Switch Mode

အပိုင်း (၁၇၇၈)

ကန့်လန့်ကာနောက်ကွယ်

ကောင်းကင်အာဏာစက်ဘုံတွင်မုန်တိုင်းများတိုက်ခတ်နေချိန် တခြားဘုံများတွင်လည်း ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပွားနေလေသည်။

ကောင်းကင်အာဏာစက်မြို့မှ အုတ်အော်သောင်းနင်းဖြစ်ရပ်အတွင်းတွင် တခြားဘုံများမှ ဤမုန်တိုင်းအား လာရောက်စူးစမ်းကြသည့်လူများရှိသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှအရှုပ်အထွေးအပြီးတွင် သတင်းများက ဘုံကိုးခုတခွင် လျင်မြန်စွာ ပျံနှံ့သွားလေသည်။

နေမင်းဘုံသည် ကြီးမားသောမီးလုံးကြီးနှင့် ဆင်တူသည်။ အပူချိန်မှာအလွန်မြင့်မားပြီး လောင်ကျွမ်းစေလောက်သည့်နေမင်းက ကုန်းမြေပေါ်တွင်ထွန်းလင်းနေသောကြောင့် အလွန်ပူပြင်းလှသည်။

နေမင်းဘုံသည် သာမန်လူများနေထိုင်ရန် မသင့်တော်ပေ။ သို့သော် ဤနေရာမှာ မီးဓာတ်သဘာဝအားကျင့်ကြံကြသူများအတွက်မူ ကောင်းကင်ဘုံသာဖြစ်သည်။ နေမင်းဘုံတစ်ခုလုံးတွင် နေမင်း၏လောင်ကျွမ်းနိုင်သောစွမ်းအင်များ ပြည့်ဝနေလေသည်။

ဤစွမ်းအင်သည် နေမင်းနန်းတော်တည်ရှိနေသည့် နေမင်းဘုံ၏အလယ်ဗဟိုတွင် အားအကောင်းဆုံးဖြစ်သည်။

နေမင်းနန်းတော်သည် ကောင်းကင်သို့ထိလုနီးပါးပင် မြင့်မားထည်ဝါစွာတည်ရှိနေသည်။ နေနတ်ဘုရားတောင်တန်းသည် မြင့်မားခန့်ထည်စွာရှိနေပြီး ထိုနတ်နန်းတော်အား မြှင့်တင်ပေးနေသည်။ ၄င်းသည် နေထွက်၍ နေဝင်ရာအရပ်ပင်ဖြစ်သည်။

ယခုမူ ရွှေရောင်မြူများနှင့်တိမ်များကြားတွင် နေနတ်ဘုရား၏မီးတောက်များခြံရံ၍ ထိုနတ်နန်းတော်ကတည်ရှိနေပြီး အားကောင်းသောကျင့်ကြံသူများစွာက တနေရာတည်းတွင်ထွက်ပေါ်လာသည်။

ထိုနေရာသည် နတ်ခုံရုံးဖြစ်ဟန်ပေါ်သည်။ ထိပ်ဆုံးတွင် လူရိပ်တစ်ခုက ရပ်နေပြီး သူ၏နောက်၌ နေမင်းရှိနေသည်။ သူ၏အောက် ဘယ်ဘက်နှင့်ညာဘက်တို့တွင် အင်အားစုအသီးသီးမှကျင့်ကြံသူများ ရပ်နေကြသည်။ သူရပ်နေသောနေရာမှခပ်လှမ်းလှမ်းတွင် နေမင်းနန်းတော်မှကျင့်ကြံသူများရှိနေသည်။

ထိုထိပ်ဆုံးတွင်ရပ်နေသည့်ပုံရိပ်က နောက်သို့လှည့်၍ သူ၏နောက်သို့ကြည့်လိုက်သည်။ ထိုနေရာတွင် ကျိုင်းကိုကိုင်ထားပုံရိပ်တစ်ခုနှင့်အတူ ပုလ္လင်တစ်ခုထွက်ပေါ်လာသည်။ ကျိုင်းနှင့်ပုဂ္ဂိုလ်က ထိုပုလ္လင်ထက်၌ နတ်ဘုရားတပါးကဲ့သို့ ထိုင်နေလေသည်။

ရုတ်တရက် လူတိုင်းက အကြည့်က ပုလ္လင်ပေါ်မှလူထံသို့ရောက်ရှိသွားသည်။

“နေမင်းတမန်တော်ကို ကြိုဆိုပါတယ်” ကျင့်ကြံသူများက လေးစားစွာအရိုအသေပေးရင်း ပြောလိုက်ကြသည်။ သူတို့အားလုံးက ထိုလူ၏သရုပ်မှန်ကိုသိထားကြသည်။ သူက ကောင်းကင်ဒေသမှထိပ်သီးပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

နေမင်းနန်းတော်၏ နန်းတော်သခင်ပင်လျှင် ပုလ္လင်ရှေ့တွင်သာရပ်ခွင့်ရှိသည်။ နေမင်းတမန်တော်နှင့်ဆုံတွေ့ရသောအခါ နန်းတော်အရှင်ပင်လျှင် အရှုံးပေးရလေသည်။

အခြားအင်အားစုများကဲ့သို့ပင် နေမင်းနန်းတော်သည်လည်း ပြင်ပဘုံ၌ အင်အားစုတစ်ခုရှိသည်။ သူတို့၏အင်အားစုက အလွန်အားကောင်းလှသည်။ ယခင်ခေတ်များတွင် သူတို့အင်အားစုမှ နတ်ဘုရားအဆင့်ပုဂ္ဂိုလ်များပင်ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုသည်မှာ နေမင်းနန်းတော်၏မူလအင်အားစုဖြစ်ပြီး သူတို့ကမူ အင်အားစုအခွဲလေးမျှသာဖြစ်သည်။

ယခင်အချိန်များတွင် နေမင်းနန်းတော်မှဒဏ္ဍာရီလာပုဂ္ဂိုလ်များကြား၌ နေနတ်ဘုရားဟုကျော်ကြားသော နတ်ဘုရားတပါးရှိခဲ့သည်။ နေမင်း၏အလင်းရောင်က သက်ရှိအားလုံးအပေါ်၌ ကျရောက်နေပြီး နေနတ်ဘုရားအမျက်ထွက်လျှင် သူက လောကတစ်ခုလုံးအား မီးလောင်တိုက်သွင်းပစ်နိုင်လောက်အောင် အားကောင်းလှပေသည်။

ထိုနေနတ်ဘုရားနေထိုင်ခဲ့သောနေရာသည် ယခုနေမင်းနန်းတော်ဟုခေါ်ဆိုသောနေရာပင်ဖြစ်သည်။

လောကကြီးပြောင်းလဲသွားသောကြောင့် နေနတ်ဘုရားကသေဆုံးသွားခဲ့သော်လည်း သူ၏အင်အားစုများက ယနေ့အချိန်ထိ ရှင်သန်နေဆဲဖြစ်သည်။ သူတို့၏ဘိုးဘေးဖြစ်သော နေနတ်ဘုရားအား ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် သူ၏မျိုးဆက်များက နေမင်းခုံရုံးကိုတည်ထောင်ခဲ့ကြသည်။ သူတို့က တနေ့တွင် သူတို့၏ဂုဏ်ကျက်သရေကိုပြန်လည်ဆောင်ကျဥ်းနိုင်လိမ့်မည်ဟု အမြဲမျှော်လင့်နေခဲ့ကြသည်။

ယနေ့ထိတိုင် နေမင်းခုံရုံးသည် ပြိုင်ဘက်မရှိ အားကောင်းနေဆဲဖြစ်သည်။ ဤအင်အားစုမှ နတ်ဘုရားအဆင့်များထွက်ပေါ်မလာခဲ့သော်လည်း သူတို့အား ဤလောက၏ထိပ်သီးအင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

ထိုစဥ်က ဘုံသုံးထောင်တွင် သူတို့၏အမွေအနှစ်ကိုဆက်ခံထားသော နေမင်းနန်းတော်ဟုခေါ်သည့် အင်အားစုတစ်ခုလည်းရှိခဲ့သည်။ မူလဘုံ၌ နေမင်းနန်းတော်သည် တနေ့တွင် ပြန်၍ဦးမော့လာနိုင်မည်ဟုမျှော်လင့်ခဲ့ကြသည်။ ထိုနေ့က ရောက်မလာသေးသည်သာဖြစ်၍ တနေ့တွင် ဖြစ်လာမည်ဟု ယုံကြည်ထားကြသည်။

ထိုသည်မှာ နေမင်းနန်းတော်၏ မူလဇစ်မြစ်ပင်ဖြစ်သည်။

ထို့ကြောင့် နေမင်းခုံရုံးမှကျင့်ကြံသူများ ဆင်းသက်လာချ်ိန်တွင် သူတို့က နေမင်းနန်းတော်အား အလွယ်တကူပင်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မူလကတည်းက နေမင်းနန်းတော်သည် သူတို့၏လက်အောက်ခံအဖွဲ့ခွဲတစ်ခုပင်ဖြစ်သည်။

ယခင်မျိုးဆက်များက ဤသည်အားရှင်းလင်းစွာသိရှိထားကြ၏။

သို့သော် လူငယ်အချို့ကမူ ယခုထိတိုင် ထိုကိစ္စက တစ်ခုခုထူးဆန်းနေကြောင်းခံစားနေရဆဲဖြစ်သည်။ သူတို့သည် ကိစ္စများကမည်သို့ဖြစ်သင့်သည်ဆိုသည့် ကိုယ်ပိုင်အတွေးအခေါ်အချို့ပင် တွေးမိကြသည်။

တိဝူသည် အလွန်ထူးကဲသောပါရမီရှိပြီး သူသည် တစ်နေ့တွင် နေမင်းနန်းတော်အားဆက်ခံရမည်ဟု ယုံကြည်ခဲ့သည်။ ယခုမူ ကောင်းကင်ဒေသ နေမင်းခုံရုံးမှကျင့်ကြံသူများရောက်ရှိလာပြီး သူ၏အစီအစဥ်များအား တစစီဖြစ်သွားစေခဲ့သော်လည်း သူက မတွန်းလှန်နိုင်ပေ။

မည်သို့ပင်ဆိုစေ သူ၏ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေသေးသည်။ ယခု သူက တဖြည်းဖြည်းသန်မာအားကောင်းလာအောင်သာ ကျင့်ကြံနိုင်ပြီး တိတ်တဆိတ်သာ နှိမ့်ချ၍နေနေရသည်။

နေမင်းတမန်တော်က ပုလ္လင်ပေါ်တွင်ထိုင်၍ လူအုပ်ကြီးအားကြည့်လိုက်သည်။ သူ၏ပုံစံမှာ အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိဟန်ပေါ်သည်။ သူကပြောလိုက်သည် “မင်းတို့အားလုံး ကောင်းကင်အာဏာစက်ဘုံက ကိစ္စကို ကြားပြီးကြပြီလား”

လူအုပ်ကြီးက ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့က ကောင်းကင်အာဏာစက်ဘုံတွင်ဖြစ်ပွားခဲ့သော ထိုမုန်တိုင်းအား သိရှိထားပြီးဖြစ်သည်။

တိဝူ၏မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်အနည်းငယ်ဖြတ်သန်းသွားသည်။ ရီဖူရှင်းက ထိုမျှအားကောင်းလိမ့်မည်ဟု သူတခါမှမတွေးမိခဲ့ဖူးပေ။ ထို့အပြင် ယူချင်းလည်းရှိနေသေးသည်။ သူတို့က အထက်ဘုံ ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများကိုပင် အနိုင်ယူနိုင်ခဲ့သည်။

ယခု ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရီဖူရှင်းတို့အား ကောင်းကင်တွင်တောက်ပနေသည့် နေမင်းသဖွယ် သတ်မှတ်နိုင်သည်။

“လေဟာနယ်ဘုံက မူလဘုံလည်းဖြစ်တယ်။ အရင်ကမှော်နက်မင်းသမီးပေါ်ပေါက်လာမှုကြောင့် မိစ္ဆာနက်အဖွဲ့က သူမကိုပြန်ခေါ်ဖို့ နတ်တစ္ဆေအဖွဲ့ကိုစေလွှတ်ခဲ့ရတယ်။ အခုရီဖူရှင်းနဲ့ယူချင်းလည်း ပေါ်လာပြန်ပြီ။ မူလဘုံဆိုတဲ့အတိုင်းပဲ…အနာဂတ်မှာလည်း နောက်ထပ်အံ့အားသင့်စရာတွေရှိလာဦးမလားဆိုတာ ငါသိချင်နေမိပြီ” နေမင်းတမန်တော်ကပြောလိုက်သည်။ “ဒီလိုဖြစ်လာတော့ ငါတို့လည်း ချက်ချင်း လှုပ်ရှားမှဖြစ်မယ်”

ကျင့်ကြံသူများစွာက မျက်မှောင်ကြုတ်မိလိုက်ကြသည်။ လှုပ်ရှားကြမယ်ဟုတ်လား…။

သူတို့က ဘာလုပ်ကြမှာလဲ…။

နေမင်းတမန်တော်၏အကြည့်က နေမင်းနန်းတော်သခင်ထံကျရောက်သွားပြီး မေးလိုက်သည်။ “အဖွဲ့ဝင်တွေကို စုစည်းထားပြီးပြီလား”

“စုစည်းထားပြီးပါပြီ” နေမင်းနန်းတော်သခင်က ခေါင်းငြိမ့်၍ပြန်ဖြေလိုက်သည်။ နေမင်းတမန်တော်က သူ့အား နေမင်းနန်းတော်မှကျင့်ကြံသူများကို စုစည်းထားရန်အမိန့်ပေးခဲ့သည်။ ၄င်းကိုကြည့်၍ သူသည် ကိစ္စကြီးတစ်ခုဖြစ်ပျက်တော့မည်မှန်း ခန့်မှန်းမိခဲ့၏။

“ဒါဆို စထွက်ကြတာပေါ့” နေမင်းတမန်တော်က မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့လျှောက်လာသည်။ ကျင့်ကြံသူလူအုပ်ကြီးက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်သဖြင့် ဟိုဟိုသည်သည်လှည့်၍ မေးနေကြသည်။

ထွက်ခွာမည်ဟုတ်လား…။

သူတို့ မည်သည့်နေရာသို့ထွက်ခွာကြမည်ကို မပြောရသေးပေ။

“လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက နေမင်းဘုံက နေမင်းခုံရုံးရဲ့ ပိုင်ဆိုင်မှုပဲ။ အခုနှစ်ရာပေါင်းများစွာကြာသွားရင်တောင် အတူတူပဲ…” နေမင်းတမန်တော်က ပြောလိုက်သည်။ “အနာဂတ်မှာ နေမင်းဘုံအတွက် ဘုရင်တပါးပဲရှိရမယ်။ နေမင်းနန်းတော်က အင်အားစုကြီးတွေကို ထိန်းသိမ်းထားမယ်။ နေမင်းဘုံမှာ တခြားအင်အားစုတွေရှိနေလို့ရတယ်။ ဒါပေမဲ့ သူတို့အားလုံးက နေမင်းခုံရုံးကို သူတို့ရဲ့အရှင်သခင်အဖြစ် သတ်မှတ်ရမယ်…” သူ၏စကားလုံးများက ကျင့်ကြံသူများ၏ရင်ကို တုန်ဟည်းသွားစေသည်။

နေမင်းတမန်တော်က သူတို့သည် နေမင်းဘုံမှအင်အားစုများကို ရှင်းလင်းရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။

၄င်းက ကြီးမားသော စစ်ပွဲကြီးဖြစ်စေလိမ့်မည်။

အနာဂတ်တွင် နေမင်းဘုံ၌ အုပ်ချုပ်သူအဆင့်အင်အားစုမှာ တစ်ခုတည်းသာရှိပေမည်။ အမိန့်တစ်ခုသာရှိမည်ဖြစ်ပြီး ထိုအမိန့်သည် နေမင်းနန်းတော်မှဖြစ်ပေလိမ့်မည်။

ရောင်စဥ်တန်းများထွက်ပေါ်လာပြီး ကျင့်ကြံသူအုပ်စုက ထွက်ခွာလိုက်လေသည်။

ချီရှောင်းနတ်တောင်သည် ပုံမှန်နေ့များကဲ့သို့ပင်ဖြစ်သည်။ လူများက ကျင့်ကြံနေကြပြီး ရုတ်တရက် နတ်တောင်ပေါ်သို့ အထက်ကောင်းကင်ယံမှ အလင်းတန်းများကျရောက်လာသည်။ချီရှောင်းနတ်တောင်တန်းမှ ကျင့်ကြံသူများ၏အမူအရာက ရုတ်ချည်းပင်ပြောင်းလဲသွားသည်။ သူတို့အားလုံးက အလွန်အားကောင်းသော အရှိန်အဝါကိုခံစားမိလိုက်ကြသည်။

ထိုခဏတွင် နတ်ဘုရားများက ကောင်းကင်မှဆင်းသက်လာသည့်နှယ်ဖြစ်သည်။ အထက်ကောင်းကင်ယံမှ အရာအားလုံးအားဖျက်ဆီးပစ်မည့်ပုံပေါ်သည့် နေနတ်ဘုရားမီးတောက်များ ကျဆင်းလာသည်။

“နေမင်းနန်းတော်…ဒါက ဘာအဓိပ္ပါယ်လဲ” အသံကျယ်ကြီးက ထွက်ပေါ်လာသည်။ ထိပ်သီးကျင့်​ကြံသူများစွာက ချီရှောင်းနတ်တောင်ထိပ်၌ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက ကောင်းကင်သို့ကြည့်နေကြပြီး နေမင်းနန်းတော်အား မေးခွန်းထုတ်နေလေသည်။

“ဒီနေ့ကစပြီး ချီရှောင်းနတ်တောင်က နေမင်းဘုံမှာအုပ်ချုပ်ခွင့်မရှိတော့ဘူး။ မင်းတို့က ငါတို့ကို သစ္စာခံပြီး နေမင်းနန်းတော်ရဲ့လက်ခွဲတစ်ခုဖြစ်လာရမယ်” နောက်ထပ်အသံတစ်ခုက လေဟာနယ်ကိုဖြတ်လာပြီး နတ်တောင်တခုလုံးပေါ်မှ ကျင့်ကြံသူအားလုံး၏ ရင်ကိုတုန်လှုပ်သွားစေလေသည်။

နေမင်းနန်းတော်သည် နေမင်းဘုံအား အုပ်ချုပ်လိုပေသည်။

တူညီသောအဆင့်ရှိ အခြားအင်အားစုများကို သူတို့အား ဆန့်ကျင်ရန် ခွင့်ပြုမည်မဟုတ်ပေ။

ချီရှောင်းနတ်တောင်က တစ်ကမ္ဘာလုံးတွင် ကြီးမားသော အပြောင်းအလဲကြီးဖြစ်ပေါ်နေကြောင်းသိရှိထားပြီး ဘုံကိုးခုမှ အင်အားစုများတွင်လည်း အပြောင်းအလဲများဖြစ်လာမည်မှန်း ခန့်မှန်းမိကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က အပြောင်းအလဲများမှာ ထိုမျှလျင်မြန်၍ ပြင်းထန်လိမ့်မည်ဟုတော့ မခန့်မှန်းမိကြပေ။

မုန်တိုင်းအားအစပျိုးသည့် ပထမဆုံးအင်အားစုမှာ နေမင်းနန်းတော်ဖြစ်ပြီး သူတို့၏ပထမဆုံးပစ်မှတ်က ချီရှောင်းနတ်တောင်ပင်ဖြစ်သည်။

ထိုနေ့တွင် အဝေးမှမရေမတွက်နိုင်သောလူများက နေမင်းဘုံမှချီရှောင်းနတ်တောင်ပေါ်တွင် ဖြစ်ပွားခဲ့သော ပျက်စီးမှုကြီးကို မျက်မြင်တွေ့ခဲ့ကြသည်။ အလွန်ကြီးမားသော တိုက်ပွဲကြီးဖြစ်ပွားခဲ့သည်ဟု သတင်းများကြားရသည်။ နောက်ဆုံးတွင် ချီရှောင်းနတ်တောင်က နေမင်းနန်းတော်ကို သစ္စာခံခဲ့ရသည်။

ထိုကိစ္စပြီးနောက် နေမင်းဘုံမှအင်အားစုတစ်ခုပြီးတစ်ခု နေမင်းနန်းတော်အား သစ္စာခံခဲ့ကြသည်။

တခြားအင်အားစုများက ထိုသတင်းကိုကြားသောအခါ နေမင်းဘုံတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေသည်။

ဖြည်းဖြည်းချင်းပင် နေမင်းဘုံတစ်ခုလုံးက နေမင်းနန်းတော်၏ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလေသည်။

ရက်အနည်းကြာပြီးနောက် နေမင်းဘုံမှထိပ်သီးအင်အားစုများ၏ခေါင်းဆောင်များအားလုံးသည် နေမင်းနန်းတော်၌ တချိန်ထဲစုရုံးရောက်ရှိလာကြပြီး ကြီးကျယ်သောအခမ်းအနားကြီးတစ်ခုကို ကျင်းပခဲ့သည်။ သို့သော်သူတို့က တခြားဘုံများမှ မည်သည့်အင်အားစုကိုမှဖိတ်ကြားခဲ့ခြင်းမရှိပေ။

ထိုအချိန်မှစ၍ နေမင်းဘုံသည် တစ်စုတစ်စည်းတည်း ဖြစ်သွားလေသည်။

နေမင်းဘုံတွင်ထိုကိစ္စမဖြစ်ခင်ကပင် လျှို့ဝှက်နယ်မြေဘုံသည်လည်း လှေတစ်စီးထဲ အတူစီးခဲ့သည်။ နတ်တစ္ဆေအဖွဲ့သည် ယခု လျှို့ဝှက်နယ်မြေဘုံအား ထိန်းချုပ်ထားလေသည်။ ထိုဘုံနှစ်ခုနှင့်ဆင်တူသည့် အခြားဘုံမှာ ကောင်းကင်အာဏာစက်ဘုံဖြစ်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ကောင်းကင်အာဏာစက်ဘုံကို ဦးဆောင်နေလေသည်။

ဤပုံစံက ဘုံကိုးခု၌ လျှင်မြန်စွာပြန့်နှံ့သွားသည်။

ပြင်ပဘုံများမှ ထိပ်ဆုံးအင်အားစုများသည် ဘုံတစ်ခုချင်းစီအား တစ်စုတစ်စည်းထဲဖြစ်စေခဲ့သည်။

ထိုအံ့အားသင့်ဖွယ်သတင်းများသည် ဘုံကိုးခုတွင် အလွန်လျင်မြန်စွာပြန့်နှံ့သွားပြီး ကြီးမားသောဂယက်ကိုဖြစ်စေခဲ့သည်။ ဤမုန်တိုင်းသည် ကောင်းကင်အာဏာစက်ကျောင်းတော် ကြုံတွေ့ခဲ့ရသောမုန်တိုင်းထက် ပို၍ကြီးမားလေသည်။ ဤသည်မှာ နေမင်းဘုံသို့ရိုက်ခတ်ခဲ့သော ကြီးမားသည့်အလှည့်အပြောင်းပင်ဖြစ်သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်းက ထိုသတင်းကိုရရှိချိန်သည် အတော်ပင်နောက်ကျနေပြီဖြစ်သည်။

ထိုသည်အားလုံးမှာ သူ၏ခန့်မှန်းချက်အတွင်းတွင်ရှိသည်။ ထိုမျှမြန်မြန်ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ရုံသာဖြစ်သည်။ နေမင်းနန်းတော်၏နောက်ကွယ်မှအင်အားစုသည် နေမင်းဘုံတစ်ခုလုံးအား အချိန်အနည်းငယ်အတွင်း သိမ်းယူနိုင်သည်အထိ အားကောင်းပုံပေါ်သည်။

နန်းဆောင်တွင်း၌ လေထုမှာမှုန်မှိုင်းနေသည်။

“မင်းတို့အားလုံး သတင်းတွေကြားပြီးပြီလား” အရှင်ထိုက်ရွှမ်ကမေးလိုက်သည်။

လူအုပ်က ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့က ဤမျှကြီးမားသော သတင်းများအား မည်သို့မကြားဘဲနေမည်နည်း။

“ငါတို့ ဒီသတင်းကိုရတဲ့အချိန်မှာပဲ အရိပ်ဘုံကလည်း တူညီတဲ့အခြေအနေတွေကြုံတွေ့နေရတယ်။ တခြားဘုံတွေမှာလည်းအတူတူပဲ။ နတ်တစ္ဆေအဖွဲ့က မလှုပ်ရှားခင်မှာပဲ ကောင်းကင်ဒေသကအင်အားစုတွေက ဘုံကိုးခုကိုခွဲဝေယူဖို့ ပြင်ဆင်ပြီးနေကြပြီ” အရှင်ထိုက်ရွှမ်က ဆက်ပြောသည်။

“ကောင်းကင်အာဏာစက်ဘုံက အစကတည်းက တစ်စုတစည်းထဲဖြစ်နေပြီးသားဆိုတော့ ဒီကိစ္စက ငါတို့နဲ့သိပ်တော့မသက်ဆိုင်ဘူး…။ ဒါပေမဲ့ ငါတို့ရဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရှန့်ရှောင်းနတ်နန်းတော်၊ နန်ထျန်းနတ်ပြည်ထောင်၊ ကြယ်အင်ပါယာဘုံက သောမျိုးနွယ်စု၊ ယန်ယွမ်ကလန်နဲ့ အခြားအင်အားစုတွေမှာသာ ဒီလိုအခြေအနေမျိုးကြုံတွေ့ရမယ်ဆိုရင် ငါတို့က သူတို့ကို သေချာပေါက်အကူအညီပေးမယ်။ အင်အားစုတိုင်းက ကိုယ်စားလှယ်တွေဒီမှာရှိနေတာဆိုတော့ သဘောမတူစရာတော့မရှိဘူးလို့ ထင်ပါတယ်” အရှင်ထိုက်ရွှမ်က ဆက်ပြောလိုက်သည်။ သူတို့က ဘုံသုံးထောင်မှ အလှည့်အပြောင်းများကို ရင်ဆိုင်နိုင်ရန် မဟာမိတ်ဖွဲ့ထားခြင်းဖြစ်သည်။

ယခုအလှည့်အပြောင်းများက ရောက်လာပြီဖြစ်ရာ တချို့ကိစ္စများအား အစောကတည်းကကြို၍ သဘောတူညီမှုထားရှိရန်လိုအပ်ပေသည်။

“ကျုပ်တို့က မဟာမိတ်တွေဖြစ်လို့ ဒါက ကျုပ်တို့လုပ်သင့်တဲ့ကိစ္စပါပဲ “ တစ်ယောက်ကပြောလိုက်သည်။

“နန်ထျန်းနတ်ပြည်ထောင်က ကန့်ကွက်စရာမရှိပါဘူး” နန်လော့ရှန်းက ပြန်ဖြေသည်။

“သောမျိုးနွယ်စုကလည်း သဘောတူပါတယ်“ အခြားအသံများက ဆက်လက်ထွက်ပေါ်လာသည်။ လူတိုင်းက အရှင်ထိုက်ရွှမ်၏စကားကို သဘောတူကြသည်။ ယခု ပြသနာများရှိနေသည်က ကောင်းကင်အာဏာစက်ကျောင်းတော်တစ်ခုထဲသာမဟုတ်ပေ။ ဤကဲ့သို့ ဗရမ်းဗတာအခြေအနေမျိုးတွင် သူတို့က အနာဂတ်အပြောင်းအလဲများအတွက် မဟာမိတ်ဖွဲ့၍ ရင်ဆိုင်ရန်သာတတ်နိုင်ပေသည်။

“အင်အားစုတိုင်းက အာရုံစိုက်ထားဖို့လိုတယ်။ ဘာတွေဖြစ်နေလဲဆိုတာ သေချာ သိရဖို့ ကျင့်ကြံသူတွေကိုစေလွှတ်ထားပါ။ ဒါမှ အပြောင်းအလဲတစ်ခုခုဖြစ်လာရင်ချက်ချင်း တုန့်ပြန့်နိုင်မယ်” အရှင်ထိုက်ရွှမ်က အကြံပြုလိုက်သည်။ လူတိုင်းက လေးလေးနက်နက်အာရုံစိုက်၍ နားထောင်နေကြသည်။

ရီဖူရှင်းသည် လူအုပ်ထဲတွင် တချိန်လုံး တိတ်ဆိတ်စွာရှိနေသည်။ ဘုံကိုးခုပေါ်တွင်ဖြန့်ကျက်ထားသော ဗရမ်းဗတာအခြေအနေကန့်လန့်ကာက နောက်ဆုံးတွင် တရားဝင်ထွက်ပေါ်လာပြီဖြစ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset