Switch Mode

အခန်း ( ၆၁၃ )

ဘုရား ဘုရား

သူ၏ အသံတွင် မယုံကြည်နိုင်ဖွယ်ကောင်းသော ခံပြင်းခြင်းများ၊ အမျက်ဒေါသများ ပါဝင်နေပြီး ထိုခံပြင်းဒေါသသည် ချစ်ရသောသားလေး အသတ်ခံရသည်ကို ကြည်နေရခြင်းမှ အရင်းခံလေသည်။ သူ၏ အသံနေအသံထားပေါ်မူတည်၍ ပိုင်ဟောင် တည်ရှိနေသည့် အခိုက်အတန့်တိုင်းအတွက် မမြင်နိုင်သော တွန်းအား အမြောက်အမြားက ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးအတွက် သူ့ကို ဒေါသတကြီးအပြစ်တင်စွပ်စွဲ၍ အော်ဟစ်နေသည့်အလား။

တစ်ပူပေါ်တစ်ပူဆင့်၍ အမျက်ဒေါသများပြည့်နှက်နေသော မျိုးနွယ်စုခေါင်းဆောင်၏ အသံပေါ်ထွက်လာပြီး ဧရာမ ဝိညာဥ်လက်သီးကြီးသည် ပေါက်ကွဲတတ်သော မြားများကို ရိုက်ချလိုက်၏။

ထိုဝိညာဥ်လက်သီးသည် အပေါ်မှ အောက်ခြေအထိ မီတာ သုံးရာအတိရှိပြီး မရေမတွက်နိုင်သော ဝိညာဥ်များစွာဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသည်မှာ ပိုင်မျိုးနွယ်စု၏ လျှို့ဝှက်မှော်ပညာဖြစ်သော မီတာ သုံးသောင်း ဝိညာဥ်လက်သီးကြီးပင်ဖြစ်သည်။

လောလောဆယ်တွင် ၄င်းသည် မျိုးနွယ်စုခေါင်းဆောင်၏ ကျင့်ကြံခြင်းအခြေခံကြောင့် မီတာ သုံးသောင်းမရှိပေ။ သို့သော် မီတာ သုံးရာလက်သီးပင်လျှင် လှောင်ပြောင်သရော်နိုင်သော အရာမဟုတ်ပေ။

ဝိညာဥ်လက်သီးက အသံထက်လျင်မြန်စွာ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းထံ ဦးတည်၍ မြားများကို ရိုက်ချလိုက်သည်။

ဝုန်း

နားကွဲလုမတတ် ထစ်ခြုန်းမြည်ဟည်းသံများ ပတ်ဝန်းကျင်တစ်ခွင် ပြည့်သွားသည်။ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး ချက်ချင်းနောက်ဆုတ်လိုက်လေသည်။ သို့သော် သူထိုသို့လုပ်လိုက်ချိန်တွင် မျိုးနွယ်စုခေါင်းဆောင်က နေရာတွင် လှည့်ရင်း ဟိန်းဟောက်လိုက်ကာ ဒုတိယ မီတာ သုံးရာလက်သီးတစ်လုံးပစ်လွှတ်လိုက်လေသည်။ ၄င်းက တချိန်လုံး အံ့သြတုန်လှုပ်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေရင်း လေကိုခွင်း၍ ထစ်ခြုန်းမြည်ဟည်းလျက် တိုးဝင်လာသည်။

ထို့နောက် တတိယမြောက် လက်သီး၊ ထို့နောက် စတုတ္ထမြောက်….

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးသည် လိမ်ဖယ်ရှုံ့တွသွားပြီး စုစုပေါင်း လက်သီးကိုးလုံးက ပိုင်ရှောင်ချန်းထံ တဆက်တည်း ပြေးဝင်လာတော့သည်။

လက်သီးကိုးလုံးသည် မှော်အချုပ်အနှောင်အမှတ်အသားများအလား လေထုကို တုန်ဟည်းသွားစေသည်။ ပိုင်ရှောင်ချန်း မတုံ့ပြန်နိုင်လိုက်ခင်မှာပင် ထိုလက်သီးချက်များက သူ၏ ရှေ့သို့ရောက်နေပြီဖြစ်ပြီး ပေါက်ကွဲလာတော့သည်။ သူက ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း ထိခိုက်ဒဏ်ရာမရဘဲ မည်သည့်နည်းနှင့်မျှ ရှောင်နိုင်မည်မဟုတ်ပေ။

ပေါက်ကွဲမှုတစ်ခုပြီးတစ်ခု လေထုကြီးတုန်ဟည်းလျက် ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ပြူးကျယ်ရင်း နောက်သို့ ဒရောသောပါး ဆုတ်ခွာလိုက်သည်။ ဤသည်မှာ အလယ်ပိုင်း ယင်ယန် ဝိညာဥ်အဆင့်ရှိ လူတစ်ယောက်နှင့် အသက်လုတိုက်ပွဲမျိုးကို ပထမဆုံးတိုက်ဖူးခြင်းဖြစ်လေသည်။ ဤအခိုက်အတန့်တွင် သူ၏လက်ရှိ အတိုက်အခိုက်စွမ်းရည်နှင့် ထိုအဆင့်ရှိ လူတစ်ယောက်ကို ကိုယ်ပွားများအကူအညီမပါဘဲ တိုက်ခိုက်နိုင်မည်ဟု ယုံကြည်သော်လည်း သတ်ဖြတ်နိုင်ပါလိမ့်မည်ဟု အာမ,မခံနိုင်ပေ။

” ဒါပေမဲ့ ငါဘယ်လောက် တိုးတက်လာလဲ ပြလိုက်ရုံပေါ့ ”
သူသည် အသက်ပြင်းပြင်းရှူရင်း မျိိုးနွယ်စုခေါင်းဆောင်၏ ဝိညာဥ်လက်သီးကိုးလုံး ပေါက်ကွဲမှုများအား တောင့်ခံလိုက်သည်။

လေထုကြီး တွန့်လိမ်ရှုံ့တွနေသည့်တိုင် မျိုးနွယ်စုခေါင်းဆောင်သည် ဆံပင်များ ရှုပ်ပွနေရင်း မျက်လုံးများရဲရဲနီလျက် ရှေ့သို့ ပြေးတက်လာကာ အလင်းစီးကြောင်း အသွင်ပြောင်း၍ ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုက်သည်။

” ပိုင်မျိုးနွယ်စု လျှို့ဝှက်မှော်ပညာ၊ သရဲတစ်ရာကတဲ့ည ”
သူ၏ အသံက သောကကင်းဝေးကိုးသွယ်ငရဲပြည်ဆီမှ ထွက်လာဟန်တူေနသည်။ သူ၏ နတ်ဘုရားအာရုံက ပတ်ဝန်းကျင်တစ်ခုလုံး ရိုက်ခတ်နေကာ ပြင်းထန်သော လေပြင်းမုန်တိုင်းများတိုက်ခိုက်လာတော့သည်။ ဤလျှို့ဝှက်မှော်ပညာသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ နာမည်တူသော လျှို့ဝှက်မှော်ပညာရပ်နှင့် ကွဲပြားလေသည်။ ပိုင်မျိုးနွယ်၏ ပုံစံက သရဲများအသွင်ပြောင်းရန် နတ်ဘုရားအာရုံကို သုံးခြင်းဖြစ်သည်။

ယခုအချိန်က နေ့ခင်းဖြစ်သည့်တိုင် ဤလျှို့ဝှက်မှော်ပညာက မီတာသုံးရာအကျယ်အဝန်းကို ညအလား မှောင်မည်းသွားစေသည်။

နေအလင်းရောင်ပင် မထိုးဖေါက်နိုင်လောက်အောင် မှောင်မည်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အနက်ရောင်နေမင်းက အုပ်စိုးထားလေသည်။ ထိုအ့ပြင် အနက်ရောင်နေမင်းအတွင်းမှ မျက်လုံးပေါင်းတစ်ရာ ဖျတ်ခနဲ ပွင့်လာ၏။

မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီနေပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သည့်အသွင်ရှိသည်။ တချိန်တည်းမှာပင် မရေမတွက်နိုင်သော ဟိန်းဟောက်သံများက လေကို ခွင်း၍ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင် တုန်ခါသွားလေသည်။ ထို့နောက် မိစ္ဆာသရဲတစ်ရာသည် အနက်ရောင်နေမင်းကြီးထဲမှ ထွက်လာကြ၏။

သရဲများသည်လည်း နက်မှောင်နေကြပြီး သူတို့၏ ခေါင်းများပေါ်၌ ချိုနှစ်ခု ထိုးထွက်နေ၏။ သူတို့၌ ရှည်လျားပြီး ချွန်ထက်သောလက်သည်းများ၊ ကြက်သွေးရောင်မျက်လုံးများနှင့် သွေးရောင်လွှမ်းနေသော မေးရိုးများရှိကြလေသည်။ သူတို့က အန္တရာယ်အငွေ့အသက်များ ထုတ်လွှတ်နေပြီး ညဥ့်အခါဝယ် လူတစ်ယောက်ကို လိုက်လံသတ်ဖြတ်မည့်အလား ရှိနေသည်။ သူတို့က မျိုးနွယ်စုခေါင်းဆောင်၏ပတ်လည်တွင် တစ်ကြိမ်လှည့်ပတ်ပြီးနောက် သူလက်ညှိုးညွှန်ပြထားသည့်အတိုင်း ဟိန်းဟောက်ကာ ပိုင်ရှောင်ချန်းထံ ချီတက်လာကြတော့သည်။

ထိုသရဲများသည် နေရောင်ခြည်၏ ဆန့်ကျင်ဘက်ဖြစ်ရာ နေရောင်ခြည်သည်ပင် သူတို့ရှေ့မှ ဆုတ်ခွာသွားရသည်။ သို့ဖြစ်ရာ သူတို့ဖြတ်သန်းလာခြင်းသည် ညအမှောင်ထုကို မှောင်သထက် မှောင်လာစေတော့သည်။

” မင်း ဒီကနေ ဘယ်လို အသက်ရှင်ရက် ထွက်နိုင်မလဲ ကြည့်ကြသေးတာပေါ့ မျိုးမစစ်ကောင်၊ ခွေးမသား ”
မျိုးနွယ်စုခေါင်းဆောင်က အော်လိုက်၏ ။ သူ၏ အသံသည် အမုန်းအာဃာတတရားများကြောင့် တုန်ခါနေလျက်ရှိသည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွား၏။ မြောက်မြားလှသော မိစ္ဆာသရဲများ၏ မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။ သို့သော် ဝင်္ကပါထဲတွင် သူ တွေ့ကြုံခဲ့ရသော အရာအားလုံးနှင့် မြေရိုင်းဒေသထဲတွင် မီးတောက်ဖန်တီးခြင်းနှင့်ပတ်သက်၍ လေ့လာခဲ့သော အတွေ့အကြုံများကြောင့် သရဲများကို အလွန်အမင်း မကြောက်တော့ပေ။ အမှန်တွင် လက်သည်းချွန်များ၊ အစွယ်များထုတ်ထားသော မိစ္ဆာသရဲများ မြင်ကွင်းသည် သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခုသာ ပေါ်လာစေသည်။

” ကောင်းပြီလေ ကျုပ်ဘယ်လို အသက်ရှင်ရက် ထွက်နိုင်မလဲ ပြရသေးတာပေါ့”
သူ၏ ညာလက်တွင် မန္တန်လက်ကွက်တစ်ခု လက်သွားပြီးနောက် ပုံရိပ်တစ်ခုပေါ်လာတော့သည်။ ထိုသည်မှာ သူ၏ မီးကိုယ်ပွားက လွဲ၍ တခြားမဟုတ်ပေ။

ချက်ချင်းပင် မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများသည် အံသြတုန်လှုပ်ခြင်းများဖြင့် ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

” ကိုယ်ပွား ” သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားလေသည်။
” မင်းမှာ တကယ်ကြီး ကိုယ်ပွားရှိတယ်ပေါ့ ”

မီးကိုယ်ပွားသည် ပုံပန်းသွင်ပြင်၊ ကျင့်ကြံခြင်းအခြေခံ၊ အပြင်အားခန္ဓာကိုယ်နှင့် ခွန်အားတို့အပါအဝင် ပိုင်ရှောင်ချန်းအစစ်နှင့် တစ်ထပ်တည်းပင်။

တစ်ခုတည်းသော ခြားနားချက်မှာ ကိုယ်ပွား၏ အရှိန်အဝါ၌ မီးစွမ်းအား အနည်းငယ် ပါဝင်နေပုံရခြင်းပင်ဖြစ်သည်။ သူပေါ်လာသည်နှင့် ပိုင်ရှောင်ချန်းနှင့်အတူပေါင်းကာ သရဲတစ်ရာအား လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဤကိုယ်ပွားက တိုက်ပွဲတွင် ဝင်ရောက်ပူးပေါင်းလိုက်ခြင်းသည်ကား ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည် နှစ်ဆဖြစ်သွားပြီဟု ဆိုနိုင်လေသည်။ သူတို့နှစ်ယောက် လက်သီးထိုးချက်ကို ထုတ်လိုက်သောအခါ သူတို့ရှေ့တွင် လေပြင်းမုန်တိုင်းတစ်ခုပေါ်လာပြီး သရဲများအား တိုက်ခတ်သွားတော့သည်။

တဝုန်းဝုန်းအသံများ လေထဲပြည့်နှက်သွားပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ကိုယ်ပွားသည် အင့်ခနဲ ဖြစ်သွားပြီး နောက်သို့ ယိုင်ထိုးလျက် ဆုတ်လိုက်ရလေသည်။ မျိုးနွယ်စုခေါင်းဆောင်မှာမူ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရရာ ဒေါသများ ဆူပွက်သွားပြီး သတ်ဖြတ်လိုစိတ်များ တိုးပွားလာလေသည်။

” မင်းမှာ ကိုယ်ပွားတစ်ကောင်ရှိလဲ အရေးမပါဘူး။ ငါ မင်းကို တိုက်ခိုက်ရင် မင်း အသက်ဆက်ရှင်ဖို့တောင် အရည်အချင်းမရှိဘူးကွ ”
ထို့နောက် သူက ရှေ့တစ်လှမ်းတိုးကာ အသေးစားတည်နေရာရွှေ့ပြောင်းခြင်း တစ်ခု လုပ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ ထိုနေရာတွင် သူက မီတာ သုံးထောင်အကျယ် ဝိညာဥ်တိမ်တိုက်တစ်ခုကို ဆင့်ခေါ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။

” အသေးစားတည်နေရာရွှေ့ပြောင်းခြင်း ။ ကျုပ်လဲ လုပ်နိုင်တယ် ”
ချက်ချင်းပင် အေးစိမ့်ချီများ စီးထွက်လာကာ မီတာ သုံးထောင်နေရာကြီးတစ်ခုလုံး ပြည့်သွားပြီး ပိုင်ရှောင်ချန်း တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သော ကမ္ဘာကြီးတစ်ခုဖြစ်သည့် ရေခဲပြင်အသွင် ပြောင်းသွားတော့သည်။

ထိုသည်မှာ သူ၏ အေးစိမ့်နယ်မြေဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်၏ လက်ဝါးက သူ့ကို ရိုက်မိတော့မည့် အခိုက်အတန့်မှာပင် သူက ပျောက်ကွယ်သွားပြီး မျိုးနွယ်စုခေါင်းဆောင်၏နောက်တည့်တည့်တွင် ပြန်ပေါ်လာတော့သည်။ ထိုနေရာတွင် သူက သူ၏ကိုယ်ပိုင် လက်ဝါးရိုက်ချက်ကို ထုတ်လိုက်လေသည်။

တချိန်တည်းမှာပင် သူ၏ မီးကိုယ်ပွားသည်လည်း ရိုက်ချလိုက်ပြီး နောက်ထပ်ကိုယ်ပွားနှင့်အတူ နောက်ထပ်ပုံရိပ်တစ်ခုပေါ်လာပြန်သည်။ ထိုသည်မှာ…. သူ၏ သစ်သားကိုယ်ပွားပင်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းနေဘဲ သူ၏ကိုယ်အစစ်နှင့် မီးကိုယ်ပွားကိုအတူ ပူးပေါင်းလိုက်ကာ ထိုးချလိုက်လေသည်။

” ချီးပဲကွာ ”
မျိုးနွယ်စုခေါင်းဆောင်မှာ ညည်းတွားလိုက်လေသည်။ သူက လှည့်လိုက်ရင်း ညာလက်ဖြင့် ဝှေ့ယမ်းကာ မီတာ သုံးထောင်တိမ်တိုက်ကြီးကို ပိုင်ရှောင်ချန်းနှင့် သူ၏ ကိုယ်ပွားနှစ်ယောက်ထံ တွန်းပို့လိုက်သည်။

“ ဘုန်း ဘုန်း ဝုန်း “

ထွက်ပေါ်လာသော ပေါက်ကွဲခြင်းပြင်းအားကြောင့် မြေပြင် အရှိန်ပြင်းစွာ တုန်ခါသွားသည်။ အက်ကွဲကြောင်းများ တွန့်လိမ်ကောက်ကွေး ထွက်ပေါ်လာသဖြင့် မျိုးနွယ်စုခေါင်းဆောင်သည် နောက်သို့ ယိမ်းယိုင်သွားပြီး သွေးဆုတ်ဖြူရော်နေသော မျက်နှာဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်နေဆဲဖြစ်သော်လည်း ဤတစ်ကြိမ်တွင်တော့ မယုံကြည်နိုင်မှုများလည်း ရှိလေသည်။

” နောက်ထပ် ကိုယ်ပွား။ မင်းမှာ ကိုယ်ပွားတွေ ဘယ်လောက်တောင် ရှိတာတုန်း ”
မျိုးနွယ်စုခေါင်းဆောင်မှာ ပိုင်ရှောင်ချန်းကို တိုက်ရခက်နေခြင်းကြောင့် တုန်လှုပ်နေသည်။ ပိုင်ရှောင်ချန်းက တိုက်ခိုက်ရာတွင် နောက်ထပ်လူများ ထည့်ပေါင်းခြင်းဖြင့် တိုက်ခိုက်စွမ်းရည်ကို တိုးပွားစေခြင်းကြောင့် သူ့ ဒေါသများလည်း ဆူပွက်လာ၏။

” မင်းမှာ နောက်တစ်ယောက်ရှိတာ ငါမယုံဘူး”
သူက အံတင်းတင်းကြိတ်ရင်း နောက်ထပ် အသေးစားတည်နေရာရွှေ့ပြောင်းခြင်း အသုံးပြုကာ ပိုင်ရှောင်ချန်းထံ ဦးတည်လိုက်သည်။ ဤသို့ အပြင်းအထန် တိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်ရခြင်းကြောင်း ပိုင်ရှောင်ချန်းနှင့် သူ၏ ကိုယ်ပွားနှစ်ယောက်မှာ နောက်သို့ ဆုတ်လိုက်ရုံမှ တစ်ပါး ရွေးချယ်စရာမရှိပေ။ ထိုသို့ပြုလုပ်လိုက်စဥ်တွင် သူ့ဘက်၌ ကိုယ်ပွားနှစ်ယောက်ရှိနေသည့်တိုင် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်အတွက် ပြိုင်ဘက်မဟုတ်သေးကြောင်း သဘောပေါက်လိုက်သဖြင့် သူမျက်နှာပျက်သွားလေသည်။

သူ၏ တတိယမြောက် ကိုယ်ပွားကို ဆင့်ခေါ်မှသာလျှင် ထိုခြားနားချက်ကို ညီသွားစေမည်ဖြစ်သည်။

သူမှာ လေးကိုယ်မြောက်သာ ရှိလျှင် ယုံကြည်မှုရှိနိုင်ပြီး လုံးဝအသာစီးရနိုင်မည်ဖြစ်သည်။

“ဘုရားရေ ။ ဒါက ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့် ဘယ်လိုအလုပ် လုပ်လဲ ဆိုတာပဲ။ အခု ငါ့ကိုယ်ပွားတွေက ဖြစ်ပေါ်လာတုန်း အခြေအနေမှာပဲ ရှိသေးတယ်။ မဟာစက်ဝန်းအဆင့်ထိသာ ရောက်သွားရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ ”
သူ့ထံသို့ နောက်တစ်ဖန်လာနေသည့် မျိုးနွယ်စုခေါင်းဆောင်ကို လှမ်းကြည့်လိုက်ရင်း ပိုင်ရှောင်ချန်း၏ မျက်လုံးများတောက်ပသွားပြီး အသေးစားတည်နေရာရွှေ့ပြောင်းခြင်း အသုံးပြုလိုက်သည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် နီးလာသည့်တိုင် ယခုထက်ထိ မကောင်းကောင် ပိုင်ဟောက်က အားကုန်မထုတ်သေးဘဲ သူ၏ ကိုယ်ပွားများကို လေ့ကျင့်ပေးရန် သူ့အား အသုံးချနေသည်ဖြစ်ကြောင်း မျိုးနွယ်စုခေါင်းဆောင် ပြောနိုင်လေသည်။ ထိုမျှသာမက သူက တိုက်ခိုက်နေစဥ်အတွင်း စူးစမ်းလေ့လာကာ အသားကျအောင် ပြုလုပ်နိုင်သော အံ့မခန်းပါရမီရှိလေသည်။ ထို့ပြင် သူ၏ တိုက်ခိုက်စွမ်းရည်သည်လည်း ဆက်လက်တိုးတက်လာနေ၏။

ထိုသည်က မျိုးနွယ်စုခေါင်းဆောင်ကို ခံရခက်သွားစေသည်။ သူက ဟိန်းဟောက်ရင်း လက်နှစ်ဖက်လုံး ဆန့်ထုတ်၍ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်သည်။ သူ့မျက်လုံးများတွင် ထူးဆန်းကြယ်သော အလင်းများဖြင့် လင်းလက်နေပြီး စုစုပေါင်း ဝိညာဥ်သိုလှောင်စေတီကိုးခု ထွက်ပေါ်လာသည်။

ဝိညာဥ်သိုလှောင်စေတီများထဲမှ စိတ်ပျက်ဖွယ်စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာကာ အမုန်းဝိညာဥ်တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ ထိုဝိညာဥ်များသည် သိသာစွာပင် သာမန်ဝိညာဥ်များနှင့် လွန်စွာကွဲပြား၏။ ထိုမျှသာမက ပိုင်ရှောင်ချန်းကို တိုက်ခိုက်ရန် ပျံထွက်လာမည့်အစား သူတို့က မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများထဲ တဟုန်ထိုး ဝင်သွားကြပြီး သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။

” ပိုင်မျိုးနွယ်စုဝိညာဥ်ပေါင်းစည်းတိုက်ကွက် ”
မျိုးနွယ်စုခေါင်းဆောင်က ခေါင်းနောက်လှန်၍ သောကဗျာပါဒများ၊ အမျက်ဒေသများအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဥ်များ ဝင်ရောက်သွားပြီး သူ၏ အရေပြားသည် ဖောင်းပွစုတ်ပြဲလာကာ မျက်နှာများပေါ်လာလေသည်။ သူက ချက်ချင်းပင် ကြီးထွားလာပြီးပြောင်းလဲသွားရာ မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ခုသည် သူထံမှ အရပ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားတော့သည်။

ဤအခိုက်အတန့်တွင် ထူးခြားဆန်းကြယ်သော အန္တရာယ်အငွေ့အသက်ကြီးက ပိုင်ရှောင်ချန်းကို လွှမ်းမိုးလာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset