ဘုန်း…
ရွှေရောင်နတ်ပြည်ထောင်မှ သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်သည် ရှေ့သို့ ခြေလှမ်းလာကာ ကောင်းကင်ထက်၌ နတ်ဘုရားပူဆွေးခြင်းကို ထုတ်လွှတ်လာသည်။ သူက ရွှေရောင်လှံအား လေထဲသို့ ထိုးစိုက်လိုက်သည်။ ရွှေရောင်အလင်းက အလွန် လျင်မြန်လှသော အမြန်နှုန်းနှင့် ရီဖူရှင်းထံ တိုးဝင်သွား၏။ ကြည့်ရသည်မှာ ရီဖူရှင်းအား ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထက်ရှသည့် အသံနှင့်အတူ ရွှေရောင်အလင်းက သူ့ခန္ဓာအား ထိုးဖောက်သွားသော်လည်း ထိုပုံရိပ်က မည်သည့်အခါကမှ မရှိသကဲ့သို့ ပျောက်ကွယ်သွားလေသည်။ ထိုနေရာ၌ လေဟာနယ်စွမ်းအားတို့သာ ကျန်ရစ်နေခဲ့၏။
၄င်းက ပုံရိပ်ယောင်သာ ဖြစ်သည်။
ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က မော့ကြည့်လိုက်သည်။ ရီဖူရှင်းက သူ၏ အထက် ကောင်းကင်၌ ပေါ်ပေါက်လာခဲ့၏။ တန်ခိုးရှင်သည် ယခုချိန်တွင် သူ အလွန် အန္တရာယ်များနေပြီ ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူ့အဆင့်နှင့်ပင် ရီဖူရှင်းအား လေဟာနယ်အတွင်း ပိတ်ထားနိုင်ရန် နည်းလမ်းမရှိပေ။
အဆင့်မြင့်တန်ခိုးရှင်တစ်ဦးသည် သူ့ထက် အဆင့်နိမ့်သော တန်ခိုးရှင်တစ်ဦး၏ နတ်အာရုံကို ပိတ်လှောင်ထားနိုင်သည်။ ထိုသည်မှာ ကျင့်ကြံခြင်းလောက၌ အားလုံးနားလည်ထားကြသည့် အချက်ပင် ဖြစ်သည်။ တစ်စုံတစ်ယောက်၏ နတ်အာရုံက ပိတ်လှောင်ခံထားရသည့်အခါ အကွာအဝေးတစ်ခုအတွင်း ရှိနေမည်သာ ဖြစ်ကာ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုအချိန်၌ သူသည် ရီဖူရှင်းအား ပိတ်လှောင်မထားနိုင်သည်ကို တွေ့လိုက်ရသည်။
ထိုသည်မှာ ဤနေရာဒေသရှိ လေဟာနယ်လမ်းစဥ်နှင့် တစ်ခုခု သက်ဆိုင်နေပေလိမ့်မည်။ တော်ဝင်ရောင်ဝါတို့က သူတို့ပေါ်ကို ဆင်းသက်လင်းလက်လာပြီး ဤနေရာတခွင်လုံးသည် ရီဖူရှင်း၏ ဓားစွမ်းအားများဖြင့် ပြည့်နှက်သွားကာ သူ၏ ကိုယ်ပိုင်ဓားလောကတစ်ခုအဖြစ် ပြောင်းလဲသွားပုံရလေသည်။
ရှန်ကလန်မှ တန်ခိုးရှင်သည်လည်း ထိုအချင်းအရာကို ကောင်းစွာ သတိပြုမိပေသည်။ သူက ရီဖူရှင်းကို မော့ကြည့်လိုက်သည်။ သူ့ ခန္ဓာအတွင်းမှ အစွမ်းထက်အရှိန်အဝါတို့ ထွက်ပေါ်လာပြီး သူ၏ နတ်ဝင်ရိုးမှ အသက်စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ တုနှိုင်းမဲ့ မဟာလမ်းစဥ် ရောင်ဝါတို့နှင့် တောက်ပနေသည့် ခုနစ်ဆဆေးပေါင်းအိုးမှာ သူ့ထံသို့ ပြန်လည်ရောက်ရှိလာပြီး နတ်ဝင်ရိုးနှင့် ပြန်ပေါင်းစပ်လာသည်။ ထိုနှစ်ခု ပေါင်းစပ်သွားသည်နှင့် ရုတ်တရက် ပို၍ တောက်ပသော အလင်းတို့ ထွက်ပေါ်လာလေသည်။
မဟာလမ်းစဥ် နတ်ဝင်ရိုးက ပျံသန်းထွက်လာပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအလင်းတို့က အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။ ရှောင်တိမ်းရန် နေရာလွတ်ပင် ကျန်ရှိမနေချေ။
သူက လက်ကို ရှေ့သို့ ရိုက်ချလိုက်လျှင် နတ်ဝင်ရိုးနှင့် ပေါင်းစပ်ထားသော ဆေးပေါင်းအိုးက ကောင်းကင်ထက် ပျံတက်သွားသည်။ ၎င်းမှနေ၍ ရွှေရောင်အလင်းများက အရပ်မျက်နှာအနှံ့သို့ ဖြာဆင်းလာသည်။ ရီဖူရှင်း၏ ပုံရိပ်က တစ်နေရာပြီး တစ်နေရာမှာ ပျောက်သွားလိုက် ပေါ်လာလိုက်နှင့် ၎င်းအလင်းတန်းများအား ရှောင်တိမ်းနေသည်။ သူ့အတွက် သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်၏ စွမ်းအားများ ပါဝင်နေသော မဟာလမ်းစဥ်စွမ်းအားက အမှန်ပင် အန္တရာယ်များလှသည်။
ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်ထံမှလည်း တောက်ပသော ရွှေရောင်နတ်အလင်းများ ဖြာကျလာသည်။ သူသည် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသလို ထင်မှတ်ရပြီး သူ၏ ပုံရိပ်က အလွန် ထည်ဝါလာသည်။ သူက လက်ကို မြှောက်ကာ သူ့လက်ထဲမှ လှံအား ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
ဘုန်း ပြင်းထန်သော အော်သံက လေထဲမှ ထွက်ပေါ်လာသည်။ ရီဖူရှင်း၏ ဓားစွမ်းအားနယ်ပယ်က တုန်ခါသွားပြီးနောက် သူ့ပုံရိပ်က လှုပ်ရှားလာသည်။ ရွှေရောင်မိုးကြိုးလျှပ်စီးက ကောင်းကင်ကို ဖြတ်သန်းကာ သူ့ရှေ့သို့ ကျဆင်းပစ်ခတ်လာ၏။ ရှန်ကလန်တန်ခိုးရှင်ကလည်း သူ့ကို တိုက်ခိုက်လိုက်သည်။
ရီဖူရှင်းက ထိုတိုက်ခိုက်မှုတို့အား မြင်သည့်အခါ အလင်းရောင်များတောက်ပနေသော သူ၏ ဓားနှင့် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။ ထိုနေရာအတွင်းရှိ ဓားစွမ်းအားများက သူ၏ ဓားထံ လာရောက်ပေါင်းစပ်ကြပြီး ဓားလမ်းစဥ်နှင့် တသားတည်း ဖြစ်သွားလေသည်။ ယင်းက သူ၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ကာ ရှန်ကလန်တန်ခိုးရှင်၏ လေဟာနယ်လက်ဝါးရိပ်နှင့် ထိပ်တိုက်တွေ့သွားလေသည်။
ဘန်း…
လက်ဝါးရိပ်က ဖျက်ဆီးခံလိုက်ရသော်လည်း ရီဖူရှင်းသည် အနောက်သို့ လွင့်စင်သွားရကာ သူ၏ ဓားစွမ်းအားနယ်ပယ်က တုန်ခါသွားလေသည်။
သူက ပြိုင်ဘက်အား စိုက်ကြည့်လိုက်သည်။ အဆင့်မြင့်ရန်ဟောင်တစ်ယောက်သည်ပင် သူ့ထက် အဆင့်များကြီး မြင့်နေသည့်အတွက် သူက ဧကရာဇ်အသိကို အသုံးပြုလျှင်ပင် သူတို့ကြားမှ စွမ်းအားကွာဟမှုကြောင့် ရင်ဆိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။ ထို့ပြင် သူ၏ ပြိုင်ဘက်များသည် သူတို့၏ နတ်ဝင်ရိုးစွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေပြီး သူတို့အနီးမှ မဟာလမ်းစဥ်စွမ်းအားများကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
အတွေးတစ်ချက်နှင့်ပင် ရီဖူရှင်းသည် နတ်လမ်းစဥ်အလင်းရောင်ဝါတို့ကို ပိုမို တောက်ပစွာ ထုတ်လွှတ်လာ၏။ မဟာလမ်းစဥ် ရောင်ဝါတို့ ထွက်ပေါ်လာပြီး လေထုကို ဖြတ်သန်းကာ အရပ်မျက်နှာအသီးသီးသို့ ဖြန့်ကျက်သွားသည်။ ခဏချင်းအတွင်းမှာပင် ကျယ်ပြောသော နေရာတစ်ခုလုံးကို ပြည့်နှက်သွား၏။ အဆက်မပြတ် စီးဆင်းလာသော မဟာလမ်းစဥ်ရောင်ဝါများက သတ္တမဆင့် နတ်ဝင်ရိုးနှင့် တန်ခိုးရှင်နှစ်ယောက်ကို မျက်မှောင်ကြုတ်သွားစေသည်။
ယခု မည်သို့ ဖြစ်လာရပြန်သနည်း။
ကောင်းကင်နှင့် မြေကြီးက ပြောင်းလဲသွားသည်။ လောကကြီးတစ်ခုလုံးက ပြောင်းလဲသွားသည်ဟု ထင်မှတ်ရ၏။ သူတို့သည် ဝန်းကျင်နှင့် ဆန့်ကျင်ခွဲထွက်ကာ သီးသန့်ရပ်တည်လာသော အခြား မဟာလမ်းစဥ်နယ်ပယ်တစ်ခုကို ခံစားမိကြသည်။
မဟာလမ်းစဥ် သီးခြားနယ်ပယ်အတွင်း တော်ဝင်နတ်အလင်းများက စီးဆင်းနေပြီး အမြစ်နှင့် အရွက်များကဲ့သို့ အဆုံးမဲ့နေရာတခွင်ကို ဖြည့်ဆည်းထား၏။ နေမင်းနှင့် လမင်းတို့က ထွက်ပေါ်လာပြီး ကြယ်စင်များအပြင် ရှေးဟောင်းသစ်ပင်များလည်း ရှိနေသည်။ သူတို့ရောက်နေသည့်နေရာက မူရင်းလောက မဟုတ်တော့သကဲ့သို့ ထင်မှတ်ရပေသည်။
ထိုစွမ်းအားက ယခင်ကနှင့် မတူကွဲပြားနေပြီး ပို၍ သန်မာအားကောင်းလာသည်။
သူတို့သည် ရီဖူရှင်း၌ စတုတ္ထဝင်ရိုးဖြစ်သော ကန့်သတ်နယ်ဝင်ရိုးရှိသည်ကို သိကြပြီး ၎င်းက အလွန်အစွမ်းထက်သော ဝင်ရိုးအမျိုးအစားဖြစ်သည်ကို လူတိုင်း သိရှိထားကြပေသည်။ သို့သော် ရှန်ဟောက်နှင့် တိဝူကဲ့သို့သော လူအနည်းငယ်ကသာ ထိုဝင်ရိုး၏ စွမ်းအားကို အမှန်တကယ် နားလည်ကြသည်။
ထိုအချိန်တွင် သူတို့သည် လောကသစ်၏ ကန့်သတ်နယ်မြေတစ်ခုအတွင်း ရောက်ရှိနေပုံရလေသည်။ သူတို့နှစ်ယောက်က သူတို့၏ နတ်ဝင်ရိုးစွမ်းအားများကို ထုတ်လွှတ်သောအခါ၌ ဤလောကအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိသည်ကို သတိပြုမိလိုက်သည်။ သူတို့က ထိုစွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။
ထိုသည်မှာ သူတို့အား ဤလောကအတွင်း၌ တစ်ဦးတည်း ရပ်တည်နေရသလို ခံစားမိစေသည်။
ယခု ရီဖူရှင်းသည် သူ၏ ကိုယ်ပိုင်လောကအတွင်း ဧကရာဇ်အသိကို ထုတ်ဖော်ထားသည်။ နှင်းကဲ့သို့ ဖွေးဖြူနေသော ဆံပင်နှင့် နတ်အလင်းများ လွှမ်းခြုံခံထားရသည့် ရီဖူရှင်းကို မြင်နေရသော တန်ခိုးရှင်နှစ်ဦးမှာ ရီဖူရှင်းသည် အစွမ်းထက်ဆုံးသော ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ဦး၏ စိတ်စွမ်းအားများကို အမွေဆက်ခံထားရသည့် အစစ်အမှန် မျိုးဆက်တစ်ဦးဖြစ်သည်ဟု ခံစားထင်မှတ်မိစေပေသည်။
မဟုတ်လျှင် သူက မည်သို့ဖြစ်၍ ထိုမျှထိ အစွမ်းထက်နေမည်နည်း။
ရီဖူရှင်းက သူ၏ နတ်ဝင်ရိုးစွမ်းအားများအပြင် ဧကရာဇ်အသိကိုလည်း ထုတ်လွှတ်ထားသည်။ စတုတ္ထဝင်ရိုးတစ်ခုအပါအဝင် အားလုံးသော နတ်ဝင်ရိုးများက ပြောင်းလဲသွားသည်။ ထိုသည်မှာ သူက ဤလောကကို အကြွင်းမဲ့ ပိုင်စိုးသော အရှင်သခင်တစ်ဦးဖြစ်သည်ဟူသော လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တို့်အား ပေးစွမ်းပေသည်။
အပြင်မှ စောင့်ကြည့်နေသူများသည် ရီဖူရှင်းနှင့် အခြားနှစ်ယောက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရ၏။ ထိုနေရာ၌ အလင်းမှုန်များ မျောလွင့်နေကာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ အပြင်ဘက်လောကမှ မဟာလမ်းစဥ်စွမ်းအားများက ပြင်းထန်စွာ စီးဆင်းနေပြီး သီးသန့်နယ်မြေအတွင်း စုပ်ယူခံနေရသည်။
“ဒါက ဘယ်လိုလောကမျိုးလဲ။” ရှန်ကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ သူက သတ္တမဆင့် နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင်တစ်ပါး ဖြစ်သည်။ သူက ဒုတိယအဆင့် နတ်ဝင်ရိုးနှင့် တစ်စုံတစ်ယောက်ကြောင့် အံ့အားသင့် ထိတ်လန့်ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
ရီဖူရှင်းက ထိုနှစ်ယောက်အား ကြည့်လိုက်သည်။ သူ ရန်ဟောင်တစ်ပါးဖြစ်လာကတည်းက ကမ္ဘာ့သစ်ပင်အကူအညီနှင့် ဖွဲ့စည်းထားသော မဟာလမ်းစဥ် ဝင်ရိုးအား အသုံးပြုသည့်အခါတိုင်း မည်သည့်အခါမှ ရှုံးနိမ့်ဖူးခြင်းမရှိပေ။ သူသည် ဤနေရာသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ စွမ်းအားအပြည့်အဝကိုပင် အသုံးချရန် မလိုဘဲ ပြိုင်ဘက်များအား ဖိနှိပ်ထားနိုင်ကာ ပြိုင်ဘက်များက သူ့တိုက်ခိုက်မှုများကို တောင့်မခံနိုင်ကြပေ။ ရှန်ဟောက်နှင့် တိဝူပင် လုံလောက်သော စွမ်းအားများမရှိခဲ့ချေ။
သို့သော် ဤတစ်ကြိမ်၌ သူရင်ဆိုင်နေရသည်မှာ သတ္တမဆင့်နတ်ဝင်ရိုးနှင့် အဆင့်မြင့်ရန်ဟောင် နှစ်ယောက် ဖြစ်သည်။ သူတို့၏ နတ်ဝင်ရိုးက ပြီးပြည့်စုံသော ဝင်ရိုး မဟုတ်သော်လည်း အဆင့်က အလွန်မြင့်မားသည့်အတွက် သူက ဧကရာဇ်အသိကို ထုတ်လွှတ်ကာ ဝိညာဥ်လက်နက်ကို အသုံးပြုသည့်အခါ၌ပင် ကြီးမားသော ဖိအားအောက်တွင် ရောက်နေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအခြေအနေထိတိုင် သူက နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။
“ဒါက နတ်ဘုရားတွေရဲ့ နေရာပဲ” ရီဖူရှင်းက ပြိုင်ဘက်များကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ သူတို့၏ မျက်လုံးများထဲ၌ ရှုပ်ထွေးသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ နတ်ဘုရားတွေရဲ့ နေရာလား။
“အရှက်မရှိဝါကြွားနေတာပဲ။” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က အေးစက်စွာ ပြောလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။
“ကျုပ်ကို ရှာတွေ့ဖို့ ကြိုးစားလေ။ ကျုပ်က ဒီနေရာရဲ့ နတ်ဘုရားပဲ။” ရီဖူရှင်းက အေးစက်စွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ပျောက်ကွယ်သွားပြီး ရွှေရောင်မိုးကြိုးလျှပ်စီးအသွင် ပြောင်းလဲသွားသည်။
ဘန်း
လှံက လေထုကို ထိုးဖောက်သွားသော်လည်း ရီဖူရှင်းအား ထိခိုက်မိခြင်း မရှိပေ။ သူက အဝေးတစ်နေရာတွင် ပြန်ပေါ်လာ၏။ သူသည် ပြိုင်ဘက်အား အေးစက်သော မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ရှေ့သို့ ဆက်လှမ်းလာကာ ရီဖူရှင်းအား မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူက ရီဖူရှင်းကို သတ်ဖြတ်နိုင်ခြင်း မရှိသည်လား။
ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ အဆုံးမဲ့ သတ်ဖြတ်ခြင်း ရွှေရောင်အလင်းတန်းများက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရီဖူရှင်းထံ ပြေးဝင်သွား၏။ တန်ခိုးရှင်၏ ရွှေရောင်လှံက အဆက်မပြတ် ကြီးမားလာနေပြီး မီတာထောင်ချီ ရှည်လျားလာသည်။ လှံကိုစွဲကိုင်ထားသည့် နတ်ဘုရား၏ ပုံရိပ်က တိုက်ခိုက်နှိမ်နင်း၍ မရနိုင်အောင် အလွန်အစွမ်းထက်ပုံပေါ်သည်။
သို့သော်လည်း ထိုအချိန်တွင် သူတို့အနီးဝန်းကျင်ရှိ အရာအားလုံးက အေးခဲလာကာ မိုင်ပေါင်းထောင်ချီတိုင် ကျယ်ပြန့်လာသည်။ ရေခဲနှင့် နှင်းများက နေရာအနှံ့တွင် ရှိနေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အေးခဲခြင်းစွမ်းအားတို့က တန်ခိုးရှင်၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာပြီး ခြိမ်းခြောက်နိုင်သော အေးခဲမှုတို့က သူ့ကို လွှမ်းခြုံလာသည်။ သို့သော်လည်း ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ရေခဲများကို ဖြတ်သန်းကာ ရှေ့သို့ ဆက်လက် တိုးဝင်သွားနေသည်။
“မင်းက စွမ်းအား အများကြီးကို သိတာပဲ။ ဒါပေမယ့် အရမ်းအားနည်းလွန်းတယ်။” ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က အေးစက်စက် ပြောလိုက်သည်။
“ရေခဲဝိညာဥ်တွေက ဒီနေရာကို အေးခဲစေပြီး မီးလျှံက ကောင်းကင်ကို လောင်ကျွမ်းစေတယ်။” ရီဖူရှင်းက တစ်လုံးချင်း ပြောလိုက်သည်။ သူတို့အနီးရှိ အရာအားလုံးက မီးလျှံကမ္ဘာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။ မီးလျှံနှင့် ရေခဲ နှစ်မျိုးလုံးသည် ထိုတန်ခိုးရှင်အား ပြင်းပြင်းထန်ထန် ထိုးနှက်နေသော်လည်း ၎င်းတို့က ရှေ့သို့ ဆက်လက် ရွေ့လျားလာနေသော နတ်ဘုရားပုံရိပ်အား ရပ်တန့်နိုင်ခြင်း မရှိပေ။
“သေဆုံးခြင်းတေးသံကလည်း လွှမ်းမိုးထားတယ်……” ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူ့အသံက တိုးသက်နေ၏။ သူက ရှေ့သို့ ခြေလှမ်းလျှင် သေဆုံးခြင်းစွမ်းအားများက သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။ လောကတစ်ခုလုံးက မည်းမှောင်သွားပြီး သေဆုံးခြင်းစွမ်းအားများက သူ့ခန္ဓာကို ဒေါသတကြီး ဖြတ်သန်းလာသည်။
“အချိန်ကလည်း ရပ်တန့်နိုင်တယ်…..”
သူ၏ တိုးညင်းသော အသံက လေထုကို ဖြတ်သန်းထွက်ပေါ်လာပြီး မှော်ဆန်သည့် ထိုအသံက နေရာအနှံ့ ပျံ့လွင့်နေသည်။ သူတို့နှစ်ယောက်လုံးက ရှေ့သို့ လှမ်းလာနေကြသည်။ ရီဖူရှင်း၏ ခြေလှမ်းများက တည်ငြိမ်သော်လည်း ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ခြိမ်းခြောက်မှု အနည်းငယ်ကို ခံစားနေရပေသည်။ လေဟာနယ်က အေးခဲသွားပြီး အချိန်သည်လည်း တဖြေးဖြေး ရပ်တန့်လာကာ သူ၏ လှုပ်ရှားမှုများကို တားဆီးထားသည်။
ဘန်း
သူ့ထံမှ နတ်အလင်းတို့ ပေါက်ကွဲထွက်လာပြီး ကြီးစွာသောအရှိန်နှင့် ဖိအားပေးကာ ရှေ့သို့ ဆက်လက်လှမ်းလာသည်။ သူက သူ့ကိုယ်သူ ထိန်းချုပ်ကာ ရီဖူရှင်း၏ လွှမ်းမိုးမှုအား ချိုးဖျက်ရန် ကြိုးစားနေ၏။
ထိုအခိုက်တွင် ရီဖူရှင်းက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်သည်။ ဓားစွမ်းအားများက ကျယ်ပြောလှသော နေရာတစ်ခုလုံးနှင့် တသားတည်းဖြစ်နေကာ မရေတွက်နိုင်သည့် နတ်ဓားအလင်းတန်းတို့က အတူတကွ စုစည်းလာကြသည်။ ရီဖူရှင်းက နတ်ဓားကို မြှောက်ကာ ပြိုင်ဘက်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။ “အပြစ်မဲ့ဓားလည်း ရှိသေးတယ်။”
သူ ပြောပြီးသည်နှင့် မရေတွက်နိုင်သော နတ်ဓားများက လေကို ဖြတ်ခွင်းကာ ထွက်ပေါ်လာသည်။ မဟာလမ်းစဥ်စွမ်းအားများက နောက်ပြန်စီးဆင်းနေပြီး ဓားစွမ်းအားများက အော်မြည်ကာ ပြိုင်ဘက်ထံ အရှိန်အဟုန်နှင့် တိုးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းက ပျောက်ကွယ်သွားသည်။ ဓားတစ်လက် မွေးဖွားလာပြီး အရာအားလုံးက ဖျက်ဆီးခံလိုက်ရ၏။
ဓားသည် ၎င်းကိုယ်တိုင် လေထုကို ဖြိုဖျက်နိုင်စွမ်းရှိပေသည်။
ရီဖူရှင်း၏ တိုက်ခိုက်မှု ရောက်လာသည်ကို မြင်သောအခါ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်သည် တွေဝေခြင်းမရှိဘဲ သူ၏ လှံကို မြှောက်လိုက်သည်။ သူက လှံကို ရီဖူရှင်းထံ တည့်မတ်စွာ ထိုးစိုက်လိုက်သည်။ သူ့အဆင့်နှင့် သူက ရီဖူရှင်းထက် အားနည်းနေလိမ့်မည်ဟု မယုံကြည်ပေ။ သူက ဤနေရာသို့ ရောက်စဥ်က ထိတ်လန့်သွားမိသော်လည်း သူ့ကိုယ်သူ အကြွင်းမဲ့ ယုံကြည်မှု ရှိပေသည်။ နတ်ဘုရားပူဆွေးခြင်း အသံက ထွက်ပေါ်လာပြီး လှံတံသည် ရှေ့သို့ တဟုန်ထိုး ပြေးထွက်လာ၏။
တိုက်ခိုက်မှုနှစ်ခုသည် အချင်းချင်း ထိခတ်မိကြကာ အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်လောက်သည့် စွမ်းအားများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် အလင်းတန်းများ ပေါ်ပေါက်လာလေသည်။
ဝှစ်
ရွှေရောင်နတ်ပြည်ထောင် တန်ခိုးရှင်၏ လှံက ပုံရိပ်ယောင်ကို ထိုးဖောက်သွားပြီး ရီဖူရှင်း၏ နတ်ဓားက တန်ခိုးကြီးနတ်ဘုရားပုံရိပ်၏ လည်ပင်းကို ဖြတ်သွားခဲ့သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ သူ၏ ခုခံကာကွယ်မှုစွမ်းအားက သြချလောက်စရာပင်ဖြစ်ကာ သူက ရွှေရောင်ချပ်ဝတ်ကြီးအတွင်း ရောက်နေသကဲ့သို့ ဖြစ်သည်။
ဘုန်း
သူ၏ ရွှေရောင်လည်ပင်းကို ဓားဖြင့် ဖြတ်ခံလိုက်ရသော နတ်ဘုရားပုံရိပ်က နောက်သို့ ဆုတ်ခွာသွားရသည်။ ဒဏ်ရာမှ ရွှေရောင်သွေးတို့ စီးကျနေ၏။ သို့သော်လည်း ခဏချင်းအတွင်းမှာပင် နောက်ထပ် တိုက်ခိုက်မှုတစ်ချက်အား ပြုလုပ်လိုက်သည်။ ထျန်းရှင်းခုတ်ချက်က ရီဖူရှင်းထံ ကျရောက်လာပေသည်။
ရီဖူရှင်းကို ခုတ်မိသော်လည်း ၎င်းက ပုံရိပ်ယောင်ပင် ဖြစ်နေကာ ရီဖူရှင်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူ့ ပြိုင်ဘက်၏ နတ်အာရုံက သူ့ကို ချိပ်ပိတ်ထားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ထိုတိုက်ခိုက်မှုက သူ့အား ထိခိုက်ခြင်း မရှိခဲ့ပေ။ ဤသည်က သူ၏ ကိုယ်ပိုင်လောကပင် ဖြစ်၏။
“ဒီနေရာမှာ ပုံရိပ်ယောင်ရော အစစ်အမှန်ပါ အတူတကွ တည်ရှိတယ်။” လေထဲမှ ရီဖူရှင်းက သူ့ပြိုင်ဘက်နှစ်ယောက်အား ငုံ့ကြည့်လိုက်သည်။ ဤလောကထဲတွင် သူတို့က သူ့အား အချိန်ပေးနေသည်နှင့်အမျှ သူသည် သူတို့ကို အနှေးနှင့်အမြန် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်က ခိုင်မာစွာရပ်နေပြီး လက်တစ်ဖက်က သူ၏ လည်ချောင်းမှ ဒဏ်ရာကို ဆုပ်ကိုင်ထားသည်။ သူ၏ မျက်လုံးမှ ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ရီဖူရှင်းထံ ပစ်လွှတ်လိုက်၏။
ရီဖူရှင်းသည် တိုက်ခိုက်မှု တစ်ချက်တည်းနှင့် သူ့အား ဒဏ်ရာရစေခဲ့သည်။ လေဟာနယ် မဟာလမ်းစဥ် နယ်မြေအတွင်း၌ သူတို့နှစ်ယောက်၏ စွမ်းအားများက ကန့်သတ်ခံထားရသော်လည်း ရီဖူရှင်းက ထိုသို့ မဟုတ်ပေ။ ဤသည်မှာ သူ၏ မဟာလမ်းစဥ် သီးသန့်နယ်မြေ တစ်ခု ဖြစ်ပြီး သူက ဤနေရာရှိ အရာအားလုံးကို အကြွင်းမဲ့ ထိန်းချုပ်နိုင်သည်။ သူတို့နှစ်ယောက်က အဆင့်မြင့်ရန်ဟောင်များ ဖြစ်သော်လည်း သူတို့၏ နတ်ဝင်ရိုးများကို အသုံးပြု၍ ဤလောကတစ်ခုလုံးကို မထိန်းချုပ်နိုင်ပေ။
***