Switch Mode

အခန်း (၁၀)

တံခါးကို ပိတ်၊ ရီကျင်းကို လွှတ်လိုက်တော့

အခန်း (၁၀) တံခါးကို ပိတ်၊ ရီကျင်းကို လွှတ်လိုက်တော့

အထူးသံလိုက်အိမ်မြှောင်၏ တုန်ခါမှု နောက်ကို လိုက်ရင်း ရန်ကျောက်ကဲတို့တသိုက် နဂါးချုပ်လှောင်ခြင်း ချောက်နက်၌ ခရီးဆက်ခဲ့ကြသည်။

မကြာခဏ ဖြတ်သွားသော မိတ်တုတ် မိတ်တုတ် အနီရောင်အလင်းများကို အားဟူက ဖမ်းယူ၍ သူ၏ကြယ်တာရာချီကို အသုံးပြုကာ ထိုအနီရောင်အလင်းစများကို အထူးပြုလုပ်ထားသော သလင်းတုံးများထဲသို့ ပိတ်လှောင်လိုက်သည်။

သူတို့သည် နေ့တစ်ဝက်ခန့် ဆက်သွားခဲ့ကြသည်။ ထို့နောက် ရှုပ်ထွေးခြင်းတာအို၏ အန္တရာယ်ချီ အနက်ရောင်မြူများက အနည်းငယ် တည်ငြိမ်သွားပြီး ပါးလာ၏။

ရန်ကျောက်ကဲ၏ဘေးမှ အားဟူက ပြောလိုက်သည်။ “မင်းသား၊ ကျွန်တော်တို့ မုန်တိုင်းမျက်လုံးကို ရောက်ပါပြီ”

ရန်ကျောက်ကဲ ခေါင်းငြိမ့်လိုက်၏။ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် မုန်တိုင်းမျက်လုံးကဲ့သို့ သာမာန်အားဖြင့် တည်ငြိမ်သော နေရာများ ရှိသည်။ ထိုမုန်တိုင်းမျက်လုံးသည် လေဆင်နှာမောင်း၏ မျက်လုံးနှင့် ဆင်တူကာ ပတ်ပတ်လည်တွင် အန္တရာယ်များဖြင့် ဝန်းရံနေသော်လည်း အလယ်တွင် ဘေးကင်း၏။ ဤကဲ့သို့ နေရာမျိုးက အရွယ်အစားနှင့် တည်နေရာ အမျိုးမျိူး ရှိကြသည်။ နေရာအရေအတွက်ပင် ပြောင်းလဲနိုင်သည်။ အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ ထိုနေရာများသည်လည်း ရွေ့လျားနိုင်ပြီး ပုံစံပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သည်။

“မုန်တိုင်းမျက်လုံးက အတော် ဘေးကင်းတယ်လို့ ဆိုနိုင်တယ်၊ ဒီမှာ ခဏ နားကြတာပေါ့” ရန်ကျောက်ကဲက ပြောလိုက်၏။

ပုံမှန်အတိုင်းဆို ဒီလိုနေရာမျိုးတွေမှာ ရှားပါးရတနာတွေ တွေ့ရတတ်တယ်၊ ဒီလိုနေရာတွေက ဘေးကင်းတဲ့အတွက် ရတနာတွေ ဆေးပင်တွေ ရှာဖွေဖို့ နေရာကောင်းပဲ၊ လူတိုင်းပဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ကိုယ့်အခွင့်အရေးကို ကိုယ်ရှာဖွေကြ၊ ဒါပေမယ့် ဘေးကင်းဖို့ကို သတိရပါ၊ ဘယ်လိုဖြစ်ဖြစ် ဒီနေရာက နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာပဲ ရှိသေးတယ်”

ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားသူများလည်း သဘောတူကြောင်း တုံ့ပြန်ကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို အသေးစိတ် ကြည့်ရှု့နေကြသည်။

ရန်ကျောက်ကဲက သူ၏ အထူး သံလိုက်အိမ်မြှောင်လေးကို ထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးနေလေ၏။

“ဒီမုန်တိုင်းမျက်လုံးက ငါထင်ထားတာထက် ထူးခြားတာပဲ”
“ဟမ်…..” ရန်ကျောက်ကဲ ရုတ်တရက် အသံပြုလိုက်သည်။ သူ့ခေါင်းကို မော့၍ ပတ်ဝန်းကျင်တစ်ခုလုံးကို ခြုံကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။ “လူတိုင်း ပြန်ဆုတ်ကြ”

ရန်ကျောက်ကဲ သူ့ဝတ်ရုံကို ရမ်းလိုက်သည်နှင့် မိုးပြာရောင်အလင်းတန်းတစ်ခုက လျှပ်စီးလျှပ်သကဲ့သို့ ညကောင်းကင်ယံသို့ ထိုးတက်သွားပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။

အနက်ရောင်မြူထဲတွင် တစ်ဝက်တစ်ပျက် ဖုံးကွယ်နေသည့် ရွှေရောင်တောက်ပနေသည့် အရာကြီးကို ထင်ထင်ရှားရှား မြင်ရသည်။ ဧရာမ ကိုယ်ထည်ကြီး ပေါ်လာ၏။ ၎င်းသည်
မျက်လုံးတစ်လုံး မိစ္ဆာ စပါးအုံးကြီးဖြစ်ပြီး အစောပိုင်းက ရွှေရောင်တောက်ပနေခြင်းသည် ၎င်း၏ တစ်လုံးထဲသော မျက်လုံးမှ ဖြာထွက်နေခြင်း ဖြစ်သည်။

သို့သော် မိစ္ဆာစပါးအုံးကြီး ပေါ်လာပြီး ခဏအတွင်း မိုးပြာရောင်အလင်းသည် နဂါးဟိန်းသံ ခပ်တိုးတိုးကို ထုတ်လွှတ်ရင်း မိစ္ဆာစပါးအုံးကြီး၏ဂုတ်ပေါ်သို့ ကျရောက်သွားသည်။

တခဏမျှကြာပြီးနောက် ဝုန်းခနဲ အသံတစ်ခုကို ကြားရ၏။ ထိုအသံသည် မိစ္ဆာစပါးအုံးကြီး၏ ဧရာမကိုယ်ထည်ကြီး မြေသို့ ပြုတ်ကျရာမှ ထွက်ပေါ်လာသော အသံဖြစ်၏။

“ရွှေမျက်လုံးစပါးအုံး၊ ဒီအကောင်က နဂါးချူပ်လှောင်ခြင်း ချောက်နက်မှာပဲ တွေ့ရတဲ့ မျိုးစိတ်တစ်မျိုးပဲ၊ မင်းတို့တွေ ဒီလာခဲ့ကြ၊ လက်ရှိ မင်းတို့အတွက်တော့ သူ့တစ်ကိုယ်လုံးက ရတနာတွေလို့ ပြောနိုင်တယ်၊ ကိုယ်ထည်ကို ဖျက်ပြီး ညီတူညီမျှ ခွဲယူကြ”

မိုးပြာရောင်အလင်းတန်းက ဖျတ်ခနဲ ပြန်ရောက်လာပြီးနောက် ရန်ကျောက်ကဲသည် ခေါင်းကိုငုံပြီး အထူးသံလိုက်အိမ်မြှောင်အား အာရုံစူးစိုက်ပြီး ကြည့်နေသည်။

ထိုအချိန်ရောက်မှ လူတိုင်း သတိပြန်ဝင်လာပြီး မီတာပေါင်းများစွာ ရှည်လျားသော ဧရာမ စပါးအုံးကြီး၏ အလောင်းကို တအံ့တဩ ကြည့်နေကြသည်။

ရွှေရောင်မျက်လုံးစပါးအုံးကြီး ထွက်လာသည်က မယုံနိုင်လောက်အောင် လျင်မြန်၏။

မိစ္ဆာစပါးအုံးကြီး၏ခွန်အားမှာ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူ တစ်ယောက်အောက် မနှိမ့်ကျပေ။ စပါးအုံးကြီး ရုတ်တရက် တိတ်ဆိတ်စွာ ပေါ်လာပုံကို ပြန်လည်တွေးမိကြပြီး တပည့်များသည် သူတို့၏စိတ်ထဲတွင် ကြောက်လန့်နေကြသည်။

တပည့်များသည်  ရွှေရောင်မျက်လုံးစပါးအုံးကြီးအား တစ်စစီ ဖျက်ကြသောအခါ ၎င်း၏ ကြေးခွံများသည် ခိုင်ခံပြီး ကွေးနိုင် ဆန့်နိုင်သည်ကို တွေ့ရှိသွားပြီး ထိုကြေးခွံများမှာ ဝိဉာဉ်လက်နက်အဆင့် ချပ်ဝတ်၏အစိတ်အပိုင်းများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

သေပြီးဖြစ်သဖြင့် ရွှေရောင်မျက်လုံး စပါးအုံး၏ ချီနှင့် သွေးများ ကုန်ခန်းသွားသော်လည်း သူတို့သည် သူတို့၏ဝိဉာဉ်လက်နက်များများဖြင့်တောင်မှ  ထိုအကြေးခွံများကို ခက်ခက်ခဲခဲ ဖြတ်နေရသည်။

သို့တိုင်အောင် ထိုရွှေရောင်မျက်လုံးစပါးအုံးကြီးကို ရန်ကျောက်ကူးသည် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဓားဖြတ်ရာက မှန်တစ်ချပ်ကဲ့သို့ ချောမွေ့နေ၏။ ၎င်းသည် ဓားထက်ထက်တစ်ချောင်းနှင့် တိုဟူးကို တိခနဲ ဖြတ်လိုက်သည်နှင့်ပင် ဆင်တူနေသည်။

“စီနီယာအကိုကြီးရန်ရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ နာမည်ကျော် ဓားကွက် ‘အင်္ကျီလက်အိုးထဲက မိုးပြာရောင်နဂါး’ပဲ၊ အခုမှ မြင်ဖူးတာ မဟုတ်ပေမယ့် ငါမြင်တဲ့အချိန်တိုင်း  ပါးစပ်အဟောင်းသား ဖြစ်မိတာချည်းပဲ”
ထိုကဲ့သို့ အတွေးများနှင့် လူငယ်တပည့်တချို့ တံတွေးမျိုချလိုက်မိသည်။

လူငယ်တပည့်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။

“စီနီယာအကိုကြီးရန်၊ အဲ့တာက ဘာလဲ”

ရန်ကျောက်ကဲသည် ခေါင်းကို မော့လိုက်ပြီး အဝေးတစ်နေရာက အနက်ရောင်မြူများနှင့် ဖုံးလွှမ်းနေသော ကမ်းပါးတစ်ခုကို ကြည့်လိုက်သည်။ အဖြူရောင် အလင်းတစ်ခုက အဆက်မပြတ် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေ၏။ ၎င်း၏အမြန်နှုန်းက ရွှေရောင်မျက်လုံးစပါးအုံးမြွေထက်ပင် ပိုမြန်သေးသည်။

“အဲ့တာက  အလင်းဝိဉာဉ်ကြောင်ပဲ”

ရန်ကျောက်ကဲသည် ခဏမျှ ကြည့်လိုက်ပြီး သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

“အန္တရာယ်မရှိဘူး၊ အကျိုးရှိတယ်”

လူအုပ်တစ်ခုလုံး အံ့အားသင့်သွားကြသည်။

ရန်ကျောက်ကဲ၏ ဘေးတွင် ရပ်နေသည့် အားဟူက ရယ်ရင်း ပြောလိုက်၏။

“နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ပတ်ဝန်းကျင်က ကြမ်းတမ်းပြီး မိစ္ဆာသားရဲတွေအများကြီး ရှိတယ်၊ သူတို့ရဲ့သဘာဝက ရက်စက်ကြမ်းကြုပ်ပေမယ့် ဒီအလင်း ဝိဉာဉ်ကြောင်ကတော့ ချွင်းချက်ပဲ၊ သူ့အရွယ်အစားက သေးပေမယ့် ခွန်အား တော်တော် ကြီးတယ်၊ အထူးသဖြင့် သူ့အမြန်နှုန်းက လျှပ်စီးလျှပ်သလိုပဲ၊ သာမာန် မိစ္ဆာသားရဲတွေထက် အများကြီး မြန်တယ်၊ ဒါပေမယ့် သူက အရမ်း သိမ်မွေ့တယ်၊ အဲ့ကောင်လေးတွေက တိုက်လဲမတိုက်ခိုက်ဘူး၊ အပင်ကိုပဲ စားတယ်၊ သူတို့ရဲ့အစာက နဂါးချုပ်လှောင်ခြင်းချောက်နက်မှာပဲ ရှိတဲ့ သဘာဝပေါက်ပင်တွေပဲ”

အားဟူက မိတ်တုတ် မိတ်တုတ် အဖြူရောင်အလင်းကို ညွှန်ပြလိုက်သည်။ “ပြီးတော့ အဲ့သားရဲလေးတွေက သနားတတ်တယ်၊ စိတ်ကောင်းရှိပြီး နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ဒုက္ခရောက်နေတဲ့ လူသားတွေကို ကူညီတတ်တယ်၊ မင်းတို့ ဒီနဂါးချုပ်လှောင်ခြင်းချောက်နက်ထဲကို တစ်ယောက်ထဲဝင်လာပြီး ကံမကောင်းအကြောင်းမလှလို့ အန္တရာယ်နဲ့ တွေ့ဆုံရင်တောင် အဲ့လိုသားရဲလေးတွေဆီက အကူအညီရပြီး မင်းတို့ အသက်ဘေးက လွတ်ရင်လဲ လွတ်သွားနိုင်တယ်”
အားဟူ ရှင်းပြသည်ကို ကြားပြီး ရီကျင်း၊ စစ်ခုန်ချင်းနှင့် အခြားလူများ ပါးစပ်အဟောင်းသားနှင့် အံ့ဩတကြီး ဖြစ်နေကြသည်။ သူတို့သည် ထိုအလင်း ဝိဉာဉ်ကြောင်လေးအား စိတ်ဝင်စားလာပြီး ၎င်းဆီသို့ ဦးတည်သွားကြသည်။

မိတ်တုတ် မိတ်တုတ် အလင်းက ဆက်လက် မလှုပ်ရှားတော့ဘဲ ရပ်တန့်သွားသည်။ ထိုအခါမှ ၎င်း၏ ပုံသဏ္ဌာန်အမှန်ကို မြင်ကြရ၏။ ၎င်းသည် လက်ဖဝါးအရွယ်မျှသာ ရှိသော ကြောင်လေးတစ်ကောင်ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို အရောင်လက်နေသော အဖြူ ရောင် အကွက်များဖြင့်ဖုံးအုပ်ထားပြီး ၎င်းသည် သိမ်မွေ့ပြီး ဉာဏ်ကောင်းပုံရသည်။
အလင်းဝိဉာဉ်ကြောင်က လူငယ်တပည့်များကို စပ်စုသည့်ဟန်ပန်ဖြင့် ကြည့်နေ၏။
အမျိုးသမီးတပည့်အချို့သည် ကြောင်လေးကို သဘောကျစွာ ကြည့်ရင်း ကြောင်လေး၏ အနားသို့ ကပ်ချင်လာသည်။ အလင်းဝိဉာဉ်ကြောင်က အနောက်သို့ ဆုတ်လိုက်၏။ မိန်းကလေးက ရှေ့တိုးသည်ကို ရပ်လိုက်သည်နှင့် ကြောင်လေးကလည်း နောက်ဆုတ်တာ ရပ်သွားသည်။

“စီနီယာအကိုကြီးရန်၊ ဒီကြောင်လေးကို လူယဉ်အောင် လုပ်လို့မရဘူးလား” မိန်းကလေးက သနားစဖွယ်အသံလေးဖြင့် ရန်ကျောက်ကဲ၏ အနားကပ်ပြီး မေးလိုက်သည်။

ရန်ကျောက်ကဲက တွေးပြီး ပြောလိုက်၏။ “ငါတို့ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ လှည့်လည်သွားလာနေစဉ်တုန်းက မင်းတို့အကုန်လုံး မြွေနဂါးသစ္စာမြက်တွေ စုထားတယ်မလား၊ အဲ့လို ဝိဉာဉ်မြက်မျိုးက ဒီအလင်းဝိဉာဉ်ကြောင်ရဲ့ အကြိုက်ဆုံးအစာပဲ၊ မင်း အဲ့တာကို သုံးပြီး စမ်းကြည့်သင့်တယ်၊ မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိသရွေ့  ကြောင်လေးက မင်းအနားကို ကပ်လာမှာပါ၊ ဒါပေမယ့် မင်း အဲ့ကြောင်လေးကို နဂါးချုပ်လှောင်ခြင်းချောက်နက်ရဲ့ အပြင်ဘက်ကို ခေါ်လာချင်ရင် ဒီလောက်နဲ့ မရဘူး”

မိန်းကလေးက ပျော်ရွင်စွာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး၊ ကျွန်မ စမ်းကြည့်လိုက်မယ်”

သူမ ပြောပြီးသည်နှင့် ဝိဉာဉ်မြက်များကို သူမ၏အိပ်ကပ်ထဲမှ ဂရုတစိုက် ထုတ်ယူလိုက်ပြီး ကြောင်လေးဆီသို့ ချည်းကပ်သွား၏။

အစပိုင်းတွင် သတိထားပြီး အနည်းငယ် လူယဉ်သွားသောအခါ မိန်းကလေးတစ်ယောက်နှင့် ကြောင်တစ်ကောင်တို့ တဖြည်းဖြည်း ရင်းနှီးသွားကြသည်။

အခြားဝါဒတောင်ဂိုဏ်း၏တပည့်များကလည်း ထိုမိန်းကလေး အောင်မြင်သည်ကို ကြည့်ပြီး သူတို့၏ မြွေနဂါးသစ္စာမြက်များကို ထုတ်ပြီး စမ်းကြည့်ကြသည်။ သူတို့သည် ကြောင်လေးကို အစာကျွေးပြီး ပွတ်သပ်ကြသည်။ ရုတ်တရက် ကြောင်လေးသည် လူတိုင်း၏ချစ်ခင်မှုကို စုပြုံရရှိနေလေသည်။
ကြောင်နှင့်ကစားဖို့ စိတ်မဝင်စားသူများပင် ဤနှလုံးသားနွေးထွေးဖွယ်မြင်ကွင်းကို ကြည့်ရင်း ပြုံးနေကြသည်။

အလင်းဝိဉာဉ်ကြောင်လေးသည် ချောက်နက်ထဲတွင် ခေါက်တုံ့ ခေါက်ပြန် ပြေးနေရင်း တခဏကြာတိုင်း ရပ်တန့်နေသည်။ မိန်းကလေးသည် ၎င်း၏နောက်သို့ လိုက်သွား၏။ အန္တရာယ်များသော နဂါးချုပ်လှောင်ခြင်းချောက်နက်က လက်ရှိတွင် ကြောက်မယ်ဖွယ်ကောင်းပုံ မရတော့။
တူညီသောနေရာ၏ တောင်ကမ်းပါးအနည်းငယ်အကွာတွင် နောက်ဆုံးထွက်သက် ရောက်နေသည့် လူတစ်ဦး ကျောက်ဆောင်ပေါ်တွင် လှဲလျောင်းနေ၏။ အမှောင်ထုက သူ့အား အချိန်မရွေး ဝါးမျိုတော့မည့်သယောင် ဖြစ်နေ၏။

ဝါဒတောင်၏အမျိုးသမီးတပည့် ထိတ်လန့်သွားသည်။ ထို့နောက် သူမသည် အဖြူရောင်အလင်းက ဖျတ်ခနဲ ပျောက်သွားသည်ကို မြင်ရသည်။ အလင်းဝိဉာဉ်ကြောင်က တဖန် ပြန်ပေါ်လာသည်။ ၎င်းသည် ဂရုတစိုက် အကဲခတ်ရင်း ကျောက်ဆောင်ကြီးပေါ်တွင် လဲနေသည့် လူ၏အနားသို့ ချဉ်းကပ်သွား၏။
အစောပိုင်းက ရန်ကျောက်ကဲနှင့် အားဟူတို့ ပြောသည်များကို သတိရပြီး မိန်းကလေးက စိတ်သက်သာရာရမိသွားသည်။

နူးညံ့ပုံရသည့် အလင်းဝိဉာဉ်ကြောင်လေးသည် လဲနေသောလူ၏ အပေါ်သို့ ခုန်တက်လိုက်ပြီး သူ့ပါးစပ်ဖြင့် ထိုလူ၏ကော်လံကို ကိုက်လိုက်သည်။ ထို့နောက် ကြောင်လေးသည် သူ၏ဦးခေါင်းကို ဆတ်ခနဲ လှုပ်ပြီး ထိုလူအား ဆွဲခေါ်လာ၏။ ကြောင်လေးသည် အလွန်သေးငယ်သည့် အရွယ်အစားသာရှိသော်လည်း သူ၏ ခွန်အားက အတော် အထင်ကြီးစရာ ကောင်းသည်။ နောက်ဆုံးထွက်သက်ရောက်နေပုံရသည့် ထိုလူငယ်က ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ကြောင်လေးအား ဖမ်းဆုပ်ပြီး ထထိုင်လိုက်၏။

ကြောင်လေးက စူးစူးဝါးဝါး အော်လိုက်ပြီး အားကုန်သုံး၍ ရုန်းကန်နေ၏။ လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “စီနီယာအကိုကြီးရဲ့ နည်းလမ်းက တကယ်ထိရောက်တာပဲ၊ အဲ့တာကြောင့်သာမဟုတ်ရင် ဒီအကောင်လေးကို ဖမ်းနိုင်မှာမဟုတ်ဘူး၊ သူ့အမြန်နှုန်းက သိုင်းပညာရှင် အဆင့်လောက် မြန်တယ်”

ဝါဒတောင်ဂိုဏ်း၏အမျိုးသမီးတပည့် တုန်လှုပ်သွားသည်။ “ရှင် ဘာလုပ်တာလဲ”

လူငယ်က သူမအား လှည့်ကြည့်ပြီး အရေးမထားဟန်ဖြင့် ပြောလိုက်သည်။ “မင်းနဲ့ ဘာဆိုင်လို့လဲ”

မိန်းကလေးက မျက်မှောင်ကြုံ့ပြီး ပြောလိုက်၏။ “အဲ့ဒီ့ အလင်းဝိဉာဉ်ကြောင်လေးက ရှင် ဒုက္ခရောက်နေတယ်ထင်လို့ သနားပြီး ကယ်တင်ဖို့ လုပ်မလို့လေ၊ ရှင်က ကြောင်လေးကို ဖမ်းချင်တာနဲ့ ဒုက္ခရောက်ချင်ယောင်ဆောင်နေတာလား”

“ဒီအကောင်လေးက မိုက်မဲလို့ပဲ၊ အဲ့တာကြောင့် ငါ့ရဲ့လှည့်ကွက်ထဲ ကျသွားတာ၊ အဲ့တော့ လာပွားမနေနဲ့” အမူမထားသည့် အမူအရာဖြင့် လူငယ်က ဆက်ပြောလိုက်၏။ “သက်ရှိအားလုံးမှာ သူတို့ရဲ့ အားသာချက် ကိုယ်စီ ရှိကြတယ်၊ နတ်ဘုရားက မိစ္ဆာသားရဲတွေကို မယုံနိုင်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ ငါတို့လူသားတွေကို ဉာဏ်ပညာ ပေးတယ်၊ ဘာလို့ ငါ့ရဲ့အားနည်းချက်ကို သုံးပြီး ဒီကောင်အားသာတဲ့နေရာနဲ့ ဘာလို့ယှဉ်ပြိုင်ရမှာလဲ၊ ဦးနှောက်ကို သုံးပြီး မိစ္ဆာသားရဲတွေကို အနိုင်ယူတယ်ဆိုတာ သဘာဝပဲ”

မိန်းကလေး ဒေါသထွက်သွားသည်။ “အဲ့တာက ရှင့်လို စက်ဆုပ်ဖို့ကောင်းတဲ့လူလေ၊ ရှင်က သူ့ရဲ့ သနားကြင်နာမှုကို အလွဲသုံးစား လုပ်နေတာပဲ”

လူငယ်က ရယ်မောပြီး ပြောလိုက်၏။ “ဘယ်တုန်းကများ ဝါဒတောင်ဂိုဏ်းကလူတွေက ငါတို့ နေသူတော်စင်ဂိုဏ်းရဲ့ ကိစ္စတွေကို အမိန့်ပေးခွင့် ရှိသွားတာလဲ”

ထိုအခါမှ ဝါဒတောင်ဂိုဏ်း၏အမျိုးသမီးတပည့်သည် ဂရုတစိုက် ကြည့်လိုက်မိပြီး ထိုလူငယ်က နေပုံစံတံဆိပ်နှင့် အနီရောင် အနားကွပ်သော အဖြူရောင်ဝတ်စုံအား  ဝတ်ဆင်ထားသည်ကို သတိပြုမိသွားသည်။ ထိုဝတ်စုံမှာ အမှန်ပင် နေသူတော်စင်ဂိုဏ်း၏ဝတ်စုံဖြစ်သည်။

လူငယ်က အလင်းဝိဉာဉ်ကြောင်လေးအား မလိုက်ပြီး သူ၏လက်သည်းခွံဖြင့် ကြောင်လေး၏ လည်ပင်းကို အနည်းငယ် ဖြတ်လိုက်သည်။ သွေးများ ချက်ချင်း ပန်းထွက်လာ၏။ “ငါ ဖမ်းတော့ ဘာဖြစ်လဲ၊ ဒီသတ္တဝါရဲ့ ခေါင်းထဲက ဝိဉာဉ်အလင်းသလင်းအမြူတေကမှ ငါ့ရဲ့ရည်ရွယ်ချက်ပဲ”

နေသူတော်စင်ဂိုဏ်း၏တပည့်က ပြုံးရင်း ပြောလိုက်၏။ “ဒီကမ္ဘာမှာ ဘယ်သူ့လက်သီးပိုမာလဲကပဲ အဆုံးအဖြတ်ပေးနိုင်တယ်၊ မင်း ငါ့ကို နိုင်ရင် ဒီအရာလေးကို ယူသွားနိုင်တယ်၊ မင်း ငါ့ကို မနိုင်ရင်တော့ ဘယ်လောက်ပြောပြော ဘာမှထူးမှာ မဟုတ်ဘူး၊ မင်းတို့ ဝါဒတောင်ဂိုဏ်းသားတွေက အပြောပဲရှိပြီး ဘာမှ မလုပ်နိုင်ဘူးလား”

မိန်းကလေးသည် လူငယ်၏လက်ထဲမှ ကြောင်လေးက တွန့်လိမ်နေပြီး အသံပင် မထွက်နိုင်သည်ကို ကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်သွားသည်။ သူမသည် လူငယ်အား ပိုမို ဒေါသထွက်လာပြီး ဒေါသကို မမျိုသိပ်နိုင်တော့ဘဲ အရှေ့သို့ ပြေးတက်သွားသည်။

ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းတို့သည် နယ်နမိတ်ချင်း ထိစပ်နေကြသည်။ ထိုဂိုဏ်းနှစ်ခု၏ လူငယ်တပည့်များ အကြားတွင် ပဋိပက္ခများ၊ ရန်ပွဲများ မကြာခဏ ဖြစ်ပွားတတ်သည်။

ဝါဒဂိုဏ်း၏ တပည့်အချို့ကလည်း ဒီနေရာသို့ ရောက်လာကြသည်။ သူတို့သည် အခြေအနေကို မြင်သည်နှင့် သူတို့၏ဂိုဏ်းသားကို ကူညီရန် မတုံ့ဆိုင်းဘဲ ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

အခြားတစ်ဖက်ကလည်း တစ်ယောက်ထဲ မဟုတ်ပေ။ အခြားနေသူတော်စင်ဂိုဏ်းသားများကလည်း အလျင်အမြန် ရောက်လာကြသည်။ အခြေအနေက နေသူတော်စင်ဂိုဏ်း၏တပည့်များနှင့် ဝါဒတောင်ဂိုဏ်း၏တပည့်များ အုပ်စုလိုက်တိုက်ခိုက်ကြသော တိုက်ပွဲအသွင် ဆောင်လာကြသည်။

“မင်းသား၊ နေသူတော်စင်ဂိုဏ်းက လူတွေပါ” လက်ရှိအခြေအနေနှင့် ဘယ်လိုကြောင့် ဤအဆင့်ထိဖြစ်လာသည်ကို အားဟူ ပြန်လာပြီး ရန်ကျောက်ကဲအား သတင်းပို့၏။

ရန်ကျောက်ကဲက “သူတို့ထဲမှာ သိုင်းပညာရှင်အဆင့်ပါလား”

အားဟူက ပြန်ဖြေလိုက်သည်။ “လက်ရှိအချိန်ထိတော့ ပေါ်မလာသေးဘူး”

“အဲ့တာဆို ရှင်းပါတယ်” ရန်ကျောက်ကူးက ပြောရင်း ပုခုံးတွန့်ပြလိုက်သည်။ “တံခါးကို ပိတ်… ရီကျင်းကိုလွှတ်လိုက်တော့…”

Comment

Leave a Reply

Options

not work with dark mode
Reset