Switch Mode

အခန်း ( ၆၁၂ )

အဖေပိုင်ကို ထိုးကြိတ်ခြင်း

” တကယ်ကြီး တစ်ယောက်တည်းလား”
မိစ္ဆာသရဲခေါင်းကြီး ပြေးဝင်လာသဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ လင်းလက်သွားလေသည်။သူက မန္တန်လက်ကွက်တစ်ခုဖော်ရင်း ဧရာမခရမ်းရောင်ဒယ်ဇောက်အိုးကြီးတစ်လုံးကို ဆင့်ခေါ်ကာ ဧရာမသရဲခေါင်းကြီးကို ရိုက်ချပစ်လိုက်သည်။

ဝုန်းခနဲ ပေါက်ကွဲသွားသည့် အတောအတွင်း ပိုင်ရှောင်ချန်းက လျင်မြန်စွာ လျှာကို ကိုက်ချလိုက်၏။ သူ့ပါးစပ်မှသွေးများပန်းထွက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်ကာ နောက်သို့ ပျံလိုက်လေသည်။ သူက သူ့အသက်အတွက် အလွန်အမင်းကြောက်လန့်နေဟန် တူ၏။ အမှန်တကယ်တော့ သူက တည်နေရာရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့ လက်တစ်ဆုပ်စာ ထုတ်လိုက်သေးသည်။

သို့သော် သူ၏ မျက်လုံးများက ဘေးပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်၏။ သူက နတ်အဆင့်ခေါင်းဆောင်ကြီး မရှိသည်ကို ယခုထက်ထိ မယုံနိုင်သေးပေ။

ပိုင်ရှောင်ချန်း တည်နေရာရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့တစ်ပုံတခေါင်း ထုတ်ပြီး သူတို့အားဖိခြေပစ်တော့မည်ကို မျိုးနွယ်စုခေါင်းဆောင်မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အခြားတစ်ဖက်တွင် သူတတ်နိုင်သည့် အမြန်နှုန်းကို ထည့်တွက်လိုက်ပါက သူ၏ သားကောင် တည်နေရာရွှေ့ပြောင်းသွားလျှင်တောင်မှ သူ့ကို ဖမ်းနိုင်ဦးမည်ဟု သူ ယုံကြည်ချက်ရှိနေသည်။

သို့သော် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်ရှစ်ခု။ မြေရိုင်းဒေသများတွင် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခုကို ရရှိရန်ပင် ကောင်းကင်တံတားမြစ်ရေ လိုအပ်သည်အထိ အလွန်တရာ စျေးကြီးသည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် မီးဝင်းဝင်းတောာက်လာတော့သည်။ ယခုတွင် သူသည် ရှိသမျှအရာအားလုံးထက် ပိုင်ဟောက်ကို သတ်ချင်နေလေပြီ။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏ အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံ၏ ပေါက်ကွဲတတ်သော စွမ်းအားကို ထုတ်၍ တွင်းနက်ကြီးတစ်ခုဆင့်ခေါ်လိုက်ရာ အရပ်မျက်နှာတစ်ခွင်ရှိ လေထုကြီးသည် ချက်ချင်းပင် ပုံပျက်ရှုံ့တွလာတော့သည်။

သူက နတ်ဘုရားအာရုံများလည်း ထုတ်လွှတ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်ရာ ထိုတစ်လှမ်းသည် ပိုင်ရှောင်ချန်း ရှေ့တည့်တည့်သို့ ရောက်သွားစေသည်။ ထို့နောက် သူက ရက်စက်ကြမ်းကြုတ်သော လှုပ်ရှားမှုတစ်ခုဖြင့် ပိုင်ရှောင်ချန်းကို ဖမ်းဆွဲလိုက်သည်။

” မင်း မြေအဆုံး ပြေးရင်တောင်မှ မင်းကို ငါ လိုက်ဖမ်းဦးမှာ”

သူ၏လက်သည် လေကို ထိုးဖောက်၍ ပိုင်ရှောင်ချန်း မျက်နှာရှေ့တွင် ပေါ်လာ၏။ ပိုင်ရှောင်ချန်း တည်နေရာရွှေ့ပြောင်းရန် အဆောင်လက်ဖွဲ့များကို ဖိခြေလိုက်လျှင် မျိုးနွယ်စုခေါင်းဆောင်သည် သူ့ကို ထွက်ပြေးရာမှ တားနိုင်သေးမည့် ပုံပေါ်သော်လည်း ထိခိုက်ဒဏ်ရာရသွားမည်ဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အမူအရာအရ သူဘာတွေးနေသည်လဲ ပိုင်ရှောင်ချန်း ပြောနိုင်လေသည်။ သို့သော် သူက တည်ငြိမ်အေးဆေးသည့်ပုံဖမ်းထားသည်။ သူက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် တွေဝေနေခြင်းမရှိဘဲ တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့များကို ဖိခြေပစ်လိုက်သည်။

ဝုန်း

မျိုးနွယ်စုခေါင်းဆောင်၏လက် နီးကပ်လာစဥ် တည်နေရာရွှေ့ပြောင်းစွမ်းအား ဖြစ်ပေါ်လာပြီး ပိုင်ရှောင်ချန်း ပျောက်ကွယ်သွားလေသည်။မျိုးနွယ်စုခေါင်းဆောင်သည် လေက လွဲ၍ မည်သည့်အရာကိုမျှ မဖမ်းဆုပ်နိုင်လိုက်ပေ။

” မင်း မလွတ်စေရဘူးကွ ”
မျိုးနွယ်စုခေါင်းဆောင်က ကြုံးဝါးလိုက်သည်။ သူက အင်္ကျီလက်စကို ဒေါသတကြီး ဝှေ့ယမ်းကာ ဝိညာဥ်သင်္ဘောပေါ်ပြန်ခုန်တက်လိုက်ပြီး နောက်တစ်ကြိမ် လိုက်ဖမ်းရန် ခရမ်းရောင်တံခွန်နှင့် နတ်ဘုရားစိတ်ဆန္ဒကို သုံးလိုက်သည်။

အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းပြီးချိန် ကြာသွားသည်။ အတန်ငယ်ဝေးသောနေရာတွင် ပိုင်ရှောင်ချန်းသည် မည်သို့လုပ်ရမည်ကို စဥ်းစားနေရင်း တဟုန်ထိုးပြေးနေလေသည်။

” ဝင်တိုက်ဖို့ အဆင်သင့်စောင့်နေတဲ့ တခြားလူတွေရှိရင် ငါထွက်ပြေးတာကို ဒီအတိုင်းထိုင်ပြီး ကြည့်နေမှာမဟုတ်ဘူး။ မျိုးနွယ်စုခေါင်းဆောင် တစ်ယောက်တည်းငါ့နောက်လိုက်လာတာလို့… မပြောနဲ့နော် ”
ပိုင်ရှောင်ချန်းမှာ အမှန်အတိုင်း မယုံနိုင်အောင်ဖြစ်နေသည်။ အဖြစ်အပျက်များ၏ အမှန်တရားမှာ ပိုင်မျိုးနွယ်စုရှိလူတိုင်းသည် နတ်အဆင့်ခေါင်းဆောင်ကြီး၏လက်ဝါး တိုက်ကွက်မှ သူလွတ်သွားသည်ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ကြသော်လည်း သူတို့အတွက် အမြုတေအဆင့်၏ မဟာစက်ဝန်းရှိ လူတစ်ယောက်သည် လှည့်ကွက်အနည်းငယ်သုံး၍သာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ထံမှ လွတ်မြောက်သွားခဲ့ဟန်တူနေသည်။ အမှန်တကယ်တော့ တည်နေရာရွှေ့ပြောင်းခြင်းအဆောင်များမှ အစ လူသတ်ဝိညာဥ် ဆူးချွန်များအဆုံး သူတို့ မြင်တွေ့ခဲ့သည်။

ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကြောက်နိုင်မည့်အရာမှာ သူ၏ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပင်ဖြစ်သည်။ သို့တိုင်အောင် တိုက်ပွဲတွင် အားကုန်ထုတ်၍ စစ်မှန်စွာ တိုက်ခိုက်သည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအတွက် ထိုသည်က ချောက်လှန့်ခြင်းအစစ် မဟုတ်ပေ။ ထို့အပြင် မျိုးနွယ်စုခေါင်းဆောင်သည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်တွင်ဖြစ်သောကြောင့် ပိုင်ရှောင်ချန်းကို သတ်နိုင်မည်ဟု ယုံကြည်ချက်ခိုင်မာနေကြခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အခြေအနေမှန်နှင့် ပတ်သက်၍ မသေချာသေးပေ။

” နောက်တစ်ခု။ မျိုးနွယ်စုခေါင်းဆောင် ငါ့ကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ခြေရာခံနိုင်တာ တကယ် တိုက်ဆိုင်တာတင်ပဲလား ”
ထိုကိစ္စကို စဥ်းစားနေချိန်တွင် ရုပ်တရက် လှည့်ကြည့်လိုက်ရာ မျက်လုံးများပြူးသွားတော့သည်။ ခပ်လှမ်းလှမ်းတွင် ခရမ်းရောင်အလင်းတစ်ခုသည် သူ့ထံသို့ အရှိန်ပြင်းစွာလာနေလေသည်။ ထိုသည်မှာ မျိုးနွယ်စုခေါင်းဆောင်က လွဲ၍ တခြားလူမဟုတ်ပေ။

” သူငါ့ကို လိုက်ဖမ်းနေသေးတာလား။ ဟင် ငါဘယ်နေရာမှာရှိလဲ အတိအကျသိတယ်။ အချိန်တောင် သိပ်မကုန်သေးဘူး။ သူ့မှာ ငါ့ကို ခြေရာခံတဲ့နည်းရှိကို ရှိရမယ် ” သူ့မျက်လုံးများလက်သွားပြီး မျှော်လင့်ချက်များဖြင့် ရင်ခုန်လာသော်လည်း တချိန်တည်းမှာပင် ထွက်ပြေးခြင်းသည် အသုံးမဝင်တော့ကြောင်း သူသိလိုက်လေသည်။

” အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်၊ ကဲ မျိုးနွယ်စုခေါင်းဆောင်ရေ၊ ခင်ဗျားက ကျုပ်လက်ကို အတင်းအကြပ်ဖိအားလာပေးနေတောတာပဲ ”
ပိုင်ရှောင်ချန်းသည် ထွက်ပြေးရန် အကြံအစည်ကို စွန့်လွှတ်လိုက်ရင်း ဟိန်းဟောက်လိုက်ကာ အပြင်အားကို ဆင့်ခေါ်၍ ပြန်တိုက်ရန် ပြင်လိုက်သည်။ ထာဝရအသက်ရှည်နည်းပညာရပ် တတိယအဆင့်၏ စွမ်းအားက ထူးဆန်းသည့်အသွင်မရှိသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အချိန်အတော်ကြာကတည်းက ပြည့်နှက်နေခဲ့လေသည်။

သူ့အသွင်က လူယောင်ဆောင်ထားသော စွမ်းအားကြီး နဂါးတစ်ကောင်အလား။ မျိုးနွယ်စုခေါင်းဆောင်နီးကပ်လာသဖြင့် ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတိုးလိုက်သည်တွင် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရှေ့ရောက်သွားပြီး ပုံရိပ်တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

သို့သော် ပိုင်ရှောင်ချန်းက ထိုအမြန်နှုန်းအဆင့်ကို စိတ်မကျေနပ်သေးပေ။

” တောင်ဖြိုသိုင်း ”
သူက ထာဝရကျမ်း၏ လျှို့ဝှက်မှော်ပညာရပ်တစ်ခုကို သုံး၍ အော်လိုက်သည်။ သူ၏ အံ့ မခန်း အမြန်နှုန်တိုးလာလေရာ လေထုထဲတွင် ထစ်ခြုန်းမြည်သံများ ပြည့်နှက်သွားပြီး သူက လုံးဝပျောက်ကွယ်သွားလေသည်။ သူပြန်ပေါ်လာသောအခါ မျိုးနွယ်စုခေါင်းဆောင်ကြီး ရှေ့တည့်တည့်သို့ ရောက်နေပြီး သူ့တစ်ကိုယ်လုံးရှိ စွမ်းအားအကုန်ကို ညာလက်ပေါ်သို့ စုဆုံစေလိုက်ကာ ဖမ်းဆုပ်သည့်အသွင်ဖြင့် လက်လှမ်းလိုက်သည်။

သူကား လည်မျိုဖမ်းဆုပ်ကွက်ကို သုံးနေခြင်းပင်။

ထိုအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာသွားသော်လည်း အမှန်တကယ်တွင် မီးတစ်ခတ်သာကြာလိုက်သည်။ ထိုမျှသာမက ဖြစ်ပျက်နေသော အရာသည် လုံးဝမယုံကြည်နိုင်စရာကောင်းလေသည်။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများပင် ပြူးကျယ်သွားသော်လည်း နောက်ဆုံးတွင် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် တဖန်ဖုံးလွှမ်းသွား၏။

” ေသချင်နေတာလား ”
သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်ပြီး ဝှေ့ယမ်းလိုက်ရာ သူ့ပတ်ပတ်လည်တွင် ခရမ်းရောင်ဒိုင်းတစ်ခုဝန်းရံလာ၏။ ထိုဒိုင်းသည် သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့်စွမ်းအားဖြည့်ထားပြီး မှော်ပစ္စည်းများ အထောက်အပံ့ပေးထားသော အကာအကွယ်နည်းလမ်းတစ်ခုဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာတွင် သတ်ဖြတ်လိုခြင်းများနှင့် မုန်းတီးစက်ဆုပ်ခြင်းများ ပြည့်နေရင်း သူက ပိုင်ရှောင်ချန်းထံ ဆတ်ခနဲလှမ်းထိုးလိုက်၏။

” မင်းရဲ့ ကျင့်ကြခြင်းအခြေခံက ငါထင်ထားတာထက် ပိုမြင့်ရင် မြင့်မယ် မျိုးမစစ်သား။ ဒါပေမဲ့ မင်းရဲ့ အပြင်အားကိုယ်ကလဲ အတူတူပဲဆိုတာ ငါ မယုံဘူး”
မျိုးနွယ်စုခေါင်းဆောင်ဟိန်းဟောက်လိုက်ချိန် သူနှင့် ပိုင်ရှောင်ချန်း ကြားရှိ အကွာအဝေးသည် နီးကပ်လာ၏။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် သူတို့က အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်တိုက်တော့မည့် ကြယ်ပျံနှစ်စင်းအသွင်ဖြစ်နေလေသည်။

သူတို့ တိုက်ခိုက်လိုက်ကြသည့် အခိုက်အတန့်တွင် ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အက်ကွဲသွားစေသော ထစ်ခြုန်းသံများ ထွက်ပေါ်လာ၏။ လေထဲတွင် ကောင်းကင်ဘုံမိုးကြိုးထက်ပင် များစွာသာလွန်သည့် ဝုန်းခနဲပေါက်ကွဲသံကြီး ပြည့်နှက်သွားရာ လေထုကြီး အက်ကွဲသွားတော့သည်။ ထိုနေရာတစ်ဝိုက်တွင် အက်ကြောင်းများပင် ထလာလေသည်။

မျိုးနွယ်စုခေါင်းဆောင်၏ နှုတ်ခမ်းမှ မချိတင်ကဲ အော်သံတစ်သံထွက်ပေါ်လာ၏။ သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်ကာ ဝိညာဥ်သေင်္ဘာမှာ ဘေးသို့လည်ထွက်သွားသည်။ သူ့ဆံပင်များသာ်လည်း ရှပ်ပွလျက် ဒလိမ့်ခေါက်ခွေး နောက်သို့ပစ်လဲသွားတော့သည်။ သူ့မျက်နှာပေါ်တွင် အံ့သြတုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်မှုများကို မြင်နိုင်ပြီး သူက ဟိန်းဟောက်လိုက်၏။
” မင်းက ပိုင်ဟောက် မဟုတ်ဘူး”

ပိုင်ရှောင်ချန်းက တစ်ကိုယ်လုံး တဆစ်ဆစ်နာနေရင်း သူတို့ တိုက်မိသည့်နေရာတွင် ရပ်နေလေသည်။ ဤကဲ့သို့ လူတစ်ယောက်ကို ဝင်မတိုက်သည်မှာ ကြာပြီဖြစ်ပြီး သူ၏ အပြင်အားကိုယ်၏အစွမ်းကြောင့် အတော်လေးအံသြသွား၏။

သူ၏ရန်သူကို ဝင်တိုက်ခြင်းက မနာကျင်ရရုံသာမက ကျန်ခဲ့သည် တဆစ်ဆစ်ခံစားရခြင်းသည် အမှန်တကယ်တွင် အတော်လေး သာယာဖွယ်ကောင်းလေသည်။ ပိုင်ရှောင်ချန်း၏ မျကိလုံးများကား ချက်ချင်းပင် ဝင်းလက်လာတော့သည်။

အမှန်ပင် သာယာဖွယ်ကောင်းသော ခံစားချက်ကို ကြည်နူးစေရန် အချိန်မရှိပေ။ တိုက်ပွဲတွင် မျိုးနွယ်စုခေါင်းဆောင် အသာစီးမရလိုက်သည်ကို ကြည့်ရင်း ပိုင်ရှောင်ချန်းသည် အိတ်ကိုပုတ်ကာကျိုးရီရှင်း၏ မဟာလေးကိုထုတ်ရင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက လက်ဦးမှုရယူကာ တစ်ချက်တည်းနှင့် မြားအစင်းတစ်ရာကျော် ထုတ်လိုက်သည်။

သူကိုယ်တိုင် မြားများကို ဆင့်ခေါ်ရန် မလိုပေ။ လေးထဲသို့ ဝိညာဥ်စွမ်းအားများ ကျွေးလိုက်ရုံဖြင့် ဝိညာဥ်မြားများ ဖန်တီးပေးမည်ဖြစ်သည်။ ယေဘုယျသဘောတရားအရ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံသည် ဝိညာဥ်စွမ်းအားပေါ်တွင် အလုပ် လုပ်သော်လည်း သူ၏မျက်နှာဖုံးဖြင့် စိတ်စွမ်းအင်များကိုပြောင်းပြီးသည့်နောက်တွင် ၄င်းက ဝိညာဥ်စွမ်းအားနည်းတူ အလုပ်လုပ်မည်ဖြစ်သည်။

ဝှစ် ဝှစ် ဝှစ် ဝှစ်

မျက်စိတစ်မှိတ်အတွင်းမှာပင် မြားအစင်းတစ်ရာကျော်သည် မိုးပေါက်များအလား လေကို ထိုးခွင်း၍ ထွက်ပေါ်လာတော့သည်။

မြားများသည် မမြင်ရသော အမြန်နှုန်းဖြင့် ရွေ့လျားလာကာ ထစ်ခြုန်းမြည်သံများပေး၍ လေကို ထိုးခွင်းလာကြသည်။ မျိုးနွယ်စုခေါင်းဆောင် မတုံ့ပြန်နိုင်ခင်မှာပင် ပထမဆုံးမြားက သူ့ရှေ့ရောက်လာပြီး ပေါက်ကွဲသွားတော့သည်။ ထို့နောက် အခြားမြားများ ရောက်လာပြီး အားလုံးသည်လည်း တစ်စင်းပြီးတစ်စင်း ပေါက်ကွဲသွားလေသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ထိုတိုက်ကွက်ကို အမောတကော ရှောင်ရုံကလွဲ၍ တခြားမရှိတော့ပေ။

သို့သော် သူ အမြန်လှုပ်ရှားလိုက်သည့်တိုင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ ကောင်းကင်တံတား မျက်လုံးကို ဖွင့်လိုက်လေသည်။ ချက်ချင်းပင် ခရမ်းရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး မျိုးနွယ်စုခေါင်းဆောင်အပေါ် ကျရောက်သွားလေသည်။

” ထိန်းချုပ်စေ ”
ပိုင်ရှောင်ချန်းက အော်လိုက်၏။ မျိုးနွယ်စုခေါင်းဆောင်မှာ မထင်မှတ်ထားဖွယ်ကောင်းစွာ လှုပ်ရှား၍မရတော့ကြောင်း… တွေ့လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

သူလှုပ်၍မရတော့ြခင်းကြောင့် ပေါက်ကွဲတတ်သော မြားအစင်းတစ်ရာကျော်၏ အားကို မည်သို့မှ ရှောင်နိုင်မည်မဟုတ်တော့ပေ။

လေထုသည် ပုံပျက်ရှုံ့တွသွားပြီး ငလျင်များလှုပ်ခတ်လာကာ မကြာမီ မျိုးနွယ်စုခေါင်းဆောင်ကို မြင်ပင်မမြင်ရတော့ပေ။

အနီးနားရှိ တောင်တစ်တောင်ပင်လျှင် ပေါက်ကွဲမြားတို့၏ အားကြောင့် ပြိုကျပျက်စီးသွားသည်။ သို့သော် ထိုအချိန်တွင် ဒေါသတကြီး အော်သံတစ်သံထွက်ပေါ်လာ၏။

” ခင်ဗျားက ကျုပ်ကို သတ်ဖို့ အရည်အချင်း မမီသေးဘူး “

Comment

Leave a Reply

Options

not work with dark mode
Reset