Switch Mode

အပိုင်း(၁၈၀၈)

ယှဉ်ပြိုင်ခြင်း

နတ်နန်းတော် နန်းတော်သခင်က ကျန့်ချန်းကျူ၏ တိုက်ခိုက်မှုကို မြင်သည့်အခါ ချီးမွမ်းလိုက်သည်။ “ထျန်ရှင်းကျောင်းတော်က မဟာလမ်းစဥ်ဘုံသုံးထောင်မှာ နံပါတ်တစ် ကျောင်းတော်တစ်ခုပဲ။ အဲဒီမှာ စုစည်းထားတဲ့ စာအုပ်တွေ မရေတွက်နိုင်အောင် ရှိတယ်။ ကျုပ် ကြားမိတာတော့ ကျန့်ချန်းကျူက အဲဒီစာအုပ်တွေ အားလုံး ဖတ်ပြီးသွားပြီဆိုပဲ။ သူက တကယ့်ကို ဗုဒ္ဓလမ်းစဥ်နည်းစနစ်တွေမှာ ထူးချွန်တာပဲ။”

“အမှောင်စွမ်းရည်ကို တန်ပြန်နိုင်ဖို့ဆိုရင် ဗုဒ္ဓလမ်းစဥ်က အကောင်းဆုံး နည်းစနစ်တစ်ခုပဲလေ။” နန်းတော်သခင်၏ ဘေးတွင် ရပ်နေသော အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။

“ကျန့်ချန်းကျူက နတ်ဘုရားအကြွင်းအကျန်နယ်မြေရဲ့ တံခါးကို ဖွင့်နိုင်ခဲ့တာကြောင့် ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်ခဲ့တယ်။ ကျွန်တော် သိသလောက်ကတော့ သူက စာကြည့်တိုက်တစ်ခုကို ရရှိခဲ့တယ်။” ရီဖူရှင်းက ပြောလိုက်သည်။ “အဲဒီစာကြည့်တိုက်ထဲမှာ မရေတွက်နိုင်တဲ့ ကျင့်ကြံခြင်းကျမ်းတွေ သိမ်းထားမယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။ ပြီးတော့လည်း အဲဒါတွေက အရှင်ဒွန်ဟောင် ကျန်ရစ်ခဲ့တဲ့အရာတွေပဲ။

လူအုပ်ကြီးက နားလည်သဘောပေါက်စွာနှင့် ခေါင်းညိတ်လိုက်ကြသည်။ ယခင်က ရီဖူရှင်းသည် နတ်လက်နက်များအပြည့်နှင့် နန်းဆောင်တစ်ခု ရရှိခဲ့သည်။ ခန်းမအတွင်းရှိ နတ်လက်နက်များအားလုံးက အလွန်အစွမ်းထက်လှပေသည်။

၄င်းကို ကြည့်ခြင်းဖြင့် ကျန့်ချန်းကျူ လက်ခံရရှိခဲ့သော စာအုပ်များက အစွမ်းထက်မည်မှာ မလွဲမသွေပင် ​​ဖြစ်၏။

ယခုတွင် ကျန့်ချန်းကျူက သူ သင်ယူခဲ့ဖူးသမျှကို တိုက်ခိုက်ရေးနည်းစနစ်များထဲ ပေါင်းထည့်ထားခြင်း ဖြစ်နိုင်သည်။

ထိုအခိုက်တွင် တိုက်ပွဲ၌ မှော်နက်စစ်တပ်၏ တန်ခိုးရှင်မှ ထုတ်လွှတ်သော အနက်ရောင်အရှိန်အဝါက ပို၍ သန်မာအားကောင်းလာသည်။ သူ့ ခန္ဓာကိုယ်က မှော်နက်စစ်နတ်ဘုရားအဖြစ် ပြောင်းလဲလာသည်နှင့် အနက်ရောင်ချပ်ဝတ်သည်လည်း လိုက်၍ ကြီးမားကျယ်ပြန့်လာသည်။ သူက လက်သီးတစ်လုံးပစ်လွှတ်လိုက်သည့်အခါ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ဖြစ်ပေါ်လာ၏။ လက်သီးပုံရိပ်များက နေရာအနှံ့ကို ဖြန့်ကျက်ထားသည်။

ကျန့်ချန်းကျူသည်လည်း မဟာလမ်းစဥ်စာလိပ်၏ နတ်အလင်းတို့နှင့် လွှမ်းခြုံထားသည်။ မရေတွက်နိုင်သော ချိပ်တံဆိပ်များနှင့် စာလုံးများက အထဲတွင် လှည့်ပတ်ကာ တောက်ပနေသည်။ ရောင်ဝါစက်ဝန်းက ရှေ့သို့ ရွေ့လျားသွားကာ စင်္ကြာသဏ္ဌာန် ပြောင်းလဲသွားသည်။

[Note*စင်္ကြာသဏ္ဌာန်  卐 / 卍 ]

ထိုစင်္ကြာသဏ္ဌာန်သည် လေဟာနယ်အတွင်း လှည့်ပတ်နေပြီး အချင်းချင်း ရောယှက်ပေါင်းစည်းကာ ဗုဒ္ဓပုံရိပ်အသွင်သို့ ဖြစ်တည်လာသည်။ ရွှေရောင်အလင်းတို့က မိုင်ထောင်ချီတောက်ပလာပြီး အမှောင်ထုတို့အား လွင့်ပျယ်သွားစေသည်။

ဗုဒ္ဓအသွင်သဏ္ဌာန်က ထင်ရှားလာ၏။ စင်္ကြာသဏ္ဌာန်မှ ရောင်ဝါအောက်တွင် ယင်းက အလွန် ခမ်းနားထည်ဝါလာသည်။ မှော်စာလုံးများက အနက်ရောင်အလင်းကို ​ဖြိုခွင်းလိုက်သည်။ ဗုဒ္ဓသည် ဓမ္မကျမ်းစာကို ရွတ်ဆိုနေရင်း ပြိုင်ဘက်ထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ လေဟာနယ်က အပိုင်းပိုင်း စုတ်ဖြဲခံလိုက်ရသလို ထင်မှတ်ရသည်။ အသွင်ပြောင်းထားသည့် အမှောင်ထု၏ စစ်နတ်ဘုရားက တစ်ဖက်မှ ဗုဒ္ဓပုံရိပ်အား တိုက်ခိုက်လိုက်သည်။ နက်မှောင်သော ချပ်ဝတ်နှင့် ထိုပုဂ္ဂိုလ်၏ မျက်လုံးများက လွှမ်းမိုးနိုင်မှုအပြည့်နှင့် ရက်စက်ကြမ်းကြုတ်ဟန်လည်း ရှိသည်။

သူတို့၏ တိုက်ခိုက်မှုများက ထိတွေ့သွားသည့်အခါ ရွှနေှင့် အနက်ရောင်အလင်းတို့က ဝန်းကျင်တခွင်ကို ဖြာထွက်လာပြီး အလင်းချိပ်တံဆိပ်များအဖြစ် ဖြစ်တည်လာသည်။ မှော်နက်စစ်တပ်မှ ရန်ဟောင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်ခွာသွားရသည်။ သို့သော် သူ၏ အကြည့်များက အလွန် စူးရှနေဆဲပင် ​ဖြစ်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး ပို၍ အားကောင်းသော စွမ်းရည်တို့ကို အသုံးပြုလာသည်။ သူသည် အမျိုးမျိုးသော ကျမ်းစာရွတ်ဆိုသံများ၏ တိုက်ခိုက်မှုကို ခုခံကာ ကျန့်ချန်းကျူထံ တိုးဝင်လာသည်။ သူသည် ကျန့်ချန်းကျူကို အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်နေလေသည်။

ကျန့်ချန်းကျူက တစ်ဖက်လူ၏ အားကောင်းလှသော စွမ်းအားကို ခံစားမိသည့်အခါ သူ့ လက်နှစ်ဖက်ကိုသုံးကာ သင်္ကေတများ ဖော်ဆောင်လိုက်သည်။ ချိပ်တံဆိပ်များမှ အလင်းလှိုင်းတို့က ရှေ့သို့ တိုးထွက်လာသည်။ အလင်းချိပ်တံဆိပ်များကာ အလွန်ပင် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုကို ပေးစွမ်းသည်။ ၎င်းသည် စစ်နတ်ဘုရား၏ စစ်မှန်သော စွမ်းအင်လှိုင်းများနှင့် ခပ်ဆင်ဆင် တူပေသည်။ အလင်းချိပ်တံဆိပ်များက ပြိုင်ဘက်၏ ခန္ဓာကိုယ်အား အဆက်မပြတ် ရိုက်ခတ်​နေပြီး သူ၏ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို ဟန့်တားလိုက်သည်။

မဟာလမ်းစဥ်စာလိပ်ထဲ၌ အလင်းစက်ဝန်းဝင်ရိုးတို့ ဖြစ်ပေါ်လာသည်။ ထိုအလင်းဝင်ရိုးတို့က တသားတည်းဖြစ်လာကာ အလင်းတန်းများကို ထုတ်လွှတ်လာ၏။ အလင်းတန်းများသည် လျှပ်စီးများနှင့် ဆင်တူသော်လည်း ၎င်းတို့က ပိုထူထဲသော အရွယ်အစားရှိလေသည်။

ကြောက်မက်ဖွယ် အလင်းတန်းများက ကောင်းကင်ကို မွန်းတည့်နေ့အလင်းကဲ့သို့ လင်းထိန်သွားစေသည်။ ဆိုးဝါးလှသည့် ဖျက်ဆီးခြင်း စွမ်းအားများက လေဟာနယ်ကို ထိုးဖောက်လာသည်။ အဖြူရောင်အလင်း ဖြတ်သန်းသွားရာ လမ်းကြောင်းမှ အရာအားလုံးက အမှုန်များအဖြစ်သို့ ပြောင်းလဲသွား၏။

အလင်းဝင်ရိုးများအားလုံးက အဖြူရောင်အလင်းတန်းများကို တပြိုင်တည်း ထုတ်လွှတ်လာပြီး ထိုအလင်းတန်းများက တစ်နေရာတည်းကို ဦးတည်နေသည်။ ကျန့်ချန်းကျူက သူ၏ လက်နှစ်ဖက်ကိုသုံး၍ မုဒြာပုံစံ ဖော်လိုက်သောအခါ အလင်းတန်းများ၏ စွမ်းအားက ပို ပြင်းထန်လာသည်။

အောက်ဘက်မှနေ၍ တိုက်ပွဲကို စောင့်ကြည့်နေသော သူများသည်လည်း ထိုစွမ်းအင်၏ ခွန်အားကို ခံစားမိလိုက်ကြသည်။ တောက်ပသည့် အလင်းတန်းတစ်ခုက တိုက်ပွဲမြေပြင်တွင် မျောလွင့်နေပြီး ကြည့်ရှုနေသူများက ကျန့်ချန်းကျူကို ရှင်းလင်းစွာမြင်ရရန်ပင် ခက်ခဲလာသည်။ သူတို့သည် သူတို့၏ နတ်အာရုံကို အသုံးပြု၍သာ တိုက်ပွဲမြေပြင်၌ မည်သည်တို့ ဖြစ်ပျက်နေသည်ကို ထောက်လှမ်းကြည့်နိုင်ကြပေသည်။

ထိုအခိုက်တွင် မြေအောက်ကမ္ဘာ၏ သားတော်သည်ပင် ကျန့်ချန်းကျူအား စိုက်ကြည့်နေကာ အံ့အားသင့်သည့် အမူအရာတို့ ဖော်ပြလာသည်။ ဤတန်ခိုးရှင်က သန်မာလှ၏။

ကြည့်ရသည်မှာ မူလဘုံတွင်လည်း ကြောက်ခမန်းလိလိ အစွမ်းထက်သော ပုဂ္ဂိုလ်တချို့ကို မွေးထုတ်ပေးနိုင်နေဆဲ ဖြစ်ပုံပင်။

ကျန့်ချန်းကျူက လေထဲတွင် မျောလွင့်နေသည်။ သူ၏ လက်ချောင်းက အောက်သို့ ညွှန်ပြလိုက်၏။ ရုတ်ချည်းပင် နတ်အလင်းတန်းများက တူညီသောနေရာသို့ ပြေးဝင်သွားသည်။ ယင်းတို့က ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်သွားနိုင်သော အဖြူရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တုံ့ဆိုင်းခြင်းမရှိ ပြေးဆင်းသွားလေသည်။

ဘုန်း…

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းတန်းက ပြိုင်ဘက်၏ အနက်ရောင်ချပ်ဝတ်ကို ရိုက်ခတ်သွားသည်။ ချက်ချင်းပင် ချပ်ဝတ်အောက်၌ ပုန်းကွယ်နေသော ခန္ဓာကိုယ်က အဖြူရောင်အလင်းတို့ဖြင့် ဖုံးလွှမ်းသွားခံရကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရပေသည်။ တစ်ချိန်တည်းမှာပင် ကျိုးကြေသွားသည့် အသံတို့ကို ကြားလိုက်ရသည်။ ပိတုန်းနက်ရောင်ချပ်ဝတ်က အက်ကွဲလာပြီး အမှုန်များအဖြစ် ပြောင်းလဲသွားသည်။

ဘန်း…

မှော်နက်စစ်တပ်၏ တန်ခိုးရှင်က နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်တွင် သွေးတို့ဖြင့် ရွှဲနစ်နေသော ကြောက်မက်ဖွယ် အပေါက်ကြီးတစ်ခုကို မြင်တွေ့လိုက်ကြရ၏။ သူက သူ့ကလန်ရှိရာသို့ ပြန်ဆုတ်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးထွက်နေမှုကို ထိန်းချုပ်ရန် အနက်ရောင်အလင်းတို့နှင့် လွှမ်းခြုံထားသည်။

စာလိပ်ထဲ၌ ဖုံးကွယ်ထားသော လမ်းစဥ်ရှိသည်။ လူတိုင်းသည် ကျန့်ချန်းကျူအား အထင်ကြီးလေးစားစွာဖြင့် ကြည့်လိုက်ကြသည်။ သူသည် နောက်ထပ် ကြောက်ခမန်းလိလိ ထူးချွန်သော နောက်ထပ် ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း သူက ကျန့်ချန်းကျူ ဖြစ်နေသည့်အတွက် ဘုံကိုးဘုံမှ တန်ခိုးရှင်များက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်ရာ လက်ခံနိုင်ခဲ့သည်။ ကျန့်ချန်းကျူသည် ယခင်က သူ၏ လမ်းစဥ်ကို သက်သေမပြဖူးသော်လည်း ဗဟိုအင်ပါယာဘုံ၏ အထူးချွန်ဆုံး ပါရမီရှင်များထဲတွင် ပါဝင်သည်ဟု ဆုံးဖြတ်ခံထားရပြီး ဖြစ်သည်။ ယခင်က သူသည် တခြားသူများနှင့်အတူ လမ်းစဥ်ကို သက်သေမပြဖူးခဲ့ခြင်းကြောင့် ထူးချွန်သည့်သူများထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်ရုံသာ ရှိသည်။

သို့သော် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ သူနှင့် ရီဖူရှင်းသာလျှင် အကြွင်းအကျန်နယ်မြေ၏ တံခါးကို ဖွင့်နိုင်ခဲ့ကြသည်။

သို့ပေမယ့်လ​ည်း သူက ထိုမျှထိ အစွမ်းထက်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ထျန်ရှင်းကျောင်းတော်မှ တန်ခိုးရှင်များက ထိုနေရာ၌ ရပ်နေကြပြီး ဖြစ်ပျက်သမျှကို စောင့်ကြည့်နေကြ၏။ သူတို့၏ အမူအရာက အလွန်တည်ငြိမ်နေပုံပေါ်သော်လည်း သူတို့၏ စိတ်ထဲ၌ လှိုင်းထနေကြသည်။ အထူးသဖြင့် ကျန့်ကလန်သားက ပို၍ စိတ်လှုပ်ရှားနေကြပေသည်။ သူတို့က မင်းသမီးဒွန်ဟောင်ရှေ့၌ ကျန့်ချန်းကျူ၏ အရည်အချင်းကို ထုတ်ဖော်ပြသနိုင်ရန် အခွင့်အရေးရှာခဲ့ခြင်းမှာ အကြောင်းရှိပေသည်။

လက်ရှိ ဘုံကိုးဘုံမှ တန်ခိုးရှင်များက ရီဖူရှင်းကိုသာ သိကြသည်။ မင်းသမီးဒွန်ဟောင်သည်လည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် သူမက တခြားသူများကို အာရုံမထားမည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ ကံကြမ္မာဖန်လာသည့်အခါ သူတို့သည် ကျန့်ချန်းကျူအတွက် အခွင့်အရေးကို ခိုးယူပေးခဲ့ကြလေသည်။

သူတို့သာ ကျန့်ချန်းကျူကို မင်းသမီးဒွန်ဟောင်နှင့် လိုက်ပါ၍ အရှင်ဒွန်ဟောင်လက်အောက်၌ ကျင်ကြံရန် ပို့ဆောင်ပေးနိုင်ပါက ကျန့်ချန်းကျူ၏ အနာဂတ်က ပိုမိုထူးချွန်ပြောင်မြောက်လာမည်မှာ မလွဲမသွေပင် ဖြစ်လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ကျန့်ချန်းကျူက ပြိုင်ဘက်အား အနိုင်တိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင် သူက မင်းသမီးဒွန်ဟောင်၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့ပေသည်။ မင်းသမီးဒွန်ဟောင်က ထိုတိုက်ပွဲအပေါ် အာရုံစိုက်ကာ အကြည့်မလွှဲခဲ့ပေ။

သို့သော်လည်း ထိုလှပသော မျက်လုံးများက ကျန့်ချန်းကျူ၏ ပါရမီကို အလွန်အားရနေပုံတော့ မရပေ။

မင်းသမီးဒွန်ဟောင်၏ အဆင့်အတန်းနှင့် သူမသည် ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်အများအပြားကို တွေ့ဆုံဖူးလိမ့်မည်။ သူမသည် ဤမျှသော ဖော်ပြမှုမျိုးအား အထင်မကြီးသည်မှာ သဘာဝပင် ဖြစ်သည်။

ကျန့်ချန်းကျူက သူ့ပြိုင်ဘက်ကို အနိုင်ရပြီး​နောက် သူက ရှေ့သို့ ခြေလှမ်းလာပြီး မြေအောက်ကမ္ဘာ၏ သားတော် ချီရီထံ လှမ်းသွားပြန်သည်။ ကျန့်ချန်းကျူနှင့် မှော်နက်စစ်တပ်၏ တန်ခိုးရှင်ကြားမှ တိုက်ပွဲက အချိန်ခဏမျှသာ ကြာမြင့်ခဲ့ပေသည်။ တိုက်ပွဲက ချက်ချင်းပြီးသွားခဲ့ပြီး ချီရီက မတိုက်ခိုက်ရသေးပေ။

“မင်းရဲ့ တိုက်ခိုက်မှုက သိပ်မဆိုးပါဘူး။ တိုက်ခိုက်ရေးနည်းစနစ်တွေ အများကြီး ပါတယ်။ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားက လျှပ်စီးလို လျင်မြန်ပြီး ထိုးဖောက်နိုင်စွမ်းကလည်း ဓားလိုမျိုး ထက်ရှတယ်။ မင်းရဲ့ စီနီယာက မင်းကို မင်းသမီးဒွန်ဟောင် လက်အောက်မှာ အစေခံဖြစ်ဖို့ ပို့ချင်နေတာ အံ့သြစရာမရှိတော့ပါဘူး။” ချီရီက ရှေ့တက်လာကာ သာမန်ကာလျှံကာပုံစံဖြင့် ပြောလိုက်သည်။ သူ၏ စကားလုံးများက သိက္ခာချသည့် သဘောကို သက်ရောက်နေသည်။ သူသည် ကျန့်ချန်းကျူအား ဖော်ပြရန် ‘အစေခံ’ ဟူသည့် စကားလုံးအား အသုံးပြုခဲ့သည်။

ထို့နောက် ချီရီက ဆက်ပြောလိုက်၏။ “ဒါပေမယ့်လည်း မင်း ကျုပ် လက်အောက်ကို လာပြီး ခစားလို့ရတယ်။ အဲဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းက ဘာပဲဖြစ်ဖြစ် အောက်ဘုံကို နှင်ထုတ်ခံထားရတာပဲ။ မင်းရဲ့ ကျောင်းတော်ကို သစ္စာဖောက်ပြီး ကျုပ်တို့ မှော်နက်စစ်တပ်ကို လာခဲ့။  မင်းလို ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်က ကိုယ်အဆင့်အတန်းကို နှိမ့်ချပြီး အကူအညီရဖို့ တောင်းပန်နေရတာ တကယ့်ကို ရင်နာစရာကောင်းတယ်။”

“တိတ်စမ်း” ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ချီရီက ကျန့်ချန်းကျူအား ရန်စရန် ကြိုးစားနေပြီး ထိုသို့လုပ်ရသည်ကို သဘောတွေ့နေသည်အား မြင်နိုင်ပေသည်။

တစ်ဖက်လူက ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ ချီရီက ပြုံးလိုက်ပြီး ကျန့်ချန်းကျူထံ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူက ပြောလိုက်၏။ “မင်းက မင်းသမီးဒွန်ဟောင်အစား တိုက်ခိုက်ချင်နေတယ်ဆိုရင် ကျုပ်က မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။”

သူ ပြောပြီးသည်နှင့် အမှောင်ထုက လေဟာနယ်အတွင်း လွှမ်းမိုးလာသည်။ လေဟာနယ်တစ်ခုလုံးက ရုတ်ချည်း အလွန်အမင်း အေးစက်လာသည်။

ထိုအမှောင်လေဟာနယ်အတွင်းတွင် အလင်းချိပ်တံဆိပ်နှင့် တူညီသော ပုံစံငယ်များ ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းတို့က ပိတုန်းနက်ရောင် တောက်ပနေပြီး လေဟာနယ်ကို လွှမ်းခြုံထား၏။ ထိုအလင်းပုံစံငယ်များက လေဟာနယ်အတွင်း လှည့်ပတ် စီးဆင်းနေသည်။ လေဟာနယ်အတွင်း ဖျက်ဆီးခြင်းစွမ်းအားများ ဖြန့်ကျက်ထွက်ပေါ်လာကာ ကြီးမားသော ဖိအားကို ထုတ်လွှတ်နေသည်။

ထိုလေဟာနယ်က အမှောင်ထုလောက ဖြစ်လာပုံရလေသည်။

အမှောင်ထုထဲတွင် ချီရီ့ နောက်၌ မြေအောက်ကမ္ဘာ၏ ပုံရိပ်ယောင်တစ်ခု ခပ်ရေးရေး ထွက်ပေါ်လာသည်။ ဤသည်မှာ အစစ်အမှန် ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်လာပြီး လူအများကို စိတ်ဓာတ်ကျမှုများ ခံစားလာရစေသည်။

အမှောင်ထုလောကအတွင်းတွင် မရေတွက်နိုင်သည့် အနက်ရောင်တွင်းများ ရှိနေသည်။ ထိုအနက်ရောင်တွင်းများမီ မြေအောက်လောက၏ လှံများ ထွက်ပေါ်လာ၏။ လှံတစ်ချောင်းချင်းစီတွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းစွမ်းအားများ ထုတ်လွှတ်နေ၏။

ကျန့်ချန်းကျူ၏ အမူအရာက လေးနက်သွားသည်။ သူက တိုက်ပွဲဝင်ရန် အနေအထားကို ပြင်လိုက်ပြီး ပို၍ပင် တောက်ပသော မဟာလမ်းစဥ်စာလိပ် ထွက်ပေါ်လာ၏။ ယင်းမှ အဖြူရောင်အလင်းများ ထုတ်လွှတ်နေပြီး ပြိုင်ဘက်၏ မြေအောက်လောက အနက်ရောင်တွင်းပေါက်များကို တန်ပြန်တိုက်ခိုက်လိုက်သည်။

ပြင်းထန်သော ဖျက်ဆီးခြင်းမုန်တိုင်းက ပတ်ဝန်းကျင်တွင် လွှမ်းခြုံလာသည်။ ထိုစွမ်းအားများက သူတို့နှစ်ယောက် ရပ်နေရာ တိုက်ပွဲမြေပြင်တွင် အပြင်းအထန် တိုးဝှေ့နေသည်။ ၎င်းမှာ အကြွင်းမဲ့ ကြောက်မက်ဖွယ်ရာပင် ဖြစ်လေသည်။

“သွား” ချီရီက ပြောလိုက်သည်။

သူ ပြောပြီးသည်နှင့် မြေအောက်လောက၏ တွင်းနက်များမှ လှံများစွာ ထွက်ပေါ်လာသည်။ ထိုလှံများက လျှပ်စီးကဲ့သို့ လျင်မြန်လှပြီး မယုံနိုင်ဖွယ် အမြန်နှုန်းနှင့် ကျန့်ချန်းကျူ၏ ခန္ဓာကိုယ်​ဆီသို့ ပြေးဝင်သွားသည်။

ကျန့်ချန်းကျူ၏ မဟာလမ်းစဥ်စာလိပ်ဆီမှ တောက်ပနေသော အလင်းများ ထွက်ပေါ်လာသည်။ အဖြူရောင်အလင်းတန်းများက လှံများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ ချက်ချင်းပင် အနက်နှင့် အဖြူရောင် လေပွေများ ဖြစ်ပေါ်လာပြီး ပို၍ ပြင်းထန်သော ဖျက်ဆီးခြင်းမုန်တိုင်းအား ဖြစ်ပေါ်လာစေသည်။ အဖြူရောင်အလင်းတန်းများက နေရာအနှံ့တွင် ရှိနေပြီး အမှောင်ထုလှံများက ပြင်းထန်လှသော အရှိန်အဟုန်နှင့် တိုက်ခိုက်လာသည်။

ထို့အပြင် တွင်းနက်များမှ လှံများကို အဆက်မပြတ် ထုတ်လွှတ်နေဆဲ ဖြစ်သည်။

ချီရီ၏ တိုက်ခိုက်မှုများက ပြိုင်ဘက်ပေါ် အဆက်မပြတ်ကျရောက်နေစဥ်တွင် သူ၏ မျက်လုံးများထဲ၌ မကောင်းဆိုးဝါးဆန်သော အပြုံးတို့ ခိုတွဲနေသည်။ သူက ကျန့်ချန်းကျူကို လှောင်ပြောင်နေပုံရလေသည်။

ဟမ်…

တစ်ခုခုက မမှန်နေသလို ခံစားလိုက်ရသဖြင့် ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်မိသည်။

“သတိထား” ထျန်ရှင်းကျောင်းအုပ်က အော်လိုက်၏။ ကျန့်ချန်းကျူသည်လည်း ထိုအချင်းအရာကို သတိထားမိပုံပေါ်သည်။ မဟာလမ်းစဥ်စာလိပ်မှ နတ်အလင်းများကို ထုတ်လွှတ်လာသည်။ တောက်ပသော အလင်းများက သူ့ခန္ဓာကို ဝန်းရံထားသည်။ သူသည် ချီရီ၏ တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရမည့်အစား သူ့ကိုယ်သူ ကာကွယ်ရန် လုပ်ဆောင်လိုက်သည်။

ခဏအတွင်းတွင် သူ့ခန္ဓာကိုယ်အနီး၌ ဝန်းရံထားသော မုန်တိုင်းများမှ သဏ္ဌာန်မဲ့စွမ်းအင်လှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် အရိပ်မဟုတ်သလို သဏ္ဌာန်ဖြစ်တည်နေခြင်းလည်း မရှိဘဲ အမှောင်ထုထဲ၌ အပြည့်အဝ ပေါင်းစပ်နေသည်။ ထိုတိုက်ခိုက်မှုသည် တခြားသူများ၏ မြင်ကွင်း၌လည်း ပေါ်လာခြင်းမရှိသလို စွမ်းအားများနှင့်လည်း ထောက်လှမ်း၍ မရပေ။

ထိုသည်မှာ မမြင်ရသော တိုက်ခိုက်မှု ဖြစ်သည်။

ဘုန်း…

ကျန့်ချန်းကျူ၏ ခန္ဓာကိုယ်ကို ထိုတိုက်ခိုက်မှု ထိမှန်သွားပုံရလေသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုက သူ၏ ခုခံကာကွယ်မှုကြောင့် တားဆီးခံလိုက်ရသည်။

ထို့နောက်တွင် အသံများက အဆက်မပြတ်ထွက်ပေါ်လာသည်။ ကျန့်ချန်းကျူ၏ ပုံရိပ်က နောက်သို့ လွင့်ထွက်သွားသည်။ ရီဖူရှင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အကြည့်တို့နှင့် ကြည့်လိုက်သည်။ သူ၏ အကြည့်များက လေဟာနယ်ကို ဖြတ်ကာ မြင်နိုင်စွမ်း ရှိပုံရလေသည်။ သူ့စိတ်အာရုံထဲတွင် ကျန့်ချန်းကျူသည် မြေအောက်ကမ္ဘာမှ လှံများနှင့် ထိုးစိုက်ခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုတိုက်ခိုက်မှုက အမှောင်ထုအတွင်း ပုန်းကွယ်နေပြီး သဏ္ဌာန်မဲ့သောကြောင့် ခုခံကာကွယ်ရန် မဖြစ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် မြေအောက်ကမ္ဘာ၏ တွင်းနက်များမှ လှံများက ဆက်လက်ထွက်လာနေပြီး ကျန့်ချန်းကျူထံ ပြင်းထန်စွာ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံးက လှံများအတွင်း နစ်မြုပ်သွားသည်။

“စက်ဆုပ်စရာကောင်းလိုက်တာ” ထျန်ရှင်းကျောင်းတော်မှ ကျန့်ချန်းကျူ၏ သူငယ်ချင်းက ပြောလိုက်သည်။ အကြီးအကဲများ၏ မျက်နှာများသည်လည်း ပျက်ယွင်းနေကြ၏။ သို့သော်လည်း သူတို့က မည်သည့်စကားကိုမှ မပြောခဲ့ပေ။ ၎င်းက ချီရီး မူလစွမ်းရည်ဖြစ်ပြီး ထိုစွမ်းရည်ကို အသုံးချခြင်းကြောင့် သူ့အား စက်ဆုပ်ဖွယ်ကောင်းသည်ဟု ပြော၍ မရနိုင်ပေ။

ချီရီက ရှေ့သို့ တစ်လှမ်းချင်းလျှောက်လာနေပြီး ကျန့်ချန်းကျူ အထက်၌ ရပ်လိုက်သည်။ သူက လက်ကို ပင့်မလိုက်ပြီး အောက်ဘက်သို့ ယမ်းလိုက်၏။ ကောင်းကင်ထက်တွင် ပိုမို ကြောက်မက်ဖွယ် ကောင်းသော အမှောင်ထု မုန်တိုင်းက ပေါ်ပေါက်လာသည်။  တွင်းနက်ကြီးများမှ အဆုံးမဲ့ ဖျက်ဆီးခြင်းအလင်းများ ထွက်ပေါ်လာပြီး ကျန့်ချန်းကျူထံ ဝင်ရောက်သွားကာ သူ့အား အလင်းများကြား မြှုပ်နှံထားလိုက်သည်။

မြေအောက်ကမ္ဘာ၏ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းက အမှောင်ထုစွမ်းအားထက် ပို၍ ကြောက်မက်ဖွယ်ကောင်းကာ ယင်းက ကျန့်ချန်းကျူထံသို့ တိုက်ရိုက်ဆင်းသက်လာလေသည်။

ဘုန်း…

ပြင်းထန်လှသည့် ပေါက်ကွဲသံကို ကြားလိုက်ရသည်။ ကျန့်ချန်းကျူသည် ကောင်းကင်မှ မြေပြင်သို့ ပစ်စလတ်ခတ် ပြုတ်ကျလာ၏။ ရွှေရောင်ဗုဒ္ဓအလင်းရောင်နှင့် အမှောင်ထုတို့က ပျောက်ကွယ်သွားသည်။ သို့သော်လည်း ကျန့်ချန်းကျူ၏ ခန္ဓာကိုယ်တွင် ဖျက်ဆီးခြင်း အရှိန်အဝါတို့ စွဲကျန်နေဆဲ ဖြစ်၏။ သူ၏ အဝတ်အစားများက စုတ်ပြဲနေပြီး ကြည့်ရ ရှုပ်ထွေးနေသည်။

ချီရီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့ ဆက်လှမ်းလာသည်။ သူက မင်းသမီးဒွန်ဟောင်​ထံ လျှောက်လာရင်း ပြောလိုက်၏။ “ကျုပ် ထင်တာ​တော့ မင်းသမီးကိုယ်တိုင်ပဲ ကျုပ်ကို လမ်းညွှန်ပေးတာ ကောင်းလိမ့်မယ်။”

မင်းသမီးဒွန်ဟောင်က ချီရီအား တစ်ချက်ကြည့်ပြီးနောက် သူမက အောက်ဘက်တွင် ရပ်နေသော ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။ “ရှင့်မှာ တိုက်ခိုက်ဖို့ အစီအစဥ်မရှိဘူးလား။”

***

Comment

Leave a Reply

Options

not work with dark mode
Reset