အပိုင်း(၁၈၀၇)

မြေအောက်အရှင်၏ သားတော်

ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဆင်းသက်လာခဲ့သော မြေအောက်ကမ္ဘာ၏ ခေါင်းဆောင်သည် ယခု မှော်နက်စစ်တပ်အား ဦး​ဆောင်လာသည့် တန်ခိုးရှင်ဖြစ်သည်။

သူ့အနီးတွင် အမျိုးမျိုးသော ထိပ်သီးပုဂ္ဂိုလ်များ ရှိနေကြ၏။ သို့သော်လည်း သူ့အနီးတွင် ရပ်နေသူမှာ ငယ်ရွယ်သော အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုလူငယ်၏ မျက်လုံးများမှာ အနက်ရောင်အလင်းတို့နှင့် တောက်ပနေကာ သူ့အကြည့်တို့က မင်းသမီးဒွန်ဟောင်၏ အပေါ်၌ ကျရောက်နေသည်။ သူသည် အရှင်ဒွန်ဟောင်၏ သမီးတော်နှင့် အမြဲ လူချင်း တွေ့ဆုံဖူးချင်နေခဲ့သည်။

သူမသည် ပုံတူပန်းချီများထက်စာလျှင် ပို၍ ဆွဲဆောင်မှု ရှိနေပုံပေါ်သည်။ သူမ၏ ပြိုင်ဘက်ကင်း အရှိန်အဝါမှာ ပုံတူပန်းချီများက တုပ၍ မရနိုင်သော အရာဖြစ်သည်။

“ချီရီက မင်းသမီးဒွန်ဟောင်ကို နှုတ်ဆက်ပါတယ်။” ဤလူငယ်က အနည်းငယ် ဦးညွှတ်ကာ မင်းသမီးဒွန်ဟောင်ကို နှုတ်ဆက်လိုက်သည်။ “ကျုပ် မင်းသမီးရဲ့ ကျော်ကြားမှုတွေကို ကြားဖူးနေတာ ကြာပါပြီ။ မင်းသမီးကို ကျုပ် ဟိုးတုန်းကတည်းက လေးစားခဲ့ရတာ။ နောက်ဆုံးတော့ ကျုပ်ရဲ့ ဆန္ဒအတိုင်း မင်းသမီးနဲ့ တွေ့ဆုံခွင့်ရခဲ့ပြီ။ မင်းသမီးက ကျုပ် ထင်ထားတာထက်တောင် ကျက်သရေရှိပြီး လှပတင့်တယ်နေတာပဲ။ ကျုပ် မင်းသမီးကို မြင်မြင်းချင်း ချစ်မိသွားပြီဗျာ။”

ချီရီ…

မင်းသမီးဒွန်ဟောင်အနီးမှ လူများက နာမည်ကို ကြားလိုက်သည်နှင့် ထိုလူငယ်က မည်သူဖြစ်သည်ကို ချက်ချင်း သိလိုက်ကြသည်။

မှော်နက်စစ်တပ်တွင် အမှောင်ဘုရင်ခုနစ်ပါး ရှိသည်။ ဘုရင်တစ်ပါးစီတွင် သူတို့၏ အနာဂတ်ဆက်ခံသူအဖြစ် မွေးမြှူထားသော ဆက်ခံသူတစ်ပါးစီ ရှိ၏။ ထိုဆက်ခံသူခုနစ်ယောက်ကို အမှောင်ထု၏ ဂုဏ်ယူဖွယ်ရာ သားတော်များအဖြစ် မှတ်ယူကြသည်။ သူတို့သည် ဘုရင်ခုနစ်ပါး၏ နန်းပလ္လင်ကို ဆက်ခံမည့် သူများဖြစ်၏။ သူတို့ ကျဆုံးသွားလျှင် သူတို့၏ နေရာကို အစားထိုးရန် နောက်ထပ် တန်ခိုးရှင်တစ်ဦးကို ရွေးချယ်လိမ့်မည် ဖြစ်သည်။

အမှောင်ထု၏ ဂုဏ်ယူဖွယ်သားတော်တိုင်းသည် အလွန်ရက်စက်လှသော ရွေးချယ်မှုတို့အား တဆင့်ပြီးတဆင့် ဖြတ်ကျော်ခဲ့ရသည်။ သူတို့၏ စွမ်းအားက အလွန် သန်မာပြီး ဘုရင်ခုနစ်ပါးကပင် အသိအမှတ်ပြုလေသည်။ မှော်နက်စစ်တပ်တွင် သူတို့၏ အဆင့်အတန်းက အလွန် မြင့်မားသည်။

ဤချီရီမှာ မြေအောက်အရှင်၏ ဆက်ခံသူဖြစ်ကာ မြေအောက်ကမ္ဘာ၏ ဂုဏ်ယူဖွယ်ရာ သားတော် ဖြစ်လေသည်။

သို့ဆိုလျှင်ပင် သူ့ အဆင့်အတန်းက အရှင်ဒွန်ဟောင်၏ သမီးတော်နှင့် ယှဥ်ပါက နိမ့်ကျနေ​ဆဲပင် ဖြစ်သည်။ ထို့ကြောင့် သူက သူမအရှေ့တွင် ယဥ်ကျေးသော အပြုအမူတချို့ ဖော်ပြခဲ့ရခြင်း ​ဖြစ်၏။ သို့သော် မင်းသမီးဒွန်ဟောင်အနီးမှ လူများကတော့ သူ ပြောခဲ့သော မင်းသမီးအား မလေးမစား ပြောဆိုခဲ့သော စကားကြောင့် မျက်မှောင်ကြုတ်နေကြဆဲ ဖြစ်လေသည်။ သိသာရှင်းလင်းစွာပင် လူအများက သူ့ကို စက်ဆုပ်ကြလေသည်။

မင်းသမီးကို မြင်မြင်ချင်း ချစ်မိသွားသည်တဲ့လား။

သူက မြေအောက်ကမ္ဘာ၏ ဂုဏ်ယူဖွယ်ရာ သားတော်တစ်ပါး ဖြစ်နေခဲ့လျှင်ပင် သူက မင်းသမီးနှင့် ထိုက်တန်ခြင်း မရှိပါချေ။

မင်းသမီးဒွန်ဟောင်က ချီရီကို ထူးမခြားနားဟန်နှင့် တစ်ချက်ကြည့်လိုက်သည်။ သူမက သူ၏ နှုတ်ဆက်မှုကို မတုံ့ပြန်ခဲ့ပေ။ သူမနောက်တွင် ရပ်နေသည့် နတ်ရောင်ဝါတို့ဖြင့် လွှမ်းခြုံထားသော နတ်စစ်သူကြီးတစ်ဦးက အမှောင်ထုဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ “အရင်တုန်းက မှော်နက်စစ်တပ် ရှုံးနိမ့်ခဲ့ပြီး လေဟာနယ်ဘုံက လက်ရှိမှာ ကောင်းကင်ဒေသရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်။ အခု မှော်နက်စစ်တပ်က ကျုပ်တို့ရဲ့ သဘောတူညီမှုကို ဆန့်ကျင်နေတယ်။ ခင်ဗျားတို့က စစ်ပွဲစတင်ဖို့ ကြိုးစားနေတာလား။”

“အရင်တုန်းက ကျုပ်တို့ ဖြတ်လမ်းကြောင်းကို ပိတ်ဖို့ တကယ်ပဲ သဘောတူခဲ့တယ်။ ဒါပေမယ့် ငရဲတံခါးက မူလဘုံက တန်ခိုးရှင်တွေကြောင့် ပွင့်လာခဲ့တာပဲ။” မြေအောက်အရှင်က ပြန်ဖြေလိုက်သည်။ “ဒါကြောင့် မူလသဘောတူညီချက်က ပြီးဆုံးသွားပြီ။ မူလဘုံက ကောင်းကင်ဒေသ လက်အောက်က မဟုတ်တော့ဘူး။ ပြီးတော့လည်း မှော်နက်စစ်တပ်က အခု မူလဘုံမှာ ရောက်နေတဲ့ တစ်ခုတည်းသော ပြင်ပအင်အားစု မဟုတ်ဘူး။”

မြေအောက်အရှင် သိသလောက် အထက်ဘုံမှ အင်အားစုအနည်းငယ်ကလည်း သူတို့၏ ကိုယ်စားပြုအဖွဲ့များကို ဤနေရာသို့စေလွှတ်ထားသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်တွင် မကြာသေးခင်က နတ်ဆိုးလောကရဲ့ မေ့ထန်လည်း ရောက်ရှိနေကြောင်း သတင်းရထားသည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့က ခင်ဗျားတို့ကို နောက်တစ်ခေါက် ထပ်ပြီး နှင်ထုတ်ပေးမယ်။” နတ်စစ်သူကြီးက စူးရှသောအသံနှင့် ပြောလိုက်သည်။

“ဒီနေ့တော့ အဲဒီကိစ္စကို ဘေးပို့ထားလိုက်ရအောင်။ မြေအောက်ကမ္ဘာရဲ့ သားတော် ချီရီက မင်းသမီးဒွန်ဟောင်ကို အမြဲ သဘောကျခဲ့တာ။ ဒီနေ့ ကျုပ်က သူ့ကို မင်းသမီးနဲ့ တွေ့ဖို့ ခေါ်လာခဲ့တာ။ မင်းသမီး သူ့ကို ဘယ်လိုထင်လဲ။” မြေအောက်အရှင်က အပြုံးနှင့် ပြောလိုက်သည်။ သူ၏ ပျော်ရွှင်ဟန်ရှိသော အသံသည် မလေးစားဟန်အရိပ်အယောင်တို့ကို ဖော်ပြနေ၏။

လူအများက သဘောမတူစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အမှောင်ထုဘုရင်ခုနစ်ပါးမှ မြေအောက်အရှင်က ရဲတင်းလွန်းလှသည်။

“ရဲတင်းလိုက်တာ” အေးစက်သော အသံတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ရှေ့သို့ ထွက်လာ၏။ သူက မင်းသမီးဒွန်ဟောင်၏ နောက်လိုက်များထဲမှ မဟုတ်ဘဲ  ထျန်ရှင်းကျောင်းအုပ်ပင် ဖြစ်သည်။ လေထဲတွင် သူ၏ အဝတ်များက တဖျတ်ဖျတ်လွင့်နေပြီး ဆံပင်ရှည်တို့ကလည်း လေအလျင်နှင့် ကခုန်နေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် ဒေါသထွက်နေပုံရလေသည်။ သူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားက အလွန် ပြင်းထန်လှသည်။

မြေအောက်အရှင်က သူ့အား စိုက်ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများတွင် လှောင်ရိပ်သမ်းသော အပြုံးတစ ရှိနေပြီး သူက ပြောလိုက်သည်။ “ဘယ်သူများ ပြောလိုက်တာလဲလို့ အံ့သြနေတာ။ အောက်ဘုံကို နှင်ထုတ်ခံလိုက်ရတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်နေတာကိုး။”

“ရှုံးနိမ့်သွားပြီး ဒီနေရာကနေ မောင်းထုတ်ခံလိုက်ရတဲ့သူက မှတ်ချက်ပေးဖို့ အရည်အချင်းမမီဘူး။” ထျန်ရှင်းကျောင်းအုပ်က ခွန်းတုံ့ပြန်လိုက်သည်။ “ဟိုတစ်ခေါက် မှော်နက်စစ်တပ် ဆုတ်ခွာသွားရတုန်းက အလောင်းတွေအများကြီး ကျန်ရစ်ခဲ့တယ်။ ခင်ဗျားက တူညီတဲ့အမှားမျိုးကို နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကြံစည်နေတာလား။”

“မင်းက တော်တော်လေး ထောင်လွှားနေတာပဲ။” မြေအောက်အရှင်က အေးစက်စွာ ပြောလိုက်သည်။  မှော်နက်စွမ်းအားများက လေဟာနယ်ထဲတွင် ​ပြည့်သိပ်လာ၏။ သူ့ဘေးတွင် ရပ်နေသော တခြားထိပ်သီးပုဂ္ဂိုလ်များကလည်း စွမ်းအားများကို ထုတ်လွှတ်လာသည်။ ခဏချင်းအတွင်းတွင် လေဟာနယ်က မွန်းကြပ်ဖွယ်ကောင်းလာသည်။

“ကောင်းပြီ။ ငါတို့ အလုပ်စကြရအောင်။”  မြေအောက်အရှင်က သူ့ဘေးမှ လူငယ်ကို ကြည့်ကာ ခေါ်လိုက်သည်။ “ချီရီ”

ချီရီက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။ သူက မင်းသမီးဒွန်ဟောင်ကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ်က မင်းသမီးရဲ့ ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ။ ဒီနေ့ မင်းသမီးဒွန်ဟောင်က မူလဘုံကို လာတယ်လို့ ကြားတော့ ကျုပ် ဒီနေရာကို အပြေးလှမ်းလာခဲ့တာ။ မင်းသမီးဆီက လမ်းညွှန်မှုတချို့ရနိုင်မလား မျှော်လင့်ရင်းနဲ့ပေါ့။ ကောင်းကင်ဒေသရဲ့ အုပ်ချုပ်သူ အရှင်ဒွန်ဟောင်က သူ့ရဲ့ စွမ်းအားကြောင့် ဂုဏ်သတင်း ကျော်ကြားပေမယ့် မင်းသမီးကတော့ သူ့ရဲ့ ဆက်ခံသူတစ်ယောက်သာသာပဲ ရှိတယ်မလား။ ကျုပ်က မင်းသမီးအနနေဲ့ အင်ပါယာပလ္လင်ကို ဆက်ခံဖို့ အရည်အချင်း ပြည့်မီရဲ့လား သိချင်မိတယ်။”

လူတိုင်းက မင်းသမီးဒွန်ဟောင်အကြောင်းကို သိချင်ကြသည်။

သူမ၏ ထိပ်တန်းအဆင့် အလှအပကြောင့် လူတွေက သူမ၏ အရည်အချင်းကို အာရုံစိုက်လာကြသည်။

သူမသည် အရှင်ဒွန်ဟောင်၏ မျိုးဆက်ဖြစ်ကာ သူ၏ ပလ္လင်ကို ဆက်ခံနိုင်မည့် တစ်ဦးတည်းသော သူလည်း ဖြစ်သည်။ အနာဂတ်တွင် သူမက အင်ပါယာဘုရင်မတစ်ပါးပင် ဖြစ်လာနိုင်သည်။ လူတိုင်းသည် သူမကို ထူးခြားသာလွန်သော ပါရမီတို့နှင့် အရှင်ဒွန်ဟောင်၏ မျှော်လင့်ချက်အတိုင်း နေထိုင်နေသည်ဟု ချီးမြှောက်ကြသည်။ သို့သော်လည်း လူအနည်းငယ်သာ သူမ၏ အရည်အချင်းတို့အား တွေ့ရန် အခွင့်သာခဲ့သည်။

မှော်နက်စစ်တပ်မှ မြေအောက်အရှင်၏ သားတော်က ဤကဲ့သို့ အခွင့်အရေးမျိုး ထိပ်တိုက်တွေ့နေခဲ့ရာ သူက လွဲချော်ခံလိမ့်မည် မဟုတ်ပေ။ သူက မင်းသမီးဒွန်ဟောင် မည်မျှ အစွမ်းထက်အားကောင်းသည်ကို မြင်တွေ့လိုပေသည်။

အကြည့်များက သူ့ ပြိုင်ဘက်ဆီ ကျရောက်သွားသည်။ မှော်နက်စစ်တပ်မှ လူများကလည်း မင်းသမီးဒွန်ဟောင်၏ စွမ်းရည်ကို ​မျက်မြင်တွေ့လိုနေကြသည်။ သို့သော် ဒွန်ဟောင်အင်ပါယာနန်းတော်မှ လာသူများက သူတို့၏ မင်းသမီးကို ချီရီနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ၄င်းက သူမ၏ အဆင့်အတန်းကို နိမ့်ကျသွားစေလိမ့်မည် ဖြစ်သည်။

“မင်းက အဆင့်မမီဘူး။” မင်းသမီးဒွန်ဟောင်ဘေးမှ နတ်စစ်သူကြီးက ပြောလိုက်သည်။

“အဲဒါတော့ ကျုပ်တို့ တိုက်ခိုက်ပြီးနောက်မှ သိရမှာပေါ့။” ချီရီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူ၏ ရန်ဟောင် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ကို မဟူရာအလင်းတို့နှင့် ဝန်းရံထားပြီး အရာအားလုံးကို ငုံ့ကြည့်ရင်း ရပ်နေခဲ့သည်။

“မင်းသမီး၊ ဒီစိန်ခေါ်မှုကို လက်ခံဖို့ ​ကြောက်နေတာလား။” မြေအောက်အရှင်က သရော်လိုက်သည်။ သူ၏ စကားလုံးများက မင်းသမီး လှုပ်ရှားမှု ပြုလုပ်လာစေရန် လှုံ့ဆော်နေသည်။ သူသည် သူ့စကားများက အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။ မှော်နက်စစ်တပ်၏ ဂုဏ်ယူဖွယ်ရာ သားတော်က မင်းသမီးဒွန်ဟောင်အား စိန်ခေါ်နေသည်။ မင်းသမီးက သူတို့၏ တောင်းဆိုချက်ကို လက်ခံရန် လိုအပ်ပေသည်။

“ချီရီဆိုတာက မြေအောက်ကမ္ဘာရဲ့ သားတော်တစ်ပါးသာ ​ဖြစ်တယ်။ သူအဆင့်အတန်းက မင်းသမီးကိုယ်တိုင် လှုပ်ရှားဖို့အတွက် မထိုက်တန်ဘူး။ ချန်းကျူ မင်း သွားပြီး သူနဲ့ နည်းန​ည်းလောက် ပညာဖလှယ်ချေ။” ထိုအချိန်၌ တစ်စုံတစ်ယောက်က စကားစပြောလာသည်။ ထိုသူမှာ ထျန်ရှင်းကျောင်းအုပ်ပင် ဖြစ်၏။ သူက ကျန့်ချန်းကျူကို ချီရီ၏ စိန်ခေါ်မှုအား လက်ခံလိုက်ရန် တိုက်တွန်းနေသည်။

ကျန့်ချန်းကျူအပြင် တခြားသော တန်ခိုးရှင်အနည်းငယ်လည်း ရှေ့ထွက်လာကြသည်။ သူတို့အားလုံးက ကောင်းကင်ဒေသမှ တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့သည် သက်ဆိုင်ရာ အင်အားစုအသီးသီးမှ မင်းသမီးကိုယ်စား ချီရီနှင့် တိုက်ခိုက်ပေးရန် စေလွှတ်လိုက်သော ငယ်ရွယ်သည့် တန်ခိုးရှင်များ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူတို့အားလုံး၌ တူညီသော ရည်မှန်းချက်များ ရှိကြပေသည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် တူညီသော မျိုးဆက်အတွင်းမှ တန်ခိုးရှင်အနည်းငယ်က အမှန်တကယ်ပင် ရှေ့တက်လာကြသည်။ သူတို့အားလုံးသည် မင်းသမီးဒွန်ဟောင်အစား တိုက်ခိုက်ပေးလိုကြသည်။

သူတို့၏ လုပ်နိုင်စွမ်းကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးဖြစ်လေရာ မည်သူကမှ လက်လွှတ်မခံနိုင်ကြပေ။

တခြားတစ်ဖက်တွင် ရီဖူရှင်းက တိတ်ဆိတ်စွာ ရပ်နေခဲ့၏။ ယခု အခြေအနေက မရှင်းလင်းသေးရုံမျှမက ဤလူများအားလုံး ရှုံးနိမ့်ခဲ့လျှင်ပင် ရီဖူရှင်းက မင်းသမီးဒွန်ဟောင်အတွက် မတိုက်ခိုက်ပေးချင်ပေ။

မင်းသမီးဒွန်ဟောင်က မည်မျှ အစွမ်းထက်သည်ကို သူက မြင်တွေ့လိုပေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က မင်းသမီးဒွန်ဟောင်အား စိန်ခေါ်ခြင်းမှာ သူ့ကို အနှောက်အယှက် မဖြစ်စေပေ။

သူသည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးတော်က မည်မျှ အရည်အချင်းရှိသည်ကို မြင်တွေ့လိုပေသည်။

မြေအောက်အရှင်သည် လူအများကြီးက မင်းသမီးကိုယ်စား တိုက်ခိုက်ပေးရန် စိတ်အားထက်သန်နေသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်၏။ သူက ဤသည်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ မင်းသမီးဒွန်ဟောင်၏ အဆင့်အတန်းနှင့် လူအများသည် သူမရှေ့တွင် သူတို့၏ အရည်အချင်းကို ပြသချင်​နေသည်မှာ သဘာဝပင် ဖြစ်သည်။

မြေအောက်အရှင်က မည်သည့်စကားမှ မဆိုပေ။ အရပ်မျက်နှာအသီးသီးမှ လူအများ လှမ်းလာကြသည်။ သူတို့က မှော်နက်စစ်တပ်မှ မဟာမိတ် တန်ခိုးရှင်များ ဖြစ်လေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတို့က လေဟာနယ်ကို ထိုးဖောက်လာသည်။ မြေအောက်အရှင်က မောက်မာစွာ ပြောလိုက်၏။ “လူတိုင်းက ကြိုးစားကြည့်ချင်​နေမှတော့ ကျုပ်တို့ဘက်ကလည်း တွန့်ဆုတ်မနေတော့ပါဘူး။”

မြေအောက်အရှင်၏ သားတော် ချီရီအနနေှင့် သူ့ အကြည့်များက မင်းသမီးဒွန်ဟောင်ထံ၌သာ ကျောက်ချနေပေသည်။

မင်းသမီးဒွန်ဟောင်ကို ကြည့်နေသော ချီရီ၏ မျက်လုံးများမှ အလွန် ထက်ရှသော မဟူရာအလင်းများက ချီရီ၏ မျက်လုံးများမှ ထွက်ပေါ်လာသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သို့သော်လည်း နောက်ထပ် ပုံသဏ္ဌာန်တစ်ခုက သူ့ကို ကာဆီးထားသည်။ ထိုသူမှာ ထျန်ရှင်းကျောင်းတော်၏ ပြိုင်ဘက်ကင်းထူးချွန်သူ ကျန့်ချန်းကျူပင် ဖြစ်လေသည်။

ကျန့်ချန်းကျူက မင်းသမီးဒွန်ဟောင် သဘောကျစေရန် ကြိုးစားခြင်း မဟုတ်ပေ။ သို့သော် သူ၏ ပခုံးထက်တွင် အချို့သော တာဝန်များကို ထမ်းဆောင်ထားရသည်။ ဤသည်က သူ၏ တာဝန်ဖြစ်သည်။ ယခု သူ၏ ကလန်က သူတို့ မျှော်လင့်ချက်များကို သူ့အပေါ် ပုံအပ်ထားသည်။ ထို့ကြောင့် သူက ထိုတာဝန်များကို ထမ်းဆောင်နိုင်ရန် အပြင်းအထန် ကြိုးစားရပေမည်။

သူတို့၏ ကလန်က လေဟာနယ်ဘုံတွင် သင်ကြားပို့ချပေးနေပြီး အရာအားလုံး ကောင်းမွန်စွာ လည်ပတ်နေသော်လည်း သူတို့ကလန်၏ ရည်မှန်းချက်မှာ ကောင်းကင်ဒေသသို့ ပြန်သွားနိုင်ရန် ဖြစ်သည်။ သူက ထိုအချင်းအရာကို ဖြစ်မြောက်အောင် လုပ်ပေးရမည့် တာဝန်ရှိလေသည်။ သူ့ကလန်ကို ကောင်းကင်ဒေသသို့ ခေါ်ဆောင်သွားပေးနိုင်ရန်မှာ သူ၏ ဝတ္တရားဖြစ်လေသည်။

ချီရီက သူ့ကို ထူးမခြားနားဟန်နှင့် ကြည့်လိုက်သည်။ ကျန့်ချန်းကျူ၏ ရှေ့တွင် နောက်ထပ် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ဤပုံရိပ်မှာ ခေါင်းမှ ခြေဖျားထိ လွှမ်းသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ထွားကျိုင်းသန်မာသော လူတစ်ယောက် ဖြစ်သည်။ ထိုဝတ်ရုံက အနက်ရောင်ချပ်ဝတ်တစ်ခုဖြစ်ပြီး ထူးခြားထည်ဝါသည်။ ဖျက်ဆီးခြင်းအနက်ရောင် အလင်းများက ချပ်ဝတ်ပေါ်တွင် စီးဆင်းနေသည်။ ၎င်းက လူများကို အလွန်ပြင်းထန်သည့် ဖိအားများ ဖြစ်ပေါ်စေသည်။

ဤသည်မှာ နတ်ဆိုးလောက၏ အလွန် အစွမ်းထက်သော အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူတို့သည် အရည်အချင်းရှိပြီး အလွန်အစွမ်းထက်ပေသည်။

ထိုသဏ္ဌာန်သည် ကျန့်ချန်းကျူထံ တဟုန်ထိုး ပြေးဝင်သွား၏။ အနက်ရောင်အလင်းက လေဟာနယ်ကို လျှပ်စီးတစ်ခုကဲ့သို့ ထိုးခွင်းသွားသည်။ သူက လက်သီးကို ပစ်သွင်းလိုက်လျှင် အဆုံးမဲ့အနက်ရောင်အလင်းများက ကောင်းကင်မှ ကျဆင်းလာသည်။ ၎င်းသည် လေဟာနယ်ကို ဖုံးလွှမ်း၍ အရာအားလုံးကို ထိုးဖောက်ဖြတ်သန်းကာ ကျန့်ချန်းကျူ၏ ပုံရိပ်ဆီ ပြေးဝင်သွားလေသည်။

ကျန့်ချန်းကျူက အမူအရာကင်းမဲ့နေသည်။ အလွန်တောက်ပသော မဟာလမ်းစဥ်စာလိပ်က သူ့ခန္ဓာမှ ပျံသန်းထွက်လာ၏။ သူ့ကို တောက်ပလှသည့် နတ်အလင်းတို့က ဝန်းရံထားသည်။ မဟာလမ်းစဥ်စာလိပ်သည် မိုးမြနေှင့် တသားတည်း ဖြစ်သွားသည်။ ၎င်းသည် *ကျန့်တစ်သောင်းမျှ အကွာထိ ထွန်းလင်းနေ၏။ တခဏအတွင်း၌ ရွှေရောင်အလင်းများက ကောင်းကင်နှင့် နေမင်းကို လွှမ်းကွယ်သွားသည်။

[Note* (Zhàng) ကျန့် (တရုတ်အတိုင်းအတာ) တစ်’ကျန့်’ကို ဆယ့်တစ်ပနေဲ့ ကိုးလက်မ၊ မီတာအနနေဲ့ဆို ၃.၅၈ မီတာ ရှိပါတယ်။]

မဟာလမ်းစဥ် နတ်စာလိပ်သည် ကျန့်ချန်းကျူ ဖွဲ့စည်းထားသော နတ်ဝင်ရိုးဖြစ်သည်။ ၎င်း၏ နတ်အလင်းများက အပြစ်အနာအဆာကင်းမဲ့ကာ မရေတွက်နိုင်သော ချိပ်တံဆိပ်များဖြင့် လင်းလက်နေ၏။

ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးက မဟာလမ်းစဥ် နတ်စာလိပ်၏ ရောင်ဝါတို့ဖြင့် လွှမ်းခြုံသွားလေသည်။

ကျန့်ချန်းကျူသည်လည်း အလင်းရောင်များဖြင့် အုပ်လွှမ်းထားခြင်းခံရသည်။ သူက လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ကြီးမားထည်ဝါသည့် ရွှေရောင်လက်ဝါးရိပ် ထွက်ပေါ်လာ၏။ မဟာလမ်းစဥ်စာလိပ်၏ မရေတွက်နိုင်သော ရွှေရောင်လက်ဝါးရိပ်ကြီးများက လေဟာနယ်ကို ဖြတ်သန်းကာ ရှေ့သို့ တိုးဝင်လာသည်။ ယင်းတို့က အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး ဗုဒ္ဓ၏ လက်ဝါးရိပ်များနှင့် ဆင်တူပေသည်။

ဘုန်း….

ထိုစွမ်းအားနှစ်ခုက အချင်းချင်း တိုက်မိသွားသည်။ ကြီးမားသည့် ရွှေရောင်လက်ဝါးရိပ်က အနက်ရောင်အလင်းအား ဖျက်ဆီးလိုက်သည်။ ကျန့်ချန်းကျူက ပြိုင်ဘက်၏ အားကောင်းလှသော တိုက်ခိုက်မှုကို အပြည့်အဝ တားဆီးပစ်လိုက်သည်။ ဤမြင်ကွင်းသည် လူအများကို အံ့အားသင့်သည့်အမူအရာတို့ ဖြစ်ပေါ်လာစေ၏။

ဘုံကိုးဘုံမှ လူတိုင်းသည် ရီဖူရှင်း အလွန် အစွမ်းထက်သည်ကို သိကြသည်။ ဆန့်ကျင်ဘက်အနနေှင့် ကျန့်ချန်းကျူသည် အလွန်  ကျော်ကြားသော်လည်း သူ၏ လမ်းစဥ်ကို သက်သေပြရန် မည်သည့် တိုက်ပွဲကိုမှ မပါဝင်ခဲ့ဖူးပေ။ သူသည် ကျင့်ကြံရေးကိုသာ တစိုက်မတ်မတ် အာရုံစိုက်ထားခဲ့ပေသည်။

ယခု သူသည် တိုက်ခိုက်မှုတစ်ခုတည်းနှင့် လူအုပ်ကြီး၏ အထင်ကြီးမှုကို ရယူခဲ့သည်။ သူ့တိုက်ခိုက်မှုစွမ်းအားက အလွန်ပင် အင်အားကြီးမားလှသည်။ ထျန်ရှင်းကျောင်းအုပ်က သူ့ကို မင်းသမီးဒွန်ဟောင်၏ လက်အောက်၌ ကျင့်ကြံနိုင်ရန် ပို့ဆောင်ဖို့ရာ ရည်ရွယ်နေသည် ဖြစ်သဖြင့် သူ၏ စွမ်းရည်က သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်သည့်အခါ ကော့တေးမှ စတုတ္ထအစ်ကို လျှို့ဖန်နှင့် တာ့လီမှ ဒုတိယအစ်ကို နန်ကျိုင်းတို့ကို တွေးမိလေသည်။

သို့သော် ကျန့်ချန်းကျူက သူ၏ အစ်ကိုနှစ်ယောက်ထက် များစွာပို၍ အစွမ်းထက်ပေသည်။

ဤတိုက်ခိုက်မှုနှင့် ရီဖူရှင်းသည် ကျန့်ချန်းကျူ၏ စွမ်းရည်က တိဝူထက် အားမနည်းကြောင်း ခံစားမိပေသည်။

ရီဖူရှင်းက ကျန့်ချန်းကျူအပေါ်၌ ကောင်းမွန်သော အမြင်ရှိလေသည်။ ဤပုဂ္ဂိုလ်မှာ ကောင်းမွန်သော စရိုက်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် အနည်းအကျဥ်းသာ တွေ့ဆုံဖူးခြင်းဖြစ်ရာ မိတ်ဆွေများ ဖြစ်သည်ဟု မသတ်မှတ်နိုင်ပေ။

***


Comment

Leave a Reply


Options

not work with dark mode
Reset