Switch Mode

အပိုင်း (၁၇၈၆)

ရန်သူ၏ကစားကွက်

ရွှေရောင်နတ်ပြည်ထောင်မှ သံတမန်က ထွက်ခွာသွားသည်။ သူက သတင်းစကားကို လာရောက်ပို့ဆောင်ခြင်းသာ ဖြစ်၏။

နတ်နန်းတော်သည် ရွှေရောင်နတ်ပြည်ထောင်မှ တိုက်ပွဲစတင်ဖို့ရာ ဆင်ခြေရှာဖွေနေခြင်းသာဖြစ်ကြောင်း ခန့်မှန်းမိခဲ့သည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၏ မြင့်မြတ်သန့်စင်နယ်မြေကို တိုက်ခိုက်ရန် အကြောင်းပြချက်ရှာနေခြင်းဖြစ်ပြီး ပျက်ရယ်ပြုဖွယ်ပင် ဖြစ်၏။

ရွှေရောင်နတ်ပြည်ထောင်မှ သံတမန်ထွက်သွားပြီးနောက်၌ပင် နတ်နန်းတော်မှ တန်ခိုးရှင်များ၏ မျက်နှာထက်တွင် အေးစက်ကာ ရွံရှာစက်ဆုပ်သည့် အကြည့်တို့က တည်ရှိနေဆဲဖြစ်သည်။

“ကြည့်ရတာ သူတို့ စလှုပ်ရှားနေပြီထင်တယ်။” ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ အခြားသူများက သဘောတူခေါင်းညိတ်လိုက်ကြသည်။

“အားလုံးပဲ.. ငါတို့လည်း ပြင်ဆင်ရအောင်” နတ်နန်းတော်၏ စီနီယာတန်ခိုးရှင်တစ်ယောက်က ပြောလိုက်သည်။

ရီဖူရှင်းသည်လည်း လူအုပ်ထဲသို့ ရောက်ရှိလာပြီး သူက အဝေးသို့ လှမ်း​ကြည့်လိုက်သည်။

“ပြောကြတာတော့ ဘုံကိုးဘုံက အင်အားစုတော်တော်များများကလည်း ဒီနေရာကို လူတွေ ပို့လိုက်တယ်တဲ့။ ဘယ်အင်အားစုကများ ရွှေရောင်နတ်ပြည်ထောင်နဲ့ ပူးပေါင်းမလဲ သိချင်မိရဲ့။” ရီဖူရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြီးတော့ ကောင်းကင်ဒေသက မျိုးနွယ်စုတွေရောပဲ။ ထိုက်ချူတော်ဝင်မြေအပြင် ဘယ်သူကများ သူတို့ကို အနိုင်ရနိုင်မလဲဆိုတာကိုရောပေါ့။”

နတ်နန်းတော်သည် ကောင်းကင်ဒေသနှင့် ပတ်သတ်၍ သိပ်မသိပေ။ သို့ဆိုလျှင်ပင် ရီဖူရှင်းသည် ကောင်းကင်ဒေသမှ အခြားအင်အားစုများက ရွှေရောင်နတ်ပြည်ထောင်၏ အစီအစဥ်၌ ပါဝင်နေသည်ကို ခန့်မှန်းနိုင်သည်။  သူတို့က အထက်ကောင်းကင်ဘုံအား ပေါင်မုန့်တစ်ခုလို ခွဲခြမ်းစားသောက်လိုကြသည်။

ထပ်ပြီး ရီဖူရှင်း ခန့်မှန်းမိသည်က ရွှေရောင်နတ်ပြည်ထောင်သည် ဘုံကိုးဘုံမှ အခြားအင်အားစုများကို စုစည်းနိုင်မည့် ဤအခွင့်အရေးအား လက်လွတ်ခံမည် မဟုတ်ပေ။ အထူးသဖြင့် ရှန်ကလန်ကဲ့သို့သော ရီဖူရှင်းအား အတိုက်အခံပြုနေသည့် အင်အားစုများကို ဖြစ်လေသည်။

ရှန်ကလန်သည် ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်တို့အပေါ် နက်ရှိုင်းသော အမုန်းတရားများ ရှိနေသည်။ ရီဖူရှင်းပင် ထိုအကြောင်းအား တွေးမိလျှင် ရွှေရောင်နတ်ပြည်ထောင်သည်လည်း တွေးမိမှာ မလွဲပင်။

ထိုအကြောင်းပြချက်ကြောင့်ပင် ရီဖူရှင်းသည် သူ၏ မဟာမိတ်တပ်က အလွန် အားကောင်းသော်ငြား ယုံကြည်ချက်က အနည်းငယ် လျော့ရဲနေသည်။ သူသည် ယခုချိန်ထိ သူ၏ ပြိုင်ဘက်က မည်မျှ သန်မာသည်အား မဖော်ထုတ်နိုင်သေးပေ။

သို့သော် သူသည် မည်သည့်အရာတို့ ဖြစ်ပျက်လာပါစေ တာဝန်ယူရန်လိုအပ်သည်။ နတ်နန်းတော်က သူ၏ မဟာမိတ်ဖြစ်နေသည့်အတွက် သူ့တွင် ရွေးချယ်စရာမရှိဘဲ အစွမ်းကုန် ကြိုးစားပေးရန် လိုအပ်ပေသည်။ ထိုသို့မှမဟုတ်လျှင် မဟာမိတ်ဖွဲ့ခြင်း၏ အနှစ်သာရက ပျောက်ဆုံးသွားပေလိမ့်မည်။

လူအုပ်ကြီးသည် လမ်းစဥ်ပင်လယ်၏ ကမ်းခြေမြို့တွင် တဖြေးဖြေး စုဝေးလာကြသည်။ တန်ခိုးရှင်များသည် လူစုလူဝေးကြီးဖြစ်လာကာ ထိုသည်မှာ ရီဖူရှင်း ဤနေရာသို့ ရောက်ကာစ နတ်နန်းတော်၏ လျှို့ဝှက်နယ်မြေအား မတော်တဆ ဖွင့်လိုက်မိတုန်းကကဲ့သို့ ဖြစ်သည်။

ထိုအချင်းအရာက ငယ်ရွယ်သော မျိုးဆက်များအကြား ပါရမီယှဥ်ပွဲအတွင်း ဖြစ်ခဲ့​ခြင်း ဖြစ်သည်။ ထိုအခမ်းအနားက နတ်နန်းတော်သို့ ဝင်ခွင့်စာမေးပွဲဖြစ်ပြီး အလွန်ကြီးကျယ်ခမ်းနားသည့် အခမ်းအနားတစ်ခုလည်း ဖြစ်ခဲ့၏။ သို့ပေမယ့် ယခုတစ်ကြိမ်မှာတော့ ဘုံကိုးဘုံတွင် ရှုပ်ထွေးသော ပြဿနာတို့ ဖြစ်ပေါ်နေကာ တိုက်ပွဲပြင်နေသည်။ ဤတိုက်ပွဲသည် ဘုံကိုးဘုံ၏  အနာဂတ်ကြမ္မာကို အဆုံးအဖြတ်ပင် ပေးနိုင်စွမ်းရှိသည့် တိုက်ပွဲဖြစ်သည်။

ထိုသည်မှာ အထက်ကောင်းကင်ဘုံ၏ အနာဂတ်အလားအလာနှင့် အုပ်ချုပ်သူအလောင်းအလျာအတွက် တိုက်ပွဲလည်း ဖြစ်၏။ ထို့ကြောင့် ဤအခြေအနေအား တန်ခိုးရှင်အများအပြားက မည်မျှ အာရုံစိုက်နေသည်အား ခန့်မှန်းရန်မခက်ခဲပေ။ ဤတစ်ကြိမ် ရောက်လာခဲ့သည့် လူအများစုအတွက် ယခုအချိန်က အလွန်ပင် ထူးခြားသောအခါသမယဖြစ်သည်။ ထိုအထဲတွင် အထက်ကောင်းကင်ဘုံ၏ ရန်ဟောင်အားလုံးနီးပါး ပါဝင်သည်။ သူတို့သည် လမ်းစဥ်ပင်လယ်ကမ်းပါးမှ စားသောက်ဆိုင်နှင့် တည်းခိုခန်းများတွင် တည်းခိုနေကြသည်။

ဤရက်များအတွင်း၌ လမ်းစဥ်ပင်လယ်ကမ်းပါးတွင် သက်ဝင်လှုပ်ရှားနေပေသည်။ လူတစ်ယောက်အား ကျပန်းရွေးလိုက်မည်ဆိုလလျှင်ပင် ထိုသူက ရန်ဟောင်အဆင့်မှ ရှိန်လောက်စရာ တန်ခိုးရှင်တစ်ဦး ဖြစ်နေပေလိမ့်မည်။ ထိုသည်ကပင် ဤနေရယ၌ အစွမ်းထက်သူများ မည်မျှများပြားစွာ စုဝေးနေသည်ကို ခန့်မှန်းနိုင်ပေမည်။

လူအများသည် လမ်းစဥ်ပင်လယ်အတွင်း ငေးမျှော်ကြည့်နေကြသည်။ သူတို့သည် နတ်နန်းတော်၏ ကံကြမ္မာနှင့် အထက်ကောင်းကင်ဘုံ၏ အနာဂတ်က မည်သို့ဖြစ်လာမည်ကို သိလိုနေကြ၏။

ယခုတွင် ရွှေရောင်နတ်ပြည်ထောင်သည် ပိုမိုများပြားသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်နေသည်။ သူတို့သည် နတ်နန်းတော်က အထက်ကောင်းကင်ဘုံ၏ သန့်စင်မြတ်မြတ်နယ်မြေတစ်ခုအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များကို လျစ်လျူရှုကာ အထက်ကောင်းကင်ဘုံကို သစ္စာဖောက်ပြီး ကောင်းကင်အာဏာစက်ဘုံမှ လူများ မြို့တော်ရှီလင်ကို သုတ်သင်သတ်ဖြတ်ခြင်းအား ခွင့််ပြုပေးခဲ့သည့်အပြင် အကူအညီပေး အားပေးအားမြှောက်ပြုကာ တရားခံကိုပင် ပုန်းခိုခွင့်ပြုခဲ့သေးသည်။ အရေးကြီးဆုံးမှာ နတ်နန်းတော်က ဘိုးဘေးနယ်မြေအား ဖွင့်လှစ်ရန် ငြင်းဆန်ခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြောင်းရွှေ့ရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။

ရွှေရောင်နတ်ပြည်ထောင်သည် ထို ပြစ်မှုမှတ်တမ်းကို ထုတ်ဖော်ကာ ရှန့်ရှောင်းနတ်နန်းတော်က အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေ မဟုတ်တော့ကြောင်း၊ ကိုယ်ကျိုးစီးပွားအတွက် အထက်ကောင်းကင်ဘုံကို သစ္စာဖောက်ဝံ့သော သစ္စာဖောက်အပြစ်သားအဖွဲ့သာ ဖြစ်​ကြောင်း ပြောဆိုခဲ့၏။

ရွှေရောင်နတ်ပြည်ထောင်၏ နောက်ခြေလှမ်းက အထက်ကောင်းကင်ဘုံ၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်သော ရှန့်ရှောင်းနတ်နန်းတော်ကို အစားထိုးရန်ဖြစ်ကြောင်း ခန့်မှန်းရန် လွယ်ကူလှပေသည်။

အထက်ကောင်းကင်ဘုံတွင်နေသော လူများက ဤအကြံအစည်ကို သေချာပေါက်သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် လမ်းစဥ်ပင်လယ်တွင် ဖြစ်ပေါ်လာမည့် ဖြစ်ရပ်များအား စောင့်ဆိုင်းနေကြပေသည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးနေပြီး ဘုံကိုးဘုံမှ အခြားသော အင်အားစုများ၏ တန်ခိုးရှင်များလည်း လမ်းစဥ်ပင်လယ် ကမ်းခြေမြို့သို့ ရောက်ရှိလာကြသဖြင့် လူဦးရေက အဆမတန် တိုးပွားလာနေသည်။ သို့သော် လူအုပ်ကြီးထဲ၌ ရောထွေးသွားကြသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရန် ခက်ခဲပေသည်။

ယနေ့တွင် လမ်းစဥ်ပင်လယ် ကမ်းခြေအနီး၌ လူတစ်အုပ်က လမ်းလျှောက်ရင်း စကားပြောလာကြသည်။ လူတစ်ယောက်က လမ်းစဥ်ပင်လယ်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။ “လူတွေက တဖြည်းဖြည်း ပိုများလာပြီ။ ရွှေရောင်နတ်ပြည်ထောင်လည်း မကြာခင် ရောက်လာလောက်တယ်။”

“သူတို့က စောင့်နေကြတာ။ ရွှေရောင်နတ်ပြည်ထောင်တစ်ဖွဲ့တည်းနဲ့ ကောင်းကင်အာဏာစက်ကျောင်းတော်က တည်ထောင်ထားတဲ့ မဟာမိတ်အဖွဲ့ကို အနိုင်ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူတို့က တခြားအကူအညီရှာလိမ့်မယ်။ ဘုံကိုးဘုံထဲက အင်အားစုတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အစီအစဥ်တွေ ရှိပြီး ပိုင်မုန့်ကြီးကို သူတို့အတွက် တစ်ကိုက်လောက်တော့ လိုချင်နေကြသူတွေချည်းပဲ။  ဘယ်အင်အားစုကမှ ရွှေရောင်နတ်ပြည်ထောင်ကို အမှန်တကယ် ကူညီပြီး လက်တွဲကြမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ထဲက ဘယ်သူကမှ အစပျိုးပြီး နတ်နန်းတော်ကို ရိုက်ချနိုင်စွမ်းမရှိကြဘူး။ အဲဒါကြောင့် ရွှေရောင်နတ်ပြည်ထောင်က တစ်ချိန်လုံးစောင့်နေတာ ဖြစ်နိုင်တယ်။”

“စောင့်နေတာလား။” မီးလျှံရောင်စဥ်များ ဝန်းရံထားသည့် လူငယ်လေးက မေးလိုက်သည်။

“ဟုတ်တယ်” စီနီယာတန်ခိုးရှင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူတို့က ကောင်းကင်ဒေသက အင်အားစုတွေရဲ့ တပ်ဖွဲ့ကို စုစည်းဖို့ စောင့်နေတာပဲ။ ကိုက်ချိန်က အင်ပါယာလက်အောက်မှာ ခစားတယ်။ အထက်ဘုံလောကမှာ ကောင်းကင်ဒေသရဲ့ စွမ်းအားကို ဘယ်လိုအသုံးချရမလဲဆိုတာ သူ မသိတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ရွှေရောင်နတ်ပြည်ထောင်က ရီဖူရှင်းနဲ့ နက်ရှိုင်းတဲ့ ရန်ငြိုးရှိနေတယ်လို့ မင်းပဲ ပြောခဲ့တယ်မလား။ ကောင်းကင်ဒေသက ထိပ်သီးအင်အားစုတွေ ပူးပေါင်းပေးနေသ၍ သူတို့အတွက် ရီဖူရှင်းကို သတ်ဖို့ လွယ်ကူမယ်ဆိုတာ ပုံမှန်ပဲ။”

“ကျွန်တော်အခု နားလည်ပါပြီ။” တိဝူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်တော် ရီဖူရှင်း မသေခင် သူနဲ့ တိုက်ခိုက်ကြည့်ချင်သေးတယ်။”

“ငါတို့ စောင့်ကြည့်ကြမယ်။ တကယ်လို့ ရီဖူရှင်းက လမ်းဆုံးထိတွန်းပို့ခံရမယ်ဆိုရင် ငါတို့မှာ အခွင့်အရေး ရှိလာနိုင်တယ်။” စီနီယာတန်ခိုးရှင်က ပြန်ဖြေလိုက်သည်။ သူသည် နေနတ်ဘုရားတောင်ကုန်းမှ အဆင့်မြင့်တန်ခိုးရှင်တစ်ဦးဖြစ်ပြီး သူ နေနတ်ဘုရားနန်းတော်၌ ရှိစဥ် တိဝူ၏ အလားအလာကောင်းများကြောင့် တိဝူအပေါ် အမြင်ကောင်းများရှိပေသည်။ သူသည် တိဝူကို ပစားပေးကာ အနာဂတ်၌ ကောင်းကင်ဒေသသို့ ခေါ်ဆောင်သွားရန် အစီအစဥ်ချထားခဲ့သည်။

ထိုအချိန်တွင် စီနီယာတန်ခိုးရှင်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ဆန့်ကျင်ဘက်အရပ်မှ လျှောက်လာနေသည့် အဖွဲ့ကို စိုက်ကြည့်လိုက်သည်။

ထိုသူများကလည်း ပြန်စိုက်ကြည့်နေ၏။ သူတို့သည် အချင်းချင်း စူးစိုက်ကြည့်နေကြပြီး နှစ်ဖက်လုံး၏ ခန္ဓာကိုယ်များမှ ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်ကို ခံစားမိလိုက်သည်။

နောက်ဆုံး၌ သူတို့သည် မည်သို့မှမဖြစ်သကဲ့သို့ အချင်းချင်း ဖြတ်ကျော်သွားကြလေသည်။

“ကြည့်ရတာ ရီဖူရှင်းအတွက် ကံကြမ္မာဆိုး ဆိုက်လာပြီ ထင်ပါတယ်။” နေနတ်ဘုရားတောင်ကုန်းမှ တန်ခိုးရှင်တစ်ဦးက မှတ်ချက်ချလိုက်သည်။ ကမ္ဘာကြီးက ထိုမျှ သေးငယ်လှသည်။ သူတို့သည် ဗဟိုအင်ပါယာဘုံ၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည့် ရှန်ကလန်မှ တန်ခိုးရှင်များနှင့် လမ်းစဥ်ပင်လယ် ကမ်း​ခြေ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရှန်ကလန်သည် ဤတစ်ကြိမ်၌ အလွန်သန်မာသော အင်အားကို ထုတ်ဖော်လာသည်။ ရှန်ကလန်၏ အ​ကြီးအကဲဖြစ်သော ရှန်ကျဲ့သည်ပင် သူတို့အကြား၌ ရှိနေခဲ့၏။ သို့သော်လည်း ရှန်ကျဲ့က ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်မတူပေ။ သူသည် ပို၍ အရေးပါပုံရသော အမျိုးသားတစ်ယောက်၏ ဘေး၌ ရပ်နေခဲ့သည်။ ထိုသူက မည်မျှ အင်အားကြီးမည်ကို လူတိုင်း ခန့်မှန်းနိုင်ပေသည်။

လူတိုင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရှန်ကလန်ကြားမှ ရန်ငြိုးကို သိရှိကြသည်။ ယခု ရှန်ကလန်မှ ဤမျှ ထူးချွန်သော တန်ခိုးရှင်များ စေလွှတ်လိုက်ခြင်း၏ ရည်ရွယ်ချက်မှာ သဘောပေါက်ရလွယ်စေ၏။

ကြည့်ရသည်မှာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ဘုံကိုးဘုံ၌ ကျော်ကြားလာခြင်းမှ ရပ်တန့်ရန် အင်အားစုအတော်များများက အလိုရှိနေပုံရသည်။

ယနေ့တွင်လည်း အဆုံးမဲ့ကောင်းကင်၏ အောက်၌ လမ်းစဥ်ပင်လယ်သည် ငြိမ်သက်ကာအေးချမ်းနေ၏။ မရေတွက်နိုင်သော တန်ခိုးရှင်များက ပုံမှန်အတိုင်း လမ်းစဥ်ပင်လယ်အနီးတွင် စုဝေးနေကြသည်။

ထိုအချိန်၌ တန်ခိုးရှင်တစ်စုက လမ်းစဥ်ပင်လယ်ဘက်သို့ လျှောက်သွားသည်အား လူတချို့က သတိပြုမိလိုက်သည်။ ထိုတန်ခိုးရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ပင်လယ်ဘက်ထဲသို့ လျှောက်ဝင်သွားကြသည်။ သူတို့က ဝေးဝေးသို့ ရောက်သွားလေ တောက်ပသည့် ရွှေရောင်အလင်းတန်းက လမ်းစဥ်ပင်လယ်ကို လွှမ်းခြုံထားလာလေဖြစ်၏။

“သူတို့စတော့မယ်။” ယင်းအသံက လမ်းစဥ်ပင်လယ်ကမ်းခြေရှိ အခြေအနေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ လူအုပ်ကြီးသည် ရွှေရောင်နတ်ပြည်ထောင်မှ ထိုသို့သော အပြုအမူဖြင့် ထွက်​ပေါ်လာသည်ကို အံ့သြနေကြသည်။

ထိုအချိန်တွင် ဆန့်ကျင်ဘက်အရပ်မျက်နှာမှ တန်ခိုးရှင်များကလည်း ပင်လယ်ထဲသို့ လျှောက်လာနေကြသည်။ လှေများကို ရွက်လွှင့်ပြီး အင်အားစုကြီးများမှ သူတို့သည် လမ်းစဥ်ပင်လယ်အလယ်မှ နတ်နန်းတော်သို့ ချီတက်သွားကြသည်။

“သွားစို့” မရေတွက်နိုင်သော လူများ အထူးသဖြင့် ရန်ဟောင်အဆင့်များက လမ်းစဥ်ပင်လယ်တွင်းသို့ သွားရောက်ရန် ရှေ့သို့ တိုးလာကြသည်။ သူတို့က ဤတိုက်ပွဲကို ကြည့်ရန် ရောက်လာကြခြင်းဖြစ်၏။

သူတို့က အခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

ရန်ဟောင်များအပြင် အချို့သော အကြောက်အရွံ့မဲ့သည့် ရှန့်ထိုအချို့သည်လည်း လှေပေါ်သို့ တက်လိုက်ကြသည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၏ သမိုင်းဝင်အခိုက်အတန့်အား ​မျက်မြင်တွေ့လိုကြပေသည်။

ဖြစ်လာနိုင်သည့် အကျိုးဆက်ကို မမှုဘဲ သူတို့သည် မသွားလိုက်ရပါက သူတို့ဘဝ၌ နောင်တတသီကြီး ရနေရမည်ကို စိုးရိမ်နေကြသည်။

ပိုမိုများပြားသည့် တန်ခိုးရှင်များက ပါဝင်လာကြသည်။ လမ်းစဥ်ပင်လယ်မှ ကြည့်လျှင် ရန်သူ့စစ်တပ်ကြီး ရွက်လွှင့်လာသည်နှင့်ပင် တူနေသေးတော့၏။

လူအများစုက အပျော်သဘောဖြင့် ထိုတိုက်ပွဲအား ကြည့်ရှုရန်သွားနေခြင်းဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။

ကြည့်ရသည်မှာ ရွှေရောင်နတ်ပြည်ထောင်က တိုက်ရိုက်သွားရောက်မည့်အစား ကမ်းခြေမှတဆင့် နတ်နန်းတော်သို့ ချီတက်ရန် ဆုံးဖြတ်လိုက်ပုံရသည်။ သူတို့က လူတိုင်း လိုက်ပါလာပြီး ထိုသမိုင်းဝင်တိုက်ပွဲကို ကြည့်ရှုစေလိုသည်။

ဘုံကိုးဘုံမှ အခြားသော တန်ခိုးရှင်များသည်လည်း လူအုပ်ထဲတွင် ရောကာ ပင်လယ်သို့ ရွက်လွှင့်နေကြသည်။

“သန့်စင်မြင့်မြတ်နယ်မြေ နတ်နန်းတော်က ဒီတိုက်ပွဲမှာ ရှင်သန်ကျန်ပါ့မလား သိချင်မိတယ်။” အချို့သောသူများက အဝေးကို လှမ်းကြည့်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ဤသည်မှာ အရှင်ဒွန်ဟောင် လောကကို စုစည်းပြီးနောက် ဖြစ်ပွားသည့် အကြီးဆုံး တိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပေသည်။

အခြေအနေမှာ လျင်မြန်စွာပင် ရေဆူမှတ်သို့ ချဥ်းကပ်လာခဲ့သည်။

လူအများသည် နတ်နန်းတော်၏ ရှေးဟောင်းတောင်များပေါ်တွင် တည်ငြိမ်စွာ နေရာယူထားကြသည်။ သူတို့သည် နတ်နန်းတော်သို့ ချီတက်သွားသည့် ရွှေရောင်နတ်ပြည်ထောင်မှ တန်ခိုးရှင်များ၏ သတင်းကို ကြားသိပြီးဖြစ်သည်။

နတ်နန်းတော်၏ နန်းတော်သခင်က အဓိကတောင်ထွတ်တွင် အခြားသော တန်ခိုးရှင်များနှင့်အတူ စောင့်ဆိုင်းနေသည်။ သူ့ အမူအရာက တင်းမာနေပြီး သူ၏ စိတ်စွမ်းအားက ကျယ်ပြန့်သော နေရာတခွင်ကို ဖြန့်ကျက်ထားသည်။ အဆုံးအစမဲ့သည့် လမ်းစဥ်ပင်လယ်ကိုပင် သူ၏ စိတ်စွမ်းအားက ဖုံးလွှမ်းထား၏။

သူ ဖြန့်ကျက်ထားသော စိတ်စွမ်းအားမှတဆင့် သူသည် ရန်သူများက လမ်းစဥ်ပင်လယ်ကို ဖြတ်သန်းကာ နတ်နန်းတော်သို့ လာရောက်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

လေဟာနယ်နတ်အလင်းတန်းက သူ၏ နောက်ဘက်မှ တောက်ပလင်းလက်လာသည်။ များစွာသောလူတို့ ရှေးဟောင်းလေဟာနယ်လမ်းကို ဖြတ်ကာ ကောင်းကင်မှ ဆင်းသက်လာစဥ် လေဟာနယ်မဟာလမ်းစဥ်၏ စွမ်းအားက လေထုတွင် စိမ့်ဝင်ပျံ့နှံ့နေသည်။

လူအချို့က ရီဖူရှင်းဆီ ပြေးလာကြသည်။

“တစ်ခုခုမှားနေပြီ။” ကောင်းကင်နတ်တံခါးမှ ကျန့်ချန်ကျီက အရင်ဆုံးရောက်လာသည်။ သူက ရီဖူရှင်းထံ လမ်းလျှောက်လာပြီး အသံခပ်နိမ့်နိမ့်နှင့် ပြောလိုက်သည်။ “စီဝေ့ဘုံမှာ တစ်ခုခုဖြစ်နေတယ်။”

“ဘာဖြစ်တာလဲ။” ရီဖူရှင်းက မေးလိုက်သည်။ စိုးရိမ်ပူပန်သွားသည့်အကြည့်တို့က သူ့မျက်ဝန်းများထဲ ထွက်ပေါ်လာသည်။

“စီဝေ့ဘုံက အခြားအင်အားစုတွေ လှုပ်ရှားနေကြပြီ။ သူတို့က ဒီနေ့ကို ရည်ရွယ်ချက်ရှိရှိ စောင့်နေတာဖြစ်မယ်။ ကျန့်ချန်ကျီက ပြောလိုက်သည်။ ရီဖူရှင်း၏ မျက်နှာက ခက်ထန်သွား၏။ စီဝေ့ဘုံမှ အင်အားစုများက စတင်လှုပ်ရှားနေလျှင် ဤနေရာနှင့် အကွာအဝေးအလွန်ခြားနားနေသည့်တိုင် နတ်နန်းတော်၏ အခြေအနေကိုတော့ သက်ရောက်စေနိုင်သည်။

ပြီးပြည့်စုံသည့် တိုက်ပွဲကို စတင်ရမည့်အစား စီဝေ့ဘုံက သူတို့၏ မဟာမိတ်အင်အားစုနှစ်ခုကို ဖိနှိပ်ထားလျှင် လက်ရှိတိုက်ပွဲကို သွယ်ဝိုက်စွာ သက်ရောက်လာမည်ဖြစ်၏။

ရွှေရောင်နတ်ပြည်ထောင်က ဤတစ်ကြိမ်၌ သိသိသာသာ ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားခဲ့ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset