မင်းသမီးဒွန်ဟောင်က ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ပြီး ဒုတိယအနနေှင့် ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ထောက်ခံခဲ့သည်။ တခြားသူများက ကန့်ကွက်ပြောဆိုရန် အကြောင်းသိပ်မရှိပေ။
မင်းသမီးက ငယ်ရွယ်သော်လည်း အရှင်ဒွန်ဟောင်၏ ဆက်ခံသူဖြစ်သည့်အလျောက် ကောင်းကင်ဒေသရှိ မည်သူကမှ သူမအား မလေးမစားနှင့် ဆုံးဖြတ်ချက်ကို သဘောမတူဘဲ မနေရဲကြပေ။
ပို၍ အရေးကြီးသည်က မင်းသမီးဒွန်ဟောင်ချမှတ်သော စည်းမျဥ်းများက အလွန် မျှတနေသည့်အတွက် မည်သည့်ကန့်ကွက်ချက်မှ ပြုလုပ်ရန် လိုအပ်မနေပေ။
ထိုသို့သော စည်းမျဥ်းမျိုးက ကျင့်ကြံခြင်းလောက ဥပဒေများကို ချိုးဖောက်ခြင်းမရှိရုံမျှမက ဘုံကိုးဘုံ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ပေလိမ့်မည်။ ကလန်များကို ဖျက်ဆီးခြင်းနှင့် တန်ခိုးရှင်များအား သုတ်သင်ခြင်းကဲ့သို့သော မလိုအပ်သည့် သတ်ဖြတ်မှုများသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပေလိမ့်မည်။
“ရှင်တို့ အကြံပေးစရာမရှိဘူးဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ နောက်ပိုင်းကျရင် ဘုံကိုးဘုံရဲ့ စည်းမျဥ်းကို မလိုက်နာတဲ့ ဘယ်သူမဆို အကျိုးဆက်ကို ခံယူရလိမ့်မယ်။” မင်းသမီးဒွန်ဟောင်၏ အသံသည် ရှင်းလင်းသော်လည်း အေးစက်သည်။ သူမ၏ စကားလုံးများသည် သြဇာအာဏာ အပြည့်နှင့် ဖြစ်၏။
အားလုံးသော တန်ခိုးရှင်များသည် သူတို့၏ အတွေးများထဲ၌ နစ်မြုပ်နေကြသည်။ ယခုကဲ့သို့ဆိုလျှင် သူတို့သည် ယခင်ကလို စိတ်ရှိတိုင်း လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
ရီဖူရှင်းနှင့် တခြားသူများက မည်သည့်စကားမှ မပြောခဲ့ကြပေ။ နတ်နန်းတော်သည် မကြာသေးခင်က ဖျက်ဆီးခံခဲ့ရပြီး သူတို့သည် ဆုံးရှုံးမှုကြီးမားစွာဖြင့် ဆုတ်ခွာကြရသည်။ သူတို့၏ ပြိုင်ဘက်များက ပူးပေါင်းထားသည့်အတွက် သူတို့တွင် အရေးသာမှု တစ်စုံတစ်ရာ မရှိခဲ့သလို မေးခွန်းထုတ်ရန် အနေအထားလည်း မရှိချေ။ အခွင့်အရေးရခဲ့လျှင်ပင် သူတို့က လက်စားချေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကြည့်ရသည်မှာ သူတို့သည် ဤစည်းမျဥ်းများ၏ ချည်နှောင်မှုအတွင်းမှသာ အခြားသူများကို တိုက်ခိုက်နိုင်ပေလိမ့်မည်။
ထို့အပြင် သူတို့သည် ဤစည်းမျဥ်းများနှင့် ကောင်းကင်ဒေသမှ အင်အားစုများကို ထိန်းချုပ်ထားလိုက်နိုင်ခြင်းမှာ သူတို့အတွက် အရေးသာမှုတစ်ခုဖြစ်ကြောင်း သိကြပေသည်။ ကောင်းကင်ဒေသ၏ စွမ်းအားက မေးခွန်းထုတ်နိုင်သည့်အနေအထားထက် သာလွန်နေသည်။ အကယ်၍ ထိုက်ချူတော်ဝင်မြေမှ တပ်ဖွဲ့ပါဝင်လာမည်ဆိုပါက တိုက်ပွဲ၏ ရလဒ်က အလွန်ကွာခြားသွားပေလိမ့်မည်။
“ထပ်ပြောရရင် နတ္ထိအင်ပါယာနန်းတော်က စည်းမျဥ်းတွေကို ချုပ်ကိုင်လိမ့်မယ်။ အနာဂတ်မှာ ကောင်းကင်ဒေသက ဘယ်သူမဆို မူလဘုံကို လာတဲ့အခါ ဒီစည်းမျဥ်းတွေကို လျစ်လျူရှုရင် ရှင်တို့က သူတို့ကို သတိပေးဖို့ တာဝန်ယူပါ။” မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။ “အခုဖြတ်လမ်းက ပွင့်တော့မှာဆိုတော့ အခွင့်အရေးကို ချောင်းမြောင်းနေကြတဲ့ အင်အားစုတွေကြောင့် မူလဘုံက အရှုပ်အထွေးထဲ ကျရောက်နေတယ်။ ကောင်းကင်ဒေသရဲ့ ထိပ်သီးအင်အားစုတွေအနနေဲ့ မူလဘုံကို ကာကွယ်ရမယ့်တာဝန်ကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်တယ်။”
“ဒီနှစ်တွေမှာ ကျန့်မိသားစုက တာဝန်အတိုင်း ထျန်ရှင်းကျောင်းတော်ကို စောင့်ကြပ်ပေးခဲ့ပြီး မူလဘုံအတွက် ထူးချွန်တဲ့လူတချို့ကို မွေးထုတ်ပေးခဲ့တယ်။ အခု မူလဘုံက မတည်ငြိမ်တဲ့အတွက် ထျန်ရှင်းကျောင်းတော်အနနေဲ့ အမိန့်အတိုင်း ပြန်ဖွဲ့စည်းတာကို ဦးဆောင်ရလိမ့်မယ်။ မူလဘုံကို အတူတူ ကာကွယ်ဖို့အတွက် ကျုပ်တို့က အဘက်ဘက်က တန်ခိုးရှင်တွေကို ဖိတ်ခေါ်ပါတယ်။” ထျန်ရှင်းကျောင်းတော်၏ ကျောင်းအုပ်က ပြောလိုက်သည်။
လူအများက သူ့ကို ကြည့်လိုက်ကြသည်။ ယနေ့တွင် ကျန့်ကလန်ခေါင်းဆောင်က အလွန် တက်ကြွနေပုံရလေသည်။ သူသည် ကောင်းကင်ဒေသသို့ ပြန်သွားခွင့်ရနိုင်ဖို့ရာ သူ၏ စွမ်းဆောင်ချက်များကို ပြသရန် မစောင့်နိုင်တော့ပုံပေါ်သည်။
အချို့သော ထိပ်သီးပုဂ္ဂိုလ်များက မူလဘုံသို့ လာချင်နေသော်လည်း သူတို့က ကောင်းကင်ဒေသသို့ ပြန်သွားချင်နေကြသည်။
ထိုထိပ်သီးပုဂ္ဂိုလ်များက မူလဘုံသို့ လာချင်သည်ဆိုခြင်းမှာ ကာလတိုသာ နေလိုကြပြီး ရေရှည်အတွက် အခြေချရန် မရည်ရွယ်ကြပေ။
“ကျန့်မိသားစုက လုပ်သမျှ အရာအားလုံးကို အင်ပါယာနန်းတော်က အမှတ်ရနေမှာပါ။i မင်းသမီးဒွန်ဟောင်က ပြောလိုက်သည်။
“မင်းသမီး၊ ကျုပ်မှာ တင်ပြစရာ ပြဿနာတစ်ခု ရှိပါသေးတယ်။” ထိုအချိန်၌ ကိုက်ချိန်က လမ်းလျှောက်ထွက်လာကာ လက်နှစ်ဖက်ကို ဆုပ်၍ အရိုအသေပြုရင်း ပြောလိုက်သည်။
“ပြောပါ။”
“အရင်တုန်းက လမ်းစဥ်ပင်လယ်တိုက်ပွဲမှာ ရီဖူရှင်းကို နတ်ဆိုးလောကရဲ့ စစ်သူကြီးတစ်ဦးဖြစ်တဲ့ မေ့ထန်က လာကယ်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ သူက ကောင်းကင်အာဏာစက်ဘုံကို ဘေးမသီရန်မခ ပြန်ရောက်လာခဲ့တယ်။ ကျုပ် ထင်တာက ရီဖူရှင်းနဲ့ နတ်ဆိုးလောကကြားမှာ ပတ်သတ်မှုအချို့ ရှိနနေိုင်တယ်။ အဲဒီတုန်းက လူအများကြီးလည်း ရှိနေတာမို့ သူတို့လည်း အဲဒီမြင်ကွင်းကို မြင်ခဲ့ကြတယ်။” ကိုက်ချိန်က ပြောလိုက်သည်။
“ဟုတ်တယ်။ လမ်းစဥ်ပင်လယ်မှာတုန်းက ရီဖူရှင်းကို မေ့ထန် ခေါ်သွားခဲ့တာ။” ရှန်ကလန်မှ တန်ခိုးရှင်က ထပ်ပေါင်းပြောဆိုခဲ့သည်။
ယခု မင်းသမီးဒွန်ဟောင်၏ အမိန့်ချမှတ်မှုအောက်တွင် သူတို့က ရီဖူရှင်းအား သတ်ဖြတ်ရန် ပိုခက်ခဲသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရီဖူရှင်းအား တခြားနည်းလမ်းနှင့် ဆွဲချရန် ကြိုးစားကြည့်နေကြခြင်း ဖြစ်သည်။
မင်းသမီးဒွန်ဟောင်က ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမ၏ ရှည်လျားသော အနက်ရောင်ဆံနွယ်တို့က လေထဲတွင် လွင့်နေပြီး မြင့်မြတ်တည်ငြိမ်သော အလှတို့ကို ထုတ်ဖော်နေသည်။
သူမက စကားမဆိုဘဲ ရီဖူရှင်း ရှင်းပြလာမည်ကို စောင့်ဆိုင်းနေ၏။
ရီဖူရှင်းက သူမအား မော့ကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။ အေးစက်ကာ တည်ငြိမ်လှသည့် မျက်လုံးများက ရီဖူရှင်း၏ နှလုံးသားထဲတွင် ရှုပ်ထွေးမှုတချို့ကို ဖြစ်ပေါ်စေသည်။ သူ၏ အတွင်းစိတ်တစ်နေရာတွင် သူမနှင့် ယှဥ်ပြိုင်လိုသည့် ဆန္ဒအချို့ ရှိနေပေသည်။
“ရှင် ဘာမှ မရှင်းပြတော့ဘူးလား။” မင်းသမီးဒွန်ဟောင်က မေးလိုက်သည်။
“မေ့ထန်က ကျုပ်ကို လမ်းစဥ်ပင်လယ်ကနေ ခေါ်သွားခဲ့တာ အမှန်ပဲ။ ဒါကို မရှင်းပြတတ်ဘူး။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ “ကျန်တဲ့ကိစ္စကတော့ မင်းသမီး သေချာ စစ်ဆေးဆုံးဖြတ်မယ်လို့ ယုံကြည်တယ်။ သူတို့ပြောတာ အဲဒီမှာ လူအများကြီး ရှိတယ်ဆိုကတည်းက လူတိုင်း အဲဒီမြင်ကွင်းကို မြင်ခဲ့မှာပဲ။ ကျုပ်သာ နတ်ဆိုးလောကနဲ့ လျှို့ဝှက်ပူးပေါင်းနေတယ်ဆိုရင် ကျုပ်ဘာလို့ ပြန်လာနေတော့မလဲ။”
ရီဖူရှင်း ပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရပေသည်။
“ဒါဆို မေ့ထန်က မင်းကို ကယ်ပြီး အကန့်အသတ်မဲ့ အလားအလာတွေ ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ယောက်ကို ကောင်းကင်ဒေသဆီ ပြန်ပို့ပေးခဲ့တယ်ပေါ့။” ကိုက်ချိန်က ဆက်၍ စစ်ဆေးလိုက်သည်။
“ဖြစ်နိုင်တာက နတ်ဆိုးလောကရဲ့ မေ့ထန်က ခင်ဗျားထက် ပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားတတ်လို့ နေမှာပေါ့။” ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ “ကျုပ်လည်း ဒီကိစ္စကအဓိပ္ပါယ်မရှိဘူးလို့ တွေးမိပါတယ်။ ခင်ဗျားလို လူမျိုးကတောင် ကျုပ်ကိုသတ်ဖို့ လေဟာနယ်ဘုံကို အပင်ပန်းခံ လာခဲ့ပေမယ့် နတ်ဆိုးလောကရဲ့ စစ်သူကြီးတစ်ယောက်ကတော့ ကျုပ်ကို ကယ်ဖို့လာတယ်တဲ့လေ။ နည်းနည်းတော့ ကိုးရို့ကားယားနိုင်သား။”
“မင်းသမီး၊ ဒီကိစ္စကို သေသေချာချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ သူတစ်ခုခု ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်။” ရှန်ကလန်မှ ရှန်ကောင်းက ပြောလိုက်သည်။ သူ၏ အေးစက်သော အသံက ရက်စက်တော့မည့်ဟန် ပေါ်နေသည်။ အကယ်၍ စစ်ဆေးမေးမြန်းမည်ဆိုပါက ရီဖူရှင်းသည် အရင်ဆုံး အဖမ်းခံရမည် ဖြစ်သည်။
သို့သော် ထိုသို့သော နည်းလမ်းမျိုးသည် နှစ်ဦးနှစ်ဖက်ကြား၌ သဘောထားကွဲလွဲမှုများ ရှိလာနိုင်သည်။ ရန်ဟောင်တစ်ပါး၏ ကိုယ်ရေးကိုယ်တာကို ဤသို့သော နည်းလမ်းမျိုးနှင့် စစ်ဆေးခြင်းမှာ တခြားသူများ၏ သစ္စာရှိမှုကို သံသယဝင်ခြင်းဖြစ်သောကြောင့် ကောင်းသော နည်းလမ်းတစ်ခုမဟုတ်ပေ။ မင်းသမီးဒွန်ဟောင်သာ ထိုသို့ လုပ်ဆောင်လိုက်ပါက ရီဖူရှင်း၏ အနာဂတ်တွင် သက်ရောက်မှုကြီးကြီးမားမား ရှိလာမည်ဟု ဆိုလိုပေသည်။
၄င်းကပင် သူတို့က ရီဖူရှင်းအား နတ်ဆိုးလောကနှင့် လျှို့ဝှက်ပူးပေါင်းနေသည်ဟု စွပ်စွဲရသည့် အကြောင်းရင်း ဖြစ်တော့သည်။
တစ်ခါတစ်ရံ၌ သံသယသည် လူတစ်ယောကို ဖျက်ဆီးရန် လုံလောက်ပေသည်။
အရာအားလုံးမှာ မင်းသမီးဒွန်ဟောင်က ဤပြဿနာအား မည်သို့ကိုင်တွယ်မည်ဟူသောအပေါ်၌ မူတည်နေသည်။
“နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာတုန်းက မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ရှင် ဆက်ခံခဲ့တာမလား။” မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအား မေးလိုက်သော်လည်း လုံးဝ မသက်ဆိုင်သော အကြောင်းအရာအား ဖြစ်နေသဖြင့် ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်မှ တန်ခိုးရှင်များကို အံ့အားသင့်သွားစေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် မင်းသမီးက ထိုအကြောင်းကို သိရှိနေခဲ့ပြီး သူမက ရီဖူရှင်းအပေါ် အာရုံစိုက် စောင့်ကြည့်နေမည်ဆိုပါက သူတို့အတွက် ရီဖူရှင်းအား ရှင်းပစ်ရန် အခွင့်အရေး နောက်တစ်ခါရဖို့ရာ ခက်ခဲပေလိမ့်မည်။
“ဟုတ်တယ်။ ကျုပ် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ အခွင့်အရေးတချို့ရခဲ့တယ်။ ဘိုးဘေးတွေက မဟာအင်ပါယာရဲ့ စွမ်းအားတွေကို ကျုပ်ဆီ လွှဲပေးခဲ့တယ်။” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ “နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ နတ်ဘုရားသင်္ချိုင်းကိုတောင် မြင်တွေ့ခဲ့ရတယ်။”
မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်၏။ “နတ်ဆိုးလောကက ကျွန်မကို တိုက်ခိုက်ချင်လို့ သူ့ကို လိုချင်တာဆိုရင် နတ်ဆိုးလောကက လုပ်နိုင်တာ မှန်သမျှ ကောင်းကင်ဒေသက သေချာပေါက် ပိုကောင်းအောင် လုပ်နိုင်တယ်။ ကျွန်မ သူ့ကို ယုံတယ်။”
“မင်းသမီး……” ကိုက်ချိန်က ထိတ်လန့်သွား၏။ ကြည့်ရသည်မှာ မင်းသမီးက အရည်အချင်းကို တန်ဖိုးထားပြီး သူတို့ကို မျက်နှာသာ မပေးလိုပုံရသည်။
“တော်လောက်ပြီ။” မင်းသမီးဒွန်ဟောင်က ကိုက်ချိန်၏ စကားကို ဖြတ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မူလဘုံမှာ အရည်အချင်းရှိတဲ့ တန်ခိုးရှင်တွေ ရှိလာခဲ့တယ်။ အခု အချိန်တွေက ပြောင်းလဲသွားပြီ။ အင်အားစုတွေ အားလုံးက လူတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားကျင့်ကြံသင့်တယ်။ အဲဒါမှ ရှင်တို့အားလုံး ကောင်းကင်ဒေသကို လာဖို့ အခွင့်အရေး ရလာလိမ့်မယ်။”
“ကောင်းပါပြီ။” လူတိုင်းက ခေါင်းညိတ်လိုက်သည်။ ထျန်ရှင်းကျောင်းတော်မှ ကျောင်းအုပ်က ထပ်ပြောလိုက်၏။ “မင်းသမီး၊ ကျုပ်ရဲ့ မျိုးဆက် ထျန်ရှင်းကျောင်းတော်က ကျန့်ချန်းကျူကလည်း နတ်ဘုရားအကြွင်းအကျန်နယ်မြေမှာ အကျိုးအမြတ်တွေ ရိတ်သိမ်းနိုင်ခဲ့ပါတယ်။ သူနဲ့ ရီဖူရှင်းတို့နှစ်ယောက်က အမွေအနှစ်နယ်မြေရဲ့ နောက်ဆုံးတံခါးကို အတူတူ ဖွင့်ခဲ့ကြတာ။ သူလည်း မဟာအင်ပါယာရဲ့ အမွေအနှစ်ကို မြင်တွေ့ခဲ့တယ်။ သူ့ရဲ့ ပါရမီကလည်း လက်သင့်ခံနိုင်တဲ့ အနေအထားပါပဲ။ အခု သူက ပြီးပြည့်စုံတဲ့ နတ်ဝင်ရိုးနဲ့ ရန်ဟောင်တစ်ပါးအဖြစ် သက်သေပြပြီးပြီ။ ထျန်ရှင်းကျောင်းတော်ထဲက ပညာရပ်တွေ အကုန်နီးပါး ဖတ်ရှုသင်ယူပြီးပါပြီ။ ကျောင်းတော်က သူ့ကို သင်ပေးစရာ သိပ်မကျန်တော့ဘူး။ ကျုပ်က သူ့ကို ဒီနေရာမှာပဲ ရပ်တန့်သွားမှာ မလိုချင်ဘူး။ အဲဒါကြောင့် သူ့ကို ကိုယ်ရံတော်ဖြစ်ဖြစ် အစောင့်ပဲဖြစ်ဖြစ် ရာထူးတစ်ခုခု စီစဥ်ပေးနိုင်မလားလို့ မင်းသမီးကို တောင်းဆိုပါရစေ။ အဲဒါမှသာ သူက ကောင်းကင်ဒေသက ထိပ်သီးတန်ခိုးရှင်တွေရဲ့ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျတွေ့နိုင်ပြီး အမြင်ကျယ်လာနိုင်မှာ။”
ထိုစကားများကို ကြားသည့်အခါ လူတိုင်းက လန့်ဖြန့်ကာ ကြက်သေသေသွားတော့သည်။ သူတို့ သိရှိနားလည်ထားသော မဟာလမ်းစဥ်ဘုံသုံးထောင်၏ အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သော ထျန်ရှန်းကျောင်းအုပ်က ယနေ့တွင် မကြာခဏ မြှောက်ပင့်ဖားယားကာ ပြောဆိုနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြရပေသည်။
ထိုသည်မှာ သူက သူ၏ မျိုးဆက်အတွက် လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
ထိုအချင်းအရာကို သတိပြုမိသည့်အခါ တခြားသူများက သူ့အတွက် ကိုယ်ချင်းစာမိကြသည်။
ကောင်းကင်ဒေသတွင် တစ်ကြိမ်တစ်ခါက ထင်ရှားကျော်ကြားခဲ့သော ကျန့်ကလန်သည် ထျန်ရှင်းကျောင်းတော်သို့ ပြည်နှင်ဒဏ်ခံခဲ့ရသည်။ ယခု မိသားစုသည် ကျန့်ချန်းကျူ၏ အပေါ် မျှော်လင့်ချက်တို့ ပုံအပ်ထားပြီး မင်းသမီးဒွန်ဟောင် နောက်သို့ လိုက်ပါကာ ကျင့်ကြံနိုင်စေလိုကြသည်။ အစောင့်တစ်ယောက်အနနေှင့် ဖြစ်လျှင်ပင် သူ၏ ထူးချွန်ထက်မြက်မှုတို့အား ပြသနိုင်သည်နှင့် သူ့အတွက် ကြီးမားသော အခွင့်အရေးကြီးတစ်ခုက စောင့်ကြိုနေမည် ဖြစ်လေသည်။
ကျန့်ချန်းကျူသည်လည်း ထျန်ရှင်းကျောင်းတော်၏ လူအုပ်ထဲ၌ ရှိနေခဲ့ပြီး လူအများက သူ့ကို ကြည့်နေကြသည်။ သူသည် ထျန်ရှင်းကျောင်းတော်၏ အထူးချွန်ဆုံး တစ်စုံတစ်ယောက်အဖြစ် ကျော်ကြားသည်။ သို့သော် ယခုတွင် ကောင်းကင်အာဏာစက်ဘုံမှ ရီဖူရှင်းရှိနေသည့်အတွက် သူ၏ ဂုဏ်သရေကို အပြည့်အဝ ထုတ်ဖော်ပြသခွင့် မရနိုင်ခဲ့ပေ။
သို့သော် အမှန်တကယ်တွင် ကျန့်ချန်းကျူသည် ကောလာဟလများကအတိုင်း အလွန် အရည်အချင်းရှိပြီး သူ့ပါရမီနှင့်သူ ထူးချွန်ထက်မြက်လှသည့် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။
မဟုတ်လျှင် ထျန်ရှင်းကျောင်းအုပ်သည် အရဲကိုးကာ သူ့အကြောင်း မင်းသမီးဒွန်ဟောင်ထံသို့ ပြောကြားလိမ့်မည် မဟုတ်ပေ။
“ကျွန်မမှာ နောက်ထပ် လူလိုမနေဘူး။” မင်းသမီးဒွန်ဟောင်က တစ်ဖက်လူကို တစ်ချက်မျှ ကြည့်ကာ တိုက်ရိုက်ငြင်းပယ်လိုက်သည်။
ထျန်ရှင်းကျောင်းအုပ်က မရပ်တန့်သွားဘဲ ခေါင်းကို ငုံ့ရင်း ပြောလိုက်သည်။” မင်းသမီးရဲ့ ကိုယ်ရံတော်တွေက နတ်စစ်သူကြီးတွေ ဖြစ်တာကို ကျုပ် နားလည်ပါတယ်။ ဒါပေမယ့် ကျန့်ချန်းကျူက အနာဂတ်မှာ မင်းသမီးကို ခစားဖို့ အခွင့်အရေးတချို့ ရနိုင်မယ်ဆိုရင် အခုချိန် တောက်တိုမယ်ရ လုပ်ရမယ်ဆိုလည်း အဆင်ပြေပါတယ်။”
မင်းသမီးဒွန်ဟောင်သည် ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း ချက်ချင်းပင် လူတိုင်းက ခေါင်းများကို မော့ကာ အဝေးသို့ ကြည့်လိုက်ကြသည်။ မင်းသမီးဒွန်ဟောင်၏ နောက်တွင် ရပ်နေသူများကလည်း မျက်မှောင်ကြုတ်သွားပြီး သူတို့၏ မျက်လုံးများက အဝေးတစ်နေရာသို့ ကြည့်နေရင်း အလွန် အေးစက်လာသည်။
ကောင်းကင်သည် ရုတ်တရက် အရောင်ပြောင်းသွားပြီး လောကကြီးက မှောင်မိုက်ကာ အလင်းမဲ့လာသည်။ နက်ရှိုင်းသည့် အမှောင်ထုက ဆင်းသက်လာပြီး လေဟာနယ်ကို လွှမ်းခြုံသွား၏။
“မှော်နက်စစ်တပ်” ကောင်းကင်ဒေသ၏ အားလုံးသော တန်ခိုးရှင်များက ထိုနေရာသို့ အာရုံစိုက်လိုက်ကြသည်။ ယနေ့ မင်းသမီးဒွန်ဟောင်က ဘုံကိုးဘုံမှ တန်ခိုးရှင်များအားလုံးကို နတ္ထိအင်ပါယာနန်းတော်သို့ ဆင့်ခေါ်လိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ပြဿနာပြုလုပ်ရဲပါက သူတို့နှင့် အဆင့်တူညီသော အင်အားစုတစ်ခုခုမှ ဖြစ်နိုင်သည်။
နတ်ဆိုးလောကမှ ထိုသို့ ပြုလုပ်ရဲမည် မဟုတ်ပေ။
ယခု မူလဘုံတွင် လျှို့ဝှက်နယ်မြေဘုံကို ထိန်းချုပ်ထားသော မှော်နက်စစ်တပ်သာ ဖြစ်ပေလိမ့်မည်။
“မင်းသမီးဒွန်ဟောင်က လေဟာနယ်ဘုံကို လာမယ်လို့ မထင်ထားတာကြောင့် ကြိုဆိုဖို့ အချိန်မရလိုက်လို့လေ။” အမှောင်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။ မှောင်ပျပျ ကောင်းကင်တွင် အလင်းတစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ထိုအချိန်၌ လူတစ်စုက လေထဲသို့ တက်သွားခဲ့သည်။ ကောင်းကင်ထက်တွင် အလွန်တောက်ပသော နတ်အလင်းတို့ ထွက်ပေါ်လာသည်။ အမှောင်ထုရ တစတစနှင့် တဖြေးဖြေးချင်း ဖယ်ရှားခံလိုက်ရပြီး နတ္ထိအင်ပါယာနန်းတော်အထက်တွင် အလင်းရောင် တဖန်ထွက်ပေါ်လာသည်။
ထို့ကြောင့် သူတို့၏ ရှေ့တင် အလွန်ခမ်းနားကြီးကျယ်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။ ကောင်းကင်က နှစ်ပိုင်းခွဲခြားခံထားရပြီး တစ်ခြမ်းက လင်းလက်တောက်ပနေကာ နောက်တစ်ခြမ်းက မှောင်မိုက်နေ၏။
အမှောင်ဘက်လောကတွင် အမှောင်ထု၏ မဟာစစ်တပ်ကဲ့သို့ အနက်ရောင်ပုံရိပ်များ ထွက်ပေါ်လာသည်။ ရုတ်တရက် အလွန်စိတ်ဓာတ်ကျဖွယ်ကောင်းလှသည့် လေထုက နတ္ထိအင်ပါယာနန်းတော်ကို လွှမ်းခြုံသွားသည်။.
ရီဖူရှင်း နှင့် တခြားသူများက အမှောင်ထဲမှ စစ်တပ်ကို ကြည့်လိုက်ပြီး အနည်းငယ် အံ့သြနေကြသည်။ ဤတစ်ခေါက် စစ်တပ်ကြီးမှာ ယခင်တစ်ကြိမ် ကောင်းကင်အာဏာစက်ဘုံသို့ ကျူးကျော်ဝင်ရောက်လာသည်ထက် ပို၍ ကြီးမားပေသည်။
နောက်ဆုံးတစ်ကြိမ် မှော်နက်စစ်တပ်က ကျောင်းတော်သို့ ရောက်လာခဲ့စဥ်က သူတို့ လျှို့ဝှက်နယ်မြေဘုံကို ထိန်းချုပ်၍ မကြာသေးသော အချိန်ကာလ၌ဖြစ်ကာ ယခု အောက်ဘုံကို လာရောက်သလို အင်အားမများသေးပေ။.
သူတို့ရှေ့မှ စစ်တပ်က ပို၍ သန်မာအားကောင်းနေသည်။ ယခုအချိန်အတောအတွင်း၌ ဘုံအားလုံးသည် အရှုပ်အထွေးများနှင့် ပရမ်းပတာ ဖြစ်နေသောကြောင့် လျှို့ဝှက်နယ်မြေဘုံသည် ငြိမ်သက်စွာ စောင့်ဆိုင်းမနနေိုင်တော့ခြင်း ဖြစ်ပေသည်။
***