Switch Mode

အပိုင်း (၁၇၉၈)

သုတ်သင်ခြင်း

လမ်းစဥ်ပင်လယ်ထက်မှ တိုက်ပွဲကို ကြည့်ရှုရန် လူတိုင်း ထသွားကြရာ ပင်လယ်ကမ်းစပ်ရှိ စားသောက်ဆိုင်တွင် လူပင် မကျန်သလောက်နီးပါး ဖြစ်သွားရသည်။ တန်ခိုးရှင်များက တိုက်ပွဲအား ကောင်းကောင်း ကြည့်ရှုနိုင်ဖို့ရာ လေထဲသို့ တက်သွားကြပေသည်။

စားသောက်ဆိုင်ထဲ၌ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သာ ကျန်ရှိနေပြီး သူက ပုံမှန်အတိုင်း စားသောက်ရင်း ထိုင်နေသည်။ မေ့ထန်သည် အမြဲလိုလို တစ်ယောက်တည်းသာ ဖြစ်သည်။ ဤနေရာ၌ သူတစ်ယောက်တည်းသာ ရှိပြီး လောကကြီး၏ အရေးအခင်းများက သူနှင့် မည်သို့မှ မသက်ဆိုင်သကဲ့သို့ ရှိနေသည်။

သို့သော် အမှန်တွင် လမ်းစဥ်ပင်လယ်ထက်၌ ဖြစ်ပျက်နေသမျှက သူ၏ သတိပြုမှုအောက်မှ မလွတ်မြောက်နိုင်ပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်သို့ သွားရောက်ခဲ့ပြီးနောက် သူက အခြေအနေအရပ်ရပ်အား နတ်ဆိုးအင်ပါယာကို အစီရင်ခံရန် နတ်ဆိုးဘုံသို့ ပြန်သွားခဲ့ရသည်။

ထိုသည်မှာ အလွန် သက်ရောက်မှု ကြီးမားသော အဖြစ်အပျက်ပင် ဖြစ်လေသည်။ နတ်ဆိုးစစ်သူကြီးရှစ်ပါးထဲမှ တစ်ပါးပင်လျှင် ထိုကိစ္စနှင့် ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိပေ။

သူ ပြန်ရောက်ပြီးနောက် အမိန့်တစ်ခုကို လက်ခံခဲ့ရတာကြောင့် သူက လေဟာနယ်ဘုံသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ရီဖူရှင်းက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် တောက်ပသည့် ဧကရာဇ်ရောင်ဝါတို့အား ထုတ်ဖော်ပြသသော အချိန်ကပင် တိုက်ပွဲအား မြင်တွေ့ခဲ့သည်။ လူတိုင်း ထိုစွမ်းရည်ကို ရီဖူရှင်း နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ရရှိ အမွေဆက်ခံလာရသည်ဟု ပြောနေကြသည်။

သို့သော် ဤသည်က အမှန်တကယ်ပင် ထိုသို့ ဖြစ်နေသည်လား။

ဤပြဿနာက ကျိန်းသေ ရိုးရှင်းခြင်း မရှိပေ။

ထိုဧကရာဇ်အသိက အမှန်ပင် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ အမွေဆက်ခံလာခြင်းပေလား။

မေ့ထန်က ယူချင်း၏ သရုပ်မှန်ကို သိရှိထားသည်ဖြစ်ရာ သူက ထိုကဲ့သို့ မတွေးပေ။ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ အမွေဆက်ခံခဲ့ရခြင်းဟူသည်မှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ မဟာအင်ပါယာ၏ အမွေအနှစ်အား ဆက်ခံခဲ့ရပြီး ဖုံးကွယ်ထားသည့် စွမ်းအားတို့်အား ထုတ်ဖော်အသုံးပြုနိုင်ခြင်းက ရီဖူရှင်း၏ ကံကောင်းခြင်းပင် ဖြစ်၏။ ထို့ပြင် မည်သူကမှ ထိုအကြောင်းကို လေးလေးနက်နက် မတွေးခဲ့ကြပေ။ ဘုံကိုးဘုံမှ လူတိုင်းသည် ဤစွမ်းအားတို့မှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ရရှိခဲ့သည်ဟုသာ မှတ်ယူထားကြသည်။ ရီဖူရှင်းသည် အလွန် အရှက်မဲ့စွာဖြင့် အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ သူသည် မဟာအင်ပါယာ၏ အမွေကို ဆက်ခံခဲ့ရသည်အား နတ်ဘုရားများအားလုံးက မျက်မြင်တွေ့ခဲ့ကြသည်ဟု ဆိုခဲ့ပေသည်။ ရီဖူရှင်း၏ အတိတ်ကို စုံစမ်းစစ်ဆေးလျှင်ပင် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဖြစ်ခဲ့သော ကိစ္စရပ်များက ပဟေဠိ ​ဖြစ်နေဦးမည် ဖြစ်သည်။

ရီဖူရှင်း နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ထွက်လာခဲ့စဥ်က ဘုံကိုးဘုံလုံးကို အမှန်ပင် ကိုင်လှုပ်နိုင်ခဲ့ကာ ကျော်ကြားသည့် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်ခဲ့သည်။ ထိုနတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ ဖြစ်ပျက်ခဲ့သော အဖြစ်ခဲ့သော သူ၏ တိုးတက်မှုလမ်းကြောင်းတွင် မရှိမဖြစ်အရေးပါသော အပိုင်းတစ်ခုပင် ဖြစ်သည်။ လူအများသည် ရီဖူရှင်း ထိုနတ်ဘုရားနယ်မြေမှ အမွေဆက်ခံလာရသည်ဟုပင် တွေးထင်ကြပေလိမ့်မည်။ သူက မဟာအင်ပါယာ၏ စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့သည့်အတွက် ပြီးပြည့်စုံသော နတ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့ပေသည်။

ထို့ကြောင့် သူ ပြောင်းလဲလာခြင်း ဖြစ်သည်။

ထိုအဖြစ်ကြောင့်ပင် အရာအားလုံး၏ နောက်ကွယ်၌ အဖြစ်မှန်ရှိနေသေးသည်ကို မည်သူမှ မသိကြခြင်း ဖြစ်သည်။

ထိုဧကရာဇ်အသိက သူနှင့်အတူ အမြဲရှိနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။

သူက နတ်ဘုရားအကြွင်းအကျန်နယ်မြေသို့ မဝင်ရောက်ခင်ကပင် ထူးချွန်ပြောင်မြောက်​နေပြီးသား ဖြစ်သော်လည်း သူ၏ စွမ်းအားများကို မည်သည့်အခါကမှ မပြသခဲ့ခြင်း ​ဖြစ်နိုင်ပေသည်။ နတ်ဘုရားအကြွင်းအကျန်နယ်မြေအတွင်းမှ အခြေအနေက သူ၏ တောက်ပမှုကို ထုတ်ဖော်ပြသရန် အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့ပြီး သူ့နာမည်ကို ကျော်ဇောလာစေဖို့ရာ စတင်လုပ်ဆောင်နိုင်ခဲ့သည်။

ယူချင်းကဲ့သို့ လူမျိုးကို သူ့နောက်သို့ လိုလိုလားလား လိုက်ပါလာအောင် လုပ်ဆောင်နိုင်သော သူမျိုးက နတ်ဘုရားအကြွင်းအကျန်နယ်မြေကြောင့်သာ ပြောင်းလဲသွားခြင်းက မဖြစ်နိုင်ပေ။

မေ့ထန်သည် သိသာစွာပင် ထိုအကြောင်းပြချက်အား မယုံကြည်ပါချေ။

သူ၏ နတ်အာရုံသည် ရီဖူရှင်း၏ တိုက်ပွဲကို အနီးကပ်စောင့်ကြည့်လျက် ရှိသည်။ မဟာလမ်းစဥ်၏ အဆုံးမဲ့စွမ်းအားများက နေရာတခွင်ကို ဖုံးလွှမ်းထားသည်။ ရီဖူရှင်းက ထိုနေရာတွင် သူ၏ ကိုယ်ပိုင်လောကတစ်ခုကို ဖန်တီးထားပေသည်။

ထိုအချိန်တွင် သူ၏ ကိုယ်ပိုင်လောကအတွင်း ရှိနေသော သတ္တမဆင့် တန်ခိုးရှင်နှစ်ယောက်သည် စိတ်ဓာတ်ကျစွာနှင့် ရီဖူရှင်းကို ကြည့်လိုက်ကြသည်။

သူသည် ရွှေရောင်နတ်ပြည်ထောင်မှ သတ္တမဆင့် ရန်ဟောင်တန်ခိုးရှင်အား တစ်ချက်တည်းနှင့် ဒဏ်ရာရစေခဲ့သည်။ ရှန်ကလန်တန်ခိုးရှင်က တိုက်ခိုက်လိုက်သော်လည်း ရီဖူရှင်းအား ထိခိုက်စေရန် မစွမ်းသာခဲ့ပေ။

ဓားစွမ်းအားများက ကောင်းကင်တွင် လှုပ်ရှားနေပြီး ရီဖူရှင်းက ဓားကို ဆုပ်ကိုင်လိုက်သည်။ သူက ထိုနှစ်ယောက်ကို ကြည့်လိုက်၏။ သတ္တမဆင့်တန်ခိုးရှင် နှစ်ယောက်က ကျောချင်းကပ်ကာ ရပ်နေကြပြီး မတူညီသည့် အရပ်မျက်နှာမှ တိုက်ခိုက်မှုများကို စောင့်ကြပ်ရန် တာဝန်ယူထားကြသည်။

ဝှစ်

ရီဖူရှင်းက လှုပ်ရှားလိုက်လျှင် မယုံနိုင်လောက်အောင် ပြင်းထန်သော ဓားစွမ်းအားများ ပေါက်ကွဲထွက်လာကာ လေဟာနယ်အား ဖြိုခွင်းလိုက်သည်။

ရုတ်တရက် ရှန်ကလန် တန်ခိုးရှင်၏ ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသည်က ရီဖူရှင်း ဖြစ်သည်။ သူ၏ နတ်ဓားက လေထုကို ဖြတ်ကာ အောက်သို့ ထိုးဆင်းလာသည်။ ရှန်ကလန် တန်ခိုးရှင်၏ ရှေ့ရှိ ခုနစ်ဆဆေးပေါင်းအိုးမှ ထောင်ချီသော အလင်းတို့ ထိုးထွက်လာကာ အလင်းတန်းတစ်ခုစီ၌ ကြီးမားသော ဖျက်ဆီးခြင်းစွမ်းအားများ ပါဝင်နေသည်။ ၎င်းတို့က လေထုကို အလွှာလိုက် ဖြတ်ကာ ရှေ့တွင်ရှိနေသော အရာအားလုံးကို ခြွင်းချက်မရှိ ဖျက်ဆီးပစ်လေသည်။

သို့ဆိုလျှင်ပင် ရီဖူရှင်း၏ ပုံရိပ်က ပျောက်ကွယ်သွားနေဆဲ ဖြစ်သည်။ သူက ထိုတန်ခိုးရှင်၏ အထက်၌ ပြန်ပေါ်လာကာ သူ့ဓားကို အောက်သို့ ထိုးစိုက်လိုက်သည်။

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်သည် သူ၏ ရွှေရောင်လှံကို တည့်မတ်စွာ ထိုးသွင်းလိုက်သည်။

ဤတစ်ကြိမ်၌ ရီဖူရှင်းက ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။ သူ၏ နတ်ဓားက ထိုးဆင်းလာပြီး ရွှေရောင်လှံကို ရိုက်ခတ်မိသည်။ သူက ဧကရာဇ်ရောင်ဝါတို့နှင့် လွှမ်းခြုံထားဆဲဖြစ်ရာ သူ၏ တိုက်ခိုက်မှုစွမ်းအားက ပို၍ အားကောင်းသန်မာနေသည်။ သို့သော် သတ္တမဆင့် တန်ခိုးရှင်နှင့် ထိပ်တိုက်ရင်ဆိုင်မိသည့်အခါ သူသည် ထိုတိုက်ခိုက်မှုကြောင့် သူ၏ အတွင်းကလီစာများ တုန်ခါသွားသည်ဟု ခံစားနေရဆဲပင် ဖြစ်သည်။ သူက နောက်တစ်ခါ ပျောက်ကွယ်သွားသော်လည်း တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်း အလင်းတန်းက အောက်ဘက်သို့ ထိုးဆင်းလာသည်။ ဓားစွမ်းအားက သူ့ ပြိုင်ဘက်၏ ခန္ဓာပေါ်တွင် အမှတ်အသားချန်ရစ်ခဲ့သည်။

ရီဖူရှင်းက အဝေးတစ်နေရာတွင် ပြန်ထွက်ပေါ်လာသည်။ အခြားနှစ်ယောက်က သူ့ကို စိုက်ကြည့်​နေကြပြီး သူတို့၏ မျက်နှာက အရုပ်ဆိုးလျက်ရှိသည်။

သူတို့ နှစ်ယောက်သည် သတ္တမဆင့် တန်ခိုးရှင်များဖြစ်သော်လည်း ရီဖူရှင်းအား ထိန်းချုပ်ရန် မတတ်နိုင်ဘဲ လက်ဦးမှုရယူရန် ခွင့်ပြုထားသကဲ့သို့ ဖြစ်နေပေသည်။ ထို့ပြင် သူတို့ ကြိုးစားသည့်အခါတိုင်း သူတို့ကြားမှ လေဟာနယ်ကို မဖြတ်ကျော်နိုင်ခဲ့ချေ။ သူတို့က လုံလောက်အောင် သန်မာခြင်း မရှိခဲ့ပေ။ သူတို့သာ ယခုထက်ပို၍ အနည်းငယ် သန်မာခဲ့ပါက ဤနယ်မြေအတွင်းမှ လေဟာနယ်ထိန်းချုပ်မှုကို ဖျက်ဆီးနိုင်ပေလိမ့်မည်။ ယခုတွင် နတ်ဝင်ရိုးအတွင်းမှ ဧကရာဇ်အသိက ဤနယ်မြေအား ပို၍ တည်ငြိမ်စေရန် လုပ်ဆောင်ပေးနေ၏။

ရီဖူရှင်းက သူတို့နှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ အဆင့်မြင့် ရန်ဟောင်များက အဆင့်မြင့်ရန်ဟောင်များသာ ​ဖြစ်သည်။ သူ့တွင် အားသာချက်ရှိနေလျှင်ပင် သူတို့အား သတ်ဖြတ်ရန် ခက်ခဲပေသည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းတို့၌ အစွမ်းထက်လှသည်။ သာမန်စွမ်းရည်များက သူတို့အား သက်ရောက်စေသော်လည်း ထိခိုက်ဒဏ်ရာအများကြီး မပေးနိုင်ပေ။

အစွမ်းထက် ဓားပညာသည်ပင် သူတို့ကို ထိရောက်စွာ မတိုက်ခိုက်နိုင်ပေ။

သူ၏ မြင့်မားသောအဆင့်၊ ပြီးပြည့်စုံသော နတ်ဝင်ရိုး၊ ဧကရာဇ်အသိနှင့် နတ်ဓားတို့အား ပေါင်းစပ်ထားလျှင်ပင် အဆင့်မြင့်ရန်ဟောင်တို့အား နှောင့်နှေးသွားစေခြင်း မရှိချေ။ သူတို့သာ အဋ္ဌမဆင့်၌ ရှိနေပါက သူသည် သူတို့်အား မည်သို့မျှ ကိုင်တွယ်နိုင်စွမ်း ရှိမည် မဟုတ်သော်လည်း သူတို့က သူ၏ နတ်ဝင်ရိုးကို တိုက်ခိုက်နိုင်သွားပေလိမ့်မည်။

ယခု သူ၏ လုပ်ဆောင်ချက်သည်ပင် လူအများက ဖြစ်နိုင်သည်ဟု တွေးထင်ထားသော စံသတ်မှတ်ချက်ထက် ကျော်လွန်နေခဲ့ပြီး ဖြစ်သည်။ အဆင့်နိမ့်ရန်ဟောင်တစ်ပါးက အဆင့်မြင့်ရန်ဟောင် နှစ်ယောက်ကို ယှဥ်တိုက်နိုင်လိမ့်မည်ဟု မည်သူမှ တွေးထင်ထားမိမည် မဟုတ်ပေ။

သူတို့ကြားတွင် အလယ်အလတ်အဆင့် ရန်ဟောင်ဟူသော နယ်ပယ်တစ်ခုလုံး ကွာခြားနေပေသည်။

သူ၏ ဓားက သူတို့အား မထိခိုက်နိုင်လျှင် သူက တိုက်ခိုက်မှု နည်းလမ်းကို ပြောင်းလဲရတော့မည် ဖြစ်သည်။

ဟူး…

ဓားစွမ်းအားက လောကကြီးထဲမှ ရုတ်ချည်း ပျောက်ကွယ်သွားပြီး တလောကလုံးက မှိုင်းညို့ကာ မွန်းကြပ်ဖွယ်ကောင်းလာသည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဥ် ကြယ်စင်များက လှည့်ပတ်နေပြီး ဖိအားများကြောင့် အရာအားလုံးကို လေးလံသော ခံစားချက်တို့ ပေးစွမ်းနေသည်။

ကြယ်ပေါင်းများစွာက ကြွေကျလာပြီး ထိုပုဂ္ဂိုလ်နှစ်ဦးထံ ပြေးဝင်သွားသည်။ ရှန်ကလန်တန်ခိုးရှင်၏ ဆေးပေါင်းအိုးက နတ်အလင်းများနှင့် တောက်ပလာသည်။ ၎င်းက ပြေးထွက်သွားပြီး ကျဆင်းလာနေသည့် ကြယ်များကို ဖျက်ဆီးပစ်လိုက်သည်။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်သည်လည်း သူ့လက်ထဲမှ လှံကို မြှောက်လိုက်ကာ ကျဆင်းလာသော ကြယ်များကို ဖျက်ဆီးပစ်ရန် ရွှေရောင်အလင်းတန်းတို့အား ထုတ်လွှတ်လိုက်သည်။

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်၏ အရွယ်အစားက ကြီးထွားလာကာ ကြီးမားလှသည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။ သူက လက်ကို ဆန့်ကာ ကောင်းကင်ကို ဖုံးအုပ်လိုက်ပြီး ကျဆင်းလာနေသည့် ကြယ်များကို တားဆီးလိုက်ကာ အပိုင်းအစများအဖြစ် ချေမွပစ်လိုက်ရင်း သူ၏ ခွန်အားကို သက်သေပြလာသည်။

ရီဖူရှင်းသည် သူ၏ သန့်စင်သော စွမ်းအားပေါ်တွင်သာ မှီခိုပြီး ရန်ဟောင်နှစ်ပါးကို တိုက်ခိုက်မည်ဆိုပါက အတော်ခက်ခဲလိမ့်မည် ဖြစ်သည်။

သူက ကောင်းကင်ထက်တွင် မတ်တပ်ရပ်ရင်း လက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်တရက် အဆုံးမဲ့ကြယ်အလင်းများ ဖြာကျလာ၏။ သူ့လက်ထဲတွင် တောက်ပသော နတ်အလင်းတို့နှင့် လွှမ်းခြုံထားသည့် နှင်တံတစ်လက် ထွက်ပေါ်လာလေသည်။ ၎င်းမှ ဧကရာဇ်အသိတို့ စိမ့်ထွက်နေသည်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်လာ၏။ ယင်းသည် မဟာလမ်းစဥ် လေဟာနယ်စွမ်းအားတို့ ဖြစ်ကာ ထိုစွမ်းအားများက နှင်တံထံ၌ စုစည်းလာကြသည်။

သူသည် နတ်ဆင်၏ စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသည်။ ရှေးဟောင်းစာလုံးများက သူ့ကို ဝန်းရံထားပြီး သူ့ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ တလောကလုံးကို ဖုံးလွှမ်းသွားလောက်အောင် ကြီးသထက် ကြီးလာနေသည်။ လောကထဲရှိ အရာအားလုံးက တသားတည်းဖြစ်လာနေကာ သူသည် ကမ္ဘာကို တုန်လှုပ်စေနိုင်သော စစ်နတ်ဘုရားတစ်ပါး ဖြစ်လာပေသည်။ နတ်ဆင်၏ စွမ်းအားများက သူ့ကို ထောက်ပံ့ပေးနေပြီး သူ့အား အဆုံးမဲ့ စွမ်းအားများ ပေးစွမ်းနေသည်။

သူ၏ ကိုယ်ပိုင်လောကအတွင်း အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်ခဲ့လျှင် ဤအဆင့်မြင့်ရန်ဟောင်များကို ထိခိုက်စေနိုင်မည်လား။

လောက မဟာလမ်းစဥ်သည် သူနှင့် တသားတည်းအဖြစ် ပေါင်းစပ်သွားသည်။ ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းလိုက်သည့်အခါ လောကအတွင်းရှိ အားလုံးသော စွမ်းအားများက နှင်တံထဲသို့ စုစည်းလာသည်။ ထိုအခိုက်တွင် အဆင့်မြင့်ရန်ဟောင်များသည် မွန်းကြပ်ဖွယ်ကောင်းလှအောင် သိပ်သည်းသည့် ဖိအားက သူတို့ပေါ် ဆင်းသက်လာသည်အား ခံစားမိလိုက်ကြသည်။

ရီဖူရှင်းက ရှေ့ကို ခြေလှမ်းလိုက်ပြီး နတ်ဆင်များ၏ ချီတက်သံက ကောင်းကင်တွင် ပဲ့တင်လာ၏။ သူ၏ ခန္ဓာကိုယ်က လေပွေအဖြစ် ပြောင်းလဲသွားပြီး နှင်တံကို လေထဲ၌ ယမ်းလိုက်လျှင် လေပြင်းမုန်တိုင်းများ ဖြစ်ပေါ်လာပြီး သူ့ အောက်ဘက်ရှိ တန်ခိုးရှင်နှစ်ဦးထံ ရိုက်ခတ်သွားသည်။ ‘ဘုန်း’ ဟူသော ကျယ်လောင်သည့် အသံနှင့်အတူ တလောကလုံး တုန်ခါသွား၏။ ထိုနေရာအတွင်းရှိ အားလုံးသော စွမ်းအားများက တစ်စုတစ်ဝေးတည်း ဖြစ်လာပြီး သူတို့ပေါ်သို့ ပြိုဆင်းလာလေသည်။

သူက သူတို့ထံ မရောက်ခင်မှာ ကြောက်မက်ဖွယ် စွမ်းအားများက ဖျက်ဆီးနိုင်စွမ်းအပြည့်နှင့် ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုအသွင် ဖြစ်တည်လာကာ အောက်သို့ ထိုးဆင်းလာသည်။ ရန်ဟောင်နှစ်ပါးသည် ရီဖူရှင်း တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်သည့်အခါ တပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ရွှေရောင်လှံ၏ စွမ်းအားများ ထွက်ပေါ်လာသကဲ့သို့ ဆေးပေါင်းအိုးနတ်ဝင်ရိုး၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။ သူတို့သည် ထိုတိုက်ခိုက်မှုအား ပေါ့ပေါ့လေး မမှတ်ယူရဲကြပေ။

တောက်ပသည့် လေဟာနယ်စွမ်းအားတို့က ကောင်းကင်တွင် ပေါ်ပေါက်လာပြီး ရီဖူရှင်းက အခြားသော အရပ်မျက်နှာ၌ ထွက်ပေါ်လာသည်။ သို့သော် သူ့နှင်တံ၏ အရှိန်အဟုန်က အနည်းငယ်မျှ လျော့နည်းသွားခြင်းမရှိပေ။ ၎င်းက ရေ၏ စီးဆင်းမှုကဲ့သို့ လှုပ်ရှားနေသည်။

ဘန်း ဘန်း ဘန်း

ပြင်းထန်လှသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး လေထုကို တုန်ခါသွားစေသည်။ ရန်ဟောင်နှစ်ဦးသည် သူတို့ တိုက်ခိုက်ရန် ကြံရွယ်ထားသော အရပ်မျက်နှာကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး ဝင်လာသည့် ထိုတိုက်ခိုက်မှုကို တားဆီးလိုက်ကြသည်။ နောက်ဆုံး၌ ထို ပြင်းထန်သည့် တိုက်ခိုက်မှုက သူတို့ကို တုန်ယင်ကာ နောက်သို့ လွင့်စင်သွားစေသည်။

သူတို့ မရပ်တန့်နိုင်ခင်မှာပင် မဟာလမ်းစဥ်က အော်မြည်လာပြီး အဆုံးမဲ့ကြယ်စင်များက သူတို့ အနီးဝန်းကျင်သို့ ကျဆင်းလာကာ သူတို့သည် အလွန်အားကောင်းသည့် ခြိမ်းခြောက်မှုကို ခံစားလိုက်ကြရပေသည်။ ရီဖူရှင်းသည် သူတို့နောက်တွင် ထွက်ပေါ်လာပြီး သူ၏ နှင်တံနှင့် တစ်ဖန် တိုက်ခိုက်လိုက်သည်။

သူတို့၏ နတ်အာရုံက ရီဖူရှင်းအား ထိန်းချုပ်မထားနိုင်သည့်အတွက် ရီဖူရှင်း၏ လှုပ်ရှားမှုများကိုလည်း သူတို့ ကြိုတင်မခန့်မှန်းနိုင်ပေ။ ထို့ကြောင့် သူတို့သည် ထိုပြင်းထန်သော တိုက်ခိုက်မှုကြောင့် တစ်ခါ ထိခိုက်သွားရပြန်သည်။

သူတို့နှစ်ယောက်သည် အလွန် စိတ်ဓာတ်ကျသွားပေသည်။ သူတို့က အဆင့်မြင့်ရန်ဟောင်များ ဖြစ်ကြပြီး ပြိုင်ဘက်ထက် အဆင့်အများကြီး မြင့်နေသော်လည်း ခံစစ်ဘက်တွင်သာ ရှိနေရသည်။ သူတို့သည် ဤသီးခြားလောကအတွင်း မဟာလမ်းစဥ်ကို ထိန်းချုပ်ရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် သူတို့က နည်းလမ်းအားလုံးကို အသုံးပြု၍ ခုခံကာကွယ်ရန်ကိုသာ အာရုံစိုက်ကြရတော့သည်။

သူတို့သည် ရီဖူရှင်းက မည်သည့်နည်းလမ်းနှင့် တိုက်ခိုက်လာမည်ကို မခန့်မှန်းနိုင်ကြပေ။ ထို့ကြောင့် သူတို့က မုန်တိုင်း၏ ပြင်းထန်စွာ တိုက်ခိုက်မှုကို ခံခဲ့ကြရလေသည်။

နှင်တံက အောက်ဘက်သို့ ရိုက်ခတ်လာပြန်ပြီး ရီဖူရှင်း၏ နည်းစနစ်များက ပို၍ ပို၍ ပြင်းထန်လာသည်။ ငါးချက်မြောက်ရောက်သည့်အခါ သူတို့သည် ဖိအားကို အနည်းငယ် ခံစားလာကြရသည်။ ခြောက်ချက်မြောက်သို့ ရောက်သောအခါ သူတို့က နာကျင်မှုကြောင့် ညည်းညူလိုက်ကြရ၏။

ကောင်းကင်မှ နှင်တံရိပ်များ ကျဆင်းလာပြီး ကြယ်များအသွင် ပြောင်းလဲသွားသည်။ ထိုနှင်တံများထဲ၌ အားလုံးသော လောကစွမ်းအားများ ပါဝင်နေ၏။ ယင်းတို့က အမြင့်မှ ကျဆင်းလာသည်။ သူတို့နှစ်ယောက်သည် ထိုတိုက်ခိုက်မှုတို့အား အစွမ်းကုန် တားဆီးရန် မကြိုးစားရဲကြတော့ပေ။ သူတို့က အကြိမ်ကြိမ်အခါခါ အရှက်ရနေခဲ့ပြီး ဖြစ်၏။

သို့သော် ဤတစ်ကြိမ်၌ ရီဖူရှင်း၏ နှင်တံသည် အရပ်မျက်နှာ ပြောင်းလဲမသွားဘဲ တည့်မတ်စွာ ကျဆင်းလာသည်။

ခရက်

ဆေးပေါင်းအိုး၌ အက်ကွဲရာများ ပေါ်ပေါက်လာ၏။ ရှန်ကလန်တန်ခိုးရှင်သည် အော်ဟစ်ညည်းညူလိုက်ပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်သည်လည်း နောက်သို့ လွင့်စင်သွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ထိခိုက်သွားကြပေသည်။

သို့သော်လည်း ရီဖူရှင်းက သူတို့်အား အလွတ်မပေးခဲ့ပေ။ သူက အရှိန်အဟုန်ကို ဆက်၍ မြှင့်တင်ခဲ့သည်။ နှင်တံက စမ်းချောင်းထဲမှ ရေ အဆက်မပြတ် စီးဆင်းသကဲ့သို့ တစ်ချက်ပြီးတစ်ချက် ဆေးပေါင်းအိုးကို တိုက်ခိုက်လာသည်။

ခွမ်း

ဆေးပေါင်းအိုးက ကွဲသွားခဲ့သည်။ ရှန်ကလန် တန်ခိုးရှင်က သွေးတစ်ပွက် အန်လိုက်ရ၏။ သူ၏ နတ်ဝင်ရိုးက ပျက်စီးသွားပြီး သူ့ကို အပြင်းအထန် ထိခိုက်သွားစေသည်။ သို့သော်လည်း နောက်တစ်ခဏတွင် ကြယ်များစွာက သူ့ကို ရိုက်ခတ်မိလာပြီး ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်ကာ သေဆုံးသွားတော့သည်။

ရွှေရောင်နတ်ပြည်ထောင်မှ ရန်ဟောင်သည် ထိုမြင်ကွင်းကို မြင်သည့်အခါ တုန်လှုပ်သွားတော့သည်။ သူက နောက်ပြန်ဆုတ်နိုင်ရန် စတင် ဆုတောင်းမိတော့၏။

သို့သော်လည်း ရီဖူရှင်း၏ တိုက်ခိုက်မှုက လျော့ပါးမသွားရုံမျှမက ပို၍ပင် အားကောင်းလာသည်။ သူက ပြိုင်ဘက်အား လှမ်းကြည့်လိုက်သည်။ သူက ကောင်းကင်မှ မဟာလမ်းစဥ်စွမ်းအားများကို ဆွဲယူ၍ အင်အားအကုန်လုံးကို ထိုတိုက်ခိုက်မှုသို့ စုစည်းလိုက်သည်။ သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည့်အခါ ကောင်းကင်နှင့်မြေကြီးအ​ကြားတွင် ပဲ့တင်မြည်ဟီးလာ၏။

ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်၏ လှံက နှင်တံတိုက်ခိုက်မှုကြောင့် ကျိုးပဲ့ကာ အဝေးသို့ လွင့်ထွက်သွား၏။ နှင်တံသည် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားသည်။

ထိုခဏအတွင်းမှာပင် သူ၏ နတ်ဘုရားသဏ္ဍာန်မှာ အက်ကြောင်းများစွာ ပေါ်ပေါက်လာပြီး ရွှေရောင်အလင်းတန်းများက အက်ကြောင်းများမှတဆင့် ထိုးထွက်လာသည်။

သတ္တမဆင့် အဆင့်မြင့် ရန်ဟောင်နှစ်ဦးက အသတ်ခံလိုက်ရပြီ ဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset