အခန်း (၉)

ဖြတ်လမ်းနည်းဖြင့် ကျင့်ကြံခြင်း

အခန်း (၉) ဖြတ်လမ်းနည်းဖြင့် ကျင့်ကြံခြင်း

ရန်ကျောက်ကဲတို့အဖွဲ့သည် နဂါးချုပ်လှောင်ခြင်းချောက်နက်အတွင်း အချိန်အတော်ကြာ ခရီးဆက်ပြီးနောက် အနားယူရန် ရပ်တန့်လိုက်သည်။ ရန်ကျောက်ကဲ ချက်ချင်း ထိုင်ချလိုက်ပြီး  စတင် ကျင့်ကြံနေသည်။

လူအုပ်ထဲတွင် ရီကျင်းက ရန်ကျောက်ကဲအား စိုက်ကြည့်နေ၏။ “ငါ မင်းကို အနိုင်ယူနိုင်မယ့် နေ့တစ်နေ့ဆိုတာ ရှိလာဦးမှာပါ၊ အဲ့နေ့ရောက်ရင် မင်းရဲ့မောက်မာမှု၊ မင်းရဲ့အထင်သေးမှု၊ မင်းရဲ့မျက်နှာပေါ်က မတူမတန်တဲ့ အကြည့်မျိုးကို ဆက်ထိန်းထားနိုင်ဦးမလား ဆိုတာ ကြည့်ကြသေးတာပေါ့”

သူ၏ရန်ငြိုးဟောင်းအပြင် လက်ရှိ ရီကျင်းသည် ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း အမည်မဖော်နိုင်သည့် ထူးဆန်းသော ခံစားမှုမျိုးကို ခံစားနေရသည်။

ထိုခံစားမှုသည် ပါရမီအချင်းချင်း အပြန်အလှန်လေးစားသော ခံစားမှုမျိုးနှင့် ဆင်တူ၏။ သို့သော် ထိုခံစားမှုမှာ ကို့ယို့ကားယားနိုင်ပြီး စိတ်အနှောက်အယှက်ဖြစ်သည်က ပိုများသည်။

ရန်ကျောက်ကဲက သူ့သဘာဝရန်သူကဲ့သို့ ရီကျင်းသည် ဖိနှိပ်ခံရသလို ခံစားရကာ စိတ်ကသိကအောက်ဖြစ်မိသည်။

“သူ တာဝန်ခန်းမထဲမှာ ပြောတဲ့ အစစ်အမှန် ‘လီ’ မီးတောက်က ငါ့အတွက် အလွန် အသုံး ဝင်နေတယ်၊ အဲ့တာက သူ့လက်ထဲကိုရောက်သွားရင် ဖြုံးတီးတာပဲ”

ရီကျင်းက ထိုအတွေးများ တွေးနေစဉ် သူ့မျက်လုံးများက ရုတ်တရက် ပြူးသွားပြီး ပို၍ ပို၍ ပြူးကျယ်သွားသည်။

ထိုအချိန်တွင် စစ်ခုန်ချင်းနှင့် အခြားသူများကလည်း တစ်ခုခု မူမမှန်နေသည်ကို သတိထားမိသွားသည်။

လူတိုင်း ဝေးဝေးမှ ရှောင်ကြသော ကြောက်မက်ဖွယ် အနက်ရောင်မြူများကို ရန်ကျောက်ကဲသည် သူ့ကိုယ်အတွင်း လှည့်ပတ်နေသည်။

ဤလုပ်ရပ်က သူတို့၏မျက်လုံးထဲတွင် ကိုယ့်ကိုကိုယ် အဆိပ်သောက်ပြီး သတ်သေသည်နှင့် မခြားပေ။

ရန်ကျောက်ကဲက အခြားသူများ မည်သို့ တွေးနေသည်ကို ဂရုမစိုက်ပေ။ လျို့ဝှက်နည်းစနစ်၏ ထိန်းချုပ်မှုအောက်တွင် ဝဲဂယက်တစ်ခု လည်ပတ်နေသကဲ့သို့ ရှုပ်ထွေးခြင်းတာအို၏ အန္တရာယ်ချီများသည် သူ့ခန္ဓာကိုယ်အတွင်း၌ စုစည်းနေကြသည်။ ၄င်းသည် ကြယ်တာရာချီများကိုပါ နှိုးဆွပေးကာ အဆက်မပြတ် လည်ပတ်နေလေသည်။

လည်ပတ်နေစဉ်အတွင်း ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာချီများသည် ဓားတစ်ချောင်းကို ပွတ်တိုက်နေသည့်အလား ပိုမို ချွန်ထက်လာပြီး သူ့ခန္ဓာကိုယ်၏အပြင်ဘက်သို့ တိုးထွက်လာသည်ဟု မသိမသာ ခံစားရသည်။

“အရမ်းမိုက်တယ်၊ သာမာန်အတိုင်း ကျင့်ကြံတာနဲ့ ယှဉ်ရင် သူ့ရဲ့ထိရောက်မှုက သုံးဆကနေ ငါးဆ ဒါမှမဟုတ် အဲ့ထက်တောင် ပိုဦးမယ်၊ ဒီနည်းလမ်းကို အတွင်းပိုင်းကြယ်တာရာချီကို အပြင်ပိုင်း ကြယ်တာရာချီပြောင်းတဲ့နေရာမှာပဲ အသုံးချလို့ရပေမယ့် အများကြီး အချိန်ကုန် သက်သာစေတယ်၊ အပြင်ပိုင်းကြယ်တာရာချီ သိုင်းပညာရှင် အဆင့်က လက်တစ်ကမ်းမှာ ရှိနေပြီ” ရန်ကျောက်ကဲ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။ သူ၏ လေ့ကျင့်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးနောက် ကျင့်ကြံမှုကို ရပ်တန့်လိုက်သည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ သူ့အား အံ့အားသင့်၊ ငေးငိုင်နေသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည့် တပည့်တစ်သိုက်ဖြစ်သည်။

“လျှောက်နေကျ လမ်းကို မလျှောက်တဲ့အခါ အခြားသူတွေ ဝိုင်းကြည့်တာကို ခံရမှာ အမှန်ပဲ” ရန်ကျောက်ကဲက စိတ်ထဲမှာ တွေးရင်း ရယ်မောလိုက်သည်။ “မင်းတို့အကိုကြီးက တစ်ဘ၀လုံး အလန်းစားတွေ လုပ်ပြမှာပဲ”

လူငယ်တပည့်တစ်ယောက်က ရုတ်တရက် သဘောပေါက်သွားသည့်ဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားသည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲက ရုတ်တရက် အပြောင်းအလဲတွေကြောင့် အနက်ရောင်မြူတွေက အရင်ကထက် ပိုပြီး မငြိမ်မသက်ဖြစ်လာတယ်၊ ဒီလိုပြောင်းလဲမှုမျိုး ဘယ်တုန်းကမှ မဖြစ်ဖူးဘူး၊ ထူးဆန်းသလို နားလည်ရလည်းခက်တယ်၊ စီနီယာအကိုကြီးရန်က အဲ့ဒီ့အပြောင်းအလဲတွေကို အသေးစိတ် လေ့လာနိုင်ဖို့  အနက်ရောင်မြူတွေကို ခန္ဓာကိုယ်ထဲ သွင်းကြည့်တာပဲ… ဟုတ်တယ်မလား၊ ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးက အရမ်း အန္တရာယ်များလွန်းတယ်”

ရန်ကျောက်ကဲ အတော် အံ့ဩသွားသည်။ သူတို့နားမလည်နိုင်သည့် အရာများနှင့် ကြုံလာရသောအခါ လူတို့၏ ပေါက်ကရ တွေးနိုင်သည့် စွမ်းရည်ကို သူ အတော် ပြောစရာစကားမဲ့သွားသည်။

လူတိုင်းက ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်ကြသည်။ “ဪ ဒါက ဒီလိုကိုး”

ရီကျင်းမှာ သံသယအချို့ရှိနေသေးပြီး  ဝတ်ထားသော နီညိုရောင်လက်စွပ်အား သူ့လက်ချောင်းက မသိမသာ ပွတ်သပ်နေ၏။

ဤသည်ကို သတိထားမိပြီး မည်သူမျှ သတိမထားနိုင်သည့် အမြန်နှုန်းဖြင့် ရန်ကျောက်ကဲ မျက်လုံးလှန်၍ ကြည့်လိုက်သည်။ “သူ့မှော်ပစ္စည်းက လက်စွပ်လား….”

ရီကျင်းတွင် သူ့၏ ကံကောင်းမှုများနှင့် တွေ့ဆုံခြင်းများ၊ လျိူ့ဝှက်နည်းစနစ်များနှင့် ရန်ကျောက်ကဲ မသိသော အခြားအရာများ ရှိလျှင် ရှိလောက်မည်။ သို့သော် ရီကျင်း၏ ဥက္ကာပျံတစင်းကဲ့သို့ ထိုးတက်လာသည့် ကျင့်ကြံမှုနှင့် လူအများကြားမှ ကွဲထွက်နေသော သူ၏ တမူထူးခြားသည့် စွမ်းရည်များကို ကြည့်လျှင် ထိုအရာများနှင့် သူ၏လက်စွပ် အကြား ဆက်စပ်မိရန် မခဲယင်းပေ။ သို့သော် ရန်ကျောက်ကဲက ထိုလက်စွပ်အား ဂရုမစိုက်ချေ။

ထိုအချိန်တွင် လူတိုင်းက ချီးကျူးသံများ ထုတ်ဖော်နေကြပြီး သူ့အား သူတို့၏ လေးစားမှုများကို ပြသကြနေ၏။ “စီနီယာအကိုကြီးရန်ထက် ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ သိုင်းပညာရှင်တွေတောင် အနက်ရောင်မြူကို သူတို့ခန္ဓာကိုယ်ထဲကို တိုက်ရိုက် အဝင်ခံရဲမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”

သူတို့အတွက်တော့ အနက်ရောင်မြူသည် သူတို့အသက်ကို အချိန်မရွေး နုတ်ယူနိုင်သောအရာဖြစ်သည်။ ရန်ကျောက်ကဲကမူ ၎င်းကို လုံးဝ ကြောက်ရွံ့ပုံ မရချေ။

“တိုတိုပြောရလျှင် ဒါက မင်းတို့ မဆင်မခြင် အတုခိုးပြီး လုပ်သင့်တဲ့ အရာမျိူး မဟုတ်ဘူး၊ အဲလိုမှ မဟုတ်ရင် သူခိုးကို တံခါးဖွင့်ပေးသလို ဝံပုလွေကို အိမ်ထဲ ခေါ်သွင်းလိုက်သလိုပဲ၊ အရမ်းအန္တရာယ်များတယ်” ရန်ကျောက်ကဲက ပြောလိုက်၏။

သူ မတ်တပ်ရပ်ပြီး အဝတ်အစားမှ ဖုန်များကို ခါလိုက်သည်။ ထို့နောက် ဦးဆောင်ပြီး စတင် ထွက်ခွာသွားလေသည်။ အခြားသူများက သူ့နောက်သို့ အလျင်အမြန် လိုက်လာကြသည်။

ထိုအချိန်တွင် လူအုပ်နောက်မှ  ဂလန်ဂလား ပုံရိပ်တစ်ခုက ရန်ကျောက်ကဲနောက်သို့ ပြေးလိုက်လာ၏။ ထိုပုံရိပ်မှာ အခြားမဟုတ်၊ အားဟူပင်။

ရန်ကျောက်ကဲ မရပ်ပေ။ သူက ပုံမုန်အတိုင်း ဆက်လက် ရွှေ့လျားနေသည်။
အားဟူက ရန်ကျောက်ကဲ၏ ဘေးသို့ ရောက်လာသောအခါ အသံပေးပို့လိုက်၏။ “မင်းသား၊ ကျွန်တော်သတင်းရပါပြီ၊ ဟုတ် မဟုတ် ကျွန်တော်တို့ အတည်မပြုရသေးပေမယ့် ကောလဟာလတွေအရတော့ လူငယ်သိုင်းပြိုင်ပွဲပြီးတဲ့နောက် ရီကျင်းကို အကြီးအကဲရှီက မျက်စိကျသွားပုံရတယ်”

ဤသတင်းကို ကြားပြီး ရန်ကျောက်ကဲက အားဟူကို လှည့်ကြည့်လိုက်သည်။

အားဟူက ခေါင်းငြိမ့်လိုက်၏။ “ကောလဟာလတွေအရတော့ ရီကျင်းက လက်ရှိအခြေအနေအထိရောက်အောင် အဆက်မပြတ် ကြိုးစားရုန်းကန်လာခဲ့တာကို အကြီးအကဲရှီက သဘောကျနေတယ်၊ ပြီးတော့ သူ့ရဲ့ ဇွဲကောင်းတဲ့ စိတ်ဓာတ်ကိုရောပဲ၊ အကြီးအဲရှီက ရီကျင်းကို ခဏလောက် စောင့်ကြည့်ပြီး ပြဿနာမရှိဘူးဆိုတာနဲ့ သူ့ရဲ့တိုက်ရိုက်တပည့်အဖြစ် လက်ခံဖို့ စဉ်းစားနေတယ်”

ရန်ကျောက်ကဲ လှောင်ရယ်လိုက်သည်။ “အံ့ဩစရာမရှိဘူး…”

သည်အကြီးအကဲမှာ အခြားအကြီးအကဲများကဲ့သို့ မဟုတ်ပေ။ အကြီးအကဲရှီကို အရင်က အကြီးအကဲခွိုင် သို့မဟုတ် အရှေ့တန်နိုင်ငံကို ကြီးကြပ်နေသည့် အဆင့်မြင့်အကြီးအကဲနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။

သူတို့ထဲမှ မည်သူကမျှ သူ့အဆင့်နှင့် မနီးကပ်ပေ။

အကြီးအကဲခွိုင်သည် လက်ထောက်အကြီးအကဲမျှသာ ဖြစ်ပြီး ထိုရာထူးနေရာသို့ ရောက်နိုင်ရန် ဖြည်းဖြည်းချင်း တစ်ဆင့်ပြီးတစ်ဆင့် နှစ်ပေါင်းများစွာ သူ ကြိုးစားအားထုတ်ခဲ့ရသည်။

အရှေ့တန်နိုင်ငံ၏ အဆင့်မြင့်အကြီးအကဲသည် အရှေ့တန်နိုင်ငံတစ်ခုတည်းကိုသာ
ကြီးကြပ်ရပြီး သူ့အထက်တွင် အရှေ့ကောင်းကင်ဒေသတစ်ခုလုံးကို ကြီးကြပ်ရသော အရှေ့ကောင်းကင်ဒေသ အကြီးအကဲ ရှိသေးသည်။

ထိုစဉ် အကြီးအကဲရှီသည် ဂိုဏ်းတစ်ခုလုံး၏စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အကြီးအကဲခေါင်းဆောင်ဖြစ်သည်။ သူသည် ဂိုဏ်းတစ်ခုလုံး၏ စည်းမျဉ်းများကို ထိန်းသိမ်းရပြီး အပြစ်ဒဏ်ချမှတ်ရသော အာဏာကို ကိုင်စွဲထားသည်။ အဆင့်အရ သူသည် အရှေ့ကောင်းကင်ဒေသခေါင်းဆောင်နှင့် ညီမျှသော်လည်း ဩဇာအာဏာနှင့် လုပ်ပိုင်ခွင့်အရ သူက အများကြီး ကြီးမားသည်။
သူသည် ရန်ကျောက်ကဲ၏ အကြီးဆုံးဦးလေးဖြစ်ပြီး လက်ရှိ ဝါဒတောင်ဂိုဏ်းချုပ်၏ အကြီးဆုံးတပည့်လည်း ဖြစ်သည်။

သည်လူမှာ ဖြောင့်မတ်မှန်ကန်၍ ပွင့်လင်းသူ ဖြစ်၏။ သူသည် သူ့ကိုယ်သူ ရန်ကျောက်ကဲ၏အဖေနှင့် ဒုတိယဦးလေးတို့ထက် ပါရမီနည်းသည်ဟု ယူဆကာ ဆက်ခံသူနေရာအတွက် ဝင်ရောက်မယှဉ်ပြိုင်တော့ကြောင်း အစောကတည်းက လူသိရှင်ကြား ထုတ်ဖော်ကြေငြာသည်။ သူသည် မည်သူက ဆက်ခံသူနေရာကို ရသည်ဖြစ်စေ ဂိုဏ်း၏ ကောင်းကျိုးနှင့် တိုးတက်ရေးအတွက် ဆက်လက်ထောက်ခံသွားလိမ့်မည် ဖြစ်လေသည်။

တကယ်တော့ အကြီးအကဲရှီ ကိုယ်တိုင်က သူ့ဆရာတူညီလေးနှစ်ယောက်ကဲ့သို့ ပါရမီမရှိဟု ခံယူထားသော်လည်း သူ၏အမှန်တကယ်စွမ်းရည်သည် ထိုနှစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင် အကြီးအကဲရှီသည် ဝါရင့် သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ အနည်းစုသော ထိပ်သီးကျင့်ကြံသူများမှ တစ်ယောက်ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် သူ၏စွမ်းအားကြီးမားမှုမှာ ထင်ရှားကျော်ကြားသည်။

သူသည် ဆက်ခံသူနေရာအတွက် ဝင်ရောက်မယှဉ်ပြိုင်သော်လည်း သူ၏အမြင်က အများကြီး အကျိုးသက်ရောက်နိုင်သည်။ လက်ရှိ ဂိုဏ်းချုပ်ပင် သူ၏အမြင်ကို အများကြီး တန်ဖိုးထားသည်။

မည်သူက နောက်တက်မည့် ဂိုဏ်းချုပ်ဖြစ်လာမည်ဖြစ်စေ သူက အပြစ်ပေးခန်းမ၏ အကြီးအကဲခေါင်းဆောင်ရာထူးကို ဆက်လက်ရယူထားမည် ဖြစ်၏။ သူသည် အမည်ခံအရ မဟုတ်သော်လည်း လက်တွေ့တွင် ဂိုဏ်းအတွင်း၌ ဩဇာအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။

လက်ရှိတွင် အကြီးဆုံးးဦးလေးသည် ရန်ကျောက်ကဲ၏အဖေ နှင့် သူ့ဒုတိယဦးလေးတို့ အကြား ယှဉ်ပြိုင်မှုတွင် မည်သည့်ဘက်မှ မပါသေးပေ။

ရန်ကျောက်ကဲအပေါ်  ရီကျင်း၏ သဘောထားကို ထည့်စဉ်းစားလျှင် အချစ်ပြိုင်ဘက်၏ မနာလိုမှုကြောင့် ရီကျင်း အသတ်ခံရပါက အကြီးအကဲရှီ မည်သို့တုံ့ပြန်မည်ကို စိတ်ကူးကြည့်နိုင်သည်။

အကယ်၍ အထင်အရှား သက်သေ မတွေ့ဘဲ သံသယမျှရှိရင်တောင်မှ ၎င်းသည် တစ်ဖက်လူ၏ အမြင်ကို သက်ရောက်နိုင်သည်။

အားဟူက ဆက်ပြောလိုက်သည်။ “ဒီကိစ္စကို ရီကျင်းကိုယ်တိုင်တောင် မသိလောက်သေးဘူး၊ အကြီးအကဲရှီက သူ့ကို နည်းနည်းလောက် စောင့်ကြည့်ဖို့ စိတ်ကူးထားတယ်”

သူသည် ရန်ကျောက်ကဲကို ထပ်မံကြည့်လိုက်ပြီး မခံချိမခံသာဖြင့် ပြောလိုက်သည်။ “မင်းသား၊ ဒီတစ်ခါတော့ မင်းသားက အဲ့ဒီ ရီကျင်းကို စောင့်ရှောက်ကလိမ့်မယ့်လို့ အန်းထင်တာပဲ၊ အဲ့လိုမှမဟုတ်ဘဲ နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ သူ သေသွားရင် မင်းသား သတ်တာ မဟုတ်တောင် မင်းသားကိုပဲ အပြစ်ပုံချလိမ့်မယ်”

ရန်ကျောက်ကဲက မျက်လုံးလှန်ကြည့်လိုက်ပြီး သူ့ဘာသာ တွေးလိုက်သည်။ “အဲ့လိုလား၊ ဇာတ်လိုက် အရောင်အဝါ ပိုင်ဆိုင်တဲ့ကောင်က ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေမှာလဲ”

“ငါတို့ နဂါးပိတ်လှောင်ခြင်းချောက်နက်ထဲကို ရောက်သွားရင်  ငါတို့နဲ့ ပြင်ပကမ္ဘာကြား အဆက်အသွယ်မပြတ်ဖို့ မင်းက တာဝန်ယူရမယ်၊ ငါ့ရဲ့ ကိုယ်ရံတော်ကြီးကိုပဲ ဒုက္ခပေးရဦးမှာပဲ၊ မင်း အများကြီး ခေါက်တုံ့ခေါက်ပြန် ပြေးရတော့မယ်”

ရန်ကျောက်ကဲတို့အဖွဲ့သည် နဂါးပိတ်လှောင်ခြင်းချောက်နက်မှ အနက်ရောင်မြူများကို တားဆီးထားသော အစိမ်းရောင်မီးခိုး မီးအိမ်များအတိုင်း ဆက်သွားရင်း လမ်းဆုံးသို့ ရောက်သွားကြသည်။

ရန်ကျောက်ကဲက ထိုနေရာတွင် ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် လမ်းမပျောက်စေရန် အထူးပြုလုပ်ထားသော သံလိုက်အိမ်မြှောင်နှင့် အစိမ်းရောင်ဖယောင်းတိုင်လေးကို ထုတ်ယူလိုက်သည်။

ဖယောင်းတိုင်ကို မီးညှိ့ပြီးနောက် ၎င်းကို ကိုင်စွဲကာ သိပ်သည်းသော အနက်ရောင်မြူများထဲသို့ ရန်ကျောက်ကဲ တိုးဝင်သွားသည်။ လူတိုင်းသည် ထိုပုံစံအတိုင်း လုပ်လိုက်ကြပြီး ရန်ကျောက်ကဲ၏နောက်သို့ ဂရုတစိုက် လိုက်သွားကြသည်။

အနက်ရောင်မြူများကို တားဆီထားသော မီးအိမ်၏ အစိမ်းရောင်မီးခိုးများအောက်မှ ထွက်ခွာပြီးနောက် ပတ်ပတ်လည်ရှိ အနက်ရောင်မြူများသည် ပိုမို ပြင်းထန်၍ မငြိမ်မသက် ဖြစ်လာကြရာ ဒေါသထန်နေသော ဧရာမ လှိုင်းလုံးကြီးများသဖွယ် လူအုပ်ထံသို့ တိုးဝင်လာကြသည်။

ရန်ကျောက်ကဲနှင့် အားဟူတို့ အရှေ့မှ ကာပေးထားခြင်းကြောင့်သာ မဟုတ်လျှင် ကျန်လူများသည် သူတို့၏ဖယောင်းတိုင်များနှင့်တောင်မှ အနက်ရောင်မြူများကို ခဏပင် ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ထင်ထားတဲ့အတိုင်းပဲ၊ ရှုပ်ထွေးခြင်းတာအိုရဲ့ အန္တရာယ်ချီတွေက အများကြီး ပိုထူလာပြီး အရင်ကထက်လဲ ပိုမြန်လာတယ်၊ ဒီလို မငြိမ်မသက်ဖြစ်အောင် တစ်စုံတစ်ခုက လုပ်နေပုံရတယ်”
သူ့အကြည့်က အနက်ရောင်မြူများကို ထိုးဖောက်မြင်ရသည့်အလား ရန်ကျောက်ကဲ၏မျက်လုံးများသည် ပတ်ဝန်းကျင်သို့ ဟိုဟို ဒီဒီ ကြည့်နေ၏။

အခြားသူများအတွက် လက်ဆန့်ထုတ်၍ ကိုယ့်လက်ချောင်းကိုယ် ပြန်မမြင်နိုင်သည့် အခြေအနေ၌ပင် ရန်ကျောက်ကဲ၏မျက်လုံးများသည် သူ့အနီးမှ အရာဝတ္ထုများကို မြင်နိုင်စွမ်းရှိသေးသည်။

ညအခါ လျှပ်စီးလျှပ်သကဲ့သို့ အနီရောင်အလင်း ဖျော့ဖျော့လေးက လျင်မြန်စွာ ရွေ့လျားနေ၏။ ဤကဲ့သို့ ဖြစ်ရပ်မျိုးသည် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် မည်သည့်အချိန်တုန်းကမှ မဖြစ်ဘူးခဲ့ပေ။

ရန်ကျောက်ကဲ ညွှန်ကြားစရာပင် မလိုဘဲ အားဟူသည် သူ့လက်ကို ဆန့်ထုတ်ပြီး ထိုအနီရောင်အလင်းလေးကို ဖမ်းဆုပ်လိုက်၏။

သူ့လက်ထဲတွင် အနီရောင်အပိုင်းအစလေးကို မြင်ရ၏။ အမှောင်ထဲ၌ပင် ၎င်းသည် ခပ်ဖျော့ဖျော့လေး တောက်ပနေ၍ အသက်ဝင်နေသည့်အလား အဆက်မပြတ် တွန့်လိမ်နေကာ ၎င်းသည် အားဟူ၏အသားထဲသို့  တိုးဝင်ချင်ပုံ ရနေသည်။

“အပြင်ဘက်ကမ္ဘာက အရာတစ်မျိုးပဲ” ရန်ကျောက်ကဲက ထိုအရာအား တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

ရုတ်တရက် သူ့မျက်လုံးများကို မှေးလိုက်သည်။ “ငါတွေးသလိုပဲ ဒါက သဘာဝအလျောက် ဖြစ်လာတဲ့ ထူးခြားဖြစ်စဉ်မဟုတ်ဘူး၊ လူသားတွေကြောင့် ဖြစ်တာပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset