နတ်နန်းတော်အပြင်ဘက် လမ်းစဥ်ပင်လယ်အထက်၌ များလှစွာသော လှေငယ်လေးများက နတ်နန်းတော်အပြင်ဘက်သို့ ဆင်းသက်ကာ ရပ်တန့်လိုက်သည်။ ထိုများပြားသော အစွမ်းထက်စစ်တပ်က နတ်နန်းတော်သို့ ဝင်လာရမည့်အစား တစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြသည်။
ရွှေရောင်နတ်ပြည်ထောင်၏ ထိပ်သီးပုဂ္ဂိုလ်နှစ်ဦးဖြစ်သော ကိုက်ချိန်နှင့် ကိုက်ထန်တို့သည်လည်း ဤနေရာတွင် စုဝေးရောက်ရှိနေပြီး ထိုအဖွဲ့၏ အရှေ့ဘက် အလယ်ဗဟိုတွင် နေရာယူထားသည်။
သို့သော်လည်း သူတို့က လမ်းစဥ်ပင်လယ်တွင် ပေါလောပေါ်နေသည့် လှေပေါ်၌ သူတို့၏ လက်များကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေကြသည်။ သူတို့က သူတို့အရှေ့၌ ရှိနေသော အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေကို ကြည့်နေကြသည်။
ယနေ့ကုန်လွန်သွားပါက အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော ရှန့်ရှောင်းနတ်နန်းတော်သည် သမိုင်းတစ်ခုသာ ဖြစ်သွားပေတော့မည်။
ထိုအချိန်၌ သူတို့အနောက်မှ တစ်စုံတစ်ယောက် ရောက်လာကာ တစ်ခုခုပြောလိုက်သည်။ ရုတ်တရက် သူတို့၏ မျက်လုံးများထဲတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ယခု အရာအားလုံးက အဆင်သင့်ဖြစ်နေပြီး ရှန့်ရှောင်းနတ်နန်းတော်အား ဖျက်ဆီးပစ်ရန် အချိန်ကောင်းကို ရောက်လာပြီ ဖြစ်၏။
သူသည် ကောင်းကင်အာဏာစက်ဘုံမှ တည်ထောင်ထားသည့် အစွမ်းထက်အင်အားစုများစွာ ပါဝင်သော မဟာမိတ်အဖွဲ့၏ အင်အားကို ကောင်းကောင်းသိရှိထားသည်။
ထိုသူတို့၏ တိုးပွားသန်မာလာသော အင်အားသည် လူအများကို သတိအနေအထားဖြစ်စေခဲ့သည်။ ဘုံကိုးဘုံအကြား ထိပ်သီးအုပ်ချုပ်သူများက နောက်ထပ် အင်အားကြီးမားသည့် အင်အားစုတစ်ခု ထွက်ပေါ်လာမည်ကို မမြင်တွေ့လိုကြပေ။ ကောင်းကင်အာဏာစက်ဘုံကို လွှမ်းမိုးရန် ကောင်းကင်အာဏာစက်ကျောင်းတော်သည် လုံလောက်အောင် အားကောင်းနေပြီးဖြစ်သည့် အတွက်ကြောင့် ယခင်က မည်သူမှ သူတို့ကို ဆန့်ကျင်လှုပ်ရှားရဲသူ မရှိခဲ့သော်လည်း သူတို့က ယခု ဤအထိကရုဏ်းအတွင်း အထက်ကောင်းကင်ဘုံတစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ဆောင်လိုက်ပါက ထိုအဖြစ်သည် လူအများကို ခြိမ်းခြောက်မှု ဖြစ်လာစေလိမ့်မည်။
ထို့ကြောင့် လက်ရှိရုန်းရင်းဆန်ခတ် ဖြစ်ပွားနေသည့်အခြေအနေက သူတို့ဘက်ကို အကျိုးရှိစေလိမ့်မည်။
နည်းနည်းလေး တွန်းတိုက်ပေးလိုက်ရုံနှင့် ဤတွန်းအားသည် လက်ရှိစစ်မြေပြင်ကို တိုက်ရိုက်သက်ရောက်စေပြီး ဘုံကိုးဘုံ၏ မတူညီသော နေရာများကို တုန်လှုပ်သွားစေမည့် အကြောင်းရင်းဖြစ်လာနိုင်ပေသည်။
“ရွှေရောင်နတ်ပြည်ထောင်က အထက်ကောင်းကင်ဘုံ အုပ်ချုပ်သူတွေနဲ့အတူ သန့်စင်မြင့်မြတ်နယ်မြေရဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးဖို့ နတ်နန်းတော်ကို ရောက်လာတာပါ။” ကိုက်ထန်၏ အသံက လေဟာနယ်ကို ဖြတ်သန်းရောက်ရှိလာပြီး ကောင်းကင်ထက်တွင် ရွှေရောင်လှေကားတစ်စင်း ပေါ်ထွက်လာသည်။ သူက ခြေလှမ်းစလိုက်ပြီး အပေါ်သို့ တက်သွားကာ ခမ်းနားထည်ဝါသော ရွှေရောင်ပလ္လင်ထက် ထိုင်လိုက်သည်။
အသံက ကျယ်ပြောလှသည့် နတ်နန်းတော်တခွင်သို့ ပျံ့နှံ့သွားကာ လူတိုင်း၏ နားစည်ကို ရိုက်ခတ်သွားစေသည်။ ထိုအချိန်၌ နတ်နန်းတော်အရှေ့တွင် ရှိနေသော ရီဖူရှင်းနှင့်သူ့လူများ၏ မျက်နှာထက်၌ ကြောက်မက်ဖွယ်အကြည့်တို့ ဖြစ်ပေါ်လာပေသည်။
သူတို့သည် ယခုလေးတင် ဆိုးရွားသည့်သတင်းအချို့ကို လက်ခံရရှိခဲ့သည်။
ရှောင်တိန့်ထျန်းက မလာနိုင်ပေ။ ရှန်ကလန်ခေါင်းဆောင်က အလည်အပတ်ဟု အမည်ခံ၍ ရှောင်ကလန်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ ရှောင်တိန့်ထျန်းနှင့် စကားပြောဆိုခဲ့သည်။ ထိုသို့သော ဟန်ဆောင်မှုအောက်တွင် ရှောင်တိန့်ထျန်းက ထိုသူ့အား မည်သို့ လျစ်လျူရှုထွက်သွားနိုင်မည်နည်း။
သူသည် ဤတိုက်ပွဲသို့ မလာရောက်နိုင်တော့ပေ။
ထိုမျှမက ဗဟိုအင်ပါယာဘုံမှ သိုင်းနတ်ဘုရားကလန်သည်လည်း ယွင်ယန်ကလန်သို့ သွားရောက်ခဲ့သည်။
ရီဖူရှင်းနှင့် အခြားသူများသည် ဤတစ်ကြိမ်တိုက်ပွဲက ယခင်ထက် ပို၍ ခက်ခဲတော့မည်ကို သိရှိလိုက်ပေသည်။ ထိုသည်မှာ တစ်ဦးချင်းတိုက်ပွဲအဖြစ် ကန့်သတ်ထားခြင်းမဟုတ်ဘဲ အင်အားစုအားလုံးက တပြိုင်နက် လှုပ်ရှားကြမည်ဖြစ်သည်။ ရွှေရောင်နတ်ပြည်ထောင်သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ အင်အားကြီးထွားလာမှုကို မမြင်လိုသောကြောင့် သဘောထားတူသည့် အခြားအင်အားစုများကို စတင်စည်းရုံး၍ လှုပ်ရှားခဲ့သည်။
ထို့ပြင် သူတို့သည် စစ်ပွဲတွင် ပါဝင်မည်ဟု ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့ခြင်းမရှိဘဲ လည်ပတ်ခြင်းအမည်ခံနှင့်သာ လာရောက်သည် ဖြစ်သောကြောင့် သူတို့ကို တားဆီးမည့်သူ မည်သူမျှ ရှိလိမ့်မည်မဟုတ်ပါချေ။
ဤသို့ ကသောင်းကနင်းဖြစ်နေသော အခြေအနေ၌ ဂရုမမူမိမှုသည် ပျက်သုဥ်းခြင်းကိုသာ ယူဆောင်လာမည်ဖြစ်ကာ များပြားလှသည့် အင်အားစုများက သုတ်သင်ခံခဲ့ရပြီးဖြစ်သည်။ ထို့ပြင် ဘုံကိုးဘုံနယ်မြေတွင် မည်သူကမှ ကိစ္စရပ်များကို ပေါ့ပေါ့လေး မလုပ်ဆောင်ဝံ့ပေ။
“ဆရာ.. ရှောင်ကလန်ကလေ….” ရှောင်မုယွီက ခေါင်းငုံ့လိုက်သည်။ သူတို့အားလုံးက မဟာမိတ်များဖြစ်သော်လည်း ယခုကဲ့သို့ ဖိအားများကြားရောက်နေသော အချိန်၌ ရှောင်တိန့်ထျန်း၏ ပျက်ကွက်မှုက သူတို့အား အန္တရာယ်ပိုများသော အခြေအနေသို့ တွန်းပို့လိမ့်မည်ဖြစ်၏။
“မုယွီ… မင်း ဘာစကားမှ ပြောစရာမလိုပါဘူး။” ရီဖူရှင်းက ရှောင်မုယွီကို ကြည့်ကာ ပြောလိုက်သည်။ သူမသည် ရှောင်ကလန်နတ်မိမယ် ဖြစ်ပြီး ဤနေရာတွင် ရှိနေပြီးဖြစ်သည့်အတွက် မည်သည့်စကားမှဆိုရန်မလိုတော့ပေ။ ရီဖူရှင်းက အပြည့်အဝနားလည်ပေသည်။
ရှောင်ကလန်၏ ရှောင်တိန့်ထျန်းက ရှန်ကလန်နှင့် ဆန့်ကျင်၍ ရပ်တည်ခဲ့ဖူးသည်။ ယခု ရှန်ကလန်ခေါင်းဆောင်ကိုယ်တိုင် လာရောက်သည့်အခါ သူက ဂရုမမူဘဲ ပြုမူ၍ မရနိုင်ပေ။
ဤသို့သော အခြေအနေအောက်တွင် သူက မည်သူ့ကိုမှ အပြစ်တင်ရန် မဖြစ်နိုင်ပါချေ။
သူတို့က အလင်းထဲတွင် ရှိနေသောအချိန်၌ ရန်သူက အမှောင်ထဲတွင် ရှိနေကာ သူတို့အား ကြောက်မက်ဖွယ်ခံစားမှုတို့ ပေးစွမ်းနေသည်။
နတ်နန်းတော်၏ တန်ခိုးရှင်များသည် တည်ကြည်သော အမူအရာနှင့် ရှိနေကြသော်လည်း သူတို့၏ နှလုံးသားထဲ၌ အန္တရာယ်အသိက ကြီးထွားလာသည်။ သို့သော်လည်း သူတို့သည် သူတို့၏ အနေအထားကို ထိန်းသိမ်းထားပေသည်။
ထိုအချိန်တွင် နန်းတော်သခင်၏ နတ်အာရုံက အဆုံးမဲ့လေဟာနယ်ကို လွှမ်းမိုးသွားသည်။ သူက ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ထန်ကို ကြည့်ပြီး လေထုကိုဖြတ်ကာ ပြောလိုက်သည်။ “နတ်ဘုရားနန်းတော်ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လိုဆိုတာ လောက က သိတယ်။ ပြည်ထောင်သခင်အနေနဲ့ အကြံပေးစရာမလိုဘူး။”
သူ၏ အသံက ပုံမှန်လေသံမျှသာ ဖြစ်သော်လည်း အဝေးကြီး၌ရှိနေသော တန်ခိုးရှင်များသည်ပင် ရှင်းလင်းစွာ ကြားရပေသည်။ စောင့်ကြည့်နေကြသည့် လူအများသည် တစ်စုံတစ်ခုကို ခပ်ရေးရေးသတိထားမိသွားသည်။ ရွှေရောင်နတ်ပြည်ထောင်၏ တည်ရှိမှုက အလွန် လွှမ်းမိုးနိုင်စွမ်းရှိနေပြီး ထိုသည်မှာ ရွှေရောင်နတ်ပြည်ထောင်မှ ကျူးကျော်သူများက ကြီးစွာသော အားသာချက်ရှိနေသည်ကို သိသာစေသည်။
ဤထိပ်သီးအင်အားစုနှစ်ခုက နှစ်ပေါင်းများစွာအကြာကတည်းက ပဋိပက္ခတချို့ ရှိနေခဲ့ပြီး ရွှေရောင်နတ်ပြည်ထောင်က ယနေ့အတွက် အသေအချာ ပြင်ဆင်နေခဲ့သည်။ ယခု ရှည်ကြာလှသည့် ပြင်ဆင်မှုကြီးပြီးနောက် သူတို့က သူတို့၏လုပ်နိုင်စွမ်းကို အကြွင်းမဲ့ ယုံကြည်နေပုံရလေသည်။
“လောက,က သိတယ်လား။” ကိုက်ချိန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အထက်ကောင်းကင်ဘုံရဲ့ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုအနေနဲ့ ရှန့်ရှောင်းနတ်နန်းတော်က မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေကို မွေးထုတ်ပေးပြီး လမ်းစဥ်ရှာဖွေစေတယ်။ ဒါပေမယ့် နတ်နန်းတော်က အထက်ကောင်းကင်ဘုံရဲ့ ထိပ်သီးအင်အားစုတွေကို ဖျက်ဆီးတဲ့ ရန်သူကို ကူညီခဲ့ပြီး တခြားရ တန်ခိုးရှင်တွေတင်မက နတ်နန်းတော်ရဲ့ တပည့်တွေကိုတောင် ဘိုးဘေးနယ်မြေကို ဝင်ခွင့်မပြုခဲ့ဘူး။ ဒါက သန့်စင်မြင့်မြတ်နယ်မြေတစ်ခုအနေနဲ့ လုပ်သင့်တဲ့အရာလား။”
နန်းတော်သခင်က ကိုက်ထန်ကို ကြည့်ကာ ပြောလိုက်သည်။ “ကိုက်ထန် မင်းရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်နေစရာမလိုဘူး။ နတ်နန်းတော်က သန့်စင်မြင့်မြတ်နယ်မြေဆိုတဲ့ နာမည်နဲ့ လိုက်ဖက်တယ် မလိုက်ဖက်ဘူးဆိုတာ သမိုင်းက ဆုံးဖြတ်သွားလိမ့်မယ်။ ခေတ်အဆက်ဆက်မှာ အင်အားစုတွေက တိုးတက်မှုနဲ့ ကျဆုံးမှုတွေ ရှိကြတယ်။ အင်ပါယာအရှင်က လောကကြီးကို မစုစည်းခင်ကတည်းက မရေတွက်နိုင်တဲ့ အင်အားစုတွေရဲ့ မွေးဖွားခြင်း ပျက်စီးခြင်းကို ကြုံတွေခဲ့ရတယ်။ ဒီနေ့ရဲ့ နတ်နန်းတော်က ဘယ်လိုအခြေအနေပဲ ဖြစ်လာပါစေ အထက်ကောင်းကင်ဘုံမှာ ကျုပ်တို့ လုပ်ဆောင်ရမယ့်အလုပ်ကို လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ ကျုပ်ရဲ့ အသိစိတ်က ရှင်းရှင်းလင်းလင်း ရှိနေတုန်းပဲ။”
ရွှေရောင်နတ်အလင်းများက ကိုက်ထန်၏ မျက်လုံးများထဲမှ ထွက်ပေါ်လာသည်။ ဤနန်းတော်သခင်သည် အေးစက်ကာ တည်ငြိမ်၍ သူ၏ သာလွန်သောထက်မြက်မှုကို ထိန်းသိမ်းထားသည်။ ထို့ကြောင့် ဆန့်ကျင်ဘက်အနေနှင့် သူ့ ပြိုင်ဘက်၏ ဆင်ခြင်တုံတရားကင်းမဲ့မှုကို ပေါ်လွင်စေသည်။
သို့သော်လည်း ထိုအရာများက ပြဿနာမရှိပါချေ။ အင်အားစုတစ်ခု ကျရှုံးသည်ဖြစ်စေ ကြီးထွားလာသည်ဖြစ်စေ သမိုင်းသည် အောင်နိုင်သူများကိုသာ အစဥ်အမြဲ မှတ်မိနေပေလိမ့်မည်။
သူသည် ရွှေရောင်နတ်ပြည်ထောင်အား လာမည့် မျိုးသစ်သစ်များအကြား ပို၍ ကျော်ကြားကာ တောင့်တင်းခိုင်မာစွာ ရပ်တည်နိုင်မည်ဟု မျှော်လင့်မိပေသည်။
“ခင်ဗျားက ငြင်းဆန်နေရင် ကျုပ်ပြောနိုင်တာ မရှိတော့ဘူး။” ကိုက်ထန်က ပြန်ပြောလိုက်သည်။ သူသည် နတ်နန်းတော်မှ တန်ခိုးရှင်များကို ဝေ့ဝဲကြည့်လိုက်၏။ လက်ရှိတွင် နတ်နန်းတော်၌ ရန်ဟောင်အဆင့် တန်ခိုးရှင်များသာ ကျန်ရှိတော့သည်။ ရန်ဟောင်အဆင့်အောက် နိမ့်သည့် တန်ခိုးရှင်များက နတ်နန်းတော်မှ နှင်ထုတ်ခြင်း ခံလိုက်ရလေသည်။
သူတို့က ထွက်မသွားချင်လျှင်ပင် ထွက်သွားကြရမည်ဖြစ်သည်။ ကျရောက်လာမည့် ဘေးဥပဒ်သည် သူတို့ ကြံ့ကြံခံနိုင်မည့်အရာ မဟုတ်ပေ။
နတ်နန်းတော်မှ တန်ခိုးရှင်များက ထိုသူများ၏ ပစ်မှတ်မဟုတ်ဘဲ နတ်နန်းတော်နှင့် ကောင်းကင်အာဏာစက်ကျောင်းတော်သည်သာ သူတို့၏ ပစ်မှတ်ဖြစ်ပေသည်။
သူတို့၏ ရည်ရွယ်ချက်မှာ အထက်ကောင်းကင်ဘုံကို ထိန်းချုပ်၍ ရန်သူတော်ကြီး ရီဖူရှင်းကို သတ်ဖြတ်ရန် ဖြစ်သည်။ ရီဖူရှင်း၏ တည်ရှိမှုက ရွှေရောင်နတ်ပြည်ထောင်အတွက် ကြီးစွာသော ခြိမ်းခြောက်မှု ဖြစ်နေပေသည်။
“နတ်နန်းတော်ရဲ့ နန်းတော်သခင်က အရည်အချင်း မပြည့်မီဘူး။ ကျုပ်တို့က နတ်နန်းတော်ကို ပြန်လည်ထိန်းချုပ်ပြီး အရာအားလုံးကို ပြောင်းလဲပစ်ဖို့အတွက် အထက်ကောင်းကင်ဘုံရဲ့ အင်အားစုတွေနဲ့ အတူရောက်လာခဲ့တယ်။ ပြီးတော့ ကောင်းကင်ဒေသက အင်အားစုတွေကလည်း သန့်စင်မြင့်မြတ်နယ်မြေ ပြန်လည်တည်ထောင်ဖို့ ကျုပ်တို့နဲ့ ပူးပေါင်းလိမ့်မယ်။ ပြန်လည်တည်ထောင်ပြီးပြီဆိုတာနဲ့ ကျုပ်တို့က နတ်နန်းတော်ရဲ့ အတွင်းပိုင်း မြင့်မြတ်နယ်မြေကို ဖွင့်ပေးပြီး တပည့်တွေအားလုံးကို ဘိုးဘေးနယ်မြေမှာ ကျင့်ကြံစေမယ်။” ကိုက်ထန်က ကျယ်လောင်စွာ ပြောကြားလိုက်သည်။ “ကျုပ်တို့ ဒီနေ့ ရောက်လာတာ နတ်နန်းတော်က တပည့်တွေနဲ့ မပတ်သတ်တာမို့ နတ်နန်းတော်က တန်ခိုးရှင်တွေ ကျုပ်တို့နဲ့ ပူးပေါင်းပြီး နန်းတော် ပြန်လည်ထူထောင်ရာမှာ ပါဝင်နိုင်တယ်။ ထွက်သွားဖို့ ရွေးချယ်ချင်တယ်ဆိုရင်လည်း ရွှေရောင်နတ်ပြည်ထောင်က ဘယ်တော့မှ ဖိအားပေးမှာမဟုတ်ဘူး။ ဒီနေ့ ကျုပ်တို့ လုပ်ဆောင်သမျှ အရာအားလုံးက အထက်ကောင်းကင်ဘုံအတွက်ပဲ။”
ကိုက်ထန်နှင့် အခြားသူများသည် သူတို့၏ တပ်များဖြင့် ချီတက်လာကြလျှင်ပင် သူတို့သည် နတ်နန်းတော်အား အပြီးတိုင်ချေမှုန်းမည်ဟု မပြောရဲကြပေ။
နတ်နန်းတော်တွင် သဘာဝအားသာချက်တစ်ခုရှိသည်။ အရှင်ဒွန်ဟောင်၏ စွမ်းအားများဖြင့် ဖန်တီးထားသော သန့်စင်မြင့်မြတ်နယ်မြေက နတ်နန်းတော်တွင် ရှိနေသောကြောင့် ထိုသို့ဖျက်ဆီးချေမှုန်းပစ်ပါက အရှင်ဒွန်ဟောင်၏ စွမ်းအားတို့ကို ဆန့်ကျင်တိုက်ခိုက်ခြင်း ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့သည် အကြောင်းပြချက်ကို ရှာဖွေခဲ့ပြီး ပိုမိုကောင်းမွန်သော သန့်စင်မြင့်မြတ်နယ်မြေကို တည်ဆောက်ကာ ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ပေး၍ နတ်ဘုရားနန်းတော်မှ တန်ခိုးရှင်များကို ထွက်သွားရန် ခွင့်ပြုခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် အနာဂတ်၌ အင်ပါယာအရှင်က တစ်စုံတစ်ယောက်ကို ပို့ပြီး စစ်ဆေးခဲ့လျှင်ပင် ကိစ္စရပ်တစ်ခုလုံးက ကျိုးကြောင်းဆီလျော်သည်ဟုသာ မြင်တွေ့ပေလိမ့်မည်။
နတ်ဘုရားနန်းတော်အတွင်းရှိ မျက်လုံးများအားလုံးက အဝေးသို့ ကြည့်နေကြပြီး သူတို့အားလုံး၏ နတ်အာရုံများက ပွင့်ထွက်နေသည်။ လမ်းစဥ်ပင်လယ်ထက်မှ လှေများကို ကြည့်နေကြပြီး သူတို့အားလုံးသည် ရွှေရောင်နတ်ပြည်ထောင်က အင်အားစုအားလုံးကို စုစည်းလာကြောင်း သတင်းကို လက်ခံရရှိပေသည်။ နတ်နန်းတော်အတွက် ၎င်းက အမှန်တကယ် ဘေးဒုက္ခပင် ဖြစ်၏။
ထို့ပြင် ရွှေရောင်နတ်ပြည်ထောင်က နတ်နန်းတော်ကို ကောင်းစွာ သိရှိထားပြီး ထိုနားလည်မှုကြောင့်ပင် တိုက်ခိုက်ရဲခြင်းဖြစ်ကာ နတ်နန်းတော်မှ တပည့်များကိုလည်း သနားညှာတာမှုပြသခဲ့ခြင်း ဖြစ်သည်။ နန်းတော်အရှင် မရှိတော့လျှင်ပင် သူတို့က နန်းတော်မှ ထွက်သွားလိုသည့်သူများကို လက်လွတ်စပယ် သတ်ဖြတ်မည်မဟုတ်ပေ။
နတ်နန်းတော်၏ နန်းတော်သခင်သည် အောက်ဘက်ရှိ လူအုပ်ကို ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဘာကိုပဲ ရွေးချယ်သည်ဖြစ်စေ ကျုပ် ခင်ဗျားတို့ကို ထောက်ခံပေးမယ်။ ကျုပ် ကိုယ်တိုင်လည်း ခင်ဗျားတို့ ထွက်သွားကြဖို့ မျှော်လင့်တယ်။”
“နန်းတော်သခင်” လူအများက နတ်နန်းတော်၏ နန်းတော်သခင်ကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်ကြသည်။
“သမိုင်းဆိုတာ လောကကြီးရဲ့ တိုးတက်ခြင်းကျဆုံးခြင်းတွေနဲ့ ပြည့်နှက်နေတာ။ လွန်ခဲ့တဲ့ ရာစုနှစ်တုန်းက အင်ပါယာအရှင် လောကကို မစုစည်းခင် အချိန်ကာလတိုက်စားမှုကြောင့်နဲ့ လူတွေ အရာဝတ္ထုတွေ ဘယ်လောက်များများ ပျောက်ကွယ်သွားခဲ့ပြီလဲ။ ဒီလောကမှာ ဘယ်သူက ထာဝရရှင်သန်နိုင်မှာလဲ။ နှစ်ပေါင်းများစွာကြာအောင် နတ်နန်းတော်က ကျင့်ကြံခြင်းလောကကို တတ်နိုင်သမျှ ထောက်ပံ့ပေးခဲ့တယ်။ ဘယ်လိုရလဒ်ပဲဖြစ်လာဖြစ်လာ ကျုပ်က အရာအားလုံးကို စိတ်သန့်သန့်နဲ့ ရင်ဆိုင်နိုင်တယ်။ ကျုပ်မှာ နောင်တ မကျန်တော့လောက်အောင် နှစ်အကြာကြီးရှင်သန်ခဲ့ပြီးပြီ။ အကယ်၍ မင်းတို့အနေနဲ့ လောကကြီးမှာ သံယောဇဥ်တွယ်စရာ ကျန်နေသေးရင်တော့ အခုပဲ ထွက်သွားနိုင်ပါတယ်။” နတ်နန်းတော်၏ နန်းတော်သခင်က တည်ငြိမ်အေးချမ်းသော အသံနှင့် ပြောလိုက်သော်လည်း ဝမ်းနည်းမှုတို့ တစွန်းတစထင်ဟပ်နေသည်။
“ဒီနတ်နန်းတော်မှာ ကျုပ်ရဲ့ ကျင့်ကြံခြင်းအိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့သလို ကျင့်ကြံခြင်းအယူအဆတွေကိုလည်း ရုပ်လုံးဖော်ပေးတယ်။ ဂီတနတ်နန်းတော်ရဲ့ နန်းတော်သခင်တစ်ယောက်အနေနဲ့ ကျုပ်က နတ်နန်းတော်နဲ့အတူ ရပ်တည်မယ်။ နတ်နန်းတော်ရဲ့ တပည့်တို့၊ မင်းတို့ ထွက်သွားနိုင်ရင် ထွက်သွားကြပါ။ ဒီနေ့ ဖြစ်ပျက်မယ့် အရာအားလုံးက သာမန်ရန်ဟောင်တွေ ထိန်းချုပ်နိုင်စွမ်းရှိမယ့် အနေအထားမျိုး မဟုတ်ဘူး။” ဂီတနတ်နန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။
ဓားနန်းတော်၏ နန်းတော်သခင်က လေထဲသို့ တက်လာပြီး သူ့တစ်ကိုယ်လုံးကို အစွမ်းထက်ဓားစွမ်းအားများက လွှမ်းခြုံထားသည်။ သူက မည်သည့်စကားမှ မဆိုသော်လည်း သူ၏ ဓားနှင့် ဤနေရာကို ကာကွယ်စောင့်ရှောက်ရန် ဆန္ဒရှိသည်မှာ သိသာနေသည်။
နတ်နန်းတော်၏ နန်းတော်သခင်ကဲ့သို့ ကြီးမားသော တာဝန်ကို ထမ်းဆောင်ထားရသော သူများအားလုံးတွင် တူညီသောဆန္ဒနှင့် မျှော်လင့်ချက်များ ရှိသည်။ ထိုသည်ကပင် ယခု သူတို့အားလုံး အတူ ရှိနေရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျောင်းအုပ်အဖြစ် တာဝန်ယူဆောင်ရွက်ရန် ရွေးချယ်ခဲ့သည့် အရှင်ထိုက်ရွှမ်ကဲ့သို့ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့က ထွက်သွားကြလိမ့်မည် မဟုတ်ချေ။
“ကျွန်တော်က နတ်နန်းတော်မှာပဲ ကျင့်ကြံကြီးပြင်းလာတာမို့ ကျွန်တော့အသက်ကို နတ်နန်းတော်အတွက် ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။” ငယ်ရွယ်သော ရန်ဟောင်တစ်ပါးက ပြောလိုက်ပြီး လေထဲသို့ ဖြေးညင်းစွာ တက်သွားခဲ့ရင်း သူ၏ အရှိန်အဝါကို ထုန်လွှတ်လိုက်ကာ ဖြစ်လာမည့် တိုက်ပွဲအား ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
“ကျွန်တော်တို့လည်း နတ်နန်းတော်အတွက် အသက်ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်။” ပိုမိုများပြားသော လူတို့က တစ်ချိန်တည်းတွင် လေထဲသို့ တက်သွားကာ အလွန်ပြင်းထန်သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်ကြသည်။ စည်းလုံးခြင်း၏ ပြယုဂ်က လမ်းစဥ်ပင်လယ်အတွင်းရှိ စပ်စုစူးစမ်းချင်နေသူများကို ဝမ်းနည်းမှု တစ်စုံတစ်ရာကို ခံစားလာရစေသည်။
ထိုသည်မှာ ပြင်ပလောက၏ ပဋိပက္ခများကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည့် အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော နတ်နန်းတော် ဖြစ်သည်။
နတ်နန်းတော်၏ နန်းတော်သခင်ပြောသည်က မှန်ကန်ပေသည်။ မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ အချိန်ကသာ အဆုံးအဖြတ်ပေးပေလိမ့်မည်။ ရွှေရောင်နတ်ပြည်ထောင်က ယနေ့ အနိုင်ရမည်ဆိုလျှင်ပင် အနိုင်ရသူအနေနှင့် အချို့အရာများကို ဖျောက်ဖျက်ပစ်နိုင်သော်လည်း အချို့သောအရာများသည်တော့ ကမ္ဘာကြီးထဲ၌ ကျန်ရှိနေပေလိမ့်ဦးမည်ဖြစ်သည်။
အထူးသဖြင့် နတ်နန်းတော်တွင် ကျင့်ကြံခဲ့သော သူများသည် အထက်ကောင်းကင်ဘုံတခွင်တွင် ပျံ့နှံ့နေပြီး သူတို့က အရာအားလုံးကို မှတ်မိနေကြပေလိမ့်မည်။ သူတို့သည် စစ်ပွဲတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီကြသေးသည့်အတွက် ယခု လမ်းစဥ်ပင်လယ်အတွင်း၌သာ စောင့်ကြည့်နေကြရပေသည်။
“နတ်နန်းတော်က မင်းတို့ အသက်ကို မလိုအပ်ပါဘူး။” နတ်နန်းတော်၏ နန်းတော်သခင်က အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့ ဒီနေ့လိုအဆင့်ရောက်အောင် ကျင့်ကြံဖို့ဆိုတာ ခက်ခဲတယ်။ ဒီနေ့ ဘာပဲဖြစ်ဖြစ် နတ်နန်းတော်က မင်းတို့ ရှိနေတဲ့ နေရာတိုင်းမှာ ရှိနေလိမ့်မယ်။ ကိုယ့်အသက်ကို တန်ဖိုးမထားတဲ့ ဘယ်သူမဆို နတ်နန်းတော်ရဲ့ အမိန့်မနာခံသူတွေ ဖြစ်ပြီး နတ်နန်းတော် တပည့်တွေ ဖြစ်ဖို့ မထိုက်တန်ဘူး။”
***