေသည်။

ကြည့်ရသည်မှာ သူက မဟာအင်ပါယာနှစ်ပါးနှင့် ရင်းနှီးပြီး အရှင်ဒွန်ဟောင်နှင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးရှိနိုင်ပေသည်။ ၄င်းက အမှန်​ဖြစ်လျှင် သူသည် ထိုစဥ်က ကောင်းကင်တောင်ပေါ်တွင် ပညာဆည်းပူးခဲ့ခြင်း ​ဖြစ်နိုင်ပေသည်။

သို့ဆိုလျှင် သူက မည်သည့်အတွက် သူ၏ သရုပ်မှန်ကို မဖော်ပြဘဲ အရှေ့ဘက်မြေရိုင်းဒေသတွင် နေထိုင်နေခဲ့သနည်း။

မင်းသမီးဒွန်ဟောင်က သူ ပြစ်မှုကျူးလွန်ခဲ့သည်ဟု ဆိုသည့်အတွက် သူကမဟာအင်ပါယာ၏ စာသင်ဘက်တစ်ဦးအနနေှင့် အမှားအချို့ ပြုလုပ်မိခဲ့ခြင်း ​ဖြစ်နိုင်ပေသည်။

“ကျွန်မ ရှင့်ကို ခေါ်တွေ့ရတာက ရှင့် ဆရာကြောင့်ပဲ။ သူက ရှင်ဘာတွေလုပ်နေလဲ သိချင်လို့ ကျွန်မ အဖေဆီမှာ အသနားခံခဲ့တယ်လေ။ အခု ကျွန်မ အ​ဖြေရပြီးပြီ။ ရှင့်ဆရာကို နောက်တစ်ခါ တွေ့ချင်ရင် ရှင့်အနနေဲ့ ကိုက်ချိန်ရဲ့ အဆင့်လောက် ရောက်အောင် အရင်လုပ်တာ ပိုကောင်းမယ်။ အခုအနေအထားနဲ့ကတော့ ရှင် ကျွန်မကို ဆန့်ကျင်နိုင်မှာ မဟုတ်သေးဘူး။” မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်သည်။

ရီဖူရှင်းက သူမကို ကြည့်ကာ တိတ်ဆိတ်စွာ ပြုံးလိုက်သည်။

သူ၏ အရည်အချင်းက အမှန်တကယ် မလုံလောက်သေးပေ။ သူမက ကောင်းကင်ဒေသ အရှင်သခင်၏ သမီးတော် ဖြစ်သည်။

မည်သူက သူမအား ဆန့်ကျင်ရဲပါမည်နည်း။

ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်ပင်လျှင် ကျန့်ချန်းကျူက သူမနောက်သို့ လိုက်ပါကာ ကောင်းကင်ဒေသတွင် ကျင့်ကြံနိုင်ရန် တောင်းပန်ခဲ့ရသည်။

ရီဖူရှင်းသည် ဆရာဒူက သူ၏ တပည့်များကို စိတ်ထဲ၌ ထည့်ထားလိမ့်ဦးမည်ဟု ထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ သူ့ဆရာက အရှင်ဒွန်ဟောင်၏ အကျဥ်းချထားခြင်းကိုသာ ခံရပြီး အသက်ရှင်လျက် ရှိနေသေးပုံရလေသည်။

“ရှင်အခု ပြန်သွားလို့ရပြီ။ ကျွန်မ ရှင့်ကို နောက်တစ်ခေါက် ပြန်တွေ့တဲ့အခါကျရင် အခုထက် ပိုပြီး သန်မာလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရှင့် အရည်အချင်းတွေကို ကျွန်မရှေ့မှာ ဖုံးကွယ်ထားဖို့ မလိုဘူး။” မင်းသမီးဒွန်ဟောင်က မောက်မာသည့် လေသံနှင့် ပြောလိုက်သည်။

ရီဖူရှင်းက သူမအား ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “မင်းသမီးရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပါ့မယ်။ နှုတ်ဆက်ပါတယ်။”

ထို့နောက် သူက ခန်းမထဲမှ လှည့်ထွက်သွားတော့သည်။

ရီဖူရှင်း ထွက်သွားပြီးနောက် မင်းသမီးဒွန်ဟောင် ဘေးမှ နတ်စစ်သူကြီးက မေးလိုက်သည်။ “ကြည့်ရတာ အရှင်မင်းမြတ်က သူ့အပေါ် အရေးထားသလိုပဲ။ ကျွန်တော်မျိုး ကြားတာတော့ ဒီလူရဲ့ ပါရမီက မူလဘုံမှာ ပြိုင်ဘက်ကင်းတယ်တဲ့။ ကျွန်တော်တို့ သူ့ကို ကောင်းကင်ဒေသမှာ ကျင့်ကြံဖို့ ခေါ်သွားသင့်လား။”

“အမှန်တကယ် အရည်အချင်းရှိတဲ့သူတွေက ဘယ်နေရာမှာဖြစ်ဖြစ် ကျင့်ကြံနိုင်တယ်။” မင်းသမီးဒွန်ဟောင်က ပြန်ဖြေလိုက်သည်။

“အရှင်မင်းသမီး ပြောတာ မှန်ပါတယ်။” နတ်စစ်သူကြီးက ခေါင်းညိတ် သဘောတူလိုက်သည်။ မင်းသမီးဒွန်ဟောင်သည် ပြန်ထွက်သွားသည့် ရီဖူရှင်း၏ ပုံရိပ်ကို ကြည့်ရင်း သူမတို့ ပထမဆုံး တွေ့ဆုံခဲ့သည့် အချိန်အား ပြန်တွေးမိသည်။ သူမသည် သူ့အနနေှင့် လက်ရှိအနေအထားထိ အောင်မြင်လာရန် အလွန် ခက်ခဲခဲ့မည် ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

လူတိုင်းသည် ခန်းမမှ ပြန်လာသော ရီဖူရှင်းအား ကြည့်နေကြသည်။ မည်သူကမှ အထဲတွင် မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို ချောင်းမကြည့်ရဲကြသလို မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအား မည်သည့်အကြောင်းအရာတို့ ပြောလိုက်သည်ကိုလည်း မသိကြပေ။ လူတိုင်းက သိချင်စိတ်တို့နှင့် လောင်ကျွမ်းတော့မလိုပင်။

အထူးသဖြင့် ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ လူများ ဖြစ်သည်။ သူတို့သည် မကြာသေးခင်ကမှ သူသေကိုယ်သေ တိုက်ပွဲဆင်နွှဲထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က မင်းသမီးဒွန်ဟောင် ရီဖူရှင်းအပေါ် မည်သည့်သဘောထားရှိသည်အား အလွန် သိချင်နေသည်မှာ သဘာဝကျပေသည်။

သို့သော် အထဲ၌ မည်သည့်အရာမှ ကြီးကြီးမားမား ​ဖြစ်ပျက်ခဲ့ပုံမရပေ။ မဟုတ်လျှင် ရီဖူရှင်းက ဤမျှ တိုတောင်းသော အချိန်အတွင် ပြန်ထွက်လာမည် မဟုတ်ချေ။

ရီဖူရှင်းသည် ထိုသူများ မည်သည်တို့ကို တွေးနေသည်လဲ သေချာသိပေသည်။ သူက သူတို့အား တစ်ချက်မျှ ကြည့်လိုက်သော်လည်း မည်သည်ကိုမှ ထုတ်ဖော်ပြောရန် ဆန္ဒမရှိပါချေ။ သူတို့က မိမိဘာသာ ခန့်မှန်းခြင်းကစားပွဲအား ဆက်ကစားနေသင့်ပေသည်။

အမှန်အတိုင်းဆိုရလျှင် သူနှင့် မင်းသမီးဒွန်ဟောင်က များများစားစား ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိဘဲ သူမက သူ့ဆရာကြောင့်သာ သူ့အား ခေါ်တွေ့ခဲ့ခြင်း ဖြစ်ပေသည်။

“သွားကြရအောင်။” ရီဖူရှင်းက အရှင်ထိုက်ရွှမ်နှင့် တခြားသူများကို ပြောလိုက်၏။ ရီဖူရှင်းနှင့် မင်းသမီးဒွန်ဟောင်အကြား မည်သည့် ပြဿနာမှ မရှိခဲ့ကြောင်းကို အရှင်ထိုက်ရွှမ်က နားလည်ကာ ခေါင်းညိတ်လိုက်သည်။

မကြာခင်မှာပင် သူတို့သည် နတ္တိအင်ပါယာနန်းတော်မှ ထွက်ခွာလာကြပြီး ကောင်းကင်အာဏာစက်ဘုံသို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

ရီဖူရှင်း ထွက်သွားပြီးနောက် တခြားအင်အားစုမှ တန်ခိုးရှင်များလည်း စတင်ထွက်ခွာသွားသည်။ မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်သို့ လာရောက်ခဲ့ပြီး အချို့ စည်းမျဥ်းများ ချမှတ်ခဲ့သည်။သို့သော် ၎င်းက ဘုံကိုးဘုံသည် အနာဂတ်၌ အစဥ် ငြိမ်းချမ်းနေလိမ့်မည်ဟု မဆိုလိုပေ။ စည်းမျဥ်းများရှိနေလျှင်ပင် ရှေ့ဆက်သွားမည့် လမ်း၌ သွေးလွှမ်းမှုများက ရှိနေဦးမည် ဖြစ်သည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset