ထိုအသားလုံးကြီး ပေါက်ကွဲသွားသောအခါ ပျစ်ချွဲချွဲ အရည်များမှာ အရပ်မျက်နှာအနှံ့သို့ ဖိတ်စင်သွားကြ၏။ လင်းတျန်ဟောက်မှာ ထိုအသားလုံးထဲမှ လျှောကျလာ၏။ ယခင်တုန်းက သန်သန်မာမာ ရှိခဲ့သော သူ၏ခန္ဓာကိုယ်မှာ ယခုတွင် အရိုးတခြား အသားတခြား ဖြစ်နေပြီဖြစ်သည်။ သူသည် အရိုးစုကြီးတစ်ခုနှင့်ပင် တူနေပြီး သူ၏ အသက်ရှူသံမှာလည်း အာပျော့လွန်းနေ၏။
သူ့အား အချိန်မီ ကယ်တင်လိုက်နိုင်ခြင်းဖြစ်သည်။ သူသည် မျက်လုံးများဖွင့်ရန် ကြိုးစားနေသည့်အလား သူ၏ မျက်ခွံများမှာ လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ဆေးလုံးများကို ထုတ်ယူလိုက်ပြီး သူ့အား တိုက်လိုက်၏။ ထိုအချိန်တွင် ဧရာမသစ်ပင်ကြီးနှင့် ချန်းဖုံးတို့ကို တိုက်ခိုက်နေသော ဘီလူးရုပ်အလောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ ကယ်ဆယ်မှုကို သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် ၎င်းမှာ အော်ဟစ်ဟိန်းဟောက်လိုက်တော့သည်။
ထို ဟိန်းဟောက်သံကြီး ပေါ်ထွက်လာသောအခါ သူတို့၏ ပတ်ပတ်လည်မှ အသားလုံး မြောက်မြားစွာ စတင်ပေါက်ကွဲလာကြတော့သည်။ ထို့နောက် ၎င်းတို့ထဲမှ ကျင့်ကြံသူများမှာ ချက်ချင်းပင် သေဆုံးသွားကြပြီး ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ မျက်လုံးများ ပွင့်လာသောအခါ သူတို့၏ မျက်လုံးများမှာ မီးခိုးရောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် သူတို့တစ်ယောက်ချင်းစီတိုင်းမှာ သားရဲကြီးများကဲ့သို့ အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြတော့သည်။
ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်အား ချက်ချင်းပင် ထွေးပွေ့လိုက်ပြီး နောက်သို့ဆုတ်ခွာသွား၏။ သူတို့၏ ပတ်ပတ်လည်မှ အသားလုံးများမှာ အဆက်မပြတ်ပေါက်ကွဲနေသည်ကို မြင်လိုက်ရသဖြင့် သူသည် တစ်ခဏမျှ ရပ်တန့်သွား၏။ ထို့နောက် သူသည် အသားလုံးတစ်လုံးနားသို့ ကပ်သွားလိုက်ပြီး ၎င်းအား ဓားဖြင့်ခုတ်ကာ ခွဲလိုက်တော့သည်။ သို့သော် သူသည် ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးနေရန် အချိန်မရှိသောကြောင့် နောက်ထပ် အသားလုံးတစ်လုံးဆီသို့ သွားလိုက်ပြီး ဓားဖြင့် ထပ်၍ ခွဲလိုက်ပြန်သည်။
သူ့ဆီသို့ ပြေးလာနေကြသည့် ဖုတ်ကောင်အုပ်ကြီး၏ အရေအတွက်မှာ များပြားလွန်းနေ၏။ သူတို့မှာ ယခင်တုန်းက ကျင့်ကြံသူများ ဖြစ်ခဲ့သည်မဟုတ်ပါလော။ သူတို့မှာ အားအင်များကုန်ခမ်းကာ အရိုးစုများကဲ့သို့ ဖြစ်နေကြသည့်တိုင်အောင် သူတို့၏ အဝတ်အစားများမှာ အကောင်းပတိနီးပါးအတိုင်း ကျန်ရှိနေဆဲပင်။ သူတို့ထဲမှ အများစုမှာ စစ်တပ်မှ ကျင့်ကြံသူများဖြစ်ကြပြီး အချို့မှာ မန္တန်အစီအရင် ကျင့်ကြံသူများဖြစ်ကြသည်။
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစား၍ သူ့ကိုယ်သူ ကာကွယ်ရင်း လူများကိုလည်း တတ်နိုင်သလောက် လိုက်၍ ကယ်တင်နေတော့သည်။ ဖုတ်ကောင်အုပ်ကြီး သူ၏အနားသို့ ရောက်မလာခင် သူသည် လူအယောက် တစ်ဒါဇင်ကျော်အထိ ကယ်တင်နိုင်ခဲ့၏။ အခြားသူများမှာဆိုလျှင် ယခုလိုအခြေအနေမျိုးတွင် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရမည်ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ တမူထူးခြားသော တိုက်ခိုက်ရေးသမားတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မာန်သွင်း အော်ဟစ်မြည်တမ်းလိုက်ပြီး သူ၏ ဓားကြီးအား ဝှေ့ယမ်းကာ ဖုတ်ကောင်အုပ်ကြီးကို ခုတ်ထစ်၍ ဖောက်ထွက်ရင်း သူ၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေလိုက်တော့သည်။
သူ လူအယောက် နှစ်ဒါဇင်ခန့် ကယ်တင်ပြီးသွားသောအချိန်တွင် သူ၏ ခပ်လှမ်းလှမ်းရှိ မျက်နှာကြက်ပေါ်မှ တွဲလောင်းကျနေသော အသားလုံးကြီးတစ်လုံးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားသည်။ ထို့နောက် အမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားတစ်ခု ပျံ့လွင့်လာပြီး အမြုတေအဆင့် ဖုတ်ကောင်ကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။
သူသည် အဖွဲ့ခြောက်၏ ခေါင်းဆောင်ကြီးပင်ဖြစ်သည်။
သူသည် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပင့်သက်ရှိုက်မိ သွားတော့သည်။ သူသည် သူ၏ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်လိုက်ပြီး လင်းတျန်ဟောက်အား ချက်ချင်းဆိုသလိုပင် ပွေ့ဖက်ကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
ထို့နောက် သူသည် သူ၏ ဓမ္မလက်နက်ကြီးအား စွမ်းအင်အကုန်ထုတ်သုံးလိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော အမြုတေအဆင့် ဖုတ်ကောင်ကြီးအား ခုတ်ထစ်လိုက်တော့သည်။
ထိုအခါ လေထဲတွင် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာ နှုတ်ခမ်းထဲမှ သွေးများစီးကျလာပြီး ဒယိမ်းဒယိုင်နှင့် သူ၏ ခန္ဓာကိုယ်မှာ ကျိုးပြတ်သွားသော စွန်တခုကဲ့သို့ ဖြစ်သွားတော့သည်။ ထို အမြုတေအဆင့် ဖုတ်ကောင်ကြီးမှာလည်း တစ်ကိုယ်လုံးတုန်ရီသွားပြီး ထိုပြင်းအားကြောင့် နောက်သို့ခြေလှမ်းများစွာ တွန်းထုတ်ခံလိုက်ရသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ဓားချက်ကြောင့် သူ၏ ညာဘက်လက်မှာ တိခနဲ ပြတ်သွားရတော့သည်။
ထိုအမြုတေအဆင့် ကျင့်ကြံသူမှာ ယခုလို ဖုတ်ကောင် ဖြစ်မလာခဲ့ခင်တုန်းလောက် အစွမ်းထက်နေခြင်း မရှိတော့ပေ။ ယခုတွင် သူသည် ကိုယ်ပိုင်အသိစိတ်တစ်ခု ရှိမနေတော့ဘဲ သားရဲကြီးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူသည် အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ထပ်၍ ပြေးလာပြန်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေရပြီဖြစ်သည်။ သူ၏ ရန်သူဖြစ်သူမှာ မည်မျှပင် အားအင်ချိနဲ့နေသည့်အဆင့်သို့ ရောက်နေစေကာမူ အမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲဖြစ်ကြောင်း သူက နားလည်ထား၏။ သူတို့နှစ်ယောက်၏ ကြားမှ စွမ်းအားအဆင့်အတန်း ကွာခြားမှုမှာ ကြီးမားလွန်နေသည်။ အကယ်၍ ထိုဖုတ်ကောင်ကြီးသာ သူ၏အနားသို့ ရောက်လာမည်ဆိုပါက သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရမည်သာဖြစ်သည်။ ထို့ကြောင့်သူသည် ထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့အပြင် သူသည် လင်းတျန်ဟောက်အား သူနှင့်အတူ ခေါ်လာခဲ့သောကြောင့် အခြေအနေများမှာ ပို၍ ခက်ခဲလာရတော့သည်။
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ နောက်သို့ဆုတ်ခွာရင်း လင်းတျန်ဟောက်အား သူ၏နောက်သို့ လှမ်းပစ်ကာ အော်ဟစ်လိုက်တော့သည်။
” မြည်းလေး။ ဖမ်းလိုက်စမ်း မြန်မြန်လေး။ သူ့ကိုတခြားသူတွေမမြင်အောင်လည်း ဝှက်ထားပေးလိုက် ”
လင်းတျန်ဟောက် လေပေါ်သို့ မြှောက်ခံလိုက်ရသောအခါ မြည်းလေးမှာ မည်သည့်နေရာကမှန်းမသိ ပေါ်လာကာ ရှေ့သို့ ပြေးထွက်လာပြီး လင်းတျန်ဟောက်အား လှမ်း၍ဖမ်းလိုက်သည်။ လက်ရှိအခြေအနေကြီးမှာ အလွန်အင်မတန်မှ အရေးကြီးနေကြောင်း ၎င်းက သိထား၏။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် ဖုတ်ကောင်အချို့ကို ရှောင်တိမ်းကာ နောက်သို့ဆုတ်ခွာသွားတော့သည်။ ထို့နောက် ၎င်းမှာ လှိုဏ်ခေါင်းကြီး၏အဝသို့ ရောက်သွားသောအခါ ၎င်း၏ ပါးစပ်ထဲမှ တွဲလောင်းကျနေသော လင်းတျန်ဟောက်၏ လက်အား ချက်ချင်းဆိုသလိုပင် နမ်းရှုပ်ကြည့်လိုက်၏။ ထို့နောက် ၎င်းမှာ စဥ်းစားတွေးတောနေသည့်ပုံ ပေါက်နေတော့သည်။
အမြုတေအဆင့် ဖုတ်ကောင်ကြီး၏ တိုက်ကွက်များကို သွေးရူးသွေးတန်းနှင့် ရှောင်တိမ်းနေသော ဝမ်ပေါင်လဲ့မှာ လှမ်း၍ ခိုးကြည့်လိုက်သောအခါ မြည်းလေး၏ မျက်နှာအမူအရာကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလို အမျက်ချောင်းချောင်း ထွက်သွားရပြီး လှမ်း၍ အော်ငေါက်လိုက်တော့သည်။
” လစ်လိုက်တော့။ မင်း အဲဒါကို စားလို့မရဘူးနော်။ တကယ်လို့ မင်း စားလိုက်မယ်ဆိုရင် ငါ မင်းရဲ့ပါးစပ်ပေါက်ကို သုံးနှစ်တိတိပိတ်ထားပစ်မယ် ”
မြည်းလေးမှာ လိမ္မာသွားသောကြောင့်လား သို့မဟုတ် သုံးနှစ်တိတိ ပါးစပ်ပိတ်ခံထားရမည်ဟူသော ခြိမ်းခြောက်မှုကို ကြောက်ရွံ့သွားသောကြောင့်လားတော့ မသိပေ။ ၎င်း၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သည့် အမူအရာတစ်ခု ချက်ချင်းပင်ပေါပေါက်လာ၏။ ထို့နောက် ၎င်းမှာ နမ်းရှုပ်နေခြင်း မရှိတော့ဘဲ ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့ကမူ အနည်းငယ်ခန့် စိုးရိမ်နေရဆဲပင်။ ယခုလက်ရှိတွင် အသက်အန္တရာယ်နှင့် ကြုံနေရသည်လူမှာ ဝမ်ပေါင်လဲ့ ဖြစ်ပါသော်လည်း မြည်းလေးသာ လင်းတျန်ဟောက်အား အကြိမ်ရေ အနည်းငယ်ခန့် ကိုက်လိုက်မည်ဆိုပါက…
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို ဆက်မတွေးရဲတော့ဘဲ ခေါင်းများခဲလာရတော့သည်။ ထို့နောက် သူသည် ထွက်ပြေးနေသည့် လမ်းကြောင်းကိုပြောင်းလိုက်ပြီး ဖုတ်ကောင်ကြီးကို ရှောင်တိမ်းနိုင်ရန် အရှိန်မြှင့်တင်လိုက်၏။ အမြုတေအဆင့် ဖုတ်ကောင်ကြီးမှာ ဖုတ်ကောင်ဘဝသို့ ရောက်သွားခဲ့ပြီးနောက် ၎င်း၏ ယခင်တုန်းက အမြန်နှုန်းများကိုပါ ဆုံးရှုံးလိုက်ရသည်ပုံပင်။ ဝမ်ပေါင်လဲ့မှာမူ စိုးရိမ်စိတ်များ ကြီးထွားနေရပြီဖြစ်သည်။ အမှန်တွင် သူသည် ထွက်ပြေးသွား၍ ရပေသည်။ သို့ရာတွင် ဖုတ်ကောင်ကြီးများ၏ သတ်ဖြတ်လိုစိတ်များမှာ သူ့အပေါ်သို့ ကျရောက်နေသောကြောင့် သူတို့မှာ သူ့အား လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သူက သိထား၏။
ထို့ကြောင့် သူ ဤနေရာမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ထို ဖုတ်ကောင်ကြီးများ၏ အာရုံမှာ သူကယ်တင်ခဲ့သည့် သတိမေ့မြောနေဆဲဖြစ်သော ကျင့်ကြံသူများဆီသို့ ရောက်ရှိသွားမည်သာဖြစ်သည်။
” ဒီလိုပုံစံအတိုင်းဆက်သွားနေမယ်ဆိုရင် ငါ အကြာကြီး တောင့်ထားနိုင်မှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို တွေးမိလေလေ ပို၍ ခေါင်းခဲလာလေလေ ဖြစ်နေရတော့သည်။ သူသည် ခြင်များကို အပြည့်အဝအသုံးချ၍ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အကဲခတ်ကြည့်ရှုနေ၏။ ဒါဇင်ပေါင်းများစွာသော ဖုတ်ကောင်ကြီးများ ရှေ့သို့ပြေးထွက်လာနေကြသည်ကို မြင်လိုက်ရသောအခါ သူသည် အံကြိတ်မိသွား၏။ ထိုအချိန်တွင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီး ဂူထဲတွင် မိုးကြိုးတိမ်တိုက်တစ်ခုကို ဖန်တီးလိုက်၏။
ထို မိုးကြိုးတိမ်တိုက်၏ အရွယ်အစားမှာ သိပ်၍ မကြီးပါသော်လည်း ၎င်းမှာ ပေါ်ပေါက်လာပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ပေါက်ကွဲသွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့အနားသို့ ချဉ်းကပ်လာသည့် ဖုတ်ကောင်ကြီးများနှင့် သူ့ဆီသို့ ပြေးလာနေကြသော ဖုတ်ကောင်ကြီးများမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ပေါက်ကွဲသွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ သူသည် မန္တန်လက်ကွက်များကို အလျင်အမြန် ဖော်လိုက်၏။ ထိုအခါ မီးပင်လယ်တစ်စင်း ပေါ်ပေါက်လာပြီး ၎င်း၏ အဖျက်စွမ်းအားများမှာ ရှေ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ် မီးမုန်တိုင်းပညာရပ်ပင် ဖြစ်သည်။
ထိုအခါ မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်၌ လျှပ်စီးများ လက်လာ၏။ ထို့ကြောင့် သူ၏ အမြန်နှုန်းမှာ အံ့ဩဖွယ်ရာကောင်းလောက်အောင် မြင့်တက်သွား၏။ ထို့နောက် သူသည် နောက်ထပ် အသားလုံးလေးလုံးအား မပေါက်ကွဲခင် သူ၏ ဓားဖြင့်ခွဲလိုက်ပြီး နောက်ထပ်လူလေးယောက်ကို ကယ်တင်လိုက်ပြန်သည်။
သို့သော် သူသည် အကြံကုန်နေရပြီဖြစ်သည်။ သူ၏ ပတ်ပတ်လည်ရှိ အသားလုံးများမှာ အဆက်မပြတ် ပေါက်ကွဲနေသောကြောင့် ဖုတ်ကောင်ကြီးများ၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် မြင့်တက်လာနေဆဲပင်။ ထို့အပြင် နံရံများထဲရှိ မြေသားများမှာ လျော့တိလျော့ရဲ ဖြစ်လာကြပြီး ၎င်းတို့မှ စက်ဆုပ်ဖွယ်ရာ မျက်နှာကြီးများနှင့် အရိုးခေါင်းများ ထွက်ပေါ်လာနေကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကျပ်ရိုက်နေရတော့သည်။ နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်၏။
ထိုအချိန်တွင် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ လူစုကွဲသွားခဲ့သည့် စစ်တပ်မှ အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ နောက်ဆုံးတွင် ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့မှာ သူတို့၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ကြောက်ရွံ့မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူတို့ထဲမှ တစ်ယောက်မှာ ဧရာမသစ်ပင်ကြီးနှင့် ချန်းဖုံးတို့ဆီသို့ ပြေးသွားလိုက်ပြီး သူတို့ဘက်မှ ဝင်ရောက်ကူညီ တိုက်ခိုက်ပေးလိုက်၏။ အခြားတစ်ယောက်မှာမူ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာပြီး အမြုတေအဆင့် ဖုတ်ကောင်ကြီးအား ရင်ဆိုင်လိုက်သည်။
သူတို့၏ မျက်ဝန်းများထဲတွင် အလွန်အင်မတန်မှ ဝမ်းနည်းနေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူတို့၏ရှေ့တွင် ရှိနေသော အရာများမှာ အတိတ်တုန်းက သူတို့၏ ရဲဘော်ရဲဘက်များ မဟုတ်တော့ကြောင်း သူတို့က သိထားကြပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စစ်ကူများကို မြင်လိုက်ရသောအခါမှသာ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် အခြား အသားလုံးများဆီသို့ ပြေးသွားလိုက်ပြီး ၎င်းတို့အား ဓားဖြင့်ခုတ်ထစ်ကာ ခွဲနေစဉ်မှာပင် ကျန်ရှိနေသေးသော အသားလုံးများအားလုံးမှာ ပေါက်ကွဲသွားတော့သည်။
သူသည် အကောင်းဆုံးတော့ ကြိုးစားခဲ့ပေသည်။ ထို့ကြောင့် သူသည် ကျင့်ကြံသူ အယောက်တစ်ရာကျော်ထဲမှ အယောက်လေးဆယ်နီးပါးကို ကယ်တင်နိုင်ခဲ့၏။ အခြားသူများ အားလုံးမှာမူ ဖုတ်ကောင်ကြီးများအသွင် ပြောင်းလဲသွားကြပြီဖြစ်သည်။
ထိုအချိန်တွင် အခြား အခြေတည်အဆင့်ကျင့်ကြံသူများ ရောက်ရှိလာကြပြီး လှိုဏ်ခေါင်း၏ အဝတွင် ပေါ်လာကြသည်။ သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ ကြောက်ရွံ့ထိတ်လန့်ကာ တုန်လှုပ်ချောက်ချားနေကြ၏။ ထို့နောက် သူတို့မှာလည်း တိုက်ပွဲထဲ၌ ဝင်ရောက်ပူးပေါင်းလိုက်ကြတော့သည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ ဖုတ်ကောင်အုပ်ကြီးများကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေရသည့် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားပြီ ဖြစ်သည်။ ထိုသို့ဖြင့် ဂူကြီးထဲတွင် ရှုပ်ယှက်ခတ်နေသော တိုက်ပွဲကြီးတစ်ခု စတင်ပေါ်ပေါက်လာတော့သည်။
အမျက်ဒေါသများ၊ ဝမ်းနည်းမှုများနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်မြည်တမ်းသံများမှာ ဂူကြီးထဲ၌ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေရင်း ကျယ်လာလိုက် တိုးသွားလိုက် ဖြစ်နေ၏။ ဧရာမသစ်ပင်ကြီးမှာ မိုးထိုးလောက်အောင် မြင့်မားနေသေ အမြဲစိမ်းသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားကာ ဘီလူးရုပ်အလောင်းကြီးအား တစ်စစီ ဆုတ်ဖြဲပစ်လိုက်ပြီးနောက် အခြားတိုက်ပွဲထဲသို့ ဝင်ရောက်လာ၏။ ထိုသို့ဖြင့် ထိုတိုက်ပွဲကြီးမှာလည်း တဖြည်းဖြည်းနှင့် ပြီးဆုံးသွားတော့သည်။
ဖုတ်ကောင်ကြီးများ အားလုံးမှာ သုတ်သင်ရှင်းလင်းခံလိုက်ရပြီ ဖြစ်သည်။ ဂူကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာပြီးနောက် တိုက်ပွဲထဲသို့ ဝင်ရောက်ပူးပေါင်းခဲ့သည့် အခြေတည်အဆင့် ကျင့်ကြံသူများထဲမှ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးမှာ တိုက်ပွဲထဲတွင် ကျဆုံးသွားကြပြီဖြစ်ကြောင်း သိလိုက်ရသည်။
အမြုတေအဆင့် ကျင့်ကြံသူသုံးယောက်ထဲမှ စစ်တပ်မှ နှစ်ယောက်မှာ အသေးစားဒဏ်ရာများ ရရှိထားကြသည်။ ချန်းဖုံး၏ ဒဏ်ရာများမှာ ပိုမို ပြင်းထန်နေ၏။ ဧရာမသစ်ပင်ကြီး၏ မျက်နှာအမူအရာမှာမူ တည်ကြည်နေပြီး သူသည် သူ၏ဒဏ်ရာများကို စိုးရိမ်နေသည့်ပုံ မပေါ်ပေ။ သူ့အား စိတ်မကြည်မလင် ဖြစ်သွားစေခဲ့သည့်အချက်မှာ ဤနေရာ၌ ဖြစ်ပျက်သွားခဲ့သည့် အရာများဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ရင်းနှီးနေသည်ဟု ခံစားနေရခြင်းမဟုတ်ပေ။ သူကိုယ်တိုင်သည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
ထို့ကြောင့် သူသည် အရဲစွန့်ကာ သူ၏ သက်စောင့်အားကိုပင် အသုံးပြုခဲ့ပြီး သူ၏ နဂိုမူလ ခန္ဓာကိုယ်ပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သူသည် ထိုသို့လုပ်ရန် အစီအစဉ်မရှိခဲ့ပေ။ သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်နိုင်ရန်အလို့ငှာ သူ၏ စွမ်းအားများကို စုစည်းနေခဲ့သည်ဖြစ်ရာ သူ၏ နဂိုမူလ ခန္ဓာကိုယ်ပုံစံကို အသုံးမပြုဘဲ ထိန်းသိမ်းထားရန်သာ စိတ်ကူးထားခဲ့၏။
သို့သော် သွေးဂူထဲရှိ မြင်ကွင်းများကို မြင်လိုက်ရသောအခါ ထိုသို့မဖြစ်နိုင်တော့ကြောင်း သူက သိလိုက်ရသည်။ သူသည်ပင်လျှင် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့ကိုယ်သူ သံသယဝင်မိသွားခဲ့သည်ဖြစ်ရာ အခြားသူများမှာလည်း ထိုကဲ့သို့ပင် ခံစားခဲ့ရမည်သာ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ ဤ အခွင့်အရေးကို အသုံးချ၍ သူ့အား ပြဿနာရှာမည်ဆိုပါက သူ့အတွက် နစ်နာသွားနိုင်ပေသည်။
” တောက်ကွာ။ ဒီဂူက ဘာကြီးလဲကွ။ ဘာလို့ ငါ့ပုံစံအတိုင်း လိုက်ပြီးတော့ အတုခိုးနေရတာလဲ ”
ဧရာမသစ်ပင်ကြီးမှာ မကျေမချမ်းဖြစ်နေ၏။ သူသည် ဝမ်ပေါင်လဲ့အား ကြည့်မိလိုက်သောအခါ ပို၍ပင် စိတ်ရှုပ်သွားရသည်။ သို့သော် သူ ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ သူသည် ရုပ်အလောင်းများကို ဖျက်ဆီးခဲ့ခြင်းမရှိဘဲ ချန်းဖုံးနှင့် ဆွေးနွေးလိုက်ပြီးနောက် သူတို့မှာ ၎င်းတို့ကို သူတို့၏ သိုလှောင်လက်ကောက်များထဲ၌ ထည့်ထားရန် ဆုံးဖြတ်လိုက်ကြ၏။
သူ ၎င်းတို့ကို မဖျက်ဆီးရဲသည်မှာ နောက်ထပ် နားလည်မှုလွဲစရာ ကိစ္စများ ပေါ်ပေါက်လာမည်စိုးသောကြောင့် ဖြစ်သည်။ သူသည် ၎င်းတို့အား သူနှင့်တစ်ပါတည်း ပြန်ယူလာခဲ့ပြီး အင်္ဂါဂြိုဟ်စီမံအုပ်ချုပ်ရေးအဖွဲ့အား ထိုသက်သေပစ္စည်းများကို စစ်ဆေးခိုင်းမည်ဖြစ်သည်။ သူသည် ၎င်းတို့ကို အသုံးချ၍ သူ၏ အပြစ်ကင်းစင်မှုကို သက်သေပြမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့ကယ်တင်ခဲ့သည့် လူများအားလုံးကို ဆေးလုံးများ တိုက်လိုက်ကြ၏။ သူတို့မှာ သတိမေ့မြောနေကြပါသော်လည်း အများစုမှာ ဒဏ်ရာရထားခြင်းမရှိပေ။ အသက်ရှင်လျက် ကျန်ရှိနေခဲ့သည့် လူများအားလုံးမှာ သူတို့၏နှလုံးသားများထဲ၌ ထူးဆန်းသောခံစားချက်များဖြင့် ပြည့်နှက်သွားကြ၏။ သူတို့ ဤဂူကြီးထဲ၌ ကြုံတွေ့ခဲ့ရသည့် အရာများမှာ သူတို့၏ မှတ်ညဏ်များထဲ၌ သိထားသော အင်္ဂါဂြိုဟ်နှင့် လုံးဝမတူဘဲ ကွဲလွဲနေသည်။
သူတို့ သိထားသော အင်္ဂါဂြိုဟ်မှာ အန္တရာယ်များပါသော်လည်း ထိုအန္တရာယ်များမှာ အမည်မသိသော အန္တရာယ်များသာ ဖြစ်ပြီး ဤ ဂူကြီးထဲ၌ သူတို့ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အန္တရာယ်များ မဟုတ်ကြပေ….
သူတို့မှာ လေးလံနေသောစိတ်များဖြင့် ရှင်းလင်းမှုများကို လက်စသတ်လိုက်ကြသည်။ ထို့နောက် ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် အခြား အမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်မှာ တင်းမာခက်ထန်နေသော မျက်နှာထားများဖြင့် သူတို့အဖွဲ့အား ဂူကြီး၏ အပြင်ဘက်သို့ ခေါ်သွားကြ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ မြည်းလေးကို ရှာတွေ့လိုက်၏။ လင်းတျန်ဟောက်၏ ခြေလက်များအားလုံး အကောင်းပတိအတိုင်း ကျန်ရှိနေသေးသည်ကို မြင်လိုက်ရသော အခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။
သူသည် အခြားသူများ၏နောက်သို့ လိုက်သွားလိုက်၏။ ထို့နောက် သူတို့မှာ ထိုဂူကြီးကို ပြန်ပိတ်လိုက်ပြီးနောက် သင်္ဘောပျံကြီးပေါ်သို့တက်ကာ အဝေးသို့ ပျံထွက်သွားကြတော့သည်။
သင်္ဘောပျံကြီး၏ စက်သံများ ဆူညံလာချိန်တွင် ဧရာမသစ်ပင်ကြီးမှာ ရုတ်တရက်ဆိုသလို ခေါင်းငုံ့လိုက်ပြီး သူတို့ အလုံပိတ်ခဲ့သည့် ဂူကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ထိုဂူကြီးဆီမှ အကြည့်တစ်ခုကို ခပ်ရေးရေးခန့် အာရုံခံမိနေခြင်းဖြစ်သည်။ သို့သော် သူ မည်မျှပင် သေသေချာချာ ကြည့်နေစေကာမူ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို သတိမထားမိလိုက်ပါသော်လည်း သူ လှိုဏ်ခေါင်းကြီး၏ အဆုံးရှိ ဂူထဲသို့ ဝင်သွားခဲ့သည့် အချိန်ကတည်းက သူ၏ အမှောင်မီးတောက်အား နိုးထလာစေခဲ့သည့် အမည်မသိ စွမ်းအားကြီးမှာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ကြောင်း သူက ရိပ်မိခဲ့၏။
ထိုစဉ်တုန်းက သူသည် လူများကို ကယ်တင်နေခဲ့ရသောကြောင့် ထိုအကြောင်းကို မတွေးနိုင်ခဲ့ပေ။ ယခုတွင်မူ သူသည် အတွေးများထဲ၌ နစ်မျောနေရတော့သည်။ ထို့ကြောင့် သူသည် သူတို့၏ အောက်ရှိ အလုံပိတ်ထားသော ဂူအား လှမ်း၍ကြည့်လိုက်၏။
” ဒီနေရာက အမှောင်ပညာရပ်နဲ့ ပတ်သက်နေရမယ်… အမှောင်ပညာရပ်ကို အဆင့်တစ်ခုအထိ လေ့ကျင့်နိုင်သွားပြီဆိုရင် သေမင်းစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိသွားမှာလို့ မမလေးက ပြောခဲ့တာ ”
ဝမ်ပေါင်လဲ့မှာ ငြိမ်ကျသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ အကြောင်းအရင်းမရှိ လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာသည်ကို အာရုံခံမိလိုက်သဖြင့် သူ၏မျက်နှာပေါ်တွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
သို့သော် ထိုအချိန်တွင် မြည်းလေးက လေထဲ၌ နှာခေါင်းရှုပ်နေသည်ကို ဧရာမသစ်ပင်ကြီးသာမက ဝမ်ပေါင်လဲ့ပါ သတိမထားမိလိုက်ပေ။ ၎င်းမှာ အောက်ဘက်ရှိ ဂူကြီးကို ငုံ့ကြည့်ရင်း မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် ၎င်းမှာ ၎င်း၏ နှုတ်ခမ်းများကို လျှာဖြင့်လျှက်နေတော့သည်။
မြေပြင်ပေါ်တွင်မူ မည်သူမှ မမြင်နိုင်သည့် ကောင်လေးမှာ မတ်တတ်ရပ်နေ၏။ သူသည် သူ၏ ကျန်ရှိနေသေးသော ဘယ်ဘက်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မြည်းလေးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူသည် အားမာန်အပြည့်ဖြင့် အံကြိတ်နေသောကြောင့် သူ၏သွားများမှာ တစ်စစီ ကျိုးပဲ့လုမတတ် ဖြစ်နေတော့သည်။
နောက်အပိုင်းလေးတွေ မြန်မြန်တင်ပါဗျို့