အပိုင်း (၁၇၉၀)

တိဝူ၏ ပြောင်းလဲခြင်း

အင်ပါယာနန်က ကိုက်ချိန်ကို ကြောက်မက်ဖွယ် အ​ပြာရောင်အလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ယင်းအလင်းတန်းတို့က ကိုက်ချိန်၏ မျက်လုံးများအတွင်း ထိုးဖောက်ဝင်ရောက်သွားသည်ဟု ထင်မှတ်ရ၏။

သို့ပေမဲ့ ကိုက်ချိန်သည်လည်း ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူ၏ မျက်လုံးများက လှုပ်ခတ်သွားကာ ရွှေရောင်နတ်အလင်းတို့နှင့် တောက်ပလာ၏။ ထိုမျက်ဝန်းနှစ်စုံက အတန်ကြာ ဆုံစည်းနေပြီး သူတို့၏ အနီးဝန်းကျင်တွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းက ဝန်းရံလာသည်။ လမ်းစဥ်ပင်လယ်တွင် ကြောက်မက်ဖွယ် လေပွေလှိုင်းများ ဖြစ်တည်လာကာ လှေငယ်များအားလုံးကို မျောပါသွားစေ၏။

အင်ပါယာနန်သည် ဓားကိုင်ထားသော လက်ကို ဆန့်ထုတ်လိုက်သည်။ ခဏချင်းအတွင်းမှာပင် ထိုဝန်းကျင်ရှိ ဖျက်​ဆီးအပြာရောင်အလင်းက ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ လမ်းစဥ်ပင်လယ်ထက်တွင် နတ်အလင်းများက တောက်ပလာပြီး လှိုင်းများအသွင် လူးလွန့်လှုပ်ရှားသွားပြီးနောက် ဓားစွမ်းအားများ၏ ချေဖျက်ခြင်းကို ခံလိုက်ရသည်။ မြင်ကွင်းက ကြောက်မက်ဖွယ်ရာကောင်းလှသည်။

သူသည် ကိုက်ချိန်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ အခြားသော တန်ခိုးရှင်များကို ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ချင်းဟယ်နတ်ဓားက နတ်အလင်းတို့ဖြင့် တဖန် တောက်ပလာပြီ ဖြစ်၏။

“ပြန်လာခဲ့” ကိုက်ချိန်က အော်ဟစ်လိုက်သော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်သည်။

ထိုအပြာရောင်နတ်အလင်းများက နေရာအနှံ့ လွှမ်းခြုံထားပြီး ဓားစွမ်းအားများက ထိုဝန်းကျင်ကို ဖုံးလွှမ်းထားလေသည်။ နတ်အလင်းများ ထွန်းလင်းလာသည်နှင့် ဓားစွမ်းအားများက ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ သူတို့ထဲမှ အစွမ်းထက်ဆုံး တန်ခိုးရှင်များပင်လျှင် ထိုအပြာရောင် နတ်အလင်း၏ အောက်၌ သုတ်သင်ခံလိုက်ရသည်။ ထိုသူတို့သည် အပြာရောင်အလင်းမှုန်များ အဖြစ် ပြောင်းလဲသွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားတော့၏။

“ဒီနေ့ ငါသာ ဒီမှာ ရှိမနေနိုင်ခဲ့ရင် မင်းတို့ထဲက ဘယ်လောက်များများ ချင်းဟယ်နတ်ဓားအောက်မှာ အသက်ရှင်နိုင်မယ်ထင်လဲ။” အင်ပါယာနန်က ပြောလိုက်သည်။ သူ၏ စကားများကို ကြားလိုက်ရသည့်သူများက ကျောရိုးတလျှောက် စိမ့်တက်လာသည်ကို ခံစားလိုက်ကြရသည်။

အင်ပါယာနန်သည် နှစ်ပေါင်းများစွာတိုင် သိုသိပ်စွာ နေထိုင်ခဲ့သူဖြစ်၏။ သို့ပေမဲ့ ယခုတွင် အင်ပါယာနန်က သူ၏ ဓားကို ထုတ်လိုက်ပြီဖြစ်ကာ ထိပ်သီးပုဂ္ဂိုလ်များအပါအဝင် လူတိုင်းသည် ထိုမှ ကြောက်မက်ဖွယ် အရှိန်အဝါအား ခံစားမိလိုက်ကြပေသည်။

သူတို့က အင်ပါယာနန်၏ အစွမ်းအစကို သိထားကြသော်လည်း အမှန်တကယ်တွင် လက်ရှိ အင်ပါယာနန် မည်မျှထိ အစွမ်းထက်သည်ကို တိတိကျကျ မသိကြပေ။ သို့သော် အင်ပါယာနန်၏ ထိုဓားတစ်ချက်ကို မြင်သောအခါ အင်ပါယာနန်က  အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအဖြစ် ပြောင်းလဲပစ်လိုက်ချင်လျှင်ပင် သူတို့က သူ့ကို ရပ်တန့်ရန်မဖြစ်နိုင်သည့် အကြောင်း သတိပြုမိသွားကြပေသည်။

အင်ပါယာနန်နှင့် အဆင့်တူသူ တစ်ဦးတစ်ယောက်က ကြားဝင်ဖြန်ဖျေရန် ကြိုးစားလျှင်ပင် သူ့အား တားဆီးရန် ခက်ခဲပေလိမ့်မည်။

“မင်းတို့အားလုံး ဒီနေ့ ဘယ်လိုတိုက်ခိုက်ချင်ကြလဲ။ ဘယ်သူက တိုက်ချင်သေးလဲ။” အင်ပါယာနန်က လက်ထဲတွင် ချင်းဟယ်နတ်ဓားကို ကိုင်ထားရင်း မေးလိုက်သည်။

အထက်ကောင်းကင်ဘုံမှ ထိပ်သီးပုဂ္ဂိုလ်အချို့မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်လာကြသည်။ ကောင်းကင်သင်္ချိုင်းကလန်ကဲ့သို့သော အထက်ကောင်းကင်ဘုံမှ အစွမ်းထက်အားကောင်းသည့် သူများပင်လျှင် ကြောက်ရွံ့မှုကို ခံစားကြရ၏။ အမှန်တွင် သူတို့က ဤစစ်ပွဲ၌ ပါဝင်ရန် တွန့်ဆုတ်တွေဝေခဲ့ကြသော်လည်း ရွှေရောင်နတ်ပြည်ထောင်က သူတို့အား တစ်ဖက်ဖက်သို့ ရွေးချယ်ရန် ဖိအားပေးခဲ့ကြသည်။ ရွှေရောင်နတ်ပြည်ထောင်က အထက်ကောင်းကင်ဘုံရှိ အင်အားစုများကို အတူတကွ စုစည်းစေပြီး နတ်နန်းတော်သို့ တိုက်ရိုက်ချီတက်လာခြင်းမှာ သူတို့ဘက်မှ လုပ်ဆောင်ချက်များမှာ ဖြောင့်မတ်မှန်ကန်ကြောင်း သက်သေပြရန် ဖြစ်၏။

ယခု အင်ပါယာနန်က အလွန်ကြောက်စရာကောင်းနေရာ သူတို့က မည်သို့ မထိတ်လန့်ဘဲ နေဝံ့မည်နည်း။

“နေမင်းနတ်နန်းတော်က ဒီနေရာကို အပျော်သဘောနဲ့ပဲ လာခဲ့တာပါ။” ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရသည်။ နေမင်းနတ်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက အင်ပါယာနန်ကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်တို့က နေမင်းနတ်နန်းတော်က လာခဲ့ကြတာပါ။ ကျုပ်တို့မှာ ရှန့်ရှောင်းနတ်နန်းတော်နဲ့ စစ်ပွဲဆင်နွှဲဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ ကြားမိတာတော့ ဘိုးဘေးနယ်မြေမှာ နတ်ရတနာတစ်ခုရှိတယ်တဲ့။ ကျေးဇူးပြုပြီး နတ်နန်းတော်က ကျုပ်တို့ကို ခဏလောက်ကြည့်ခွင့်ပြုနိုင်မလား။”

ဤကဲ့သို့သော အချိန်မျိုးတွင် ထိုသို့ ပြောဆိုခြင်းက အခြေအနေပေါ်၌ အမြတ်ထုတ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ပေါ်လွင်ပေသည်။

သို့သော် နေမင်းနတ်နန်းတော်သာ တိုက်ပွဲ​တွင် ပါဝင်လာလျှင် နတ်နန်းတော်အတွက် ကြီးစွာသော ဖိအားတို့ ဖြစ်လာစေလိမ့်မည်။ သူတို့ မပါဝင်ပါက ပြိုင်ဘက်၏ အင်အားကို သိသိသာသာ လျော့နည်းသွားစေပေလိမ့်မည်။

သို့ပေမဲ့ နေမင်းနတ်နန်းတော်က ဘိုးဘေးနယ်မြေမှ နတ်ရတနာကို လိုချင်နေသည်ဆိုလျှင်ပင် နတ်နန်းတော်က ကျိန်းသေ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“အဲဒါက အဲဒီလောက်ထိ မှော်ဆန်တဲ့အရာ မဟုတ်ပါဘူး။ ပြောရရင် ကျင့်ကြံရာမှာ အနည်းအကျဥ်း အထောက်အကူ ပြုရုံလေးပါပဲ။ မဟာလမ်းစဥ်ဘုံသုံးထောင်မှာ ဒီလိုရတနာမျိုးက မရေမတွက်နိုင်အောင် ရှိတယ်။ ခင်ဗျားက နေမင်းနတ်နန်းတော်က လာတယ်ဆိုကတည်းက အဲဒီထက်ပိုကောင်းမွန်တဲ့ ရတနာတွေကို အများကြီး မြင်ဖူးမှာပဲ။” နတ်နန်းတော်၏ နန်းတော်သခင်က အေးစက်စွာ  ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော၊ ကျုပ်တို့ နေမင်းနတ်နန်းတော်ရဲ့ ဆက်ခံသူ တိဝူက ရီဖူရှင်းနဲ့ အမြဲ ပညာဖလှယ်ချင်နေတာ။ သူတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်ကြမလား။ တိဝူသာ နိုင်ခဲ့ရင် ရှန့်ရှောင်းနတ်နန်းတော်ရဲ့ ဘိုးဘေးနယ်မြေက နတ်ရတနာကို ပေးအပ်ရမယ်။ တိဝူရှုံးရင် ကျုပ်တို့ အေးအေးဆေးဆေး ထွက်သွားမှာပါ။” နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်က ပြောလိုက်သည်။

သူတို့၏ အဓိကပစ်မှတ်မှာ နတ်ရတနာများ ဖြစ်လေသည်။

လူအများက မျက်မှောင်ကြုတ်လိုက်ကြပြီး ရွှေရောင်နတ်ပြည်ထောင်နှင့် ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်များသည်လည်း အနည်းငယ်မကျေမနပ် ဖြစ်သွားကြသည်။ သို့ပေမဲ့ နေမင်းနတ်တောင်ကုန်းသည် ကောင်းကင်ဒေသနယ်မြေ၏ အစွမ်းထက် အင်အားစုတစ်ခု​ ဖြစ်သည်။
ကောင်းကင်ဒေသမှ ကိုက်ချိန်နှင့် ထိုက်ချူတော်ဝင်မြေကလွဲလျှင် သူတို့အား နားလည်နိုင်မည့်သူ မရှိပေ။

ထို့ကြောင့် နေမင်းနတ်တောင်ကုန်းသည် ရွှေရောင်နတ်ပြည်ထောင်နှင့် အစကတည်းက ပူးပေါင်းလိုစိတ်မရှိသည်ဖြစ်ရာ ထိုသူတို့အား ဂရုစိုက်နေခြင်းအလျဥ်းမရှိပေ။ သူတို့၏ အဓိက ရည်ရွယ်ရင်းမှာ နတ်ရတနာများသာ ဖြစ်လေသည်။

သူတို့က အ​ခြေအနေပေါ်မူတည်ကာ အခွင့်အရေးယူရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထို့အတူပင် တိဝူအတွက် ရီဖူရှင်းကို အနိုင်ယူ သတ်ဖြတ်နိုင်လျှင် အခြားကိစ္စများက အရေးမကြီးပေ။

ထိုက်ချူတော်ဝင်မြေမှ တန်ခိုးရှင်များသည် အခြားသူများကို ဝေ့လျှက် ကြည့်လိုက်ပြီး မတုန်မလှုပ်ရှိနေသည့် ခရမ်းစစ်နတ်ဘုရားကို မြင်လိုက်ရသည်။ သူ၏တပည့်များက ရှုံးနိမ့်ခဲ့ပြီး မုချင်းကီသည်လည်း ရီဖူရှင်း လက်အောက်၌ ရှုံးနိမ့်ခဲ့၏။ နေမင်းနတ်တောင်ကုန်းက ထိုသို့ ယုံကြည်ချက်များ မည်သို့ ရှိနေသနည်း။ နေမင်းနတ်နန်းတော်မှ မည်သူမဆို ရီဖူရှင်းအား အနိုင်ယူနိုင်သည်ဟု ထင်နေသည်လား။

သူတို့က ထိုသို့တွေးမိလိုက်လျှင် မည်သည့်စကားမှ မဆိုတော့ဖြစ်တော့ပေ။ ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များလည်း ထို့အတူပင် ဖြစ်၏။ သူတို့က တိတ်ဆိတ်စွာ ရပ်နေပြီး ဆက်လက်မတိုက်ခိုက်ကြတော့ပေ။ နတ်နန်းတော်အထက်မှ လေထုက အနည်းငယ် တင်းကျပ်နေပေသည်။

နတ်နန်းတော်၏နန်းတော်သခင်က တွေဝေသွားသည်။ နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီး ဤအပေးအယူက သူတို့အတွက် မမျှမတဖြစ်နေသည်။ အကယ်၍ သူတို့ရှုံးပါက နတ်ရတနာများကို ပေးအပ်ရမည် ဖြစ်သော်လည်း သူတို့ အနိုင်ရခဲ့လျှင် မည်သည့်အကျိုးအမြတ်ကိုမှ မရဘဲ တစ်ဖက်လူကို အေးအေးဆေးဆေး ထွက်သွားခွင့်ပြုလိုက်ရမည် ဖြစ်၏။

သို့ပေမဲ့ ယခုအချိန်၌ တစ်ဖက်အဖွဲ့တွင် အားသာချက်များရှိနေသည်။ ခံစားရမည့် ဖိအားတချို့ လျော့နည်းစေလိုပါက သဘောတူရုံအပြင် ရွေးချယ်စရာမရှိပေ။

“ကျွန်တော့ဘက်က ပြောစရာမရှိဘူး။” ရီဖူရှင်းက ဆုံးဖြတ်ချက် အမြန်ချလိုက်သည်။ သူက ရှေ့သို့ အလွန်တည်ငြိမ်စွာ လှမ်းလာပြီး ကောင်းကင်သို့ တက်သွားလိုက်သည်။ သူ၏ မျက်လုံးများက အမြင်အာရုံသက်သက်ဖြင့် မမြင်နိုင်ဘဲ နတ်အာရုံဖြင့် ကြည့်မှသာ မြင်ရနိုင်သော အဝေးတစ်နေရာသို့ မျှော်​ကြည့်လိုက်သည်။ သူသည် လမ်းစဥ်ပင်လယ်အတွင်း ရှိနေသော တိဝူအပါအဝင် နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များအားလုံးကို မြင်၏။

တိဝူသည် လှေငယ်တစ်ခုပေါ်တွင် ရပ်နေသော်လည်း သူ၏ အရှိန်အဝါက အနည်းငယ် ပြောင်းလဲသွားကြောင်း ရီဖူရှင်း သတိထားမိလိုက်သည်။ သန့်စင်သော နတ်မီးလျှံများ လွှမ်းခြုံထားသည့် တိဝူသည်  မီးလျှံချပ်ဝတ်ကို ဝတ်ဆင်ထားသကဲ့သို့ ပိုမိုစစ်မှန်ကာ တောက်ပနေသည်။ သူသည် အချို့ ဆန်းကြယ်သည့် အရာများကို တွေ့ကြုံခံစားခဲ့ရခြင်း ဖြစ်နိုင်၏။

မဟုတ်လျှင် ရီဖူရှင်း၏ကြီးကျယ်ခမ်းနားသော တိုက်ပွဲမှတ်တမ်းများအရ တိဝူက သူနှင့် ရင်ဆိုင်ရန် သတ္တိရှိလာလိမ့်မည်မဟုတ်ဟု ရီဖူရှင်း ယုံကြည်၏။

နေမင်းနတ်နန်းတော်သည် အထက်ကောင်းကင်ဘုံ၏ ကောင်းကင်ဒေသတွင် သြဇာအာဏာကြီးမားသည်ဟု ကောလာဟလများ ရှိသည်။ ယင်းက တိဝူ ပြောင်းလဲရသည့် အကြောင်းရင်းပင် ဖြစ်၏။

“ကျုပ်တို့ ဘယ်မှာ တိုက်ခိုက်ကြမှာလဲ။” ရီဖူရှင်းက ကျယ်လောင်စွာ မေးလိုက်သည်။

“ကောင်းကင်အာဏာစက်ကျောင်းတော် အထက်မှာ” နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်က တုံ့ပြန်လိုက်သည်။

“ကျုပ်တို့ တိုက်ပွဲကို စောင့်ကြပ်ပေးရလိမ့်မယ်။” နန်းတော်သခင်က အခြားသူများကို စိတ်ပူပန်နေသည်အား ပြောလိုက်သည်။

ရီဖူရှင်းသည် သူတို့အတွက် အရေးပါသူတစ်ဦးဖြစ်ရာ မတော်တဆ အဖြစ်မခံနိုင်ပေ။ ရီဖူရှင်းသာ အသတ်ခံလိုက်ရလျှင် မဟာမိတ်အင်အားစုသည် ချက်ချင်း အစိတ်စိတ် ပြိုကွဲသွားပေမည်။ ထိုသို့ဖြစ်သွားပါက ကောင်းကင်အာဏာစက်ဘုံသည် အရှုပ်အထွေးထဲသို့ ပထမဆုံး ကျရောက်သွားပေမည်။ ထိုအချိန်ရောက်လျှင် အရာအားလုံးသည် အကောင်းအတိုင်း မတည်ရှိတော့ဘဲ အစားထိုးခံလိုက်ရပေလိမ့်မည်။

“သေချာတာပေါ့။ ကျုပ်က နတ်နန်းတော်နဲ့ အင်ပါယာနန်ကို ယုံကြည်ပါတယ်။” နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်က အလွန်ပင် ရိုးဖြောင့်သော အပြုံးနှင့် ပြောသည်။

သူ၏အသံ ပျောက်ကွယ်သွားသည့်အခါ မီးလျှံတို့ဖြင့် ရဲတောက်နေသော လှေတစ်စင်းက လမ်းစဥ်ပင်လယ်အတွင်း ရှေ့သို့ ဦးတည်လာခဲ့သည်။ မီးလျှံနတ်အလင်းတို့ဖြင့် လွှမ်းခြုံထားသော တိဝူသည် ရွှေရောင်မိုးကြိုးသဖွယ် ပြောင်းလဲသွားပြီး လျှပ်စီးအလျင်ဖြင့် ရီဖူရှင်းဆီ ဦးတည်၍ ပြေးထွက်သွားခဲ့သည်။

နေမင်းနတ်တောင်ကုန်းမှ လူများ သူ့နောက်တွင် ရှိနေသည့်အ​တွက် သူက ပို၍ ယုံကြည်ချက်ရှိကာ အကြောက်အလန့်ကင်းနေပုံရ၏။

သူသည် လမ်းစဥ်ပင်လယ်ထက်မှ ခုန်တက်လိုက်ပြီး နတ်နန်းတော်သို့ တိုက်ရိုက်လျှောက်သွားလိုက်သည်။ နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်များသည် သူ့ကို စောင့်ရှောက်ပေးရန် လိုက်ပါလာကြသည်။

ကောင်းကင်ထက်တွင် ခရမ်းစစ်နတ်ဘုရားက ခပ်တည်တည်နှင့် ကြည့်နေပြီး သူက မည်သူ့ကိုမှ ရပ်တန့်ရန် စိတ်ကူးမရှိပေ။

ရီဖူရှင်းသည်လည်း ထိုက်ရွှမ်နန်းတော်နှင့် နတ်ဘုရားနန်းတော်၏ နန်းတော်သခင်တို့ တစ်ဖက်တစ်ချက်စီ ခြံရံလျက် ရှေ့သို့ တက်လာခဲ့သည်။ ဤတိုက်ပွဲမှာ တိဝူနှင့် တစ်ယောက်ချင်းတိုက်မည့် ပွဲဖြစ်သော်လည်း ခရမ်းစစ်ဘုရင်အင်ပါယာနှင့် ထိုက်ချူတော်ဝင်မြေတို့ ရှိနေပြီး တန်ခိုးရှင်များအားလုံးကလည်း စောင့်ကြည့်နေကြရာ သူတို့က ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်နိုင်ပေ။

ယခု အင်ပါယာနန်သည်လည်း ရှိနေရာ မည်သူကမှ အလျင်စလို လှုပ်ရှားရဲမည် မဟုတ်သော်လည်း သူက သတိမထားဘဲ မနေဝံ့ချေ။ မည်သို့ပင်ဖြစ်စေ ရီဖူရှင်း ရှုံး၍ မဖြစ်နိုင်ပေ။

မကြာခင်၌ ပုံရိပ်နှစ်ခုက လေထဲသို့ တက်လာကာ နှစ်ယောက်သား ဆန့်ကျင်ဘက်တွင် ရပ်လိုက်ကြသည်။

တိဝူက ရီဖူရှင်းနှင့် ဆန့်ကျင်ဘက်တွင် ရပ်လိုက်ကာ နှစ်ယောက်လုံးထံမှ ပြင်းထန်သော အရှိန်အဝါတို့ တစ်ချိန်တည်း ထွက်ပေါ်လာပြီး တစ်ယောက်နှင့် တစ်ယောက် ဖိအားပေးကာ ရှေ့သို့ လှမ်းလာကြသည်။

တောက်ပသည့် နေမင်းနတ်အလင်းတန်းတို့က လင်းလက်ထွက်ပေါ်လာပြီး ရီဖူရှင်းကို ပစ်မှတ်ထားလာသည်။ နေနတ်အလင်းတန်းတစ်ခုစီတွင် ကြောက်မက်ဖွယ် ပြင်းထန်သည့် စွမ်းအားများ တောက်လောင်နေပြီး လေဟာနယ်ကိုပင် ကျွမ်းလောင်စေတော့မတတ် ထင်မှတ်ရ၏။

ရီဖူရှင်းသည် ချက်ချင်းပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်လျှင် မိုးမြေအကြား အနန္တဓားစွမ်းအားများ ထွက်ပေါ်လာပေသည်။ အဆုံးမဲ့လေဟာနယ်ကို အေးစက်မှုများက သူတို့နှစ်ယောက်ရှိနေသည့် တိုက်ပွဲနေရာတွင် လွှမ်းခြုံနေ၏။

ရွှစ်…

အေးစက်သည့် ဓားစွမ်းအားက တိဝူဆီသို့ တိုးဝင်သွားပြီး အလွန် အားကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားများဖြစ်ပေါ်လာသည်။ ယင်းစွမ်းအားများက ပြင်းထန်ပြီး အေးစက်နေသည်မှာ ရီဖူရှင်း၏ လက်ရှိခံစားချက်အတိုင်းပင် ဖြစ်၏။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် နေနတ်အလင်းတို့က တိဝူထံမှ ထွက်ပေါ်လာသည်။ ဤနတ်အလင်းတို့က မဟာလမ်းစဥ်၏ တိုက်ခိုက်မှုများကို လောင်ကျွမ်းပစ်နိုင်စွမ်းရှိလေသည်။ ကျွမ်းကျင်သော ဓားစွမ်းရည်ဖြင့် လုပ်ဆောင်ထားသည့် ထက်ရှသော ဓားများက အလုံးစုံ ပြာချခံလိုက်ရပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ကြည့်ရသည်မှာ သူ၏ ဓားစွမ်းရည်တိုက်ခိုက်မှုက ပြိုင်ဘက်အနီးအနားသို့ပင် မရောက်ရှိနိုင်သကဲ့သို့ ဖြစ်နေသည်။

တိဝူက ရီဖူရှင်းကို ကြည့်လိုက်သည်။ လမ်းစဥ်မီးလျှံမှ ပြောင်းလဲထားသည့် သူ့ကို လွှမ်းခြုံထားသော နတ်မီးလျှံချပ်ဝတ်သည် တောက်ပနေ၏။ သူ့အနီးဝန်းကျင်သည် မီးတောက်မီးလျှံတို့ဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်ကာ ကောင်းကင်သည်ပင် သူ့ခန္ဓာကိုယ်မှ မီးလျှံများကြောင့် အငွေ့ပျံသွားတော့မတတ်ထင်မှတ်ရသည်။

သူက ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ပြောင်းလဲမှုများကို ကြုံတွေ့ဖူးသော သူတစ်ယောက်အနေနှင့် သူသည် ယခင်နှင့် တူညီနေခြင်းမျိုး မရှိတော့ပေ။ ထိုအချိန်က သူသည် သူ၏ စွမ်းရည်အပေါ် ယုံကြည်ချက်ရှိသော်လည်း ရီဖူရှင်းသည်လည်း ပို၍ သန်မာအားကောင်းကာ ဘုံကိုးဘုံတွင် ဂုဏ်သတင်းကျော်ဇောနေသူ ဖြစ်သောကြောင့် တိဝူသည် ရီဖူရှင်း၏ ပြိုင်ဘက်မဖြစ်ခဲ့ပေ။

သို့သော် ဤတစ်ကြိမ်၌ သူက အလွန် ယုံကြည်ချက်ရှိနေပေသည်။ သူ၏ မဟာလမ်းစဥ်က ထူးခြားဆန်းကြယ်မှုဖြင့် ပြောင်းလဲခဲ့ပြီး ဖြစ်သောကြောင့် ရီဖူရှင်းနှင့် ပြန်လည်ယှဉ်ပြိုင်လို၏။

ယခု သူ့လမ်းစဥ်သည် နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။

တိဝူသည် ခြေ​လှမ်းလိုက်ကာ ရီဖူရှင်းဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူ့ကို လွှမ်းခြုံထားသည့် နေနတ်အလင်းတို့က လမ်းစဥ်အဖြစ် ပြောင်းလဲသွားပြီး ချက်ချင်း ထိုးထွက်သွား၏။ အလင်းတန်းများ ဖြတ်သွားသည့် မည်သည့်နေရာမဆို အရာအားလုံးက ပြာချခံလိုက်ရပေသည်။ ယင်းတို့က နေနတ်အလင်းအောက်တွင် တစမကျန် ပျောက်ကွယ်သွားတော့သည်။ ဓားများပင်လျှင် ထိုစွမ်းအားများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သူ၏ လမ်းစဥ်သည် သာမန်လမ်းစဥ်အဖြစ်မှ ကျော်လွန်ပြီးဖြစ်ကာ မဟာလမ်းစဥ်၏ ထူးခြားသော စွမ်းအားအဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

သူ့ဆီမှ ထွက်ပေါ်လာသော နေနတ်အလင်းတို့က တည်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။

အနီးဝန်းကျင်မှ တန်ခိုးရှင်များက အမြင်နှင့်ပင် ၎င်း၏ စွမ်းအားကို ခံစားမိပေသည်။ ယနေ့  ရောက်ရှိနေသော နတ်နန်းတော် အတွင်းအပြင်မှ လူအားလုံးက မဟာလမ်းစဥ်၏ စွမ်းအားကို သိမြင်နားလည်သဘောပေါက်ပြီးသူများ ဖြစ်ကြသည်။

တိဝူကား အလွန် အားကောင်းလှသည်။ သူထုတ်လွှတ်ထားသည်က သာမန် လမ်းစဥ်မီးလျှံ မဟုတ်တော့ပေ။ နေမင်းနတ်နန်းတော်မှ တန်ခိုးရှင်များက ဘိုးဘေးနယ်မြေမှ နတ်ရတနာကို လုယူရန် တိဝူကို ရီဖူရှင်းနှင့် တိုက်ခိုက်စေလိုသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။

နေနတ်အလင်းသည် ရီဖူရှင်းဆီ တိုက်ရိုက်တိုးဝင်သွားပြီး လူအုပ်ကြီးသည် ရီဖူရှင်းကို နတ်အလင်းများက လုံးဝ ဖုံးလွှမ်းသွားသည်အား မြင်တွေ့လိုက်ရပေသည်။

***


Comment

Leave a Reply


Options

not work with dark mode
Reset