Switch Mode

အပိုင်း (၁၇၇၆)

မေ့ထန်လာလည်ခြင်း

ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများထွက်ခွာသွားပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်မှ လူအုပ်ကြီးသည်း တဖြည်းဖြည်း ကျဲပါးသွား၏။

ရီဖူရှင်းတို့အုပ်စုလည်း ကျောင်းတော်သို့ ပြန်လာကြသည်။ အရှင်ထိုက်ရွှမ်က ဘေးပတ်လည်မှလူအုပ်ကြီးကိုကြည့်၍ ပြောလိုက်သည်။

“အခုမုန်တိုင်းကြီးတစ်ခုက ဘုံကိုးခုကိုတိုက်ခတ်လာပြီ။ ဘုံသုံးထောင်က ကျင့်ကြံသူတွေအနေနဲ့ ဒီဗရမ်းဗတာအခြေအနေကို အတူပူးပေါင်းပြီးဖြတ်ကျော်နိုင်ဖို့ ကျုပ်မျှော်လင့်မိတယ်။ ပြီးတော့ ပြင်ပဘုံက မိတ်ဆွေတွေအနေနဲ့လည်း ပြသနာထပ်မရှာကြဖို့ မျှော်လင့်ပါတယ်။ ရီဖူရှင်းပြောခဲ့ဖူးသလိုပဲ ကျုပ်တို့က ပြင်ပဘုံကပဲဖြစ်ဖြစ်၊ လေဟာနယ်ဘုံ ဒါမှမဟုတ် မူလဘုံကပဲဖြစ်ဖြစ် ဒီဘုံတွေအားလုံးက ကောင်းကင်ဒေသကပဲလေ။ အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို သိုင်းပညာရပ်တွေ တိုးတက်လာစေဖို့ မျှော်လင့်ပြီး စုစည်းခဲ့တာ။ အဲဒါက ကောင်းကင်အာဏာစက်ကျောင်းတော်ရဲ့ ရည်မှန်းချက်လည်းဖြစ်တယ်။ကျုပ်တို့က တိုက်ခိုက်ရေးပညာရပ်ကို တိုးတက်လာစေဖို့ရည်ရွယ်ပြီး ကမ္ဘာအနှံ့ကို ပညာဖြန့်ဝေပေးပြီး အနာဂတ်မှာ  ပညာရပ်မျိုးစုံထူးချွန်တဲ့ ကျင့်ကြံသူတွေကိုမွေးထုတ်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်”

အရှင်ထိုက်ရွှမ်ကဆက်ပြောသည်။ “ပြင်ပဘုံက မိတ်ဆွေတွေမှာ ကိုယ်ပိုင်အမြင်တွေရှိတယ်ဆိုရင်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်ကိုလာပြီး ဆွေးနွေးလို့ရပါတယ်။ ကျုပ်တို့က အချင်းချင်းအပြန်အလှန်သင်ယူကြရင်းနဲ့ ဆက်ဆံရေးကိုတိုးတက်အောင်လုပ်လို့ရနိုင်တယ်။ ကျုပ်ဒီနေ့ပြောချင်တာကတော့ ဒီလောက်ပါပဲ။ နှုတ်ဆက်ပါတယ်။”

အရှင်ထိုက်ရွှမ်၏စကားများကိုနားထောင်ပြီးနောက် ကျင့်ကြံသူများစွာက တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။ ကောင်းကင်အာဏာစက်ဘုံမှကျင့်ကြံသူများကမူ အနည်းငယ်တွန့်ဆုတ်နေကြသည်။ လူငယ်များစွာက “ကောင်းကင်အာဏာစက်ကျောင်းတော်က ဘယ်အချိန်တပည့်သစ်ခေါ်မှာလဲ” ဟု မေးနေကြသည်။

“မသိဘူး။ ဒါပေမဲ့ အခုကောင်းကင်အာဏာစက်ကျောင်းတော်ကိုဝင်ချင်ရင် အရင်ကထက်အများကြီးပိုခက်လောက်တယ်” တစ်ယောက်ကပြောလိုက်သည်။ သူ့ဘေးမှလူများက ထိုစကားကို ခေါင်းညိမ့်၍ ထောက်ခံမိကြသည်။

မကြာသေးမှီက အဖြစ်အပျက်သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပို၍ပင် နာမည်ကျော်ကြားသွားစေသည်။ ယနေ့တိုက်ပွဲတွင် ရီဖူရှင်းနှင့်သူ၏အုပ်စုက လေဟာနယ်ဘုံမှကျင့်ကြံသူများ၏ကြီးကျယ်ခမ်းနားမှုကို အပြည့်အဝထုတ်ဖော်ပြသခဲ့ပြီး သူတို့အားစိန်ခေါ်ခဲ့သည့် ကောင်းကင်ဒေသ ကျင့်ကြံရေးတော်ဝင်မြေမှကျင့်ကြံသူများအား အနိုင်ယူခဲ့သည်။ ထိုကဲ့သို့သော ကြီးကျယ်လှသည့်တိုက်ပွဲကြီးသည် သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာမည်မှာ သေချာပေသည်။ အနာဂတ်တွင် ရီဖူရှင်းနှင့် ယူချင်းတို့တို့က လောကထိပ်ဆုံးသို့ရောက်လာသည့်အခါ ဤတိုက်ပွဲသည် သူတို့အောင်မြင်မှုလမ်းကြောင်း၏ မှတ်ကျောက်တစ်ခုဖြစ်လာပြီး  ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးများ၏ အတိတ်အဖြစ်အပျက်တစ်ခုဖြစ်လာပေလိမ့်မည်။

ကောင်းကင်အာဏာစက်ကျောင်းတော် နောက်တစ်ကြိမ်တပည့်များလက်ခံမည့်အချိန်တွင် လူများစွာက ဝင်ရောက်လိုပေလိမ့်မည်။ နာမည်ရှိပြီးသား ကျော်ကြားသည့်ကျင့်ကြံသူများပင်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်၌ ကျင့်ကြံရန် ဝင်ရောက်ပေလိမ့်မည်။

“ရီဖူရှင်း၊ ယူချင်းနဲ့တခြားလူတွေ ဘယ်လိုကျင့်ကြံကြသလဲသိချင်မိတယ်။ သူတို့နဲ့ငါတို့ကြားက ကွာခြားမှုက တော်တော်ကြီးတာပဲ” တစ်ယောက်က ရေရွတ်လိုက်သည်။ သူတို့၏ပါရမီများကြားမှ ကွာခြားမှုမှာ ကြီးမားလွန်းလှပေသည်။

ကောင်းကင်ဒေသ ထိုက်ချူတော်ဝင်မြေမှကျင့်ကြံသူများကို အားနည်းသည်ဟု ယူဆ၍မရပေ။ စစ်မာရှောင်၏ ‘ရေနတ်ဘုရား၏စစ်မှန်သောရေလှိုင်းစွမ်းအား’ သည် ပြိုင်ဘက်ကင်းတိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းရှိသည်။ သို့သော် ထိုစွမ်းအားသည် ယူချင်း၏အားကောင်းစွာဖိနှိပ်မှုကိုခံခဲ့ရပြီး လက်သီးတစ်ချက်ဖြင့် တစ်စစီဖြစ်ခဲ့ရသည်။

မုချန်းကီထံမှ ‘ထိုက်အဲဓား၏ သတ္တမမြောက်စွမ်းအား’ ထွက်ပေါ်လာချိန်တွင် သူသည် အာကာပြင်အား လက်တစ်ချောင်းတည်းဖြင့် တစ်စစီဖြစ်စေခဲ့သည်။ သို့သော် သူက ရီဖူရှင်းထံ၌ ရှုံးနိမ့်ခဲ့၏။ နန်လော့ရှန်းသည်ပင် ခဏကြာတိုက်ခိုက်ပြီးနောက် မုချန်းကီ၏ဓားအသိကြောင့် နောက်သို့လွင့်စင်သွားခဲ့ရသည်။ သူတို့နှစ်ဦးသာတိုက်ခိုက်ခဲ့လျှင် နန်လော့ရှန်းက ရှုံးနိမ့်မည်မှာသေချာသည်။

၄င်းကား တိုက်ကွက်တစ်ကွက်ဖလှယ်ပြီးသည်နှင့်ပင် သိသာလှသည်။

ယခုမူ ရီဖူရှင်းအား ဤမျိုးဆက်တစ်ခုလုံး၏ ထိပ်သီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်၍ရပြီလားဟု လူများက သိချင်မိကြ၏။

“သေချာတာပေါ့။ ဒီမျိုးဆက် ဘုံသုံးထောင်ကလူတွေကြားမှာ အဆင့်တူအတွင်း သူ့ကိုအနိုင်ယူနိုင်မည့်လူ မရှိနိုင်ဘူး။ အဲ့လိုလူမျိုးရှိလာရင်တောင် အဲဒီလူက ကောင်းကင်အာဏာစက်ကျောင်းတော်ထဲကလူပဲဖြစ်လိမ့်မယ်” တစ်ယောက်က ရယ်၍ပြောလိုက်သည်။

“ယူချင်းလား”

“ဖြစ်နိုင်တယ်” ယခင်စကားကိုပြောခဲ့သူက ရယ်၍ဖြေလိုက်သည်။ “ဒီမျိုးဆက်မှာ အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကိုစုစည်းပြီးချိန်ကတည်းက ရီဖူရှင်းနဲ့ယူချင်းက ဘုံသုံးထောင်လုံးမှာ ပါရမီအရှိဆုံးလူနှစ်ယောက်ဖြစ်လိမ့်မယ်။ သူတို့က လောကနံပါတ်တစ်ပါရမီရှင်တွေတောင် ဖြစ်နိုင်တယ်။”

ဘေး၌ရပ်နေသောလူက သူ၏စကားများကိုကြားသောအခါ ကြောင်အမ်းသွားသည်။ သူက သွားနေသည်ကိုရပ်လိုက်ပြီး စဥ်းစားနေသည့်ဟန်ပေါ်သည်။

သို့သော် ခဏမျှစဥ်းစားပြီးနောက် သူသည်လည်း ထိုစကားအား နားလည်သွားပြီး သဘောတူမိလိုက်သည်။ အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကိုစုစည်းပြီးနောက် အဆင့်နိမ့်ရန်ဟောင်အဆင့်တွင် ဤမျှအုတ်အော်သောင်းနင်းဖြစ်စေခဲ့သည့် ပုဂ္ဂိုလ်မျိုး တခါမှထပ်မံထွက်ပေါ်မလာခဲ့ဖူးပေ။ ရီဖူရှင်းက အက်ကြောင်းမဲ့နတ်ဝင်ရိုးကိုပိုင်ဆိုင်ထားသည့် အုပ်စုတစ်စုအားလည်း ဖွဲ့စည်းထားနိုင်ခဲ့သည်။ ထိုအချက်က ကြောက်မက်ဖွယ်ကောင်းလွန်းပေသည်။

သူ့အား အထူးချွန်ဆုံးပုဂ္ဂိုလ်ဟူခေါ်ဆိုခြင်းမှာ မသင့်တော်ခြင်းမဟုတ်ပေ။

ယခု သူတို့က ရီဖူရှင်းသည် တနေ့တွင် ဘုံကိုးခုအား အုပ်စိုးနိုင်မလားဆိုသည်ကို စောင့်ကြည့်ရုံသာရှိပေမည်။

ကောင်းကင်အာဏာစက်ကျောင်းတော်တွင် ရီဖူရှင်းနှင့်ကျန်လူများက တစ်ယောက်ပြီးတစ်ယောက်ပြန်ရောက်လာကြသည်။

သူတို့သည် ထိုက်ချူတော်ဝင်မြေမှလူများကို ဖိနှိပ်နိုင်ခဲ့သော်လည်း ရီဖူရှင်းက ပျော်ရွှင်ခြင်းမရှိပေ။ ထိုက်ချူတော်ဝင်မြေက သူတို့၏တံခါးကို တိုက်ရိုက်လာခေါက်၍ စိန်ခေါ်ကာ သူတို့နေရာ၌ အစားထိုးရန်ကြံရွယ်ခဲ့သည်။ ထိုအချက်က ဘုံကိုးခု၏လက်ရှိအခြေအနေသည် ပို၍ပို၍ ဗရမ်းဗတာဖြစ်လာကြောင်း မီးမောင်းထိုးပြနေသလိုပင်။ ကောင်းကင်ဒေသမှအင်အားစုများက ဘုံကိုးခုအားသိမ်းယူ၍ သူတို့နေရာ၌ အစားထိုးဝင်ရောက်ရန် မစောင့်နိုင်တော့ဟန်ပေါ်သည်။

ဤတိုက်ပွဲမှနေ၍ ရီဖူရှင်းသည် ကောင်းကင်ဒေသမှထိပ်သီးအင်အားစုများ၏ အင်အားကို အံ့အားသင့်ခဲ့ရသည်။ သူ့ဘက်မှအနိုင်ရရှိခဲ့သော်လည်း ရီဖူရှင်းက မုချန်းကီ၊ စစ်မာရှောင်နှင့် ထိုဓားသမားတို့၏အရည်အချင်းအား မျက်မြင်တွေ့ခဲ့ရသည်။ ရီဖူရှင်း၊ ယူချင်းနှင့် တတိယအကိုတို့သာ ဝင်ရောက်မတိုက်ခိုက်ခဲ့လျှင် သူတို့က ဤတိုက်ပွဲ၌ ရှုံးနိမ့်ပေလိမ့်မည်။

ထို့အပြင် ထိုအုပ်စုက ထိုက်ချူတော်ဝင်မြေ၏ သေးငယ်သောအစိတ်အပိုင်းလေးမျှသာဖြစ်သည်။ ကောင်းကင်ဒေသတွင် ထိုက်ချူတော်ဝင်မြေ၏ နောက်ခံအင်အားမှာ မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို မှန်းဆရန်ပင် ခက်ခဲ၏။ သူတို့နှင့်ကောင်းကင်အာဏာစက်ကျောင်းတော်ကြားမှ အင်အားကွာခြားချက်မှာ ကြီးမားလှသည်။

သို့သော် ထိုအချက်အား နားလည်၍ရသည်။ ပြင်ပဘုံမှ ကောင်းကင်ဒေသ၏အင်အားစုများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အပြိုင်အဆိုင်တည်ရှိခဲ့ကြခြင်းဖြစ်သည်။ ရီဖူရှင်းတို့က ထိုကဲ့သို့သော မရေမတွက်နိုင်သည့်ယှဥ်ပြိုင်မှုများကြားမှ မည်ကဲ့သို့သောပုဂ္ဂိုလ်များထွက်ပေါ်လာမည်ဆိုသည်အား ခန့်မှန်းနိုင်ခြင်းမရှိပေ။

ကောင်းကင်အာဏာစက်ကျောင်းတော်က ထိုကဲ့သို့သော ပုဂ္ဂိုလ်များအား ယှဥ်နိုင်မည်မဟုတ်ပေ။ သူတို့က အင်အားစုများစွာဖြင့် မဟာမိတ်ဖွဲ့ထားလျှင်ပင် သူတို့သည် ကောင်းကင်ဒေသမှအင်အားစုများနှင့် ပြိုင်ဘက်မဖြစ်နိုင်သေးပေ။

တေးသံသာနန်းမြို့တော်နှင့် ထိုက်ချူတော်ဝင်မြေတို့၏သဘောထားများက ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ် အထင်သေးမှုကိုခံစားမိစေသည်။ ထိုထိပ်သီးအင်အားစုများတွင် မောက်မာသောလူများ ရှိနေရုံသာမကပေ၊ တေးသံသာနန်းမြို့တော်က သူတို့အားတိုက်ရိုက်ပင် လမ်းညွှန်မှုပေးလိုခဲ့ပြီး ထိုက်ချူတော်ဝင်မြေက သူတို့နေရာ၌ တိုက်ရိုက်အစားထိုးလိုခဲ့သည်။ ၄င်းက ထိုအုပ်စုများ၏အင်အားနှင့်အရည်အချင်းက သူတို့နှင့်များစွာကွာခြားနေကြောင်း သက်သေပြနေသည်။

“အကိုကြီးရဲ့ အဲဒီ စတုတ္ထမြောက်နတ်ဝင်ရိုးက ဘာများလဲ။ နတ်ဝင်ရိုး​အာကာပြင်ထဲမှာ ဘာဖြစ်ခဲ့တာလဲ” သောကျောက်က ရီဖူရှင်းအား စပ်စုသည်။ လူအများကလည်း သူ့အား လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ဘာတွေဖြစ်ပျက်ခဲ့သည်ကို သိလိုကြ၏။ ယခင်က ရှန်ကလန်နှင့်တိုက်ပွဲတွင်လည်း ရီဖူရှင်းက ရှန်ဟောက်အား ဤနည်းဖြင့်ပင် အနိုင်ယူခဲ့၏။

“အဲဒါ ကန့်သတ်နယ်ဝင်ရိုးပဲ” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“ကန့်သတ်နယ်ဝင်ရိုး ဟုတ်လား” သောကျောက် စိတ်ရှုပ်ထွေးသွားသည်။ သူက အမှန်တကယ်ပင် နားမလည်ပေ။

“အဲဒီဝင်ရိုးကို ကိုယ်ပိုင်အာကာသမဟာလမ်းစဥ်ကန့်သတ်နယ်နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပြီး အဲဒီဝင်ရိုးကိုထုတ်ဖော်လိုက်ရင် တခြားလူတွေရဲ့လမ်းစဥ်ကိုတောင်မှ ပိတ်လှောင်ထားနိုင်တယ်” ရီဖူရှင်းက မကွယ်ဝှက်ဘဲ ရှင်းပြလိုက်သည်။

“ပိတ်လှောင်ထားနိုင်တယ်ဟုတ်လား..” အသံတိုးတိုးဖြင့် ရှောင်မုယွီက မေးလိုက်သည်။ “ဆရာ အဲဒီနတ်ဝင်ရိုးနဲ့ တခြားလူတွေရဲ့လမ်းစဥ်ကို ဘယ်လိုမျိုး ပိတ်လှောင်ထားတာလဲ”

“ငါ့နတ်ဝင်ရိုးရဲ့ ကန့်သတ်နယ်ထဲမှာ တခြားလူတွေက ကောင်းကင်နဲ့မြေကြီးကစွမ်းအားတွေနဲ့ ဆက်သွယ်လို့မရဘူး။ သူတို့က မဟာလမ်းစဥ်ရဲ့ဖိနှိပ်ခြင်းကိုခံရလိမ့်မယ်” ရီဖူရှင်းက ရှင်းပြလိုက်သည်။ “ဥပမာပြောရရင် တဖက်လူက အာကာသမဟာလမ်းစဥ်မှာကျွမ်းကျင်တယ်ဆိုပါစို့။ သူတို့က ငါ့ရဲ့ မဟာလမ်းစဥ်ကန့်သတ်နယ်ဝင်ရိုး နယ်မြေကနေ မလွတ်မြောက်နိုင်တဲ့အချိန်မှာ သူတို့က ထွက်ပြေးဖို့အာကာသမဟာလမ်းစဥ်ကိုသုံးဖို့ကြိုးစားမယ်ဆိုရင် သူတို့ဖန်တီးလိုက်တဲ့ မဟာလမ်းစဥ်အက်ကြောင်းက ပိတ်လှောင်ခံလိုက်ရပြီး ဖိနှိပ်ခံရလိမ့်မယ်…”

“ပိုပြီးအဆင့်မြင့်တဲ့ နတ်ဝင်ရိုးလိုပဲ…” ရှောင်မုယွီက ရေရွတ်လိုက်သည်။ “မဟာလမ်းစဥ် ဘုံသုံးထောင်မှာ နတ်ဝင်ရိုးတွေကို အက်ကြောင်းမဲ့အဆင့်၊ ရတနာအဆင့်စသဖြင့် ခွဲခြားထားတယ်။ ဒါပေမဲ့ ကျွန်မတို့လိုထိပ်သီးအင်အားစုတွေမှာတောင် နတ်ဝင်ရိုးတွေကို အက်ကြောင်းမဲ့နဲ့ အက်ကြောင်းနတ်ဝင်ရိုးအဖြစ်ပဲ ခွဲခြားထားတာ။ အဲ့လိုဆိုတော့ ပြင်ပဘုံက ကောင်းကင်ဒေသမှာ အက်ကြောင်းမဲ့နတ်ဝင်ရိုးတွေကို အဆင့်ခွဲထားသေးတာလား။ ဒါမှမဟုတ် အက်ကြောင်းမဲ့နတ်ဝင်ရိုးအဆင့်ထက် ပိုမြင့်တဲ့နတ်ဝင်ရိုးတွေရှိနေတာလား…”

“ငါလည်းမသိဘူး” ရီဖူရှင်းက ပြန်ဖြေသည်။ “ဒါပေမဲ့ အဲဒီလိုအဆင့်မျိုးရှိနေတာ ဖြစ်နိုင်တယ်”

အမှန်တကယ်တော့ ရီဖူရှင်း၏ စတုတ္ထမြောက်နတ်ဝင်ရိုးက ကမ္ဘာ့သစ်ပင်သက်စောင့်ဝိညာဥ်ကို အခြေခံ၍ဖွဲ့စည်းထားသောကြောင့် ထိုနတ်ဝင်ရိုးသည် တခြားသူများနှင့်မတူပေ။ သူ၏လမ်းစဥ်က ပြစ်ချက်မရှိကြောင်း သူကသိရှိထားပြီး သူ့အား တခြားလူများနှင့် ကွဲပြားသွားစေသည်။

“ဆရာ… ဆရာ့ကိုကြည့်ရတာ မပျော်သလိုပဲ” ရှောင်မုယွီက ပြောလိုက်သည်။

“အင်အားစုတွေအများကြီးက ကောင်းကင်အာဏာစက်ကျောင်းတော်ကို မျက်စိကျနေကြတာ။ ပျော်စရာဘာရှိလို့လဲ” ရီဖူရှင်းက အပြုံးဖြင့်တုန့်ပြန်လိုက်သည်။ “ဘုံကိုးခုက ဗရမ်းဗတာဖြစ်နေပြီ။ ငါတို့ကောင်းကင်အာဏာစက်ကျောင်းတော်က ဒီလိုအရှုပ်အထွေးထဲမှာ ပထမဆုံးရိုက်ခတ်ခံရမယ့် အင်အားစုအနည်းငယ်ထဲက တခုပဲ။ ငါတို့က ကျောင်းတော်ရဲ့လွှမ်းမိုးနိုင်စွမ်းကြောင့် ဂုဏ်ယူရမလား မယူရမလားတောင်မသိတော့ဘူး။”

လူအုပ်ကြီးသည်လည်း ပြောစရာစကားမရှိပေ။ ကြည့်ရသည်မှာ ၄င်းက အမှန်တကယ်ပင်အရေးကြီးနေပေသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်က ဤအရှုပ်အထွေးထဲ၌ ရိုက်ခတ်ခံရသည့် ပထမဆုံး အင်အားစုဖြစ်၏။

ဦးစွာ မှော်နက်စစ်တပ် ဆင်းသက်လာခဲ့သည်။ ယခုထိုက်ချူတော်ဝင်မြေသည်လည်း လာရောက်ခဲ့သည်။

“ငါတို့ အချိန်ပိုရဖို့မျှော်လင့်မိတယ်” ရီဖူရှင်းက တစ်ယောက်ထဲတွေးလိုက်မိသည်။ ယခုသူက သူ၏ကျင့်ကြံခြင်း၌ တိုးတက်မှုမှာအလွန်နှေးကွေးနေသည်ဟု ခံစားနေရသည်။ မည်သို့ပင်ဖြစ်စေ ယခုသူရောက်ရှိနေသောကျင့်ကြံဆင့်တွင် အဆင့်တက်ရန်မှာ အလွန်ခက်ခဲပေသည်။ သူ၏တိုးတက်နှုန်းက အလွန်လျင်မြန်နေပြီးဖြစ်သည်။ အင်ပါယာရှားကဲ့သို့ သာမန်ရန်ဟောင်တပါးသာဖြစ်လျှင် နောက်တဆင့်သို့ချိုးဖောက်ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

ဘုံကိုးခုမှ ဤအရှုပ်အထွေးအခြေအနေမှာ အချိန်ကြာမြင့်စွာ ဤအတိုင်းရှိနေပေလိမ့်မည်။

“ပြင်ပဘုံက အင်အားစုတွေက အားကောင်းတယ်။ ဒါပေမဲ့ အခု ကောင်းကင်အာဏာစက်ကျောင်းတော်က အင်အားစုအသီးသီးနဲ့မဟာမိတ်ဖွဲ့ထားတာဖြစ်လို့ ပြင်ပဘုံကအင်အားစုတွေအနေနဲ့ အလွယ်တကူ လာထိလို့ရတဲ့နေရာမဟုတ်ဘူးလေ” နန်လော့ရှန်း၏အသံက ညင်သာစွာထွက်ပေါ်လာသည်။ “ကျောင်းတော်ကအခက်ကြုံနေရပြီဆိုရင် တခြားအင်အားစုတွေက ထိုင်ကြည့်နေမှာမဟုတ်ပါဘူး”

ရီဖူရှင်းက အသိအမှတ်ပြုကာ ခေါင်းညိမ့်လိုက်သည်။ “အင်ပါယာနန်ရဲ့အကူအညီနဲ့ဆို ကျွန်တော်လည်း စိတ်သက်သာရာရပါတယ်”

ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကူးသန်းရေးအစီအရင်က ယခုတွင် အင်အားစုအသီးသီးနှင့်ချိတ်ဆက်ထားပြီးဖြစ်သည်။ စစ်ပွဲသာအမှန်တကယ်စတင်ခဲ့လျှင် အားကောင်းသောစစ်ကူများ ရောက်ရှိလာပေမည်။ နတ်နန်းတော်သခင်၊ အင်ပါယာနန်နှင့် အခြားထိပ်သီးပုဂ္ဂိုလ်များရှိနေသောကြောင့် ကျောင်းတော်က တိုက်ပွဲကြီးများ၌ ဝင်ပါနိုင်စွမ်းရှိပေသည်။

“အားလုံး ကိုယ့်နေရာကိုပြန်ပြီး ကျင့်ကြံကြပါ” ရီဖူရှင်းက ပြောလိုက်သည်။ ကျင့်ကြံသူအားလုံးက တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။

ဤတိုက်ပွဲသည် ကောင်းကင်အာဏာစက်မြို့တွင် ပြောစရာခေါင်းစဥ်တစ်ခုဆက်ဖြစ်နေကာ တဖြည်းဖြည်းပင် ထိုသတင်းက ဘုံကိုးခု၌ ပျံ့နှံ့သွားလေသည်။

ရီဖူရှင်းအပြင် ယူချင်း၏နာမည်သည်လည်း ဘုံကိုးခု၌ ကျော်ကြားလာလေသည်။

နောက်ရက်များတွင် အရာအားလုံးက ပုံမှန်တိတ်ဆိတ်အေးချမ်းသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ရီဖူရှင်းက တိတ်ဆိတ်စွာကျင့်ကြံနေသည်။ သို့သော် ထိုအခိုက်တွင် အရိပ်တစ်ခုက နန်းတော်၏အပြင်၌ ရုတ်တရက်ပေါ်လာသည်။ ထိုသူမှာ အရှင်ထိုက်ရွှမ်ဖြစ်သည်။ သူကခပ်လှမ်းလှမ်းသို့ စိုက်ကြည့်နေသည်။ အနက်ရောင်လေပွေတခုက အသံတစ်စပင်မထွက်ဘဲ စီးဆင်းလာသည်။ ထို့နောက် ထိုလေပွေက တဖြည်းဖြည်း အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုအသွင်ဖြစ်ပေါ်လာကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ အတွင်းပိုင်း၌ တိတ်တဆိတ်ထွက်ပေါ်လာသည်။

ထိုအရာအားလုံးက အသံတစ်ချက်ပင်မထွက်ဘဲ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“မေ့ထန်”

အရှင်ထိုက်ရွှမ် မျက်နှာပျက်သွားသည်။ မေ့ထန်ကဲ့သို့သောပုဂ္ဂိုလ်မျိုးက ရုတ်တရက်ရောက်ရှိလာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်၏အတွင်းပိုင်းသို့ အရိပ်အယောင်ပင်မရှိဘဲရုတ်ချည်းဝင်ရောက်လာသည်မှာ အလွန်အန္တရာယ်များလှပေသည်။

“မင်းက ကျုပ်တို့နဲ့ဘာကိစ္စရှိလို့လဲ” အရှင်ထိုက်ရွှမ်၏ခန္ဓာကိုယ်ကတောင့်တင်းနေကာ သူ့ကိုကြည့်ရသည်မှာ စိတ်ပူနေဟန်ပေါ်သည်။

မေ့ထန်က အရှင်ထိုက်ရွှမ်အားကြည့်၍ ပြောလိုက်သည်။ “ကျုပ်ကဒီကို ကိစ္စတချို့ရှိလို့လာတာ။ တခြားလူတွေကို အလန့်တကြားမဖြစ်ပါစေနဲ့”

အရှင်ထိုက်ရွှမ်က ထူးဆန်းသောအမူအရာပေါ်လာသည်။ သူကနားမလည်ပေ။ မေ့ထန်က အခြားလူများအား မသိစေလိုဘူးတဲ့လား…။

သူက မည်သို့ဆက်လုပ်ရမည်ကို ချိန်ဆတွေးတောနေကာ ထိုနေရာ၌ မလှုပ်မရှားရပ်နေလေသည်။ သူက မေ့ထန်၏ကျင့်ကြံဆင့်မှာ မည်မျှအားကောင်းကြောင်း သေချာမသိပေ။ သူ့ကျင့်ကြံဆင့်ထက်ပို၍အားကောင်းမည်မှာ သေချာပေသည်။ သူက တစ်ဖက်လူအား အချိန်အနည်းငယ်သာဆွဲထားနိုင်ပေမည်။ တခြားလူများက ကူးသန်းရေးအစီအရင်မှရောက်ရှိလာသည်နှင့် သူတို့ကစုပေါင်း၍ မေ့ထန်အား ဝန်းရံတိုက်ခိုက်နိုင်ပေမည်။

သို့သော် သူတို့တိုက်ခိုက်လိုက်လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်အား ကပ်ဘေးကျသွားစေလိမ့်မည်။

“မင်းငါ့ကို မခြိမ်းခြောက်နိုင်ခင် ကောင်းကင်အာဏာစက်ကျောင်းတော်မှာ ဘာဖြစ်သွားမယ်ထင်လဲ။ မင်းသေချာစဥ်းစားသင့်တယ်” မေ့ထန်၏မျက်လုံးများက နက်မှောင်နေသည်။ သူ၏အသံသည် အလွန်တည်ငြိမ်နေသည်။ သူပြောလိုက်သည့်စကားမှာ အရှင်ထိုက်ရွှမ်စိုးရိမ်နေသည့်အရာပင်ဖြစ်ပေသည်။

မေ့ထန်က တည့်တည့်ပင်လျှောက်လှမ်းလာသည်။ ရီဖူရှင်းက ပြောလိုက်သည်။ “အရှင်ထိုက်ရွှမ် စီနီယာမေ့ကို ဝင်ခွင့်ပေးလိုက်ပါ”

မှော်နက်စစ်တပ်က ဆင်းသက်လာပြီး မေ့ထန်ထွက်ပေါ်လာချိန်တွင် နဂါးဘုရင်က မေ့ထန်သည် နတ်နဂါးများထံအလည်အပတ်သွားရောက်ခဲ့သည်ဟု ရီဖူရှင်းအားပြောခဲ့သည်။ သူသည် မိစ္ဆာနဂါးကိုပင် သတ်ဖြတ်ခဲ့သည်။

သို့သော် ရီဖူရှင်းက ထိုကိစ္စမှာ ထိုမျှမရိုးရှင်းကြောင်း ခံစားမိသည်။

ထိုကိစ္စက ယူချင်းနှင့် ပတ်သတ်နေနိုင်သည်။

မဟုတ်လျှင် ထိုကြောက်မက်ဖွယ်တည်ရှိမှုက မည်သည့်အတွက်ကြောင့် မိစ္ဆာနဂါးအားသတ်ခဲ့ကြောင်းကို ရီဖူရှင်းမစဥ်းစားတတ်တော့ပေ။ ယခုမေ့ထန်က ဤနေရာသို့ရောက်လာပြီဖြစ်ရာ ရီဖူရှင်းသည် သူ၏ရောက်ရှိလာမှုက ယူချင်းနှင့်ပတ်သတ်နေကြောင်း ပို၍သေချာသွားလေသည်။

မိစ္ဆာနဂါးနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်ကြား တစ်ခုတည်းသောဆက်စပ်မှုမှာ ယူချင်းပင်ဖြစ်သည်။

ရီဖူရှင်းသည် ​သူ့မွေးစားအဖေ၏ သရုပ်မှန်ကို အမြဲပင်သိလိုခဲ့၏။ ဤမေ့ထန်က သူ့မွေးစားအဖေနှင့် ပတ်သတ်နေနိုင်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset