Switch Mode

အပိုင်း (၁၈၀၀)

စကားစမြည်

မေ့ထန်က သူ့ရှေ့မှ လူများကို စိုက်ကြည့်လိုက်သည်။ နတ်ဆိုးအင်ပါယာက သူ့အား အမိန့်ပေးခဲ့သည်မှာ ထိုသူ မည်သည့်နေရာ၌ ရှိနေကြောင်း အတတ်နိုင်ဆုံး ကြိုးစားရှာဖွေရန် ဖြစ်သည်။

ထိုသည်က သူ ရီဖူရှင်းအား မည်သည့်အတွက် ခေါ်လာရသနည်းဟူသော အကြောင်းပြချက်လည်း ဖြစ်သည်။

သို့သော် သိသာစွာပင် ရီဖူရှင်းက သတင်းအချက်အလက်များကို အလွယ်တကူ ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။

ထိုလူ၏ တည်နေရာကို ရှာဖွေရန် အလွန် ခက်ခဲနိုင်ပေသည်။

“ကျုပ်က သူ့ကို ကျုပ်နဲ့အတူ ခေါ်သွားမယ်ဆိုရင်ရော။” မေ့ထန်က သူ့ရှေ့မှ လူအား ပြောလိုက်သည်။

“ခင်ဗျား မလုပ်နိုင်ပါဘူး။” ထိုသူက ပြန်ဖြေလိုက်သည်။

“အဲဒါက အမှန်ပဲလား။”

အခြားအရပ်မျက်နှာမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ အဝေးတစ်နေရာဆီမှ နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာပြီး လှည့်ပတ်နေသည့် နတ်ဆိုးလေပွေက ခြိမ်းခြောက်နိုင်စွမ်း အလွန်ကြီးမားစွာဖြင့် သူတို့အနီးသို့ ချဥ်းကပ်လာလေသည်။

တဖြည်းဖြည်းနှင့် နတ်ဆိုးအရိပ်တစ်ခုမှ သဏ္ဌာန်ဖြစ်တည်လာသည်။ ထိုသူမှာ အရပ်ရှည်ကာ ထွားကြိုင်းသန်မာပြီး ကျစ်လျစ်သော ကြွက်သားတို့ ရှိသည်။ သူ၏ နောက်ကျောတွင် သွေးရောင်တောက်နေကာ ခြောက်ခြားဖွယ်ရာ နတ်ဆိုးစွမ်းအင်များ ထုတ်လွှတ်နေသည့် ပုဆိန်တစ်လက်အား သယ်ဆောင်ထားသည်။

မျက်နှာဖုံးတပ်ထားသည့် လူက ယခုမှ ထွက်ပေါ်လာသော လူကို ကြည့်လိုက်ပြီး မှတ်မိသွားသည်။ သို့သော်လည်း အလွန် ထိတ်လန့်သွားခြင်းတော့ မရှိပါချေ။

သို့ဆိုလျှင်ပင် ဤတစ်ကြိမ်၌ မေ့ထန်က ထိုသူ၏ အကူအညီယူခဲ့ခြင်းမှာ အံ့သြစရာ ဖြစ်နေသည်။

သူ၏ အသွင်အပြင်ကို အခြေခံရလျှင် ယခု ထွက်ပေါ်လာသော သူ၏ သရုပ်မှန်ကို ခန့်မှန်းရန် သိပ်မခက်ခဲပေ။ သူက နတ်ဆိုးလောကမှ နတ်ဆိုးစစ်သူကြီး ရှစ်ပါးအနက် တစ်ပါးဖြစ်သော အနီရောင်နတ်ဆိုး​ဖြစ်သည်။

အနီရောင်နတ်ဆိုးတွင် သွေးကြွေးများ တောင်ပုံရာပုံရှိနေသည်။ သူ၏ သွေးရောင်တောက်ပုဆိန်သည် နတ်ဆိုးလောက တိုက်ပွဲ၌ မရေတွက်နိုင်သော တန်ခိုးရှင်များအား သတ်ဖြတ်ခဲ့ဖူးသည်။ သူ ထိပ်ဆုံးသို့ တက်ရောက်လာသည့် နည်းလမ်းမှာ သတ်ဖြတ်ခြင်းဖြစ်ပြီး ထိုနည်းလမ်းဖြင့် နတ်ဆိုးစစ်သူကြီး ရှစ်ယောက်အနက်မှ တစ်ယောက် ဖြစ်လာခဲ့သည်။

ယခု သူက ဤနေရာ၌ ထွက်ပေါ်လာသည်။

နတ်ဆိုးအင်ပါယာက သူ၏ နတ်ဆိုးစစ်သူကြီး နှစ်ယောက်အား ဤနေရာသို့ ပို့လွှတ်လိုက်ရာ ထိုသူ၏ သတင်းအား မည်မျှ အရေးထားသည်ကို သိနိုင်ပေသည်။

ရီဖူရှင်း၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာ ပြေးလွှားနေသည်။ သူသည် နတ်ဆိုးစစ်သူကြီး နှစ်ဦးအပါအဝင် အဆင့်မြင့်တန်ခိုးရှင်များကို ဆွဲဆောင်နိုင်သော ကြီးမားသည့် မုန်တိုင်းတစ်ခု ဖြစ်ပွားရန် ထင်မှတ်မထားခဲ့ပေ။

အခြားတစ်ဖက်မှ မျက်နှာဖုံးဝတ်ဆင်ထားသည့် တန်ခိုးရှင်သုံးယောက်က နတ်စစ်သူကြီးများနှင့် ရင်ဆိုင်တွေ့နေရလျှင်ပင် တုန်လှုပ်နေခြင်း မရှိပေ။ မတွန့်ဆုတ်ဘဲ တည်တည်ငြိမ်ငြိမ်နှင့် သူတို့သည် မျက်နှာချင်းဆိုင်၌ ယုံကြည်ချက်အပြည့်ဖြင့် ရပ်နေဆဲဖြစ်သည်။

ရီဖူရှင်း၏ မွေးစားအဖေသည် လွန်ခဲ့သော နှစ်များစွာကပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ပေသည်။ သူ့တွင် မည်သည့် လုပ်စရာရှိနေ၍နည်း။

ဤတန်ခိုးရှင်သုံးဦးက သူ့အတွက် အလုပ်လုပ်ပေးနေခြင်းလား။

ရီဖူရှင်း အသေအချာ သိရှိထားသည်မှာ သူ၏ မွေးစားအဖေသည် ရီဖူရှင်း ငယ်စဥ်ဘဝကတည်းကပင် မည်သည့်အခါမှ သူ့အကြောင်းသူ မထုတ်ဖော်ခဲ့ဖူးသည်ကိုပင် ဖြစ်၏။ ထို မသင်္ကာဖွယ်ကောင်းသော လူအိုကြီးက ထိုနှစ်များအတွင်း သူ့ကိုယ်သူ ရီမိသားစု၏ အစေခံတစ်ယောက်သဖွယ် ရုပ်ဖျက်ဖုံးကွယ်ထားလေသည်။ နောက်ပိုင်း ရီဖူရှင်းက သုန်းဟိုင်မြို့တွင် နေထိုင်သည့်အခါ သူသည် ကု့ချင်းစံအိမ်တော်၌ တံမြက်စည်းလှည်းသူတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည်။ ရီဖူရှင်း သူ၏ မွေးစားအဖေအကြောင်း နောက်ဆုံး သတင်းကြားခဲ့သည်မှာ သူ့အစ်ကိုကြီး နတ်ဆိုးဓားအား အမွေဆက်ခံခဲ့ရစဥ်က ဖြစ်လေသည်။

ရီဖူရှင်းသည် သူ၏ မွေးစားဖခင်က စိတ်ကူးယဥ် ပုံရိပ်ယောင်အဖြစ်သာ တည်ရှိနေသည်ဟု ခံစားမိလုနီးနီးပင် ဖြစ်သည်။ သူက အစစ်အမှန် မဟုတ်ဘဲ လောကကြီးထဲ၌ မည်သည့် သက်ရောက်မှုမှ မရှိနိုင်သည့် အရိပ်တစ်ခုနှင့် အလားတူပေသည်။ သူက အမှန်တကယ် အပုန်းကောင်းသူ တစ်ဦး ဖြစ်ပေသည်။

ဖြစ်နိုင်သည်မှာ သူသည အမှောင်ထဲမှ နေ၍ ဖြစ်ပျက်နေသမျှ အရာအားလုံးနှင့်  ရီဖူရှင်းအား တိတ်တဆိတ် စောင့်ကြည့်နေပုံရလေသည်။

မည်သို့ပင်ဖြစ်စေ ယခု တစ်စုံတစ်ယောက်က သူ့အား ရှာဖွေချင်နေပြီ ဖြစ်သည်။

“အနီရောင်နတ်ဆိုး” မျက်နှာဖုံးဝတ်ဆင်ထားသည့် လူက ခပ်နိမ့်နိမ့်အသံနှင့် ပြောလိုက်သည်။ သူ၏ အသံက တည်ငြိမ်ကာ ခံစားချက်ကင်းမဲ့နေသည်။ မျက်နှာဖုံးနောက်မှ မျက်လုံးများက အနီရောင်နတ်ဆိုးအား အကဲခတ်နေသည်။

“သူ့ကို ကျုပ်တို့နဲ့ ခေါ်သွားလို့ရလား။” အနီရောင်နတ်ဆိုးက မေးလိုက်သည်။

“မရဘူး” မျက်နှာဖုံးတပ်ထားသော သူက ပြန်​ဖြေလိုက်၏။ “နတ်စစ်သူကြီးရှစ်ပါးက နတ်ဆိုးအင်ပါယာရဲ့ အမိန့်အောက်မှာ ရှိတယ်ဆိုပေမယ့် မေ့ထန်ရော အနီရောင်နတ်ဆိုးရောက ထိပ်ဆုံး သုံးယောက်မဟုတ်ဘူး။ ဒီနေ့မှာ နတ်စစ်သူကြီးတွေထဲက ထိပ်ဆုံးသုံးယောက်သာ ရောက်လာခဲ့မယ်ဆိုရင် ကျုပ်တို့က ရီဖူရှင်းကို ခေါ်သွားခွင့် ပြုလိုက်မှာပဲ။ ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက်ကတော့ အရည်အချင်းမမီဘူး။”

“အဲဒီလိုလား။” အနီရောင်နတ်ဆိုးက ပြောလိုက်သည်။ သူက ပုဆိန်ကိုင်ထားသည့်လက်အား ဆန့်ထုတ်လိုက်၏။ သွေးရောင်တောက်ပုဆိန်၏ တောက်ပမှုက လေထုအတွင်း ထွန်းလင်းလာသည်။ သွေးရောင်တောက်နတ်ဆိုးပုဆိန်အား ကိုင်စွဲထားသည့် အနီရောင်နတ်ဆိုး၏ မျက်လုံးများက သွေးရောင်လွှမ်းလာသည်။

လေဟာနယ်အတွင်း တင်းမာမှုတို့က သိသာထင်ရှားလာသည်။

နတ်ဆိုးအင်ပါယာ၏ လက်အောက်မှ နတ်ဆိုးစစ်သူကြီး ရှစ်ပါးတွင် မေ့ထန်နှင့် အနီရောင်နတ်ဆိုးက ထိပ်သီးသုံးယောက် မဟုတ်သည်မှာ အမှန်ပင်​ ဖြစ်၏။ သို့ပေမယ့် နတ်ဆိုးစစ်သူကြီးရှစ်ပါးမှ မည်သူမဆို အထွတ်အထိပ် တန်ခိုးရှင်များဖြစ်ကြပြီး လောကထိပ်ဆုံး၌ ရပ်တည်နေသူများ ဖြစ်လေရာ ​အခြေအနေအရပ်ရပ်ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ကြသည်။

လူအနည်းငယ်ကသာ သူတို့၏ ပြိုင်ဘက်ဖြစ်နိုင်ပေသည်။ ဤမျက်နှာဖုံးလူသုံးယောက်က မည်သို့သော စွမ်းရည်မျိုး ရှိနေ၍ ထိုမျှ မောက်မာကာ စော်ကားရဲရသနည်း။

“ခင်ဗျား စမ်းကြည့်ချင်တယ်ဆို စမ်းကြည့်လို့ရတယ်။” မျက်နှာဖုံးနှင့်လူက အနီရောင်နတ်ဆိုးကို ကြည့်ကာ ပြောလိုက်သည်။

အနီရောင်နတ်ဆိုးက ပြန်စိုက်ကြည့်လိုက်၏။ သူ့ လက်ထဲမှ သွေးနတ်ဆိုးပုဆိန်က အော်မြည်လာပြီး ပြင်းထန်သော နတ်ဆိုးစွမ်းအားများကို ထုတ်လွှတ်လာသည်။ ပုဆိန်သွားက မျက်စိကျိန်းလောက်အောင် လင်းလက်လာ၏။

သွေးနတ်ဆိုးပုဆိန်သည် မည်သည့် အပိုလှုပ်ရှားမှုမှ မရှိဘဲ တိုက်ရိုက်ပင် ခုတ်ပိုင်းလာသည်။ ပုဆိန်က ကောင်းကင်ကို ထက်ခြမ်းခွဲပစ်လိုက်ကာ သွေးအက်ကြောင်းများ ဖန်တီးလာ၏။

ဤပုဆိန်က ကောင်းကင်ကိုပင် ခွဲခြမ်းပိုင်းဖြတ်နိုင်ပေသည်။

သို့သော်လည်း တစ်ချိန်တည်းတွင် တောက်ပလှသည့် ရွှေရောင်နတ်အလင်းတန်းက ကျယ်ပြန့်သည့် လေဟာနယ်အတွင်း ရုတ်တရက် တောက်ပလာသည်။ မျက်နှာဖုံးဝတ်ဆင်ထားသည့် လူက သူ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ခမ်းနားထည်ဝါသော သဏ္ဌာန်နှင့် အလွန်တောက်ပနေသည့် ရှေးဟောင်းအက္ခရာများက မြင်ကွင်းထဲတွင် မရေတွက်နိုင်အောင် ထွက်ပေါ်လာကာ ထိုဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ထိုသူ၏ အရှေ့၌ ကြီးမားထည်ဝါလှသော ရွှေရောင်ချိပ်သင်္ကေတတစ်ခု ပေါ်ပေါက်လာသည်။ ထိုချိပ်သင်္ကေတမှ ရွှေရောင်အလင်းတို့ ဆက်လက်၍ ထွက်ပေါ်လာ​နေပြီး သွေးနီရောင်နတ်ဆိုးအလင်းများကို ဆန့်ကျင်တိုက်ခိုက်လိုက်သည်။

သွေးနီရောင်နတ်ဆိုးအလင်းက ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကာ အလင်းရောင်ဝါိတို့အား ဖြိုခွဲ၍ နောက်ဆုံး၌ ကြီးမားထည်ဝါသော ချိပ်သင်္ကေတအား ပြိုကွဲသွားစေသည်။

ဘန်း…..

လေထုက ပြင်းထန်စွာ တုန်ခါသွားသည်။ အံ့အားသင့်စရာကောင်းစွာပင် သွေးရောင်အလင်းသည်လည်း တဖြေးဖြေး ဝေဝါးပျောက်ကွယ်လာသည်။ ၎င်းက အကန့်အသတ်မဲ့ ချိပ်သင်္ကေတတို့အား ထိုးဖောက်လိုက်သော်လည်း မျက်နှာဖုံးလူ၏ ဒိုင်းကာကို ထိုးဖောက်နိုင်ခြင်း မရှိပေ။

“အဲဒါ မင်းပဲ။”

မေ့ထန်နှင့် အနီရောင်နတ်ဆိုးက တစ်ချိန်တည်း၌ အော်ဟစ်လိုက်သည်။ ကောင်းကင်ဒေသ၌ ဒဏ္ဍာရီဆန်စွာ တည်ရှိခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက သူတို့ စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လူအများသည် ထိုလူ သေဆုံးသွားခဲ့ပြီဟု တွေးထင်ထားကြပေသည်။

သို့သော် မမျှော်လင့်ဘဲ သူက မျက်နှာဖုံးတစ်ခုနှင့် ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်။

ထိုလူက ဤပုဂ္ဂိုလ်အား မည်သို့ ရှာဖွေတွေ့ရှိခဲ့သနည်း။

ထို့ပြင် မေ့ထန်နှင့် အနီရောင်နတ်ဆိုး၏ ခန့်မှန်းချက်များက မှန်ကန်လျှင် အခြားမျက်နှာဖုံးလူနှစ်ယောက်က မည်သူ ဖြစ်နိုင်သနည်း။

သူတို့ကရော သူ့လိုပင် သန်မာအားကောင်းသည်လား။

မေ့ထန်နှင့် အနီရောင်နတ်ဆိုး နှစ်ဦးလုံးက ထိတ်လန့်သွားကာ မျက်နှာဖုံးတပ်ထားသည့် အခြားလူနှစ်ဦးကို ကြည့်လိုက်မိသည်။ သူတို့သည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်ကာ တူညီသော စွမ်းအားများကို ထုတ်လွှတ်နေပြီး မြင်ကွင်းကို စောင့်ကြည့်နေကြသည်။

ဤလူသုံးယောက်တွင် တူညီသည့် လုပ်နိုင်စွမ်းတို့ ရှိနေပါလျှင် မေ့ထန်နှင့် အနီရောင်နတ်ဆိုးတို့သည် သူတို့၏ တာဝန်ကို ပြီးမြောက်ကြလိမ့်မည် မဟုတ်ပေ။ သူတို့က ဤသုံးယောက်အား အနိုင်မယူနိုင်ပါက ထိုပုဂ္ဂိုလ်၏ တည်နေရာကို ဖော်ထုတ်ရန်မှာ ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ယခုအချိန်၌ ရီဖူရှင်းအား ခေါ်ဆောင်သွားရန်မှာ သူတို့အတွက် ခက်ခဲပေလိမ့်မည်။

“ကျုပ်တို့က ကောင်းကင်ဒေသရဲ့ နယ်မြေတစ်ခု​ဖြစ်တဲ့ လေဟာနယ်ဘုံထဲမှာ ရောက်နေပေမယ့် ခင်ဗျားက ပြင်ပလေဟာနယ်ထဲကို ခေါ်လာခဲ့တာဆိုတော့ အာရုံစိုက်မှု အများကြီး မခံချင်လို့ပဲ ဖြစ်ရမယ်။” မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။ “အဲဒီလိုဆိုမှတော့ ကျုပ်တို့ ဒီနေရာမှာ မတိုက်ခိုက်တာ ကောင်းလိမ့်မယ်။ ဒီနေရာမှာဆို စွမ်းအားသက်ရောက်မှုက လူတွေရဲ့ အာရုံစိုက်မှုကို ပိုပြီးတောင် ဖမ်းစားနိုင်လိမ့်မယ်။ ဒါဆို ကျုပ်တို့ နှစ်ဖက်လုံးအတွက် မကောင်းဘူး။”

“ရီဖူရှင်းအတွက်ကတော့….. ကျုပ်တို့ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် ခင်ဗျားတို့ နှစ်ယောက်ထက် ကျုပ်တို့ သုံး​ယောက်က ပိုပြီး အရေးသာမှု ရှိမှာပဲ။ ခင်ဗျားတို့ သူ့ကို ခေါ်မသွားနိုင်မှတော့ ဘာလို့ ဒီနေရာမှာ ချန်မထားခဲ့တာလဲ။”

မေ့ထန်နှင့် အနီရောင်နတ်ဆိုးသည် ထိုလူ့ကို သတိပြုမိသွားကတည်းက ထိုသူ ပြောနေသည်မှာ အမှန်ဖြစ်ကြောင်း သိရှိကြပေသည်။

ဤမျက်နှာဖုံးလူသုံးယောက်က တူညီစွာ အစွမ်းထက်နေပါလျှင် သူတို့အနေနှင့် ရီဖူရှင်းအား ခေါ်ဆောင်သွားနိုင်ရန်မှာ မသေချာတော့ပေ။

“သူက နတ်ဆိုးလောကကို ဘယ်အချိန် ပြန်လာမှာလဲ။” မေ့ထန်က မေးလိုက်သည်။

ထိုပုဂ္ဂိုလ်မှာ နတ်ဆိုးလောက၏ အကြီးဆုံးသစ္စာဖောက် ​ဖြစ်၏။ နတ်ဆိုးအင်ပါယာက ထိုပုဂ္ဂိုလ်အား အသေရရအရှင်ရရ အလိုရှိနေပေလိမ့်မည်။

“ခင်ဗျား နတ်ဆိုးအင်ပါယာဆီ ပြန်ပြီး အစီရင်ခံလိုက်။ သူက အပြီးသတ် လုပ်သင့်တာတွေ လုပ်ပြီးတဲ့အခါ ပြန်လာပါလိမ့်မယ်လို့။” မျက်နှာဖုံးလူက ပြောလိုက်သည်။

“သူ့ကိစ္စတွေက မပြီးပြတ်နိုင်ရင်ရော။” မေ့ထန်က မေးလိုက်၏။

“သူ ပြန်လာမှာ မဟုတ်ဘူး။” ထိုသူက ပြန်ဖြေလိုက်သည်။ ထိုပုဂ္ဂိုလ်က သူ၏ ရည်မှန်းချက် မပြည့်မချင်း နတ်ဆိုးလောကသို့ ပြန်သွားလိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူက တိုင်းတစ်ပါး၌ပင် ခေါင်းချသွားပေလိမ့်မည်။

“သူ့ကိုရော ဘယ်လိုစီစဥ်မှာလဲ။” မေ့ထန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရီဖူရှင်းဘက်သို့ လှည့််ကြည့်လိုက်ကာ မျက်နှာဖုံးလူအား မေးလိုက်သည်။ သိသာစွာပင် သူတို့က ထိုတောင်းဆိုချက်အား လက်ခံရန် ရည်ရွယ်ထားသည်။ သူတို့ တွေ့နေရသည့်သူသာ တခြားလူဖြစ်ပါက မေ့ထန်နှင့် အနီရောင်နတ်ဆိုးက အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က နတ်ဆိုးအင်ပါယာ၏ လက်အောက်မှ နတ်ဆိုးစစ်သူကြီးများ ဖြစ်သည် မဟုတ်ပါလား။

သို့သော် ယခုတွင် သူတို့၏ ပြိုင်ဘက်များက ထိုပုဂ္ဂိုလ်၏ အမိန့်နောက်လိုက်ပါနေသည်။ မေ့ထန်နှင့် အနီရောင်နတ်ဆိုးတို့သည် သူတို့ ရင်ဆိုင်ရမည့်သူက  မည်သူဖြစ်သည်ကို သိရှိထားသည့်အတွက် ဆုံးဖြတ်ချက်များက ယိမ်းယိုင်လာသည်။

ဤသည်မှာ နတ်ဆိုးလောက၏ အတွင်းရေးပြဿနာ​ ဖြစ်သည်။

ထို့ပြင် မေ့ထန်သည် ထိုလူ၏ ခေါင်းမာမှုနှင့် ဇွဲနပဲကြီးမှုတို့ကြောင့် သူ့ ယုံကြည်ချက်က ယိုင်နဲ့လာတော့၏။

မည်သည့်အတွက်ကြောင့် ထိုပုဂ္ဂိုလ်က နတ်ဆိုးလောက၏ အကြီးဆုံးသစ္စာဖောက် ဖြစ်လာရသနည်း။

သူက မည်သည့်အတွက် ဤကိစ္စရပ်များကို လုပ်ဆောင်ခဲ့ရသနည်း။

မေ့ထန်သည် အတိတ်က ကိစ္စအချို့အား ကြားဖူးသော်လည်း ထိုအရာများက အမှန်ဖြစ်သည်လား မပြောနိုင်ပေ။

“ကျုပ်တို့ ဒီနေရာမှာ ဘယ်တုန်းကမှ ပေါ်လာခဲ့ဖူးတာမျိုး မရှိဘူး။ သူက သူ့ဘာသာ ပြန်သွားလိမ့်မယ်။” မျက်နှာဖုံးလူက ပြန်ဖြေလိုက်သည်။

မေ့ထန်က သူ့အား တစ်ချက်ကြည့်လိုက်သည်။ ထိုလူ၏ သရုပ်မှန်အား သူ သိရှိထားကတည်းက ထိုလူသည် ကောင်းကင်ဒေသ၌ ဘယ်သောအခါမှ ထွက်ပေါ်လာနိုင်မည် မဟုတ်သည်ကိုလည်း နားလည်ထားသည်။ သူတို့က အမှောင်ထဲတွင်သာ ပုန်းကွယ်နေထိုင်ကြရပေမည်။

“လမ်းစဥ်ပင်လယ် တိုက်ပွဲက အခုထိ မပြီးသေးဘူး။ ရီဖူရှင်းက အဲဒီကို ပြန်သွားလို့ အန္တရာယ်ကျလာခဲ့ရင် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်မှာလား။” မေ့ထန်က သိလိုစိတ်နှင့် မေးလိုက်သည်။

“နှစ်ဖက်လုံးက လက်ရည်ညီနေတယ်။ ဒီတစ်ကြိမ်မှာ ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို အနိုင်ယူနိုင်မယ်လို့ မထင်ဘူး။ နောက်တစ်ခေါက် ထပ်တိုက်ဖို့ဆိုတာက အခြေအနေနဲ့ အချိန်အခါ သင့်မှာ မဟုတ်ဘူး။” မျက်နှာဖုံးနှင့်လူက တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့ပြင် ရီဖူရှင်းက  ဤဖြစ်ရပ်များကို သူကိုယ်တိုင်သာ ကိုင်တွယ်ဖြေရှင်းသင့်ပေသည်။

ရီဖူရှင်း သေခါနီးဆဲဆဲ အခြေအ​နေ မရောက်သရွေ့ သူတို့က မည်သည့်အခါမှ ထွက်ပေါ်လာမည် မဟုတ်ပေ။

သူတို့၏ တည်ရှိမှုက ဖုံးကွယ်ထားရမည့် အနေအထားဖြစ်သည်။ ယခု လေဟာနယ်ဘုံတွင် ပြင်ပဘုံမှ တန်ခိုးရှင်များ ရောက်နေသည့်အတွက် သူတို့က ပေါ်လွင်ထင်ရှားမှု မရှိစေရန် အထူးသတိထားရမည် ဖြစ်၏။ ဖြတ်လမ်းကြောင်းပွင့်မလာခင် သူတို့ လေဟာနယ်ဘုံသို့ ရောက်နေသည်ကို သိသွားပါက သူတို့သည် အလွယ်တကူ အာရုံစိုက်ခံကြရပေလိမ့်မည်။

“ကောင်းပြီ။ ဒါဆို ကျုပ်ပဲ သူ့ကို အထက်ကောင်းကင်ဘုံ ပြန်ပို့လိုက်မယ်။” မေ့ထန်က ပြောလိုက်သည်။

မျက်နှာဖုံးလူက ခေါင်းညိတ်လိုက်ပြီးနောက် နောက်သို့ ဆုတ်ကာ ပါးလျသော လေထုအတွင်း ပျောက်ကွယ်သွားလေသည်။ သူတို့က မေ့ထန် စကားမတည်မည်ကို သံသယဝင်ခြင်း မရှိဘဲ ချက်ချင်း ထွက်ခွာသွားလေသည်။

မေ့ထန်သည် နတ်ဆိုးအင်ပါယာ၏ နတ်စစ်သူကြီး ရှစ်ပါးမှ တစ်ပါးဖြစ်သည်။ သူတို့သည် မေ့ထန်က တူညီသောကျင့်ကြံဆင့်မှ တန်ခိုးရှင်အချင်းချင်း ထားရှိသော ​အခြေခံလေးစားမှုကြောင့် သူ၏ ကတိအား သူထိန်းသိမ်းမည်ဟု ယုံကြည်ပေသည်။ သူတို့က မေ့ထန် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိထားကြ၏။

အနီရောင်နတ်ဆိုး၏ ခန္ဓာကိုယ်သည် သွေးရောင်အလင်းတို့ဖြင့် လင်းလက်နေဆဲဖြစ်သည်။ သူက မေ့ထန်ကို ကြည့်ကာ မေးလိုက်၏။ “သူ ဘာလုပ်ချင်နေတာလဲ မင်းသိလား။”

အနီရောင်နတ်ဆိုး ရည်ညွှန်းသည့် ‘သူ’ ဆိုသည်မှာ ထိုပုဂ္ဂိုလ်ကို ဆိုလိုခြင်း ဖြစ်ပေသည်။

“သူက တကယ် သစ္စာရှိတာလဲ ဖြစ်ချင်ဖြစ်မှာ​ပေါ့။” မေ့ထန်က ရီဖူရှင်းထံ အကြည့်တို့ ရွှေ့ရင်း ရေရွတ်လိုက်သည်။ ထိုပုဂ္ဂိုလ်က ယူချင်းကို ရီဖူရှင်းအတွက် ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။

ရီဖူရှင်းက ထိုပုဂ္ဂိုလ် ရွေးချယ်ခဲ့သည့်သူလား။

ရီဖူရှင်းက အင်ပါယာရီချင်၏ မျိုးဆက်တစ်ဦးလား။

မေ့ထန်သည် အဖြစ်မှန်အား သေချာမသိရှိသော်လည်း ဖြစ်နိုင်ချေမြင့်မားပေသည်။ ရီဖူရှင်း၏  အသက်ကလည်း ကိုက်ညီနေသည်။

အခြားတစ်ဖက်တွင် ရီဖူရှင်းသည် မေ့ထန်နှင့် အနီရောင်နတ်ဆိုးတို့ မည်သည့်အကြောင်း ပြောနေသည်ကို မသိရှိပေ။ သူက ယနေ့ သူ ကြားရသမျှ မြင်ရသမျှကို အံ့အားသင့်ကာ ရှုပ်ထွေးနေသည်။

အကယ်၍ သူတို့ ဆွေးနွေးမှုမှ အဓိကလူမှာ သူ့မွေးစားအဖေ ဖြစ်သ​ည်ဆိုပါက မွေးစားအဖေက မည်သည်ကို လုပ်ချင်နေသနည်း။

သူက ကလေးဘဝကတည်းကပင် မွေးစားအဖေ သူ့အား ခဏခဏ သတိပေးခဲ့သည့် ‘သူက ဧကရာဇ်တစ်ပါး ဖြစ်ရန် မွေးဖွားလာသူ’ ဟူသော စကားလုံးအား မှတ်မိနေသည်။

သူ့ မွေးစားဖခင်က လုပ်ဆောင်ရမည့် ကိစ္စရပ်များအတွက် အုတ်မြစ်ချနေခဲ့ခြင်းလား။

သူ့ မွေးစားဖခင်က သူ့ကို ဧကရာဇ်တစ်ပါးဖြစ်ရန် ကံကြမ္မာရှိသည်ဟု မည်သည့်အတွက်ကြောင့် ပြောခဲ့သနည်း။ သူ၏ မွေးစားအဖေက မည်သူနည်း။

သူ့ မွေးစားအဖေနှင့် နတ်ဆိုးလောကမှ နတ်ဆိုးအင်ပါယာကြားတွင် မည်သို့သော ပတ်သတ်မှု ရှိနေသနည်း။ နတ်ဆိုးအင်ပါယာက သူ့ကို မည်သို့ တွေးနေသနည်း။

မေးခွန်းများစွာအတွက် ရီဖူရှင်းထံတွင် အဖြေမရှိခဲ့ပေ။ သူက အလွန်အမင်း မေးမြန်းချင်နေသော်လည်း မေ့ထန်နှင့် အနီရောင်နတ်ဆိုးက သူ့ကို ပြောပြမည်မဟုတ်သည်အား သိရှိပေသည်။

သူ့မွေးစားအဖေနှင့် နောက်ထပ် ပြန်တွေ့နိုင်ရန် အခွင့်အရေးသည်ပင် နည်းပါးလှသည်။ သူသည် မွေးစားအဖေအား နှစ်ပေါင်းများစွာ မတွေ့ခဲ့ရပေ။

မွေးစားအဖေ အခု မည်သည့်နေရာ၌ ရှိနေသနည်း။

***

Comment

Leave a Reply

Options

not work with dark mode
Reset