Switch Mode

အပိုင်း (၁၈၀၁)

အောက်ဘုံ

လမ်းစဥ်ပင်လယ်ထက်မှ တိုက်ပွဲက အလွန် ရက်စက်ပြင်းထန်ကာ သေဆုံးမှုအများအပြား ဖြစ်ပေါ်နေခဲ့၏။ အချို့သော ကျွမ်းကျင်အဆင့် တန်ခိုးရှင်များပင် ဒဏ်ရာရရှိထားကြသည်။

သို့သော်လည်း အခြားတစ်ဖက်သည် ရီဖူရှင်း အဝေးသို့ ခေါ်ဆောင်ခံသွားရပြီးနောက် သူတို့၏ တိုက်ပွဲအပေါ် စိတ်ပါဝင်စားမှုက လျော့နည်းသွားကြသည်။ တန်ခိုးရှင်အများအပြားက မေ့ထန်နှင့် ရီဖူရှင်းနောက်သို့ လိုက်ရန် ထွက်ခွာသွားကြ၏။ ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်၏ အဓိကရည်ရွယ်ချက်က ရီဖူရှင်းအား သတ်ဖြတ်ရန်သာ ဖြစ်သည်။

မေ့ထန်က ရီဖူရှင်းအား လုပြေးသွားသည့်အတွက် လူတိုင်းက အံ့အားသင့်နေကြသည်။

နတ်ဆိုးလောကက ရီဖူရှင်းအား အလစ်သုတ်ရန် ကြံစည်နေသည်လား။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။ သူတို့က ရီဖူရှင်းကို လိုက်မရှာဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အချိန်တစ်ခုထိ ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။

လမ်းစဥ်ပင်လယ်ထက်၌ ငြိမ်သက်အေးချမ်းမှုကို ပြန်မရခင်ထိ နှစ်ဖက်လုံးမှ အထိအခိုက်အကျအဆုံး များပြားခဲ့သည်။

လမ်းစဥ်ပင်လယ်၏ အလယ်၌ တစ်ချိန်က တည်ရှိခဲ့သော သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်သည့် ရှန့်ရှောင်းနတ်နန်းတော်သည် ပြားပြားဝပ် ဖျက်ဆီးခံရကာ ရေအောက်သို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။ နတ်နန်းတော်မှ အချို့သော တန်ခိုးရှင်များက တိုက်ပွဲတွင် အသက်ရှင်လျက် ကျန်ရစ်ခဲ့လျှင်ပင် အထက်ကောင်းကင်ဘုံ၌ နတ်နန်းတော်က ထပ်၍ တည်ရှိတော့မည် မဟုတ်ပေ။

အင်ပါယာနန်နှင့် နတ်နန်းတော်၏ နန်းတော်သခင်အပါအဝင် တန်ခိုးရှင်များသည် ကောင်းကင်အာဏာစက်ဘုံရှိ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ဆုတ်ခွာရန် ဆွဲခေါ်ခံကြရသည်။ ကျောင်းတော်မှ လေထုက စိတ်ဓာတ်ကျစရာ ကောင်းနေ၏။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ အာကာသခရီးသွားဝင်္ကပါသည် တိုက်ပွဲတွင် အချက်အချာဖြစ်ခဲ့ပြီး အခြားသော ထိပ်တန်းအင်အားစုများနှင့် ဆက်သွယ်ထားဆဲ ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အရင်ပြန်ဆုတ်ကြရသည်။

သူတို့သည် လျင်မြန်စွာဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ခြေချလိုက်ကြသည်။ သို့သော် အံ့အားသင့််စရာကောင်းစွာပင် သူတို့ မြင်လိုက်ရသည်က လေထဲတွင် ရပ်နေသော ငွေဖြူရောင်ဆံပင်နှင့် လူငယ်တစ်ဦးက သူတို့အား စောင့်ဆိုင်းနေသည်ကိုပင် ဖြစ်၏။ ရီဖူရှင်းက သူတို့ထက် အရင်စော၍ ရောက်နေမည်ဟု ထင်မထားခဲ့ကြပေ။

“မင်းကို မေ့ထန် ပြန်လာပို့တာလား။” အရှင်ထိုက်ရွှမ်က ရီဖူရှင်း၏ ရှေ့တွင် ဆင်းသက်ကာ မေးလိုက်သည်။ သူ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တို့ ဖြတ်ပြေးသွား၏။ မေ့ထန် ယခင်က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာဖူးသည်ကို လူအချို့သာ သိကြသည်။ ကြည့်ရသည်မှာ မေ့ထန်နှင့် ယူချင်းကြားတွင် သမိုင်းကြောင်းတစ်ခုခု ရှိနေပုံရလေသည်။

မေ့ထန်က ဤတစ်ကြိမ်တွင် ရီဖူရှင်းအား ကူညီရန် ဝင်စွက်ဖက်ခဲ့သည်လား။

သို့သော် နောက်ဆုံးအခေါက် မေ့ထန်လာရောက်သည့် အချိန်တွင် ရီဖူရှင်းအပေါ် အလွန် ရိုင်းစိုင်းကာ လေးစားခြင်းလည်း မရှိခဲ့ပေ။ ယူချင်းက သူ့ကို ဝင်ရောက်ဟန့်တားခဲ့ရ၏။

အရှင်ထိုက်ရွှမ်သည် မေ့ထန်က ရီဖူရှင်းကို ခေါ်ဆောင်သွားသည်မှာ ပြဿနာတစ်ခုခု ကြီးကြီးမားမား ပြုလုပ်ရန် ရည်ရွယ်ထားသည့်အတွက်ဟု တွေးလိုက်မိသည့်အတွက် ရီဖူရှင်းအား စိတ်ပူနေခဲ့သည်။ သို့သော် အံ့အားသင့်စရာပင် မေ့ထန်က ရီဖူရှင်းကို ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ပို့ပေးသွားခဲ့၏။

ရီဖူရှင်းသည် အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး သူတို့ဘက်မှ မည်သည့် ကျွမ်းကျင်အဆင့် တန်ခိုးရှင်ကိုမှ မဆုံးရှုံးခဲ့ရသည့်အတွက် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့ဆိုလျှင်ပင် သူတို့ဘက်မှ ကျဆုံးမှုအများအပြား ရှိနေဆဲပင် ဖြစ်၏။ လမ်းစဥ်ပင်လယ်ထက်မှ တိုက်ပွဲက ရက်စက်ကြမ်းကြုတ်လွန်းသည့်အတွက် သူတို့၏ လူသုံးပုံတစ်ပုံလောက်မှာ ပြန်လာနိုင်ခြင်း မရှိခဲ့ပေ။

“ပြောရမှာ အရှည်ကြီးပဲ။ ဒါပေမယ့် မေ့ထန်က ကျွန်တော့်ကို အခက်တွေ့စေမယ့်အရာမျိုး မလုပ်ခဲ့ပါဘူး။” ရီဖူရှင်းက အသေးစိတ်မရှင်းပြခဲ့ပေ။ အရှင်ထိုက်ရွှမ်သည် ထိုအကြောင်းအရာများက ရီဖူရှင်း၏ လျှို့ဝှက်ချက်နှင့် ဆက်နွယ်နေသည်ကို နားလည်သဘောပေါက်လိုက်သည်။ ရီဖူရှင်းက အဖြစ်အပျက် တစ်ရပ်လုံးကို မရှင်းပြနိုင်သည့်အတွက် အသေးစိတ် မမေးမြန်းတော့ပေ။

ရီဖူရှင်းက နတ်နန်းတော်၏ နန်းတော်သခင်ကို ကြည့်ကာ မေးလိုက်သည်။ “နန်းတော်သခင်… နတ်နန်းတော်ကို ဘယ်လို…..”

နတ်နန်းတော်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူတို့ ပြန်သွားရန် မဖြစ်နိုင်တော့သည်မှာ သေချာပေသည်။ သူတို့က ကြိုးစားအားထုတ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် နတ်နန်းတော်အား မကယ်တင်နိုင်ခဲ့ပေ။ ပြိုင်ဘက်၏ တပ်ဖွဲ့များမှာ အလွန် အားကောင်းလှပြီး သူတို့က အခြားသော ဘုံများမှ အင်အားစုများနှင့် ပူးပေါင်းထားသေးသည်။ ရီဖူရှင်းက အဆင့်မြင့်ရန်ဟောင်နှစ်ယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူက အသက်ရှင်လျက် ပြန်လာနိုင်ခြင်းက ကံကောင်းမှုတစ်ရပ် ဖြစ်သည်။

“ကျုပ်တို့ ဘယ်နေရာမှာပဲ သင်ကြားလမ်းညွှန်ပေးရပါစေ ပြဿနာ မရှိဘူး။ အခု နတ်နန်းတော်က ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ကောင်းကင်အာဏာစက်ကျောင်းတော်မှာလည်း နေလို့ရတယ်လေ။” နတ်နန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။ သူက နတ်နန်းတော် ဖျက်ဆီးခံရသည့်အပေါ် စိတ်မကောင်းဖြစ်မိသော်လည်း ဖြစ်ပြီးသည်များကို ပြောင်းလဲ၍ မရနိုင်သည့်အတွက် အကောင်းမြင်စိတ်များကိုသာ ထိန်းသိမ်းထားရပေလိမ့်မည်။

သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်က နတ်နန်းတော် အခက်အခဲကြုံနေရစဥ် စိတ်အားထက်သန်စွာ အကူအညီပေးခဲ့သည်အား သေချာသတိပြုမိပေသည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်က အခက်အခဲများအား ကျော်ဖြတ်ပြီးနောက် လမ်းညွှန်ပို့ချပေးသည့် အစစ်အမှန် အင်အားစုတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပေသည်။

သို့ပေမယ့် မုန်တိုင်းက ယခုချိန်ထိ ရပ်တန့်သွားခြင်း မရှိသေးပေ။

နန်းတော်သခင်၏ စကားကို ကြားသည့်အခါ ထိုဝန်းကျင်မှ တန်ခိုးရှင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် လမ်းညွှန်ပို့ချပေးရာ မြင့်မြတ်နယ်မြေနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ ဤသည်မှာ ယခင်ကသာ ဖြစ်ခဲ့လျှင် တန်ခိုးရှင်များကို စိတ်လှုပ်ရှားစေလောက်သည့် အခွင့်အရေးကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် မည်သူကမှ အောင်ပွဲခံဂုဏ်ပြုလိုစိတ် မရှိကြပေ။ သူတို့က ယခုထိတိုင် ဘေးဒုက္ခတို့အား အပြည့်အဝ ဖြတ်ကျော်၍ ပြီးမြောက်ခြင်း မရှိသေးပါချေ။

“နန်းတော်သခင်က တကယ့်ကို အမြင်ကျယ်ပြီး ရှင်းလင်းတဲ့ အတွေးရှိတဲ့ လူတစ်ယောက်ပါ။ ကျုပ်က ကျောင်းအုပ်နေရာကို လက်လျှော့ပြီး နန်းတော်သခင်ဆီ လက်လွှဲပေးဖို့ ဆန္ဒရှိပါတယ်။” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ သူသည် အထက်ကောင်းကင်ဘုံရှိ ထိုက်ရွှမ်တောင်ပေါ်တွင် ကျင့်ကြံခဲ့ပြီး ရှန့်ရှောင်းနတ်နန်းတော်၌လည်း လေ့လာမှုပြုခဲ့ဖူးသည်။

သူသည် လမ်းစဥ်ပင်လယ်သို့ သွားခဲ့စဥ်က နတ်နန်းတော်၏ နန်းတော်သခင်နှင့် တွေ့ဆုံကာ စကား​ပြောဆိုခဲ့ဖူးသည်။

နတ်နန်းတော်က ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ပေါင်းစည်းလိုက်ပြီဖြစ်ရာ သူက သူ့နေရာကို ကျိန်းသေ ဖက်တွယ်ထားလိမ့်မည် မဟုတ်ပေ။ ကျောင်းအုပ်နေရာမှာ သူ့ထက်စာလျှင် နတ်နန်းတော်၏ နန်းတော်သခင်က ပိုသင့်တော်ပေသည်။

နန်းတော်သခင်သည် အရှင်ထိုက်ရွှမ်၏ စကားကို ကြားသောအခါ ခေါင်းကို ယမ်း၍ ပြောလိုက်၏။ “ကျုပ်တို့နှစ်ယောက်လုံးက မြင့်မြတ်နယ်မြေရဲ့ လမ်းညွှန်ပို့ချသူတွေပဲ။ ဒီရာထူးအဆင့်အတန်းက ကျုပ်တို့အတွက် အဓိပ္ပါယ်နည်းန​ည်းပဲ ရှိတယ်။ အရှင်ထိုက်ရွှမ်က အရမ်းနှိမ့်ချပြီး နေရာဖယ်ပေးဖို့ မလိုအပ်ပါဘူး။”

အရှင်ထိုက်ရွှမ်က ထပ်ပြောရန် ပြင်လိုက်စဥ်မှာပင် အင်ပါယာနန်၏ စကားကို ကြားလိုက်ရ၏။ “ကျုပ်တို့ ရာထူးကိစ္စကို ဒီအရေးအခင်းပြီးသွားတဲ့အခါကျမှ ဆွေးနွေးလို့ရတယ်။ နတ်နန်းတော်က ပျက်စီးသွားပြီဆိုပေမယ့် ကျုပ်တို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို အောင်အောင်မြင်မြင် ပြန်ဆုတ်လာနိုင်ခဲ့ပြီးတော့ ရီဖူရှင်းလည်း ဘေးမသီရန်မခ ပြန်ရောက်လာတယ်။ ကျုပ်တို့ရဲ့ ရန်သူက ဒီလောက် လွယ်လွယ်နဲ့ လက်လျှော့မှာ မဟုတ်ဘူး။”

လူတိုင်းက အင်ပါယာနန်၏ စကားကို ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။ ယခု အ​ခြေအနေတွင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲနှင့် ရာထူးအကြောင်း ပြောရန်မှာ အလွန်စောနေသေးသည်။

“အချိန်တစ်ခုလောက်ထိ ကျောင်းတော်က ရန်ဟောင်အဆင့်အောက် လူတိုင်းကို တစ်နေရာပို့ထားကြရအောင်။” အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ သူသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်မှ ရန်ဟောင်အဆင့်အောက် တန်ခိုးရှင်များကို တိုက်ပွဲတွင်းမှ မြေစာပင် မဖြစ်စေလိုသည့်အတွက် နေရာရွှေ့ပြောင်းပေးထားရန် အစီအစဥ်ရှိပေသည်။

“ဆရာဘိုးဘိုး ပြန်မလာသေးဘူးလား။” ရီဖူရှင်းက မေးလိုက်သည်။

ဆရာဘိုးဘိုးသည် တစ်ကိုယ်တည်း ကျင့်သားရနေပြီဖြစ်သော အမူအကျင့်ကြောင့် သူတို့နှင့် အတူမနေပေ။

“သူ အဆင်ပြေတယ်။ တစ်ယောက်တည်း ထွက်သွားနှင့်ပြီ။” ရှန်လော့ရွှီက ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်ပြလိုက်၏။

“ကျွန်တော့မှာ ဝိညာဥ်လက်နက်တချို့ ရှိသေးတယ်။ အဆင့်မြင့်ရန်ဟောင်တွေကို ခွဲဝေပေးလိုက်ရအောင်။” ရီဖူရှင်းက ပြောလိုက်သည်။ ယခင်က ကောင်းကင်အာဏာစက်ဘုံ၏ ကျွမ်းကျင်အဆင့် တန်ခိုးရှင်များသာ ဝိညာဥ်ရတနာများ ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ရီဖူရှင်း၏ ပိုင်ဆိုင်မှုထဲတွင် ဝိညာဥ်ရတနာ အမြောက်အမြား ကျန်ရှိနေဆဲ ဖြစ်၏။ သူသည် တိုက်ပွဲက ထိုမျှထိ ပြင်းထန်လိမ့်မည်ဟု မထင်ထားမိခဲ့သောကြောင့် ဝိညာဥ်ရတနာများ ကြိုတင်ပေးထားရမည်ကို မေ့လျော့ခဲ့သည်။

သူက သေချာပေါက်ပင် ထိုရတနာများအား ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ။ သူ့တွင် ရှိသမျှ ဝိညာဥ်ရတနာများအား ခွဲဝေပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။ လူတိုင်း ဝိညာဥ်ရတနာတစ်ခုနှစ်ခု ပိုင်ဆိုင်ထားပါက သူတို့၏ တိုက်ပွဲစွမ်းရည်အား မြှင့်တင်နိုင်ပေလိမ့်မည်။

လူတိုင်းက ယဥ်ကျေးမှုအရ ငြင်းပယ်ခြင်း မပြုနေတော့ဘဲ ခေါင်းညိတ်ကာ လက်ခံလိုက်ကြသည်။ ကောင်းကင်အာဏာစက်ဘုံမှ ကျွမ်းကျင်အဆင့်တန်ခိုးရှင်များသည် ဝိညာဥ်ရတနာများသာ မပိုင်ဆိုင်ထားကာက ရှုံးနိမ့်ခဲ့ရမည် ဖြစ်သည်။ အမှန်တွင် ကောင်းကင်အာဏာစက်ဘုံသည် ကောင်းကင်ဒေသနှင့်ယှဥ်ပါက အပြတ်အသတ် အားနည်းသောကြောင့်ပင် ဖြစ်၏။ သူတို့၏ တန်ခိုးရှင်အများစုသည် သူတို့နှင့် အဆင့်တူသော ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ယှဥ်လျှင် အားနည်းကြပေသည်။

အစွမ်းထက်ဝိညာဥ်ရတနာများကသာ ဤတိုက်ပွဲတွင် စွမ်းအားကွာခြားမှုကို လျော့ကျစေခဲ့သည်။

လူတိုင်းက ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်လာသည်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုလုံး အလုပ်များလာတော့သည်။

အထက်ကောင်းကင်ဘုံ လမ်းစဥ်ပင်လယ်၏ ကမ်းခြေမြို့မှာ တန်ခိုးရှင်များ စုဝေးနေဆဲပင် ဖြစ်သည်။ သူတို့သည် နတ်နန်းတော် ပျက်စီးသွားခြင်းမှနေ၍ အနည်းငယ်သော အကျိုးအမြတ်ကို ရလိုက်ကြသည်။ သို့သော်လည်း သူတို့က စိတ်ချလက်ချနေလိုက်၍ မရသေးပေ။ သူတို့က ယခုထိတိုင် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် နတ်နန်းတော်မှ ကျွမ်းကျင်အဆင့် တန်ခိုးရှင်များအား သတ်ဖြတ်နိုင်ခဲ့ခြင်း မရှိသေးပေ။

သူတို့သည် ဤတစ်ကြိမ်၌ အကျအဆုံး အတော်များများ ရှိခဲ့ပေသည်။ အင်အားစုတစ်ခုစီမှ အစွမ်းထက် တန်ခိုးရှင်အချို့ ဆုံးရှုံးခဲ့ရသည်။

သူတို့က အရက်ဆိုင်၏ အပေါ်ထပ်၌ စုဝေးနေကြသည်။

“မေ့ထန်က ရီဖူရှင်းကို နတ်ဆိုးလောကဆီ ခေါ်သွားမယ်လို့ မထင်ခဲ့မိဘူး။ ကြည့်ရတာ မေ့ထန်က ရီဖူရှင်း ပြသခဲ့တဲ့ မဟာအင်ပါယာရဲ့ အမွေအနှစ်စွမ်းရည်ကြောင့် အထင်ကြီးသွားတာ ဖြစ်မယ်။” ကိုက်ထန်က ပြောလိုက်သည်။ သူတို့အားလုံးက ရီဖူရှင်း၏ ပါရမီကို သဘောတွေ့ကြကြောင်း သူမြင်နိုင်ပေသည်။ ရီဖူရှင်းက ရှားပါးလှသော ပါရမီရှင်တစ်ဦးဖြစ်သည်။ အကယ်၍ သူတို့သာ ဆန့်ကျင်ဘက်၌ ရပ်တည်နေခြင်း မဟုတ်ခဲ့လျှင်……

“သူသာ တကယ်ပဲ နတ်ဆိုးလောကကို ခေါ်သွားခံရတာဆိုရင် နောက်ပိုင်း ကျုပ်တို့အတွက် အခက်အခဲ​ ဖြစ်လာလိမ့်မယ်။” ရှန်ကလန်မှ ရှန်ကောင်းက ပြောလိုက်သည်။ အသက်ရှင်ရသည်ကို ပင်ပန်းနေသူမှ လွဲ၍ သူတို့က နတ်ဆိုးလောကသို့  မသွားရောက်နိုင်ကြ​ပေ။

အရှင်ဒွန်ဟောင်ပင်လျှင် နတ်ဆိုးလောကအား တိုက်ခိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်အား တာဝန်မယူနိုင်ပေ။

ရီဖူရှင်းသာ နတ်ဆိုးလောက၏ ကျင့်ကြံမှုလမ်းညွှန်ပေးခြင်းကို ရရှိခဲ့ပြီး ပြန်လာကာ လက်စားချေပါက ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်တို့အတွက် အလွန် ပြဿနာများပေလိမ့်မည်။

သူသာ နတ်ဆိုးလောကမှ တစ်ယောက်ယောက်အား ဆက်သွယ်နိုင်လျှင် ရီဖူရှင်းအား လှည့်ထုတ်ရန် မည်သို့ သွေးဆောင်ရမည်နည်းဟု ရှန်ကောင်းက တွေးလိုက်သည်။

“နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။” ကိုက်ချိန်က ပြောလိုက်သည်။

လူအများက သူတို့၏ မျက်လုံးများကို ကိုက်ချိန်ထံ ရွှေ့ကာ ပြောလာမည်အား နားထောင်နေကြသည်။ “ရီဖူရှင်းက နတ်ဘုရားအကြွင်းအကျန်နယ်မြေထဲမှာ နတ်ဘုရားအမွေအနှစ်ကို ဆက်ခံခဲ့ရတာ ဆိုရင် မဟာအင်ပါယာက ရီဖူရှင်းရဲ့ ပါရမီကို တန်ဖိုးထားမှာပဲ။”

ကိုက်ချိန်က မဟာအင်ပါယာ အရှင်ဒွန်ဟောင်၏ လက်အောက်၌ ကျင့်ကြံခဲ့သူ ဖြစ်သည်။ သူက ဖြစ်နိုင်ချေကို ထောက်ပြလိုက်သည့်အခါ လူအများက စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လိုက်ကြ၏။

မဟာအင်ပါယာကသာ ရီဖူရှင်း၏ ပါရမီကို နှစ်သက်ပါက သူက ရီဖူရှင်းအား စောင့်ကြည့်နေလိမ့်မည် ဖြစ်သည်။ သို့ဖြစ်ပါလျှင် ရွှေရောင်နတ်ပြည်ထောင်နှင့် ရှန်ကလန်အဖို့ ရီဖူရှင်းအား သတ်ဖြတ်ရန် မဖြစ်နိုင်တော့ပေ။

“မဟာအင်ပါယာ သိလောက်လား။” တစ်ယောက်က မေးလာသည်။

“နတ္ထိအင်ပါယာနန်းတော်အကြောင်းကို မမေ့နဲ့။” ကိုက်ချိန်က ပြောလိုက်သည်။ လေဟာနယ်ဘုံအတွင်းမှာ ဖြစ်ပျက်သမျှကို သူ သိချင်စိတ်ရှိနေသရွေ့ ဘယ်အကြောင်းအရာကမှ သူ့ရဲ့ သတိပြုမှုအောက်က လွတ်မထွက်နိုင်ဘူး။”

ထိုသို့ဆိုလျှင်ပင် အရှင်ဒွန်ဟောင်က လေဟာနယ်ဘုံကို အာရုံစိုက်ရန် အကြောင်းရင်း မရှိပေ။

လေဟာနယ်ဘုံ၌ တန်ခိုးရှင်ပေါင်း သန်းချီကာ ရှိလေသည်။ မဟာအင်ပါယာက ဤနေရာတွင် ဖြစ်နေသမျှ ကိစ္စရပ်လေးတိုင်းကို အရေးစိုက်ရန် မည်သို့ အချိန်ရှိနေပါမည်နည်း။ သူက ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်စုံတစ်ခုကိုသာ အာရုံစိုက်ပေလိမ့်မည်။

တောက်ပသော နတ်အလင်းတန်းတစ်ခုက အဝေးမှနေ၍ သူတို့ထံ လာနေသည်။ ကျွမ်းကျင်အဆင့်တန်ခိုးရှင်တစ်ဦး ရောက်လာကာ အစီရင်ခံလိုက်၏။ “ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတောက်ကို ပြန်ရောက်နေပြီ။”

လူအုပ်ကြီးက ကြက်သေသေသွားတော့၏။

ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်ရောက်နေသည်လား။

မေ့ထန်က သူ့အား နတ်ဆိုးလောကသို့ ခေါ်ဆောင်မသွားခဲ့သလို သတ်ဖြတ်ခြင်းလည်း မပြုခဲ့သည်လား။

ထိုသည်မှာ အလွန်ကြီးမားလှသည့် အံ့အားသင့်စရာပင် ဖြစ်၏။

ကိုက်ချိန်၏ မျက်လုံးထဲ၌ အေးစက်သည့်အကြည့်တို့ လင်းလက်လာသည်။ သူက ပြောလိုက်၏။ “ကောင်းကင်အာဏာစက် ကျောင်းတော်က ရီဖူရှင်း နတ်ဆိုးလောကရဲ့ နတ်ဆိုးစစ်သူကြီးတစ်ပါးဖြစ်တဲ့ မေ့ထန်နဲ့ လျှို့ဝှက်ပူးပေါင်းတယ်။ ကျုပ်တို့က သူ ကောင်းကင်ဒေသကို အန္တရာယ်ပြုလာမှာ ခွင့်ပြုမထားနိုင်ဘူး။”

အခြားလူများက ကိုက်ချိန်၏ စကားများကို ကြားသည့်အခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့နောက် သူတို့က ကိုက်ချိန်၏ ရည်ရွယ်ချက်အား နားလည်သွားကြ၏။ သူက ရီဖူရှင်းအား စွဲချက်တင်ရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။

နတ်ဆိုးလောကနှင့် လျှို့ဝှက်ပူးပေါင်းခြင်း ပြစ်မှုတဲ့လေ။

ဗဟိုအင်ပါယာဘုံ၏ နတ္ထိအင်ပါယာနန်းတော်အတွင်းတွင်……

နတ်ဘုရားတမန်တော်များက နတ္ထိအင်ပါယာနန်းတော်တွင် စုစည်းနေကြပြီး ကောင်းကင်သို့ မော့ကြည့်နေကြသည်။ ကောင်းကင်ထက်မှ တောက်ပသော နတ်အလင်းတို့က မျက်စိကျိန်းလောက်အောင် ထိုးဖောက်ထွက်ပေါ်လာ၏။

တောက်ပသော နတ်ရောင်ဝါတို့နှင့် လူတစ်စုက ကောင်းကင်မှ ဆင်းသက်လာသည်။

နတ်စစ်သူကြီးများက စက်ဝိုင်းသဏ္ဌာန်ဝန်းရံ၍ စောင့်ကြပ်နေသည်။ သူတို့၏ စူးရှသော မျက်ဝန်းများနှင့် တောက်ပသော ချပ်ဝတ်များကြောင့် သူတို့ကို မောက်မာပြီး အင်အားကြီးသူများဟု ထင်မှတ်ရစေသည်။

သို့သော်လည်း အလယ်မှာ ရှိနေသူက အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးငယ်လေး ဖြစ်၏။ သူမကို ကြည့်ရသည်မှာ ကျက်သရေရှိကာ တောက်ပနေသည်။ သူမ၏ အသက်ရှုမှားလောက်စရာ အလှသည် လူ့ဘုံနှင့် မသက်ဆိုင်သကဲ့သို့ သူမအနီးရှိ အရာအားလုံးကို အရောင်အသွေး ကင်းမဲ့သွားစေသည်။

လူတိုင်း၏ မျက်လုံးများက သူမထံ၌သာ ကပ်ငြိနေ၏။

နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်သည် ထိုအမျိုးသမီးငယ်လေးကို အကဲခတ်လိုက်လျှင် သူမက ရန်ဟောင်အဆင့် ရောက်နေပြီးဖြစ်သည်ကို သတိပြုမိလိုက်သည်။

ဤအမျိုးသမီးငယ်လေးမှာ တလောကလုံးမှ အမျိုးသမီးများ အားကျမနာလို ဖြစ်ရလောက်ပေသည်။

လူအနည်းငယ်ကသာ သူမ၏ မိသားစုနောက်ခံနှင့် ကိုက်ညီနိုင်သည်။ သူမက နတ်ဘုရား၏ သမီးတော်ဖြစ်ကာ အလွန် ထူးခြားစွာနှင့် မွေးဖွားလာသည်။

ကောင်းကင်ဒေသတွင် သူမနေရာမှာ သူတို့ ဖြစ်ရန် ဆုမတောင်းဖူးသည့် အမျိုးသမီးဟူ၍ မရှိပေ။ အရည်အချင်း ရှိလှသော ပါရမီရှင်တို့၏ နှလုံးသားထဲ၌ သူမ တည်ရှိသည်။ သို့သော် သူတို့သည် သူမအား အပြစ်ပြုမိမည်စိုးသောကြောင့် အပြင်သို့ပင် ထုတ်မပြောရဲဘဲ တိတ်တဆိတ်သာ စိတ်ကူးယဥ်ကြရပေသည်။

ဤလောက၌ ထိုအမျိုးသမီးငယ်လေးနှင့် သင့်တော်သူ ရှိနိုင်သလားဆိုသည်ကပင် ပြောရခက်ပေသည်။

“မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။” နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

“မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။” နတ္ထိအင်ပါယာနန်းတော်ထဲမှ လူတိုင်းသည်လည်း ဦးညွှတ်အရိုအသေပေးကာ လေးစားမှုကို ဖော်ပြလိုက်ကြသည်။ သူမအား တစ်ချက်ကလေးပိုကာ ခိုးကြည့်လိုက်မိသည်ပင် အရိုအသေမဲ့သော အပြုအမူဟု သတ်မှတ်၍ ရပေသည်။ သူမက မဟာအင်ပါယာ အရှင်ဒွန်ဟောင်၏ ဆက်ခံသူဖြစ်သည့် မင်းသမီးဒွန်ဟောင်ပင် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset